News @ M-Media

Blog

  • ကနေဒါတွင် မွတ်စလင် အမျိုးသမီး လူမှုထူးချွန်မှု့ကြောင့် ဘုရင်မ ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခံရ

    ဇန်န၀ါရီ ၅ ၊၂၀၁၃
    M-Media

    ကနေဒါတွင် မွတ်စလင် အမျိုးသမီး လူမှုထူးချွန်မှု့ကြောင့် အဲလိဇဘက် ဘုရင်မ ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခံရ

    Senator Salma Ataullahjan

    နှစ်ပေါင်းများစွာ လူမှုရေးလုပ်ငန်းများကို  အားတတ်သရောဆောင်ရွက်ခြင်းကြောင့် အွန်တရီအိုမြို့တောင်ပိုင်း Mississauga မြို့နေ ကနေဒါ မွတ်စလင်အမျိုးသမီးတစ်ဦးသည် တိုင်းပြည်အတွက် တာဝန်ကျေပွန်မှုအပေါ် The Queen Elizabeth II Diamond Jubilee Medal ဆု ချီးမြှင် ခြင်းခံရသည်။

    “ကနေဒါမှာ လေးဆယ့်ငါးနှစ် ကြာနေထိုင်စဉ် အတွင်း ယခုလို လုပ်အားပေးခဲ့တာပါ။ ကျွန်မ ကနေဒါကို စရောက်တုန်းက ဒီလို အလုပ်တွေ လုပ်နိုင်လိမ့်မယ်လို့ တကယ်ကို မသိခဲ့ပါဘူး ၊ ကနေဒါ က တကယ်ကောင်းတဲ့ နိုင်ငံတစ်ခုပါ။ ” ဟု အိန္ဒိယနိုင်ငံ ဇာတိဖြစ်သူ Malik Syed က Mississauga သတင်းဌါနသို့ ပြီးခဲ့တဲ့ သောကြာနေ့က ပြောကြားခဲ့ပါသည်။

    အိန္ဒိယတွင် ဆရာမ တစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်းခဲ့သူ သူမသည် ကနေဒါနိုင်ငံ အွန်တရီအိုတွင်လည်း ဆရာမ တစ်ယောက်အနေနဲ့ အလုပ်လုပ်ခဲ့ပါသည်။ထို့နောက် သူမသည် Muslim Seniors Circle အဖွဲ့တွင် လုပ်အားပေးခဲ့ပြီး ဆေးရုံများသို့ ပုံမှန်သွားရောက် လုပ်အားပေးခဲ့ပါသည်။

    ကလေးများကို ကူညီပေးခြင်းသည် သူမအတွက် အလွန်တရာ ပျော်ရွှင်မှုပင်ဖြစ်သည်။ “ကျွန်မ မွတ်စလင်လူထုအတွက်ချည်းပဲ လုပ်အားပေးတာ မဟုတ်ပါဘူး ၊ ကနေဒါ လူထုအတွက်လည်း လုပ်အားပေးနေတာပါ ” ဟု သူမက ထပ်လောင်းပြောကြားခဲ့ပါသည်။

    ယခုလို ကြိုးပမ်းမှုကြောင့်  Pushtun decent ယဉ်ကျေးမှု အဖွဲ့၏ ပထမဆုံး လွှတ်တော်အမတ်ဖြစ်သူ Salma Ataullahjan က Malik Syed အား ကနေဒါနိုင်ငံ Sheridan Way ဒေသတောင်ပိုင်းရှိ Islamic center တွင် ၄င်းဂုဏ်ပြုဆုအား ပေးအပ်ခဲ့သည်။ “Malik ဟာ ကနေဒါမှာ လေးဆယ့်ငါးနှစ်ကြာ လုပ်အားပေးခဲ့တာပါ ။ ဒီ Islamic Center မှာ သူမအခုလို ဆုကို ရရှိတာဟာ တကယ်ကို ထိုက်ထိုက်တန်တန်ပါပဲ” ဟု Salma က ဆုချီးမြှင့်မှု အပြီးတွင် ၀မ်းမြောက်စွာပြောကြားခဲ့ပါသည်။

    ဂုဏ်ပြုဆု ရယူမှု အပြီးတွင် “သူမထက်တောင် ကျွန်တော်က ပိုပျော်နေပါတယ် ” ဟု Malik Syed ၏ အမျိုးသားဖြစ်သူ Amjad Syed က ပြောကြားခဲ့ပါသည်။

    ဒီဆု ဟာဆိုရင် ကနေဒါနိုင်ငံသားတို့အတွက် တကယ်ကို ဂုဏ်ယူစရာကောင်းသော အထင်ကရအောင်မြင်မှုဖြစ်ပါသည်။လူဦးရေ (၃၂.၈) သန်းတွင်  မွတ်စလင်ဦးရေ (၁.၉)သန်းရှိသော ကနေဒါနိုင်ငံသည် မြောက်အမေရိက တိုက်တွင် အစ္စလာမ်ဘာသာဝင် အများဆုံးဖြစ်သည်။ မကြာသေးမီက လေ့လာတွေ့ရှိချက်များအရ မွတ်စလင် အများစုသည် ကနေဒါနိုင်ငံသားဖြစ်ရသည်ကို ဂုဏ်ယူလျက်ရှိကြသည်။                             ။

    ကိုးကား -.Onislam

  • ဦးရာဇတ်၊ ဦးရာရှစ် အခမ်းအနား ဒီဗွီဒီများဖြင့် မွတ်စလင် သရုပ်မှန်ကို သိရှိစေရန် ကြိုးပမ်း

    ဇန်နဝါရီ ၁၀ ၊၂၀၁၃
    M-Media
    နေသစ်ထွန်း

    ဦးရာဇတ် ၊ ဦးရာရှစ် အခမ်းအနား ဒီဗွီဒီများ ဖြင့် မွတ်စလင် သရုပ်မှန်ကို အများ နားလည်လာစေရန် ကရင်ပြည်နယ်တွင် ကြိုးပမ်း

    အစ္စလာမ် ဘာသာအား အခြေအမြစ်မရှိ တိုက်ခိုက်ရေးသားထားသော ၀ါဒဖြန့်စာရွက်များ၊ မွတ်စလင် မုန်းတီး ရေး လှုံဆော်သော ဒီဗွီဒီအခွေများ ဖြင့် မွတ်စလင် ဆန့်ကျင်ရေး ကြိုးပမ်းနေမှုများကို ကရင်ပြည်နယ်ရှိ မွတ်စလင် များက ဦးရာဇတ် ၊ ဦးရာရှစ် အခမ်းအနား ဒီဗွီဒီ အခွေများဖြန့်ဝေပြီး  မွတ်စလင် သရုပ်မှန်ကို တန်ပြန် တင်ပြ လျက်ရှိ ကြောင်း သိရသည်။

    အာဇာနည်ခေါင်းဆောင်ကြီး ဆရာကြီး ဦးရာဇတ်နှင့် ဗကသ ၊တကသ ဥက္ကဌ လွတ်လပ်ရေးခေါင်းဆောင် ဦးရာရှစ်
    အာဇာနည်ခေါင်းဆောင်ကြီး ဆရာကြီး ဦးရာဇတ်နှင့် ဗကသ ၊တကသ ဥက္ကဌ လွတ်လပ်ရေးခေါင်းဆောင် ဦးရာရှစ်

    ကျွန်တော်တို့ ဒီဘက်ခြမ်းမှာ မွတ်စလင်မကောင်းကြောင်း ၊ အစ္စလာမ် သာသနာ ကို တိုက်ခိုက်တဲ့ အခွေတွေ ၊ စာအုပ်တွေ လိုက်ဖြန့်နေကြတယ်။ အဲဒါတွေကို ဖတ်ပြီး မွတ်စလင်တွေ အပေါ် အထင် မှားအမြင်မှား လာကြ တယ်။ ဒီတော့ ကျွန်တော့် မိတ်ဆွေတွေ ဒီဖြစ်ရပ်တွေကို မှန်မှန်ကန်ကန် သုံးသပ် နိုင် ဖို့ အတွက် နိုင်ငံအကျိုး သယ်ပိုးပေးခဲ့တဲ့ ဦးရာဇတ် ၊ ဦးရာရှစ် အခမ်းအနားအခွေတွေ  ပေးဝေဖြစ် ပါတယ်” ဟု ကော့ကရိတ် မြို့ခံ အစ္စလာမ် ဘာသာဝင် တစ်ဦးက ပြောပါသည်။

    ငြိမ်းချမ်းတည်ငြိမ်စပြုနေသော ကရင်ပြည်နယ် တွင် ဘာသာရေး အကြောင်းပြု ပဋိပက္ခများဖြစ်ပွားစေရန် အစ္စလာမ် ဘာသာနှင့် မွတ်စလင်များအပေါ် ဆန့်ကျင်တိုက်ခိုက်မှုများ သည် ၂၀၁၂ ခုနှစ် ရခိုင်-ရိုဟင်ဂျာ ပဋိပက္ခ နောက်ပိုင်း အများအပြား ပေါ်ထွက်လာခဲ့သည်။

    “ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တာတွေကို တဖတ်သတ် ရိုက်ကူးထားတာတွေ ၊ ဘင်္ဂလားဒေ့ရှ်မှာ ဘုန်းတော်ကြီး ကျောင်းတွေ ဖျက်ဆီးခံရတာတွေ ကို ပါတဲ့ အခွေတွေကို ဖြန့်ဝေနေကြပါတယ်။ ကျွန်တော်တို့ကလည်း နီးစပ် ရာလေးတွေကို တစ်ခွေစ ၊နှစ်ခွေစ၊ သဘောနဲ့ မိတ်ဆွေတွေကို ပေးကြည့်တော့ သူတို့တော်တော်လေး သဘော ပေါက်လာကြပါတယ် ”ဟု ကျုံဒိုးမြို့ခံ တစ်ဦး က ပြောပါသည်။

    ‘ ၇၈၆ ဆိုတာက ၂၁ ရာစုမှ မွတ်စလင်တွေ လွှမ်းမိုးမယ့် အဓိပ္ပာယ်လို့ တလွဲထင်နေကြတယ်။ သူတို့တွေ ထင်နေတာ မဟုတ်မှန်ကြောင်း ၊ ၇၈၆ ရဲ့အဓိပ္ပာယ်အမှန်ကို မွတ်စလင်ရော ၊ မွတ်စလင် မဟုတ်သူပါ သိရှိနားလည်သွားအောင် တင်ပြတဲ့ စာတွေ ဖြန့်ဝေတာလည်း ရှိ ပါတယ်” ဟု ဘားအံမြို့ခံ မွတ်စလင် တစ်ဦးက ပြောပါသည်။

    နိုင်ငံအကျိုးပြုခဲ့သော မြန်မာမွတ်စလင် ခေါင်းဆောင်ကြီးများအား ဂုဏ်ပြုသော အခမ်းအနားများသည် မြန်မာမွတ်စလင်များအား အမျိုးသားရေး နိုးကြားစေသည်သာမက မွတ်စလင်များ၏ သရုပ်မှန်ကို အများပြည်သူ သိရှိလာစေ ရေးကို ပါ အထောက်အကူဖြစ်ခဲ့သည်။

    ကရင်ပြည်နယ် အခြေစိုက် အစ္စလာမ် သာသနာရေးရာကောင်စီ၊ အိုလမာ သာသနာ့ပညာရှင်များအဖွဲ့ တို့ကလည်း  အစ္စလာမ် သတင်းစကားအမှန်ကို အများပြည်သူ သိရှိစေရန် ဆောင်ရွက်သင့်ကြောင်း ဘားအံမြို့ခံ မွတ်စလင် များက လိုလားနေကြသည်။

  • ငရမန်ကန်း (သို့) ရာမန်ခန်း အငြင်းပွားမှု့ကို စမ်းစစ်လေ့လာခြင်း

    ဇန်နဝါရီ ၁၀၊၂၀၁၂
    စန်းဦးအောင်
    M-Media

    ပဒေသရာဇ် သက်ဦးဆံပိုင် ဘုရင်များခေတ်တွင် ဘုရင့်မျိုးနွယ်မဟုတ်သော သာမန်အရပ်သားများကို “င” တပ်၍ ခေါ်ဆိုသော ဓလေ့ အရ

    Nga Ramankan = ငရမန်ကန်း
    တခါတရံ  Nga Raman= ငရမန်

    ဟုခေါ်တွင်သည်။ သူအမည်အရင်းမှာ ရာမန်ခန်း (Ramankan Khan) သို့မဟုတ် ရာမန် (Raman) သာဖြစ်ပါသည်။
    မျက်လုံး တဖက်ကန်း၍ ခေါ်ဆိုခြင်း (သို့) မိသားစု အမည် (ခန်း) မျိုးနွယ်ဖြစ်၍ ခေါ်ခြင်း ဟုတ်မဟုတ် ရေးသားထားခြင်းမရှိပေ။

    အထက်ဖော်ပြပါ ကောက်နှုတ်ချက်သည်  ဦးဖေမောင်တင်နှင့် GH Luce ဘာသာပြန်ဆိုသော မှန်နန်းရာဇဝင် (The Glass Palace Chronicles of Kings of Burma ) ပထမအကြိမ်ကို အောက်စဖို့ တက္ကသိုလ် လန်ဒန်တွင် ၁၉၂၃ ခုနှစ်တွင် ပုံနှိပ် ထုတ်ဝေပြီး ရန်ကုန် တက္ကသိုလ် ပုံနှိပ်တိုက်မှ ၁၉၆၀ တွင် ထပ်မံပုံနှိပ် သည့် ) မြန်မာနိုင်ငံသုတသန အသင်းမှ ထုတ်ဝေသည့် စာအုပ် စာမျက်နှာ ၁၀၀ မှ ၁၀၃ မှ ကိုးကားဖော်ပြခြင်းဖြစ်သည်။

    သို့သော် အစ္စရေးနိုင်ငံသား ဂျူး လူမျိုး ဒေါက်တာ မိုရှေရေးဂါး ( ထိုအချိန်က ရန်ကုန်မြို့ရှိ အစ္စရေး သံ အရာရှိ၊ နောင်တွင် အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာန ၊ အပြည်ပြည်ဆိုင်ရာ နိုင်ငံရေး လေ့လာရေး ဌာနမှူး တာဝန်ခံဖြစ်လာသူ ) ရေးသားပြုစုသော မြန်မာ့မြေမှ မွတ်စလင်မ်များ(The Muslims Of Burma)  စာအုပ်တွင်မူ ခမည်းတော် အနော်ရထားမင်းကိုရဲ့ ပုဂံ ထီးနန်းကို ဆက်ခံခဲသည့် စောလူးမင်း ( ၁၀၇၇-၁၀၈၈) သည် ငယ်စဉ်က အာရဗ် လူမျိုး မွတ်စလင်မ် တစ်ဦးထံ ပညာသင်ကြားခဲ့ကြောင်း နှင့် သူဘုရင် ဖြစ်ချိန်၌ သူ့ဆရာ၏ သား ရာမန်ခန်း (YAMAN KHAN) ကို ဥဿစား(ပဲခူး)မြို့စားအဖြစ် ခန့်အပ်ခဲ့ကြောင်းရေးသားခဲ့ပါသည်။ ကျမ်းပြုဆရာ မိုရှေးရေးဂါးမှ အောက်ခြေ ရှင်းလင်းချက်တွင် မြန်မာ စကားတွင် R မရှိသဖြင့် နာမည်အမှန် Rahman Khan အား Yaman Khan ရမန်ခန်း(သို့) ရမန်ကန်း ဟုရေးသားကြောင်း ဖော်ပြပါရှိသည်။

    အလျဉ်းသင့်၍ ပြောရမည်ဆိုလျင် သူသည် မွတ်စလင်မ်တစ်ယောက် ဖြစ်သည်မှာ သေချာသည်ပင်လျင်ပင် ပထမ မြန်မာနိုင်ငံတော်၏ ဒုတိယမြောက် ဘုရင် စောလူးမင်းအား တော်လှန်ခြင်းကို မပြုလုပ်သင့်ပေ။ အထူးသဖြင့် စောလူးမင်းသည် ငယ်သူငယ်ချင်းဖြစ်ပြီး ဘုရင်က မြို့စားအဖြစ် ချီးမြှင့်မြောက်စားထားလျက် ပုန်ကန်ခြင်း မပြုသင့်ပါ။

    ငယ်သူငယ်ချင်းဖြစ်သော်လည်း ဘုရင်နှင့် ဝေးဝေးနေသင့်ပါသည်။ လေးစားကြောက်ရွံ့မှုရှိရပါမည်။ ဘုရင်က ခေါ်၍ အတူတူ ကြွေအံ့ ကစားရခြင်းရှိလျှင်ပင် အနိုင်မကစားသင့်ပါ။ ယခုမူ အနိုင်ကစားရုံမက လက်ခမောင်းပင်ခတ်လိုက်ခြင်းမျာ မသင့်လျော်ပါ။  စောလူးမင်းက ရှက်ရမ်းရမ်း၍ မင်းယောက်ျား ပီသလျှင် သတ္တိရှိက ထောင်ထားခြားနားဟု ပြောလျှင်ပင် ဝန်ချတောင်းပန်သင့်ပါသည်။

    ရာမန်ခန်းမှာ ကြွေအံကစားခြင်းသာ တော်သည်မဟုတ် စစ်ပရိယာယ်လည်း ကြွယ်သူဖြစ်သည်။

    ပုဂံ ကမ်းလွန် ဧရာဝတီ မြစ်ကမ်း ပြည်တော်သာကျွန်းတွင် ရွှံ့နွံ့တော၌ ဝါးဖြင့်လုပ်သော ဆင်ရုပ်မြင်းရုပ် လူရုပ်များထောင်ထားပြီး ည အချိန် ကျန်စစ်သားနှင့် အင်အားတောင့်တင်းသော ပုဂံစစ်သားများကို စစ်မြှုပြီး ထောင်ခြောက်ထဲ၌ ပိတ်ဖမ်းခဲ့သည်။

    စစ်နိုင်ချိန်၌ စောလူးမင်းကို မသတ်ဘဲ ကောင်းစွာ ပြုစု၍ တောင်းပန်ပြိး စစ်ရေး လေ့ကျင့်ခြင်းသာ ဖြစ်ကြောင်း လျောက်ထား အသနားခံပါက အသက်ဘေးမှ လွတ်မြောက်နိုင်သည်ကို မခန့်မှန်းမိဘဲ ဘုရင်ကို သတ်ခဲ့သဖြင့် ကျန်စစ်သား လွှတ်သော မုဆိုး ငဇင် လုပ်ကြံခြင်းခံရပြီး ကွယ်လွန်ခဲ့သည်။

    scan0017
    ဦးဖေမောင်တင်နှင့် GH Luce ဘာသာပြန်ဆိုသော မှန်နန်းရာဇဝင် (The Glass Palace Chronicles of Kings of Burma )
    scan0016
    ဒေါက်တာ မိုရှေရေးဂါး ရေးသားပြုစုတဲ့ မြန်မာ့မြေမှ မွတ်စလင်များ သမိုင်းစာအုပ်
    scan0018
    ဒေါက်တာ မိုရှေရေးဂါး ရေးသားပြုစုတဲ့ မြန်မာ့မြေမှ မွတ်စလင်များ သမိုင်းစာအုပ်
  • ၂၀၁၄-ခု သန်းခေါင်စာရင်း ကောက်ယူမည့် ပုံစံအကြောင်း တစေ့တစောင်း

    ဇန်နဝါရီ ၁၀ ၊၂၀၁၃
    M-Media
    ဝိုင်း
    myanmar census 2012

    သန်းခေါင်စာရင်းကောက်ယူမှုအတွက် ပြည်နယ်၊ မြို့နယ်၊ ရပ်ကွက် အဆင့်ဆင့် ကော်မတီဖွဲ့ပြီးကောက်ယူမှာဖြစ်ပါတယ်။ Main Committee မှာ ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခန်းက ဦးဆောင်ပြီး လူဝင်မှု့ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီက Chair man အဖြစ်ရှိနေမှာလည်းဖြစ်ပါတယ်။

    သန်းခေါင်စာရင်းကောက်ယူမှုအတွက် မေးခွန်း ၄၁-ခု ရှိထားပါတယ်။ ၂၀၁၄ သန်းခေါင်စာရင်းအတွက် Consultant အဖြစ် International express အဖြစ် ဆွီဒင်မှ တစ်ယောက်ကို တာဝန်ယူပေးထားပါတယ်။ National express အဖြစ် Department of Political က အငြိမ်းစားအရာရှိ တစ်ဦးက ဆောင်ရွက်နေပါတယ်။ ၂၀၁၄-အတွက် မေးခွန်းတွေကိုတော့ ၇၃-ခု၊ ၈၃-ခု မှာ ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းတွေ၊ ၉၃-ခုမှာတုန်းက သန်းခေါင်စာရင်းကောက်ယူမယ်ဆိုပြီးလုပ်ခဲ့တဲ့ Draff တွေအပေါ် အခြေခံပြီး အာစီယံနိုင်ငံတွေရဲ့ review တွေအပေါ်မှာ မြန်မာနိုင်ငံနဲ့ ကိုက်ညီမယ့် မေးခွန်းတွေကို ပြင်ဆင်မှုပြုလုပ်ခဲ့ကြပါတယ်။

    မေးခွန်းတွေကို ပြင်ဆင်တဲ့အခါမှာလည်း အခြားအဖွဲ့အစည်းတွေ၊ NGO တွေကိုလည်းဖိတ်ပြီး ဆွေးနွေးခဲ့ကြပါသေးတယ်။ အဲဒီ ဆွေးနွေးမှုကို နေပြည်တော်မှာ လုပ်ခဲ့ပါတယ်။ UNHCR က citizen နဲ့ပတ်သက်တဲ့မေးခွန်းတွေထည့်ဖို့ ပြောတယ်။ UNHABIC ကတော့ အိမ်တွေရဲ့အခြေအနေ (တိုက်၊ အိမ်၊ တဲ၊ အိမ်သာရှိမရှိ၊ အိမ်ဖွဲ့စည်းပုံ)တွေ ထည့်သွင်းကောက်ယူဖို့ အကြံပြုလာပါတယ်။ အခြားအဖွဲ့တွေလည်း သူတို့ကဏ္ဍ အလိုက် အကြံပြုကြပေမယ့် အကြံပြုချက် အားလုံးကိုတော့ မထည့်ခဲ့ အဓိက လိုအပ်တာတွေကိုပဲ ထည့်သွင်းခဲ့ကြပါတယ်။

    သန်းခေါင်းစာရင်းကောက်ယူတဲ့ ကိစ္စဟာ နိုင်ငံတော်အစိုးရကသာ အဓိကတာဝန်အရှိဆုံးဖြစ်ပြီး ကျန်သည့်အဖွဲ့တွေဟာ ၀ိုင်းဝန်းပူးပေါင်း ပါဝင်မှုမျိုးသာဖြစ်ပါတယ်။ သန်းခေါင်စာရင်းကောက်ယူပြီးရင်လည်း အတည်ပြုတာဟာ နိုင်ငံတော်အစိုးရကသာ အတည်ပြုရမှာဖြစ်ပါတယ်။ နိုင်ငံတကာ အဖွဲ့အနေနှင့်ကတော့ လိုအပ်တဲ့ အကြံဥာဏ်ကို ၀ိုင်းဝန်းပံ့ပိုးမှုသာ လုပ်နိုင်မှာ ဖြစ်ပါတယ်။

    သန်းခေါင်စာရင်းကောက်ယူတဲ့အချိန်ရောက်ရင်ဆိုရင် ရပ်ကွက်တစ်ခုချင်း အလိုက် ကောက်ယူမှာဖြစ်သည့် အတွက် ကောက်ယူသူတွေဟာ သန်းခေါင်စာရင်း ကောက်ယူသည့် ရက်များအတွင်း မိမိတာဝန်ယူထားတဲ့ ရပ်ကွက်မှာသာ နေရမှာဖြစ်ပြီး အဲဒီရက်တွေမှာလည်း ရပ်ကွက် အလိုက် သွားလာရေးကို ကန့်သတ်ထားမှာဖြစ်ပါတယ်။ တစ်ခြား လုံခြုံရေးထားတာမျိုး မရှိပါဘူး။ ဒါပေမယ့် NRS (Nothern Rakhine State) လိုမျိုးဆိုရင်တော့ လုံခြုံရေးထားရင် ထားပေးရမှာဖြစ်ပါတယ်။

    ၂၀၁၄ သန်းခေါင်စာရင်းသည် အိမ်တိုင်းရဲ့ အိမ်ရှိလူကုန် စာရင်းကောက်ယူမှာဖြစ်သည့် အတွက် မွေးစကလေးက အစကောက်ယူမှာ ဖြစ်ပါတယ်။ ဂျင်န်မခါန်နာ(သားဖွားခန်းတွေ ၊ဆေးရုံ) တွေမှာပါ ကောက်ယူမှာဖြစ်ပါတယ်။

    ၂၀၁၄ သန်းခေါင်စာရင်းအတွက် Pilot (အကြိုကောက်ယူခြင်း) အဖြစ် 2013 March 30 ကနေ April 10 အထိ မြို့နယ် (၂၀)မှာ ကောက်ဖို့ လ.၀.က က ရွေးထားပြီးဖြစ်ပါတယ်။ အဲဒီ မြို့နယ် ၂၀-ထဲကမှ ရပ်ကွက်(၁)ခုနဲ့ ကျေးရွာတစ်ခုကို pilot အနေနဲ့ သန်းခေါင် စာရင်း ကောက်ယူမှာဖြစ်ပါတယ်။ ယခု Pilot census အတွက် မေးခွန်း ၄၁-ခု ရှိထားပြီး Pilot ကောက်ယူပြီး၍ မေးခွန်းများ အဆင်မပြေရင် ပြင်ဆင်ဖြည့်စွက်မှာဖြစ်ပါတယ်။

    ၂၀၁၄ သန်းခေါင်းစာရင်းကိုတော့ 2014 March 30 ကနေ April 10 အထိကို မြို့နယ်၊ ရပ်ကွက်တွေအလိုက် ကောက်ယူမှာပါ။ အိမ်တိုင်ရာရောက်လိုက်ကောက်ကြမှာပါ။ သန်းခေါင်စာရင်း ကောက်ယူမည့် သူများကိုလည်း Training ပေးထားမှာဖြစ်ပြီး ကောက်ယူမယ့် သူတွေဟာ အလယ်တန်းပြ ဆရာမတွေ ဖြစ်ပါတယ်။ ဒီသန်းခေါင်စာရင်း ကောက်ယူမည့်သူများကို ပြန်လည်ကြီးကြပ်မှာက အထက်တန်းပြတွေပါ။ UNFPA က လ.၀.က ကို TOT (Training of Trainer) ပေးမှာပါ။ လ.၀.က ကမှ တဆင့် သန်းခေါင် စာရင်းကွင်းဆင်း ကောက်ယူမယ့် သူတွေကိုပြန်ပြီး သင်တန်းပေးမှာဖြစ်ပါတယ်။ သင်တန်းပေးမှာက ရန်ကုန်(လ.၀.က ရုံးချုပ်)နဲ့ မန္တလေး(တက္ကသိုလ်ထဲ)မှာသင်တန်းပေးမှာဖြစ်ပါတယ်။

    အခြားနိုင်ငံတွေမှာဆိုရင် သန်းခေါင်စာရင်းကို ၁၀-နှစ် (၁)ကြိမ် ကောက်ယူလေ့ရှိကြပြီး တချို့နိုင်ငံကြီးတွေကတော့ ၅-နှစ် (၁)ကြိမ်ကောက်ယူလေ့ ရှိပါတယ်။ သို့သော် သန်းခေါင်စာရင်း အတွက် ပြင်ဆင်ချိန်ဟာ ၃-နှစ်ကနေ ၅-နှစ်အထိ အချိန်ယူရလေ့ရှိပါတယ်။ အခု မြန်မာနိုင်ငံမှာဆိုရင် ၂၀၀၄-၂၀၁၄ ကို Face ယူပြီး ၂၀၁၅ အထိပါရှိပါမယ်။

    သန်းခေါင်စာရင်းကောက်ယူသူနဲ့ ပေးသူတွေလည်း မှန်ကန်သည့်ဖြေဆို ဖြည့်စွက်မှုများကိုသာ လုပ်ရမှာဖြစ်ပါတယ်။ ကောက်ယူသူတွေ အနေနှင့်လည်း မမှန်မကန်ဖြည့်စွက်မှုမပြုရသလို၊ ကောက်ယူခံရသူအနေနဲ့ သန်းခေါင်စာရင်း ကောက်ယူမှုကို မဖြေဆိုနိုင်ကြောင်း ငြင်းဆိုခွင့် မပြုသင့်ကြောင်း။ ငြင်းဆိုမှုရှိလာခဲ့ရင်လည်း ဒဏ်ရိုက်ခံရပါမယ်။ အရေးယူမယ့် ဥပဒေတစ်ရပ်လည်း ရေးဆွဲနေလို့ မကြာခင် ထွက်ရှိလာမယ်လို့ သိရပါတယ်။

    စာရင်းကောက်ယူတဲ့အချိန်မှာ ဖြေဆိုသူရဲ့အဖြေအတိုင်းကိုသာ ဖြည့်စွက်ရေးသားသွားမှာဖြစ်လို့၊ အဲဒီအဖြေရဲ့နောက်ကွယ်က အကြောင်းအရာတွေကို ထပ်မံမေးမြန်းမှာ မဟုတ်ပါဘူး။ (ဥပမာ – မေးမြန်းသူက ကိုးကွယ်သည့်ဘာသာမေးလို့ ဖြေဆိုသူက မွတ်စလင်မ်လို့ဖြေဆိုရင် မေးသူက မွတ်စလင်မ်ပဲဖြည့်ပြီး လူမျိုးမေးလို့ ဗမာလို့ပြောရင် ဗမာလို့သာ ဖြည့်စွက်မှာဖြစ်ပါတယ်။)

    * * * 2014 Census အတွက် အဓိကပါဝင်လုပ်ဆောင်နေရသည့် အဖွဲ့တစ်ခုမှ ပုဂ္ဂိုလ်တစ်ဦးနှင့် ၂၀၁၂-ခု ဒီဇင်ဘာလအတွင်းက ဆုံတွေ့ခိုက် ခဏမှာ 2014-ခု Population census နဲ့ပတ်သက်ပြီး ဘယ်လိုမျိုးတွေလုပ်ဆောင်နေလဲ၊ census ကိစ္စမှာ community အနေနဲ့ ဘယ်လိုပါဝင်လုပ်နိုင်မလဲ ဆိုတဲ့ အခန်းကဏ္ဍကို မေးမြန်းခဲ့တာဖြစ်ပါတယ်။

    * * * သုံးသပ်ချက်

    သန်းခေါင်စာရင်းကောက်ယူတဲ့အချိန်မှာ ဖြေဆိုသူရဲ့အဖြေအတိုင်းကိုသာ ဖြည့်စွက်ရေးသားသွားမှာဖြစ်လို့၊ အဲဒီအဖြေရဲ့နောက်ကွယ်က အကြောင်းအရာတွေကို ထပ်မံမေးမြန်းမှာမဟုတ်ပါဘူး။ (ဥပမာ – မေးမြန်းသူက ကိုးကွယ်သည့်ဘာသာမေးလို့ ဖြေဆိုသူက မွတ်စလင်မ်လို့ဖြေဆိုရင် မေးသူက မွတ်စလင်မ်ပဲဖြည့်ပြီး လူမျိုးမေးလို့ ဗမာလို့ပြောရင် ဗမာလို့သာ ဖြည့်စွက်မှာဖြစ်တဲ့အကြောင်း) ဒါကြောင့် အစ္စလာမ်သာသနာဝင်တွေ သတိထားရပါမယ်။ မေးခွန်းဖြေတဲ့နေရာအတွက် ဘာသာမှာ မွတ်စလင်မ်လို့မဖြေပဲ အစ္စလာမ်လို့သာ သတိထားပေးပြီး၊ လူမျိုးနေရာမှာလူမျိုးနေရာမှာ ကိုယ်ပြောတဲ့အတိုင်းရေးမှာ ဖြစ်တဲ့အတွက် ကိုယ်ဘာလူမျိုးဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြသင့်ပါတယ်။ (ကိုယ်ဘာ လူမျိုးဆိုတာကိုလည်း ပီပီပြင်ပြင်နားလည်ထားကြဖို့ လိုပါပြီ။ ကုလားလူမျိုး၊ မွတ်စလင်မ်လူမျိုးလို ဖြေနေကြဦးမှာလား။) ကျွန်မတို့ မြန်မာမွတ်စလင်မ်ဆိုသူတွေစဉ်းစားကြသင့်ပါပြီ။ ကိုယ်ဘာလူမျိုးအနေနဲ့ ရပ်တည်ကြမှာလဲ။ အရေးကြီးတဲ့ အချိန်ကို ရောက်နေပါပြီလို့ သုံးသိပ်မိပါတယ်။

    ** စာရေးသူ FB စာမျက်နှာမှ တင်ထားသည့် ပိုစ်ကို ခွင်ပြုချက်ဖြင့် ဖော်ပြခြင်းဖြစ်ပါသည်။

  • ကရင်ပြည်အနှံ မွတ်စလင်မုန်းတီးရေး ၀ါဒဖြန့် စာရွက်များနှင့် စီဒီခွေများ ရွှေကျီး ရောင်းဝယ်ရေးမှ ဖြန့်ဝေခဲ့

    ဇန်နဝါရီ ၉ ၊၂၀၁၃
    M-Media
    နေသစ်ထွန်း

    မွတ်စလင်မုန်းတီးရေး ဝါဒဖြန့်လုပ်ရပ်များကို ငွေကြေးထောက်ပံ့ပေး လုပ်ဆောင်နေတဲ့ ရွှေကျီး(ရွှေဝတီ) ရောင်းဝယ်ရေး
    မွတ်စလင်မုန်းတီးရေး ဝါဒဖြန့်လုပ်ရပ်များကို ငွေကြေးထောက်ပံ့ပေး လုပ်ဆောင်နေတဲ့ ရွှေကျီး(ရွှေဝတီ) ရောင်းဝယ်ရေး

    အစ္စလာမ် ဘာသာ အား တိုက်ခိုက်စော်ကားထားသည့် မွတ်စလင် မုန်းတီးရေး ၀ါဒဖြန့် စာရွက်များ၊ ဗွီစီဒီ ခွေများကို မော်လမြိုင်မြို့ အခြေစိုက် ရွှေကျီး(ရွှေဝတီ) ရောင်းဝယ်ရေးမှ ဘားအံ ၊ ကော့ကရိတ် ၊ ကျုံဒိုး ၊ ရွှေဂွန်း မြို့များတွင် အခမဲ့ လိုက်လံ ဖြန့်ဝေခဲ့ကြောင်း သိရသည်။ “ရွှေကျီး အမှုန့်လုပ်ငန်းက ဖြန့်ချီရေး ကား နဲ့ လာပြီးတော့ မွတ်စလင် မုန်းတီးရေး အခွေတွေ ၊ စာရွက်စာတမ်းတွေ ကျုံဒိုးမှ ဝေပါတယ်။ ကျုံဒိုးဈေးနား မှာဆိုရင် တောက နေ ဈေးလာ ၀ယ်တဲ့ ကရင်လူမျိုးတွေကို လိုက်ပေးပါတယ်” ဟု မျက်မြင်တွေ့ခဲ့ရသူ ကျုံဒိုးမြို့ခံ တစ်ဦးက ပြောပါသည်။

    ယင်းသို့ဖြန့်ဝေခဲ့ခြင်းကို အာဏာပိုင်များ သိရှိသော်လည်း မည်သို့မျှ တားမြစ် အရေးယူခြင်းမရှိကြောင်း ၄င်း ဒေသခံ က ပြောပါသည်။

    ကျုံဒိုး မှာ ရွှေကျီးအမှုန့်ရောင်းဝယ်ရေးက မွတ်စလင်မုန်းတီးရေး စာ ၊ အခွေတွေ ဖြန့်ချီတဲ့ ရက်စွဲကတော့ တန်ဆောင်မုန်းလပြည့်နေ (28.11.12) ၊ ဘားအံ မြို့နယ် ဘက်မှာ ဖြန့်ဝေတဲ့ နေ့က 27.11.12 ၊ ကော့ကရိတ်မှာ ဖြန့်တဲ့ နေ့က 29.11.12 ရက်တွေဖြစ်ပါသည်။ ဖြန့်တဲ့ စာတွေ ၊ အခွေတွေကတော့ ၊ မုတ္တမ နန်းဦးဘုန်းကြီး ဟောထားတဲ့ အခွေ တွေရယ် အွန်လိုင်းပေါ်မှာ ပြန့်နေတဲ့ မွတ်စလင် ဆန့်ကျင်ရေး စာရွက်တွေ  ကြောင်းကို  ၄င်းမြို့များရှိ အစ္စလာမ် ဘာသာဝင်များက ပြောပါသည်။

    IMG_1678
    မွတ်စလင်မုန်းတီးရေး ဝါဒဖြန့်လုပ်ရပ်များကို ငွေကြေးထောက်ပံ့ပေး လုပ်ဆောင်နေတဲ့ ရွှေကျီး(ရွှေဝတီ) ရောင်းဝယ်ရေး

    ၂၀၁၂ အောက်တိုဘာလမှ စ၍ သိသိသာသာ အားကောင်းလာသော ကရင်ပြည်နယ် မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ဘုန်းကြီးအချို့  ဦးဆောင်နေပြီး ဒေသခံ စီးပွားရေး လုပ်ငန်းအချို့ ငွေကြေး ထောက်ပံ့ပေး ကြောင်း သိရသည်။

    မော်လမြိုင်ဈေးကြိုပွဲရုံတန်းတွင် အခြေစိုက် ထားသော ရွှေကျီးရောင်းဝယ်ရေး လုပ်ငန်းသည် အမှုန်ကြိတ် လုပ်ငန်း၊ အဓိကထား လုပ်ကိုင်နေပြီး မွတ်စလင်ဆန့်ကျင်ရေး တရားဟောကြားသူ မုတ္တမမြို့ နန်းဦး စာသင်တိုက် ဘုန်းကြီးအား ထောက်ပံ့ပေးနေသူလည်းဖြစ်သည်