News @ M-Media
Blog
  • သမိုင်းဟူသည် ဤသို့တည်-၄ [မင်းကြီးအသောက နှင့် ယောနက-အာဖဂန် နှင့် အစ္စလာမ်- အာဖဂန်မင်းနှင့် ဗုဒ္ဓဘာသာ]
    သမိုင်းဟူသည် ဤသို့တည်-၄ [မင်းကြီးအသောက နှင့် ယောနက-အာဖဂန် နှင့် အစ္စလာမ်- အာဖဂန်မင်းနှင့် ဗုဒ္ဓဘာသာ]
    ရဲရင့်သစ္စာ
    ယခုဆောင်းပါးမှာ အစ္စလာမ်သာသနာ နှင့်ပတ်သတ်ပြီး သမိုင်းအလွဲများစွာ ထည့်သွင်းေ၇းသားထားတဲ့ ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့် မူ၇င်းစာအုပ်လင်ခ့် စာအုပ်ကိုဤ ကျမ်းငယ်ပြုစုသူ ရဲရင့်သစ္စာမှ သမိုင်းအမှန်များ ဖြင့် ပြန်လည်ဖြေရှင်းရေးသားသာ စာအုပ်မှ အခန်းဆက်ဖော်ပြချက်ဖြစ်ပါသည်။
    တဆက်ထဲမှာ ယခု ရက်ပိုင်းအတွင်း News Watch ဂျာနယ်တွင် သမိုင်းဆိုင်ရာ အချက်အလက် အမှားများစွာနှင့် အစ္စလာမ်သာသနာအား တဖက်သက်တိုက်ခိုက် ရေးသားထားသည့် ရေးသားသူ သရ၀ဏ် (ပြည်) ဆိုသူရဲ့ အာဖဂန်နစ္စတန်တွင် ဗုဒ္ဓဘာသာပျောက်ကွယ်သွားခြင်းအကြောင်း –  ပါ အကြောင်းအရာများကို ယှဉ်တွဲဖတ်ရှု့ကြပါရန်။
    မင်းကြီးအသောက နှင့် ယောနက
    စာမျက်နှာ ၄၄၊ ၄၅ မှာ စာရေးသူက “ဂန္ဓာရတိုင်း ၊ ယောနကတိုင်း ဟုခေါ်သော (ယခု အာဖဂန်နစ္စတန်၊ တဂတ်မင် နစ္စတန်၊အီရန် ၊ အီရတ်၊ တူရကီ၊ ဆီးရီးယားနှင့် ဂျော်ဒန်) ဒေသတို့မှာ အသောက မင်းကြီး နှင့် မိလိန္ဒ မင်းကြီး တို့ စိုးစံ ခဲ့သော (ဘီစီ-၂၄၄) မှ (ဘီစီ-၁၄၀) အတွင်းနှစ်ပေါင်း (၁၀၄) နှစ်ကျော်မျှ ထေရ ဝါဒဗုဒ္ဓသာသနာ ထွန်းလင်းရာ ဒေသဖြစ်ခဲ့သည်။ ထိုဒေသအားလုံး မှာ ယခု အခါအစ္စလမ်ထီးရိပ်အောက် သို့ဝင်ရောက် ခိုလှုံသွားခဲ့ကြပြီဖြစ်သည်။”
    အဲဒီလိုရေးသားထားတဲ့အတွက် ဆိုလိုရင်းကဘယ်လိုပုံပေါက်နေသလဲဆို တော့ အဲဒီနေရာတွေမှာ ထေရဝါဒဗုဒ္ဓသာသနာထွန်းလင်းခဲ့ပေမဲ့၊ မွတ်စ်လင်မ် တွေကတိုက်ခိုက်ပြီး သိမ်းသွင်းလိုက်လို့အစ္စလာမ် ထီးရိပ်အောက်ကိုရောက်သွား သလိုလို။
    ဂန္ဓာရတိုင်း ဆိုတာက “အာဖဂန်နစ္စတန်၊ တဂတ်မင် နစ္စတန်တို့ကို ခေါ် တယ်” ဆိုတဲ့အချက်ဟာ အငြင်းပွါးစရာမရှိပါ။ သို့သော်ယောနကတိုင်းဆိုတာ အီရန် ၊ အီရတ်၊ တူရကီ၊ ဆီးရီးယား နှင့်ဂျော်ဒန် တို့ကို ဆိုလိုတာ ဖြစ်ကြောင်း စာရေးသူ ဆရာတော် အပါအဝင် အချို့ဗုဒ္ဓဘာသာပညာရှင်တွေ က ရေးထားပေမဲ့ ယောနက တိုင်းဆိုတာ ဇင်းမယ်ခရိုင်ကိုဆိုလိုတာဖြစ်ကြောင်း၊ ယိုးဒယားမြောက်ပိုင်း ဖြစ်သော ဇင်းမယ် (ချင်းမိုင်) ၊ ကျိုက်ခေါင်စတဲ့ မြို့တွေရဲ့ တည်နေရာဖြစ်ကြောင်း၊  ရာဇဂုရု-ရာဇာဓိ ရာဇ ဂုရု တံဆိပ်တော်နှစ်တန် အပူဇော်ခံရသော မောင်းထောင်ဆရာတော် ဘုရားကြီး ရေးသားထား တဲ့ ပါဠှိ ဘာသာသာသနာဝင်ကျမ်း၏ မြန်မာဘာသာပြန်မှာ အတည့်အလင်း ပါရှိလို့နေပါတယ်။
    စာရေးသူ ရဲ့ အရေးအသားနဲ့အဲဒီကျမ်းရဲ့ အလို နဲ့ယှဉ်ရင်အရှေ့ အနောက်ဆန့်ကျင်ဖက်ကြီး ကို ကွာခြားလို့နေပါတော့တယ် ခင်ဗျာ ။ ဘယ်အဆိုအမှန်လဲ ဆိုတာကိုတော့ ပညာရှင်အချင်းချင်း ညှိ ယူကြစေချင်ပါတယ်။
    အသောကမင်းကြီး ဟာ ကိုးတိုင်းကိုးဌာန ကို ဗုဒ္ဓသာသနာပြုတွေ စေလွှတ်ခဲ့ တယ်လို့ဗုဒ္ဓဘာသာ သမိုင်းတွေမှာရေးသားထားကြတာအမှန်ပါဘဲ။ အဲဒီလိုစေလွှတ်ခဲ့ ပေမဲ့ အဲဒီတိုင်းဒေသကြီးတွေမှာ  ထေရဝါဒဗုဒ္ဓသာသနာ ဘယ်လောက် ကြာကြာ ထွန်းလင်းခဲ့သလဲ? ထေရဝါဒကိုဝါးမျိုပြီး အခြားဂိုဏ်းအယူဝါဒတွေဘယ်လိုထွန်း လင်းလာသလဲဆိုတာအကျယ်တဝင့်မရေးပြတော့ပါဘူး။ စိတ်ဝင်စားသူ များအနေ နဲ့ ဦးစိန်ထွန်း (မာမက-သုတေသီ) ရဲ့ “ကမ္ဘာပတ် ၍ ဘုရားရှာခြင်း” နဲ့ မောင်အံ့ မဟာဝိဇ္ဇာ (ဘုံဘေ) ရဲ့ “ဗုဒ္ဓသာသနာတော် ၂၅၀၀ ခရီး” တို့ကို လေ့လာကြည့်ကြပါ။
    အာဖဂန် နှင့် အစ္စလာမ်
    အာဖဂန်နစ္စတန်မှာ အစ္စလာမ်ဘာသာပြန့်ပွါးခဲ့တာ ဟာ တိုက်ခိုက်သိမ်းပိုက် လို့မဟုတ်ပါဘူး။ ဘာသာတရားတစ်ခုကအခြားဘာသာကိုလွှမ်းမိုးဖို့ဆိုတာတိုက်ခိုက် သိမ်းပိုက်လိုက်ရုံနဲ့မဖြစ်နိုင်ပါဘူး။ ဘာသာတရားတစ်ခုအပေါ် ကြံ့ကြံ့ခံ ရပ်တည်နိုင် ခြင်းဟာ အဲဒီဘာသာအပေါ်မှာ ထားတဲ့ ယုံကြည်မှု နဲ့ဘဲဆိုင်ပါတယ်။ မွန်ဂိုတွေဟာ အစ္စလာမ်ဘာသာ ထွန်းကားတဲ့ နိုင်ငံတွေကို ပြင်းပြင်းထန်ထန်တိုက် ခိုက်ခဲ့တဲ့အပြင် အစ္စလာမ်ဘာသာကိုလည်းအကြမ်းဖက်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်သိမ်းပိုက်ခံရတဲ့ နယ်မြေတွေမှာ အစ္စလာမ်ဘာသာ ဟာ မပျောက်ပျက်သွားရုံမကပိုပြီးတိုးပွါးလာတဲ့ အပြင် နောက်ပိုင်း မွန်ဂိုမင်းဆက်တွေ ပါ မွတ်စ်လင်မ်တွေ ဖြစ်ကုန်ပါတယ်။ အဲဒီ အကြောင်း ကို ဗုဒ္ဓဘာသာ မြစ်ဖျားနှင့်သမိုင်းရှုထောင့်စာအုပ် စာရေးသူ ကိုယ်တိုင်က စာမျက်နှာ (၄၉) မှာရေး ထားပါတယ်။ အစ္စလာမ် ဘာသာ ဟာ တိုက်ခိုက်သိမ်းပိုက်ပြီး ပြန့်ပွါးစေခဲ့တဲ့ ဘာသာမဟုတ်ကြောင်း မွန်ဂိုတွေမွတ်စ်လင်မ်ဖြစ်ခဲ့ခြင်း က အကောင်း ဆုံး သက်သေပါဘဲ။
    အာဖဂန်နစ္စတန်ကိုအစ္စလာမ်ဘာသာစတင် ရောက်ရှိကတည်းကအာဖဂန် သား အများစုကြီး ဟာ စွန်နီ မွတ်စ်လင်မ် တွေပါ။ အာဖဂန်နစ္စတန်သားတွေဟာ ရှီအာ (ရှိအိုက်) တွေ ဖြစ်တယ် လို့ ဗုဒ္ဓ ဘာသာမြစ်ဖျားနှင့်သမိုင်းရှုထောင့်စာအုပ် စာမျက်နှာ (၄၅) မှာရေးထားတဲ့ အတွက် ဆိုးရွားစွာကိုမှားယွင်းနေကြောင်းပါ။
    အာဖဂန်မင်းနှင့် ဗုဒ္ဓဘာသာ
    အာဖဂါနစ္စတန် ဘုရင်တွေထဲမှာ စူလ်တန်မဟ်မူဒ်ဂဇ်နီ (အေဒီ ၉၇၁-၁၀၃၀) ဟာ မူလက အာဖဂန်အိန္ဒိယ နယ်စပ်မှာရှိတဲ့ ရှိအိုက် တွေကို စစ်ပြုခဲ့ရုံ မက၊ အိန္ဒိယ မှာ ရှိတဲ့ ဟိန္ဒူ ဘုရင်တွေကို လည်း ကျူးကျော် တိုက်ခိုက်ခဲ့သူဖြစ်ပါ တယ်။သူ့ရဲ့မူလစစ်ဆင်ရေးဟာအိစ်မာအိလီရှိအိုက်တွေကိုဦးတည်ခဲ့ပြီးနောက်ပိုင်းမှာတော့ အိန္ဒိယက ဟိန္ဒူရှာဟီဘုရင်တွေနဲ့ နယ်ပယ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။
    သူဟာဟိန္ဒူဘုရားကျောင်းတွေကိုလည်းတိုက်ခိုက်လုယက်ဖျက်ဆီးခဲ့ပါသေးတယ်။မဟာယနဗုဒ္ဓဘာသာ ကျောင်းတိုက်တစ်ချို့ကိုဖျက်ဆီးခဲ့တာလည်း ဟုတ်ပါတယ်။ ဒါဟာ သမိုင်း အမှန်ပါ။ ရိုးသားဖြူစင်တဲ့ လူသားမှန်ရင် သမိုင်းအမှန်ကို လက်ခံရဲ ရုံမက၊ ကျန်လူသားတွေ ရှေ့လည်း မှန်မှန်ကန်ကန်ချပြတတ်ရပါတယ်။ သို့သော် စူလ်တန် မဟ်မူဒ် တိုက်ခိုက်ခဲ့တဲ့ ဥဒ္ဒိယန (ဩရစ္စ) ဟာတော့ တန္တရ ဝါဒ ဖြန့်ချီ ရာဗဟိုဌာနဖြစ်ခဲ့ပြီး စည်ပင်ထွန်းကားတဲ့ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများ မရှိခဲ့ကြောင်း Harvard University က ဒေါက်တာဘွဲ့ရထား တဲ့မဟာယနဗုဒ္ဓ ဘာသာပညာရှင် ဒေါက်တာ အလက်ဇန္ဒား ဘာဇင်န် က သူ့ရဲ့ The Historical Interaction between the Buddhist and Islamic Cultures before the Mongol Empire, (၂၀၀၆)၊ The Ghaznavid Campaign in Gandhara and Northwestern India ခေါင်းစဉ် အောက်မှာ ရေးသားထားပါတယ်။
    အဲဒီဘုရင်ဟာ ရှိအိုက်နဲ့ဘူယစ်ဒ်တွေ (Buyid) အပေါ် အဓိကထား တိုက်ခိုက်ခဲ့ပြီး၊ အစပိုင်း မှာ ဟိန္ဒူတွေကိုလည်းတိုက်ခိုက်ခဲ့ပေမဲ့၊ ဗုဒ္ဓဘာသာအပေါ်မှာရည်ရွယ်ချက်နဲ့ ကျူး လွန်ခဲ့ခြင်းမရှိပါဘူး။ ဒါ့အပြင်သူ့ခေတ်မှာလူအချို့ကဂေါတမဗုဒ္ဓကိုတမန်တော် တစ် ပါးအဖြစ် မှတ်ယူခဲ့ကြ ကြောင်း၊ ပါရှန်း မွတ်စ်လင်မ် သမိုင်းပညာရှင်ကြီး အလ်ဗိရူနီ ကဗုဒ္ဓဘာသာကိုအကောင်းမြင်ရေးသားမှတ်တမ်း တင်ခဲ့ကြောင်း ဗုဒ္ဓဘာသာ ပညာ ရှင် ဒေါက်တာအလက်ဇန္ဒား ဘာဇင်န် ရဲ့ အထက်ဖော်ပြပါ သုတေ သနမှာရေးသား ထားပါသေးတယ်။
    အဲဒီအချိန်က အာဖဂန်ဘုရင်စူလ်တန်မဟ်မူဒ် ရဲ့မင်းဆက်တွေဟာ ဗုဒ္ဓဘာ သာ အပေါ်ဖိနှိပ်မှုတွေ မရှိခဲ့ကြောင်း၊ Nava Vihara (နောင်ဝ်ဗဟာရ်) မှာရှိတဲ့ ဗုဒ္ဓ ဘာသာနံရံ ဆေးရေးပန်းချီ အနုပညာ လက်ရာတွေ နဲ့ အာဖဂန်အလယ်ပိုင်းမှာရှိ တဲ့ ဗာမီယန်ဗုဒ္ဓ ရုပ်ပွါးတော်ကြီးတွေ ကို လုံးဝထိခိုက်မှုမရှိခဲ့ကြောင်း၊ Sogdia တောင်ပိုင်းမှာရှိတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေဟာလည်းလှုပ်ရှား အသက်ဝင်စည်ပင်ထွန်းကားလျှက်ရှိခဲ့ကြောင်း၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း တွေနဲ့မွတ်စ် လင်မ် ဗလီဝတ်ကျောင်းတွေဟာ ဘေးချင်းယှဉ်လျှက် ငြိမ်းချမ်းစွာ တည်ရှိခဲ့ကြောင်းအထက်ပါဗုဒ္ဓဘာသာ ပညာရှင် ဒေါက်တာအလက်ဇန္ဒားဘာဇင်န် ကရေးသားထားပါတယ်။
    အာရှအလယ်ပိုင်းမှာ အစ္စလာမ်ဘာသာ ပြန့်ပွါးစည်ပင်ခဲ့ ရခြင်းဟာဓားမိုး သာသနာကူးပြောင်းစေခဲ့ခြင်းကြောင့်မဟုတ်ဘဲ၊မွတ်စ်လင်မ်သူတော်စင်ဆူဖီ (Sufi) ကြီး များရဲ့ ဟောပြောပို့ချ သာသနာပြုမှုကြောင့်သာ ဖြစ်ပါတယ်။ အဲဒီ အချက်ကို ကမ္ဘာ့ သမိုင်းပညာရှင်ကြီး အတော်များများက ဖွင့်ဟဝန်ခံထားပါတယ်။ အဲဒီ ပညာရှင်တွေ ထဲမှာ ဗုဒ္ဓ ဘာသာသမိုင်းရေးရာကျွမ်းကျင်သူပညာရှင်ကြီး များလည်း ပါပါတယ်။ နမူနာ အနေနဲ့….ဒေါက်တာ Alexander Berzin က သူ့ရဲ့ အထက်ပါသုတေသန ရဲ့ The Spread of Islam among and by the Turkic Peoples (840 – 1206 CE)ခေါင်းစဉ်အောက်မှာ ဝေဝါးခြင်းမရှိဘဲ၊ အတိအလင်းဖွင့်ဟရေး သား ထားတာကို လေ့လာကြည့်စေလိုပါတယ်။
    ဆက်ရန်- သမိုင်းဟူသည် ဤသို့တည် အပိုင်း(၅) [အိန္ဒိယ နှင့် ထေရဝါဒ- တန္တရ မန္တရ အယူဝါဒ]
    အစ္စလာမ်သာသနာ နှင့်ပတ်သတ်ပြီး သမိုင်းအလွဲများစွာ ထည့်သွင်းေ၇းသားထားတဲ့
    ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့် မူ၇င်းစာအုပ်လင်ခ့်
  • အထားအသိုပျက်တဲ့ ဘဝတွေနဲ့ အမေ့ တိတ်ဆိတ်မှု ကောက်ကြောင်း (ကဗျာ/ Blog ကဏ္ဍ)
    အထားအသိုပျက်တဲ့ ဘဝတွေနဲ့ အမေ့ တိတ်ဆိတ်မှု ကောက်ကြောင်း (ကဗျာ/ Blog ကဏ္ဍ)
    နိုဝင်ဘာ-၁၅၊ ၂၀၁၂
    M-Media
    ရေးသူ- အိမ်ဝေးသူ (KZ)
    (၁)
    အမေ….
    မူလတန်းတုန်းက..ကျွန်တော်လေ….
    “ပြည်ထောင်စုကို အသက်ပေးလို့ တို့ ကာကွယ်မလေ…
    ဒါတို့ ပြေ..ဒါတို့ မြေ တို့ ပိုင်တဲ့မြေ” လို့ ဟစ်ကြွေးရင်း….နဲ့ 
    ကြက်သီးတဖြန်းဖြန်းထခဲ့ရဖူးတယ်….
    (၂)
    အမေ…
    ကျွန်တော်…အလယ်တန်းရောက်တော့….
    “ပြည်ထောင်စုရဲ့ ကျေးဇူးရှင်…ဗိုလ်ချုပ် ဒို့ ဖခင်” ဆိုတဲ့
    အောင်ဆန်းဇာနည်.ကဗျာလေးထဲက စာသားလေးတွေကို
    တီးတိုး ရေရွတ်ရင်း…. အတုယူအားကျခဲ့ဖူးတယ်….
    (၃)
    အမေ…
    နှစ်ဆယ့်တစ်ရာစုထဲရောက်တော့..
    “ တရားဥပဒေ စိုးမိုးရေးသည် အဓိက”
    “ အားကြီးသူဆိုတာ အားငယ်သူကို
    စာနာသနားရတယ်” ဆိုတဲ့ အယူအဆတွေကြောင့်
    အမေ့ကို…ကျွန်တော်…
    တိတ်တခိုးလေး…လေးစားဦးညွတ်မိပြန်တယ်…..
    (၄)
    အမေ…
    အမေ့ကြောင့်ပဲ
    “The Lady” ရုပ်ရှင်ဇာတ်ကားထဲက
    “Michelle Yeoh” ကိုတောင် အမေ့ကိုယ်ပွားလေး အဖြစ်..
    ချစ်မြတ်နိုးခဲ့ဖူးတယ်….
    ပြီးတော့လေ…
    အော့စလိုမှာ အမေ..နိုဘယ်ဆုယူနေတာကို ကြည့်ရင်းနဲ့ 
    အမေ..ပြောလာမယ့်… ကျွန်တော်တို့ ဘက်က ရပ်တည်မှု့မျိုးကို
    မျှော်လင့်ရင်း…. ရင်ခုန်ခဲ့ဖူးတယ်…..
    (၅)
    အမေ…
    “ပုခက်လွှဲတဲ့ လက်က ကမ္ဘာကို အုပ်စိုးနိုင်တယ်”တဲ့
    ပုခက်လွှဲခဲ့ဖူးတဲ့…အမေ..
    နိုဘယ်ဆုကိုင်ခဲ့တဲ့..အမေ့လက်ထဲမှာတော့
    ကျနော်တို အနာဂတ်တွေ တောက်ပကောင်းနိုင်ပါရဲ့ လို့ 
    မဆီမဆိုင် ယုံကြည်မိလိုက်သေးတယ်……
    (၆)
    အမေ….
    ခုတော့လည်း
    တိတ်ဆိတ်မှုတစ်ခုကြောင့်…
    ကျနော်တို့ ရဲ့ အနာဂတ်တွေ မဲ့ရပေါ့….
    ကမ္ဘာ့အလွှမ်းမိုးနိုင်ဆုံး နိုဘယ်ဆုရှင်တစ်ယောက်ရဲ့ 
    တိတ်ဆိတ်မှုတစ်ခုကြောင့်…
    ပထမဆုံးအကြိမ်…လူမျိုးတုံးစေခဲ့တာပဲ…ပေါ့
    “ပုခက်လွှဲသောလက်သည်လည်း…လူမျိုးတုံးစေနိုင်သည်” လို့ 
    ကျွန်တော်..ပြောင်းမှတ်တော့မယ်…အမေ…
    (၇)
    တကယ်တော့…
    “ဆိတ်ဆိတ်နေခြင်းသည် အမှားကျူးလွန်သူတို့ အတွက်သာရှိသင့်တဲ့
    ဝန်ခံခြင်းတစ်မျိုးပဲလို့ ” အမေ ဖြည့်မတွေးမိခဲ့တာ..
    ကျွန်တော်..အံအားသင့်ရပါတယ်….အမေ..
    အမှန်တရားတစ်ခုအတွက်….
    ခိုကိုးရာမဲ့ လူနည်းစုတစ်စုအတွက်…
    ဘာလို့ များ အမေ…နှုတ်ဆိတ်နေခဲ့သလဲလို့ 
    ကျွန်တော် ဘဝင်မကျချင်ဘူးအမေ…
    (၈)
    အမေ…..
    ဝမ်းသာတော့…
    ခုတော့ ..တစ်ကမ္ဘာလုံး
    အမေ့အကြာင်းပြောကုန်ကြပြီ..
    လုပ်သင့်လုပ်ထိုက်တာကို
    ဘာလို့ များ…..အမေ..မလုပ်ခဲ့တာလဲလို့ 
    ကျွန်တော်လည်း…အံ့သြခြင်းကြီးစွာဖြစ်ရပါတယ်..
    (၉)
    တကယ်တော့..
    ဦးရာဇာတ်…ရဲဘော်ကိုထွေးတို့ 
    အကြောင်းမဲ့ အာဇာနည်တွေ ဖြစ်ခဲ့ကြတာမဟုတ်ဘူးဆိုတာ
    အမေ…မေ့ချင်ယောင်ဆောင်နေတာပါ
    အမေသိလား…
    အမေလိုချင်တဲ့ ဒီမိုကရေစီအတွက်…
    ကျနော်တို့ လည်း အစာငတ်ခံ ဆန္ဒပြခဲ့ဖူးတယ်ဆိုတာ…
    ကျနော်တို့ ရဲ့ ရင်သွေးငယ်တွေရဲ့ 
    ပစ္စုပ္ပန်တွေကိုလည်း လစ်လျူရှု ခဲ့ရဖူးတယ်ဆိုတာ…
    ကျနော်တို့ ရဲ့ မျိုးနွယ်စုလေးလည်း သွေးမြေကျခဲ့ဖူးတယ်ဆိုတာ…
    (၁၀)
    ဘဝဆိုတဲ့စက်ဝိုင်း
    အဲဒီ စက်ဝိုင်းမှာ ရှိတဲ့ ဆုံမှတ်တစ်ခုခုမှာ..
    အလှည့်ကျ မနွဲ့ စတမ်းပေါ့…ဆိုပြီး
    ငိုကြွေးစောင့်ဆိုင်းနေတဲ့  လူမမည်ကလေးငယ်လေးတွေရဲ့ 
    အာဃာတ,တရားတွေ ရှိနေပြီ…..အမေ….
    ကျွန်တော့် အတွက်တော့…
    “တရားဥပဒေ စိုးမိုးရေး”…ဆိုတဲ့
    အမေ့..ပြက်လုံးက ရယ်စရာအကောင်းဆုံးပဲ…..
    အဲဒီပြက်လုံးအတွက်..
    ကျွန်တော် ..နိုဘယ်ဆုတစ်ဆု ချီးမြှင့်ချင်သေးတယ်…
    အမေ..လက်ခံပေးမယ်ဆိုရင်ပေါ့
    (၁၁)
    အမေ..
    တစ်ချို့ နိုင်ငံမှာ အမေ့အကြောင်းကို
    ကျေုာင်းသုံး ပြဋ္ဌန်းစာအုပ်မှာ ထည့်ကြတော့မယ်တဲ့
    ဒါပေမယ့်….
    အမေ့အကြောင်းပါမယ့် သင်ရိုးသစ်ထဲမှာ…
    ရေလိုက်…ငါးလိုက်..တရားသစ်နဲ့ 
    နိုဘယ်ဆုတစ်ခုအကြောင်းပါနိုင်တဲ့နောက်တော့..
    ကိုယ့်လူမျိုး..ကိုယ်ကာကွယ်ဖို့ အတွက်…
    “ မျက်နှာပြောင်တိုက်ဖို့ပဲလိုတယ်” ဆိုတဲ့
    ၂၁ရာစု အဘိဓမ္မာ တရားသစ်တွေ ပါနိုင်တဲ့နောက်တော့
    “ ကိုယ့်လူကိုယ့်သား ၊ ကိုယ့်ဆွေမျိုး” ဆိုတဲ့
    လူမျိုးစွဲဝါဒတွေ ပါနိုင်တဲ့နောက်တော့..
    အဲဒီဖတ်စာအုပ် ကျွန်တော် မဖတ်တော့ဘူး..အမေ…
    (၁၂)
    အမေ…သိလား
    ဗိုလ်သိန်းစိန်နဲ့ ဗိုလ်ရွှေမန်းတို့ ရဲ့ 
    “နယ်မြေကာကွယ်ရေးအတွက် လိုအပ်ရင်…
    လက်နက်တပ်ဆင်ပေးဖို့ ပါ စဉ်းစားဆုံးဖြတ်” ဆိုတာလေးနဲ့ တင်..
    ရခိုင်မှာ ရှိတဲ့ ညီနောင်တွေ အတွက်
    ကျွန်တော်….ရတက်မအေးနိုင်တော့ဘူးအမေ…
    သွေးရူးသွေးတန်း အသံနက်တွေနဲ့ 
    အပြိုပြို အလဲလဲ နိုင့်ထက်စီးနင်းပြုကျင့်မှုတွေ..ကျနော် မြင်ယောင်မိတယ်…
    ကျွန်တော်တို့ ရဲ့  ဘဝအနာဂတ်တွေ
    အထားအသို ပျက်လိုက်ပုံများကတော့…
    ရာဇဝင်..တွင်မယ်ထင်ပါရဲ့ …..
    (၁၃)
    အမေ….
    ကျွန်တော်တို့ 
    အလံဖြူထောင်ပြီး အကြိမ်ကြိမ်တောင်းပန်ခဲ့တဲ့နောက်တော့
    ပြီးတော့
    အမေလည်း ကောက်ရိုးတမျှင် မဖြစ်နိုင်တဲ့နောက်တော့…
    ရှိစေတော့အမေ….
    အမေလည်း…နေသာသလိုနေပါတော့..
    ကျွန်တော်တို့ ဘဝတွေလည်း
    နာသာသလိုသာ နာစေတော့….
    **********************************************************
    **********************************************************
    **********************************************************
    ( အိမ်ဝေးသူ )
  • မွန်ပြည်နယ်တွင်း  ဂဏ၀ါစက သံဃာကွန်ရက်ဟု အမည်တပ်ပြီး  အစ္စလာမ် ဆန့်ကျင်ရေး လုပ်ဆောင်နေ
    မွန်ပြည်နယ်တွင်း ဂဏ၀ါစက သံဃာကွန်ရက်ဟု အမည်တပ်ပြီး အစ္စလာမ် ဆန့်ကျင်ရေး လုပ်ဆောင်နေ
    နိုဝင်ဘာ၊ ၁၅ ၊ ၂၀၁၂
    M-Media
    (၃၀-၁၀-၂၀၁၂)  အဘိဓမ္မာ အခါတော်နေ့ တွင် ကျင်းပသော  မုတ္တမမြို့  မြစေတီနန်းဦးစာသင်တိုက်တွင်   “ဂဏ၀ါစက သံဃာကွန်ရက်”  မိတ်ဆက်ပွဲကိုပြုလုပ်ပြီး နန်းဦးကျောင်း ဆရာတော် အရှင်သဒ္ခမ္မ မှဦးဆောင်ပြီး  အစ္စလာမ်ဆန့်ကျင်ရေးတရားများကို  အဆိုပါ အခမ်းအနားတွင် ဟောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။
    ယခုအခါ  ထိုကွန်ရက်သည်  အစ္စလာမ်ဆန့်ကျင်ရေးစာများကို  ပြောင်ပြောင်တင်းတင်း ဝေငှလျှက်ရှိပြီး  စည်းရုံးရေးများကိုလည်းဆောင်ရွက်လျှက်ရှိကြောင်း သိရပါတယ်။
    အစ္စလာမ်ဆန့်ကျင်ရေးကို ဆောင်ရွက်နေသော မုတ္တမမြို့ မြစေတီနန်းဦး စာသင်တိုက်ဆရာတော် အရှင်သဒ္ခမ္မ (မြနန်းဆရာတော်)
    ထိုဆရာတော်က  အဘိဓမ္မာအခါတော်နေ့မှ အခမ်းအနားကြီးတွင် ပရိသတ်များအား  ” မွတ်စလင်မ်တွေ ဗလီမှာ  အော်အော်နေတဲ့အအဓိပ္ပါယ်ကိုသိလား  အဲသည်အဓိပ္ပါယ်ကို ကျောင်းဝင်းအတွင်းမှာလည်း ကပ်ထားပေးတယ်။  ဘုန်းကြီးလည်းပြန်ပြောမယ်  အဲသည်အော်နေတဲ့အဓိပ္ပါယ်ဟာ  အိုအလ္လာ ဘုရားသခင် အစ္စလာမ်သာသနာမှအပ ကျန်ဘာသာဝင်များကို ချေမှုန်းပြစ်တော်မူပါ ။ထိုဘာသာဝင်တို့၏ အစည်းအရုံများကိုဖြိုခွဲပြစ်တော်မူပါ။ ထိုဘာသာဝင်များ၏ အောက်ခြေများကိုရိုက်ချိုးပြစ်တော်မူပါ။  ထိုဘာသာဝင်များ၏ မြို့ရွာများကိုမြေလှန်ပြစ်တော်မှုပါ။ အစ္စလာမ်ဘာသာမှအပ  အခြားဘာာသာဝင်များ နလန်မထူနိုင်အောင်ချပေးတော်မူပါဟုဆိုသည့် အဓိပ္ပါယ်ဖြစ်ကြောင်းနှင့် မိမိအနေဖြင့် ခိုင်ခိုင်လုံလုံနှင့် ပြောတာဖြစ်ကြောင်း  အစ္စလာမ်ဘာသာဝင်းလည်း မငြင်းနိုင်ကြောင်း” စသည်ဖြင့် အစ္စလာမ်ဆန့်ကျင်ရေးကို ဟောကြားခဲ့ပါသည်။
    အစ္စလာမ်ဆန့်ကျင်ရေး ဟောကြားသော အရှင်ဝိမလာဘိဝံသ (ဟိတဓရဆရာတော်) မဟာမြိုင်ပရိယတ္တိ စာသင်တိုက် မော်လမြိုင်မြို့
    ” အစ္စလာမ်ဘာသာရဲ့  ၇၈၆  ဆိုတဲ့စကားလုံးဟာပေါင်းခြင်း  ၂၁ ဖြစ်တယ်  (၂၁)ရာစုမှာ အစ္စလာမ်ဘာသာ ကမ္ဘာကို ကြီးစိုးရမယ်ဆိုတဲ့ သဘောပဲ။!  အင်မတန်ကိုမှ ယုတ်မာကောက်ကျစ်တဲ့ လူတွေ  တို့ဗုဒ္ခဘာသာ သာသနာကိုဖျက်ဆီးမယ့် စကားလုံးဖြစ်တယ်”  စသည်ဖြစ်  အစ္စလာမ်မုန်းတီးရေးများဟောကြားခဲ့တယ်လို့သိရပါတယ်။
    အစ္စလာမ်ဆန့်ကျင်ရေးကိုဟောကြားနေသော ဦးဝိဇ္ဖာနန္န -မြစေတီ ရဲကျောင်း ပရိယတ္တိစာသင်တိုက် မော်လမြိုင်မြို့
္ဒ   ” ဓမ္မ၀ါဒကြီးစိုးဖို့အတွက်  အဓမ္မကို  တိုက်ထုတ်ရမယ်   အဓမ္မကိုတိုက်ထုတ်ရင်းနဲ့ အပ္ပါယ်ကိုလည်းရောက်နိုင်တယ် အပ္ပါယ်ကိုရောက်ရင်ရောက်စေ  အဓမ္မ၀ါဒကိုတိုက်ထုတ်ရမယ်  အစရှိသည်ဖြစ် အစ္စလာမ်ဆန်ကျင်ရေးများကိုဟောကြားပါသည်။
    အရှင်ဂန္ခသာရ ( မြစေတီ- ဓမ္မကထိက) မော်လမြိုင်မြို့
    ” ဘုန်းကြီးက  သထုံမြို့ကိုရောက်တယ်  သထုံက ဗုဒ္ဓဘာသာစတင်ပြန့်ပွားခဲ့တဲမြို့ ဘယ်အခု သထုံသွားတော့  မုတ်ဆိတ်တဖားဖားနဲ့ ကောင်တွေများနေပြီး ဒီကောင်တွေများနေတာ အကောင်းမဟုတ်ဘူး  ဒီကောင်တွေက သူတို့အိမ်ကို သူတို့မီးရှို့ပြီး ထွက်သွားရင်ဘယ်လိုလုပ်မလဲ  ဆိုပြီး အစ္စလာမ်ဘာသာနှင့် အစ္စလာမ်ဘာသာဝင်များကို မတရားပုတ်ချပြောဆိုဟောပြောခဲ့တယ်လို့သိရပါတယ်။
    ယခုအခါ မွန်ပြည်နယ်တွင် အဆိုပါ သံဃာကွန်ရက်မှ ဦးဆောင်ပြီး “969”  အမှတ်အသားစာရွက်ကို ဗုဒ္ခဘာသာဆိုင်တွေ ကားတွေမှာ လိုက်ကပ်နေတယ်လို့ သိရပါတယ်။  အဲသည် စာရွက်ကပ်ထားတဲ့ ဆိုင်မှာ ဘယ်လို ၀ယ်စားရမယ်။ တဖြည်းဖြည်းနှင့်  အစ္စလာမ်တွေကို ရှင်းပစ်ရမယ် အစရှိသည်ဖြင့် လူငယ်များကိုအင်အားစုပြီး  အစ္စလာမ်ဆန့်ကျင်ရေးသင်တန်းများကိုပေးကြောင်း မြို့ခံတစ်ဥိးက သတင်းပေးပို့လာပါသည်။
    ယခုကဲ့သို့ အစ္စလာမ့်ဆန်ကျင်ရေး လုပ်ငန်းများကို   ဦးဆောင်ပြီးလုပ်နေသူမှာ မုတ္တမမြို့ မြစေတီနန်းဦစာသင်တိုက်  အရှုင်သဒ္ခမ္မ ဖြစ်ကြောင်း ၄င်းမှာ အစ္စလာမ်ဘာသာကို မုန်းတီးစိတ်ကြီးသူတစ်ဦးဖြစ်ပြီး  မန္တလေးမြို့မှ အစ္စလာမ်ဆန့်ကျင်ရေး တစိုက်မတ်မတ် လုပ်ဆောင်နေသူ  ဦးဝီရသူ(မစိုးရိမ်) ရဲ   တပည့်အရင်းဖြစ်ကြောင်း သိရှိရပါသည်။
  • “မြန်မာ တိုင်းရင်းသားများနဲ့ မြန်မာ မွတ်ဆလင်များ အကြား စည်းလုံး ညီညွှတ်စေချင်။”
    “မြန်မာ တိုင်းရင်းသားများနဲ့ မြန်မာ မွတ်ဆလင်များ အကြား စည်းလုံး ညီညွှတ်စေချင်။”
    နိုဝင်ဘာ၊ ၁၅ ၊ ၂၀၁၂
    M-Media
    အောက်မှာ ဖော်ပြထားတဲ့ သတင်းကို ဖတ်ကြည့်ပါ။ လွတ်လပ်ရေးမရခင်၊ ရပြီးနှင့် မျက်မှောက်ကာလအထိ မြန်မာ မွတ်ဆလင်များရဲ့ အခန်းကဏ္ဍကိုလည်း သိရှိပါတယ်။ ဂုဏ်ယူဘွယ် ပုဂ္ဂိုလ်ကြီးများကိုလည်း သိရှိပါ တယ်။ Website ထဲမှာ တစ်ဘက်နှင့်တစ်ဘက် အပြုသဘောဆောင်တဲ့ ဖော်ပြချက်တွေကိုပဲ ရေးကြ ရင် ကောင်းပါမယ်။
    အောက်က သတင်းမှာ ဖော်ပြထားသလိုပဲ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးကို တည် ဆောက်ရာမှာ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွှတ်စွာရှိရန်မှာ အရေးကြီးဆုံး အချက်တစ်ခုပင် ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားဥပဒေအရ ရခိုင်ပြည်နယ်အပါအ၀င် တစ်နိုင်ငံလုံးရှိ မြန်မာမွတ်စလင် တို့က ၄င်းတို့အား မြန်မာအမျိုးသားများဟူ၍ အသိအမှတ်ပြုရန် လိုလားလျှက်ရှိသည်ကို သိရသဖြင့် မြန်မာနိုင်ငံ၏ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံသို့ အမြန်ဆုံးချီတက်နိုင်ရန် အတွက် တအား တက်ရပါကြောင်း ဖော်ပြအပ်ပါတယ်။
    ၃၈ဖြာ မင်္ဂလာတရားတော်နှင့်အညီ အထူးသဖြင့် ခန္တီ-သည်းခံခြင်းကို အစပြု၍ လူအချင်းချင်း တစ်ဦး နှင့်တစ်ဦး၊ တစ်ဘက်နှင့်တစ်ဘက် မကောင်းမှုပြုခြင်း (ပါပ၀ိရတီ) ကို အထူးရှောင်ကြဉ်နိုင်ကြပါစေ သတည်း။   သတ္တ၀ါအားလုံးကျန်းမာ ချမ်းသာကြပါစေ။
    ကပြားအဖြစ် အသိအမှတ်ပြုထားခြင်းကို ပယ်ဖျက်ရန်
    မန္တလေးမြို့ မြန်မာမွတ်ဆလင်လွတ်လပ်ရေးအဖွဲ့ချုပ်၏ ဗဟိုအလုပ် အမှုဆောင်များသည် ကဆုန် လဆုတ် ၄ ရက်နေ့က အစည်းအဝေးကျင်းပပြီးလျှင် မြန်မာမွတ်ဆလင်များသည် လွန်ခဲ့သော ၁၉၃၁ခု ဗမာပြည် သန်းခေါင်စာရင်းကောက်ယူရာတွင် အိန္ဒိယတိုင်းသားနှင့် မြန်မာ(တိုင်းရင်းသား)များ စပ်၍ ကျသောလူမျိုးအဖြစ် နှင့် စာရင်းကောက်ခံခဲ့ကြရကြောင်း၊ ထိုကဲ့သို့ သန်းခေါင်စာရင်းတွင် ကပြား အဖြစ် စာရင်းကောက်ထားခြင်း ခံရသဖြင့် မြန်မာမွတ်ဆလင်များသည် ကပြားလူမျိုးအဖြစ်နှင့်ပင် ယခု တိုင် အစိုးရ၏ အသိအမှတ် ပြုခြင်းခံရသည် ဖြစ်သောကြောင့် ၁၉၄၁ခု သန်းခေါင်စာရင်းတွင် မြန်မာပြည်ရှိ မြန်မာမွတ်ဆလင်များအား အိန္ဒိယ တိုင်းသားများနှင့် မြန်မာ(တိုင်းရင်းသား)များ စပ်ကျသော လူမျိုးဇယားမှ ထုတ်ပယ်လျှက် မြန်မာလူမျိုးဇယားတွင် ထည့်သွင်းရန်နှင့် ၄င်းတို့ ကိုးကွယ်သည့် ဘာသာတခုကိုသာလျှင် ခွဲခြားဖော်ပြရန် မြန်မာပြည် အစိုးရထံ တောင်းဆိုကြကြောင်း ဟူသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်ဟု ကြားသိရပေသည်။ ထို့ပြင် အဆိုပါ ဆုံးဖြတ်ချက်များကို ဆိုင်ရာသို့ လွတ်လပ်ရေးဝါဒအရ မြန်မာစာဖြင့်သာ ရေးသားပေးပို့ရန် ဆုံးဖြတ်လိုက်သည်ဟု သိရှိရ လေရာ ၀မ်းမြောက်ဘွယ် တစ်ရပ်ဖြစ်ပေသည်။
    လွတ်လပ်ရေးကို တောင်းဆိုရာ၌ တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွှတ်စွာရှိရန်မှာ အရေးကြီးဆုံး အချက်တစ်ခုပင်ဖြစ်သည်။ ယခုကဲ့သို့ မြန်မာမွတ်စလင်တို့က ၄င်းတို့အား မြန်မာအမျိုးသားများဟူ၍ အသိအမှတ်ပြုရန် လိုလားလျှက်ရှိကြသည်ဟု သိရသဖြင့် မြန်မာပြည်၏ လွတ်လပ်ရေး တိုက်ပွဲအတွက် တအားတက်ရလေတော့သည်။
    (၁၉၄၀ခုနှစ်၊ ဇွန်လ ၁ရက်၊ ဂျာနယ်ကျော် စာမျက်နှာ ၂၁မှ ကောက်နှုတ်ချက်)
    ယခုဖော်ပြပါ ပေးစာ ဆောင်းပါတိုသည် M-Media အီးမေးလ်သို့ စာဖတ်ပရိတ်သတ် ပေးပို့လာခြင်းဖြစ်ပါသည်။
  • ပြည်ထောင်စု အစိုးရအဖွဲ့ သတင်း ထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်း
    ပြည်ထောင်စု အစိုးရအဖွဲ့ သတင်း ထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်း
    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းခြင်းအမိန့်ကို ယနေ့နေ့စွဲဖြင့် ထုတ်ပြန်ကြေညာသည်။ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေး၊ သဘာဝဘေးအန္တရာယ် အရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အခါအားလျော်စွာ သတင်းများထုတ်ပြန်ခြင်း၊ သတင်းစာ ရှင်းလင်းပွဲများပြုလုပ်ခြင်း၊ သတင်းထုတ်ပြန်ချက် ထုတ်ပြန်ပေးခြင်းများ တာဝန်ယူဆောင်ရွက် နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ (က) အရ သတင်းထုတ်ပြန်ရေးအဖွဲ့ကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း ယနေ့ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ (၈၁/၂၀၁၂) တွင် ဖော်ပြသည်။
    ထူးခြားချက်အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲအပြီး အသစ်တက်လာသည့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ဆိုရှယ်မီဒီယာ အသုံးပြုပြီး သမ္မတရုံးသတင်းများ အများဆုံးဖြန့်ဝေခဲ့ပြီး  ပြည်ပမီဒီယာများနှင့် တွေ့ဆုံမှု့အများဆုံးပြုလုပ်ပြိး သတင်းပြန်ကြားမှု့များ ပြုလုပ်ခဲ့သည့် သမ္မတရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးဇော်ဌေး (ကလောင်အမည် မှူးဇော်) မှာ သတင်းထုတ်ပြန်ရေးအဖွဲ့တွင် ပါဝင်လာခြင်းမရှိတာကို တွေ့ရှိရပါတယ်။
    သတင်းထုတ်ပြန်ရေးအဖွဲ့ဖွဲ့စည်းခြင်း အမိန့်ကြော်ငြာစာ အပြည့်အစုံကို အောက်ပါအတိုင်းဖြစ်သည်။
    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
    ပြည်ထောင်စုအစိုးရအဖွဲ့
    အမိန့်ကြော်ငြာစာ
    အမှတ်၊ ၈၁ /၂၀၁၂
    ၁၃၇၄ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂ ရက်
    (၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်)
    သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းခြင်း
    ၁။နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေး၊ သဘာဝဘေးအန္တရာယ် အရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အခါအားလျော်စွာ သတင်းများထုတ်ပြန်ခြင်း၊ သတင်းစာ ရှင်းလင်းပွဲများပြုလုပ်ခြင်း၊ သတင်းထုတ်ပြန်ချက် ထုတ်ပြန်ပေးခြင်းများ တာဝန်ယူဆောင်ရွက် နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ (က) အရ” သတင်းထုတ်ပြန်ရေး အဖွဲ့”ကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်သည်-
    (က)ဦးအောင်သိမ်း ၊ဒုတိယဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန အဖွဲ့ခေါင်းဆောင်
    (ခ) ဦးရဲမင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သမ္မတဦးစီးရုံး၊ အဖွဲ့ဝင်
    (ဂ)ဦးရဲနိုင်၊ အထွေထွေမန်နေဂျာ၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ပြန်ကြားရေးဝန်ကြီးဌာန၊ အဖွဲ့ဝင်
    (ဃ)ဦးမိုးကျော်အောင် ၊ညွှန်ကြားရေးမှူး၊ နိုင်ငံတော်သမ္မတရုံး၊ အဖွဲ့ဝင်
    (င)ဦးအောင်စိုးသိန်း ၊ ညွှန်ကြားရေးမှူး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ အဖွဲ့ဝင်
    (စ)ဦးဉာဏ်ထွန်း ၊ညွှန်ကြားရေးမှူး၊ နိုင်ငံတော်သမ္မတရုံး၊ အတွင်းရေးမှူး
    ၂။ သတင်းထုတ်ပြန်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
    (က)နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေး၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ သတင်းများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးရန်၊
    (ခ)အခါအားလျော်စွာ လိုအပ်ချက်ရှိပါက သတင်းစာရှင်းလင်းပွဲများ တာဝန်ယူ ပြုလုပ်ပေးရန်၊
    (ဂ)သတင်းထုတ်ပြန်ချက် (Press Statement) များ ထုတ်ပြန်ပေးရန်၊
    (ဃ)ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများနှင့် စပ်လျဉ်း၍ တင်ကူးမီဒီယာ (Preactive Media) လုပ်ငန်းနှင့် တုံ့ပြန် မီဒီယာ (Reactive Media) လုပ်ငန်းများ ဆောင်ရွက်ရန်၊
    (င)ပြည်တွင်းပြည်ပရှိ သတင်းဌာနများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ သတင်းဌာနများသို့ အချိန်နှင့်တစ်ပြေးညီ သတင်းဖြန့်ချိရန်၊
    (စ)ဝန်ကြီးဌာနအသီးသီးမှ ဖွဲ့စည်းထားသော သတင်းထုတ်ပြန်ရေး အဖွဲ့များနှင့် ချိတ်ဆက်၍ အထောက်အကူ ပေးနိုင်ရေး ညှိနှိုင်း ဆောင်ရွက်ရန်။
    (ပုံ) ဇော်သန်းသင်း၊
    အတွင်းရေးမှူး
    ပြည်ထောင်စုအစိုးရအဖွဲ့