News @ M-Media

Blog

  • တတိယမြောက် ပန်းသီး တစ်လုံး၏ ဘဝအချိုး အကွေ့ များ-၂ (M-Media Blog ကဏ္ဍ)

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃
    အိမ်ဝေးသူ

    ” ဆာလောင် မွတ်သိပ်ခြင်း…..ရူးသွပ်ခြင်း များဖြင့် ဘဝကို ရှင်သန်နေထိုင်ပါ “

    ( Steve Jobs)

    lllllllllllllove
    ဇာတ်လမ်း (၂) ချစ်ခြင်း နှင့် ဆုံးရှုံးမှု ( Love & Loss )

    ကျွန်တော့်ဘဝရဲ့ ဒုတိယမြောက် ဇာတ်လမ်းကို ဆက်လက်ပြီးပြောပြပါ့မယ်…
    ကျွန်တော် အသက်ငယ်ငယ် ရွယ်ရွယ် အချိန်မှာပဲ မေးခွန်းတစ်ခုက ကျွန်တော့် ဦးနှောက်ကို အလုပ်လုပ်စေခဲ့ပါတယ်.. အဲဒါကတော့…

    “ ငါ တကယ် ဝါသနာ ပါပြီးတော့ စွဲစွဲလန်းလန်း ချစ်ခင်တွယ်တာနိုင်တဲ့ အလုပ်မျိုးက ဘယ်လို အလုပ်မျိုးလဲ ???”

    ဆိုတာပါပဲ…. ကျွန်တော် တကယ် ဝါသနာပါပြီး စွဲစွဲလန်းလန်း ချစ်ခင်မိတဲ့ အလုပ်ဟာ ဘာလဲဆိုတာ အသက်ငယ်ငယ်မှာ ရှာဖွေ တွေ့ရှိခဲ့တဲ့ အတွက် တကယ့်ကိုပဲ ကျွန်တော် ကံကောင်းခဲ့ပါတယ်။

    ကျွန်တော့် မိဘတွေရဲ့ ကားဂိုဒေါင်ထဲမှာ Apple ကို Woz နဲ့အတူ စပြီး တည်ထွင်တဲ့ အချိန်မှာ  ကျွန်တော့်အသက်ဟာ ၂၀ ပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ ၂ ယောက် တကယ့်ကို အလုပ်ကြိုးစားခဲ့ကြတာပါ။ ကားဂိုဒေါင်ထဲမှာ ကျွန်တော်တို့  နှစ်ယောက်တည်းနဲ့ စခဲ့တဲ့ Apple ဟာ ၁၀ နှစ်တာ အတွင်းမှာ ဒေါ်လာ သန်း ၂ ထောင်တန် ဝန်ထမ်း ၄ ထောင်ရှိတဲ့ ကုမ္ပဏီကြီး ဖြစ်သွားခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အကောင်းဆုံး တီထွင်မှုဖြစ်တဲ့ Macintosh ကို ဈေးကွက်တင်ပြီး တစ်နှစ်လောက် ကျွန်တော်လဲ အသက် ၃၀ ပြည့်ပြီးခါစလေးပါ။

    အဲဒီမှာ– ပြသနာတစ်ခုက ကျွန်တော့်ကို စမ်းသပ်ခဲ့ပါတယ်…
    ကျွန်တော် အလုပ်က အထုတ်ခံလိုက်ရတာပါပဲ…
    ကိုယ်တိုင် တည်ထောင်ခဲ့တဲ့ ကုမ္ပဏီကနေ ဘယ်လို လုပ်ပြီး အထုတ်ခံ ရနိုင်ပါ့မလဲလို့ မေးစရာတော့ ရှိပါတယ်..ဖြစ်ပုံက ဒီလိုပါ..

    Apple ကုမ္ပဏီကြီး ပွါးလာတဲ့အချိန်မှာ ကျွန်တော်က အင်မတန်တော်တယ်လို့ ထင်ခဲ့တဲ့ လူတစ်ယောက်ကို ကျွန်တော်နဲ့အတူ ကုမ္ပဏီမှာ စီမံခန့်ခွဲဖို့ အလုပ် ခန့်ခဲ့ကြပါတယ်။ ပထမ တစ်နှစ်လောက်ကတော့ အတော်လေး အဆင်ပြေပါတယ်။ ဒါပေမယ့် တဖြေးဖြေးနဲ့ အနာဂါတ် အလား အလာတွေကို အမြင် မတူတာတွေ ပေါ်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အကြီးအကျယ် အငြင်းပွားရတဲ့ အထိပါပဲ။

    အဲဒီ ပြသနာမှာ ဒါရိုက်တာအဖွဲ့က သူ့ဖက်က တစ်ဖက်သတ် ရပ်တည်ပေးခဲ့ပါတယ်။ ဒီလိုနဲ့  အသက် ၃၀ မှာ ကျွန်တော်… အလုပ်လက်မဲ့ ဖြစ်သွားတော့တာပေါ့ဗျာ…တကယ့်ကိုပဲ ဟိုးလေးတကျော်ဖြစ်ပြီး အလုပ်ထုတ် ခံရတာပါ။

    ကျွန်တော့်ရဲ့ ဘဝတစ်ခုလုံးကို ပုံပြီး စိုက်လိုက်မတ်တပ် လုပ်ခဲ့တဲ့ အရာကြီးကို ဆုံးရှုံးခဲ့တာပါ။

    ဒါဟာ ကျွန်တော့်အတွက် အင်မတန် တုန်လှုပ်စရာ၊ ကြေကွဲစရာ ဖြစ်ခဲ့ပါတယ်။

    လပေါင်းတော်တော်ကြာတဲ့အထိ ဘာလုပ်လို့ လုပ်ရမှန်းမသိအောင် ဖြစ်ခဲ့တာပါ။ တီထွင်သူ လုပ်ငန်းရှင် မျိုးဆက်ဟောင်းကြီးများ အပေါ်မှာ ကျွန်တော် တာဝန် မကျေဘူးလို့လဲ ခံစားခဲ့ရပါတယ်။ သူတို့က လက်ဆင့်ကမ်း ပေးခဲ့တဲ့ တာဝန်ကို ပေါ့လျော့မိတဲ့၊ လက်ဆင့်ကမ်း ပြေးပွဲမှာ တုတ်တိုင် ပြုတ်ကျ ခဲ့တဲ့သူလို ခံစားရတာပါ။ ကျွန်တော် David Packard နဲ့ Bob Noyce တို့ကို သွားတွေ့ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့်ကြောင့် ပြဿနာ အကြီးအကျယ် ဖြစ်ခဲ့တာကို ကြိုးစားပြီး တောင်းပန်ခဲ့ပါတယ်။

    ကျွန်တော့် ကျဆုံးခန်းဟာ ဟိုးလေးတစ်ကျော် ဖြစ်ခဲ့တာပါ။ Silicon Valley ကနေပြီး အရှုံးပေးထွက်ပြေးသွားဖို့အထိတောင် ကျွန်တော် စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် အချက်တစ်ချက်ကို ကျွန်တော် တဖြေးဖြေးနဲ့ သတိ ပြုမိလာပါတယ်။ အဲဒါကတော့  ကျွန်တော်လုပ်ခဲ့တဲ့ အလုပ်ကို ကျွန်တော် ချစ်ခင်ဆဲ၊ စွဲလမ်းဆဲ ဆိုတာပါဘဲ။

    Apple မှာ ဖြစ်ခဲ့တဲ့ ကမောက်ကမ ဖြစ်ရပ်တွေဟာ ကျွန်တော့်ရဲ့ အလုပ်အပေါ် စွဲလမ်းမှု အပေါ်မှာ အရာမထင်ခဲ့ပါဘူး။

    ကျွန်တော့်ကို ကန်ထုတ်တာ ခံခဲ့ရပေမယ့် ကျွန်တော်ကတော့ ချစ်ခင် စွဲလမ်းနေဆဲပါ။

    ဒါကြောင့်လဲ ကျွန်တော် တစ်ကနေ ပြန်စဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

    Apple ကနေပြီး အလုပ်ဖြုတ်ခံရတာဟာ ကျွန်တော့် ဘဝတစ်လျှောက်လုံး ဖြစ်နိုင်ခဲ့သမျှထဲမှာ အကောင်းဆုံး အဖြစ်ပါ။

    အဲဒီ အချိန်ကတော့ ဒီလို မတွေးခဲ့မိပါဘူး။ အောင်မြင်မှုဆိုတဲ့ ဝန်ထုပ် ဝန်ပိုးကြီးကို ပေါ့ပေါ့ပါးပါး လူသစ်တစ်ခါ ပြန်ဖြစ်ရတယ် ဆိုတာနဲ့ လဲလိုက်ရတာပါ။ အရာရာတိုင်းမှာ မသေချာမှုတွေ ချည်းပါဘဲ။ ဒီဖြစ်ရပ်ကဘဲ ကျွန်တော့်ကို အနှောင်အဖွဲ့တွေက ကင်းလွတ်ခွင့်ပေးပြီး ကျွန်တော့်ဘဝရဲ့ ဖန်တီးမှုအား အကောင်းဆုံးကာလကို စတင်စေခဲ့ပါတယ်။

    နောက် ၅ နှစ် အကြာမှာတော့ NeXT နဲ့  Pixar ဆိုတဲ့ ကုမ္ပဏီတွေကို ကျွန်တော် တည်ထောင်ပါတယ်။

    ပြီးတော့ အင်မတန် ပြည့်ဝတဲ့ အမျိုးသမီး တစ်ယောက်နဲ့ မေတ္တာမျှပြီး ကျွန်တော် အိမ်ထောင်ပြုခဲ့ပါတယ်။

    Pixar ကတော့ ကမ္ဘာ့ပထမဆုံး ကွန်ပျုတာ ကာတွန်းကားကို ဖန်တီး ထုတ်လုပ်ခဲ့တာပါ။

    ခုချိန်မှာတော့ Pixar ဟာ ကမ္ဘာ့ အအောင်မြင်ဆုံး (Animation) ကာတွန်းရုပ်ရှင် စတူဒီယို ဖြစ်နေပါပြီ။

    ပြောစမှတ်ပြုစရာ အလှည့်အပြောင်းမှာ Apple က ကျွန်တော့်ရဲ့ NeXT ကုမ္ပဏီကို ဝယ်လိုက်ပါတယ်။ ကျွန်တော် Apple ကို ပြန်ရောက်သွားပါတယ်။ NeXT မှာ ကျွန်တော်တို့ စတင်ခဲ့တဲ့ နည်းပညာဟာ Apple ပြန်လည် ဆန်းသစ်ခြင်းရဲ့ ဗဟိုချက်မှာ ရှိပါတယ်။ ချစ်ဇနီးဖြစ်တဲ့ Laurene နဲ့ ကျွန်တော်တို့ကတော့ အင်မတန် ပျော်စရာကောင်းတဲ့ မိသားစုလေးတခု ဖြစ်လာပါတယ်။

    ကျွန်တော်သာ Apple က အလုပ်ထုတ်တာ မခံခဲ့ရရင် ဒါတွေတစ်ခုမှ ဖြစ်လာမှာတောင် မဟုတ်ဘူးလို့ ပြောလို့ ရပါတယ်… အလုပ်ထုတ်ခံရခြင်းဟာ အင်မတန်အဝင်ဆိုးတဲ့ ဆေးခါးကြီးပါ။ ဒါပေမဲ့ လူနာကို ကြည့်ရတာလဲ ဒီလိုဆေးမျိုး လိုနေပုံပါဘဲ။ တစ်ခါတစ်လေတော့လဲ ဘဝမှာ ခေါင်းကို အုတ်ခဲနဲ့ ထုသလို ခံရတာမျိုး ရှိပါတယ်။ မိမိ ယုံကြည်ရာကို မစွန့်လွှတ်ပါနဲ့။

    ကျွန်တော့်ရဲ့ ဘဝ တစ်လျှောတ် လုံးမှာ အရာရာကို ဖြတ်ကျော်ဖို့ ခွန်အားပေး နေခဲ့တာဟာ ကျွန်တော့်အလုပ်ကို ကျွန်တော် ချစ်ခင် စွဲလမ်းမှုပဲလို့ ကျွန်တော်ယုံကြည်ပါတယ်။ ဘွဲ့ရ မောင်မယ်တို့လည်း ကိုယ့်ရဲ့ အချစ်စစ် အချစ်မှန်ကို တွေ့အောင်ရှာပါ။ ဒီအဆိုဟာ မောင်မယ်တို့ရဲ့ ချစ်သူရည်းစား ရှာဖို့နဲ့ ဆိုင်သလို အလုပ်ရှာဖို့နဲ့လဲ သက်ဆိုင်ပါတယ်….

    ခုချိန်ထိ မတွေ့သေးဘူး ဆိုရင်လဲ တွေ့တဲ့အထိ ဆက်ရှာကြပါ။ ရတာလေးနဲ့  မကျေနပ်ကြပါနဲ့။

    နှလုံးသားရေးရာ ကိစ္စဆိုတော့ တွေ့ပြီလား၊ မတွေ့သေးဘူးလား ဆိုတာကို ကိုယ့်ဟာကိုယ် သိလာပါလိမ့်မယ်။ ပြီးတော့ ဘဝအဖော်မွန်တွေရဲ့ သဘာဝအတိုင်း နှစ်ကြာလေ ပိုပြီးခိုင်မြဲလာလေလေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် မောင်မယ်တို့ အချစ်စစ် အချစ်မှန်ကို တွေ့အောင်ရှာကြပါ။ ထိုင်နေလို့ တော့ ဘာမှ အကျိုးထူးမှာ မဟုတ်ပါဘူး ။

    Sources:
    http://news.stanford.edu/news/2005/june15/jobs-061505.html
    -http://www.youtube.com/watch?feature=player_embedded&v=D1R-jKKp3NA
    http://www.productdesignfunda.com/chit-chat/624-three-apples-which-…

    ***————————————————————————————————————-***

    ချစ်ခြင်း၊ဆုံးရှုံးခြင်းများနှင့် အတွေး အပိုင်းအစ များ

    (၁)   ဒီနေရာမှာ ပြောချင်တဲ့ ချစ်ခြင်းဆိုတာက လူတစ်ဦးတစ်ယောက်ချင်း ချစ်ကြတဲ့ ချစ်ခြင်းမေတ္တာမျိုးအပြင် အလုပ်အပေါ် စွဲလန်း ချစ်ခင်တာကိုပါ ကိုယ်စားပြုပါတယ်..ပြီးတော့ ဆုံးရှုံးမှုဆိုရာမှာလည်း လူသားတစ်ယောက်ရဲ့  ချစ်ခြင်းမေတ္တာကို ဆုံးရှုံးရခြင်းမှ မိမိရဲ့ အလုပ်အကိုင်နဲ့ ရာထူးဋ္ဌာနကို ဆုံးရှုံးရခြင်းအထိ အကျုံးဝင်ပါတယ်….

    (၂)   Steve အနေနဲ့ လုပ်ငန်းခွင်မှာ အဆုံးအရှုံး ရှိခဲ့ပေမယ့် နှလုံးသားရေးရာမှာတော့ ကံကောင်းခဲ့ပါတယ်… ချစ်ဇနီးသည်က သူဆုံးရှုံးမှုတွေ အများကြီးနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ ဂရုတစိုက် နွေးထွေးကြင်နာမှုကို ပေးနိုင် စွမ်းခဲ့ပါတယ်…သူ အောင်မြင်စွာ ခရီးဆက်နိုင်ခဲ့တာ ဇနီးသည်ရဲ့ ဖေးမမှုတွေကြောင့်လည်း ပါတယ်လို့ ပြောလို့ ရပါတယ်..ကျွန်တော်တို့ လည်း သူ့ လို ရှုံးနိမ့်နေချိန်မှာ လက်တွဲမဖြုတ်တမ်း၊ မငြီးငြူတမ်း အားပေးတတ်တဲ့ အိမ်ထောင်ဖက် မျိုးနဲ့ တွေ့ ပါစေလို့ ရည်စူးမိပါတယ်…

    (၃)   ကျွန်တော် တွေးမိသလောက်တော့ (Mastering) နယ်ပယ် တစ်စုံတစ်ခုမှာ ထူးချွန်အောင်မြင်ဖို့ အတွက်  နယ်ပယ် တော်တော်များများကို မဖြစ်မနေ သိဖို့ မလိုအပ်ပါဘူး…နယ်ပယ် တစ်ခုတည်းကိုပဲ တစ်သီးတသန့်  အချိန်ပေး လိုက်စားမှုရှိမှသာ ကျွမ်းကျင်သူလို့ ပြောလို့ ရပါတယ်…ဟိုစပ်စပ် ဒီစပ်စပ် နည်းနည်းစီ သိတဲ့ လူတစ်ယောက်ဟာ နယ်ပယ်တစ်ခုမှာ ထူးချွန်ဖို့ မလွယ်နိုင်တော့ဘူး…..

    (ဥပမာအားဖြင့်) ကျွန်တော် ကိုယ်တိုင်အနေနဲ့ ဆိုရင်…စီးပွားရေး နဲ့ ပက်သက်တဲ့ ပညာရပ်ကို လည်း ဟိုနည်းနည်း ဒီနည်းနည်း သိတယ်…ကွန်ပျူတာ အကြောင်းလည်း ဟိုစပ်စပ် ဒီစပ်စပ် တတ်ပြန်တယ်…

    စာလေး ကဗျာလေးတွေလည်း  ဝါသနာ အရ အနည်းအကျဉ်း ရေးတတ်ပြန်ရော..ဒါပေမယ့် တစ်စုံတစ်ယောက်က  ကျွန်တော့် ကို “ မင်း ဘယ်လို ကိစ္စမျိုးမှာ အထူးချွန်ဆုံး (Master) ဆရာတစ်ဆူ လဲ လို့ မေးလာရင် ဝမ်းနည်းစွာပဲ ကျွန်တော့်မှာ ပေးစရာ အဖြေမရှိပါဘူး…တတ်ယောင်ကား တနည်းအားဖြင့် ယောင်ခြောက်ဆယ် တို့ ထုံးစံ အတိုင်း ကျွန်တော်.. ဒါလေးလဲ နည်းနည်းတော့ သိတယ်..ဟိုဟာလည်း မဆိုစလောက်လေး သိတယ် ဆိုတာလောက်နဲ့ ပဲ ဘဝရဲ့ ဒုတိယ အရွယ်တောင်ဖြတ်သန်းနေရပါပြီ….

    (၄)  ဒီနေ့ အသက်အရွယ် အသီးသီးကို ရောက်နေတဲ့ သူများအနေနဲ့ ကိုယ့်ရဲ့ ထူးခြားတဲ့ အရည်အချင်း ( Talent ) က ဘာလဲ??? လို့ ဆန်းစစ်စေချင်ပါတယ်..ပြီးတော့ အဲဒီ အရည်အသွေးကို ဘယ်လို ပြုစု ပျိုးထောင်မလဲဆိုတာကို ပုံကြမ်းဆွဲပြီး မျက်ခြေမပျက် စောင့်ကြည့်သင့်ပါတယ်…ကျွန်တော်အာမ,ခံနိုင်တာက..အခုလက်ရှိမှာ ကိုယ်တကယ် ရူးရူးသွပ်သွပ် စွဲလန်းပြီး ထမင်းမေ့ ဟင်းမေ့ လုပ်တတ်တဲ့ အလုပ်မျိုးကို လုပ်နေရသလား ?

    အဲဒီ အလုပ်လုပ်ရတာကို ကိုယ်ရော စိတ်ပါ နှစ်သက် ပျော်ရွှင် ကျေနပ်မှု ရှိတယ်ဆို ရင်တော့ ကျေနပ်စရာကောင်းတဲ့  အခြေအနေ တစ်ခုကို ပိုင်ဆိုင်ထားပြီလို့ ပြောလို့ ရတယ်…      အဲဒီလိုမှ မဟုတ်ဘဲ ကိုယ်လုပ် နေရတဲ့ အလုပ်မှာ ဝတ္တရားကျေရုံလောက်သာ အာရုံစိုက်နိုင်တယ်…
    ညနေ အလုပ်ဆင်းချိန် လောက်ကိုသာ စောင့်ဆိုင်းနေရတာမျိုးဆိုရင်တော့ တစ်ခုခုတော့ ပြုပြင်ပြောင်းလဲ ဖို့  လိုနေပြီလို့ ပြောလို့ ရပါတယ်….

    အကယ်၍ တစ်စုံတစ်ယောက်ကများ ကျွန်တော်က အသက် (၄၀)တောင် ဖြစ်နေပြီလို့ ပြောလာရင်.. “ နောက်ကျတယ်ဆိုတာ…ဘာမှ မဖြစ်တာနဲ့ ယှဉ်လိုက်ရင်တော အဆများစွာ သာလွန်ပါတယ်”  လို့ ပဲ ပြောပါရစေ…

    (၅)   တစ်ခါတလေကျရင် ရေတို ဆုံးရှုံးမှုဆိုတာလည်း ရေရှည် အောင်မြင်မှုမျိုး အနေနဲ့ အသွင်ပြောင်းသွားတတ်တယ် ဆိုတာကို ကျွန်တော်တို့ လက်ခံဖို့ လိုပါတယ်…(ဥပမာ-Apple မှာ လုပ်ကိုင်စဉ်မှာ Steve ဟာ ကြီးကျယ်တဲ့  အောင်မြင် မှုနဲ့ ကြုံဆုံခဲ့ပြီး..စိတ်ဖိစီးမှုတွေ တရစပ် ရှိနေခဲ့ပါတယ်… Apple ကနေ အလုပ်ဖြုတ်ခံလိုက်ရခြင်းဟာ Steve Jobs အတွက် အလှည့်အပြောင်းတစ်ခုနဲ့ စိတ်သက်သာ အပန်းဖြေစေဖို့ အတွက် တစ်ခဏတာ အနားရသလို ဖြစ်စေခဲ့ပါတယ်…ပေါ့ပါး လန်းဆန်းတဲ့ စိတ်သစ်နဲ ၅ နှစ်တာ အတွင်းမှာ NeXT နဲ့ Pixar ကုမ္ပဏီတို့ ကို တည်ထောင်နိုင်စွမ်းရှိခဲ့တယ်…အဲဒီ အပြောင်းအလဲအတွက် သူဘယ်တုန်းကမှ နောင်တမရခဲ့ဘူး..ကျေနပ်စွာ အပြောင်းအလဲကို လက်ခံခဲ့တယ်…

    (၆)   ကမ္ဘာနဲ့ ချီပြီးအောင်မြင်ကျော်ကြားနေတဲ့ လူတွေကို ကြည့်ရင် အသက် ၃၀ မပြည့်တစ်ပြည့် အရွယ်တွေ အများကြီးရှိကြောင်း သိနိုင်ပါတယ်…သူတို့ အောင်မြင်ရခြင်းက ငယ်ငယ်ရွယ်ရွယ် အချိန်ကတည်းက ဝါသနာပါရာကို ရူးရူးသွပ်သွပ်နဲ့  စွဲစွဲလန်းလန်း လုပ်ဆောင်ကြလို့ ပါပဲ…

    ဥပမာ..ဘောလုံး ဝါသနာပါတဲ့ လူငယ်တစ်ယောက်ဟာ သူဝါသနာပါရာကို (၁၀) နှစ် တိတိ အရိုးကြေကြေ အရေခမ်းခမ်း စိတ်ဓာတ်၊ စွဲလန်းစိတ်တွေနဲ့  ကြိုးစားအားထုတ်ရင် ကျွမ်းကျင်တဲ့အဆင့်(Master) ကိုမရောက်နိုင်ဘူးလား???..ကမ္ဘာကျော် ဘောလုံးသမားတွေရဲ့ ပျမ်းမျှ အသက်ကို တွက်ကြည့်ရင် သိနိုင်ပါတယ်….

    (၇)   Globalization ခေတ်မှာ ကိုယ့်အတွက် ထိုင်ခုံတစ်လုံး ရဖို့ ..နေရာတစ်ခု ရဖို့ အတွက် ခဲယဉ်းလှပါတယ်…  ကိုယ့်နေရာကို ဝင်ပြီး နေရာယူဖို့ စောင့်နေတဲ့ လူတန်းက အရှည်ကြီးပါ..

    အဲဒီတော့ မေးခွန်းတစ်ခုက ကျွန်တော်တို့ ပိုင်ဆိုင်နေတဲ့ ဘဝ ဆိုတာနဲ့ ရရှိထားတဲ့ အချိန်တိုတစ်ခု အတွင်းမှာ ရေခဲရေ..ရောင်းမလား….?

    ဒါမှမဟုတ်    ကမ္ဘာကြီးကို ပြောင်းလဲဖို့ အခွင့်အရေးကို ပိုင်ဆိုင်ဖို့ ကြိုးစားမလား ?

    ဒီအချက်တွေကတော့  ချစ်ခြင်းနှင့် ဆုံးရှုံးမှု ( Love & Loss ) နဲ့ ဆက်စပ်လို့ ကျွန်တော် ဆင့်ပွား တွေးမိသလောက်ကို မျှဝေပေးခြင်းပါ…မည်သူမဆို လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့်၊ ယူဆပိုင်ခွင့် ရှိပါတယ်….(၃) သေခြင်းတရား ( Death )  ဆိုတာကိုလည်း ဆက်လက်ဖော်ပြပေးချင်ပါတယ်…

    ( အိမ်ဝေးသူ )

    တတိယမြောက် ပန်းသီးတစ်လုံး၏ ဘဝ အချိုးအကွေ့ များ – ၁ ဖတ်ရန်

  • ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း ငွေရတု အထိမ်းအမှတ် ကျင်းပရေး အစည်းအဝေးလုပ်

    ဖေဖော်ဝါရီလ ၂၀၊၂၀၁၃
    M-Media
    သတင်း-ပသီဆောင်းနှင်းမှုံ

    P2180164

    ၂၅ နှစ်မြောက် ငွေရတုအထိမ်းအမှတ် ကိုဖုန်းမော်၊ ကိုစိုးနိုင်ကျဆုံးခြင်းနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ကျင်းပနိုင်ရေး အတွက် တနလာင်္နေ့က ကျင်းပရေးကော်မတီမှ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ကိုဖုန်းမော် ကျဆုံးသည့် မတ်လ ၁၃ရက်နေ့တွင် တော်ဝင်နှင်းဆီ ခန်းမ၌ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

    ထိုနေ့ကို ၁၉၈၉ခုနှစ်  ကိုဖုန်းမောင်တို့ ကျဆုံးသည့် (၁)နှစ်ပြည့်အခမ်းအနားမှာ  သတ်မှတ်ခဲ့သည့်   မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အဖြစ် ယင်းကျင်းပရေး ကော်မတီမှ ဆက်လက်အတည်ပြုကြောင်း သိရသည်။

    ကိုဖုန်းမော်တို့ ကျဆုံးခဲ့ခြင်းသည် ၈ လေးလုံး အရေးတော်ပုံကြီး၏ ပထမဦးဆုံး တံခါးချပ် တစ်ခု ဖြစ်ခဲ့ပြီး သမိုင်းဝင်နေ့တစ်နေ့ ဖြစ်ကြောင်း သိရသည်။၁၉၈၈ခုနှစ် ၊ မတ်လ (၁၃)ရက်နေ့တွင် ကိုဖုန်းမော်မှာ ပွဲချင်းပြီးကျဆုံး ခဲ့ပြီး ၊ကိုစိုးနိုင်သည် ဧပြီလ (၅)ရက်နေ့တွင် ထပ်မံ ကျဆုံးခဲ့ကြောင်း သမိုင်းကြောင်းများအရ သိရသည်။တဆက်တည်း  မတ်(၁၆) တံတာနီ၊ ဂျွန်(၂၁) မြေနီကုန်းနှင့် ၈ လေးလုံးအရေးတော်ပုံများ ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် ကိုဖုန်းမော် ကျဆုံးသော မတ်လ(၁၃) ရက်နေ့သည် ထူးခြားသောနေ့တစ်နေ့ ဖြစ်ကြောင်း သိရသည်။

    အဆိုပါ အခမ်းအနား ဖြစ်မြောက်ရေး အတွက် ၀ါရင့်နိုင်ငံရေးအဖွဲ့၊ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားအဖွဲ့ဝင်ဟောင်းများ၊ CSL မြန်မာနိုင်ငံလုံးဆိုင်ရာ အင်ဂျင်နီယာများ ကွန်ယက်၊ ယခင်ကျင်းပရေးကော်မတီဝင်ဟောင်းများ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (ပြည်တွင်း)၊ နိုဘယ်လ် ငြိမ်းချမ်းရေး လှုပ်ရှားမှုအဖွဲ့) 10D၊ ဗ.က.ပ အဖွဲ့ဝင်ဟောင်းများ၊ နိုင်ငံရေး အကျင်းသားဟောင်းများ အဖွဲ့၊ သုံးရောင်ခြယ်အဖွဲ့၊ ရန်ကုန်တက္ကသိုလ် ရှင်သန်ရေးနှင့် တကသ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေး ကော်မတီ၊ ဗ.က.သများ အဖွဲ့ချုပ်၊ တ.က.သ များအဖွဲ့၊ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့၊ အလုပ်သမားသမ္မဂများ အဖွဲ့ချုပ်၊ ကိုဖုန်းမော်၏ ကြက်ခြေနီ သူငယ်ချင်းများအဖွဲ့မှ ပူပေါင်း၍  ကျင်းပရေး ကော်မတီမှ ကျင်းပမည်။

    ထိုနေ့တွင် ငွေရတု အထိမ်းအမှတ်စာစောင်သို့မဟုတ် မဂ္ဂဇင်း ထုတ်ဝေမည်ဖြစ်ကြောင်းသိရသည်။ အောက်ပါပုဂ္ဂိုလ်များသို့ စာမူပေးပို့နိုင်ပါသည်။

    •     ကိုမြတ်လှိုင်း –         ၀၉ ၇၃၀၇၆၂၈၈
    •     ကိုမျိုးမင်းယု (မျိုးကိုမျိုး)     -၀၉ ၇၃၁၈၁၆၇၁
    •     ကိုညိုထွန်း –         ၀၉ ၅၁၁၆၄၄၃
    •     ကိုအောင်ထွန်း –         ၀၁ ၃၇၅၇၄၅၊ ၀၁ ၃၉၁၁၈၁
    •     ကိုထွန်းကြည် –         ၀၉ ၄၉၂၅၅၀၂၄
    •     ကိုလှမျိုးအောင် (မောင်လှမျိုး ချင်းချောင်းခြံ )-   ၀၁ ၇၀၇၉၇၀
    •     ကိုအေးသိန်း (မောင်ညိုအေး ပန်းတော်) –         ၀၉ ၅၁၅၈၄၆၂

     

  • အံ့သြဖွယ်နိုင်ငံ (ကဗျာ-M-Media Blog ကဏ္ဍ)

    အံ့သြဖွယ်နိုင်ငံ (ကဗျာ-M-Media Blog ကဏ္ဍ)

    ကြားရတဲ့သတင်းတွေကို
    အံ့သြတယ်-

    မြင်နေရတာတွေကို
    အံ့သြတယ်-

    ဖြစ်နေတာတွေကို
    အံ့သြတယ်-

    ဖွဘုတ်ပေါ်မှာ ရေးနေတာတွေကို
    အံ့သြတယ်-

    မိတ်ဆွေတွေရေးနေတဲ့ မှတ်ချက်တွေကို
    အံ့သြတယ်-

    ဘာသာရေးခံယူချက်တွေကို
    အံ့သြတယ်-

    မေတ္တာတရား ကြီးမားကြပုံကို
    အံ့သြတယ်-

    အကြမ်းဖက်တာကို
    အံ့သြတယ်-

    အကြမ်းဖက်မှုကို ထောက်ခံတဲ့သူတွေကို
    အံ့သြတယ်-

    အကြမ်းဖက်မှုကို အကာအကွယ်ပေးထားသူတွေကို
    အံ့သြတယ်-

    အကြမ်းဖက်ဖို့ လှုံ့ဆော်နေသူတွေကို
    အံ့သြတယ်-

    လှုံ့ဆော်နေသူကိုမတားမြစ်တဲ့
    လူကောင်းပါဆိုတဲ့သူတွေကို
    အံ့သြတယ်-

    ပါးစပ်က သဟဇာတ လို့ပြောပြီး
    နိုင့်ထက်စီးနင်းလုပ်မှုတွေကို တွေ့တဲ့အခါ
    ရေငုံ နှုတ်ပိတ် နေတတ်သူတွေ တွေ့နေရတော့
    အံ့သြတယ်-

    ပြည်ထောင်စုဝန်ကြီးတယောက်ရဲ့စကားကို
    ကြားလိုက်ရတဲ့အခါ
    အံ့သြတယ်-

    အမျိုးသားခေါင်းဆောင်ကြီးကို ကြည့်မိတဲ့အခါ
    အံ့သြတယ်-

    မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်
    ရှိပါတယ် လို့ ပြောထွက်သေးတာ
    အံ့သြတယ်-

    ဖာခန်း-လောင်းကစားခန်း-စင်တင်ဘီယာဆိုင်
    ဖွင့်တာမဟုတ်ပဲ
    ဝတ်ပြုကိုးကွယ်ရာနေရာဆောက်တာ
    ဘာသာရေးပညာသင်ကျောင်းဆောက်တာ
    ပြစ်မှု ဖြစ်ရတာကို
    အံ့သြတယ်-

    ဆော်ဒီအစိုးရက ဆော်ဒီအာရေးဗီးယားနိုင်ငံကို
    အုပ်ချုပ်တဲ့ပေါ်လစီကြောင့်
    မြန်မာနိုင်ငံသားတွေ
    အပြစ်ဖြစ်ရတာကို
    အံ့သြတယ်-

    ကိုယ့်သာသနာကိုယ်
    မြှင့်တင်ရေး
    အသိပညာတိုးပွားရေး
    ခိုင်မာကျစ်လစ်ရေး တွေ
    မဆောင်ရွက်ဘဲ
    တခြားသာသနာကို
    လိုက်ဖျက် တိုက်ခိုက်တတ်တဲ့
    အသိဥာဏ်ကို
    အံ့သြတယ်-

    ပစ္စည်းအတုမျိုးစုံ
    အစုတ်မျိုးစုံတင်သွင်းလာပြီး
    တနိုင်ငံလုံး အကျင့်စာရိတ္တက အစ
    ဘာမှမကျန်အောင်
    ဖျက်စီးနေတဲ့နိုင်ငံကို
    ကျေးဇူးရှင်လို့ သတ်မှတ်တာကို
    အံ့သြတယ်-

    လျှပ်စစ်ပြဿနာ ရှင်းနိုင်ဖို့
    မိုးနတ်မင်းကြီးထံ ဆုတောင်းခိုင်းတာကိုလဲ
    အံ့သြတယ်-

    မီးပျက်တဲ့ပြသနာဖြေရှင်းနိုင်ဖို့
    အိမ်ထဲမှာ ဖယောင်းတိုင်ထွန်းပြီး
    နေခိုင်းတာလဲ
    အံ့သြတယ်-

    ကျေးဇူးရှင်တောင်သူလယ်သမားတွေကို
    ထမင်းတစ်နပ်ပဲ စားခိုင်းတာလဲ
    အံ့သြတယ်-

    ရတနာသုံးပါး
    တစ်ပါးအပါအဝင်ဖြစ်သော
    မိမိကိုးကွယ်ရာကို
    ဖေါ့စဖေါ့ရပ်အဖြူတွေပါတဲ့ မီးခိုးဗုန်းဆိုတာနဲ့
    ပစ်ခတ်ရဲတာလဲ
    အံ့သြတယ်-

    စုံစမ်းစစ်ဆေးရေးကော်မရှင်တွေ
    မှိုလိုပေါက်ပြီး
    ဘာအဖြေမှမထွက်တာလဲ
    လူကြီးတက်လုပ်နေတဲ့သူတွေကို
    အံ့သြတယ်-

    သူခိုးတွေကိုဖမ်းဖို့ စီးဖို့ပြောရင်း
    သူခိုးတွေကိုဖမ်းရင်း
    ကိုယ့် ခိုးထုပ်ခိုးထည်ကိုကာကွယ်နေကြသူတွေ
    ဆက်ခိုးနေကြသူတွေကို
    အံ့သြတယ်-

    ကိုယ့်ဖာသာ မရရအောင်ယူထားတာကို
    ပြည်သူကရွေးကောက်တင်မြှောက်တာပါလို့
    ခဏ ခဏ ပြောနေကြတာကိုလဲ
    အံ့သြတယ်-

    မြန်မာနိုင်ငံမှာ
    ပြည်သူတွေကိုကြည့်မလား
    အုပ်ချုပ်သူတွေကိုကြည့်မလား
    ဘာသာရေးခေါင်းဆောင်တွေကိုကြည့်မလား
    ယုံကြည်ကိုးကွယ်မှုကိုကြည့်မလား
    ပညာရေးကိုကြည့်မလား
    ကျန်းမာရေးကိုကြည့်မလား
    ဥပဒေကိုကြည့်မလား
    တရားစီရင်ရေးကိုကြည့်မလား
    ကြိုက်တာကိုကြည့်
    ကြည့်ချင်ရာကိုကြည့်
    အားလုံး အံ့သြစရာတွေချည်းဘဲ။

    Burma, The wonder land. ပါပဲ။

    ရေးသားသူ – Maungmaung Skw

  • “အပြာ”

    “အပြာ”

    ဖေဖော်ဝါရီ ၂၀ ၊ ၂၀၁၃
    M-Media
    ကျော်မိုးအောင်

    ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ ဝတ္ထုတိုတစ်ပုဒ်ပါ။ ရောင်စုံ သူပုန်တွေ နယ်တွေမှာ ကြီးစိုးနေစဉ်ကပေါ့ … ရွာသားတွေခမျာ တစ်ဖွဲ့ကလာလိုက် မင်းတို့က ဘာရောင်လဲမေးလိုက် (ကွန်မြူနစ် အလံနီလား … ရဲဘော်ဖြူလား … ဘယ်ဘက်ကိုထောက်ခံတာလဲဆိုတာပါ။) ရွာသားတွေကလည်း အလိုက်အထိုက် လာတဲ့သူပေါ်ကြည့်ပြီး သူ့အရောင်ကို ဖြေပေးလိုက်၊ နောက်တစ်ဖွဲ့ကမေးရင် သူ့အကြိုက် လိုက်ဖြေလိုက်ရ …. တစ်ခါတစ်လေ နှစ်ဖက်လုံးက မကျေနပ်ရင်လည်း အထုအထောင်း ခံလိုက်ရနဲ့ပေါ့လေ။

    တစ်ခါမှာတော့ ထုံးစံအတိုင်း မင်းတို့ ဘာရောင်လဲဆိုတော့ ရွာသားတစ်ယောက်က ကျွန်တော်တို့က အပြာပါတဲ့။ ထူးထူးဆန်းဆန်း … မရှိသေးတဲ့ အဖွဲ့လားပေါ့ … မေးခွန်းထုတ်စရာ။ သူပြန်ဖြေပုံက … ဘယ်သူလာလာ … အထောင်းခံ၊ အထုခံ… အားလုံးကို ပြာနေအောင် ကြောက်နေရတဲ့ အပြာတွေပါတဲ့။

    ကျွန်တော်တို့ကတော့ ကွန်မြူနစ်ခေတ် မဟုတ်လည်း အပြာကတော့ အပြာပဲ။ မြန်မာသက္ကရာဇ် ၁၃၀၀ ပြည့်တုန်းကတည်းက မွဲပြာပုဆိုး အပ်ကြောင်းထပ်နေတဲ့ ဇာတ်ဆရာ အလိုကျ ဇာတ်ထုတ်ထဲမှာ အသုံးတော် ခံနေရစဲပါပဲလား။

    ဘယ်အဖွဲ့ တက်တက် .. ဘယ်သူလာလာ … အထောင်းခံ၊ အထုခံ၊ ခလုတ်တိုက်ခံ၊ ပြဿနာ အရှာခံ၊ စည်တော်ကြီး အတီးခံ၊ ဆွမ်းကြီးအလောင်းခံ၊ အဆဲအဆို အပုတ်အခတ်ခံ … အားလုံးကို ပြာနေအောင် ကြောက်နေရတဲ့ အပြာဘဝတွေမှာပါပဲလား။

    အဖိုးတို့ကို အားနာလိုက်တာဗျာ …..။

    ကျွန်တော်တို့ကတော့ …. အင်း ဒေါက်တာသန်းထွန်းရေ …. “အ” မြဲ “အ” လျက်ပါပဲဗျာ။ အအ တွေကြား ရုန်းကန်နေရစဲ၊ အမုန်းခံနေရစဲ …. ကုန်းခံနေရစဲပါပဲဗျာ။

    by ကျော်မိုးအောင် FB မှ ကူးယူဖော်ပြသည်။

  • အကြမ်းဖက်သမား ၂ဝဝ ခန့် ရဲတပ်ဖွဲ့ကို တိုက်ခိုက်၊ ဆိုင်များကို ဖျက်စီး (ရုပ်သံ)

    အကြမ်းဖက်သမား ၂ဝဝ ခန့် ရဲတပ်ဖွဲ့ကို တိုက်ခိုက်၊ ဆိုင်များကို ဖျက်စီး (ရုပ်သံ)

    ဖေဖော်ဝါရီ ၂၀ ၊၂၀၁၃
    Credit-Kamayut Media

    အကြမ်းဖက်သမား ၂ဝဝ ခန့် ရဲတပ်ဖွဲ့ကို တိုက်ခိုက်၊ ဆိုင်များကို ဖျက်စီး

    ဘာသာရေး အစွန်းရောက် လူငယ် ၇ဝကျော်ဟာ ဖေဖော်ဝါရီ ၁၉ရက်နေ့ညက သာကေတမြို့နယ်က လုံခြုံရေးအရာရှိတွေကို ခဲတွေနဲ့ပစ်ပေါက်ပြီး ဖုန်းဆိုင်နဲ့ ကွမ်းယာဆိုင်တွေကိုလည်း အကြမ်းဖက် ဖျက်စီးခဲ့ပါတယ်။