News @ M-Media

Blog

  • ဆရာကြီး ၀မ်းအိုဝမ်း ကျော်ဝင်းမောင် (၉၃)နှစ်ပြည့် မွေးနေ့ အမှတ်တရ

    ဖေဖော်ဝါရီလ ၁၆ရက်၊၂၀၁၃
    M-Media
    ပသီဆောင်းနှင်းမှုံ

    မြန်မာ့ သမိုင်း၊ ကမ္ဘာ့ သမိုင်းတွေမှာ သင်ခန်းစာ ယူစရာ၊ဂုဏ်ယူ စရာ၊အားကျ အတုယူစရာ၊ မျိုးချစ်စိတ် တဖွားဖွား ပေါ်စရာတွေ ပြည့ှ်နှံ့နေတဲ့ အတိတ်ကာလများစွာနဲ့ တည်ဆောက်ထားတာပါ။ကျွန်မတို့ရဲ့ မြန်မာ့ သမိုင်း စာမျက်နှာကို ပြန်လှန်ကြည့်ရင်လည်း မြန်မာ့ အာဇာနည်တို့ ဇွဲမရှိခဲ့ပါလျှင် မြန်မာ့ မြေပုံသည် ကမ္ဘာ့ဘုံမှ ပျောက်ကုန်သွားမည် ဖြစ်ကြောင်း မှတ်သား ရဖူးပါတယ်။

    IMG0532A
    ဘယ်သူမှ အားမကိုးဘူး သူပါသူ စာ ရေးမယ်တဲ့

    ဒုတိယ ကမ္ဘာစစ်အတွင်းက တကယ့်ဖြစ်ရပ် ပုံရိပ်များကို အပတ်တကုပ် စိုက်လိုက်မတ်တတ် စုဆောင်းရေးသားသူ တစ်ဦးဖြစ်သော ဆရာကြီး ၀မ်းအိုဝမ်းကျော်ဝင်းမောင်ဟာ သမိုင်းမှာ အကျည်းတန် အရုပ်ဆိုးတဲ့ လူသိမများခဲ့တဲ့ မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်၊ ကုလားကုန်း ကျေးရွာသူ ကျေးရွာသား အားလုံးနီးပါး ရွာလုံးကျွတ် လူကြီးလူငယ် အဘိုးအို အမယ်အိုကစပြီး ရင်နှစ်သည်းချာ ကလေးတွေအထိ အရှင်လတ်လတ် ရက်စက်မူ သရဖူ ဆောင်းခဲ့တဲ့ လူသတ်ပွဲကြီး သမိုင်းကို ဆရာကြီးဟာ စာတစ်အုပ် ပေတဖွဲ့ အနေနဲ့တိုင်းပြည်မှာ ရှိဖို့လိုတယ်လို့ ခံယူပြီး သူဟာ အန္တရယ်တွေကြားက အသက်ကို ဖက်နဲ့ထုပ်ပြီး သွားကာ  သမိုင်းမှတ်တမ်းတင်ခဲ့ပါတယ်။ဆရာကြီးဟာ ထိုစာအုပ်ကို ” ကျိုက်မရောနယ်ရဲ့ အလှကို အကျဉ်းတန် အရုပ်ဆိုးစေတဲ့ သမိုင်းဖြစ်ရပ်” လို့ အမည်ပေးခဲ့ပါတယ်။ ကုလားကုန်း ရွာသားတွေဟာ အဲဒီဒေသတွင် လှုပ်ရှားသော မြန်မာ့ တော်လှန်ရေး ပြောက်ကျားတပ်သားများနဲ့ ဗြိတိသျှ လေထီး တပ်သားများကို အကူအညီပေးခဲ့လို့ ဂျပန်တွေက ရွာလုံးကျွတ် ရက်ရက် စက်စက်သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။ထိုသမိုင်းကို ဖတ်ရှု့ရခြင်းဖြင့် ကုလားကုန်းရွာသား အစ္စလာမ်ဘာသာဝင်တွေဟာ တိုင်းပြည်ပေါ် ဘယ်လောက်ထိ ချစ်ခင်လဲ ဘယ်လောက်ထိတိုင်းပြည်ပေါ်မှာ တာဝန်ကျေခဲ့ ကြသလဲ ဆိုတာကို ဆရာကြီးဟာ စာပေဖြင့် မီးမှောင်းထိုးပြနိုင်ခဲ့ပါတယ်။။

    Ukyawwinmg01ဆရာကြီးဝမ်းအိုဝမ်းကျော်ဝင်းမောင်ကို ပသီအမျိုးသား အစ္စလာမ် ဘာသာဝင် အဖဦးဟာနစ်၊အမိ ဒေါ်စိန်ညွှန့်တို့မှ ၁၆-၂-၁၉၂၀ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ဆရာကြီးဟာ ကချင်ပြည်နယ်၊ဗန်းမော်သားပါ။အင်္ဂလိပ်-မြန်မာ (၁၀)တန်းထိ ပညာသင်ကြားခဲံပါတယ်။ပန်းချီ ၀ါသနာ ပါသူဖြစ်ပါတယ်။ဆရာကြီးဟာ ဘီဒီအေ(ဗမာ့ ကာကွယ်ရေး တပ်မတော်)၊လေယာဉ်ပစ် အမြောက်ကြီးတပ်၊ဘီဒီအေ မင်္ဂလာဒုံ စစ်တက္ကသိုလ် တတိယ အပတ် ဗိုလ်သင်တန်း တက်ခဲ့ပါတယ်။ ဗိုလ်သင်တန်းတက်နေတုန်း ဂျပန်တော်လှန်ရေး အတွက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ တာဝန်ပေးချက်နဲ့ မြန်မာပြည် မြောက်ပိုင်းရောက်နေတဲ့ မဟာမိတ်တွေနဲ့ သွားရောက် ဆက်သွယ်ခဲ့ပါတယ်။ မဟာမိတ်တွေနဲ့ သွားရောက်ဆက်သွယ်ရင်း လမ်းခုလပ်မှာ ဂျပန်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။မြေအောက် ရဲဘော်တွေရဲ့ အကူအညီနဲ့ ဆရာကြီးဟာ အချုပ်ခန်းကို သော့တူနဲ့ ဖွင့်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ဂျပန်ဖက်ဆစ်တွေရဲ့ သမိုင်းမှာ ဒီလို လှောင်အိမ် အချုပ်ခန်းထဲမှာ သေဒဏ်ပေးခံရပြီး ထွက်ပြေး လွတ်မြောက်သွားတဲ့ လူ သူတို့သမိုင်းမှာ အင်မတန် ရှားမယ်လို့ သိရပါတယ်။ဒါကြောင့် ဆရာကြီးဟာ ဒီအကြောင်းတွေကို မြန်မာ့ သမိုင်းမှာ စာတတန် ပေတဖွဲ့ အနေနဲ့ ကျန်ရစ်ခဲ့အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ “၀မ်းအိုဝမ်းနဲ့ မြန်မာ့မြေအောက် တော်လှန်ရေး”ဆိုတဲ့ စာအုပ်ကို ရေးပြီး စာပေလောကထဲ ၀င်ခဲ့ပါတယ်။

    ထိုစာအုပ်နှင့် ပတ်သက်ပြီးစာရေးဆရာ သတင်းစာဆရာ ဆရာမောင်ဝံသက“သက်ကြီဝါရင့် နိုင်ငံရေး သမားကြီးတွေ မှတ်ညဏ်ကောင်းတုန်း ကိုယ်တွေ့တွေကို ပြန်ရေးကြတာ ကျွန်တော်တို့ အလွန်ကျေးဇူးတင်တယ်။အသက် ၃၀အောက် လူငယ်တွေကို အဲသလို နိုင်ငံရေး ကိုယ်တွေ့ မှတ်တမ်းတွေ ဖတ်စေချင်တယ်။ဆရာကျော်ဝင်းမောင်ရေးတဲ့ “၀မ်းအိုဝမ်းနဲ့ မြန်မာ့ မြေအောက်တော်လှန်ရေး ”လိုစာအုပ်မျိုးက သမိုင်းမှတ်တမ်း အရေးအသားတွေထက် လူငယ်တွေကို ပိုပြီး ဆွဲဆောင်မယ်လို့ ကျွန်တော် ယူဆပါတယ်”ဟု ပထမတန်းစား နိုင်ငံ ပထမတန်းစား စိတ်ဓာတ် စာအုပ်တွင် ရေးသားတာကို တွေ့ရပါတယ်။ဆက်လက်ပြီး ထိုစာအုပ်တွင် ဆရာမောင်ဝံသမှ “ယနေ့ခေတ် နိုင်ငံရေးစိတ်ထက်သန်တဲ့ လူငယ်တွေကို ၀မ်းအိုဝမ်းကျော်ဝင်းမောင်ရဲ့ စာအုပ်တွေ ဖတ်စေချင်ပါတယ်။သူတို့ခေတ်က လူငယ်တွေ နိုင်ငံရေးထဲ ဘယ်လိုပါခဲ့ကြတယ်၊ ဘယ်လို စွန့်စားခဲ့ရတယ်၊ဘယ်လို လှိုင်းတံပိုးတွေကို ရင်ဆိုင်ခဲ့ရတယ် စတာတွေကို တွေ့ရပါလိမ့်မယ်။ ငါတို့သာ တိုင်းပြည်ကို ချစ်တယ်၊ငါတို့သာ တိုင်းပြည်အကျိုးကို ကိုယ်ကျိုးစွန့်ပြီး လုပ်ဆောင်နေတာလို့ တစ်လွဲမာန်တက်နေသူတွေလည်း ဖတ်ဖြစ်အောင် ဖတ်စေချင်တယ်။နိုင်ငံရေး သမားဆိုတာ တိုင်းသူပြည်သား လူအများ အသာစံဖို့အတွက် မိမိတို့ရဲ့ဘ၀ အနာခံပြီး လုပ်ပေးရသူဆိုတဲ့ အနက်အဓိပယ်ကို ဦးကျော်ဝင်းမောင်ရဲ့ နိုင်ငံရေး ဘ၀ထဲမှာ တွေ့လာရပါလိမ့်မယ်”ဟု ရေးသားထားသည်ကို တွေ့ရပါတယ်။

    OLYMPUS DIGITAL CAMERA
    အာဇာနည်ခေါင်းဆောင်ဆရာကြီး ဦးရာဇာတ်စာအုပ် ထွန်းဖောင်ဒေးရှင် စာပေဆု ရတုန်းက အမှတ်တရ

    သက်တော်ရှည် စာပေပညာရှင်ကြီးဝမ်းအိုဝမ်း ရဲ့ဘ၀အောင်မြင်မူ မှတ်တိုင်တစ်ခုကတော့ အသက်၈၈နှစ်အရွယ်မှာ အာဇာနည် ခေါင်းဆောင် ဆရာကြီးဦးရာဇာစာအုပ်နှင့် ထွန်းဖောင်းဒေးရှင်း အတ္ထုပတိစာပေဆု ရရှိခဲ့ပါတယ်။အဲဒီတုန်းက ဆရာကြီးဟာ “၀မ်းသာလွန်းလို့ ငိုချင်တယ်”ဆိုတဲ့ ဆောင်းပါးကို Weekly Eleven ဂျာနယ်တွင် ရေးသားပြီး ပြည်သူတွေကို သူ့ရင်ထဲက စကားသံတွေ ပြောပြခဲ့တာ တွေ့ရပါတယ်။

    ဆရာကြီးဟာ အတိတ်ကာလ၊ပစ္စုပန်ကာလ နှစ်ခုမှာ ဘယ်ပေတံနှင့် တိုင်းတိုင်း ဘယ်မှတ်ကျောက်နှင့် တင်တင် ဒေါင်ဒေါင်မြည် အစမ်းသပ်ခံနိုင် ခဲ့တဲ့ နိုင်ငံရေး သမား တစ်ယောက်၊နိုင်ငံရေး ခေါင်းဆောင် တစ်ယောက်ဆိုတာ ပေါ်လွင်ထင်ရှားလှပါတယ်။ဆရာကြီးတို့ တပ်မတော်ထဲ ၀င်တုန်းက ပသီခေါ် မြန်မာ မွတ်စလင်အမျိုးသားတွေ ဖြစ်တဲ့အတွက် အခြား တိုင်းရင်းသား လူမျိုးတွေထက် အစားအသောက် အဆင်းရဲခံပြီး ၀င်ခဲ့ရပါတယ်။

    ဆရာကြီး အသက်ရှင်စဉ်ချိန်ကာလကနေ အခုသေဆုံးချိန်ထိ ပိုင်ဆိုင်ထားတဲ့ အောင်မြင်ခြင်း၊ထင်ရှားခြင်း၊ကျော်ကြားခြင်းတွေဟာ တခဏ တစ်ခုန် တစ်လှမ်းနဲ့ ရခဲ့တာ မဟုတ်ပါဘူး။သူဟာ ခိုင်မာသော ယုံကြည်ချက်ပေါ် တစိုက်မတ်မတ်နဲ့ မဆုတ်မနစ်တဲ့ ဇွဲလုံလကို အရင်းတည်ပြီး အဖန်ဖန် တလဲလဲ ကြိုးစားခြင်းရဲ့ ရလာဒ်တွေသာ ဖြစ်ပါတယ်။

    ဆရာကြီးရဲ့ ဘ၀ကို လေ့လာကြည့်တဲ့ အခါ အကြိမ်ကြိမ်အခါခါ ရှုံးနိမ့်ခဲ့ဖူးပေ့မယ့် ရေဆန်လမ်းမှာ လက်ပန်းမကျသလို လေထန် ရေဆန်တတ်တဲ့ လောကဓံကို ကြံကြံခိုင် ရင်ဆိုင် တွန်းလှန်ကျော်ဖြတ်ခဲ့လို့ ရောက်ရှိလာရတဲ့ ပန်းတိုင်ပဲဖြစ်ပါတယ်။

    ဆရာကြီးဟာ သူလုပ်ဆောင်စရာရှိတာတွေကို သမိုင်းပေး တာဝန်တစ်ခု အနေနဲ့ ကျေပွန်စွာ ထမ်းဆောင်ခဲ့ပါတယ်။သူ့အကျိုးစီးပွားအတွက် မျှော်မှန်းပြီး မလုပ်ခဲ့ပါဘူး။ ဂျပန်တော်လှန်ရေး ပျက်ပြားသွားမှာကိုတော့ သူ အထိမခံနိုင် အပျက်မခံနိုင် သူ့အသက်ကိုသာ လွတ်လပ်ရေး ကန်ဘောင်ရိုးမှာ စတေးခံဖို့ ဆုံးဖြတ်ခဲ့သူပါ။စွန့်လွှတ်စွန်စား လုပ်ချင်တဲ့စိတ် အနစ်နာခံ စွန့်လွှတ်ရဲတဲ့ သတ္တိမျိုး သူ့မှာ အပြည့်ပါ။

    ဆရာကြီးဟာ လူတွေအပေါ် ခွင့်လွှတ်သည်းခံတတ်ခြင်း၊သူ ယုံကြည်ရာ အပေါ် တယူတန် စွဲလန်းခြင်း၊အားနည်းသူတွေကို သူစားမယ့်ထဲက ခွဲဝေပေးတတ်ခြင်း၊ အနစ်နာခံတတ်ခြင်း၊ကိုယ့်ကျိုးစွန့်လွှတ်တတ်ခြင်း၊နိမ့်ချစွာ နေထိုင်တတ်ခြင်း၊သူတစ်ပါးကို ကြီးငယ်မရွေး ယဉ်ကျေးဖော်ရွေ လေးစားစွာ ဆက်ဆံတတ်ခြင်း၊မဆုတ်မနစ်သော ဇွဲ၊လုံ့လရှိခြင်း၊ရိုးသားခြင်း၊ သစ္စာရှိခြင်း၊ဒေါသဆို မြူမှုန့်မရှိ ပကတိ တည်ငြိမ်အေးချမ်းခြင်း၊ တင်းတိမ် ရောင်ရဲခြင်း၊စိတ်ကောင်း စေတနာကောင်း ရှိခြင်း၊မမြှောက်ပင့် တတ်ခြင်းတွေဟာ  စံနမူနာ အတုယူထိုက်စရာတွေကို ဆရာကြီးရဲ့ ဘ၀ထဲမှာ တွေ့ရပါတယ်။ဆရာကြီးရဲ့ ဘ၀မှာ ကိုင်စွဲလျှောက်လှမ်းတဲ့ ဆောင်ပုဒ်လေးကတော့ “လိုလျှင် ကြံဆ နည်းလမ်းရ” လို့အမြဲပြောလေ့ရှိခဲ့တယ်။

    ဆရာကြီး လူငယ်တွေကို အမြဲရွတ်ဆိုပေးပြီး ချရေးခိုင်းလေ့ရှိတဲ့ ဆောင်ပုဒ်လေးတစ်ခု ရှိပါသေးတယ်။အဲဒါလေးကတော့
    “ငါ့မှာ တာဝန်တွေ များစွာရှိတယ်
             ကုန်းပေါ်မှာ သေသေ
             ရေထဲမှာ သေသေ
             လေထဲမှာ ကြေကြေ
             အထိပ်အထိပ်မှာ ငါနေမယ်
            လာမည့်ဘေး ပြေး၍ မရှောင်
            တွေ့အောင် ငါသွားမယ်
            ဧည်သည် အိမ်သည်ကို မစော်ကားရ ”ဆိုတဲ့ ဂျပန်ခေတ်က ဒီကြွေးကြော်သံလေးကို ချရေးခိုင်း တတ်သလို၊လူငယ် လူရွယ်တွေရဲ့ နှလုံးသားထဲထိ စွဲနစ်သွားအောင် ရိုက်သွင်းပေးပြီး စိတ်ဓာတ် အမွေပေးခဲ့ပါတယ်။ပြီး ဘ၀မှာ လက်တွေ့အသုံးချဖို့ လမ်းညွှန်ပေးခဲ့တာကို တွေ့ရပါတယ်။

    OLYMPUS DIGITAL CAMERA
    ၂၀၁၂ ခုနှစ် ဇန်နဝါရီလက ကျင်းပခဲ့သည့် ပထမအကြိမ်မြောက် ဆရာကြီးဦးရာဇတ်နေ့ အခမ်းအနား မန္တလေးတွင် အမှတ်တရ စကားပြောကြားနေစဉ်

    သူ့ရဲ့စိတ်အားထက်သန်မူတွေဟာ အသက်အရွယ်နဲ့မလိုက်အောင် ရှေ့သို့ရောက်နေသော်လည်း ဇာရာရဲ့ ဖိစီးမူတွေက ဆရာကြီးရဲ့ခြေထောက်ကို အနောက်မှာ ကျန်ရစ်စေခဲ့ပါတယ်(ဆရာကြီးရဲ့ လမ်းလျှောက်ပုံကို မြင်တွေ့ဖူးသူတိုင်း ပြန်လည် မြင်ယောင်မိနိုင် ပါလိမ့်မယ်)။ မြန်မာ့ပြည်ရဲ့အရေး၊ တိုင်းရင်းသားတွေရဲ့အရေး၊ ပသီခေါ် မြန်မာမွတ်စလင်တွေရဲ့ အရေးတွေအတွက် သောကတွေ ပိုက်ထွေးရင်း ကွယ်လွန်မည့် နေ့ရက် တစ်ရက်ကလွဲရင်း ကလောင်ကို လက်ကမချ ခဲ့သူလို့ သိရပါတယ်။ သူ့ရဲ့ဘ၀ကို ဇွဲ၊ လုံးလ ၊၀ိရိယတွေနဲ့  တည်ဆောက် ထားတာလို့ သုံးသပ်မိပါတယ်။

    ဆရာကြီးရဲ့ အလ္လာဟ်ဆီသို့ပြန်ရာလမ်း မှာ သေချင်းနှင့်စီးချင်းထိုးနေရတဲ့အချိန်မှာတောင် မီးဇကုန် ရေခန်းလို့ လာရာလမ်းသို့ပြန်ရပေမယ့် သေမင်းကို အံ့တု စိန်ခေါ် အရှုံးမပေးခဲ့သူပါ။

    ကျွန်မတို့လို မျက်မှောက် ကာလ လူငယ်လူရွယ်တွေနှင့် နောက်လာမယ့် အနာဂတ်ရဲ့ သားကောင်းရတနာ သမီးကောင်းရတနာတွေ အတွက်ထိပါ သမိုင်းကို ရှု့မြင် ဆင်ခြင်နိုင်ဖို့၊အကောင်းနှင့်အဆိုး၊အမှန်နှင့်အမှားကို  ပိုင်းခြားပြီး သင်ခန်းစာ ယူဖွယ် လေ့လာ မှတ်သားဖွယ် အတုယူဖွယ်ရာ သမိုင်းစာအုပ်တွေကို သဲသဲမဲမဲ ဇွဲနပဲ ကြီးစွာဖြင့် အခက်အခဲအမျိုးစုံကို ကျော်လွှားပြီး စာရေးဆရာတစ်ယောက် လုပ်သင့်တဲ့ အလုပ်တာဝန်တွေကို လုပ်ခဲ့သူရဲ့ ယနေ့ မှာ ကျရောက်တဲ့ ဆရာကြီးရဲ့ (၉၅)နှစ်ပြည့် မွေးနေ့ အမှတ်တရ အနေဖြင့် M-Media မှ ဂုဏ်ပြုမှတ်တမ်း တင်လိုက်ပါတယ်။

    ** ဓါတ်ပုံအချို့ကို ဆရာကြီးမိသားစုထံမှာ ကင်မရာဖြင့် ပြန်လည် ရိုက်ကူးသောကြောင့် ယနေ့ နေ့စွဲဖြစ်နေခြင်းဖြစ်ပါသည်။

  • အစ္စလာမ်ဘာသာရေးအဖွဲ့ – ဒုက္ခသည်များ ကူညီပံ့ပိုးရေး ကော်မတီ မှ ကချင်စစ်ပြေး ဒုက္ခသည်များသို့ သွားရောက် လှူဒါန်းမည်

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၃
    M-Media
    သတင်း – အမ်တူးအေ

    kachin IDP
    ကချင် စစ်ပြေးဒုက္ခသည်များ photo-internet

    မန္တလေး။          ။ အစ္စလာမ်ဘာသာရေးအဖွဲ့၊ ဒုက္ခသည်များကူညီပံ့ပိုးရေးကော်မတီ (မန္တလေးတိုင်း၊ မန္တလေးမြို့)မှ ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည်များ ထွက်ပြေး တိမ်းရှောင်နေရသည့် ကွတ်ခိုင်မြို့သို့ ၁၆.၂.၂၀၁၃ ရက်နေ့တွင် သွားရောက်ပြီး ၁၇.၂.၂၀၁၃ ရက်နေ့တွင် ဒုက္ခသည်စခန်းများသို့ စားနပ် ရိက္ခာနှင့် ဆေးဝါး ပစ္စည်းများ သွားရောက် ကူညီလှူဒါန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

    အစ္စလာမ်ဘာသာရေးအဖွဲ့ – ဒုက္ခသည်များကူညီပံ့ပိုးရေးကော်မတီတွင်ပါဝင်သည့် တာဝန်ရှိသူတစ်ဦးအား ဆက်သွယ်မေးမြန်းရာ “ကျွန်တော်တို့ မနက်ဖြန် ၁၅.၂.၂၀၁၃ ရက်နေ့မှာ ကွတ်ခိုင်မြို့ကို ထွက်ခွာကြပါမယ်။ လှူဒါန်းမှာကတော့ ကွတ်ခိုင်မြို့ပေါ်က ဘုရားကျောင်း (၂)ကျောင်းမှာ ရောက်ရှိနေသည့် ကချင် ဒုက္ခသည် ၅၀၀-ကျော်ကို စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လှူဒါန်းပါမယ်။ ဘုရားကျောင်း ၁-ကျောင်းမှာ ဒုက္ခသည် ၃၀၀-ကျော်နဲ့ နောက် ၁-ကျောင်းမှာတော့ ဒုက္ခသည် ၁၀၀-ကျော်ရှိပါတယ်။ အဲဒီ ၅၀၀-ကျော်က ကချင်ဒုက္ခသည်တွေပါ။ နောက်ပြီးတော့ ကွတ်ခိုင်မြို့နဲ့ ၆-မိုင်အကွာမှာရှိတဲ့ ရွာလေးမှာလည်း ပလောင် ဒုက္ခသည် ၄၀၀-ကျော်ကိုလည်း စားနပ်ရိက္ခာနဲ့ဆေးဝါးများကို လှူဒါန်းပါမယ်။ ကျွန်တော်တို့တွေ ဒုက္ခသည်စုစုပေါင်း ၁၀၀၀-ကျော်အတွက် လှူဒါန်းပါမယ်။ ၁၇.၂.၂၀၁၃ ရက်နေ့မှာ ကွတ်ခိုင်မြို့ပေါ်မှာပဲ ပစ္စည်းများပေးအပ်လှူဒါန်းပွဲလုပ်ပြီး ပေးအပ်ပါမယ်။ ပေးလှူမှာက တာဝန်ရှိ အာဏာပိုင်အဖွဲ့ကို ပေးအပ်မှာပါ။ ကျန်းမာရေးကလည်းပါမယ်။ လူဝင်မှုကြီးကြပ်ရေးကလည်းပါမယ်။ မြို့နယ်အုပ်ချုပ်ရေးကလည်းပါမယ်။ နောက်ပြီးတော့ ဒုက္ခသည်စခန်းက တာဝန်ခံတွေနဲ ညှိနှိုင်းပြီး ပေးအပ်မှာပါ။” လို့ M-Media ကို ပြောပြလာပါတယ်။

    စားနပ်ရိက္ခာအနေနှင့် ဆန်-အိတ်(၅၀၀)၊ ကုလားပဲကြမ်း-အိတ်(၃၀)၊ ဆီ-(၅)ပေပါ၊ ဆား-အချိန်(၃၀၀)၊ ဆေးဝါးအနေနှင့် အခြေခံဆေးဝါးများဖြစ်သည့် ၀မ်းလျှော/ ၀မ်းပျက်၊ ဖျားနာ၊ နှာစေး၊ ချောင်းဆိုး ပျောက်သည့်ဆေး စသည့်ဆေးဝါးများ (၁၉)သိန်းကျော်ဖိုး လှူဒါန်းမည်ဖြစ်ပြီး စုစုပေါင်း သိန်း(၁၂၀)၀န်းကျင် တန်ဖိုးရှိသည်ဟု သိရသည်။

    အစ္စလာမ်ဘာသာရေးအဖွဲ့ – ဒုက္ခသည်များ ကူညီပံ့ပိုးရေးကော်မတီ (မန္တလေးတိုင်း၊ မန္တလေးမြို့)သည် ၂၀၁၂-ခု ဇွန်လတွင် စတင်ဖွဲ့စည်းခဲ့သည့် ဘာသာ လူမျိုးမခြား ကူညီပံ့ပိုးနေသည့် အဖွဲ့တစ်ခုဖြစ်ပြီး ရခိုင်ကိစ္စတွင် လူမျိုးဘာသာမရွေးကူညီစောင့်ရှောက်ခဲ့သလို နမ့်ဆန်မီးဘေးတွင်လည်း မီးဘေးဒုက္ခသည် လူမျိုးဘာသာမရွေးကိုလှူဒါန်းခဲ့ပြီး ယခုအကြိမ် ကချင်စစ်ပြေးဒုက္ခသည်များကို ကူညီပံ့ပိုးလှူဒါန်းခြင်းသည် တတိယအကြိမ်မြောက် လှူဒါန်းမှုဖြစ်ကြောင်း သိရသည်။

  • အပြောင်းအလဲများ နှင့် ဗျူဟာမြောက်တဲ့ ဆက်သွယ်ရေး ကွန်ယက်များ

    ဖေဖော်ဝါရီ ၁၅ ၂၀၁၃
    M-Media
    တင်မင်းထွဋ်

    “နည်းပညာများကို အသုံးပြုပြီး လူထုရဲ့ စုပေါင်းအသံကို သင်  ကြားနိုင်ပါတယ်။ ပင်မစီးကြောင်းမှ ၀င်လာတဲ့ သတင်းများနဲ့ တိုက်ရိုက်အစီရင်ခံချက်များက သတင်းအချက်အလက်များကို စုစည်းနိုင်တယ်။ ဒါတွေအားလုံးကိုပေါင်းစပ်လိုက်တဲ့အခါ ဘာတွေဖြစ်ပျက်နေတယ်ဆိုတဲ့အကြောင်းကို ပိုကြီးမားတဲ့ရုပ်ပုံလွှာကြီး တခုကို ရရှိမယ်။”
    Frontline SMS မှ ကင်ဘဏ်ခ် (Ken Banks)

    large_20081126_Mumbai_attacks၂၀၀၈ မွန်ဘိုင်း အကြမ်းဖက် တိုက်ခိုက်မှုများဖြစ်ပွားချိန်တွင် မွန်ဘိုင်း မြို့ခံများက မီဒီယာများပေါ်သို့ မရောက်သေး သော သတင်းအချက်အလက်များ၊ အဖြစ်အပျက်များကို မိုဘိုင်း SMS များ ၊ မိုဘိုင်းဖုန်းကင်မရာများ အသုံးပြုကာ သတင်းအချက်အလက်များ မျှဝေခဲ့ကြသည်။ ၄င်းအပြင် Twitter ၊ Flikr ၊ MySpace နှင့် ဘလော့ရေးသားခြင်း ဘလော့ကာများ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ဒဏ်ရာရသူများနှင့် သေဆုံးမှုများကို ဖော်ထုတ်ပေးနိုင်ခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းများနှင့် သွေးလှူဒါန်းမှုများ ကဲ့သို့သော အသေးစား လိုအပ်ချက်များကိုပါ ကူညီပေးနိုင်ခဲ့ကြသည်။

    ၂၀၀၈ခုနှစ် မေလ ၂ရက်နေ့နှင့် ၃ရက်နေ့ တွင် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော myanmarနာဂစ်မုန်တိုင်းကြီးတွင် လူပေါင်း တစ်သိန်း သုံးသောင်းကျော် သေဆုံးခဲ့ပြီး ထောင်ပေါင်း များစွာ ပျောက်ဆုံးခဲ့သည်။ မုန်တိုင်းများ ဖြစ်ပွားပြီး ရက်အတန်အကြာ အထိ ဆက်သွယ်ရေး ညံ့ဖျင်းမှု မိုဘိုင်းဖုန်းများ၏ အဆမတန် ဈေးနူန်းကြီးမြင့်မှုများကြောင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် အခက်ခဲများစွာ ကြုံတွေ့ခဲ့ရပြီး လူပေါင်းများစွာလည်း အသက်မသေသင့်ဘဲ သေဆုံးခဲ့ကြရသည်။ ထိုအချိန်ကာလက အင်တာနက်လိုင်းများ စိစစ်ပိတ်ပင်မှုများနှင့် အဆမတန်ဈေးနှုန်း ကြီးမြင့်မှုများကြောင့်လည်း သတင်းအချက်အလက်များ အချိန်နှင့် တပြေးညီမသိရခြင်း ၊ သတင်းအမှန် အခြေအနေအမှန်များကို လူအများစု မသိရခြင်း ကူညီ ကယ်ဆယ်ရေးဆောင်ရွက်ရာတွင်လည်း အခက်အခဲပေါင်းများစွာ ကြုံတွေ့ရင်ဆိုင်ခဲ့ကြရသည်။

    madagascar_map2၂၀၀၉ခုနှစ် MADAGSCAR နိုင်ငံ၏ အစိုးရဆန့်ကျင်မှု ဆန္ဒပြပွဲများတွင် စစ်တပ်နဲ့  ရဲ များ၏ အကြမ်းဖက်နှိမ်နင်းမှုများကို နိုင်ငံသားများက Foko – MADAGSCAR  သို့ SMS များ သတင်းစကား ဓါတ်ပုံများပေးပို့ခဲ့ကြသည်။ ဒေသခံဘလော့ဂါများက တိကျမှန်ကန်မှုရှိ မရှိ စိစစ်ပေးခဲ့ကြပြီး အစီအရင်ခံချက်များကို အွန်လိုင်းမြေပုံတစ်ချက် ထုတ်ပြန်ပေးခဲ့ကြသည်။ Foko ရဲ့  ၀ဘက်ဆိုဒ်ဟာ ပြည်သူတွေကို အန္တရယ်ရှိတဲ့နေရာများကို သတိပေးခြင်းနဲ့  ထုံးတမ်းစဉ်လာမီဒီယာများထက် ပိုမိုပြည့်စုံတဲ့ သတင်းအချက်အလက်များ ပေးခဲ့ပါတယ်။ Facebook ၊ Ushahidi ၊ Twitter ၊ Blog များနှင့် လက်ကိုင်ဖုန်းများကို အသုံးချ လုပ်ဆောင်သွားခဲ့ကြသည်။ အင်တာနက်အလှမ်းအလွန်တရာဝေးကွာ ချိန်များတွင် မိုဘိုင်းဖုန်းများ၏ အခန်းဏ္ဍသည် အလွန်မသေးလှသည်ကို တွေ့ရပေသည်။

    ၂၀၀၇ခုနှစ် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ရွှေဝါရောင်ဆန္ဒပြပွဲကြီးတွင် အကြမ်းဖက်နှိမ်နှင်းမှုများ 11ပြုလုပ်ချိန်များတွင် မိုဘိုင်းဖုန်းများ သုံးမရအောင် ပြတ်တောက်လိုက်ခြင်း၊ အင်တာနက်လိုင်းများ ဆက်သွယ်မှု ဖြတ်တောက်ကာ မျက်ခြေပျက်မှုများပြုလုပ်ခဲ့သလို ဘလော့ဂ်များ ၊ ဘလော့ဂါများ ၊ရေးသားသူများကိုပါ ကျော့ကွင်း သဖွယ် ပြငှန်းခဲ့သော အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေဖြင့် လူငယ် အများအပြားနှင့် တက်ကြွလှုပ်ရှားသူ အများအပြားကို ထောင်နန်းစံစေခဲ့သည်။ (ယင်း မျှတမှုမရှိ လူ့အခွင့်အရေး ကင်းမဲ့သော ဥပဒေကို ပြင်ဆင်သင့်နေပြီ ဖြစ်သည်။) အင်တာနက် စိစစ်ဖြတ်တောက်မှုများ အလွန်တင်းကြပ်သော ကာလလည်း ဖြစ်ခဲ့သည်။ မိုဘိုင်း သိပ်သည်းဆသည်လည်း တစ်နိုင်ငံလုံး အတိုင်းအတာနှင့် နှိုင်းယှဉ်ကြည့်ပါက ရန်ကုန်နှင့် မန္တလေး မြို့ကြီး နှစ်မြို့တွင်သာ အများဆုံးရှိခဲ့ပြီး။ ဒေသတော်တော်များတွင် ဆက်သွယ်ရေး ကွန်ယက်မရှိသည့် မြို့များက ပိုမို များပြားခဲ့သည်ကို လေ့လာတွေ့ရှိရသည်။

    ပြည်သူက ပူးပေါင်းသတင်းပို့ခြင်း (Citizen Reporting) ဟာ နယ်ပယ်တော်တော်များမှာ အလုပ်ဖြစ်နိုင်ပါတယ်။ ပြည်သူက ပြည်သူ့ကို သတင်းဖြန့်ဝေခြင်းဆိုတဲ့ Sharing လုပ်ဆောင်နိုင်တဲ့ ကွန်ယက်များဟာ အလွန်အသုံးဝင်လာသလို သတင်းဋ္ဌာနများထက်လည်း စောလျင်စွာ ရာက်ရှိတတ်ပါတယ်။ စိစစ်မှုမရှိသည့်အတွက် ဟုတ်သလော မဟုတ်သလောဆိုတာထက် သတင်းအစောလျင်စွာ ရောက်ရှိလာခြင်းဟာ စိတ်ဝင်စားမှုနဲ့ သတင်းထောက်များ ခြေရာခံဖို့ရာ လမ်းကြောင်းကိုလည်း တွေ့နိုင်လာပါတယ်။

    အိန္ဒိယတွင် Twitter အသုံးပြုသူတွေဟာ သူတို့လက်ကိုင်ဖုန်းများက တဆင့် ကမ္ဘာနှင့်အ၀ှမ်း အခြား Twitter သုံးသူများမရနိုင်တဲ့ ကုဒ်တို(Short code) ကို သုံးပြီး နောက်ဆုံးဖြစ်ရပ်တွေကို တင်ပို့နိုင်ခဲ့ကြပါတယ်။ ဒါဟာအောင်မြင်မှုတစ်ရပ်ပါ။

    မိုဘိုင်းနှင့် လူမှု့ကွန်ယက်များက ဘာတွေကို စွမ်းဆောင်ပေးသလဲ

    ဆန္ဒပြပွဲများ ၊ သဘာဝဘေးဒုက္ခများနှင့် အဓိကရုဏ်များလို  အရေးကိစ္စတွေမှာ သတင်းစောလျင်စွာ ရရှိဖို့နှင့် အာရုံစိုက်မှုကို ရယူဖို့ လက်ကိုင်ဖုန်းဖြင့်သတင်းပေးပို့ခြင်း (SMS) ကို သုံးစွဲနိုင်ပါတယ်။ (မြန်မာနိုင်ငံ တွင် မိုဘိုင်းများတွင် မြန်မာစနစ်ဖြင့် အပြန်အလှန် ပေးပို့နိုင်သည့် apps များ အများအပြားပေါ်ပေါက်နေပြီဖြစ်သည်။) လက်ကိုင်ဖုန်းတွေကို အသုံးပြု၍ စာသား သတင်းပို့လွှာများ ၊ ဓါတ်ပုံများဖြင့် အပြန်အလှန်ပေးပို့နိုင်သည့်အပြင် သတင်းပို့ချက်များကို ၀ဘက်ဆိုဒ်များ (သို့) ၀ဘက်ဆိုဒ်ကြည့်ရူနိုင်တဲ့ မိုဘိုင်းများ သုံးပြီးဝေမျှနိုင်ပါတယ်။

    22

    တိုက်ရိုက်သတင်းပေးပို့ခြင်းဟာ ဆန္ဒပြပွဲ (သို့) လှုပ်ရှားမူတခုအတွင်း ထောက်ခံမှုများကို လုံခြုံစွာ ထိန်းထားနိုင်ပါတယ်။ ဒီအတွက် အများဆုံး အသုံးပြုကျတာကတော့  Twitter နဲ့ှQik.com ဆိုတဲ့ လက်ကိုင်ဖုန်း ဗီဒီယို ပရိုဂရမ်တခု ရှိပါတယ်။ ဒါတွေကို အသုံးပြုပြီး ဘယ်သူတော့ဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်းခံနေရပြီ ဘယ်သူကတော့ ထိခိုက်ဒဏ်ရာရပြီ စသည်ဖြင့် နောက်ဆုံးသတင်းများကို မိမိတို့ကိုယ်တိုင် စာသားတွေနဲ့  မိုဘိုင်း ဗီဒီယိုများကို ကမ္ဘာအနှံ့ က လူတွေကို ဒီသတင်းဆီ အာရုံစိုက်လာအောင် ဆောင်ရွက်နိုင်ပါတယ်။

    33မီဒီယာက ရောက်ရှိခြင်းမရှိသေးသော၊ သတင်းထောက်များ ၀င်ရောက်ခွင့် စိစစ်တားဆီးထားခြင်း အခြေအနေများတွင် ဒေသခံများဟာ Facebook ၊Twitter ၊ Ushahidi လိုမျိုး ကွန်ယက် အများအပြားကို သုံးပြီး တိုက်ရိုက် အစီရင်ခံနိုင်ပါတယ်။ လုပ်ဆောင်သူအနေနဲ့  အင်တာနက်လိုင်း မရှိခြင်း ၊ လူသိခံရခြင်း ၊ အန္တရယ်များမယ်ထင်ရင် ဖြစ်ပွားနေသော ဧရိယာပြင်ပက တယောက်ယောက်ဆီ စာသားသတင်းလွှာများ (Text SMS) များ ပို့ပြီး အွန်လိုင်းမှာ လူသိရှင်ကြားထုတ်ပြန်ပေးဖို့ ဆောင်ရွက်နိုင်ပါတယ်။ blip.tv နဲ့  Witness Hub လို လူ့အခွင့်အရေးအတွက် ဗီဒီယိုတွေသီးသန့်တင်တဲ့ ၀ဘက်ဆိုဒ်တွေမှာလည်း တင်ပို့ နိုင်ကြပါတယ်။

    မြန်ဆန်တဲ့ အင်တာနက် ကော်နက်ရှင် ရှိမယ်ဆိုရင်တော့ အင်တာနက်အသုံးပြုနိုင်တဲ့ မိုဘိုင်းဖုန်း၊ တက်ဘလက်များ ၊  lattop များတွင် ပါရှိသော webcan (ဗီဒီယိုကင်မရာအသေးစား) များကို သုံးပြီး Ustream.tv (သို့) livestream.com ကဲ့သို့သော တိုက်ရိုက်ထုတ်လွှင့်လို့ရတဲ့ ဗီဒီယိုများဖြင့် အင်တာနက်ပေါ် တိုက်ရိုက်လွှင့်တင် ပေးပို့နိုင်ကြမှာပါ။

    ဒါ့အပြင် လူတွေအနေနဲ့  ဓါတ်ပုံများ၊ ရိုက်ကူးထားတဲ့ ဗီဒီယိုများ ၊ မှတ်တမ်း အချက်အလက်များကို သိမ်းဆည်းခံရခြင်း၊ အဖမ်းဆီးခံရခြင်းတို့ကို စိုးရိမ်ပါက မိမိတို့ပေးပို့တဲ့ အချက်အလက်များကို ကွန်ယက်များသို့အလျင်အမြန် ဝေမျှခြင်း၊ အခြားသူတွေနဲ့  ဖုန်းအချင်းချင်းဖိုင်တွေ လွှဲထားခြင်း ၊ MMS (မာလ်တီမီဒီယာမက်ဆေ့ခ်ျများ) (သို့) အီးမေးလ်များမှ တဆင့် ဝေးမျှထားပြီး တစ်ပြိုင်နက် မိမိတို့ဆီက အချက်အလက်များကို ဖျက်ဆီးထားနိုင်ပါတယ်။

    မှတ်ချက် ။     ။   MMS (မာလ်တီမီဒီယာမက်ဆေ့ခ်ျ) ဆိုသည်မှာ မိုဘိုင်းကွန်ယက်ကိုအခြေခံကာ ဓါတ်ပုံ ၊ ရုပ်သံ၊ စာသားများကို ပေးပို့နိုင်သည့် SMS အမျိုးအစားတစ်မျိုးပင်ဖြစ်ပြီး။ မြန်မာနိုင်ငံတွင် ယနေ့အချိန်ထိ အများစုကို အသုံးပြုခွင့် မပေးသေးသော စနစ် တစ်ခုဖြစ်သည်။

    အင်တာနက်မရှိသောနေရာက စာတိုဖြင့် သတင်းဖြန့်ဖြူးခြင်း

    Frontline SMS (http://www.frontlinesms.com)  ဟာ အင်တာနက်ကော်နက်ရှင်မရှိပဲနဲ့ တောင် လူအများအပြားကို ဆက်သွယ်ရေးအတွက် အထောက်အကူဖြစ်စေပါတယ်။ လှုပ်ရှားဆောင်ရွက်သူများဟာ Frontline SMS ကို အသုံးပြုပြီး သူတို့ရဲ lattop ကွန်ပျူတာများမှတဆင့် အင်တာနက်မရှိသောနေရာများ မိုဘိုင်းဖုန်းများဆီသို့ စာသားသတင်းလွှာ SMS များဖြင့် ပေးပို့ပြီး လက်ခံရရှိသူများကလည်း အပြန်အလှန်ပေးပို့ ဆောင်ရွက်နေကြပါတယ်။ လှုံ့ဆော်လှုပ်ရှားသူများဟာ လူ့အခွင့်အရေးစောင့်ကြည့်ခြင်း၊ ဆန္ဒပြပွဲများ စီစဉ်ခြင်း၊ လူထုဆန္ဒများလေ့လာခြင်းနှင့် အရေးပေါ် သတိပေးချက်များ (သဘာဝဘေးအန္တရယ်များအပါအ၀င်) အတွက် Frontline SMS ကိုအသုံးပြုခဲ့ကြပါသည်။

    44

    “Facebook, Twitter, Myspace, Blogများ စသည်ဖြင့် ကဏ္ဍမျိုးစုံနှင့် ကွန်ယက်ပေါ်မှာ ကျွန်တော်တို့ အချိန်ပေးတည်ဆောက်ခဲ့ရတဲ့ အသိုင်းအ၀န်းတွေ ရှိပါတယ်။ ဒါတွေကို အသုံးပြုပြီး အွန်လိုင်း အသိုင်းအ၀န်းမှာ အားလုံးနဲ့  ချိတ်ဆက်နိုင်ပါတယ်။ ဒါ့အပြင် ချိတ်ဆက်မှုရှိပြီးသား လူအများရဲ့ မဏ္ဍိုင်အဖြစ်လည်း တည်ရှိနိုင်ပါတယ်။ ဒါကြောင့် တခုခုဖြစ်လာပြီး ၊ တုံ့ပြန်ဖို့ လိုအပ်လာပြီဆိုရင်လည်း  ဖန်တီးပြီးသား အချိတ်အဆက်များမှတဆင့် ကွန်ယက်ပေါ်မှာ ခြေရာလက်ရာချန်ခဲ့ရုံနဲ့  အွန်လိုင်းပေါ်မှာ ရှိပြီးသားအသိုင်းအ၀န်းများကို အလိုအလျောက် စည်းရုံးပြီးသားဖြစ်တယ်။’’      လို့ နည်းပညာသုတေသီ  Dina Mehta က ဆိုပါတယ်။

    မှန်ပေသည်။ ယနေ့လူ့အဖွဲ့အစည်းတွင် သတင်းသိုဝှက်မှုကို ဖုံးကွယ်ထားလို့မရတော့ပေ။ ကမ္ဘာသည် ရွာတစ်ရွာထက် ပိုမိုကျဉ်းမြောင်းနေပြီ ဖြစ်သည်။ ရခိုင် ပဋိပက္ခအရေးတွင် ကွန်ယက်မီဒီယာများကြောင့် ဆိုးရွားသွားသည်များရှိခဲ့သလို ကောင်းကျိုးများလည်း ရရှိခဲ့သည်ဟု ဆိုရပေမည်။ အနိမ့်ဆုံးတော့ ဘက်နှစ်ဖက်စလုံးမှ အမြင်များ အဖြစ်အပျက်များ ကို ကြားနေလေ့လာသူများ ပိုမိုပွင့်လင်းစွာ သိမြင်လိုက်ရသည်။ မြန်မာနိုင်ငံအနေဖြင့် အင်တာနက်သုံးစွဲမှုနှုန်းသည်  ၂၀၀၁၂-၂၀၁၃တွင် မြို့ကြီးပြကြီးများတွင် တိုးတက်မှုနှုန်း သိသာများပြားလာသော်လည်း မိုဘိုင်းဆက်သွယ်ရေးကဏ္ဍတွင်တော့ အလွန်နည်းပါးနေပြီး ကျေးလက်များအထိ ရောက်ရှိပြန်နှံ့ ဖို့လိုအပ်နေပေသည်။

    ပွင့်လင်းမြင်သာသော လူ့အဖွဲ့အစည်းကို တည်ထောင်ချင်သည်ဆိုသော အစိုးအရနေဖြင့် ပထမဦးစွာ ပွင့်လင်းမြင်သာသော အစိုးရဖြစ်ဖို့လိုအပ်နေသည်။ ဆက်သွယ်ရေးကဏ္ဍ၏အရူပ်အထွေး အဝေ မတည့်မှုများထက် တိုင်းပြည်အတွင်းရှိနေသော လူအများ၏  သာယာဝပြောရေးကိုသာ ဦးစားပေး သင့်ပေသည်။ ခေတ်အဆက်ဆက် သတင်းအမှောင်ချနည်းစနစ်များအတိုင်း ဆက်လက် ကျင့်သုံးဖို့ကိုတော့ ယနေ့ခေတ်တွင် မလွယ်ကူတော့ပေ။ လွန်ခဲ့သော ၁၀နှစ်တာကာလအတွင်းမှာပင် သတင်းဖန်တီးမှုများ ပြောင်းလဲလာခဲ့ပေသည်။ လူမှုအသိုင်းအ၀န်းကိုယ်တိုင် ဖန်တီးဝေမျှခံစားကာ ကိုယ်တိုင်သတင်းလောကကို ရောက်ရှိနေကြပြီဖြစ်သည်။

    မကြာမီ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် အပြောင်းအလဲများတော့ ကျိန်းသေဖြစ်တော့မည်ဖြစ်သည်။ မည်သို့ပင် ပိတ်ဆို့ထားစေကာမှု ထွက်ပေါက်တစ်စုံတစ်ရာသည် ရှိစမြဲ ဖြစ်သည်။ အင်တာနက်လိုင်းများမရနိုင်သေးသော ကျေးလက်များတွင် တိုးတက်များပြားလာသော မိုဘိုင်းကွန်ယက်များကို အသုံးချကာ လိုအပ်သည့်နေရာများတွင် အသုံးတည့်စေရန် စဉ်စားထားဖို့လိုအပ်နေပြီဖြစ်သည်။ အိန္ဒိယ၊ ဘင်္ဂလားဒေရှ် ၊ တရုတ်၊ အာဖရိကနိုင်ငံအများအပြားတွင် မိုဘိုင်းဖုန်းများ အသုံးပြုကာ ကျေးလက်နေပြည်သူများ ငွေလွှဲ၊ ငွေပို့  ၊ သီးနှံဈေးနှုန်း၊ သတင်းအခြေအနေများကို အသုံးပြုတိုးတက်နေသည့် သာဓကများကို မြန်မာနိုင်ငံ၏ တိုးတက်ပြောင်းလဲရေးတွင် အသုံးချရမည် ဖြစ်သည်။

    မည်သို့ပင်ဆိုကာမူ အိန္ဒိယနှင့် တရုတ်နိုင်ငံများ အပါအ၀င် ဆင်းရဲမွဲတေသော အာဖရိကနိုင်ငံအများစုတွင်ပင် မိုဘိုင်းဖုန်းများကို တွင်ကျယ်စွာဖြင့် အသုံးပြုခွင့်ပေးခဲ့ခြင်းသည် နိုင်ငံသားများ၏ တိုးတက်မှုနှင့် သတင်းအလင်းရောင် ကို တစ်စုံတစ်ရာပေးနေသည်မှာ ငြင်းမရသော သက်သေများပင်ဖြစ်ပေတော့သည်။

    တင်မင်းထွဋ်

     

    အောက်ပါတို့မှ ဆီလျော်အောင် ပြန်ဆိုကာ သုံးသပ်ရေးသားဖေါ်ပြပါသည်။

    http://bit.ly/Tiyzh
    http://bit.ly/Qzvvm
    www.frontlinesms.com
    http://www.ushahidi.com   နှင့် တိုက်ရိုက်အစီရင်ခံပါ စာတမ်းငယ်

  • ရခိုင်ပြည်နယ် အစိုးရ မွတ်စလင်များကို ခရီးသွားခွင့်ပိတ်ပင်

    ဖေဖော်ဝါရီလ ၁၃ ၊ ၂၀၁၃

    Source: DVB

    thandwal
    ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့က ခ၇ိုင် အုပ်ချုပ်ရေးမှူး ထုတ်ပြန်ခဲ့သည့် သံတွဲ-ရန်ကုန် ကားများပေါ်တွင် မွတ်စလင်များမပါရေး ကြပ်မတ်ရန် ညွှန်ကြားချက် သတင်းဖတ်ရန်။

    ရခိုင်ပြည်နယ်အစိုးရက သံတွဲခရိုင်တွင်းက မွတ်စလင်တွေကို ခရီးသွားလာခွင့် ပိတ်ပင်ထားတယ်လို့ တားမြစ်ခံရတဲ့ သံတွဲမြို့နေ မွတ်စလင်အမျိုးသမီး တဦးက ပြောပါတယ်။

    ရန်ကုန်မြို့ကိုသွားဖို့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က လေယာဉ်လက်မှတ်သွားဝယ်ရာမှာ လ၀က ထောက်ခံချက်ရယူဖို့ ပြောတာကြောင့် သံတွဲခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန ခရိုင်မှူး ဦးကိုကိုမောင်ကို သွားရောက်မေးမြန်းရာမှာ မွတ်စလင်တွေကို ပိတ်ပင်ထားတယ် ဆိုတာကိုသာ သိခဲ့ရပြီး ဘာကြောင့် ပိတ်ပင်တယ်ဆိုတာ မပြောပြဘူးလို့ အဆိုပါအမျိုးသမီးက ပြောပါတယ်။

    “နိုင်ငံသားကတ် ကိုင်ထားသူမှန်သမျှကို ဒါမျိုးလုပ်တာလားဆိုတော့ မဟုတ်ဘူး၊ အစ္စလာမ်ပဲ လုပ်တာလို့ ပြောတယ်။ ခရိုင်မှူး ဦးကိုကိုမောင်က အစ္စလာမ်တွေဆိုရင် မည်သည့် ကတ်ကိုင်ထားပါစေ၊ ပန်းရောင်ကတ်ပဲဖြစ်ဖြစ်၊ သုံးခေါက်ချိုးပဲဖြစ်ဖြစ် ဘာပဲ ကိုင်ထားပါစေ၊ ပြည်နယ်လ၀က ခွင့်ပြုချက်မရဘဲနဲ့ လုံးဝ ခရီးသွားလာခွင့် မပြုဘူးတဲ့။ ၈၉ ခုနှစ်ကပဲ ထုတ်ထားတဲ့ ပန်းရောင်ကတ် ရခိုင်-အစ္စလာမ်ပါ။”

    မွတ်စလင်တွေကို ခရီးသွားလာခွင့် တားမြစ်တဲ့အမိန့်ထုတ်ပြန်တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ဟာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး  အထူးသံ ကိုယ်စားလှယ် သောမတ်စ်အိုဟေး ကင်တားနားဟာ  ရခိုင်ပြည်နယ်ကို ရောက်ရှိတဲ့ရက်နဲ့ တိုက်ဆိုင်ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်လို့ သံတွဲခရိုင် လ၀ကမှူး ဦးကိုကိုမောင်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရပါဘူး။

    သံတွဲမြို့နယ်အဆင့် လ၀ကရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ ပြည်နယ်အစိုးရက နှုတ်မိန့်နဲ့ တယ်လီဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားတယ်လို့ ဖြေပါတယ်။

    သံတွဲခရိုင်တွင်းက မွတ်စလင်တွေဟာ အရင်စစ်အစိုးရကာလတလျှောက်လုံး နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားပေမယ့်လည်း ၂၀၀၄ နှစ်ကနေ ၂၀၁၁ ခုနှစ်ထိ ခရီးသွားလာခွင့် ကန့်သတ်ခံခဲ့ရပါတယ်။

    ဒါပေမယ့် လွန်ခဲ့တဲ့ ၈ လလောက်ကစလို့ နိုင်ငံသားစိစစ်ရေးကတ် လက်ဝယ်ပြသနိုင်ရင် လွတ်လပ်စွာခရီးသွားလာ ခွင့်ရခဲ့ရာက အခုတခါ ပြန်လည်ပိတ်ပင် ခံခဲ့ရတာလို့ အဆိုပါ မွတ်စလင် အမျိုးသမီးက ပြောပါတယ်။

    အဆိုပါတားမြစ်ခံ အမျိုးသမီးက တခြားဘာသာဝင်တွေကို တားမြစ်ပိတ်ပင်ခြင်းမရှိဘဲ မွတ်စလင်ဘာသာဝင်ကိုသာ ပိတ်ပင်တာဖြစ်တယ်လို့ ပြောပြပါတယ်။

    “လေယာဉ်ရုံးကနေ ကျမကို အဲဒါ ခဏခဏတောင်းနေတယ်။ အဲဒါ ယူလာခဲ့ပေးပါ ဒါမှပေးလို့ရမယ် သူတို့က အကြောင်းကြားထားလို့ ဆိုပြီး။ မြန်မာ့လေကြောင်းကို ၀ယ်တဲ့အခါ မြန်မာ့လေကြောင်းက အဲလိုဆိုတော့၊ ရန်ကုန်အဲဝေးကို လှမ်းဆက်တော့ အစ်မ စိတ်တော့ မရှိနဲ့တဲ့ အစ္စလာမ်လား၊ ဗုဒ္ဓဘာသာလားဆိုတော့ ကျမက အစ္စလာမ်ဆိုတော့ လ၀က ခွင့်ပြုချက်ယူခဲ့ပါတဲ့။ လ၀က ခွင့်ပြုချက်မပါဘဲ လေယာဉ်လက်မှတ်မရောင်းရဘူးဆိုပြီး မနေ့ညနေက လ၀ကက လက်မှတ်လာထိုးခိုင်းလို့ သူတို့ လက်မှတ်ထိုးလိုက်ရတယ်တဲ့။”

    ဘာကြောင့်ပိတ်ပင်တယ်ဆိုတာကို ရခိုင်ပြည်အစိုးရအဖွဲ့အတွင်းရေးမှူးကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားရာမှာ တာဝန်ခံဖြေဆိုခြင်း မရှိပါဘူး။

  • အတူမနေရင် တသီးတခြားနေပေါ့။

    အတူမနေရင် တသီးတခြားနေပေါ့။

    ဖေဖော်ဝါရီ ၁၄ ၂၀၁၃
    M-Media
    ညီမောင်ပုံဖော်ကြည့်သည်။

    ကမ္ဘာ့မြေပုံကိုကြည့်၊ သေချာကြည့်၊ ခွဲခြမ်းစိတ်ဖျာကြည့်၊ နိုင်ငံစုံကို တွေ့ရမှာမဟုတ်လား။ ဗဟုသုတမရှိဘဲနှင့်တော့ မကြည့်လေနှင့်။ အမှားအယွင်းရှိသွားနိုင်တယ်လေ။ ဘာသာတစ်မျိုးတည်းသာရှိတယ်ဆိုတဲ့နိုင်ငံ ဘယ်နှစ်နိုင်ငံတွေ့လဲ? လူမျိုးတစ်မျိုးတည်းသာ နေထိုင်တယ်ဆိုတဲ့နိုင်ငံ ဘယ်နှစ်နိုင်ငံတွေ့သလဲ? ဒါဖြင့် ဘာတွေလဲ? အမှန်အတိုင်း ပြောရမယ်နော်၊ အရှိကို အရှိအတိုင်း မြင်ရမယ်နော်။ အမြင်မသွေစေနှင့်လေ။ အမှန်ကို အမှန်အတိုင်း ပြောရမယ်နော်။ အမှန်အတိုင်းပြောမှသာ အများက လက်ခံလေမပေါ့။ အမှန်ကို အမှန်အတိုင်းမပြောသူကို ဘယ်လို သတ်မှတ်ရမလဲ?

    လူမျိုးဆိုတာ အစုအဝေးနှင့် နေကြရတယ်။ အဲဒီနိုင်ငံတွေမှာ မတူသူတွေ ဘယ်လိုနေထိုင်ကြသလဲ။ လူဆိုတာမျိုးဟာ တစ်ဦးနှင်တစ်ဦး အားလုံး စိတ်တူကိုယ်တူဖြစ်ဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းလှပါတယ်။ တစ်အူတုံဆင်း ညီရင်းအစ်ကိုမောင်နှမတွေပင် သင့်တင့်မှုရှိတယ်ဆိုတာ ရှာမှရှားပဲ။ ဒါဖြင့် ဘယ်လိုနေထိုင်ကြမလဲ? မတည့်ပေမဲ့ အတူနေကြတာပဲဖြစ်ဖြစ်၊ တသီးတခြားနေတာပဲဖြစ်ဖြစ် အဆင်ပြေအောင်တော့ နေကြရတာပဲမဟုတ်လား။ အဆင်ပြေမှုကို ရှာကြံရတာပဲမဟုတ်လား။ ရန်သူဖြစ်အောင်လုပ်လို့ကတော့ အကျိုးတရားရယ်လို့ ဖြစ်လာမှာမဟုတ်ဘူး။ အမုန်းတရားတွေသာ များလာမယ်ဆိုရင် နေရထိုင်ရ ကျဉ်းကြပ်လာမှာပေါ့။ နှစ်ဖက်စလုံး ထိခိုက်ကြရမှာပေါ့။

    ဒါကြောင့် တစ်ယူမသန်ဖို့လိုတယ်။ တဇောက်ကန်းဟာ ဘယ်နေရာမှ အသုံးမတည့်ဘူး။ ဒီလိုလူမျိုးတွေဟာ ပညာမဲ့တွေ၊ ငတုံးတွေ၊ အစွန်းရောက်တွေ၊ တာလီဘန်၊ အလ်ကိုင်ဒါတွေဟာ အစွန်းရောက်တွလို့ စွပ်စွဲကြတယ်။ မှန်သင့်သလောက်တော့ မှန်ပါတယ်။ အငြင်းမပွားလိုပါဘူး။ တာလီဘန်သတ်တာဟာ တစ်ကြိမ်တစ်ကြိမ်မှာ တစ်ရာကျော်လောက်မရှိပါဘူး။ ဒါဖြင့်ရင် နာဇီတွေက ဂျူးခြောက်သန်းသတ်တယ်။ ကမ္ဘောဒီးယားက မိမိပြည်သူတွေ သုံးသန်းကျော်လောက်သက်တယ်။ အာဖရိကမှာ Hutu နှင့် Tutsi တို့ အပြန်အလှန် မျိုးဖြုတ်သတ်ကြတာဟာ နှစ်သန်းလောက်ရှိတယ်။ ရုရှားက ချေချင်းညှာ လူဦးရေရဲ့ ထက်ဝက် သန်းကျော်သတ်တယ်။ သတ်တဲ့လူတွေဟာ မွတ်စလင်မ်တွေ မဟုတ်ကြဘူး။ ဒါကို အမြင်ရှင်းရှင်းနဲ့ မြင်တတ်ဖို့လိုတယ်။ ဓမ္မဓိဌာန် ကျကျ တွေးတတ်ဖို့လိုတယ်။ လူသတ်မှုကျူးလွန်တယ်ဆိုတာ ကျူးလွန်သူနှင့်သာ သက်ဆိုင်တယ်။ ကျူးလွန်သူဟာ ဘယ်ဘာသာဝင်၊ ဘယ်လူမျိုးဖြစ်တယ်ဆိုတာ အကြောင်းအရင်းခံမဟုတ်ဘူး။ လူတစ်ဦးကျူးလွန်တာကို တစ်နွယ်ငင် တစ်စင်ပါတယ်လို့  ခပ်နိမ့်နိမ့်အတွေးအခေါ်မျိုးနှင့်သာ သတ်မှတ်နေမယ်ဆိုရင်တော့ မီးခိုးမဆုံး ဖြစ်နေတော့မှာပဲမဟုတ်လား? ကျူးလွန်သူနဲ့ ဘာမှမပက်သက်သူက ဘာကိုတာဝန်ယူရမှာလဲ။ ဘယ်လိုများတာဝန်ရှိနေမှာလဲ?

    ကမ္ဘာ့ကုလသမဂ္ဂက (၁၀၊ ၁၂၊ ၁၉၄၈) ရက်နေ့မှာ “အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း” ကို ထုတ်ခဲ့တယ်။ အဲဒီကြေညာစာတမ်းအပေါ် မြန်မာနိုင်ငံကလည်း အသိအမှတ်ပြု လက်မှတ်ရေးထိုးထားပြီးဖြစ်တယ်။ အဲဒီကြေညာစာတမ်းရဲ့ အပိုဒ်(၂)မှာ “လူတိုင်းသည် လူ့အခွင့်အရေးကြေညာစာတမ်းတွင် ဖေါ်ပြထားသည့် အခွင့်အရေးအားလုံး၊ လွတ်လပ်ခွင့်အားလုံးတို့ကို ပိုင်ဆိုင်ခံစားခွင့်ရှိသည်။ လူမျိုးနွယ်အားဖြင့် ဖြစ်စေ၊ အသားအရောင်အားဖြင့်ဖြစ်စေ၊ ကျား မ သဘာဝအားဖြင့်ဖြစ်စေ၊ ဘာသာစကားအားဖြင့်ဖြစ်စေ၊ ကိုးကွယ်သည့် ဘာသာအားဖြင့် ဖြစ်စေ၊ နိုင်ငံရေးယူဆချက် (သို့တည်းမဟုတ်) လူမှုအဆင့်အတန်းနှင့်ဆိုင်သော ဇစ်မြစ်အားဖြင့် ဖြစ်စေ၊ ပစ္စည်းဥစ္စာ ဂုဏ်အားဖြင့်ဖြစ်စေ၊ မျိုးရိုးဇာတိအားဖြင့်ဖြစ်စေ၊ အခြား အဆင့်အတန်းအားဖြင့်ဖြစ်စေ ခွဲခြားခြင်း မရှိစေရ” ဟု ဖော်ပြထားပါတယ်။

    ဘယ်လောက်မျှတတဲ့ ကြေညာစာတမ်းလဲ။ အများကိုဖြစ်စေ၊ တစ်ဦးချင်းကိုဖြစ်စေ နစ်နာစေရန်အတွက် ဘာမှမပါ။ ဒီကြေညာစာတမ်းအတိုင်း တစ်သဝေမတိမ်း လိုက်နာဆောင်ရွက်ကြမယ်ဆိုရင် နိုင်ငံတစ်နိုင်ငံကို မဆိုထားဘိ။ တစ်ကမ္ဘာလုံး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်နေမှာမဟုတ်လား။ သို့ပေမဲ့လို့ ဒီကြေညာစာတမ်းအတိုင်း မဆောင်ရွက်ကြလို့ စစ်ဖြစ်ကြ၊ ပဋိပက္ခဖြစ်ကြ၊ စိတ်ဝမ်းကွဲကြ အတောမသတ်နိုင်ကြပါတကား။ လူသားဆိုတာ အခြားလူသားတစ်ဦးကို မိမိလိုပဲ လူသားတစ်ဦးဖြစ်ပါလားဆိုတဲ့ အသိအမြင် ဦးစွာရှိရပါမယ်။ ဒီထက် တစ်လှမ်းတိုးပြီး တခြားတစ်ဦးကို လူ့ကျင့်ဝတ်အတိုင်း ကျင့်ကြံမယ်ဆိုရင် ပဋိပက္ခဆိုတာ ရှိနိုင်ပါတော့မလား။ ဆင်ခြင်ဖွယ်၊ မှတ်သားဖွယ်၊ သုံးသပ်ဖွယ်။

    ၂၀၀၈ခုနှစ် မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၀)၌ နိုင်ငံသားများ၏ အခွင့်အရေးနှင့် ပက်သက်၍ ပြဌာန်းထားပါတယ်။ ဖွဲ့စည်းပုံ ဥပဒေတွင်ပါရှိသော ပြဌာန်းချက်များမှာ နိုင်ငံသားအားလုံးအတွက်ရည်ရွယ်ပြီး ပြဌာန်းထားခြင်းဖြစ်ရာ နိုင်ငံသားအားလုံးသည် ဖွဲ့စည်းပုံပါ ပြဌာန်းချက် အတိုင်း ရပိုင်ခွင့်များ ရရှိမည်ဆိုပါက အတိုင်းထက်အလွန် ၀မ်းသာပီတိ ဖြစ်ရမည်သာ။ နိုင်ငံသားတစ်ဦးသည် ဖွဲ့စည်းပုံဥပဒေပါ ပြဌာန်းချက်နှင့်အညီ အခွင့်အရေးများကို ရပိုင်ခွင့် ရရှိရမည်မှာ အငြင်းပွားစရာပင်မလိုပါ။ မိမိရပိုင်ခွင့်ကို အပြည့်အ၀တောင်းဆို ပိုင်ခွင့်ရှိပါသည်။ မိမိအခွင့်ရေးကို တရားသဖြင့်တောင်းဆိုရာတွင် အခြားသူတစ်ဦး၏ အခွင့်အရေးကို ထိခိုက်လာမည်ဆိုပါက ဖွဲ့စည်းပုံအတိုင်း တောင်းဆိုခြင်း မဖြစ်နိုင်တော့ပါ။ ဥပဒေကိုကျော်လွန်၍ တောင်းဆိုခြင်းဖြစ်သဖြင့် တောင်းဆိုချက်သည် လျော်ကန်ညီညွတ် မျှတသည်ဟု ပြောဆို၍ မရနိုင်တော့ပါ။ ဆင်ဆင်ခြင်ခြင်နှင့် သတိထားရမည့် အချက်ဖြစ်ပါတယ်။ တစ်ဖက်သူအနေဖြင့် တရားသဖြင့် ရပိုင်ခွင့်ကို ပြောဆို၊ ကန့်ကွက် တင်ပြနေသူများသည် တစ်ယူသန်ဝါဒသမားများသာ ဖြစ်ပေမည်။ အမှန်တရားကို ရှာဖွေသူ မဖြစ်နိုင်တော့ပါ။

    ရခိုင်ပြည်နယ်ကိုကြည့်၊ ရခိုင်ရောဂါစလို့ ပျက်စီးခြင်းငါးပါးတိုင်ခဲ့ပြီ။ ဒုက္ခသည်စခန်းကို သိန်းနဲ့ချီလို့ ရောက်ကြရပြီ။ အမှတ်ရှိသလား။ မရှိဘူး။ တစ်ယူသန်စိတ်ကို မဖျောက်နိုင်သေး။ အမြင်ကျဉ်းလို့ကတော့ လုပ်စားမရဘူးသာမှတ်။ ရခိုင်ပြည်နယ်မှာ ရခိုင် တစ်မျိုးတည်းသာနေမယ်ဆိုတဲ့ စိတ်ဓာတ် ဖြစ်နိုင်ပါ့မလား။ သမိုင်းအထောက်အထားတွေကို နောက်ကြောင်းပြန်လှည့်ပြီး စဉ်းစားဝေဖန်ကြည့်စမ်း။ အရှိကိုအရှိအတိုင်း ပြောနိုင်ရမယ်လေ။ ရခိုင် တစ်မျိုးတည်းသာ နေခဲ့တာဆိုလို့ ဘယ်သမိုင်းမှာမှ မရှိဘူး။ ပြောရဲလား။ စိန်ခေါ်တယ်။ တိမ်ပေါ် တက်ကြမလား? သမိုင်းကို လိမ်ချင်သလား။ လိမ်လို့ရောရမတဲ့လား။ သမိုင်းအထောက်အထားတွေကို နောက်ကြောင်းပြန်လှည့်ပြီး စဉ်းစားဝေဖန်ကြည့်စမ်း။ သမိုင်းကိုမသိရင် ငအပဲဖြစ်ပေမပေါ့။ သိသိကြီးနှင့် လိမ်နေတဲ့သူတွေကို ဘယ်လိုသတ်မှတ်ရမလဲ။ အရှိတရား အမှန်တရားဆိုတာ ငြင်းပယ်လို့ မသင့်တော်ပါဘူးဗျာ။

    တစ်ဖက်သက် မျက်ကန်းမျိုးချစ်ဝါဒကိုပဲ စွဲကိုင်ခဲ့လို့။ ကျင့်သုံးခဲ့လို့ ရခိုင်ပြည်နယ်က အဖတ်ဆယ်လို့မရအောင် ပျက်စီးခဲ့ရပြီ။ ဒါတောင် အမှတ်မရှိသေး။ တစ်ယူသန်နေတုန်း။ တစ်ဖက်သတ်ပြောတုန်း။ သူများမြှောက်ပေးတာလုပ်တုန်း။ မြှောက်ပေးတဲ့သူတွေက ဘာမှမဖြစ်၊ ကိုယ်သာသေရ၊ စားရမဲ့၊ သောက်ရမဲ့ဖြစ်ရေ။ မြှောက်ပေးတဲ့သူတွေက မြှောက်ပေးဖို့လောက်ပဲ ကျွမ်းကျင်ကြတာ။ အမြှောက်ခံရသူတွေ ဒုက္ခ၊ သုက္ခဖြစ်တော့ ဘယ်သူက လာပြီးကူညီလဲ။ ဖြေရှင်းပေးလဲ။ ဘာအထောက်အပံ့ပေးလဲ။ လောက၀တ်စကားလေးတောင် ပြောဖေါ်မရဘူး မဟုတ်လား။ ဒါတောင် အမှတ်မရသေး။ အင်မတန် အသိပညာနည်းလှပါလလား။ တစ်ယူသန်စိတ် ပြင်းထန်လှပါကော။

    ခုအခြေအနေမှာ ဘယ်သူကများ ထောက်ပံ့တာရှိလဲ။ လက်ချိုးရေလို့ရတယ်။ နိုင်ငံတော်ဖက်က ဘာထောက်ပံ့ကူညီတာရှိလဲ။ နတ္တိပါတကား၊ ဘာတာဝန်ယူလဲ၊ အစအနတောင် မတွေ့ရပါလား။ တာဝန်ယူဘို့ နေနေသာသာ၊ ဥပေက္ခာပြုထားတာ။ ဒါကို မဟာရခိုင်ခေါင်းဆောင်ကြီးများ မသိကြဘူးလား၊ သိပါတယ်ဗျာ။ ဒါပေမယ့် ရေလိုက်လွဲများသွားလို့ နောက်ကြောင်းပြန်မလှည့်နိုင်တော့ဘူးဗျို့။ ဒီတော့ မထူးဘူး ဆက်သွားရမှာဘဲလေ။ မဟုတ်ဘူးလား။ မထူးဇာတ်ကြီး ခင်းရုံပေါ့။ သန်းခေါင်ထက် ညဥ့်မနက်တော့ဘူး ရောက်တဲ့နေရာက ရပ်တန့်ပြီး စဉ်းစဉ်းစားစားနှင့် တွေးခေါ်မြော်မြင်တတ်ဘို့ ကြိုးစားဘို့ စိတ်ကူးတတ်ဘို့ မလိုအပ်ဘူးလား။ ဆင်ကန်းတောတိုးချည်းဘဲ လုပ်နေတော့မှာလား။ အတွေးမချော်ဘို့ လိုအပ်နေတဲ့အချိန်လေ။

    အခု အကူပေးနေတာ ဘယ်နိုင်ငံတွေလဲ။ ဘယ်နိုင်ငံတွေလဲ။ ဘယ်အဖွဲ့အစည်းလဲ။ သူတို့ပေးတာကို လက်ခံနေရပြီ မဟုတ်လား? လက်မခံလို့ကောရမတဲ့လား။ ဒါဖြင့် အခြား ဘယ်သူထောက်ပံ့တာရှိလဲ။ မာနကို ခ၀ါချရပြီကော။ လှူတာကိုတော့ လက်ခံတယ်။ ဒါတောင် ကျေးဇူးစကားမဆိုမိ။ ဘာဖြစ်လို့ ၀န်လေးနေတာလဲ။ သေချာစဉ်းစားကြည့်လေ။ အဲဒီနိုင်ငံတွေက ဆက်ပြီး ပေးဦးမှာ။ လာလတ္တံရှိသေးတယ်။ နောက်တွဲမျှော် (စေတနာက အဲလောက် ကြီးမားလှတာ။ ဒါကြောင့် အစစအရာရာ ချင့်ချိန်ဘို့လိုလာပြီ။ စဉ်းစားတွေးခေါ်တတ်ဘို့လိုလာပြီ။ အတွေးမှန်ဘို့လိုလာပြီးမဟုတ်လား။

    ကမ္ဘာ့အခြေအနေကြည့်ရမယ်လေ။ ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်းမှာ အုပ်စုကြီး (၂)ရပ် ပေါ်ပေါက်လာခဲ့တယ်လေ။ အနောက်အုပ်စုနှင့် အရှေ့အုပ်စု။ အနောက်အုပ်စုက ဒီမိုကရေစီနိုင်ငံများဖြစ်တယ်။ အရှေ့အုပ်စုက ဆိုရှယ်လစ် (ကွန်မြူနစ်) နိုင်ငံများ ဖြစ်တယ်။ နှစ်ဖက်စလုံး အနုမြူပိုင်ဆိုင်ကြတယ် မဟုတ်လား။ သူတို့ စစ်ဖြစ်ရင် ကမ္ဘာကြီးဘာဖြစ်သွားမလဲ။ မတွေးရဲစရာ။ ဟီရိုရှီးမား၊ နာဂါဆာကီ သင်ခန်းစာယူကြတယ်။ ငတုံးတွေမဟုတ်ဘူး။ မျက်ကန်းမျိုးချစ်၊ တစ်ယူသန်နေလို့ မရတော့ဘူး။ နှစ်ဖက်က စစ်အေးခေတ်လို့ သတ်မှတ်ကြပြီး အကောင်းဆုံးနေထိုင်ရေးဆိုပြီး လုပ်လာကြတယ်။ ဘယ်လောက် မှတ်သားစရာကောင်းလဲ။ အတုယူစရာမဟုတ်လား။

    ခုဆိုရင် အဲဒီစိတ်ကူးအတိုင်း ပုံဖော်နိုင်ခဲ့လို့ ကမ္ဘာကြီးက အပြောင်းအလဲကြီးဖြစ်လာခဲ့တာကို မျက်မြင်ဒိဋ္ဌတွေ့မြင်ရမှာပါ။ အရှေ့အနောက် ခွဲခြားမနေကြဘဲ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကူးလူးဆက်ဆံကြ။ ကုန်သွယ်ကြ။ ရင်းနှီးမြှပ်နှံကြနှင့် ဘာအတားအဆီးမှမရှိဘဲ လွတ်လပ်စွာ ဆက်သွယ်၊ ဆက်ဆံနေကြပြီ။ ဒါကြောင့် အားလုံးအဆင်ပြေနေကြပြီ။ ပဋိပက္ခ မဖြစ်အောင် အတတ်နိုင်ဆုံး ရှောင်ရှားနေကြပြီ။ ပြဿနာတစ်ရပ်ကို ဆွေးနွေးစကားဝိုင်းမှာ အဖြေရှာကြပြီ။ ဒါဟာ ငြိမ်းချမ်းသောနည်းဖြင့် အဖြေရှာတာ မဟုတ်လား။  အားလုံး အကျိုးအမြတ်ရှိကြတယ် မဟုတ်လား။ အသီး၊ အပွင့်ကို လက်တွေ့ခံစားနေကြရပြီ မဟုတ်လား။ ဒါတွေကို မေ့ပျောက်ထားလို့ ရမလား။

    အင်း… ရခိုင်ပြည်နယ်မှာတော့ ဒီအပြောမျိုးပဲ ထပ်ကာတလဲလဲ ပြောနေတော့မှာလား။ ဓါတ်ပြားဟောင်းကြီးက စုတ်ပြတ်သတ်နေပြီပဲ။ အကျိုးမရှိတာကိုပဲ ထည်လဲသုံးနေခြင်းအားဖြင့် အမှန်တရား ဖြစ်လာမှာ မဟုတ်ဘူး။ ကမ္ဘာအခြေအနေကို ကြည့်ရမယ်လေ။ နှိုင်းနှိုင်းယှဉ်ယှဉ် စဉ်းစားနိုင် ရမယ်လေ။ ကမ္ဘာပေါ်မှာ ခေတ်မစား ၊ ခေတ်မမှီတဲ့ အတွေးအခေါ်တွေကိုသာ ဆက်လက်ခံယူနေမယ်။ ကျင့်သုံးနေမယ်ဆိုရင်တော့ သုံးစားမရဘူးသာမှတ်လိုက်ပါ။ တစ်ပြည်နယ်လုံး မိမိ တစ်မျိုးထဲသာနေမယ်ဆိုတဲ့ အင်မတန်မှ ကျဉ်းမြောင်းလှတဲ့ အတွေးအခေါ်မျိုး မဖျောက်သရွေ့ ခင်ဗျားတို့မှာ တိုးတက်မဲ့လမ်းပိတ်သွားပြီ၊ ဆုတ်ယုတ်မှုတွေသာ တွေ့ရမယ်မှတ်။ အခြားနိုင်ငံမှာ အလုပ်မလုပ်နှင့်။ ကိုယ့်တစ်ပြည်နယ်ထဲမှာနေ၊ ရှိဂိုန်ခေတ်က ဂျပန်နိုင်ငံလို ဘာနှင့်မှ မဆက်သွယ်ဘဲ ဧကစာရီကျင့်ပေတော့။ ဒါတောင် တံခါးဖွင့်တဲ့ အမေရိကန်နိုင်ငံကရှိသေး။

    ဒုတိယကမ္ဘာစစ်တုန်းက အမေရိကန်၏ အနုမြူဒဏ်ကို ဂျပန်မရှုမလှခံခဲ့ရတယ်။ စစ်ပြီးတော့ ဂျပန်တိုးတက်ဖို့အတွက် အမေရိကန်နဲ့ပဲ ပေါင်းခဲ့ရတယ် မဟုတ်လား။ ဒါကြောင့် အတူမနေရင် သီးခြားနေပေါ့ဗျာ။ ရခိုင်ပြည်နယ်တစ်ခုလုံးဟာ ခင်ဗျားတို့ပိုင်တယ်ဆိုပြီး မူပိုင်ခွင့် ရထားတာမှ မဟုတ်တာ။ ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်းလေ။ ခင်ဗျားတို့ ထင်တိုင်းကြဲလို့ မရနိုင်ဘူး မဟုတ်လား။ မြန်မာအစိုးရကို ကျော်လွန်ပြီး တစ်ဖက်သတ် ပြောချင်တာ ပြောလို့ရမလား။ ဘိုးတော်ဘုရားလက်ထက်ကစပြီး ရခိုင် မင်းဆက်ပျောက်လို့ မြန်မာပိုင် ဖြစ်ခဲ့ရတာ မှတ်မိမှာပေါ့။ နောက်ထပ် ရခိုင်မင်းဆက်ပေါ်ဖို့ အကြောင်းမရှိတော့ဘူး။ ခင်ဗျားတို့ရော။ ကျွန်တော်တို့ရော မြန်မာအစိုးရ၏ အစီအမံအတိုင်း လိုက်နာကြရမှာမဟုတ်လား။

    ဘကြီးတော်ဘုရားလက်ထက် (၁၈၂၄) မှာ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲဖြစ်တဲ့အခါ ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်းအနေနှင့် ရှိနေခဲ့တာ။ စစ်ရှုံးလို့ ရန္တပိုစာချုပ်အရ မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်းအနေနှင့် ရခိုင်၊ တနသာင်္ရီတို့ဟာ အစောဆုံး ကိုလိုနီဖြစ်ခဲ့တာပေါ့။ လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း ကြိုးပမ်းခဲ့တဲ့အခါ ရခိုင်၊ တနင်္သာရီအတွက်ပါထည့်ပြီး တောင်းဆိုခဲ့တယ်လေ။ ပင်လုံစာချုပ်မှာ ရခိုင်အတွက်ဆိုပြီး သီးခြား လက်မှတ်ရေး ထိုးခဲ့တာ မရှိဘူး။ မလိုဘူးလေ။ ရခိုင်က မြန်မာပိုင်အဖြစ်ကနေပြီး အသိမ်းခံရတာဖြစ်လို့ ဗိုလ်ချုပ်ဦးဆောင်ပြီး ပင်လုံစာချုပ်ချုပ်ဆိုတဲ့အခါ ရခိုင်အတွက် ဗိုလ်ချုပ်ပဲ လက်မှတ်ရေးထိုးခဲ့တာမဟုတ်လား။

    ဒါကြောင့် ရခိုင်၊ တနင်္သာရီတို့ဟာ မြန်မာပိုင်အဖြစ်ကနေပြီး လွတ်လပ်ခဲ့ရတာမဟုတ်လား။ တစ်ကယ့်တကယ်တော့လည်း အသံကွဲ မြန်မာတွေပါ။ ဒါကြောင့် ရခိုင်ပြည်နယ်ဟာ သီးခြားအနေဖြင့် ဘယ်နည်းနှင့်မှ မဖြစ်နိုင်ပါ။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုး ရှိသလို မူစလင်ကလည်း ရှိနေမှာပါ။ ဒါဖြင့် အတူနေလို့ မရဘူးဘဲ တစ်ဖွဖွပြောနေတော့ တစ်သီးတစ်ခြားစီခွဲပြီး နေကြရတော့မှာပေါ့။ လက်တွေ့ကျဘို့မလိုဘူးလား။ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြစို့လား။ ။

    ဆောင်းပါးရှင်ရဲ့ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။