News @ M-Media

Blog

  • အာဖဂန်တွင် အမျိုးသမီးတရားသူကြီး ၂ ဦး လုပ်ကြံသတ်ဖြတ်ခံရ

    အာဖဂန်တွင် အမျိုးသမီးတရားသူကြီး ၂ ဦး လုပ်ကြံသတ်ဖြတ်ခံရ

    ဇန်နဝါရီ ၁၈၊ ၂၀၂၁
    M-Media

    တိုက်ခိုက်မှုအပြီး မြင်ကွင်း

    -အာဖဂန်နစ္စတန် တရားရုံးချုပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီး တရားသူကြီးနှစ်ဦး မနေ့က မြို့တော် ကဘူးလ်မှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရပါတယ်။

    ရုံးတက်ဖို့ ကားမောင်းလာစဉ်မှာ အမည်မသိ သေနတ်သမားတွေက အကြမ်းဖက်တိုက်ခိုက်ခဲ့တယ်လို့ တရားရုံးချုပ် ပြောရေးဆိုခွင့်ရှိသူ ဖာဟင် ကာဝင်က ပြောပါတယ်။

    တိုက်ခိုက်မှုကို ဘယ်အဖွဲ့လုပ်တယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။ တာလီဘန်လက်နက်ကိုင်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇဘီဟွလ္လာဟ် မူဂျာဟစ်က သူတို့လုပ်တာမဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။

    အာဖဂန်နစ္စတန်တရားရုံးချုပ်မှာ အမျိုးသမီးတရားသူကြီး ၂၀၀ ကျော် တာဝန်ထမ်းဆောင်နေတာပါ။

    ၂၀၁၇ ခုနှစ်က တရားရုံးချုပ်အဆောက်အဦး အသေခံကားဗုံးခွဲတိုက်ခိုက်ခံရပြီး အနည်းဆုံး ဝန်ထမ်း ၂၀ သေဆုံးခဲ့ကာ ၄၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    တာလီဘန်နဲ့ အာဖဂန်တို့အစိုးရတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးနေပေမယ့် နိုင်ငံတစ်ဝှမ်း တိုက်ခိုက်မှုတွေ မြင့်တက်နေပြီး ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း နိုင်ငံရေးသမား၊ ဂျာနယ်လစ်၊ တက်ကြွလှုပ်ရှားသူတွေ၊ ဆရာဝန်တွေ၊ အစိုးရရှေ့နေတွေ အပါအဝင် ထင်ရှားသူတော်တော်များများ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။

    အာဖဂန်နစ္စတန်က အမေရိကန်တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဆန်နီ လက်ဂက်က ဒီတိုက်ခိုက်မှုတွေကို တာလီဘန်အဖွဲ့က ပြုလုပ်တာလို့ အခုလအစောပိုင်းမှာ စွပ်စွဲပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • တနင်္လာနေ့ ဘောလုံးသတင်းများ

    တနင်္လာနေ့ ဘောလုံးသတင်းများ

    ဇန်နဝါရီ ၁၈၊ ၂၀၂၁
    M-Media

    လီဗာပူးလ်-မန်ယူပွဲမြင်ကွင်း

    အနိုင်ရမည့်အခွင့်အရေးကို လွဲချော်သည့်အတွက် ဆိုးလ်ရှား စိတ်ပျက်နေ

    မနက်က လီဗာပူးလ်နဲ့ပွဲမှာ အနိုင်ရမယ့် ဂိုးသွင်းခွင့်တွေ လွဲချော်ခဲ့တဲ့အတွက် စိတ်ပျက်ရတယ်လို့ မန်ယူနည်းပြ ဆိုးလ်ရှားက ပြောကြားလိုက်ပါတယ်။

    ဒီပွဲ ဂိုးမရှိသရေကျခဲ့တာကြောင့် မန်ယူဟာ အဆင့် ၁ နေရာမှာ ဆက်ရှိနေပြီး ဒုတိယနေရာက မန်စီးတီးကို ၂ မှတ်ဖြတ်ထားပါတယ်။ လီဗာပူးလ်ကတော့ အဆင့် ၄ နေရာ​ရောက်သွားကာ မန်ယူနဲ့ ၃ မှတ်ကွာနေပါတယ်။

    တစ်မှတ်ရတဲ့အတွက် ကျေနပ်ပေမယ့် တစ်ချို့ကစားသမားတွေရဲ့ ကစားပုံကို အားမရဘူးလို့လည်း ဆိုးလ်ရှားက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    လီဗာပူးလ်နည်းပြ ကလော့ပ်ကတော့ ကစားပုံက အနိုင်ရလောက်အောင် ကောင်းခဲ့ပေမယ့် ဂိုးမရတာကြောင့် မနိုင်ခဲ့ကြောင်း၊ နောက်ပွဲတွေမှာ ပိုမိုကောင်းမွန်လာဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

    ဘွန်ဒစ်လီဂါတွင် လီဝမ်ဒေါ့စကီး ဂိုးသွင်းစံချိန်သစ်တင်

    ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝပ်ဒေါ့စကီးမဟာ နေ့က SC Freiburg နဲ့ပွဲမှာ တစ်ဂိုးသွင်းယူခဲ့ပြီး ဘွန်ဒစ်လီဂါ ၁၆ ပွဲမှာ ၂၁ ဂိုးသွင်းယူနိုင်တဲ့ ပထမဦးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

    ရာသီအစ ၅ ပွဲမှာ ၁၀ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ်လည်း အခုရာသီမှာ လီဝမ်ဒေါ့စကီးက မှတ်တမ်းရေးထိုးထားတာပါ။ လွန်ခဲ့တဲ့ ၄၉ နှစ်အရင်က ဂျရက်မူလာရဲ့ တစ်ရာသီ ဂိုး ၄၀ သွင်းခဲ့တဲ့ စံချိန်ကို ချိုးဖျက်ဖို့အတွက် လီဝမ်ဒေါ့စကီက ပစ်မှတ်ထားနေပါတယ်။

    လီဝမ်ဒေါ့စကီးတစ်ယောက် ဒီနှစ်မှာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် စုစုပေါင်း ၂၅ ပွဲကစားပြီး ၂၆ ဂိုးသွင်းယူထားပါတယ်။

    ဖီနာဘာချီသို့ပြောင်းသွားပြီဟု အိုဇေးလ်အတည်ပြု

    တူရကီကလပ် ဖီနာဘာချီအသင်းကို ပြောင်းရွှေ့သွားပြီလို့ အာဆင်နယ်ကွင်းလယ်လူ မီဆုအိုဇေးလ်က အတည်ပြုပြောကြားလိုက်ပါတယ်။

    အသက် ၃၂ နှစ်အရွယ် အိုဇေးလ်ဟာ အာဆင်နယ်မှာ ပါဝင်ကစားခွင့်မရတာ တစ်နှစ်နီးပါး ရှိနေပြီး ဖီနာဘာချီကို ၃ နှစ်ခွဲစာချုပ်နဲ့ ပြောင်းလာတာပါ။

    မိမိဟာ ဖီနာဘာချီအသင်းရဲ့ ပရိတ်သတ်တစ်ယောက်ဖြစ်ပြီး အသင်းဂျာစီဝတ်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိကြောင်း၊ အသင်းအတွက် တတ်နိုင်သမျှ ​ပေးဆပ်သွားမှာဖြစ်ကြောင်း အိုဇေးလ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ၂၀၁၃ မှာ အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၄၂ သန်းနဲ့ ပြောင်းလာပြီးနောက် အိုဇေးလ်ဟာ အာဆင်နယ်အတွက် ၂၅၄ ပွဲကစား ၄၄ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

    Ref: BBC

  • အိန္ဒိယတွင် ကိုဗစ်ကာကွယ်ဆေးထိုးမှု စတင်

    အိန္ဒိယတွင် ကိုဗစ်ကာကွယ်ဆေးထိုးမှု စတင်

    ဇန်နဝါရီ ၁၇၊ ၂၀၂၁
    M-Media

    -နိုင်ငံတစ်ဝှမ်း ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုကို အိန္ဒိယက မနေ့မှာ စတင်လိုက်ပြီး ကမ္ဘာအကြီးဆုံး ကိုဗစ်ကာကွယ်ဆေးထိုးမှုထဲက တစ်ခုလည်း ဖြစ်ပါတယ်။

    ကိုဗစ်တိုက်ဖျက်ရေး ရှေ့တန်းကနေ ပါဝင်ဆောင်ရွက်နေတဲ့ သူနာပြုတွေ၊ ဆရာဝန်တွေနဲ့ အခြားကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေး ထိုးသွားမှာပါ။

    ဝန်ကြီးချုပ် နရန်ဒရာမိုဒီက ဒီကာကွယ်ဆေးထိုးမှုဟာ အိန္ဒိယရဲ့လုပ်နိုင်စွမ်းကို ဖော်ပြတဲ့ ဆောင်ရွက်မှုတစ်ခုဖြစ်ပြီး ဆေးရဲ့ အန္တရာယ်ကင်းမှုနဲ့ပတ်သက်တဲ့ ကောလဟာလတွေကို မယုံကြဖို့ အွန်လိုင်းမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “ကာကွယ်ဆေးထိုးပြီးသွားရင်လည်း နမော်နမဲ့မနေပါနဲ့။ နှားခေါင်းစည်းမချွတ်ပါနဲ့။ ခပ်ခွာခွာနေထိုင်ဖို့လည်း မမေ့ပါနဲ့”

    အိန္ဒိယဟာ ယူကေထုတ် ကိုဗစ်ကာကွယ်ဆေး AstraZeneca နဲ့ ပြည်တွင်းကုမ္ပဏီ Bharat Biotech က ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးတို့ကို အရေးပေါ်အသုံးပြုခွင့် ပေးထားပြီး နိုင်ငံတစ်ဝှမ်းက မြို့ကြီးတွေကို ပြီးခဲ့တဲ့တစ်ပတ်က အလုံးရေ ၁၆.၅ သန်း ပို့ဆောင်ခဲ့ပါတယ်။

    Ref: Aljazeera

  • ပြင်သစ်အစိုးရနှင့် နိုင်ငံအတွင်း မွတ်စလင်ခေါင်းဆောင်များ သဘောတူညီချက်တစ်ခု ရရှိ

    ပြင်သစ်အစိုးရနှင့် နိုင်ငံအတွင်း မွတ်စလင်ခေါင်းဆောင်များ သဘောတူညီချက်တစ်ခု ရရှိ

    ဇန်နဝါရီ ၁၇၊ ၂၀၂၁
    M-Media

    -အစ္စလာမ်ဘာသာကို နိုင်ငံရေးဝါဒအသွင် ပုံဖော်မှု ဆန့်ကျင်ရေး၊ နိုင်ငံအတွင်းက အစ္စလာမ်ဘာသာကို နိုင်ငံရပ်ခြားက ဝင်ရောက်စွက်ဖက်မှု တိုက်ဖျက်ရေး၊ အစ္စလာမ်သာသနာကို ပြင်သစ်နိုင်ငံ​ရေးစနစ်နဲ့ ကိုက်ညီစွာ ကျင့်သုံးရေး စတာတွေ ပါဝင်တဲ့ ‘မူဝါဒဆိုင်ရာ သဘောတူညီချက်’ တစ်ခုကို ပြင်သစ် အစ္စလာမ်သာသနာရေးရာကောင်စီ (CFCM) နဲ့ ပြင်သစ်အစိုးရတို့ မနေ့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

    CFCM ကို ၂၀၀၃ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး နိုင်ငံတစ်ဝှမ်းက ဗလီဝတ်ကျောင်းတော်တွေ၊ အစ္စလာမ့်သာသနိကအဆောက်အဦးတွေကို စီမံခန့်ခွဲနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

    CFCM မနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပြင်သစ်ရဲ့ ဘာသာရေးမစွက်တဲ့ နိုင်ငံရေးစနစ်နဲ့ ကိုက်ညီစွာ အစ္စလာမ်သာသနာကို ကျင့်သုံးနိုင်ရေး၊ အစ္စလာမ်သာသနာကို နိုင်ငံရေးလက်နက် တစ်ခုသဖွယ် အသုံးချမှု တိုက်ဖျက်ရေး၊ ပြင်သစ်နိုင်ငံက အစ္စလာမ်ဘာသာအပေါ် တစ်ခြားနိုင်ငံတွေက ဝင်ရောက်စွက်ဖက်မှုကို တားဆီးရေး၊ အစ္စလာမ်ဘာသာဝင်တစ်ချို့မှာရှိနေတဲ့ အမျိုးသား အမျိုးသမီး ခွဲခြားဆက်ဆံတဲ့ လူမျိုးစု​​ဓလေ့တွေကို တားဆီးရေး စတာတွေအတွက် အစိုးရနဲ့ သဘောတူညီခဲ့တာလို့ ဖော်ပြထားပါတယ်။

    သဘောတူညီချက်အရ နိုင်ငံတော်အဆင့် ရှေ့ဆောင်အီမာမ်များကောင်စီ ဖွဲ့စည်းနိုင်မှာဖြစ်ပြီး ဒီကောင်စီက နိုင်ငံတစ်ဝှမ်း ဗလီတွေမှာ ရှေ့ဆောင်အီမာမ်တွေ ခန့်ထားတာ၊ ထုတ်ပယ်တာတွေ လုပ်ဆောင်နိုင်မှာပါ။

    CFCM ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ​ဆွေးနွေးခဲ့တဲ့ ပြင်သစ်ပြည်ထဲရေးဝန်ကြီး Gérald Darmanin က ဒီသဘောတူညီချက်ဟာ ‘ပြင်သစ်နိုင်ငံက အစ္စလာမ်ဘာသာဝင်တွေနဲ့ ပြင်သစ်နိုင်ငံအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ခု ဖြစ်တယ်’ လို့ ပြောကြားခဲ့ပါတယ်။

    ပြင်သစ်နိုင်ငံက အစ္စလာမ်ဘာသာဝင်တစ်ချို့မှာ ရှိနေတဲ့ အစွန်းရောက်ဝါဒကို တိုက်ဖျက်ရေး၊ နိုင်ငံရဲ့ ဘာသာရေးမစွက်တဲ့ နိုင်ငံရေးတန်ဖိုးတွေကို ထိန်းသိမ်းရေးဆိုတဲ့ ငြင်သစ်သမ္မ မာခရွန်ရဲ့ စီမံကိန်းကနေ ဒီသဘောတူညီချက် ထွက်ပေါ်လာတာပါ။

    မာခရွန်ဟာ နိုဝင်ဘာလက အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံကာ နိုင်ငံအတွင်းက အစ္စလာမ်သာသနာ ကျင့်သုံးမှုကို စနစ်တကျဖြစ်အောင်လုပ်မယ့် သူ့ရဲ့အစီအစဉ်ကို လက်ခံဖို့ တိုက်တွန်းခဲ့ပါတယ်။

    မွတ်စလင်ခေါင်းဆောင်တစ်ချို့က ဒီမူဝါဒကို လက်မှတ်ရေးထိုးဖို့အတွက် ဖိအားပေးတဲ့သဘောမျိုး ခံစားရတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီမူဝါဒသဘောတူညီချက်မှာပါဝင်တဲ့ အချက်အားလုံးကို သဘောတူတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ပြင်သစ်က အစ္စလာမ်သာသနာအတွက် အလှည့်အပြောင်းတစ်ခုကို ရောက်နေပြီး ကျွန်တော်တို့ မွတစ်လင်တွေကလည်း ကိုယ့်ရဲ့ တာဝန်၀တ္တရားတွေကို ကျေပွန်ရပါမယ်” လို့ CFCM ရဲ့ ဒုတိယ ဥက္ကဌဖြစ်ပြီး ပဲရစ်ဂျာမေဗလီရဲ့ အုပ်ချုပ်သူလည်းဖြစ်တဲ့ Chems-Eddine Hafiz က ပြောကြားခဲ့ပါတယ်။

    Ref : Anadolu Agency

  • စနေနေ့ ဘောလုံးသတင်းများ

    စနေနေ့ ဘောလုံးသတင်းများ

    ဇန်နဝါရီ ၁၆၊ ၂၀၂၁
    M-Media

    လီဗာပူးလ်နှင့်ပွဲတွင် ပရိတ်သတ်ပျော်အောင် ဖာနန်ဒက်ဇ်က လုပ်ပေးချင်နေ

    လီဗာပူးလ်နဲ့ပွဲမှာ ပရိတ်သတ်တွေပျော်အောင် လုပ်ပေးချင်တယ်လို့ မန်ယူကွင်းလယ်လူ ဘရူနို ဖာနန်ဒက်ဇ်က ပြောကြားလိုက်ပါတယ်။

    မန်ယူဟာ လက်ရှိမှာ ဒုတိယနေရာက လီဗာပူးလ်ကို ၃ မှတ်ဖြတ် ဦးဆောင်ထားပြီး မနက်ဖြန်ပွဲမှာသာ အနိုင်ရရင် ၆ မှတ်ဖြတ်ထားနိုင်မှာပါ။

    ဖာနန်ဒက်ဇ်က ပြိုင်ဘက်အသင်း ပုခုံးချင်းယှဉ်လာတာကို ဘယ်သူကမှ မလိုလားဘူးလို့ ဆိုပါတယ်။ ပြည်တွင်းအမှတ်ပေးချန်ပီယံ ၁၉ ကြိမ်ရထားတဲ့ လီဗာပူးလ်ရဲ့စံချိန်ကို မန်ယူက အကြိမ် ၂၀ နဲ့ ချိုးဖျက်ထားတာပါ။

    ဖာနန်ဒက်ဇ်က ၂၁ ကြိမ်သာဖြစ်ရင် ပိုပြီး ပျော်စရာကောင်းမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ပီအက်စ်ဂျီနည်းပြ ပိုချက်တီနို ကိုဗစ်ကူးစက်ခံရ

    ပီအက်စ်ဂျီအသင်းရဲ့ နည်းပြ မော်ရီစီယို ပိုချက်တီနိုဟာ ကိုဗစ်ကူးစက်ခံထားရပြီး လာမယ့် အမှတ်ပေးပွဲစဉ်နှစ်ခုကို လွဲချော်တော့မှာ ဖြစ်ပါတယ်။

    အသက် ၄၈ နှစ်အရွယ် ပိုချက်တီနိုဟာ အခုလအစောပိုင်းက နည်းပြသစ်ဖြစ်လာတာ ဖြစ်ပြီး ၃ ပွဲမြောက်ပွဲမှာပဲ မာဆေးလ်အသင်းကို အနိုင်ကစားကာ Trophee des Champions ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

    အသင်းရဲ့ထုတ်ပြန်ချက်မှာတော့ ပိုချက်တီနိုဟာ သီးသန့်ခွဲနေထိုင်ကာ ဆေးကုသနေပြီး အသင်းကို လက်ထောက်နည်းပြနှစ်ဦးက ကိုင်တွယ်သွားမယ်လို့ ဖော်ပြထားပါတယ်။

    အင်္ဂလန်လက်ရွေးစင်ဟောင်းရူနီ ဒါဘီကောင်တီနည်းပြ ဖြစ်လာ

    မန်ယူနဲ့ အင်္ဂလန်အသင်းတို့ရဲ့ တိုက်စစ်မှူးဟောင်း ဝိန်းရူနီဟာ ဘောလုံးသမားဘ၀က အနားယူသွားပြီ ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီအသင်းရဲ့ နည်းပြချုပ် ဖြစ်လာပါတယ်။

    ၃၅ နှစ်အရွယ် ရူနီကို ၂၀၂၃ ခုနှစ်အထိ ဒါဘီက စာချုပ်ချုပ်ခဲ့တာပါ။ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ စတီဗင်ဂျရတ်နဲ့ စကော့ပါကားတို့လည်း ဒါဘီရဲ့ အုပ်ချုပ်ရေးအဖွဲ့မှ ာပါဝင်လာပါတယ်။ ရူနီဟာ ဒါဘီမှာ ကစားသမားနည်းပြအဖြစ် ဆောင်ရွက်နေတာဖြစ်ပါတယ်။

    အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရတဲ့အတွက် ပျော်ရွှင်မိကြောင်း၊ ဂျရတ်၊ ပါကား၊ ဂျွန်တယ်ရီတို့လို အင်္ဂလန်ကစားသမားဟောင်းတွေ ပိုက်ဆံပိုရတဲ့ ဘောလုံးသုံးသပ်သူအလုပ်ထက် နည်းပြလောကထဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ခြေစုံပစ်ဝင်လာတာကို ကျေနပ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: BBC