News @ M-Media

Blog

  • မော်ရိုကို သမ္မတထရမ့်ကို နိုင်ငံ၏ အမြင့်ဆုံး ဆုတံဆိပ်ချီးမြှင့်

    မော်ရိုကို သမ္မတထရမ့်ကို နိုင်ငံ၏ အမြင့်ဆုံး ဆုတံဆိပ်ချီးမြှင့်

    ဇန်နဝါရီ ၁၆၊ ၂၀၂၁
    M-Media

    -အစ္စရေး-မော်ရိုကို သံတမန်ဆက်ဆံရေး အကောင်အထည်ပေါ်လာအောင် စွမ်းဆောင်ပေးခဲ့တဲ့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို မော်ရိုကိုက နိုင်ငံရဲ့ အမြင့်ဆုံးဂုဏ်ပြုဆု ချီးမြှင့်လိုက်ပါတယ်။

    မော်ရိုကိုဘုရင် မိုဟာမက်ကို ကိုယ်စားပြုတဲ့ Order of Muhammad ဘွဲ့ကို အမေရိကန်ဆိုင်ရာ မော်ရိုကိုသံအမတ် တော်ဝင်မင်းသား လာလာ ဂျူမာလာ အလူဝီက အိမ်ဖြူတော်မှာ ထရမ့်ကို အခမ်းအနားနဲ့ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ Order of Muhammad ဘွဲ့ဟာ နိုင်ငံ့ခေါင်းဆောင်တွေကိုသာ ပေးအပ်တာ ဖြစ်ပါတယ်။

    ထရမ့်ရဲ့သားမက်ဖြစ်ပြီး အိမ်ဖြူတော် အရှေ့အလယ်ပိုင်းဆိုင်ရာ အကြံပေး ဂျရဒ် ကက်ရှ်နာ၊ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်ကိုယ်စားလှယ် အဗီ ဘာကိုဝစ်ဇ်တို့ကိုလည်း မော်ရိုကိုက ဂုဏ်ပြုဆုတံဆိပ်တွေ ချီးမြှင့်ခဲ့ပါတယ်။ သူတို့ နှစ်ဦးစလုံးဟာ အစ္စရေး-မော်ရိုကို သံတမန်ဆက်ဆံရေး ထူထောင်ဖို့ ကြိုးပမ်းပေးခဲ့ကြတာပါ။

    မော်ရိုကိုဟာ ဒီဇင်ဘာလက အစ္စရေးနဲ့ တရားဝင် ဆက်ဆံရေးထူထောင်ခဲ့ပြီး ယူအေအီး၊ ဘာရိန်းနဲ့ ဆူဒန်တို့ပြီးတဲ့နောက် ၂၀၂၀ ခုနှစ်အတွင်း အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်တဲ့ မွတ်စလင်ကမ္ဘာက စတုတ္ထမြောက်နိုင်ငံ ဖြစ်လာပါတယ်။

    အလ်ဂျီးရီးယား ကျောထောက်နောက်ခံပြုထားတဲ့ Polisario Front လက်နက်ကိုင်အဖွဲ့နဲ့ မော်ရိုကိုတို့အကြား ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ အနောက်ဖက် ဆာဟာရဒေသကို အမေရိကန်က မော်ရိုကိုပိုင်အဖြစ် အသိအမှတ်ပြုခဲ့မှုအတွက်လည်း ထရမ့်တစ်ယောက် ဝေဖန်ခံခဲ့ရပါတယ်။

    Ref: Reuters

  • လူဖြူအမျိုးသားရေးဝါဒနှင့် လူဖြူအစွန်းရောက်ဝါဒ အန္တရာယ်ကို အမေရိကန် ရင်ဆိုင်လာရ

    လူဖြူအမျိုးသားရေးဝါဒနှင့် လူဖြူအစွန်းရောက်ဝါဒ အန္တရာယ်ကို အမေရိကန် ရင်ဆိုင်လာရ

    ဒီဇင်ဘာ ၁၆၊ ၂၀၂၁
    M-Media

    လူဖြူအစွန်းရောက်များ၏ ဆန္ဒပြပွဲတစ်ခု

    -ထရမ့်ကိုထောက်ခံတဲ့ လူဖြူအစွန်းရောက်အဖွဲ့တွေ၊ လူဖြူအမျိုးသားရေးအဖွဲ့တွေဟာ နိုင်ငံတစ်ဝှမ်း အဖျက်အမှောင့်လုပ်ငန်းတွေ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့အထိ ရည်ရွယ်ထားကြတယ်လို့ အမေရိကန် အမုန်းစကားတိုက်ဖျက်ရေးအဖွဲ့ Southern Poverty Law Center (SPLC) က မနေ့မှာ သတိပေးလိုက်ပါတယ်။

    နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန်အနိုင်ရတာကို မကျေနပ်မှုကနေ စတင်ခဲ့တဲ့ ထရမ်​့ရဲ့ လှုံ့ဆော်မှုတွေကြောင့် သူ့ကိုထောက်ခံသူ​တွေဟာ ဇန်နဝါရီ ၆ ရက်နေ့က လွှတ်တော်ကို ဝင်ရောက်စီးနင်းတာမျိုးအထိ လုပ်ဆောင်ခဲ့ပါတယ်။

    SPLC အဖွဲ့က ထရမ့်ကိုထောက်ခံတဲ့ လူဖြူအမျိုးသားရေး အုပ်စုတွေ၊ လူဖြူအစွန်းရောက်အုပ်စုတွေ၊ ပြည်သူ့စစ်တွေ စုပေါင်းကာ ထရမ့် အာဏာတည်မြဲရေး၊ ဆိုရှယ်မီဒီယာမှာ သူတို့အဖွဲ့တွေ ပိတ်ပင်ခံရမှုကို တိုက်ဖျက်ရေး လုပ်ဆောင်ဖို့၊ ပြည်နယ် ၅၀ စလုံးမှာ လက်နက်ကိုင် ဆန္ဒပြမှုတွေ လုပ်ဖို့ စီစဉ်နေကြတယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    “ဘယ်လုပ်လုပ်ရမလဲဆိုတဲ့ နည်းလမ်းတွေ၊ သူတို့ပစ်မှတ်ထားမယ့်သူတွေကို အွန်လိုင်းမှာ မျှဝေတာတွေ လုပ်နေတယ်။ ထရမ့် အမည်စာရင်းပေးတာနဲ့ အဲဒီလူတွေကို သတ်ဖြတ်ဖို့ အဆင်သင့်ရှိတယ်ဆိုတာမျိုးတွေလည်း ပြောနေကြပါတယ်။ ဒါတွေ တစ်ကယ်လုပ်မယ်ဆိုတာ ယုံကြည်ရလောက်တဲ့ အကြောင်းအရင်းတွေ ရှိနေပါတယ်” လို့ SPLC ဥက္ကဌ မာဂရက် ဟူအန်က ပြောကြားခဲ့ပါတယ်။

    အွန်လိုင်းမှာ လူစု

    ဘိုင်ဒန်ရဲ့ ရွေးကောက်ပွဲအောင်နိုင်မှုကို လွှတ်တော်က အတည်ပြုမယ့် ဇန်နဝါရီ ၆ ရက်နေ့က လွှတ်တော်ကို ထရမ့်ထောက်ခံသူတွေ ဝင်ရောက်စီးနင်းမှုမှာ ဒုတိယသမ္မတ မိုက်ပန့်စ်နဲ့ လွှတ်တော်အမတ်တွေကို ပြန်ပေးဆွဲဖို့ တိုက်ခိုက်ဖို့အထိ စီစဉ်ထားတယ်ဆိုတဲ့ အထောက်အထားတွေကိုလည်း တွေ့ခဲ့ရပါတယ်။

    ဒီအဖြစ်အပျက်မှာ ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် အနည်းဆုံး လူ ၅ ဦးသေဆုံးခဲ့ပါတယ်။

    SPLC အဖွဲ့က ပြောရေးဆိုခွင့်ရှိသူဖြစ်ပြီး စုံစမ်းဖော်ထုတ်ရေး ဂျာနယ်လစ်လည်းဖြစ်တဲ့ မိုက်ကယ် အက်ဒီဆင်ဟေဒန်က ရဲတပ်ဖွဲ့က စောင့်ကြည့်မှုတွေ လုပ်ဆောင်လာတာကြောင့် လူဖြူအမျိုးသားရေး အစွန်းရောက်အဖွဲ့တွေဟာ ဆိုရှယ်မီဒီယာတွေမှာ စကားဝှက်တွေကို အသုံးပြုပြီး ဆက်သွယ်လာကြတယ်လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန်က နာဇီလက်သစ်အဖွဲ့တွေ၊ လူဖြူအမျိုးသားရေးအစွန်းရောက်အဖွဲ့တွေဟာ IS နဲ့ အလ်ကိုင်းဒါးတို့လို အကြမ်းဖက်အဖွဲ့တွေလို ဝါဒဖြန့် လူစုတာမျိုး လုပ်​နေတယ်လို့လည်း ဟေဒန်က ဆိုပါတယ်။

    ဇန်နဝါရီ ၂၀ ရက်နေ့ သမ္မသစ် ဂျိုးဘိုင်ဒန် ကျမ်းသစ္စာမကျိန်ခင် မြို့တော်ဝါရှင်တန်မှာ အရေးပေါ်အခြေအနေ ကြေငြာထားပြီး လွှတ်တော်အဆောက်အဦးအပါဝင် မြို့တစ်ဝှမ်း နိုင်ငံတော် အစောင့်တပ်က တပ်ဖွဲ့ဝင် ၂ သောင်းကျော် ချထားပါတယ်။ လွှတ်တော်စီးနင်းမှုမှာ ပါဝင်တဲ့သူတွေကို ဖမ်းဆီးနိုင်ဖို့အတွက် ပြည်ထောင်စုအစိုးရက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

    ဟေဒန်က ဝါရှင်တန်နဲ့ နိုင်ငံတစ်ဝှမ်းမှာ အကြမ်းဖက်မှုတွေ ထပ်ဖြစ်လာနိုင်တယ်လို့လည်း သတိပေးခဲ့ပါတယ်။

    ဆိုရှယ်မီဒီယာတွေက အရေးယူ

    ထရမ့်ကိုထောက်ခံသူတွေက လွှတ်တော်အဆောက်အဦးကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက်ပိုင်း Twitter၊ Facebook နဲ့ အခြား ဆိုရှယ်မီဒီယာတွေဟာ ထရမ့်ရဲ့အကောင့်ကို ဖယ်ရှားတာမျိုး လုပ်ခဲ့သလို လူဖြူအမျိုးသားရေးဝါဒီတွေရဲ့ ဝါဒဖြန့် အက်ပလီကေးရှင်း Parler ကို Amazon က ဖြုတ်ချခဲ့ပါတယ်။

    Amzon ရဲ့ ရှေ့နေတွေက Parler အက်ပလီကေးရှင်းမှာ အထက်လွှတ်တော်က လူနည်းစုအမတ်များအဖွဲ့ခေါင်းဆောင် ချက်ရှူမာနဲ့ အောက်လွှတ်တော်ဥက္ကဌ နန်စီပီလိုစီတို့ကို သတ်ဖြတ်ဖို့ လှုံ့ဆော်မှုတွေ ရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ​​ဒီမိုကရက်တစ်ပါတီ ဆန့်ကျင်ရေးအဖွဲ့နဲ့ လူဖြူအမျိုးသားရေးအစွန်းရောက်အဖွဲ့တွေ ပူးပေါင်းဖို့ ကြိုးစားနေတာမျိုး ရှိနေပြီး ဒါဟာ အင်မတန်ကြောက်စရာကောင်းကြောင်း၊ ရီပက်ဘလစ်ကန်ပါတီအနေနဲ့ အမျိုးသားရေးအစွန်းရောက်တွေ ဒီလိုပူးပေါင်းတာမျိုးကို တားဆီးဖို့ လိုအပ်ကြောင်း ဟေဒန်က သတိပေးခဲ့ပါတယ်။

    Ref: Aljazeera

  • နောက်ဆုံးပေါ် ဒုံးကျည်နှင့် ဒရုန်းများသုံးမည့် စစ်ရေးလေ့ကျင့်မှုတစ်ခုကို အီရန် စတင်

    နောက်ဆုံးပေါ် ဒုံးကျည်နှင့် ဒရုန်းများသုံးမည့် စစ်ရေးလေ့ကျင့်မှုတစ်ခုကို အီရန် စတင်

    ဇန်နဝါရီ ၁၆၊ ၂၀၂၁
    M-Media

    -ပြည်တွင်းဖြစ် နောက်ဆုံးပေါ် ဒုံးကျည်တွေ၊ တိုက်ပွဲဝင်ဒရုန်းတွေ စမ်းသပ်မယ့် အကြီးစား စစ်ရေးလေ့ကျင့်မှုတစ်ခုကို အီရန်က နိုင်ငံအလယ်ပိုင်းမှာ စတင်ပြုလုပ်နေပါတယ်။

    ဒီစစ်ရေးလေ့ကျင့်မှုကို Great Prophet 15 လို့ အမည်ပေးထားပါတယ်။ လေ့ကျင့်မှု ပထမအဆင့်မှာပဲ မြေပြင်ကမြေပြင်ပစ် မျိုးဆက်သစ် တိုက်ချင်းပစ် ဒုံးကျည်တွေ၊ ဗုံးကြဲဒရုန်းတွေကို စမ်းသပ် အသုံးပြုခဲ့ပြီး ပစ်မှတ်တွေကို ထိမှန်ခဲ့တယ်လို့ အီရန်စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

    မနေ့က ဒုံးကျည်ပစ်လွှတ်မှုကို တက်ရောက်ကြည့်ရှုခဲ့တဲ့ တော်လှန်ရေးအစောင့်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ် ဟိုစိန် ဆာလာမီက မိမိတို့ရဲ့ အရေးပါတဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ အီရန်က ခိုင်မာတဲ့သန္နိဌာန် ချထားတယ်ဆိုတာကို ဒုံးကျည်သစ်နဲ့ ဒရုန်းအသစ်တွေက ပြသနေတာလို့ ပြောကြားခဲ့ပါတယ်။

    အခု စစ်ရေးလေ့ကျင့်မှုမှာ Zulfaqar၊ Zelzal နဲ့ Dezful စတဲ့ ပြည်တွင်းဖြစ်ဒုံးကျည်တွေကိုလည်း စမ်းသပ်ခဲ့ပါတယ်။ ဒီဒုံးကျည်တွေဟာ ​ပဲ့ထိန်း ဒုံးထိပ်ဖူးတွေ တပ်ဆင်လို့ရပြီး ရန်သူတွေရဲ့ ဒုံးခွင်းစနစ်ကို ထိုးဖောက်ဝင်ရောက် နှောက်ယှက်နိုင်တယ်လို့ ဆိုပါတယ်။

    အီရန်ဟာ ပြီးခဲ့တဲ့တစ်ပတ်ကပဲ နိုင်ငံတောင်ပိုင်းက မဟာဗျူဟာကျတဲ့ အိုမန်ပင်လယ်နဲ့ ပါရှန်ပင်လယ်ကွေ့မှာ ရေတပ်စစ်ရေးလေ့ကျင့်မှု လုပ်ခဲ့ပါတယ်။

    Ref: Press TV

  • ကိုဗစ်ကြောင့် ကမ္ဘာတစ်ဝှမ်းတွင် သေဆုံးသူ ၂ သန်းကျော်ပြီ

    ကိုဗစ်ကြောင့် ကမ္ဘာတစ်ဝှမ်းတွင် သေဆုံးသူ ၂ သန်းကျော်ပြီ

    ဇန်နဝါရီ ၁၆၊ ၂၀၂၁
    M-Media

    -တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ​ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ စတင်ပြန့်နှံ့ခဲ့တဲ့ Covid-19 ရောဂါကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးသူ အရေအတွက်ဟာ ၂ သန်းကျော်လာပြီ ဖြစ်ပါတယ်။

    ဒါဟာ ဘရပ်ဆဲလ်၊ မက္ကာ၊ မင့်စ် ဒါမှမဟုတ် ဗီယင်နာမြို့မှာ နေထိုင်တဲ့ လူဦးရေ ပမာဏလောက် ရှိနေတာပါ။ ကမ္ဘာတစ်ဝှမ်း ကူးစက်သူအရေအတွက်ကတော့ ၉၃ သန်း ကျော် ရှိနေပါပြီ။

    သေဆုံးမှုအများဆုံးက ဥရောပတိုက်မှာဖြစ်ပြီး ၆ သိန်းခွဲကျော်ကျော်လောက် ရှိနေတာပါ။ လက်တင်အမေရိကနဲ့ ကာရစ်ဘီယံဒေသမှာ ၄ သိန်း ၄ သောင်းကျော်ရှိပြီး ကနေနဲ့ အမေရိကန်မှာတော့ ၄ သိန်းကျော် သေဆုံးပါတယ်။

    ကုလသမဂ္ဂအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က ကိုဗစ်တိုက်ဖျက်ရေးကို စည်းစည်းလုံးလုံးနဲ့ ဆောင်ရွက်ဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းခဲ့ပါတယ်။

    အမေရိကန်၊ ယူကေ၊ ကနေဒါ၊ ဂျာမနီတို့လို့ ချမ်းသာတဲ့နိုင်ငံတွေမှာ ပြည်သူတွေဟာ ကာကွယ်ဆေး တစ်ကြိမ်ထိုးတာအပါအဝင် ရောဂါကာကွယ်ရေးနည်းလမ်း အနည်းဆုံး တစ်ခုမဟုတ်တစ်ခုကို ရရှိခံစားနေရပါတယ်။

    ကုလသမဂ္ဂရဲ့ ကိုဗစ်ကာကွယ်ဆေးရရှိရေးအဖွဲ့ COVAX က ဖွံ့ဖြိုးဆဲနိုင်ငံတွေထံ ကိုဗစ်ကာကွယ်ဆေး ရောက်ရှိစေဖို့ ကြိုးပမ်းနေပေမယ့် ကာကွယ်ဆေး ပြတ်လတ်တာ၊ ပို့ဆောင်ရေးခက်ခဲတာ၊ ငွေကြေးမလုံလောက်တာ၊ စတဲ့ အခက်အခဲတွေကို ကြုံတွေ့နေရပါတယ်။

    ကမ္ဘာ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းမှာ ကိုဗစ်တိုက်ဖျက်နိုင်မယ့် ကိုယ်ခံစွမ်းအား ၇၀ ရာခိုင်နှုန်း ရရှိမှသာ ဒီရောဂါကို ​တားဆီးနိုင်မှာဖြစ်ပြီး အခုနှစ်အတွင်း ဒီရည်မှန်းချက် ပြည့်မြောက်ဖို့ မဖြစ်နိုင်ဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    လက်ရှိမှာ အမေရိကန်ထုတ် Pfizer-BioNTech၊ အောက်စဖို့တက္ကသိုလ်ထုတ် AstraZeneca၊ ရုရှားထုတ် Sputnik နဲ့ တရုတ်ထုတ် Sinovac စတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို ကမ္ဘာတစ်ဝှမ်းမှာ အသုံးပြုနေပါတယ်။

    Ref: Reuters

  • ခေတ်ရှေ့ပြေး မြို့သစ်စီမံကိန်းကို ဆော်ဒီထုတ်ပြ (မြန်မာစာတမ်းထိုး)

    အောက်ပါလင့်ကိုနှိပ်၍ ဗီဒီယိုကြည့်ရှုပါ။

    https://fb.watch/320XcZl1FE/

    -နိုင်ငံအနောက်မြောက်ပိုင်း ပင်လယ်နီကမ်းနဖူးပေါ်မှာ ဆော်ဒီအာရေဗျက စမတ်မြို့တော်သစ် တည်ဆောက်မှာပါ။ ကားမရှိ၊ ကားလမ်းမရှိဘဲ၊ AI နည်းပညာ၊ ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ် စတဲ့ နောက်ဆုံးပေါ်နည်းပညာတွေကို ဒီမြို့မှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။

    ဒေါ်လာ ဘီလီယံ ၂၀၀ လောက်ကုန်ကျမှာဖြစ်ပြီး လူသန်းချီ နေထိုင်နိုင်မယ့် အပန်းဖြေမြို့ဖြစ်လာမှာပါ။ အနာဂတ်မှာ ကမ္ဘာလှည့်ခရီးသွားတွေကို စွဲဆောင်ဖို့ စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။Video Source – AlArabiya (M-Media မှ ဘာသာပြန်ဆို စာတမ်းထိုး တင်ဆက်သည်)