News @ M-Media
Blog
  • “မြန်မာ တိုင်းရင်းသားများနဲ့ မြန်မာ မွတ်ဆလင်များ အကြား စည်းလုံး ညီညွှတ်စေချင်။”
    “မြန်မာ တိုင်းရင်းသားများနဲ့ မြန်မာ မွတ်ဆလင်များ အကြား စည်းလုံး ညီညွှတ်စေချင်။”
    နိုဝင်ဘာ၊ ၁၅ ၊ ၂၀၁၂
    M-Media
    အောက်မှာ ဖော်ပြထားတဲ့ သတင်းကို ဖတ်ကြည့်ပါ။ လွတ်လပ်ရေးမရခင်၊ ရပြီးနှင့် မျက်မှောက်ကာလအထိ မြန်မာ မွတ်ဆလင်များရဲ့ အခန်းကဏ္ဍကိုလည်း သိရှိပါတယ်။ ဂုဏ်ယူဘွယ် ပုဂ္ဂိုလ်ကြီးများကိုလည်း သိရှိပါ တယ်။ Website ထဲမှာ တစ်ဘက်နှင့်တစ်ဘက် အပြုသဘောဆောင်တဲ့ ဖော်ပြချက်တွေကိုပဲ ရေးကြ ရင် ကောင်းပါမယ်။
    အောက်က သတင်းမှာ ဖော်ပြထားသလိုပဲ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးကို တည် ဆောက်ရာမှာ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွှတ်စွာရှိရန်မှာ အရေးကြီးဆုံး အချက်တစ်ခုပင် ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားဥပဒေအရ ရခိုင်ပြည်နယ်အပါအ၀င် တစ်နိုင်ငံလုံးရှိ မြန်မာမွတ်စလင် တို့က ၄င်းတို့အား မြန်မာအမျိုးသားများဟူ၍ အသိအမှတ်ပြုရန် လိုလားလျှက်ရှိသည်ကို သိရသဖြင့် မြန်မာနိုင်ငံ၏ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံသို့ အမြန်ဆုံးချီတက်နိုင်ရန် အတွက် တအား တက်ရပါကြောင်း ဖော်ပြအပ်ပါတယ်။
    ၃၈ဖြာ မင်္ဂလာတရားတော်နှင့်အညီ အထူးသဖြင့် ခန္တီ-သည်းခံခြင်းကို အစပြု၍ လူအချင်းချင်း တစ်ဦး နှင့်တစ်ဦး၊ တစ်ဘက်နှင့်တစ်ဘက် မကောင်းမှုပြုခြင်း (ပါပ၀ိရတီ) ကို အထူးရှောင်ကြဉ်နိုင်ကြပါစေ သတည်း။   သတ္တ၀ါအားလုံးကျန်းမာ ချမ်းသာကြပါစေ။
    ကပြားအဖြစ် အသိအမှတ်ပြုထားခြင်းကို ပယ်ဖျက်ရန်
    မန္တလေးမြို့ မြန်မာမွတ်ဆလင်လွတ်လပ်ရေးအဖွဲ့ချုပ်၏ ဗဟိုအလုပ် အမှုဆောင်များသည် ကဆုန် လဆုတ် ၄ ရက်နေ့က အစည်းအဝေးကျင်းပပြီးလျှင် မြန်မာမွတ်ဆလင်များသည် လွန်ခဲ့သော ၁၉၃၁ခု ဗမာပြည် သန်းခေါင်စာရင်းကောက်ယူရာတွင် အိန္ဒိယတိုင်းသားနှင့် မြန်မာ(တိုင်းရင်းသား)များ စပ်၍ ကျသောလူမျိုးအဖြစ် နှင့် စာရင်းကောက်ခံခဲ့ကြရကြောင်း၊ ထိုကဲ့သို့ သန်းခေါင်စာရင်းတွင် ကပြား အဖြစ် စာရင်းကောက်ထားခြင်း ခံရသဖြင့် မြန်မာမွတ်ဆလင်များသည် ကပြားလူမျိုးအဖြစ်နှင့်ပင် ယခု တိုင် အစိုးရ၏ အသိအမှတ် ပြုခြင်းခံရသည် ဖြစ်သောကြောင့် ၁၉၄၁ခု သန်းခေါင်စာရင်းတွင် မြန်မာပြည်ရှိ မြန်မာမွတ်ဆလင်များအား အိန္ဒိယ တိုင်းသားများနှင့် မြန်မာ(တိုင်းရင်းသား)များ စပ်ကျသော လူမျိုးဇယားမှ ထုတ်ပယ်လျှက် မြန်မာလူမျိုးဇယားတွင် ထည့်သွင်းရန်နှင့် ၄င်းတို့ ကိုးကွယ်သည့် ဘာသာတခုကိုသာလျှင် ခွဲခြားဖော်ပြရန် မြန်မာပြည် အစိုးရထံ တောင်းဆိုကြကြောင်း ဟူသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်ဟု ကြားသိရပေသည်။ ထို့ပြင် အဆိုပါ ဆုံးဖြတ်ချက်များကို ဆိုင်ရာသို့ လွတ်လပ်ရေးဝါဒအရ မြန်မာစာဖြင့်သာ ရေးသားပေးပို့ရန် ဆုံးဖြတ်လိုက်သည်ဟု သိရှိရ လေရာ ၀မ်းမြောက်ဘွယ် တစ်ရပ်ဖြစ်ပေသည်။
    လွတ်လပ်ရေးကို တောင်းဆိုရာ၌ တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွှတ်စွာရှိရန်မှာ အရေးကြီးဆုံး အချက်တစ်ခုပင်ဖြစ်သည်။ ယခုကဲ့သို့ မြန်မာမွတ်စလင်တို့က ၄င်းတို့အား မြန်မာအမျိုးသားများဟူ၍ အသိအမှတ်ပြုရန် လိုလားလျှက်ရှိကြသည်ဟု သိရသဖြင့် မြန်မာပြည်၏ လွတ်လပ်ရေး တိုက်ပွဲအတွက် တအားတက်ရလေတော့သည်။
    (၁၉၄၀ခုနှစ်၊ ဇွန်လ ၁ရက်၊ ဂျာနယ်ကျော် စာမျက်နှာ ၂၁မှ ကောက်နှုတ်ချက်)
    ယခုဖော်ပြပါ ပေးစာ ဆောင်းပါတိုသည် M-Media အီးမေးလ်သို့ စာဖတ်ပရိတ်သတ် ပေးပို့လာခြင်းဖြစ်ပါသည်။
  • ပြည်ထောင်စု အစိုးရအဖွဲ့ သတင်း ထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်း
    ပြည်ထောင်စု အစိုးရအဖွဲ့ သတင်း ထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်း
    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းခြင်းအမိန့်ကို ယနေ့နေ့စွဲဖြင့် ထုတ်ပြန်ကြေညာသည်။ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေး၊ သဘာဝဘေးအန္တရာယ် အရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အခါအားလျော်စွာ သတင်းများထုတ်ပြန်ခြင်း၊ သတင်းစာ ရှင်းလင်းပွဲများပြုလုပ်ခြင်း၊ သတင်းထုတ်ပြန်ချက် ထုတ်ပြန်ပေးခြင်းများ တာဝန်ယူဆောင်ရွက် နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ (က) အရ သတင်းထုတ်ပြန်ရေးအဖွဲ့ကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း ယနေ့ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ (၈၁/၂၀၁၂) တွင် ဖော်ပြသည်။
    ထူးခြားချက်အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲအပြီး အသစ်တက်လာသည့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ဆိုရှယ်မီဒီယာ အသုံးပြုပြီး သမ္မတရုံးသတင်းများ အများဆုံးဖြန့်ဝေခဲ့ပြီး  ပြည်ပမီဒီယာများနှင့် တွေ့ဆုံမှု့အများဆုံးပြုလုပ်ပြိး သတင်းပြန်ကြားမှု့များ ပြုလုပ်ခဲ့သည့် သမ္မတရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးဇော်ဌေး (ကလောင်အမည် မှူးဇော်) မှာ သတင်းထုတ်ပြန်ရေးအဖွဲ့တွင် ပါဝင်လာခြင်းမရှိတာကို တွေ့ရှိရပါတယ်။
    သတင်းထုတ်ပြန်ရေးအဖွဲ့ဖွဲ့စည်းခြင်း အမိန့်ကြော်ငြာစာ အပြည့်အစုံကို အောက်ပါအတိုင်းဖြစ်သည်။
    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
    ပြည်ထောင်စုအစိုးရအဖွဲ့
    အမိန့်ကြော်ငြာစာ
    အမှတ်၊ ၈၁ /၂၀၁၂
    ၁၃၇၄ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂ ရက်
    (၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်)
    သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းခြင်း
    ၁။နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေး၊ သဘာဝဘေးအန္တရာယ် အရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အခါအားလျော်စွာ သတင်းများထုတ်ပြန်ခြင်း၊ သတင်းစာ ရှင်းလင်းပွဲများပြုလုပ်ခြင်း၊ သတင်းထုတ်ပြန်ချက် ထုတ်ပြန်ပေးခြင်းများ တာဝန်ယူဆောင်ရွက် နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ (က) အရ” သတင်းထုတ်ပြန်ရေး အဖွဲ့”ကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်သည်-
    (က)ဦးအောင်သိမ်း ၊ဒုတိယဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန အဖွဲ့ခေါင်းဆောင်
    (ခ) ဦးရဲမင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သမ္မတဦးစီးရုံး၊ အဖွဲ့ဝင်
    (ဂ)ဦးရဲနိုင်၊ အထွေထွေမန်နေဂျာ၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ပြန်ကြားရေးဝန်ကြီးဌာန၊ အဖွဲ့ဝင်
    (ဃ)ဦးမိုးကျော်အောင် ၊ညွှန်ကြားရေးမှူး၊ နိုင်ငံတော်သမ္မတရုံး၊ အဖွဲ့ဝင်
    (င)ဦးအောင်စိုးသိန်း ၊ ညွှန်ကြားရေးမှူး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ အဖွဲ့ဝင်
    (စ)ဦးဉာဏ်ထွန်း ၊ညွှန်ကြားရေးမှူး၊ နိုင်ငံတော်သမ္မတရုံး၊ အတွင်းရေးမှူး
    ၂။ သတင်းထုတ်ပြန်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
    (က)နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေး၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ သတင်းများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးရန်၊
    (ခ)အခါအားလျော်စွာ လိုအပ်ချက်ရှိပါက သတင်းစာရှင်းလင်းပွဲများ တာဝန်ယူ ပြုလုပ်ပေးရန်၊
    (ဂ)သတင်းထုတ်ပြန်ချက် (Press Statement) များ ထုတ်ပြန်ပေးရန်၊
    (ဃ)ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများနှင့် စပ်လျဉ်း၍ တင်ကူးမီဒီယာ (Preactive Media) လုပ်ငန်းနှင့် တုံ့ပြန် မီဒီယာ (Reactive Media) လုပ်ငန်းများ ဆောင်ရွက်ရန်၊
    (င)ပြည်တွင်းပြည်ပရှိ သတင်းဌာနများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ သတင်းဌာနများသို့ အချိန်နှင့်တစ်ပြေးညီ သတင်းဖြန့်ချိရန်၊
    (စ)ဝန်ကြီးဌာနအသီးသီးမှ ဖွဲ့စည်းထားသော သတင်းထုတ်ပြန်ရေး အဖွဲ့များနှင့် ချိတ်ဆက်၍ အထောက်အကူ ပေးနိုင်ရေး ညှိနှိုင်း ဆောင်ရွက်ရန်။
    (ပုံ) ဇော်သန်းသင်း၊
    အတွင်းရေးမှူး
    ပြည်ထောင်စုအစိုးရအဖွဲ့
  • အိုဘားမား၊ အမေစု၊ ၂၀၁၅ ရွေးကောက်ပွဲ၊ ကချင် ရခိုင်အရေးနှင့် ကျနော့်အတွေး
    အိုဘားမား၊ အမေစု၊ ၂၀၁၅ ရွေးကောက်ပွဲ၊ ကချင် ရခိုင်အရေးနှင့် ကျနော့်အတွေး
    နိုဝင်ဘာ၊၁၅ ၊ ၂၀၁၂
    M-Media
    ဆောင်းပါးရှင်- ဒေါက်တာအောင်မော်
    ၁။ နိုင်ငံတကာအလယ်မှာ နိုင်ငံရေးပုံရိပ်ကောင်းပြီးရင်း၊ ကောင်းရန် လိုသော National Figure အမေစု
    အာဏာရှင်နိုင်ငံများတွင် ပြည်သူတို့၏ထောက်ခံမှုကို သေနတ်ပြ ချိန်းချောက်၍လည်းကောင်း၊ နည်းမျိုးစုံသော မဲလိမ်၊ မဲခိုးနည်းများကို အသုံးပြု၍လည်ကောင်း ရယူလေ့ရှိသည်ကို မြန်မာများ ကောင်းကောင်း သိပါသည်။
    ပြည်သူများ၏ ထောက်ခံမှု၊ ဆန့်ကျင်မှုတို့ကို လုံးဝ ဂရုစိုက်လေ့မရှိသော အာဏာရှင်တို့သည် နိုင်ငံတကာ၏ ဖိအားကိုတော့ ကြောက်လေ့ရှိကြပါသည်။ ထို့ကြောင့် နိုင်ငံရေးသမား သက်သက်မဟုတ်သော လူထုခေါင်းဆောင် (National Figure) ဖြစ်သည့် အမေစုအနေဖြင့် နိုင်ငံတကာတွင် နိုင်ငံရေး ပုံရိပ် (Image) ဆက်လက် ကောင်းနေပါမှ ကမ္ဘာ့ခေါင်းဆောင်များ၏  ထောက်ခံ၊ စောင်မ၊ စောင့်ရှောက်မှုကို အပြည့်အဝ ရရှိနိုင်ပါမည်။
    တိုင်းပြည်အင်အားသည် ပြည်တွင်းမှာသာရှိသည်လို့ အမေစု ခဏခဏပြောဘူးပေမဲ့ ၈ လေးလုံး လူထုအုံကြွမှုနဲ့တောင် မပြောင်းလဲခဲ့တဲ့ မြန်မာနိုင်ငံဟာ International Figure ဖြစ်တဲ့ အမေစုကို အရင်းခံတဲ့ ကမ္ဘာကြီးရဲ့ ပြိုင်တူဖိအား ကြောင့်သာ မယုံနိုင်ဘွယ်ရာ အပြောင်းအလဲတွေ ဖြစ်လာတာလို့ ကျနော် ယုံကြည်တယ်။
    ၂။ တပ်မတော်ကပေးသည့် အတိုင်းအတာနှင့် အချိန်အထိသာ ဒီမိုကရေစီရနိုင်သောကြောင့် (Diplomacy) အရေးကြီးသည်။
    ၂၀၀၈ ဖွဲ့စည်းပုံအရဖြစ်စေ၊ လွှတ်တော်တွင်း အခြေအနေအရဖြစ်စေ တပ်မတော်က ခွင့်ပြုသော အတိုင်းအတာနှင့်အချိန်အထိသာ ဒီမိုကရေစီအခွင့်အရေးရနိုင်ပါသည်ဟု အမေစုပြောဘူးပါသည်။
    ယနေ့တိုင် မငြိမ်သက်သေးသော ရခိုင်နှင့် ကချင် ပြည်နယ် ပြဿနာများသည် တပ်မတော်က အချိန်မရွေး နိုင်ငံတော်အာဏာကို ပြန်လည်ရယူနိုင်သည့် အခြေအနေမျိုးဖြစ်သည်ဟု နိုင်ငံရေး လေ့လာ သူများက တွက်ဆထားကြပါသည်။
    ၂၀၁၅ အထွေထွေရွေးကောက်ပွဲသည် အာဏာရပါတီက စိတ်ကြိုက်ရွေးချယ်ဖွဲ့စည်းထားသော၊ ကြိုတင်မဲဖြင့် နာမည်ကြီးခဲ့သည့် ရွေးကောက်ပွဲ ကော်မရှင်က ဦးစီးကျင်းပမည်ကိုလည်းမမေ့သင့်ပါ။
    ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရန် ပြည်တွင်းထောက်ခံမှုကို အသားပေး၊ မျှော်လင့် လွန်းခြင်း ထက်စာလျှင်၊ နိုင်ငံရေး တိုးတက်မှုများ နောက်ကြောင်းပြန်မလှည့်စေရန်နှင့် အာဏာရ ပါတီနှင့် ရွေးကောက်ပွဲ ကော်မရှင်ကို ထိန်းကြောင်းတည့်မတ်ရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာ၏ ထောက်ခံမှု၊ စောင့်ကြည့်မှု၊ အားပေး မှုနှင့် ဖိအားတို့လျှော့မသွားအောင် (International Diplomacy) အထူး လိုအပ်သည်ဟု ဆင်ခြင်မိပါသည်။
    ၃။ ကမ္ဘာကြီးကို အမေစုရဲ့ သြဇာညောင်း အောင်လုပ်ရန်လိုသည်။
    ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရှိရေးအတွက် အမေစုအဖို့ပြည်တွင်းမှ တခဲနက် ထောက်ခံမှု လျှော့နည်း မသွားစေရအောင် တစ်ချို့သော အမှန်၊ အမှား ဖြေရှင်းရခက်သော နိုင်ငံရေးပြဿနာများ (Political Dilemma) နှင့်ပတ်သက်လာလျှင် မည့်သည့်ဖက်မှ ဘက်မလိုက်ဘဲ လိမ်မာပါးနပ်စွာ ရှောင်တိမ်းနေတာ မှန်သည်ဟု မြန်မာနိုင်ငံသား တစ်ချို့က ထင်မြင်ကြပါသည်။
    Dilemma ဖြစ်နေသော ကိစ္စုများတွင်
    (က) တစ်စုံတရာမှတ်ချက်မပြုဘဲ၊ မဖြေရှင်းဘဲ အချိန်ဖြင့် ကုစားရန်အတွက်ဖြစ်စေ၊
    (ခ) အချက်အလက်ခိုင်လုံအောင် အချိန်ယူစောင့်ကြည့်ခြင်းကိုဖြစ်စေ၊
    နိုင်ငံတကာခေါင်းဆောင်များ လက်ခံနိုင်ပေမဲ့ အဖြူနှင့် အမဲ၊ အမှန်နှင့် အမှား သဲကွဲလွန်းသော ကိစ္စများကို ခေါင်းရှောင်နေလျှင် National Figure ဖြစ်သော အမေစုကို အစဉ်အမြဲ ထောက်ခံ၊ ကူညီ နေသော နိုင်ငံတကာခေါင်းဆောင်များနှင့် လွှတ်တော်များအလယ်တွင် အမေစု၏ နိုင်ငံရေး သိက္ခာကျဆင်း သွားနိုင်ပါသည်။
    အမေစုသာ အမှန်နှင့်အမှာအကြား၊ ကြား (ဂျား) နေပါက နိုင်ငံတကာ ခေါင်းဆောင်များအလယ်တွင် ကျနော်တို့နိုင်ငံ၏ (National Figure) ဖြစ်သော အမေစု၏ နိုင်ငံရေး ပုံရိပ် (Image) မှာဆက်လက် မကောင်း နိုင်ပါသဖြင့် နိုင်ငံတကာ ထောက်ခံမှုနှင့် နိုင်ငံတကာဖိအားများ လျှော့နည်းသွားမည်ဆိုလျှင် နိုင်ငံနှင့် ပြည်သူ အားလုံးတို့၏ ဆုံးရှုံးမှုပင် အမှန်ဖြစ်ပါသည်။ အမေစု ကိုယ်ကို အမေစုမပိုင်တော့ပါ။ လူထုခေါင်းဆောင်ကို ကျနော်တို့ နိုင်ငံနှင့် ပြည်သူများက ပိုင်သွားပါသည်။
    ကျွန်တော့အမြင်ကတော့ အမေစုအနေဖြင့် ရရှိပြီးဖြစ်သော ပြည်သူလူထု အများစု၏ တစ်ခဲနက် ထောက်ခံမှုကို ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ဆက်လက်ရရှိနေပါလိမ့်မည်။ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရေးနှင့် ရွေးကောက်ပွဲရလဒ်ကို အာဏာရပါတီမှ လက်ခံအောင်၊ တစ်နည်းအားဖြင့် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကဲ့သို့ ငြင်းပယ်ခြင်း မခံရအောင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ စောင့်ကြည့်မှု နှင့် ဖိအားများက ပို၍ အရေးကြီးသည်ဟု မြင်ပါသည်။
    ထို့ကြောင့် နိုင်ငံတကာ ခေါင်းဆောင်များအကြားတွင် အမေစု အနေဖြင့် Role Model ဖြစ်ရန် အတွက် နိုင်ငံရေးသိက္ခာကို ထိန်းသိမ်းထားနိုင်ပါမှ ကမ္ဘာကြီးအပေါ် သြဇာညောင်းပါလိမ့်မည်။
    မြန်မာနိုင်ငံခရီးစဉ် အတွင်း အိုဘားမားအနေဖြင့် နေပြည်တော်သို့ မသွားဘဲ ရန်ကုန်မှာသာနေပြီး အမေစုကို တွေ့ဆုံနှုတ်ဆက်ရန် ဆုံးဖြတ်ခြင်းသည် ကမ္ဘာကြီးအပေါ် အမေစု၏ သြဇာညောင်းမှုကို ပြဆိုသည့် သက်သေတစ်ခုပင်ဖြစ်ပါသည်။
    အဲဒီသြဇာညောင်းမှုကသာ အမေစုနှင့် ပြည်သူတို့၏ တကယ့်အောင်ပွဲကို မလွဲမသွေ ဆောင်ကြဉ်း ပေးနိုင်ပါလိမ့်မည်ဟု ယုံကြည်ပါသည်။
    ၄။ အိမ်ကြက်တွေ အချင်းချင်းခွတ်ရန် အိုးမဲ သုတ်ခြင်း။
    ဗိုလ်ချုပ်ကြီး နေဝင်းက ၁၉၈၂ နိုင်ငံသားဥပဒေ ကိုပြဌာန်းကာ စတင်၍ အိုးမဲသုတ်ခဲ့ပါသည်။ တိုင်းရင်းသားစာရင်းမှ ရိုဟင်ဂျာကို ဖယ်ထုတ်ခဲ့သည်။ သုံးခေါက်ချိုး နိုင်ငံသား မှတ်ပုံတင်ကိုင်သော ရိုဟင်ဂျာ တိုင်းရင်းသားများကို ပုံစံ ၄ ဖြည့်သွင်းပြီးမှ ခရီးသွားခွင့်ပြုခဲ့သည်။ ထို့အပြင် သုံးခေါက်ချိုးကဒ်ကို နိုင်ငံသားစိစစ်ရေးကဒ်နှင့်လဲမပေးဘဲ၊ တဆင့်နှိမ့်ပြီး သံသယကဒ်ကိုသာ ထုတ်ပေးခဲ့၍ ရိုဟင်ဂျာ တစ်ချို့က လဲရန်ငြင်းဆိုခဲ့ကြပါသည်။ တကယ်တန်းပြောရလျှင် မြန်မာနိုင်ငံသား မွတ်ဆလင်များကို ရည်ရွယ်၍ တမင် သက်သက်နှိမ်ပြီး ရေးဆွဲထားသော ၁၉၈၂ နိုင်ငံသားဥပဒေပါ အခွင့်အရေးများကိုပင် အပြည့်အဝ မခံစား ရအောင် လျှို့ဝှက်ညွှန်ကြားချက်များ ပေးပို့ကာ နှိပ်ကွပ်စေပါသည်။
    လွတ်လပ်စွာခရီးသွားခွင့်၊ ပညာသင်ခွင့်၊ အရွယ်ရောက်သူများ အိမ်ထောင်ပြုခွင့်၊ အိမ်ခြံမြေ အသစ်ဝယ်ခွင့်၊ အိမ်ထောင်စုဇယား (သန်းခေါင်စာရင်း) ခွဲထွက်ခွင့်နှင့် အိမ်အသစ် ဆောက်ခွင့်၊ စသည်တို့ကို တင်းကြပ်စွာ ပိတ်ပင် တားမြစ် ထားပါသည်။
    (မှတ်ချက်။ ။ အထက်ပါကြောင်းများကြောင့် ရိုဟင်ဂျာအိမ်တစ်အိမ်တွင် လူဦးရေ လေး၊ ငါးဆယ် စုပေါင်းနေခြင်းဖြစ်ပါသည်။)
    ဤနည်းများအားဖြင့် အိုးမဲသုတ်ကာ ရုပ်ဖျက်ပြစ်လိုက်သည်။
    ၅။ အိုးမဲသုတ်တာ အားမရလို့ မျက်နှာဖုံး ပါတပ်ကာ ရုပ်ဖျက်ပေးလိုက်၍ တအိမ်တည်းနေ ညီအစ်ကိုများ ခွပ်လို့ မဆုံးအောင်ဖြစ်စေသည်။
    ၈ လေးလုံးကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ခိုးဝင်လာသော ဘင်္ဂါံလီ ရိုဟင်ဂျာများကို တပ်မတော်နှင့် ပူးပေါင်းကာ တိုက်ထုတ်ခြင်းဖြင့် အမျိုးသားရေးတာဝန်တရပ် ကိုထမ်းဆောင်ရမည်ဟု မီဒီယာများမှတဆင့် အသံကျယ်ကျယ်ပြောလိုက်ခြင်းက အိမ်ကြက်အချင်းချင်း မမှတ်မိအောင် မျက်နှာဖုံးတပ်ပေးလိုက်ခြင်းဖြစ်၏။ ယနေ့မြန်မာနိုင်ငံတွင် အမျိုးသားရေးဟု ပြောလိုက်လျှင် လူ့အခွင့်အရေးနှင့် ဥပဒေအားလုံး ချိုးဖေါက်ခွင့် ရှိသည်ဟု မှတ်ယူကြကုန်၏။
    တဖန် သမ္မတကြီး ဦးသိန်းစိန်က ရိုဟင်ဂျာများသည် ခိုးဝင်သူများဖြစ်၍ ( Refugee Camp) သွင်းပြီး တတိယ နိုင်ငံသို့ ပို့မည်ဟု UN ကိုယ်စားလှယ်ကို ပြောလိုက်သောအခါ ထိမ်းမရသိမ်းမရ ပိုဆိုး သွားစေ ပါတော့သည်။ နိုင်ငံအနှံ့ သမ္မတကြီး မိန့်ခွန်းထောက်ခံပွဲဟု အကြောင်းပြပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၄ နှင့်ဆန့်ကျင်ကာ လူမျိုးရေး၊ ဘာသာရေး အထိကရုံး များဖြစ်စေရန် ပြောင်ပြောင် တင်းတင်း စည်းရုံးရေးများ လုပ်ခြင်းဖြင့် တစ်နိုင်ငံလုံးရှိ အစ္စလာမ်ဘာသာဝင်များကို ရန်ရှာလာကြပါ တော့သည်။
    တောင်ကုတ်၌ ခရီးသွား ၁၀ ဦး အကြမ်းဖက် အသတ်ခံရမှု၏ တရားခံများကို ရှာဖွေဖေါ်ထုတ် အရေးယူမယ်လို့ မပြောတဲ့အပြင် နိုင်ငံပိုင်သတင်းစာများတွင် သေဆုံးသူများကို (မွတ်ဆလင်ကုလား)၊ (ပြည်တွင်းနေအစ္စလာမ်ဘာသာဝင်) စသည်ဖြင့် အသစ်တည်ထွင်ထားသော စကားလုံးများသုံးကာ ကျန်နိုင်ငံသားများနှင့် တန်းတူအခွင့် အရေးမရှိသူ နိုင်ငံမဲ့များ အဖြစ်ပုံပေါ်စေ၍ မင်းမဲ့စရိုက်ကို အသက်သွင်း ပေးခဲ့ပါသည်။
    ဂျာနယ်များကလည်း ဥပဒေ သာမက၊ မီဒီယာကျင့်ဝတ်များကို ချိုးဖေါက်ကာ လူမျိုးရေး၊ ဘာသာရေး အထိကရုံး လှုံ့ဆော် စာများကို ခေါင်းစဉ်အမဲဖြင့်ဖေါ်ပြသည်အထိ မီဒီယာလွတ်လပ်ခွင့်ကို တလွဲအသုံးချ ခြင်းဖြင့် ညီအစ်ကိုအချင်းချင်း မမှတ်မိအောင် မျက်နှာဖုံး တပ်ပေးလိုက်ကြ ပါတော့သည်။
    ၆။ တစ်ချက်ခုတ် နှစ်ချက်ပြတ် (သို့မဟုတ်) ယာလည်းညှက်စေ ကြက်လည်း ပန်းစေ။
    တချိန်က (Federal) သို့မဟုတ်(တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရန်) တောင်းဆိုသည်ကို ဝန်ကြီးချုပ် ဦးနုက အသိအမှတ်ပြုခဲ့၍ အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာများကို ဦးနေဝင်းနှင့် အစဉ်အဆက် စစ်ခေါင်းဆောင်များက မုန်းသည်ဟု ဆိုကြ၏။
    ရခိုင်အစွန်းရောက် မျိုးချစ်များ၏ လွတ်လပ်သောရခိုင်နိုင်ငံတော်ကြီးတည်ဆောက်အံ့ဟူသော စိန်ကောင်းကျောက်ကောင်း ရောင်းဝယ် နေသည့်ကြား ဆေးရိုးသည် ရိုဟင်ဂျာများမှာ ကန့်လန့်ဖြစ်နေသည်။
    ရွှေ ရေနံသိုက်နှင့် တရုတ်သို့ သွယ်တန်းထားသော Natural gas ပိုက်လိုင်း အကျိုးအမြတ်များကို ရခိုင်တိုင်းရင်းသားတို့က အချိုးကျ တောင်းဆိုနေကြခြင်းသည် အစိုးရကို ခေါင်းကိုက်စေ၏။ မြစ်ဆုံနှင့် လက်ပန်းတောင်းတောင် သတ္တုတွင်းကိစ္စကလည်း မပြီးပြတ်သေး၍ လှည့်ပတ်ကာ အာရုံလွှဲ ရပါဦးမည်။
    တရုတ်စကားပုံ တစ်ခုတွင် ဖရဲခင်းအတွင်း ဖိနပ်ကို ကုန်းပြီးပြင်လျှင် ဖရဲသီးခိုးသည်ဟု ကြိမ်းသေ စွပ်စွဲခံရပါလိမ့်မည် ဟုဆို၏။  ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ပထမဆုံးထွက်ခွာမည့် နိုင်ငံခြားခရီးစဉ် စတင်ကာနီး အချိန်တွင် လူမျိုးရေး အဓိကရုံဏ်းများ တိုက်ဆိုင်စွာပင် ဖြစ်ပေါ်လာသည်။
    လူမျိုးရေး ပဋိပက္ခ ဖန်တီးသူများ၏ ရည်ရွယ်ချက်များအနက် တစ်ချို့ အောင်မြင်သည်ဟု ပြောနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် International Figure ဖြစ်သော အမေစုကို ရခိုင်ပဋိပက္ခနှင့် ပတ်သက်၍ အသံ တိတ်လွန်းသည်ဟု ကမ္ဘာက စတင်ဝေဖန်လာကြပြီ ဖြစ်သည်။
    ၇။ ကျင့်ဝတ်မညီသည့် ဘက်လိုက်သော မီဒီယာများ
    လူ့အခွင့်အရေးနှင့်ပတ်သက်၍ ပညာပေးမှုအားနည်းလွန်းသော မီဒီယာများသည် အမျိုးသားရေး အမည်တပ်ကာ ဥပဒေချိုးဖေါက်မှုများကို ပိုမိုပြုလုပ်သင့်ကြောင်း တိုက်တွန်း အားပေးနေသယောင် ဖေါ်ပြနေကြ၏။
    ၈။ သုတ်မိသော အိုးမဲများ စတင်ဖျက်နေကြပြီ။
    (က) လဝက ဝန်ကြီး ဦးခင်ရီက ခိုးဝင်သူများ မရှိသလောက် ဖြစ်သည်ဟုဆို၏။ ကုလသမဂ္ဂမှ ကြားမဝင်စေချင်၍ ရခိုင်နှင့်ရိုဟင်ဂျာများသည် တစ်အိမ်တည်းနေ ညီအစ်ကိုများဖြစ်သည်ဟုလည်းသုံးနှုံး၏။
    (ခ) သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းက ရိုဟင်ဂျာများသည် လွတ်လပ်ရေးမတိုင်မှီ အခြေချနေထိုင်သူများ ဖြစ်၍ တတိယနိုင်ငံသို့ ပို့ရန်မဖြစ်နိုင်ကြောင်း၊ အတူတကွ ယှဉ်တွဲနေထိုင်ဖို့ကိုသာ စဉ်းစားသင့်ကြောင်း၊ ရိုဟင်ဂျာဟူသော နာမည်ကိုတော့လက်မခံကြောင်း အမေရိကန်ခရီးစဉ်အတွင်း တက္ကသိုလ်တစ်ခုတွင် ရခိုင် အမျိုးသား တစ်ဦး၏ အမေးကိုဖြေကြားခဲ့ပါသည်။ (နေပြည်တော်တွင်ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲတစ်ခု၌ ထိုသူများကို ဘင်္ဂါံလီဟုပြောဆိုသုံးနှုံးခြင်းကို ဘင်္ဂံလားဒစ်ရှစ် သံအမတ်ကြီးက ကန့်ကွက်ခဲ့ပါသည်။)
    (ဂ) သမ္မတကြီး ဦးသိန်းစိန်က မတည့်သည့်အုပ်စုနှစ်ခု အတူယှဉ်တွဲနေနိုင်သည့် နည်းလမ်းများ ရှာဖွေရန် လိုကြောင်း ပြောကြားပါသည်။
    ၉။ မြန်မာအစိုးရကို လှုပ်နှိုးရန် အိုဘားမားနှင့် အမေစုတို့၏ ပူးတွဲကြေငြာချက်ထုတ်ပြန်ရန်လို၏။
    များမကြာမှီရက်များအတွင်း အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်လာ ပါတော့မည်။ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးများနှင့်ပတ်သက်၍ ဆက်လက်ထောက်ခံသင့် မခံသင့် စမ်းစစ် ပါလိမ့်မည်။ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး အတွက် နိုင်ငံတကာထောက်ခံမှု လိုအပ်နေပါသည်။
    အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်သည် စောလွန်းသည်ဟု ဝေဖန်သူများ ငုတ်တုတ်မေ့အောင် အိုဘားမားအနေဖြင့် လုပ်ပြရပါလိမ့်မည်။
    ရခိုင် ရိုဟင်ဂျာ ပဋိပက္ခကို အမြန်ဆုံးထိန်းသိမ်းရန်နှင့် နောက်ကွယ်မှ တရားခံကိုဖေါ်ထုတ်ပေးရန် အိုဘားမားက တောင်းဆိုမည်ဟု အိမ်ဖြူတော်မှ ကြေငြာ၏။ ဤသို့ဆိုလျှင် သမ္မတ ဦးသိန်းစိန်၊ အမေစု၊ ရှစ်လေးလုံး ကျောင်းသားများသာမက တောင်ကုတ်၊ ရခိုင်ကိစ္စ စုံစမ်းရေး ကော်မရှင်နှစ်ရပ်စလုံးနှင့် တွေ့ဆုံခွင့်ရရန် အိုဘားမား အနေဖြင့်တောင်းဆိုသင့်၊ အချိန်ပေးသင့်ပါသည်။
    ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခမ်းမတွင် ရန်ကုန်မြို့လူထုကို အိုဘားမား မိန့်ခွန်းပြောမည်ဟု အိမ်ဖြူတော်က ကြေငြာ၏။ ဒီမိုကရေစီ ဘက်တော်သားများ၊ အမှန်တကယ် ပြုပြင်ပြောင်းလဲရေး လိုလားသူများ၊ မြန်မာမွတ်ဆလင်နှင့် ရိုဟင်ဂျာများ အနေဖြင့် ထိုပွဲကို မဖြစ်မနေ တက်ရောက်သင့်သည့်အပြင် အိုဘားမားကို ၎င်းမိန့်ခွန်းပြောအပြီး မေးရန် မေးခွန်းကောင်းကောင်းလေးများကို စဉ်းစားပြီး အင်္ဂံလိပ် မြန်မာ နှစ်ဘာသာဖြင့် စာစီကာ အကြိမ်ကြိမ် လေ့ကျင့်နေသင့်ပါသည်။
    အိုဘားမားအနေဖြင့် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးတို့နှင့် အချိန် လုံလုံလောက်လောက်ပေး တွေ့ဆုံ စကားပြောကာ မြန်မာနိုင်ငံသည် နောက်ကြောင်း ပြန်မည် မဟုတ်ကြောင်း ကတိကို တောင်းခံပြီးမှ မြန်မာပြည်၏ ပြုပြင်ပြောင်းလဲရေးကို ယုံသင့်၊ထောက်ခံသင့်သည်။
    (မှတ်ချက်။ ။မြန်မာနိုင်ငံတွင် အမေရိကန်သမ္မတကြီးအနေဖြင့် နာရီပိုင်းမျှသာ နေမည်ဟု သတင်းကြား၍ အထူးစိတ်မကောင်း ဖြစ်မိပါသည်။)
    အမေစုအနေဖြင့်လည်း အိုဘားမားနှင့်တွေ့ဆုံရမည့် အခွင့်ကောင်းကို အသုံးချကာ ကချင်နှင့် ရခိုင်အရေး ပူးတွဲကြေငြာချက်ထုတ်ပြန်၍ ဒီမိုကရေစီအရေး၊ ဘာသာရေးဖိနှိပ်မှု၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် အစဉ်အမြဲ အသံမတိတ်ကြောင်း သက်သေပြခြင်းဖြင့် ကမ္ဘာကြီး၏ အမေစုအပေါ် ထောက်ခံမှုကို ဆက်လက် ထိန်းသိမ်းထားသင့်ပါကြောင်း တင်ပြ အကြံပေးအပ်ပါသည်ခင်ဗျား။
    ဒေါက်တာ အောင်မော်
    ဆေင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။
  • မင်းတုန်းမင်းတရားကြီးက ရွေးလက်ယာ တပ်သားများအတွက် ရွှေပန္နက် ဗလီတော်ဆောက်ပေးခြင်း
    မင်းတုန်းမင်းတရားကြီးက ရွေးလက်ယာ တပ်သားများအတွက် ရွှေပန္နက် ဗလီတော်ဆောက်ပေးခြင်း
    နိုဝင်ဘာ၊ ၁၄ ၊ ၂၀၁၂
    M-Media
    ယဉ်ကျေးမှု တက္ကသိုလ် ပါချူပ်(ငြိမ်း) သမိုင်းပညာရှင် ဦးတင်စိုးမှ မန်းတလေး နန်းတွင်း၌ ဗလီနှင့် ပတ်သက်ပြီး အထောက်အထား မတွေ့ရှိခဲ့ဟု ပြောကြားခဲ့တာကို ၈.၁၁.၂၀၁၂ ရက်ထုတ် NEWSWEEK ဂျာနယ်နှင့် အင်တာဗျူးတွင် ဖော်ပြခဲ့ပါသည်။ မန္တလေးနန်းတွင်း၌ တည်ရှိခဲ့သည် ဗလီများ အနက်မှ မင်းတုန်းမင်း တရားကြီးက ရွေးလက်ယာ တပ်သားများ အတွက် ရွှေပန္နက်ဗလီတော် ဆောက်ပေးခြင်းအကြောင်း M-Media မှာ ဖော်ပြပေးလိုက်ပါတယ်။
    မန္တလေးနန်းတော်အတွင်း မင်းတုန်းမင်းတရားကြီးက ရွေးလက်ယာ တပ်သားများအတွက် ရွှေပန္နက်ဗလီတော် ဆောက်ပေးခြင်း
    ရွှေဘို အလောင်းမင်းတရားကြီး ဦင်္းအောင်ဇေယျမှစ၍ သီပေါမင်းတရားတိုင် မင်း ဆယ့်တစ်ဆက်ရှိ၏။ ၄င်းမင်းဆယ့်တစ်ဆက်တို့သည် မြန်မာမွတ်စလင်တို့ကို ယုံကြည်စိတ်ချရသည့် အတွက်၊ စစ်တိုက်ကောင်းသည့်အတွက်၊ အဘက်ဘက်တွင် သစ္စာမဖောက်သည့် အတွက် ဘုရင်မင်းမြတ်တို့သည် အပါးတော် လက်ယာတွင် အမှုတော် အမြဲလိုက်ပါထမ်းရွက်စေ၏။ နန်းမြို့တွင်းတွင် အမြဲနေထိုင်ရသော လက်ရွေးစင်တပ်များ ဖြစ်ကြကုန်၏။
    မန္တလေးမြို့ ယခုအခါ မင်္ဂလာတံခါးခေါ် ကျော်မိုးတံခါးအဝင်ဝ လွတ်လပ်ရေးကျောက်တိုင် အရှေ့မြို့ရိုးအနီးတွင် ရွေးလက်ယာအမှုထမ်းတို့ကို အမြဲနေထိုင်စေပြီး ဝတ်ပြုကြရန် မင်းတုန်းမင်းတရားကြီးက “ရွှေပန္နက်ဗလီ”ဟူ၍ ရွှေပန္နက်ရိုက်ပြီး ဗလီဆောက်ပေး၏။ ၄င်း “ရွှေပန္နက်ဗလီ”၏ မော်လဝီဆရာကြီးကား သခင်ကြီးခေါ် ဆရာဘိုင်ကြီးဖြစ်၍ အလွန်တည်ကြည်ဖြောင့်မတ်၏။ အကျင့်သီလ၊ သိက္ခာ သမာဓိနှင့် ပြည့်စုံ၏။ လူုတိုင်းက ရိုသေကြ၏။
    မင်းတုန်းမင်းတရားကြီးက မွတ်စလင်များအတွက် သာသနာပိုင်ခန့်ထား၏။ ရွှေဘိုမြို့ပြင် ဈေးရပ်တွင် နေထိုင်သော အထူးအာဏာရ A.T.M အမှုထမ်းကောင်း တံဆိပ်တော်ရမင်း မြို့အုပ်မင်း ဦးဘိုးမြစ်မှာ ၄င်း “သခင်ကြီး”ခေါ် “ဆရာဘိုင်ကြီး”၏ သားအရင်းဖြစ်ပါသည်။ ဒုတိယသားမှာ ရွှေဘိုခရိုင် ထန်းကုန်းဘူတာ ထန်းကုန်းရွာကြီးတွင် အထူးအာဏာရ သူကြီးမင်း ဦင်္းခြူဖြစ်ပါသည်။ မြို့အုပ်မင်း ဦးဘိုးမြစ်နှင့် သူကြီးမင်း ဦင်္းခြူတို့သည် နန်းမြို့အတွင်း “ရွှေပန္နက်ဗလီ” အနီးတွင် မွေးဖွားကြပါသည်။
    ဗိုလ်မှုးကြီးဘရှင်ရဲ. မြန်မာနိုင်ငံသားအစ္စလာမ်ဘာသာဝင်တို.အား ရှေးမြန်မာမင်းများက ချီးမြင့်ခဲ့ပုံစာအုပ်ထဲကပုံ
    ရွှေဘိုခရိုင် ကန်သာကုန်းရွာ မြန်မာမွတ်စလင်ပညာရှင် “မော်လဝီဆရာသီ” ပြုစု စီရင်ရေးသားသော “အစ္စလာမ်သာသနာ ကမ္ဘာ၏ မော်ကွန်းတော်” စာမျက်နှာ ၁၅ တွင် ရွေးလက်ယာတို့အကြောင်းနှင့် ရွှေပန္နက်ဗလီအကြောင်းကို အောက်ပါအတိုင်း ရေးသားထား၏။
    “ရတနာပုံ၌
    သဒ္ဓါအဟုန်ဘုန်းရောင်လင်းခဲ့သည့်
    မင်းတုန်းမင်းလက်ထက်တော်အခါတွင်
    ရွေးလက်ယာမွတ်စလင်တို့သည်
    ရှေ့တော်တွင် တစ်စုတစ်ခန်းငယ်နှင့်
    အမှုထမ်းဖြစ်ကြရကား
    မွတ်စလင်ဘာသာရေး
    ဝတ်ပြုရန်အခွင့်ပေးပြီးလျင်
    ယဉ်ကျေးမှုအရှည်ဆက်မှာကြောင့်
    ရွှေပန္နက်မိန့်ခိုင်းချပြီင်္းသော်
    ခြေတိုင်းမ အထင်ခံဖြင့်
    အစ္စလာမ်အခြေမြွက်၍မို့
    “ရွှေပန္နက်ဗလီတော်”ဟု
    ပြည်ပေါ်မှာသညာထားသည့်ပြင် …” စသည်ဖြင့် ဖြစ်လေသည်။
    (ရာဇဝင် ပါမောက္ခ ရွှေပြည်ဆရာဦးဘတင် တည်းဖြတ်၍ ရာဇဝင်သုတေသီ ရွှေဘိုဦးဘဦး ပြုစုစီရင် ရေးသားသော ရွှေမန်းနှစ်(၁၀၀)ပြည့် မြန်မာမွတ်စလင်တို့၏ အတ္ထုပ္ပတ္တိ၊ ပထမအကြိမ်၊ ၁၉၅၉ခု၊ စာမျက်နှာ ၁၄-၁၆၊ သတ်ပုံ မူရင်းအတိုင်း ကူးယူဖော်ပြသည်။)
  • ကုလား ပုံပြင် (သရော်စာ)
    ကုလား ပုံပြင် (သရော်စာ)
    “မြန်မာအစ တကောင်း က” တဲ့။ သမိုင်းသင်တဲ့ ဆရာမ က သင်ပေးခဲ့တာ။ မြန်မာစာ ဆရာမလည်း ခဏခဏ ပြောဖူးတယ်။ ဟိုးရှေးရှေးတုန်းက…….. အိန္ဒိယပြည် (မြန်မာတွေ ရဲ့ အခေါ်အရ ကုလားပြည်ပေါ့) မှာ ဘုရင် နှစ်ပါး စစ်ဖြစ်ကြတယ်တဲ့။ အဲဒီမှာ သာကီဝင် မင်းမျိုးဘုရင်က စစ်ရှုံးပြီး သူ့ရဲ့ မိဘုရားတွေ၊ မောင်းမတွေ၊ သားတော်တွေ၊ သမီးတော်တွေ၊ ဝန်ကြီးမှူးမတ်တွေ၊ စစ်သည်တော်သူရဲကောင်းတွေ၊ နန်းတွင်းသူ၊ နန်းတွင်း သားတွေခြွေရံသင်းပင်း အားလုံးနဲ့အတူ အိန္ဒိယပြည် အရှေ့ဘက် နယ်မြေကို အသက်လုထွက်ပြေး လာခဲ့ရသတဲ့။ အဲဒီလို ပြေးလာရင်း ခု မြန်မာနိုင်ငံလို့ခေါ်တဲ့ ဒေသကို ရောက်တော့ အဲဒီဒေသမှာ နေကြတဲ့ မြန်လည်းမြန်မာလည်းမာတဲ့ လူတွေကိုတွေ့သတဲ့။ အဲဒီလူတွေက မြန်တယ်၊ မာတယ် ဒါပေမဲ့ မယဉ်ကျေး ဘူးတဲ့။ အဲဒီ သာကီဝင်ဘုရင်က အဲဒီမြန်ပြီးမာတဲ့ မယဉ်ကျေးတဲ့လူတွေကို ယဉ်ကျေးအောင်သင်ပေး အုပ်ချုပ် မင်းလုပ် တိုင်းနိုင်ငံ ထူထောင်လိုက်သတဲ့ကွယ်။ နန်းစိုက်ရာမြို့ကို “တကောင်း” လို့ သမုတ်ပြီး အဲဒီ အချိန်က စပြီး ယဉ်ကျေးတဲ့ လူမျိုးတစ်မျိုးနဲ့ ယဉ်ကျေးမှုအသစ်တစ်ခုဟာ ကမ္ဘာပေါ်မှာ ပေါ်ပေါက်လာတော့သတဲ့။ အဲဒါ မြန်မာလူမျိုးနဲ့မြန်မာ့ယဉ်ကျေးမှု အစတဲ့။ အဲလိုနားရည်ဝနေရင်း……..
    ကလေးဆိုတော့လည်း ကလေးအတွေးလေးနဲ့ ဆက်စပ်တွေးမိတာပေါ့နော်……..။ တင်ပြသူ ကလေးဘဝက သုတေသန ပြုခဲ့တဲ့သမိုင်းဆိုရင်လည်း မမှားပါဘူး။ ကလေးသမိုင်းပေါ့။ ကလေး တင်ပြသူ အတွေး သမိုင်း ကို ပြောပြမယ်နော်…… နားထောင်ကြပါနော်……။
    သာကီဝင် ဘုရင်ဟာ အဲလို စစ်ရှုံးပြီးထွက်ပြေးလာပေမယ့်လည်း ဘုရင်တို့ရဲ့ အဆောင်အယောင် အပြည့်နဲ့ ပေါ့။ သန်လျှက်ကြီးကိုင်၊ ရွှေထီးဆောင်း၊ ပြိုးပြိုးပြက်ပြက် တွေဝတ်၊ အနားမှာ ဒူးထောက်ခစားသူတွေ အပြည့် နဲ့။ ထွက်ပြေးရင်း မြန်မာပြည် မြစ်ကမ်းဘေးတစ်နေရာထဲ ကို ရောက်တော့ နေလောင်ထားတဲ့ ကြေးနီရောင် မျက်နှာကြီးတွေနဲ့ အဝတ်ကပ်ရမှန်းတောင် မသိဘဲအပေါ်ပိုင်း ဗလာကျင်း နေတဲ့ ဒေသခံ ယောက်ျား မိန်းမ တွေဟာ အဲဒီ ခမ်းနားလှတဲ့ သာကီဝင်ဘုရင့် အရှိန်အဝါကိုမြင်ပြီး၊ မြေကြီးပေါ်ဒူးထောက်၊ မှောက်ရက်လှဲ၊ မော် တောင် မကြည့်ဝံ့ဘဲ ရှိခိုးကြတော့တာပေါ့။ အဲဒါနဲ့…..ဘုရင် က သူ့မှူးမတ်တွေဘက်လှည့် ဂုဏ်ယူဝင့်ကြွား စွာနဲ့ ကုလားလို “ဟမ် အဘီ ဘီ ရာဂျာဟယ်” (ငါ ဟာအခုထိ ဘုရင်ဘဲ) လို့ မိန့်တော်မူလိုက်တာပေါ့။ အဲဒါ ကိုကြားပြီး မြန်လည်းမြန် မာလည်းမာတဲ့ လူတွေက “ဟာ-ဒါဆို ဒီဘုရင်ကြီး ရဲ့ ဘွဲ့တော်ဟာ “အဘိရာဇာ” နဲ့တူတယ်လို့ထင်မှတ်လိုက်ကြပါလေရော။
    အဲဒီလို နဲ့ သူတို့ဟာ ဘုရင်ကြီးသွားရာနောက် တစ်ကောက်ကောက်လိုက်၊ ဘုရင်ကြီးအတွက် နေထိုင်ဖို့ အိမ်တစ်လုံးဆောက်ပေး အဲဒါတွေ လုပ်ပေးကြတာပေါ့။ ဘုရင်ကြီးနဲ့ နောက်ပါတွေဟာအလွန်ယဉ်ကျေးမှုမြင့် တဲ့ အိန္ဒိယလူမျိုး တွေဆိုတော့ မြန်လည်းမြန်၊ မာလည်းမာတဲ့ လူတွေအတွက် ဘုရင်ကြီးနဲ့ နောက် ပါတွေရဲ့ နေထိုင်ပြု မူ ပြောဆိုဝတ်စားဆင်ယင်ပုံတွေဟာ မြင်မြင်သမျှ အဆန်းကြီးဖြစ်နေ တော့တာပေါ့နော်။
    ဒီလိုနဲ့ နေလာကြရင်း ဒေသခံတွေကအချင်းချင်းတိုင်ပင်ကြတယ်၊ ဘုရင်ကြီး နဲ့ သူ့လူတွေ ရဲ့ လူမျိုး ကို ဘယ်လိုခေါ် ကြမလဲပေါ့။ တစ်ယောက်ကပြောတယ် သူတို့ကကွာတဲ့။ ဒေသကူးမြစ်ကူး ပြီးလာကြတာဆိုတော့ “ကူးလာ” လို့ခေါ်ကြရအောင်တဲ့။ အားလုံးကသဘောတူကြတယ်။ နောက်နောင်အချင်းချင်းပြောရင် “ကူးလာ” လို့ ရည်ညွှန်းသုံးနှုန်း ကြတာပေါ့နော်။ အဲ……ကာလရွေ့လျားလာတော့ အသံတွေပြောင်းပြီး”ကူးလာ” က နေ “ကုလား” လို့ ဖြစ်သွားတာပေါ့။ အိန္ဒိယ လူမျိုးဆိုရင် ကုလား ပေါ့။
    အဲဒီလို နဲ့ တစ်နေ့ကျတော့ ဘုရင်ကြီးရဲ့ နောက်ပါတွေနေတဲ့ အဆောင်ဘက်ကို မြန် ၊ မာတဲ့ လူတွေက ဘာများအထူးအဆန်းတွေ့ ရမလည်းလို့ သွားချောင်းကြပါလေရော။ အဲလိုချောင်းကြည့်တော့ ဘာတွေ့ရ သလဲဆိုရင်၊ ကုလား၊ မိန်းမတွေဟာ သစ်သားနဲ့လုပ်ထားတဲ့ ထိုင်စရာတွေပေါ်မှာ အခန့်သားဟန်ကျပန်ကျ နဲ့ထိုင်နေတာကိုတွေ့ပြီး သဘောကျကြတာပေါ့။ အဲဒါကို ဘယ်လိုခေါ်ရင် ကောင်းမလဲ စဉ်းစားကြတယ်၊ တစ်ယောက်ကပြောတယ် ကုလားတွေထိုင်တာဆိုတော့ “ကုလားထိုင်” လို့ခေါ်ရအောင်ကွာတဲ့။ အိန္ဒိယ လူမျိုး တွေဆိုတာက အရမ်းအရှက်အကြောက်ကြီးတာဆိုတော့ သူတို့ရဲ့အိမ်ကို လာချောင်းတာကိုတွေ့သွားပြီး သူတို့ရဲ့အိမ်ထဲကို အပြင်ကနေ မမြင်အောင် ပါလာတဲ့ ပိတ်စကြီးတွေနဲ့ ကာလိုက်ကြရော။ အဲဒါကို မြင်ပြီး ဒေသခံတွေက “ဟာဘာကြီးတွေနဲ့ ကာလိုက်တာလဲ” လို့ အံ့အားသင့်ရေရွတ်မိကြတာပေါ့။ အဲဒီအခါ တစ်ယောက် က “ဪမင်းတို့ကလဲကွာ၊ ကုလားတွေကာတဲ့ ဟာတွေဆိုတော့ ကုလားကာပေါ့ကွာ” လို့ ပြောလိုက်တယ်လေ။ အဲဒီအချိန်ကစပြီး ဒီနေ့အထိ “ကုလားကာ” တဲ့ ခေါ်ဖြစ်သွားကြတာ။
    အဲဒီ ကုလားတွေဟာ ဟိန္ဒူတွေ ၊ဆိုတော့ ဟိန္ဒူ ကုလားတွေဟာ ဘာသာတရား ရှိကြတော့ ဘုရားကျောင်းကြီးတွေ ကို လည်း ဆောက်ကြတယ်လေ။ ဘာကျောင်းဆောင်တွေလဲပေါ့။ “ဟာ-ကုလားတွေဆောက်တဲ့ ကျောင်းဆောင် ဆိုတော့ “ကုလားကျောင်း” ပေါ့ကွာတဲ့။ ဟိန္ဒူကုလားတွေဟာ သူတို့ ဘုရားရှိခိုး ပူဇော်ရာမှာ ခေါင်းလောင်း တွေကို သုံးတတ်ကြပေမယ့်၊ ခေါင်းလောင်းလုပ်ဖို့ ကြေးမရှိတော့ သစ်တုံးကိုထွင်းပြီး အသံမြည်အောင်ခေါက် ကြတယ်လေ။ အဲတော့ ဒေသခံတွေကထုံးစံအတိုင်း အံ့အားသင့်ကြတာပေါ့။ တုံတုံ နဲ့ခေါက်နေတာ ဘာလဲ ပေါ့။ တစ်ယောက် က “အိုကွာ-ကုလားတွေ ဘုရားတက်ရင် ခေါက်တာဆိုတော့ “ကုလားတက်” ပေါ့ကွာတဲ့။
    ဒီလိုနဲ့ တစ်နေ့ကြတော့ အဲဒီကုလားတွေက ဒေသခံတွေကို သူတို့လက်ရာစားဖူးအောင် ဖွယ်ဖွယ်ရာရာ ကျွေးမယ်ဆိုပြီး အိန္ဒိယကနေရိက္ခာအဖြစ်ပါလာတဲ့ ပဲ တစ်မျိုး ကို ရေဆေး ကြတယ်လေ။ ဒေသခံတွေက အဲဒီ ပဲကို တစ်ခါမှ မမြင်ဖူးကြတော့ ဘာပဲလဲပေါ့။ ထုံးစံအတိုင်း အတွေးကောင်းတဲ့ တစ်ယောက်က “ကုလားတွေ စားတဲ့ ပဲ ဆို ကုလားပဲ” ပေါ့ကွာတဲ့။ ဟင်းတွေကျက်ပြီ ၊ စားဖို့လာကြတော့လို့ ခေါ်လိုက်တော့ ဒေသခံတွေက ဝမ်းသာအားရနဲ့ပြေးလာပြီး အားရပါးရတွယ်ကြတယ်လေ။ အဲဒီဟင်းကို အရမ်းကို ကြိုက်သွားကြတယ်။ အဲဒါနဲ့ ကုလားတွေချက်ကျွေးတဲ့ ပဲဟင်းကို “ကုလားဟင်း” လို့ ခေါ်စပြုလာကြတယ်။ ဪ အဲဒီ ဟင်းနဲ့ အတူစားဖို့ မရန်းသီး၊ သရက်သီး စတာတွေကို ဆီ၊ မဆလာတွေနဲ့သမပြီးစိမ် အချဉ်တည်ထားတဲ့ အစားအစာ တစ်မျိုး လည်းပါသေးတယ်။ အဲဒါ ကို လည်း ဒေသခံတွေ က အရမ်းအရသာတွေ့ပြီး “ကုလားတွေ တည်ထား တဲ့အချဉ် ဆိုတော့ “ကုလားတည်” ကွာလို့ ဝမ်းသာအားရ တစ်ညီတစ်ညွတ်တည်း ကင်ပွန်း တပ်လိုက်ကြ လေရဲ့။
    အဲ…….ဒေသခံတွေ နဲ့ အတူ ကုလားတွေကလည်း စားသောက်ကြတယ်လေ။ အဲလို စားရင်း ကုလားတွေက အစိမ်းရောင် အတောင့်လေးတွေ ကို ကိုက်ကိုက်စားပြီး “အိုး-မာတာ၊ အရေး မာတာ” (အမလေး၊အမေရေ) လို့အော်ကြတယ်။ အဲဒါကိုမြင်ပြီး ဘာလေးတွေလည်းပေါ့၊ အတောင့်လေးတွေ။ တစ်ယောက်က “အယ်…… မင်းတို့ကလဲ၊ ကုလားတွေစားပြီးအော်တဲ့ အသီးလေးတွေကို “ကုလား အော်သီး” လို့ခေါ်ကြမယ်တဲ့လေ။ အဲလိုနဲ့ ထမင်းစားပွဲလည်းပြီးရော ဒေသခံတွေက ကိုယ့်အိမ်ကိုမပြန်သေးဘဲ သူတို့အကျင့်အတိုင်း အစားအစာတွေကို အိမ်ကိုပါသယ်ဖို့ စောင့်နေကြတာပေါ့။ ထမင်းတွေဟင်းတွေ အများကြီး ချက်ဧည့်ခံရတဲ့ အတွက် ကုလားတွေဟာ ပင်ပန်းပြီး ခြေပစ်လက်ပစ် အိပ်သွားကြပါလေရော။ဒေသခံတွေဟာ ကုလားတွေ ခြေပစ်လက်ပစ် အိပ်တာမြင်ပြီး ခွက်ထိုးခွက်လန်ရယ်ကြရင်း “ကုလားတွေအိပ်တာ သေနေသလိုဘဲ” လို့ လှောင်ပြောင်ပြောဆို ကြတယ်လေ။ ပြီးတော့ “အဲလို အိပ်တာမျိုး ကို ကုလားသေ ကုလားမော” လို့ ပြောကြရ အောင်လို့ အချင်းချင်းလက်ကုပ် သဘောတူကြတယ်။
    အဲဒီ သာကီဝင် ကုလားဘုရင်ကြီးမှာ သားတော်နှစ်ယောက် ရှိတယ်လေ။ ကုလားစကားနဲ့ ဘုရင့်သားတွေ ကို “ရာ့ခ်ျ ကုမာရ်” (ရာဇ ကုမာရ်) (မင်းသား) လို့ခေါ်တယ်။ ဘုရင်ကြီးကတော့ ချစ်စနိုးနဲ့ သူ့သားတွေကို “ရာဂျာ” (မင်းသား) လို့ ခေါ်လေ့ရှိတယ်။ တစ်နေ့ဘုရင့်သားအကြီးက ဘုရင့်အနားမှာထိုင်နေရင်း ရုတ်တရက် ထထွက်သွားတယ်။ ဘုရင်က သူ့သားကို “ကဟာန် ရာဂျာကြီး” (ဘယ်တုန်း မင်းသားကြီး) လို့ လှမ်းမေးတာ ပေါ့။ အဲဒါကိုကြားတဲ့ ဒေသခံတွေက မင်းသားအကြီးရဲ့နာမည်ဟာ “ကံရာဇာကြီး” ဘဲလို့ မှတ်ထင်လိုက် ကြတယ်။ (“ကဟာန် ရာဂျာကြီး” ကို သူတို့နားနဲ့ ကံရာဇာကြီး လို့ကြားကြတာကိုး)။ ဒီတော့ မင်းသားကြီးက “ကံရာဇာကြီး” ဆိုရင် မင်းသားငယ်က “ကံရာဇာငယ်”ပေါ့လို့ သူတို့ဟာသူတို့ ယူဆလိုက်ကြပြန်တယ်။
    ဩ……ဪ…..ပြောဖို့တစ်ခု ကျန်သွားတယ်။ အဲဒီ ကုလားတွေက အိန္ဒိယ ကနေ မြန်မာပြည်ဘက် လာတော့ သူတို့ရဲ့ ပစ္စည်း ပစ္စယ တွေကို ကျောကုန်းမှာ ဘုကြီးတွေပါတဲ့ တိရိစ္ဆာန် တွေပေါ် အဝတ်တွေ နဲ့အုပ်ပြီး တင်လာကြတယ်လေ။ အဲဒီ တိရိစ္ဆာန်မျိုးကို မမြင်ဖူးတဲ့ ဒေသခံတွေက အလွန်အံ့အားသင့်ခဲ့ ကြတယ်။ ဘာတိရိစ္ဆာန်လဲပေါ့။ တစ်ယောက်က “အေးကွာ…….ထူးတော့ထူးဆန်းတယ်၊ တစ်ခါမှ မမြင်ဖူးဘူး၊ ဘယ်လိုတိရိစ္ဆာန် မှန်းမသိဘူး၊ အိုဘာပဲဖြစ်ဖြစ်ကွာ၊ ကုလားတွေအုပ်ပြီး ခေါ်လာတဲ့ တိရိစ္ဆာန်တွေဆိုတော့ ခပ်လွယ်လွယ် “ကုလားအုပ်” လို့ခေါ် ကြတာပေါ့” လို့ပြောလိုက်လေရဲ့။ ကဲ……. တင်ပြသူကလေး ငယ်ငယ် ဘဝ အတွေးသမိုင်းလေးထဲက အတော်များများ ကို ပြန်ပြောင်းအောက်မေ့ ပြောပြပြီးပါပြီ။ အရွယ်ရောက်လာ တော့လည်း သမိုင်းကျွမ်းကျင်သူ၊ မြန်မာစာကထိက အတော်များများကို ဒီအကြောင်းပြောဖူးသေးတယ်။ အဲဒီ အတွေး ပြောပြတာ ပါးစပ် အဟောင်းသားလေးနဲ့ နားထောင်ကြရှာတယ်လေ။ ပြီးတော့ ဝါးလုံးကွဲအောင် ရယ်ကြတယ်။ပြီးတော့ပြောကြတယ်ဗျ “ဖြစ်နိုင်တယ်ဗျ”  တဲ့။
    ရေးသူ – ဘကြီးတော် ကျာကျာကြီး