News @ M-Media

Blog

  • ဂါဇာမှ ပါလက်စတိုင်း ကလေးများအတွက် ရော်နယ်ဒို ပေါင် ၁.၅ သန်းလှူ

    ဂါဇာမှ ပါလက်စတိုင်း ကလေးများအတွက် ရော်နယ်ဒို ပေါင် ၁.၅ သန်းလှူ

    နိုဝင်ဘာ ၂၁၊၂၀၁၂

    M-Media

    စပိန် နာမည်ကြီးဘောလုံးကလပ် ရီရဲလ်မဒရစ်အသင်းကစားသမားဖြစ်တဲ့ ကမ္ဘာ့ကျော်ဘောလုံးသမား ခရစ်တီရာနို ရော်နယ်ဒိုဟာ ဂါဇာဒေသမှာ ပါလက်စတိုင်းကလေးငယ်များအတွက် ပေါင် ၁.၅ သန်း (US $ ၂.၄ သန်း)  လှူဒါန်းခဲ့ကြောင်းကို ရီရဲလ်မဒရစ်အသင်းရဲ့ အာရဗ်ဘာသာနဲ့ ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်များမှာဖော်ပြပါတယ်။

    ရော်နယ်ဒိုဟာ ၂၀၁၁ ခုနှစ်မှာ ရီရဲလ်ဖောင်ဒေးရှင်းမှ ချီးမြှင့်ခြင်းခံရတဲ့ ရွှေဖိနပ်ကို ရောင်းချခဲ့ပြီး ရခဲ့တာကို ဂါဇာဒေသမှ ကျောင်းများအတွက် ရန်ပုံငွေအဖြစ်လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။

    ရီရဲလ်အသင်းဖောင်ဒေးရှင်းဟာ  ကမ္ဘာတဝှမ်း နိုင်ငံပေါင်း ၆၆ နိုင်ငံက ကျောင်းပေါင်း ၁၆၇ ကျောင်းကို ကူညီထောက်ပံ့လျှက်ရှိတယ်လို့ မှတ်တမ်းများအရသိရပါတယ်။

    ဒါက ရော်နယ်ဒိုရဲ့ ပထမဆုံးအလှူမဟုတ်ပါဘူး ယခင်နှစ်တွေကလည်း ရော်နယ်ဒိုဟာ သူရဲ့ အားကစားဖိနပ်များရောင်းချမှုက ရရှိငွေကနေ ဂါဇာဒေသမှာရှိတဲ့ စာသင်ကျောင်းတွေအတွက် ရန်ပုံငွေ ထူထောင်ပေးခဲ့ပါသေးတယ်။

    ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက် အသင်းမှ ရီရဲလ်မက်ဒရစ်အသင်းသို့ ကမ္ဘာစံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၉၃.၉ သန်းဖြင့် ပြောင်းရွှေလာခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာ ရီရဲလ်မဒရစ်အသင်းမှာ သူအတွက် တစ်နှစ်ကို လစာ ပေါင် ၁၂ သန်းဖြင့် စာချူပ်ချူပ်ဆိုထားပြိး ကမ္ဘာ့ဝင်ငွေအများဆုံးရတဲ့ ဘောလုံးသများများထဲမှ တယောက်အပါအဝင်ဖြစ်ပါတယ်။

    ဟားမာစ်ထိန်းချူပ်ထားရာ ဂါဇာဒေသကို အစ္စရေးမှ နိုဝင်ဘာ ၁၃ ရက်နေ့မှ စပြီးကျူးကျော်တိုက်ခိုက်ရာမှာ AP မှဖော်ပြထားသော စာရင်းများအရ ယနေ့အထိ ပါလက်စတိုင်း ၁၄၀ ကျော်သေဆုံးသွားပြီး ၄င်းတို့တွင် အရပ်သားအများပြားပါဝင်ပြီး ကလေးငယ်များလဲပါဝင်ကြောင်းသိရပါတယ်။ ဒဏ်ရရှိသူ ၁၁၀၀ကျော်ရှိပြီး ဟားမာစ်တို့ ရဲ့ ဒုံးကျည်များဖြင့် ပြန်လည် ပစ်ခတ်မှုကြောင့် အစ္စရေး ၅ ဦး သေဆုံးပြိး ဒါဇင်နှင့်ချီပြီး ဒဏ်ရာရရှိကြောင်း ဖော်ပြထားရှိပါတယ်။

    အစ္စရေးတို့ရဲ့ အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်မှု့ကြောင့် ကလေးငယ်များအပါဝင် အရပ်သားအများအပြား သေဆုံးမှုကြောင့် ကမ္ဘာ့နိုင်ငံအများအပြားတွင် ဂျူးလူမျိုးများအပါဝင် ထောင်ပေါင်းများစွာသော ဘာသာပေါင်းစုံ ပြည်သူများ အစ္စရေးရဲ့ လုပ်ရပ်ကို ဆန့်ကျင့်ကန့်ကွက် မှုများဖြစ်ပေါ်လျက်ရှိပါတယ်။

    အမေရိကန်သမ္မတ အိုဗာမားကတော့ ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ အစ္စရေးနိုင်ငံဟာ မိမိကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်ရှိကြောင်း ပြောဆိုသွားပြီး အစ္စရေးဘက်က ဆက်လက်ရပ်တည်သွားပါတယ်။

     

    ကိုးကား https://rt.com/

  • ဒယ်အိုးဆရာတော် တရားပွဲများ မလေးရှား မြို့ကြီးများမှာ စည်းကားစွာကျင်းပ

    ဒယ်အိုးဆရာတော် တရားပွဲများ မလေးရှား မြို့ကြီးများမှာ စည်းကားစွာကျင်းပ

    နိုဝင်ဘာ ၂၂၊ ၂၀၁၂

    M-Media

    မလေးရှားနိုင်ငံ (ကွမ်တန်းမြို့) မှ ဒယ်အိုးဆရာတော်ရဲ့ တရားပွဲ ဓါတ်ပုံ Online Radio Media (Malaysia News)

    မလေးရှားနိုင်ငံ ဂျို့ဟိုးမြို့တွင် ဆရာတော် ဦးသုမင်္ဂလ ၏ ဓမ္မဒါနတရားပွဲ အစီအစဉ့်  ၂၀.၁၁.၁၂ အင်္ဂါနေ့တွင် မလေးရှားနိုင်ငံ ဂျို့ဟိုးမြို့ Dewan Taman Sri Tebru Hall ခန်းမလည်းကောင်း၊ ၂၁.၁၁.၁၂ ဗုဒ္ဓဟူးနေ့တွင် မလေးရှားနိုင်ငံ (ကွမ်တန်းမြို့) Per Satuan Eng Choon Kuantar No.1/68. Jalan Bukit Ubi/25200 Kuantar ခန်းမတွင်လည်းကောင်း ဓမ္မဒါန တရားပွဲကို ပြုလုပ်ခဲ့ပါသည်။
    ဆရာတော် ဦးသုမင်္ဂလ(ဒယ်အိုး) ဟောကြားမည့် တတိယအကြိမ်မြောက် ဓမ္မဒါနတရားပွဲ အစီအစဉ်ကို မလေးရှားနိုင်ငံအတွင်း အဓိကမြို့များဖြစ်သော ဂျို့ဟိုး ၊ ကွမ်တန်း ၊ အီပို့ ၊ ပီနန် ၊ ကွာလာလမ်ပူမြို့ ၊ မလကာ မြို့များတွင် တရားပွဲများကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်းသိရပါတယ်။

    OIC အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သော မလေးရှားနိုင်ငံသား အများစုမှာ အစ္စလာမ်သာသာကိုးကွယ်သူများဖြစ်ပြီး အခြားသော တရုတ်လူမျိုးများနှင့် အိန္ဒိယနွယ်ဖွားများရဲ့ ကိုးကွယ်ရာ ဗုဒ်ဓဘာသာ၊ ဟိန္ဒူ၊ ခရစ်ယျာန်နှင့် နတ်ကိုးကွယ်မှုများကိုလဲ လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားသောနိုင်ငံဖြစ်သည်။ မလေးရှားတွင် မြန်မာနိုင်ငံသား သိန်းနှင့်ချီပြီးအလုပ်လုပ်ကိုင်လျက်ရှိကြပြီး မြန်မာ ဗုဒ်ဓဘာသာဝင်များရဲ့ ဘုန်းတော်ကြီးကျောင်းများမှာ ကေအလ်မြို့တခုထဲမှာတင် (၅၀) ကျော်ရှိနေပြီဖြစ်သည်။

     

    မလေးရှားနိုင်ငံ ဂျို့ဟိုးမြို့မှ ဒယ်အိုးဆရာတော် တရားပွဲ
    မလေးရှားနိုင်ငံ ဂျို့ဟိုးမြို့မှ ဒယ်အိုးဆရာတော် တရားပွဲ
    မလေးရှားနိုင်ငံ ဂျို့ဟိုးမြို့မှ ဒယ်အိုးဆရာတော် တရားပွဲ
    မလေးရှားနိုင်ငံ ဂျို့ဟိုးမြို့မှ ဒယ်အိုးဆရာတော် တရားပွဲ
    မလေးရှားနိုင်ငံ ဂျို့ဟိုးမြို့မှ ဒယ်အိုးဆရာတော် တရားပွဲ
    မလေးရှားနိုင်ငံ ကွမ်တန်းမြို့မှ ဒယ်အိုးဆရာတော် တရားပွဲ

     

    မလေးရှားနိုင်ငံ ကွမ်တန်းမြို့မှ ဒယ်အိုးဆရာတော် တရားပွဲ

    ဓါတ်ပုံ Online Radio Media (Malaysia News)

  • ဖို့ဝိန်းမြို့တွင် မြန်မာ မွတ်စလင်တို့၏ ဗလီဝတ်ကျောင်းတော် အုတ်မြစ်ချပွဲ ကျင်းပပြုလုပ်ခဲ့

    ဖို့ဝိန်းမြို့တွင် မြန်မာ မွတ်စလင်တို့၏ ဗလီဝတ်ကျောင်းတော် အုတ်မြစ်ချပွဲ ကျင်းပပြုလုပ်ခဲ့

    နိုဝင်ဘာ ၁၇ ၊၂၀၁၂
    M-Media
    နေစိုင်း

    အမေရိကန်နိုင်ငံတွင် မြန်မာမွတ်စလင်များ ဦးစီးကာတည်ဆောက်နေသည့် မစ္စဂျေဒေ့ နူရ်ွအစ္စလာမ် ခေါ် အစ္စလာမ့်ဂုဏ်ရောင် ဗလီဝတ်ကျောင်းတော်၏ အုတ်မြစ်ချပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ဖို့ဝိုန်းမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသတင်းရရှိပါသည်။

    အမေရိကန်နိုင်ငံ ဖို့ဝိုန်းမြို့သို့ ပြောင်းရွေ့လာသည့် မြန်မာမွတ်စလင်ဦးရေး တိုးပွားလာမှုကြောင့် ဗလီဝတ်ကျောင်းတော် တည်ဆောက်ရန်အတွက် လုပ်ငန်းစီမံချက်များအား လွန်ခဲ့သည့် နှစ် နှစ်ခန့်မှ စတင်ရေးဆွဲခဲ့ကြပြီး ဗလီဝတ်ကျောင်းတော် အမြန်ဆုံးအကောင်အထည်ဖော်တည်ဆောက်နိုင်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။

    အခမ်းအနားသို့ ကနေဒါနိုင်ငံနှင့် အမေရိကန်နိုင်ငံ တဝှမ်းတွင် နေထိုင်ကြသော မြန်မာမွတ်စလင်များအပြင် အမေရိကန်နိုင်ငံတွင် နေထိုင်ကြသည့် ပါကစ္စတန်၊ ဆိုမားလီးယား၊ ဂျော်ဒန်နှင့် အရှေ့အလယ်ပိုင်းမှ မွတ်စလင်များ အပါအဝင် ရပ်နီးရပ်ဝေးမှ ကလေးလူကြီး အမျိုးသားအမျိုးသမီးပေါင်း တစ်ထောင်ကျော် တက်ရောက်ခဲ့ပါသည်။

    အခမ်းအနားအား ကေရအသ်ဖြင့် စတင်ခဲ့ပြီး ဗလီဝတ်ကျောင်းတော် တည်ဆောက်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ကိုခင်မောင်ချိုမှလည်းကောင်း၊ ဗလီဝတ်ကျောင်းတော် တည်ဆောက်ရေး အရေးကြီးပုံနှင့် ကောင်းမူ မင်္ဂလာအကျိုး ဆဝသ်များအကြောင်း အင်္ဂလိပ်ဘာသာဖြင့် မော်လဝီ ယာဆင်မှလည်းကောင်း၊ ဗမာဘာသာဖြင့် ဟာဂျီ အီမာန် ဟူစိန်မှလည်းကောင်း တရားဒေသနာတော်များဟောကြားခဲ့ပြီး ဗလီဝတ်ကျောင်းတော် အမြန်ဆုံးအောင်မြင်စွာ တည်ဆောက်ပြီးစီးနိုင်ရေးအတွက် စုပေါင်းဒိုအာတောင်းခံခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသူများစုဝေးကာ ဗလီဝတ်ကျောင်းတော်နေရာတွင် အခြေခံအုတ်မြစ် အစိတ်အပိုင်းဖြစ်သော ကျောက်ခဲများအား အလှည့်ကျ ထည့်သွင်းခဲ့ကြပါသည်။

    ”ဗလီဝတ်ကျောင်းတော်ရဲ့ အုတ်မြစ်ချတဲ့ အဆင့်အထိရောက်လာပြီဆိုတာ တော်ရုံတန်ရုံ ကြိုးစားခဲ့ကြတာမျိုးမဟုတ်ဘူး ဆိုတာကို ခန့်မှန်းလို့ရပါတယ်။ တက်ညီလက်ညီလုပ်ကိုင်နေတာကို တွေ့ရတာ အားရစရာဘဲ။” ဟု အခမ်းအနားသို့ တက်ရောက်လာခဲ့သည့် ကနေဒါနိုင်ငံမှ ကိုသန်းထိုက် ကပြောပါသည်။

    မြန်မာမွတ်စလင်တို့၏ မွေးရပ်ဇာတိမြေဖြစ်သော အမိမြန်မာနိုင်ငံတွင် ယခုကဲ့ သို့ ဗလီဝတ်ကျောင်းတော် တည်ဆောက်ခွင့်အား နှစ်ပေါင်းများစွာ ကန့်သက်ပိတ်ပင်ထားသောကြောင့် မြန်မာမွတ်စလင်တို့အဖို့ ဗလီအုတ်မြစ်ချပွဲမှာ တစ်သက်တစ်ခါ ကြုံတောင့်ကြုံခဲ့ အခွင့်အလမ်းတစ်ခုဖြစ်သည်။ ထို့ကြောင့် အနယ်နယ်အရပ်ရပ်မှ မြန်မာမွတ်စလင်အများ ပါဝင်နိုင်ရန်အတွက် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ကြောင်း ယင်းဗလီဝတ်ကျောင်းတော် တည်ဆောက်ရေးအား တာဝန်ယူဆောင်ရွက်နေသည့် မြန်မာမွတ်စလင် ပညာရေးနှင့် ကော်မြူနတီစင်တာ ခေါ် ဘီအမ်အီးစီစီ ၏ ဒု ဥက္ကဌ ကိုတင်ဟိန်းလတ်မှပြောပါသည်။

    ” ဒီဗလီဝတ်ကျောင်းတော်ဟာလည်း မြန်မာမွတ်စလင်တွေ အားလုံးဝိုင်းဝန်း တည်ဆောက်ကြတဲ့ ဗလီ ဖြစ်တယ်။ ဒါကြောင့် ဗလီဆောက်ရာမှာ အုတ်တစ်ချပ် သဲတစ်ပွင့်ဆိုသလို လူတိုင်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကြရအောင် စီစဉ်ခဲ့တာဖြစ်ပါတယ်။” ဟု ကိုတင်ဟိန်းလတ်မှ ဆက်လက်ရှင်းပြပါသည်။

    ”လူတွေက အရမ်းများတယ်ဆိုပေမယ့် အားလုံးက စည်းကမ်းရှိကြတယ်။ ဦးစီးတဲ့သူတွေကလည်း စနစ်တကျ လုပ်ကြတယ်။ အားလုံးဝိုင်းကူပေးကြတယ်။ အထူးသဖြင့်ဟာဂျီမရဟီမာနဲ့ အမျိုးသမီးထုကလည်း တက်တက်ကြွကြွ လုပ်ဆောင်ကြတယ်။ ယူနွတ်ဘိုင်နဲ့ လူငယ်တွေကလည်း မနားတတမ်း တက်ညီလက်ညီ လုပ်ကြတော့ အလ္လာ့အလိုတော်နဲ့ အားလုံး အဆင်ပြေသွားတယ်။ စည်းစည်းလုံးလုံးနဲ့ စနစ်တကျ လုပ်နေကြတာ ကိုတွေ့တော့ လာစောင့်ကြည့်နေတဲ့ ရဲတွေ တောင် ချီးကြူးသွားတယ်။” ဟု ဘီအမ်အီးစီစီ ၏ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင် တစ်ဦးဖြစ်သူ မော်လဝီတွာဟေရ် မှပြောပါသည်။

    ဗလီဝတ်ကျောင်းတော်ပုံကြမ်း

    ”ဗလီရဲ့ အုတ်မြစ်ကတော့ ခိုင်မာသွားပြီ။ အမြန်ဆုံးအောင်အောင်မြင်မြင်နဲ့ တည်ဆောက်ပြီးစီးဖို့ဆိုတာ အလှူငွေကောက်ခံရရှိတဲ့ အပေါ်မှာ မူတည်ပါတယ်။ အလ္လာ့ဟ်အလိုတော်နဲ့ ဒီနေ့တစ်ရက်ထဲမှာဘဲ အမေရိကန်ဒေါ်လာ လေးသောင်း နီးပါးကောက်ခံရရှိခဲ့တယ်။ ကနေဒါဒေါ်လာနဲ့ ရွှေ တွေလည်း ပါတယ်။ ဒီလိုဘဲ တက်နိုင်သလောက် ဝိုင်းဝန်းလှူဒါန်းကြရင် မကြာပါဘူး၊ အင်ရှာအလ္လာ ခဏလေးနဲ့ ပြီးသွားမယ်။” ဟု ဘဏ္ဍာငွေရှာဖွေရေးတာဝန်ခံ ဟာဂျီဗေဒါမှ ပြောပါသည်။

    ဗလီဝတ်ကျောင်းတော်အား အပိုင်း လေးပိုင်း ပိုင်းခြားကာတည်ဆောက်သွားရန် စီစဉ်ထားပြီး ပထမအပိုင်း တည်ဆောက်မည့် ဆွလ္လာသ်ဝတ်ပြုဆောင်အတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ လေးသိန်း ကျော်ကုန်ကျမည်ဖြစ်သည်။ တစ်ပေပတ်လည်အတွက် အမေရိကန်ဒေါ်လာ ၁၅၈ ဒေါ်လာနှုန်းကုန်ကျမည်ဖြစ်ပြီး ဆွလ္လာသ်ဝတ်ပြုရန် နေရာ တစ်နေရာအတွက် ဒေါ်လာ တစ်ထောင်ငါးရာ ရှစ်ဆယ် (၁၅၈၀)  နှုန်းကုန်မည်ဖြစ်သည်။ အလှူငွေများထည့်ဝင်လိုပါက ဘီအမ်အီးစီစီ၏ အင်တာနက် စာမျက်နှာမှလည်းကောင်း၊ စာတိုက်မှတဆင့်လည်းကောင်း၊ ဘဏ်ငွေလွှဲစနစ်ဖြင့်လည်းကောင်း၊ တဆင့်ခံငွေလွှဲစနစ်ဖြင့်လည်းကောင်း ထည့်ဝင် လှူဒါန်းနိုင်ကြောင်းသိရပါသည်။

    အသေးစိတ်အချက်အလက်များအား အဖွဲ့အစည်း၏ အင်တာနာစာမျက်နှာ www.bmeccfw.org နှင့် www.facebook.com/bmeccfw မှတဆင့်ကြည့်ရှုနိုင်ပါသည်။

  • ဝါဒမှိုင်းတိုက်မှုတွေ… လာရာ… လားရာ

    ဝါဒမှိုင်းတိုက်မှုတွေ… လာရာ… လားရာ

    နိုဝင်ဘာ ၁၂၊ ၂၀၁၂
    M-Media
    ကျော်မိုးအောင်

    ငယ်ငယ်က သမိုင်းမှာ သင်ခဲ့ဖူုးသလောက်ဆို ဖက်ဒရယ်မူဆိုတာကြီးက တိုင်းရင်းသားတွေက ပြည်ထောင်စုကို ဖြိုဖျက်ဖို့အကြံအစည်ဆိုပဲ။

    ခုတစ်လောဂျာနယ်တွေမှာတွေ့ရတော့ကျ အဲလိုမဟုတ်ပါလား။ ဘယ်လိုဖြစ်သွားတာပါလိမ့်။

    လွန်ခဲ့တဲ့ ငါးနှစ်ခန့်က ဆယ်တန်းကျောင်းသားတစ်ယောက်နဲ့ စကားစမည်ပြောဖြစ်တော့ ထိုင်းတွေကို အလွန် အမြင်ကပ်တယ်တဲ့။ သူလည်း ထိုင်းမရောက်ဖူးဘဲနဲ့ … ဘယ်က ထိုင်းလူမျိုးနဲ့မှလည်း ပတ်သက်ရာပတ်သက်ကြောင်းရော ရန်ငြိုးရန်စပါ မရှိဘဲနဲ့ ဘယ်လိုဖြစ်ပါလိမ့်ပေါ့ … မေးကြည့်တော့မှ (ကျွန်တော်တို့လက်ထက်က မပါခဲ့တဲ့၊ သူတို့တွေလက်ထက် ခဏတာပြဌာန်းခဲ့တဲ့) ထိုင်းမြန်မာဆက်ဆံရေး ကျောင်းသင်ရိုး ညွှန်းတမ်း ဝါဒဖြန့်စာအုပ်ရဲ့ နောက်ဆက်တွဲအောင်ပွဲပေါ့။ ခုတော့တစ်ခါ ဒီရောဂါ ပြီးသွားပြန်ပါပြီ။ နှစ်ပြည်ထောင်လမ်းတွေဖောက်လို့။

    ဒါပေမယ့် မကြာသေးခင်က ထိုင်းပညာရေးတက္ကသိုလ်တစ်ခုက ဆရာရဲ့ ပြောစကားအရတော့ ထိုင်းနိုင်ငံရဲ့ သင်ရိုးတစ်ချို့မှာတော့ ဗမာမကောင်းကြောင်းတွေ ကျန်သေးဆိုပဲ။ ပညာရေးလောကက ဆရာတစ်ယောက်ဖြစ်တဲ့ သူကတော့ အဲဒါတွေက တကယ်တမ်းတော့ အဆိပ်အတောက်တွေမို့ သင်ရိုးထဲမှာမထည့်တော့ဖို့ သူတို့တွေ နိုင်သလောက် ကြိုးစားပြင်ဆင်နေပြီ။ မျိုးချစ်စိတ်ရှိဖို့အရေး နောင်လာနောင်သားတွေရင်ထဲကို အမုန်းတရားလက်ဆင့်မကမ်းချင်တော့၊ မှားခဲ့ကြတဲ့သမိုင်းအသီးသီး ရှိခဲ့ကြတာကို (ကျုးကျော်နယ်ချဲ့မှုစသည့်) မကောင်းသောဖြစ်ရပ်ဝါဒ၏ မကောင်းကြောင်းကိုသာ သင်ခန်းစာယူစေချင်သည်၊ ထိုစဉ်ကဖြစ်ရပ်များနှင့် မည်သို့မျှ သက်ဆိုင်ခြင်း အလျဉ်းမရှိသည့် လက်ရှိလူသားကမ္ဘာက မည်သူမျှ ဒီဖြစ်စဉ်၏အကျိုးဆက် ဆိုးမွေ အမုန်းတရား မဆက်ခံရစေသင့်တော့ပါတဲ့။

    ကိုယ့်အမျိုးကိုယ်ချစ်ဖို့ ကိုယ့်နိုင်ငံကိုယ်ချစ်ဖို့ သူများကိုမုန်းပြစရာ၊ ရန်လုပ်စရာမလိုပါတဲ့။

    ထိုအချက်မှန်ကန်ကြောင်း ဘန်ကောက်မြို့တွင်း ကိုယ်တွေ့ကြုံခဲ့ရသည့် ဥပမာရှိသည်။ ညနေစောင်းပိုင်း Chatuchak Weekend Market ကို အလည်ရောက်စဉ် ညနေ ၆နာရီတိတိတွင် လမ်းပေါ်ကလူတွေကားတွေအားလုံး ရုတ်တရက် ရပ်သွားသည်၊ အစကတော့ ချက်ချင်း သတိမပြုမိ၊ ကိုယ်က ကိုယ့်အရှိန်နှင့်ကိုယ် မုန့်က လက်တစ်ဖက်ကစားရင်း၊ မျက်လုံးက ဈေးဆိုင်များအား ငေးရင်း တောသား မြို့ရောက်ကိုး။ နောက်မှ နိုင်ငံတော်သီချင်းသံကြား၍ အားလုံးတိတ်ဆိတ်ငြိမ်သက်သွားကြမှန်းသိရသည်။ မြန်မာပြည်မှာ ရုပ်ရှင်ရုံအတွင်း အလံတော်အလေးပြုသည်ကို မတ်တပ်မရပ်ကြသူတွေ၊နိုင်ငံတော်သီချင်းသံ ပြိင်္းသွားသည်အထိတောင် မစောင့်နိုင် မအောင့်နိုင်ကြသူများကို ချက်ချင်း မြင်ယောင်မိလိုက်သည်။

    ငယ်ငယ်ကကြည့်ခဲ့ဖူး၊ စွဲလမ်းခဲ့ဖူးသည့် James Bond ဇာတ်လမ်းများ၊ အက်ရှင်ကားများ ပြန်ကြည့်ဖြစ်သည်။ ဗီလိန်လူဆိုးက အများအားဖြင့် ဆိုဗီယက်ရုရှဖြစ်သည်ကို သတိပြုမိသည်။ စတားလုံး၏ First Blood ခေါ် John Rambo 3 လောက်ထိဖြစ်သည်။ ထိုထဲတွင်ဆို အမေရိကန်က မြှောက်ပေး၊ လက်နက်ပေး၊ အကုအညီပေးခဲ့သည်က သနားစဖွယ်ပုံဖော်ခံရသည့် (ထိုစဉ်ကလည်း တကယ်အမှန် သနားစရာကောင်းခဲ့ရသည့်) အာဖဂန် နစ္စတန်မှ တာလီဘန် မူဂျာဟစ်သူပုန်တို့ကို….။ Rambo ကိုယ်တိုင် ထိုတာလီဘန်တွေကို သွားကယ်ရသူ။

    လွန်ခဲ့သည့် ဆယ်နှစ်ခန့်က သူငယ်ချင်းတစ်ယောက်အိမ်သို့ မကြာမကြာ ရောက်တတ်တော့ အသက်ရှစ်ဆယ်ကျော် သူတို့အဖွား (ယခုတော့ ကွယ်လွန်သွားပါပြီ။) သတင်းစာဖတ်နေသည်ကို သတိရမိသည်။ အဖွားက အသက်ရှစ်ဆယ်ကျော်ပေမယ့် မျက်လုံးက မျက်မှန်မပါဘဲ စာဖတ်နိုင်သူ၊ နားကတော့ လုံးဝ မကြားရသလောက်။ သတင်းစာဖတ်ပြီး ဘိုကတော်စုကြည်က ဘာဖြစ်တယ်ညာဖြစ်တယ် အော်ပြောနေတတ်သည်။ အမေ ဒေါ်အောင်ဆန်းစုကြည်ကို အတော်မျက်မုန်းကြိုးနေရှာသူ။ အစိုးရ ပြောသမျှ လုပ်သမျှ ချွင်းချက်မရှိ အကောင်းမြင်တတ်သူ။ (ထိုအချိန်က ဂျာနယ်တွေလည်း ခုလို ခေတ်မကောင်း သေးကိုး။) သူငယ်ချင်းကို တအံ့တသြ လှမ်းကြည့်တော့ သူက ပြုံးစိစိနဲ့။ နားမကောင်းတဲ့သူ့အဖွား ရေဒီယိုလည်း နားမထောင် အပြင်ကလည်း ပြောတာမကြားရတော့ သတင်းစာထဲ ပါသမျှ အကုန်ယုံသတဲ့လေ။

    ခပ်ငယ်ငယ်က နေ့စဉ်ကြားခဲ့ရသလောက်ဆိုလည်း ပြည်ပအားကိုး ပုဆိန်ရိုးအကြောင်းရယ်၊ စီးပွားရေးပိတ်ဆို့တာ တို့မမှုပါရယ် … စသည်စသည်တွေပေါ့လေ။

    နှစ်ပေါင်းများစွာ အရိုးစွဲလာတဲ့ ဝါဒမှိုင်းတိုက်မှုတွေရဲ့ လာရာနဲ့ လားရာကို စဉ်းစားမိလေလေ … ကြောက်လေလေပဲ။

    လူတစ်ယောက်အတွက် အခက်ဆုံးက unlearn လို့ခေါ်တဲ့ ကိုယ့်စိတ်က လက်ခံထားပြီးသားတစ်ခုကို အဲဒီလို မဟုတ်ကြောင်း ပြန်ပြောင်းမှတ်ယူဖို့ပဲတဲ့။

    တကယ်တမ်းတော့ ဖြစ်စဉ်ဖြစ်ရပ်တော်တော်များများမှာ အများစုက ရုပ်သေးရုပ်များသာ။ ကြိုးစွဲရာ ကကြရသူများသာ။

    လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။

    နှလုံးသားတိုင် အမှန်ရောက်လို့ အမှားပျောက်ကြပါစေ။

    အာဃာတတရား အမုန်းမီးပွား အေးငြိမ်းပါရစေ။

     

    ကိုကျော်မိုးအောင် FB မှ ဖော်ပြတဲ့ ဆောင်းပါးကိုခွင့်ပြုချက်တောင်း ကူးယူဖော်ပြပါသည်။

  • ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးတွင် အစ္စလာမ် ဆန့်ကျင်ရေး သွေးတိုးစမ်း လှုပ်ရှား

    ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးတွင် အစ္စလာမ် ဆန့်ကျင်ရေး သွေးတိုးစမ်း လှုပ်ရှား

    နိုဝင်ဘာ ၂၀၊ ၂၀၁၂
    M-Media
    နေသစ်ထွန်း

    ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းရှိ ကျခတ်ထောင်း၊ တံတားဦး ၊ အလယ်ရွာ ၊ ချောင်းဝ ရွာများတွင် မွတ်စလင်ဆန့်ကျင်ရေးစာရွက်များ ကို နိုဝင်ဘာ ၁၅ ရက်နေ့မှစ၍ သွေးတိုးစမ်း စဖြန့်နေကြောင်း သိရသည်။ အဆိုပါကျေးရွာများရှိ  ဗုဒ္ဓဘာသာဝင်များထံ မွတ်စလင် ဆန့်ကျင် ရေး စာများပေး ပို့လှုပ်ရှားနေကြောင်း ၊ ယင်းလှုပ်ရှားမှုကို ကြာအင်းဆိပ်ကြီးမြို့ပေါ် မှ လူလတ်ပိုင်း တစ်ချို့ ဦးဆောင်နေကြောင်း သိရသည်။ မွတ်စလင်များနှင့် စီးပွားရေး လူမှုရေး ဆက်ဆံမှု မပြုလုပ်ရန် ၊အစ္စလာမ်ဘာသာအား စော်ကားတိုက်ခိုက်မှု များကို ယင်းအမုန်းတရားလှုံ့ဆော်စာများ တွင်ဖေါ်ပြထားသည်ဟု ဒေသခံ များက ပြောပါသည်။

    ကြာအင်းဆိပ်ကြီးမြို့တွင် ဒေသခံမွတ်စလင်များသည် အေးချမ်းစွာ  နေထိုင်လျက်ရှိကြပြီး အရောင်းအ၀ယ် လုပ်ငန်း အဓိက လုပ်ကိုင်ကြသည်။ မြို့ပေါ်တွင် မွတ်စလင် အိမ်ခြေ ၂၅၀ ခန့် နှင့် ဗလီ ၀တ်ပြုကျောင်းတစ်ခု ရှိကြောင်းသိရသည်။

    ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အစ္စလာမ် ဘာသာဝင် နှင့် ဗုဒ္ဓဘာသာဝင်များအေးချမ်းစွာ နေထိုင် စည်းလုံး လျက်ရှိ သည် ကို ဖြိုခွဲရန် ကြံစည်လုပ်ဆောင်မှု ဖြစ်သည်ဟု မြန်မာမွတ်စလင် အရေးလေ့လာ စောင့်ကြည့် နေသူ တစ်ဦးက သုံးသပ်သည်။

    အမှတ်(၈၁) အောက်တိုဘာ(၁၉)ရက်နေ့ ၊၂၀၁၂ နေ့ထုတ် မြန်မာပို့စ် ဂလိုဘယ် သတင်းဂျာနယ် မျက်နှာဖုံး

    ကရင်ပြည်နယ် ဘားအံမြို့တွင် ဘုန်းကြီးများက ဦးဆောင်၍ မွတ်စလင်များနှင့် စီးပွားရေး ၊လူမှုရေး ဆက်ဆံခြင်းမပြုရန် ၊ ဆက်ဆံပါက ပြစ်ဒဏ်ပေးမည် ဖြစ်ကြောင်းကြေငြာချက်ကို  မြန်မာဂလိုဘယ် ပို့စ် ဂျာနယ်မှ အောက်တိုဘာ ၁၉ရက်နေ့ တွင်ဖေါ်ပြခဲ့သည်။

    အောက်တိုဘာ ၂၈ ရက်နှင့် ၂၉ရက်နေ့ များတွင် ဒေသခံ မွတ်စလင်များအား ခြိမ်းခြောက်သည့် အနေဖြင့် ကော့က ရိတ်မြို့ ရေနံဆီ ကုန်းဗလီ  ကျုံဒိုးမြို့ဗလီ များ ဗုံးပစ်သွင်းတိုက်ခိုက်မှုခံခဲ့ရသည်။

    ပြီးခဲ့တဲ့ စက်တင်ဘာလ ၅-ရက်နေ့က ကရင်ပြည်နယ် နှစ်ခြင်းရွာမှာ နေထိုင်တဲ့ အဘိုးအိုဟာ ဘားအံ့မှာရှိတဲ့ သမီးဖြစ်သူ ထံ အလည်လာတဲ့အချိန် မနက်စောစော ဗလီဝတ်ကျောင်းတော်သို့ ဝတ်ပြုပြိးပြန်အလာမှာ ဆွမ်းခံကြွလာတဲ့ ဘုန်းကြီးတန်းကို ဖြတ်လို့ ဆိုပြီး ဘုန်းကြီးသုံးပါးက ဝိုင်းဝန်းရိုက်နက်မှု့ ကြောင့် နံရိုးကျိုးပြီးပြင်းထန်တဲ့ ဒဏ်ရာများကြောင့် အောက်တိုဘာ ၂၂ ရက်နေ့မှာ ကွယ်လွန်သွားတဲ့ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ပါသေးတယ်။