News @ M-Media

Blog

  • ပန်းဝါ အကြမ်းဖက်မှု မသင်္ကာသူများကို ဖမ်းဆီး

    ပန်းဝါ အကြမ်းဖက်မှု မသင်္ကာသူများကို ဖမ်းဆီး

    အောက်တိုဘာ၊ ၂၊ ၂၀၁၂

    Source: ဧရာဝတီ

    ဗုဒ္ဓ သာသနိက အဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးတာဟာ အစ္စလမ်အခြေခံဝါဒီတွေ လက်ချက်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက ပြောကြားလိုက်ပါတယ် (ဓာတ်ပုံ – Reuters)

     

    ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပန်းဝါ (ခေါ်) ရာမူးမြို့က စတင်ခဲ့တဲ့ ဗုဒ္ဓ သာသနိက အဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးမှု ဖြစ်ပွားခဲ့တာဟာ အစ္စလမ်အခြေခံ ဝါဒီတွေရဲ့ လက်ချက်ကြောင့်ဖြစ်ပြီး တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ထိန်းသိမ်းထားတဲ့ လူ ၁၇၀ ကျော်ထဲမှာ အတိုက်အခံ ပါတီဝင်တွေ ပါဝင်နေတယ်လို့လည်းလို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

    ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး မိုဟိအူဒင် ခန် အလမ်ဂါက အခင်းဖြစ်ပွားရာကို သွားရောက်ခဲ့စဉ် အတွင်း အခုလို ပြောဆိုခဲ့တာ ဖြစ်ပြီး နယ်မြေခံ အတိုက်အခံ ဘင်္ဂလားဒေ့ရှ် နေရှင်နယ်လစ် ပါတီခေါင်းဆောင်ကို အရေးအခင်း ဖြစ်ပွားအောင် လှုံ့ဆော်တယ်လို့လည်း ပြောကြားလိုက်ပါတယ်။

    တပြိုင်နက်တည်းမှာ ဒါကာက အတိုက်အခံ ပါတီခေါင်းဆောင် ခါလီဒါဇီယာက ဘင်္ဂလားဒေ့ရှ် အစိုးရဟာ နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်နေကြတဲ့ ဗုဒ္ဓဘာသာဝင် လူနည်းစုကို လုံခြုံမှု မပေးနိုင်တဲ့အပြင် အရေးအခင်းကို အကြောင်းပြပြီး အတိုက်အခံ တွေကို နှိပ်ကွပ်မှာ စိုးရိမ်တယ်လို့ ကြေညာချက် ထုတ်ပါတယ်။

    ဘင်္ဂလာဒေ့ရှ်နိုင်ငံ ပန်းဝါမြို့က စတင်လိုက်တဲ့ အကြမ်းဖက်မှုတွေဟာ စစ်တကောင်း တိုင်းအတွင်းက ကော့စ်ဘာဇာခရိုင်၊ ဦးကီယာ၊ တက္ကနာနဲ့ စစ်တကောင်း ခရိုင် ပေါ်တီယာမြို့တွေကို ပျံ့နှံ့သွားခဲ့ပြီးနောက် အကြမ်းဖက်မှုနဲ့ ပတ်သက်သူတွေကို အာဏာပိုင်တွေက ဆက်တိုက် ဖမ်းဆီးမှုတွေ ပြုလုပ်လာခဲ့တာ အခုဆို လူ ၁၇၀ ကျော်ကို ဖမ်းဆီးရမိထားကြောင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံရဲ့ မြို့တော် ဒါကာထုတ် သတင်းစာတွေနဲ့ ဒေသတွင်း သတင်းစာတိုင်းမှာ ဖော်ပြနေပါတယ်။

    ဖမ်းဆီးမှုတွေအကြောင်း ကော့စ်ဘာဇာ ရဲအရာရှိတဦးက “ဖမ်းတာတွေကတော့ ၁၇၀ ကျော်ပြီ။ သူတို့ကို စစ်တကောင်းမြို့နယ်နဲ့ ကော့စ်ဘာဇာ မြို့နယ်တွေက ဖမ်းဆီးထားတာပါ” လို့ ဧရာဝတီကို ပြောပါတယ်။

    ဘုန်းတော်ကြီးကျောင်း ၁၀ ကျောင်းနဲ့ အိမ် ၄၀ လောက် မီးရှို့ဖျက်ဆီး ခံရအပြီး ဒေသတွင်းမှာ နေထိုင်ကြသူ ဒုက္ခသည် ဗုဒ္ဓဘာသာဝင်တွေ ရပ်ရွာကို ပြန်လာကြရာမှာ စစ်တပ်နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အကာအကွယ် ပေးပါတယ်။

    ဒေသခံ ဘင်္ဂလားဒေ့ရှ် စစ်တပ်ရဲ့ အဆိုအရ လူ တထောင်လောက် ထွက်ပြေးခဲ့ရပြီး အခု တိုက်ခိုက်မှုတွေ မရှိတော့ဘူးလို့ သိရပါတယ်။ ပျက်စီးသွားတဲ့ အိုးအိမ်တွေကို ပြန်ဆောက်ပေးမယ် လို့လည်း အစိုးရက ပြောပါတယ်။

    အစ္စလမ်ဘာသာကို အများစု ကိုးကွယ်ကြတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ လူဦးရေ ၁၅၃ သန်းမှာ ဗုဒ္ဓဘာသာဝင်ဟာ ၁ ရာခိုင်နှုန်းသာရှိပြီး မြန်မာနယ်စပ်နဲ့ ကပ်နေတဲ့ ဒေသတွေမှာ နေထိုင်လာခဲ့ကြတာ ဖြစ်ပါတယ်။

    ဘင်္ဂလားဒေ့ရှ် ဗုဒ္ဓဘာသာ အသင်း ဥက္ကဋ္ဌရဲ့ အဆိုအရ ပြီးခဲ့တဲ့ တိုက်ခိုက်မှုဟာ ပါကစ္စတန်က ခွဲထွက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေး ကြေညာခဲ့ချိန်ကစလို့ ဒီလိုမျိုး တခါမှ မကြုံသေးဘူးလို့ သိရပါတယ်။ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဩဇာရှိတဲ့ လူမှုရေးခေါင်းဆောင် ၉ ဦးကလည်း တရားဥပဒေအရ စုံစမ်းစစ်ဆေးရေး အမြန်စဖို့ တောင်းဆိုထားပါတယ်။

    ရိုဟင်ဂျာ ဒုက္ခသည်တွေ တိုက်ခိုက်မှုမှာ ပါတယ်လို့ ကောလာဟလတွေ ထွက်နေပေမယ့် ခိုင်မာတဲ့ အထောက်အထား မရှိဘဲ အဖမ်းအဆီး ခံရမှုများလည်း မရှိသေးပါဘူး။

  • ဘုန်းကြီးကျောင်းတွေကို တိုက်ခိုက်မှု၊ ဒါကားမှာ ဘာသာပေါင်းစုံ ကန့်ကွက်ဆန္ဒပြ

    ဘုန်းကြီးကျောင်းတွေကို တိုက်ခိုက်မှု၊ ဒါကားမှာ ဘာသာပေါင်းစုံ ကန့်ကွက်ဆန္ဒပြ

    အောက်တိုဘာ၊ ၂ ၊ ၂၀၁၂

    Source: BBC

    ဘုန်းကြီးကျောင်းတွေကို တိုက်ခိုက်မှု၊ ဒါကားမှာ ကန့်ကွက်ဆန္ဒပြ

    လုံခြုံရေး တွေကိုလည်း တိုးချထားပါတယ်

     ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွေ မီးရှို့ တိုက်ခိုက် ခံခဲ့ရတဲ့ အပေါ် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ် ဘာသာပေါင်းစုံ အဖွဲ့တွေနဲ့ တက္ကသိုလ် ပေါင်းစုံက ကျောင်းသားတွေ စုပေါင်းပြီး ဒါကားမြို့ အမျိုးသား ပြတိုက်ရှေ့မှာ ကန့်ကွက် ဆန္ဒပြခဲ့ကြ ပါတယ်။

    ဘင်္ဂလားဒေ့ရှ် အစိုးရက လုံခြုံရေး တွေ တင်းတင်း ကျပ်ကျပ် ချထားပြီး မတည်ငြိမ်မှု တွေ ဆက် မဖြစ်အောင် ထိန်းသိမ်း နေချိန်မှာပဲ အဖွဲ့ အစည်း ပေါင်းစုံက လူပေါင်း ၅၀ဝ လောက်က အခုလို ကန့်ကွက် ဆန္ဒပြခဲ့ကြတာပါ။

    မီးရှို့တိုက်ခိုက် ခံခဲ့ရတဲ့ ဘုန်းတော်ကြီးကျောင်း ၂၂ ကျောင်း ထဲမှာ တချို့ ကျောင်းတော် တွေဟာ နှစ်ပေါင်း ၂၅၀ ကျော် ၃၀ဝ ခန့်က တည်ရှိခဲ့တဲ့ ကျောင်းတွေ ဖြစ်ကြပါတယ်။ရှေးခေတ် ရွှေဆင်းတုတော်တွေ ပျောက်ဆုံးတာ၊ ပိဋကတ်တော်တွေ မီးလောင် ပျက်ဆီးသွားတာတွေနဲ့ ရှေးဟောင်း စာပေတွေ ပျက်ဆီး သွားတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ရှေးခေတ် ယဉ်ကျေးမှု အမွေ အနှစ်တွေ လုယက် ဖျက်ဆီး ခံခဲ့ရတာ ဖြစ်လို့ ဘင်္ဂလားဒေရှ်က ဗုဒ္ဓဘာသာဝင်တွေ အတွက် အကြီးမားဆုံး ဆုံးရှုံးမှုကြီး ဖြစ်ပါတယ်။

    ဗုဒ္ဓဘာသာဝင် အမျိုးသား တစ်ယောက်ရဲ့ ဖေ့စ်ဘွတ်ခ် ပေါ်မှာ အစ္စလာမ် ဘာသာကို စော်ကားတယ် ဆိုတဲ့ ဓာတ်ပုံ တင်ခဲ့တယ် ဆိုတဲ့ စွပ်စွဲ ချက် ပေါ်ထွက်လာပြီး နောက် ရာမူးနဲ့ ကော့ဆက် ဘဇား မြို့တို့မှာ ဗုဒ္ဓဘာသာ ဝင်တွေရဲ့ ဘုန်းကြီးကျောင်းတွေ၊ ဆင်းတုတော် တွေကို မွတ်ဆလင် တွေက တိုက်ခိုက်ခဲ့ ကြတာပါ။ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာလည်း သံဃာ အပါး ၁၀ဝ လောက်က ဘင်္ဂလားဒေ့ရှ် သံရုံး ရှေ့မှာ ဆန္ဒပြခဲ့ကြ တယ်လို့ သိရပါတယ်။

  • “ဘုရား မစင် ရှာပုံတော်ဖွင့် ဥပဒေကြီး ပြင်လိုက်စမ်းပါ ကိုခင်ရီ”

    “ဘုရား မစင် ရှာပုံတော်ဖွင့် ဥပဒေကြီး ပြင်လိုက်စမ်းပါ ကိုခင်ရီ”

    အောက်တိုဘာ၊ ၂ ၊ ၂၀၁၂
    M-Media
    Khalid Walid


    ဝန်ကြီး ဦးခင်ရီ နှင့်  စက်တင်ဘာ ၂၉၊ ၂၀၁၂ ည ၇ နာရီ RFA မေးမြန်းခန်းသို့ ရည်ညွှန်း

    ၁။ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအား ပြုပြင်ရန်မလိုဟု မိမိကိုယ်ပိုင်အမြင်အရ ထင်မြင်ပါသည်ဆိုသော ဝန်ကြီးမင်းက အောက်ပါ အချက်များကြောင့်ဟု ပြောပါသည်။

    (က) ယင်းဥပဒေသည် (၆) နှစ်ကြာ ရေးဆွဲခဲ့ခြင်းကြောင့်
    ဒါဆို ထပ်ဖြေပေးပါ။ ဥပဒေတစ်ရပ်၏ ပြည့်စုံကောင်းမွန်မှုသည် ရေးဆွဲချိန်ကြာမြင့်မှု့ နှင့် သက်ဆိုင်ပါသလား?

    (ခ) ပညာရှင်များစွာဖြင့် ရေးဆွဲခဲ့ခြင်း
    ဒါဆို ထပ်ဖြေပေးပါ။ မည်သူတွေ ပါဝင်ရေးဆွဲခဲ့ပါနည်း။ ထိုစဉ်က ယင်းဥပဒေပြုစုသော အဖွဲ့ကို တိုင်းသိပြည်သိမကြေငြာခဲ့ပါ။

    (ဂ) တိုင်းပြည်ဒေသအနှံ့အပြားသို့ ချပြဆွေးနွေးခဲ့ခြင်း၊
    ဒါဆို ထပ်ဖြေပါ။ အားလုံးကောင်းပါသည်ဆိုသော မဆလ ပါတီတွင်း၌သာ ချပြဖြစ်ခဲ့ခြင်း မဟုတ်ဘူးလား?

    (ဃ) ယနေ့ ခေတ်စားလာသော လူ့အခွင့်အရေး၊ ကလေးအခွင့်ရေးများနှင့် ကိုက်ညီမှု့ ရှိနေပါသည်။
    ဒါဆို ထပ်ဖြေပါ။ သေချာပါရဲ့လား? ဒီဥပဒေကို UN တွင် ဝေဖန်ထားသည်ကို မသိသည်လား၊ မသိဟန်ဆောင်တာပါလား။

    (င) ဥပဒေပါ (၁၈၂၃) ခုနှစ် မတိုင်ခင် အခြေချ နေထိုင်သော တိုင်းရင်းသားဟု ဆိုသူများသည် ကရင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင် ၊ ရှမ်း တို့ နှင့် ယင်းတို့ အနွယ်များဟု ဘူးလုံးနားမထွေး ရောနှော ၍ ရောမချမချစေချပါ။ လူမျိုးစု ၁၄၄ မျိုးမှ ၁၃၅ မျိုး၊ မနေ့တစ်နေ့က မှ ၁၀၁ မျိုး ထိုအတိုးအလျော့များကို မည်သည့် အဖွဲ့အစည်းများ မည်သို့သော လုပ်ထုံး လုပ်နည်းများနှင့် သတ်မှတ်ပြောင်းလဲနေပါသနည်း ။ အချို့သော လူမျိုးစုများ ဥပမာ ဒိုင်းနက်၊ မာရမာကြီး၊ ကိုးကန့် တို့ကို တိုင်းသားဖြစ်လိုက် မဖ်ြစလိုက် မည်သူတွေ သတ်မှတ်နေပါသလဲ။  ၁၉၇၃ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူစဉ်က တိုင်းရင်းသားအဖြစ်သတ်မှတ်ထားသော လူမျိုးစုများကို ဘယ်သူက ဘယ်သူ့ အမိန့်ဖြင့် ဖြုတ်ချခဲ့ပါသလဲ? ၁၉၄၈ ခုနှစ် မတိုင်ခင် မျိုးဆက် ၂ ဆက် နေထိုင်ခဲ့ကြောင်း ခိုင်လုံသည့် သက်သေပြနိုင်လျှင် နိုင်ငံသားဖြစ်ခွင့်ရှိသည် ဟု ဇွတ်ပြောဆိုနေမှု့နှင်ပတ်သက်၍

    (စ) ဗျတ်ဝိ ဗျတ္တမှ အစပြုကာ ပဋိတ်ခရား အစရှိသော နိုင်ငံခြားသားတို့ ပုဂံခေတ်မှာပင် ပြည်တွင်းနေများဖြစ်ကြသည်။ ဦးကုလားရာဇဝင် တစ်ခုတည်းနှင့် ပင် ၁၈၂၃ မတိုင်ခင်ကတည်းက ပြည်တွင်းနေ နိုင်ငံခြားသား (ခင်ဗျားတို့ အခေါ် ကုလားများ ရှိနေခဲ့ကြောင်း သိနိုင်ပါသည်။ ) အနီးဆုံးဖြစ်သော မင်းတုန်းမင်း၊ သီပေါမင်းတို့ လက်ထက် ဘုရင့် စစ်တပ်မှ မင်းမှု့ထမ်းများ၏ အဆက်အနွယ်၊ အမရပူရ တောင်မြို့ ဗုံအိုးရွာသူ ရွာသားများကို ဘာကြောင့် နိုင်ငံသားကဒ် အတွက် သွေးနှော သံသယဟု စွပ်စွဲနေပါလဲ? မည်ကဲ့သို့ ခိုင်လုံ သက်သေပြရပါမည်လဲ? မြန်မာပြည်တွင် မည့်သည့် အချိန်ကာလတွင်မှ ယင်းကိစ္စအလို့ဌာ စာရွက်စာတမ်းများ စတင်ခဲ့ပါသလဲ။
    ကိုခင်ရီ နဲ့ ကျူပ်တို့က ၆၀ တန်းတွေပါ။ ခင်ဗျား အဖိုးအဖွားတွေ (၄) ဦးစလုံး  မှတ်ပုံတင်ပြနိုင်ပါသလား ။ သူတို့မှာ မွေးစာရင်းရှိပါသလား။ ကုန်ကုန်ပြောမယ် ကိုခင်ရီ ခင်ဗျားမှာ မွေးစာရင်းမရှိပါ။ မရှိနိုင်ပါ။

    ခင်ဗျား ဌာန လုပ်ပုံက မနေ့တနေ့က နိုင်ငံခြားက လာတဲ့ ဗမာစကားသိပ်မတတ်တဲ့ အဖိုးအဖွာား ၂ ဦး ( ၄ ဦးထဲက ၂ ယောက်ပေါ့ဗျာ) UCC ခေါ်နိုင်ငံသားပြုခွင့် (၁၉၄၈. . ၄၉.. ၅၀.. ၆၂.. ၆၄) လျောက်ထားတဲ့ စာပြနိုင်တဲ့ သူတွေကို ၁၉၈၂ ခု ဥပဒေနဲ့ ညီတယ်ဆိုပြီး ( ဘောင်ဝင်တယ်ပေါ့ဗျာ) နိုင်ကဒ် သိပ်မခက်ဘဲ ရနိုင်တယ်။ ထုတ်ပေးတယ်။

    အဲ့ အဖိုးရဲ့ အဘိုး ၊ အဖွားရဲ့ အဘွား လက်ထက်ကတည်းက ဒီမှာမွေး ဒီကလူမျိုး (ဆွေမျိုးတွေမှာလဲ ဗုဒ္ဓဘာသာဝင်တွေ ရှိနေကြတဲ့) လို့ ကိုယ်ကို ကိုယ် သတ်မှတ်တယ်။ ဘာ UCC မှ လျောက်မထားဘူး ၊ လျှောက်ဖို့လဲ လဲ မလိုဘူးလေ၊
    အဲ့ သူတို့သားသမီးတွေ့ (ခင်ဗျားတို့ ကျွန်တော်တို့ မိဘအရွယ် အသက် ၈၀ ကျော်တန်းတွေပေါ့) ရိုးရိုး ၂ ခေါက်ချိုး၊ ၃ ခေါက်ချိုး မှတ်ပုံတင်ဘဲ ၇ှိတယ်ကြတယ်။ တချို့လဲ စောစော (၁၉၅၃ – ၅၉  စသည်ဖြင့် သေသွားကြတယ်။ )
    သေလို့ ၂ခေါက်၊ ၃ ခေါက်ချိုး မှတ်ပုံတင်တောင် မ၇ှိဘူး

    မွတ်စလင်မ်လား??

    ဒါဆို သွေးနှော သံယယ သွားတော့ တိုင်းရုံး၊ နေပြည်တော ဘုတ်အဖွဲ့ ဟိုစာရွက် ဒီအထောက်အထား အင်း ဘုရားချီး ရှာခိုင်းနေတယ်။
    ကောင်းလိုက်တဲ့ ပြည်စုံလိုက်တဲ့ ..၁၉၈၂ ခု ဥပဒေကြီးဗျာ.

    တပ်ထဲမှာ ခင်ဗျား အောက်မှာ လုပ်သွားတဲ့ အရာရှိရဲ့ ဇနီးက ကျူပ်ညီမအရင်းခေါက်ခေါက်ပါ။ သူ နိုင်ကဒ် ဗမာ/ဗုဒ္ဓ ပါ။

    ကျူပ်တို့ တစ်တွေ မောင်နှမ အရင်းတွေဖြစ်ပြီး အိန္ဒိယ/ဗမာ ၊ ပသီ/ဗမာ … စုံနေတာပါဘဲ။

    ၁၉၄၈ ခု မတိုင်ခင်က မျိုးဆက် ၂ ဆက် ဒီတိုင်းပြည်မှာ နေထိုင်ကြောင်း ခိုင်လုံသော အထောက်အထား?
    ခင်ဗျားတို့ မွေးရာပါ တိုင်းရင်းသားတွေကော အဲဒီအတွက် အထောက်အထား ဘာနဲ့ သက်သေပြမလဲ ။ မွေးရာပါ တိုင်းရင်းသားဆိုတာနဲ့ ပြီးရောလား တိုင်းသိပြည်သိ ကုလားမျိုး တရုတ်မျိုးဆက်တွေရဲ့ နာမည်တွေပြောမယ်။ ဗိုလ်ချုပ်တွေလည်းပါမယ်။  မင်းသား၊ မင်းသမီးတွေလဲပါမယ်။ ဒီနေ့ သူတို့ မျိုးဆက်တွေ ၊ ဗုဒ္ဓဘာသာဝင်တွေမို့လို့ ဗမာ/ဗုဒ္ဓ နိုင်ကဒ်လွယ်ကူနေတာလား?
    အမေဘက်ရော၊ အဖေဘက်မှာပါ ဒီနေ့ ခေတ်စားနေတဲ့ ကိုးရီးယား ရုပ်လေးတွေနဲ့ ဝမ်းကွဲတွေ၊ တူ/တူမတွေ ရှိတယ်။ ဗမာ/ဗုဒ္ဓ တွေပေါ့ဗျာ။
    ဘာသံသယမှ မရှိ၊ နိုင်ကဒ် ရဖို့ လျောလျောလျူလျူပါဘဲ။

    ကျူပ်က အစ္စလာမ်ဆိုတော့ အောက်သက်ဖွားလာသမျှ သံသယ၊..
    ဒီသံသယ ဘယ်တော့မှ ပျောက်သွားမှာလဲ? ‘
    ဒီနေ့ ခင်ဗျားတို့ ဘော်ဒါကြီး ဝန်ကြီးမင်း ဦးသောင်းလွင် (ကျူပ်ထပ်တောင် ကုလားရုပ်ပေါက်တယ်နော်) နိုင်ကဒ်မှာ ဘာရေးထားလဲ သိချင်ပါတယ်။ သူ့ သားသမီးတွေကော?
    ခင်ဗျားတို့ ဌာနကြီး လူလေးစားသွားအောင် နမူနာအနနဲ့ ကျောသားရင်သား မခွဲခြားကြောင်း လ.ဝ.က ဝန်ကြီး ရုံး Website မှာ သူတို့ နိုင်ကဒ်လေးတွေ တင်ပေးပါလားဗျား
    အော်ဖြစ်နိုင်ရင် ဝန်ကြီးဟောင်း ဦးအေဘယ်လ် ရဲ့ ထက်အောက် ဆွေစဉ်မျိုးဆက် ဖိုင်လေးလဲ တင်ပေးပါဗျာ။
    ၁၉၄၈ ခု မတိုင်ခင် မျိုးဆက် ၂ ဆက် နေထိုင်ခဲ့တဲ့ သက်သေပြပုံ နမူနာလေးကြည့်၇အောင်ပါ။ သူသားသမိး ၊ မြေးတို့ရဲ့ နိုင်ကဒ် ဓါတ်ပုံလေးတွေရောပေါ့ဗျာ။

    လက်ရှိ လွှတ်တော်က တရားဥပဒေ စိုးမိုးရေးကော်မတီ (ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းညွန့်တို့ပါတဲ့တဲ့ ကော်မတီ) ကို သူတို့ကြိုက်ရာ မြို့နယ် တစ်ခုကို ရွေးစေပြီး ခင်ဗျား ဌာနက ရုံးတွေကို စစ်ဆေးမှုခံ နိုင်ပါသလား?
    ခြကိုက်၊ ပျက်ဆီး၊ ပျောက်ပျက် ဖိုင်တွေရှိနေရင် ခင်ဗျားရယ်။ ဒုဝန်ကြီးရယ်၊ ညွှန်ချူပ်၊ ညွှန်မှုးတွေအလုပ်က ထွက်မယ်လို့ အာမခံရဲလား။
    ၁၉၉၀ ခုနှစ် နောက်ပိုင်း မှတ်တမ်းမှတ်ရာတွေကို ညွှန်းတာပါ။ ၁၉၄၈ ခနှစ် မတိုင်ခင် ၁၉၀၀  ခုနှစ်တော့ စိတ်ကူးမယဉ်ပါနဲ့ဗျာ။
    အရေးကြီးတာလေးပြောအုံးမယ်။

    အဖိုး၊ အဖွား ၄ ဦး အနက် တစ်ဦးက တိုင်းရင်းဖြစ်ရင်.. နိုင်ငံသားဖြစ်ရင် ဆိုတဲ့ ဥပဒေပါ ပြဌာန်းချက် (နိုင်ငံတော်ကောင်စီ ကြေငြာချက်) လေးအတိုင်း လုပ်လို့ ရ/ မရ ခင်ဗျား ရုံး အဆင့်ဆင့် ကို မေးပေးပါ။
    လူတွေသိအောင် ကြေငြာပေးပါ။ ဒါတောင် ကျူပ်တို့လို အသက် ၆၀ ကျော်တွေထဲက ဒီတိုင်းပြည်ပေါက် မွတ်စလင်မ် အဖိုးအဖွား ၄ ဦး စလုံး ဖြစ်နေမဲ့လူတွေ ကျန်နိုင်သေးတယ်။ ကိုယ်တိုင်ကျမ်းကျိန်ပြတာက လွဲလို့ ဘယ်လို လုပ်ရမလဲ ဖြေပေးပါဦး။
    မိဘ နိုင်ကဒ်ကိုင်ပြီးရင် သားသမိးတွေ နိုင်ကဒ်လုပ်တဲ့အချိန် လဝက မရစ်အောင်၊ နိုင်ငံသားတွေကို ခင်ဗျား ဘယ်လို ဥပဒေနဲ့ အကာကွယ်ပြဌာန်းပေးနိုင်မလဲ။

  • လူမျိုးတစ်မျိုးအဖြစ် ဘာကြောင့် မရပ်တည်နိုင်ရမှာလဲ !

    လူမျိုးတစ်မျိုးအဖြစ် ဘာကြောင့် မရပ်တည်နိုင်ရမှာလဲ !

    အောက်တိုဘာ၊ ၁ ၊ ၂၀၁၂

    M-Media

    ဝိုင်း

    မကြာတော့တဲ့ ကာလမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်ယူတော့မှာဆိုတဲ့အတွက် ကျွန်မတို့တွေက ကိုယ့်ကိုယ့်ကို သေချာဂဃနဏသိပြီး ရဲရဲဝင့်ဝင့် ထုတ်ဖော်ပြောရဲကြရပါမယ်။ ဒီအတွက် ကျွန်တို့တွေဘက်ကလိုအပ်တာတွေကိုလည်း အခုကတည်းက ပြင်ဆင်ထားဖို့လိုပါတယ်။ မျိုးရိုးစဉ်ဆက်ဇယား (Family tree)ကို ကိုယ်တိုင်လက်ကိုင်ထားရှိဖို့လည်း ပြင်ဆင်ထားသင့်ပါတယ်။

    ကျွန်မတို့တွေမှာ အခုလက်ရှိမြန်မာနိုင်ငံမှာ မှတ်ပုံတင်လို့လည်းပြောကြတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့်ရကြသူတွေ ရှိသလို အဲဒီကတ်ကိုလက်ဝယ်ကိုင်ဆောင် ခွင့်မရသေးတဲ့သူတွေလည်း အများကြီးရှိနေပါတယ်။ ဒီကတ်ပြားမှာ လူမျိုး၊ ဘာသာ လို့ပါရှိတာကြောင့် ကျွန်မတို့တွေဟာ လူမျိုးနဲ့ ဘာသာကို သေချာပေါက်ထည့်ရပါတယ်။ ဒီနေရာမှာ အစ္စလာမ်ဘာသာဝင်ဖြစ်တာနဲ့ လူမျိုးနေရာမှာ အလိုလိုနေရင်း နိုင်ငံခြားက လူမျိုးတွေကို ထည့်ခြင်းခံရပါတယ်။ ဒါကတော့ အများစုလည်း သိပြီးသား ကိစ္စတွေပါ။ ဒါပေမယ့် ကျွန်မတို့တွေ ကိုယ့်ကိုယ်ကို သိထားဖို့က မြန်မာနိုင်ငံထဲက အစ္စလာမ်သာသနာ သက်ဝင်ယုံကြည်သူ ကျွန်မတို့တွေဟာ တစ်ခြားဘယ်နိုင်ငံသားမှ မဟုတ်ပါဘူး။ မြန်မာနိုင်ငံသားစစ်စစ်တွေဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဟိုး ဘိုးဘေးဘီဘင်တွေ လက်ထက်ကတည်းက အမိမြန်မာနိုင်ငံမှာနေထိုင်ခဲ့ကြလို့ပါ။

    ဒီနေရာ တစ်ခုပြောချင်တာက အခုလက်ရှိကိုင်ဆောင်နေကြတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆိုတာဟာလည်း လုံးဝကို ယုတ္တိမရှိ သဘာဝမကျပါဘူး။ နာမည်ကိုက နိုင်ငံသားစိစစ်ရေးတဲ့။ ဒီတော့ နိုင်ငံသားလို့အသိအမှတ်ပြုတာမဟုတ်သေးပဲနဲ့ နိုင်ငံသားဖြစ်ဖို့ စိစစ်နေတယ်ဆိုတဲ့သဘောသက်ရောက်နေပါတယ်။ ဒီတော့ မြန်မာနိုင်ငံထဲမှာနေထိုင်နေကြတဲ့ ဘယ်လူမျိုး ဘယ်တိုင်းရင်းသားပဲဖြစ်ဖြစ် အဲဒီနိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ထားသူတွေ အားလုံးဟာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်း မခံရသေးပဲ စိစစ်နေဆဲလို့ အဓိပ္ပါယ်ယူလို့ရပါတယ်။

    ဒါကြောင့် မြန်မာတိုင်းရင်းသား လူမျိုးစုများနည်းတူ နိုင်ငံသားစိစစ်ရေးကတ်ကိုင်ဆောင်ထားကြသူချင်းအတူတူ ငါတို့နိုင်ငံက ထွက်သွား၊ ပြန်သွားဆိုပြီး နားမလည်ပဲ လျှောက်အော်နေတာတွေကို ဂရုမစိုက်ပဲ ကိုယ်လုပ်သင့်တာတွေကို စဉ်းစားလုပ်ဖို့ပဲလိုပါတယ်။

    ပြီးတော့ မြန်မာနိုင်ငံထဲက ကျွန်မတို့မွတ်စလင်မ်တွေမှာရှိနေတဲ့ အတွေးတစ်ခုက အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြီး တစ်ခြားနိုင်ငံတွေမှာ ဘာလူမျိုးလို့ခွဲခြားနေတာမျိုး မဟုတ်ပဲ နိုင်ငံသားဖြစ်မှုကိုပဲ ဦးစားပေးတွေးနေကြတာပါ။ ဟုတ်ပါတယ် အဲဒါက တစ်ခြားနိုင်ငံတွေ အတွက် နိုင်ငံသားဖြစ်မှုကိုပဲ ဦးစားပေးနိုင်ပါတယ်။ ကျွန်မတို့ အမိမြန်မာနိုင်ငံမှာတော့ တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်တာဖြစ်လို့ ကျွန်မတို့တွေမှာလည်း ရှိရင်းစွဲလူမျိုးစုအတိုင်း ဆက်လက်ရပ်တည်ဖို့လိုပါတယ်။ အခုမြန်မာနိုင်ငံမှာ လက်ရှိ ရှိနေကြတဲ့ တိုင်းရင်းသားလူမျိုးစုတွေဟာ ကိုယ့်လူမျိုးစုအတွက် ကိုယ်မားမားရပ်တည်နေကြပါတယ်။ ကျွန်မတို့တွေလည်း ရှိရင်းစွဲ လူမျိုးအနေနဲ့မားမားရပ်တည်ဖို့ကို လုံးဝမမေ့လျော့သင့်ပါဘူး၊ အတွေးမလွဲသင့်ပါဘူး။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ ကိုယ့်လူမျိုးအလိုက် အစ္စလာမ်သာသနာကို သက်ဝင် ယုံကြည်နေကြသလို ကိုယ့်ကိုယ်ကို လူမျိုးပျောက်နေကြတဲ့ ကျွန်မတို့တွေဟာ လူမျိုးတစ်မျိုးအဖြစ် ဘာကြောင့် မရပ်တည်နိုင်ရမှာလဲ !

  • သွားစရာမြေမရှိ

    သွားစရာမြေမရှိ

    အောက်တိုဘာ၊ ၁ ၊ ၂၀၁၂။

    ဘာသာပြန်။……။ ကိုပေါ။

    http://www.khitmaung.com/ မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

     

    အစောင့်ဂိတ်ဟာ တဖြည်းဖြည်း နီးလာတယ်။ လမ်းဘေး တဖက်တချက်မှာ လက်နက်ကိုင် အစောင့်တွေ ရှိနေတယ်။  ကျနော်တို့ စီးလာတဲ့ သုံးဘီးလည်းမက ပစ်ကပ်ထရပ် ကားလည်းမကျတဲ့ တက္ကစီကားဟာ တအိအိ နဲ့ မောင်းဝင် လာတယ်။ ဒရိုင်ဘာဟာ အသက်ပြင်းပြင်း ရှုရှိုက်ပြီး တုန့်ဆိုင်း နေတယ်။ သူဟာ စိတ်လှုပ်ရှားပြီး ထခုန်တော့မတတ် သိသိသာသာ ကြောက်နေ တယ်။  လွန်ခဲ့တဲ့ ငါးမိနစ်လောက်က  ကားခ မြိုးမြိုးမြက်မြက် ရမယ်ဆိုရင် ကျနော်တို့ သွားလိုရာ ရဲရဲဝံ့ဝံ့ လိုက်ပို့ပေးမယ်လို့ ပြောခဲ့တာ လည်း ဒီလူငယ်ပါပဲ။ ကျနော်တို့မှာ တခြား ရွေးစရာမရှိမှန်း သူသိတယ်လေ။ တခြား ကားဒရိုင်ဘာ တယောက်က ကျနော်တို့ကို ရှုံ့မဲ့ ငြင်းဆန်ပြီး သူ့လည်ပင်း ကိုသူ ဓားနဲ့လှီးသလို လုပ်ပြတာကိုလည်း သူမြင်ပြီးသား မဟုတ်လား။ ကျနော်တို့သွား ချင်တဲ့ နေရာဟာ သိသိသာသာကြီးကို အန္တရာယ်များတဲ့သဘော ရှိနေတာကိုး။

     

    နောက်ဆုံး အခြေအနေ။…..။ ဒီဆောင်းပါးမှာ ဖော်ပြခဲ့တဲ့ ကူလ်ဆွမ်း ဘီဘီဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းက သေဆုံးသွားခဲ့ပါပြီ။

     

    “ဘင်္ဂလီ” ငြင်းလိုက်တဲ့ ပထမ ဒရိုင်ဘာက သူ့ခေါင်းကို တွင်တွင်ခါရင်း ပြောတယ်။ “ဘင်္ဂလီ၊ နိုး၊ နိုး၊ နိုး”

    ဘင်္ဂါလီ။ လာပြန်ပြီ ဒီစကားလုံး။ တကမ္ဘာလုံးက ရိုဟင်ဂျာလို့ သိထားကြတဲ့ မူဆလင် လူနည်းစု မျိုးနွယ်တခုကို တွေ့ဖို့အတွက် ကျနော်တို့ဟာ မြန်မာပြည်က ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေကို လာခဲ့တာပါ။ ဒါပေမယ့် ကျနော်တို့ တွေ့ခဲ့သမျှ … ကဖီးဆိုင်က စားပွဲထိုး တွေကအစ၊ ဒေသခံ အန်ဂျီအိုဝန်ထမ်းတွေ အလယ်၊  ဗုဒ္ဂ္ဂ္ဓဘာသာ ဘုန်းတော်ကြီးတွေ အဆုံး… လူတိုင်းက ဒီ ရိုဟင်ဂျာဆိုတဲ့ စကားလုံးဟာ အဓိပဿပါယ်မရှိဘူးလို့ ပြောနေကြပါတယ်။ “ဘင်္ဂါလီ” လို့ပဲ သူတို့က ပြောပါလိမ့်မယ်။ ဒီအပြောင်း အလဲဟာ မကြာမီက မှ ပေါ်ပေါက်လာတဲ့ ဖြစ်စဉ်တခု ဖြစ်ပုံရပါတယ်။ ဘုန်းကြီး ကျောင်းတခုမှာ ကျနော်တို့ကို ဘာသာ ပြန်အဖြစ် ဆောင်ရွက်ပေးတဲ့ ရဟန်းငယ် တပါးဟာ သူ့ထက်ဝါကြီးတဲ့ ဘုန်းကြီးတပါးကို ကျနော်တို့ အင်တာဗျုး နေစဉ် အတောအတွင်းမှာ မကြာခဏ ယောင်ပြီး ရိုဟင်ဂျာလို့ သုံးနှုန်းနေခဲ့ပါတယ်။

    “ရိုဟင်ဂျာ” လို့ သူက စလိုက်တာနဲ့..

    “ဘင်္ဂါလီ” လို့ သူ့ကျောင်းထိုင်ကလည်း ထပ်ကာတလဲလဲ ပြင်ပေးနေခဲ့ပါတယ်။

    ဒီအပြုအမူဟာ လူမျိုးစုတခုအပေါ်မှာ ဘယ်လိုခေါ်ဝေါသလဲ ဆိုတာ လက်ပေါက် ကပ်နေတဲ့ အဖြစ်အပျက်မို့ နည်းနည်း အူကြောင်ကြောင်နိုင်တယ်လို့ ထင်ကောင်း ထင်စရာရှိပါတယ်။ ဒါပေမယ့် ဒါဟာ ရခိုင်ပြည်နယ်မှာ ပြန့်နှံ့နေတဲ့ ဒီထက် ပိုကြီးမားတဲ့၊ ဆိုးရွားတဲ့ ပြဿနာကြီး တခုရဲ့ ရောဂါလက္ခာဏာတခု ဖြစ်ပါတယ်။ ဒီဒေသ ဟာ  “ကမ္ဘာပေါ်မှာ အနှိပ်ကွပ်ခံရဆုံး လူနည်းစု”လို့ ကုလသမဂက  ဖော်ပြခြင်း ခံရတဲ့ အရေအတွက် မသေးလှတဲ့ ရိုဟင်ဂျာလူမျိုးစု အတွက် အိမ်လို့ ခေါ်ဆိုစရာ နေရာဖြစ်ပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံသား အဖြစ် သတ်မှတ်ခြင်း မခံရဘဲ ဆယ်စုနှစ်များ နဲ့ချီပြီး တရားဝင်ခွဲခြား နှိပ်ကွပ်မှု့ကို ခံစားခဲ့ကြရပါတယ်။ အခုဆိုရင် ရိုဟင်ဂျာ တွေဟာ အဆိုးရွားဆုံးသော ကပ်ဘေးကို ထပ်ကြုံနေကြရပါပြီ။အဲဒါကတော့  ရိုဟင်ဂျာ တွေကို တိုင်းပြည်ကနေ အပြီးတိုင် မောင်းထုတ်ဖို့ ရခိုင်လူမျိုးတွေအကြား တနေ့တခြား ကြီးထွားလာနေတဲ့ တွန်းအား ကြီးပါပဲ။

    ကျနော်တို့ဟာ ဒီအဖြစ်အပျက်ကို လပေါင်း များစွာ ခပ်ခွာခွာက လေ့လာစောင့်ကြည့် ခဲ့ပါတယ်။ ကျနော်တို့ ဖတ်ရသလောက် ဒီဒေါသကို စတင် မီးမွှေးခဲ့တဲ့ အရာကတော့ မေလအတွင်းက မသီတာထွေး လို့ခေါ်တဲ့ ရခိုင်အမျိုးသမီးငယ်တဦး ကို ရက်ရက် စက်စက် မုဒိန်းကျင့် သတ်ဖြတ်ခဲ့မှု့ပါ။ နောက်ကွယ်က တရားခံလို့ စွတ်စွဲခံရသူတွေ ကတော့ ရိုဟင်ဂျာလူမျိုး သုံးဦးဖြစ်ပြီး သူတို့ကို အလျှင်အမြန် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဖမ်းဆီးမှု့ဟာ ဒီရေအလား မြင့်တက်လာတဲ့ ဒေါသလှိုင်းလုံးကို ငြိမ်သက် သွားစေဖို့ မလုံလောက် ခဲ့ပါဘူး။ ရက်အနည်းငယ်ကြာတဲ့အခါ လူအုပ် ကြီးက ကားတစီးကို ဝိုင်းပြီး ပါလာတဲ့ မွတ်စလင်ကိုးယောက်ခန့်ကို သတ်ဖြတ်ခဲ့ ပါတယ်။အသတ်ခံရသူတွေဟာ ရိုဟင်ဂျာ မဟုတ်သလို သူတို့ဟာ ရခိုင်ပြည်နယ် ကတောင် မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ ကိုးကွယ်တဲ့ဘာသာတရားဟာ သူတို့ကို တိုက်ခိုက်ရန်အတွက် တရားထူထောင်ဖို့ လုံလောက်တဲ့ အကြောင်းပြချက် ဖြစ်ခဲ့ဟန် တူပါတယ်။ဒေါသထွက်နေတဲ့ ရိုဟင်ဂျာ တွေဟာ ပြန်လည် လက်တုန့်ပြန်ဖို့ ဆုံးဖြတ်ခဲ့တယ်။

    မောင်းတော်မြို့နယ်က ဆန္ဒပြပွဲတခုဟာ အင်မတန် အကျည်းတန်တဲ့ အဖြစ်ကို ဆိုက်သွားတယ်။ လက်စားချေမှု့ လှိုင်းလုံးတွေ ဆက်လိုက်လာခဲ့ တယ်။ အကြမ်းဖက်မှု့တွေ ပြန့်ပွားသွားခဲ့ပြီး သောင်းချီတဲ့လူတွေအတွက် အိပ်မက်ဆိုး ကြီးဟာ စတင်ခဲ့ပါတော့တယ်။ အွန်လိုင်း ပေါ်မှာလည်း ရခိုင်ထောက်ခံသူတွေနဲ့ ရိုဟင်ဂျာတက်ကြွ လှုပ်ရှားသူတွေအကြား စကားလုံးစစ်ပွဲတွေ ဖြစ်ခဲ့ပြီး စွတ်စွဲမှု့တွေနဲ့ အပြန်အလှန် ပစ်ပေါက်ကြပါတယ်။ အမုန်း ဆိပ်တွေ တက်နေကြချိန် တခါတရံမှာ အမှန်တရားကို စိစစ်ခွဲခြားယူဖို့ ခဲယဉ်း ပါလိမ့်မယ်။ ဒါကြောင့် ဘာတွေဖြစ်ပျက်နေ သလဲဆိုတာကို ရှာဖွေရန် အတွက် ကျနော်တို့ လာခဲ့ပါတယ်။ စစ်တွေကို ကျနော်တို့ ပထမဦးဆုံး ဆိုက်ရောက်လာတော့ အိပ်မော ကျနေတဲ့ မြို့ငယ်လေးတခုသဏ္ဍာန် မြင်တွေ့ရပါတယ်။  လမ်းပေါ်မှာ စစ်ဖက် အရာရှိ အချို့ကို မြင်တွေ့ရပြီး ညမထွက်ရအမိန့်ကလည်း ရှိနေဆဲပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ လအနည်းငယ်က ဒီမြို့ကလေးကို လောင်တိုက်သွင်းခဲ့တဲ့ အကြမ်းဖက်မှု့တွေရဲ့ အရိပ်အယောင်ကို မမြင်တွေ့ရတော့ သလောက်ပါပဲ။ လမ်းပေါ် မှာ ရိုဟင်ဂျာတွေလည်း တယောက်တလေမှ မရှိခဲ့ပါဘူး။ ရိုဟင်ဂျာတွေကို သူတို့ရဲ့ ရုပ်ရည်ကနေ ကျနော်တို့ ခွဲခြားနိုင်ပါတယ်။ သူတို့ဟာ ရခိုင်တွေနဲ့ အမှတ်ထင်ထင် ကွဲပြား ပါတယ်။ အသားအရည် ပိုနက်မှောင်ပြီး သူတို့ရဲ့ရုပ်ရည်လက္ခဏာတွေဟာ အိမ်နီးချင်း ဘဂင်ဿလားဒေ့ရှ်နိုင်ငံသားတွေနဲ့ ပိုဆင်ပါတယ်။ ဈေးဆိုင်တွေမှာလည်း ရိုဟင်ဂျာမတွေ့ရ၊ ဈေးထဲမှာလည်း မတွေ့ရ၊ အလုပ်သွားတာ၊ ကျောင်းသွားတာမှာလည်း ရိုဟင်ဂျာတွေကို မတွေ့ခဲ့ရပါဘူး။ အရင်က ရိုဟင်ဂျာတွေဟာ စစ်တွေမြို့ လူဦးရေရဲ့အနည်းဆုံး ထက်ဝက်မျှ ရှိပါတယ်။ ဒါပေမယ့် အခုတော့ ရိုဟင်ဂျာ လူ့အဖွဲ့အစည်းတရပ်လုံး စစ်တွေမြို့ ကနေ ပျောက်ဆုံးသွားပါတယ်။

    “မွတ်စလင် လုံးဝမရှိတော့ဘူး” ကဖီးတခုထဲက စားပွဲထိုး တယောက်က ဝင်းလက်နေတဲ့ အပြုံးပန်းတွေ ဝေဝေဆာ ဆာနဲ့ ကျနော်တို့ကို ပြောတယ်။ “အခု လုံခြုံသွားပြီ။ ပြဿနာလုံးဝမရှိတော့ဘူး”

    “မွတ်ဆလင်တွေဘယ်ရောက်သွားသလဲ” မေးတော့ သူက ရောက်တတ်ရာရာ လက်ကို ညွှန်ပြလိုက်ပြီး “သွားကုန်ကြပြီ”

    ဒါပေမယ့် ဘယ်ကိုရောက်သွားသလဲ…

    ******************************

    အောင်မင်္ဂလာ ရပ်ကွက်ဟာ စစ်တွေ တက္ကသိုလ်ပရဝုဏ်ဟောင်း အနီးမှာ တည်ရှိပါတယ်။ အဲဒီရပ်ကွက်ဟာ ဘာမှ ပြောစမှတ်မရှိလှပါဘူး။ အိမ်တွေ သိပ်ကောင်း ကောင်းမရှိ။ အများစုဟာ ဖျက်ဆီးခံ ထားရတဲ့ သစ်သားတိုင်တွေ၊ ထုတ်တန်းတွေ သာဖြစ်နေပါတယ်။ ဒါပေမယ့် စစ်တွေမြို့ လယ်ခေါင်မှာ အောင်မင်္ဂလာရပ်ကွက် ဟာ အချက်တချက်ကြောင့် ထူးခြားနေတယ်။ ဘာလဲဆိုတော့ ဒီရပ်ကွက်ဟာ ပြီးခဲ့တဲ့ ဇွန်လ ရူးသွပ်မှု့အတွင်းမှာ လူအုပ်ကြီးတွေက ရွာပေါင်း များစွာကို မီးရှို့ဖျက်ဆီးလို့ လူထောင်ပြောင်း များစွာ စွန့်ခွာထွက်ပြေး ရတဲ့အချိန်မှာ ရှင်သန် ကျန်ရစ်နိုင်ခဲ့တဲ့ တခုတည်းသော ရိုဟင်ဂျာနယ်မြေ ဖြစ်ခဲ့ ပါတယ်။

    ကျနော်တို့သွားရောက်တဲ့ မနက်ခင်းက မိုးဖွဲဖွဲလေး ရွာသွန်းနေတယ်။ ကျနော်တို့ဟာ ယူနီဖောင်းဝတ် ထားတဲ့ လက်နက်ကိုင် အချို့ဘေးက အမြန်ဖြတ် လာခဲ့ကြတယ်။ ကျနော်တို့ကို တားများတားလိုက် လေမလား ဆိုတဲ့ စိုးရိမ်စိတ်နဲ့ပေါ့။ ဒါပေမယ့် ဘယ်သူကမှ မတားဆီးခဲ့ပါဘူး။နိုင်ငံခြား သားတွေကို သူတို့ သိပ်အာရုံမစိုက်ပုံ မရဘူး။ အစောင့်တွေရဲ့တာဝန်ဟာ ရိုဟင်ဂျာတွေကို အဲဒီနေရာကနေ အပြင်ကို မထွက်အောင် တားဆီးရမယ့် တာဝန်ပါ။

    ကျနော်တို့ရဲ့ ဂျိတ် (အချိတ်အဆက်)ဟာ သူစောင့်မယ် ပြောထားတဲ့နေရာမှာ မတ်တတ်ရပ် စောင့်နေပါတယ်။ သူဝတ်လာ ခဲ့မယ်ပြောတဲ့ အဝတ်အစားအတိုင်း ဝတ်စား ထားပါတယ်။ ကျနော်တို့နဲ့ မျက်လုံးချင်း ခဏဆုံလိုက်ပြီးတဲ့ အချိန်မှာ သူဟာ အဆောက်အဦးတခု အတွင်းကို စွတ်ကနဲ ဝင်သွားပါတယ်။ ကျနော်တို့လည်း သုတ်ခြေ တင်ပြီး သူ့နောက်ကို လိုက်ကြပါတယ်။

    ကျနော်တို့ အထဲရောက်တာနဲ့ W (ဒေသခံရဲ့ အမည်အတိုခေါက်)က ကျနော်တို့ လက်တွေ ကို ဖမ်းဆုပ် ကိုင်လိုက်ကြပါတယ်။ ဒီလို ချိန်းတွေ့နိုင်ဖို့ အတွက် ကျနော်တို့ ဖုန်းပေါ်မှာ နာရီများစွာ အချိန်ဖြုန်းခဲ့ရတာဖြစ်ပါတယ်။ နောက်ဆုံးမှာ အသံနဲ့မျက်နှာ တွဲမြင် လိုက်ရတာ ဝမ်းသာစရာပါ။ သူဟာ အဂင်ဿလိပ်စကားကို ချောချောမွေ့မွေ့ သွက်သွက်လက်လက် ပြောဆိုနိုင်ပြီး ကျနော်တို့က အခြေအနေကို မေးမြန်း လိုက်တာနဲ့တပြိုင်နက် သူ့ဆီက ကရားရေ လွှတ်သလို စကားတွေ ထွက်ကျလာ ပါတော့တယ်။

    “ကျနော်တို့တွေ ဒုက္ခရောက်နေတယ်ဗျာ။ ဒီတိုင်းပြည်ထဲမှာ ကျနော်တို့ ဘယ်လောက် ကြာကြာ ဒုက္ခခံစားခဲ့ရသလဲ။ ကျနော်တို့ ဆက်ပြီး သည်းမခံနိုင်တော့ဘူးဗျာ”

    ဇွန်လ ၁၀ ရက်နေ့ မနက်ပိုင်းက သူ့ရဲ့လမ်းကို လာဝိုင်းတဲ့ ရခိုင်လူမျိုးတွေပါဝင်တဲ့ လူအုပ်ကြီး အကြောင်းကို သူက ကျနော်တို့ကို ပြောပြပါတယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကတော့ လွန်ခဲ့တဲ့ ၂ ရက်လောက်က မောင်းတောမှာ ကျေးရွာတရွာကို ရိုဟင်ဂျာတွေက ဖျက်ဆီး ခဲ့တဲ့အတွက် တုန့်ပြန် လက်စားချေဖို့ပါ။  ယောက်ျား၊ မိန်းမ၊ ကလေး ရှိရှိသမျှကို အိမ်ထဲကနေ ထွက်ဖို့ ပြောပါတယ်။ လမ်းပေါ်မှာ လူတွေ ထောင်ပေါင်းများစွာ ပြည့်နှက်နေပြီး နောက်ဘာဆက်ဖြစ်မလဲ ဆိုတာ မရေရာဖြစ်နေပါတယ်။

    အဲဒီနောက် ငရဲပွက်တော့တာပါပဲ။

    “ကျနော့်ယောက်ဖ နှစ်ယောက် အသတ်ခံ ရတယ်”

    Wရဲ့အသံဟာ ကွဲအက်နေတယ်။ သူ့မျက်လုံး တွေ စိုစွတ်နေတယ်။

    “ကျနော်တို့ ဘယ်လိုဆက်ပြီး စိတ်ရှည်သီးခံ ရမလဲ၊ ဒါဟာ မှန်ရော  မှန်ကန်ရဲ့လားဗျာ”

    သူ့ယောက်ဖ နှစ်ယောက်စလုံး သူ့မျက်စိ အောက်မှာတင် ဝိုင်းဝန်းရိုက်နှက် သတ်ဖြတ် ခြင်းခံခဲ့ရပါတယ်။ ရဲစခန်းဟာ အနီးအနား မှာတင်ရှိပါတယ်။ မိသားစုဝင်တွေဟာ အကြမ်းဖက်သတ်ဖြတ်မှု့ ဖြစ်ပွားနေကြောင်း သတင်းပို့ပီး အကူအညီ တောင်းခဲ့ပါတယ်။ ဒါပေမယ့် ရဲတွေဟာ အားလုံးပြီး ဆုံးသွားတော့မှ ရောက်ရှိလာပြီး အဲဒီ အချိန်မှာ အရမ်း နောက်ကျသွားခဲ့ပါပြီ။

    ရူးသွပ်မှု့ကြီး ပြီးဆုံးသွားတဲ့ အချိန်မှာ ထောင်ပေါင်း များစွာသော အိမ်တွေဟာ ဘုန်းဘုန်းကျသည် အထိ ဖျက်ဆီးခံခဲ့ရတယ်။ ရခိုင်ပြည်နယ်ကနေ တိတ်တဆိတ် ခိုးထုတ် လာခဲ့တဲ့ ဗီဒီယိုမှတ်တမ်း တွေထဲမှာ ကြံရာမရ ဖြစ်နေတဲ့ ရွာသားတွေဟာ သူတို့အိမ်တွေကို ဝါးမျိုနေတဲ့ မီးလျှံကြီးများကို ငြှိမ်းသတ်ဖို့ ကြိုးစားနေတာကို မြင်တွေ့ရပါတယ်။ ဗီဒီယိုတခုထဲမှာဆိုရင် ရိုဟင်ဂျာတစုဟာ ရေကန်လို့ထင်ရတဲ့ ခါးလောက်နက် တဲ့ရေထဲမှာ မတ်တတ်ရပ်ပြီး ကြံမိကြံရာ ဆုတောင်းစာတွေကို အော်ဆိုနေကြတယ်။ နောက်ခံမှာတော့ သူတို့ရဲ့အိမ်ယာတွေကို မီးလျှံတွေက ဝါးမျိုလျက်။

    ဘာကြောင့်လဲလို့ အသေအချာ မသိရပေမယ့် အောင်မဂင်ဿလာရပ်ကွက်ဟာ ဒီအကြမ်းဖက် မှု့တွေကြားက ရုန်းထွက် ရှင်သန်နိုင်ခဲ့ ပါတယ်။ အခြားသူတို့ရဲ့ ဆွေမျိုးမိတ်ဆွေများ လိုမဟုတ်ဘဲ W ရဲ့ မိသားစုနဲ့ အိမ်နီးချင်းတွေဟာ သူတို့ အိမ်တွေမှာပဲ ဆက်လက်နေထိုင်နိုင်ခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့ သွားလာ လှုပ်ရှားမှု့ကိုတော့ အကြီးအကျယ် ကန့်သတ်ထားခြင်း ခံခဲ့ရ ပါတယ်။

    “ကျမတို့ မြို့ထဲသွားရင် သူတို့က ဖမ်းမယ်” W ရဲ့သမီးဖြစ်သူ အက်စ် က ပြောပါတယ်။ “ပုံမှန်အားဖြင့် ကျမတို့ အိမ်ပြင်တောင် မထွက်ရဲပါဘူး”

    သုံးလအကြာ ဘယ်မှမသွားရလို့ ထိန်းချုပ်ခံရ တဲ့အခါ စထိလာတယ်။ သိုလှောင်ထားတဲ့ အစားအစာတွေ နည်းပါးလာတယ်။ ဈေးကနေ ရနိုင်တဲ့ နိစ္စဓူဝ လိုအပ်ချက်တွေအတွက် သူတို့မိသားစုဟာ ရခိုင်လူမျိုး ကြားလူများ အပေါ်မှာ မှီခိုနေရပါတယ်။ ငွေကြေး အကြပ်အတည်း ကလည်း ကြီးထွားလာတယ်။ အရွယ် ရောက်သူဘယ်သူမှ အလုပ်သွားလို့မရ။ ကလေးများလည်း ကျောင်းတက်လို့ မရ။ နဂိုပုံမှန် အခြေအနေကို ပြန်ရောက် မရောက် ဆိုတာကိုလည်း ဘယ်သူမှမသိ။

    W နဲ့ သူ့မိသားစုအတွက် အခြေအနေဟာ အုံ့မှို့င်းနေတယ်ဆိုရင် လုံးဝ ရွာလုံးကျွတ် ဖျက်ဆီးခံလိုက်ရပြီး ရွာပျောက်သွားတဲ့ ရိုဟင်ဂျာ ထောင်ပေါင်းများစွာအတွက်တော့ အလွန့်အလွန် သာ၍ ဆိုးရွားလှပါတယ်။ တမနက်မှာ အရင်တုန်းက တံငါရွာကလေး တရွာဖြစ်ခဲ့ဘူးတဲ့ နေရာတခုကို ကျနော်တို့ သွားကြည့်ကြပါတယ်။ ခွေးလေခွေးလွင့် တကောင်ဟာ မိုင်ပေါင်းများစွာ ရှည်လျားတဲ့ မီးကျွမ်းနေတဲ့ သစ်သားများ၊ အုတ်ကျိုး အုတ်ပဲ့များနဲ့ ဖွာလန်ကြဲနေတဲ့ အိမ်သုံး ပစဿစည်းများအကြားမှာ စားကြွင်းစားကျန်ကို လှန်လှောရှာဖွေနေပါတယ်။ နဂိုက အိမ်အဝင် တံခါး တခုလို့ ယူဆရတဲ့ အကြွင်းအကျန် နေရာတခုမှာ ပိုင်ရှင်မရှိတော့တဲ့ ကလေးစီး ဖိနပ်တခုဟာ လဲလျောင်းနေပါတယ်။

    ******************************

    ဒုက္ခသည်စခန်းတွေဟာ အစောင့်ဂိတ်ရဲ့ အလွန်မှာ ရှိတယ်။ စစ်တွေမှာ ခြေမချမိခင် အချိန်ကာလ ကြာရှည်သဖြင့်ကတည်းက စခန်းထဲမှာရှိတဲ့ ဒုက္ခသည်တွေနဲ့ ဖုန်းပေါ်မှာ စကားပြောခဲ့ရတဲ့ အလျောက် ဒီစခန်း တွေအကြောင်းကို ကြားသိခဲု့ပီး ဖြစ်တယ်။  အခြေအနေတွေဟာ ဆိုရွားတယ်၊ စားနပ် ရိက္ခာ၊ နေရာထိုင်ခင်းနဲ့ ဆေးဝါးမလုံ လောက်၊ အဲဒီနေရာကို သွားရောက်ဖို့လည်း ခက်ခဲလှတယ်ဆိုတဲ့ အကြောင်း။ ကျနော်တို့ မဖြစ်မနေ ကြိုးစားကြည့်ရမယ့် အကြောင်း။ မဖြစ်မနေ သွားကြည့်ရမယ်ဆိုတဲ့ အကြောင်း။ အမြန်ဆုံးလာသင့်တဲ့အကြောင်း။

    ကျနော်တို့ တက္ကစီဟာ အတားအဆီးနားကို တလိမ့်ချင်း ဝင်လာနေတယ်။ အစောင့်တွေရဲ့ အလွန် တနေရာမှာ ကျနော်တို့ရဲ့ အချိတ်အဆက်ဟာ စောင့်နေတယ်။ ဒရိုင်ဗာ ဟာ ကျနော်တို့ဖက် လှည့်ကြည့်တယ်။

    “ပတ်စ်ပို့တ် (နိုင်ငံကူးလက်မှတ်)”လို့ ဒရိုင်ဘာက ပြောတယ်။ ကျနော်တို့ ဘယ်သူဘယ်ဝါဆိုတာ  ကျနော်တို့အနေနဲ့ အစောင့်တွေကို ပြသသင့်တယ် ဆိုတဲ့ သဘော။

    ကျနော်တို့ တယောက်မှ တုပ်တုပ် မလှုပ်ကြဘူး။ ဒီအကြံဟာ မကောင်းဘူး ဆိုတာ ကျနော်တို့ ဗီဇစိတ်အလျောက် သိနေကြတယ်။

    “ပတ်စ်ပို့တ်”လို့ ဒရိုင်ဘာက ထပ်ပြော ပြန်တယ်။

    “မောင်း၊ မောင်း၊ မောင်း” ဂျိမ်းစ်က ခပ်တိုးတိုးပြောတယ်။

    “မောင်း၊ ဟုတ်လား”

    “မောင်း”

    ဒရိုင်ဘာက (အရှိန်မြှင့်)လီဗာကို နင်းလိုက် တယ်။ တက္ကစီဟာ အစောင့်တွေကို ဖြတ်ကျော်သွားတယ်။ ကျနော်တို့ဟာ ခေါင်းတွေကို ငုံ့ထားရင်း အသက်ကို အောင့်ထားကြတယ်။နေ့လည်စာ စားချိန်မို့ လား မသိ။ ဘယ်သူမှ ကျနော်တို့နောက်ကို လိုက်မလာခဲ့ဘူး။ အစောင့်ဂိတ်ကို ကျော်တဲ့အခါ အော်သံတသံကို ကြားရတယ်။ ကျနော်တို့ရဲ့ အချိတ်အဆက်ဆီက။ သူက တကဿကစီနောက်က ပြေးလိုက်လာတယ်။ ပြေးလာရင်းက သူက ရယ်ဖြဲဖြဲနဲ့ “နောက်ဆုံးတော့ ခင်ဗျားတို့ ရောက်လာ ပြီပေါ့လေ” တဲ့။ ကျနော်တို့ ပြုံး လက်ဆွဲ နှုတ်ဆက်ကြရင်း ကျနော်တို့ပတ်ဝန်းကျင် ကို စောင်းငဲ့ကြည့်ဖြစ်ကြတယ်။ ပထမဦးဆုံး အကြိမ်အနေနဲ့ ရိုဟင်ဂျာတွေကို နေ့လည် ကြောင်တောင် လမ်းပေါ်မှာ မြင်ဖူးခြင်းပါပဲ။ ကျနော်တို့တက္ကစီဟာ အရောင်းအဝယ်တွေနဲ့ ယောက်ယက်ခတ်နေတဲ့ ဈေးတခု၊ ဆေးရုံ တဲတွေနဲ့  အတန်းလိုက် ဆောက်ထားတဲ့ ယာယီတဲတွေကြားက မြွေလိမ်မြွေကောက် ဖြတ်မောင်း လာခဲ့တယ်။ ကျနော်တို့ဟာ တက္ကစီကို ရပ်ခိုင်းပြီး ဗီဒီယိုရိုက်ဖို့ စိတ်စောနေကြတယ်။ ဒါပေမယ့် ကျနော်တို့ ဂျိတ်(အချိတ်အဆက်)က ကျနော်တို့အနေနဲ့ ဒေသခံ ဘာသာရေးသင်တန်း ကျောင်းကို အရင်သွားသင့်တယ်လို့ ပြောပါတယ်။

    ******************************

    ကျနော်တို့ ဝင်လာတာနဲ့ ဒုက္ခသည်တွေက ကျနော်တို့ဘေးမှာ လာဝိုင်းကြပါတယ်။ အရမ်း များပြားလှတဲ့ ဒုက္ခသည်တွေပါ။ တဖွဲဖွဲ လာနေကြတယ်။  ဘာသာရေး သင်တန်းကျောင်း စာသင်ခန်းတွေက၊ လှေကားအောက်က အိပ်ရာတွေက၊ အဖြစ် တည်ဆောက်ထားတဲ့ မီးဖိုချောင်တွေက၊ အဲဒီ ဝင်းအတွင်းမှာရှိတဲ့ ဗလီက နေ့လည်ခင်း ရှိခိုးနေကြသူများရော အသီးသီး ထွက်လာ ကြပါတယ်။ လူတွေဟာ ကျနော်တို့ ကင်မရာပတ်ပတ်လည်မှာ ဝိုင်းပြီး လူတိုင်းက တချိန်တည်း တပြိုင်တည်း သူတို့ရဲ့ အဖြစ်အပျက်တွေကို ပြောပြဖို့ ကြိုးစားနေ ကြပါတယ်။ သူတို့ရဲ့ ကြောက်မက်ဖွယ် ကောင်းတဲ့ အတွေ့အကြုံတွေကိုပါ။

    မိန်းမတယောက်က သူ့သမီးကလေးရဲ့ ကျိုးနေတဲ့ လက်ကို မပြခင် သူ့နဖူးက ကွဲနေတဲ့ ဒဏ်ရာကို ပြပါတယ်။ လူအုပ်က လာပြီး တိုက်ခိုက်စဉ်က သူတို့ဟာ သူတို့ရဲ့ အိမ်ခေါင်မိုးပေါ်မှာ ပုန်းနေခဲ့ကြ ရပါတယ်။

    “လုံခြုံရေးတွေကလည်း ကူပြီး တိုက်ခိုက် ကြတယ်”ကျနော်တို့ ဂျိတ်က ရှင်းပြပါတယ်။

    ယောက်ျားတယောက်ကတော့ သူရှပ်အင်္ကျီကို လှန်ပြီး ဓားဒဏ်ရာကို ပြပါတယ်။ အခြား တယောက်တော့ သူ့အိမ်ကို ရခိုင်တစုက မီးရှို့နေစဉ်အတွင်း ရဲတွေဟာ ရပ်ကြည့်နေ တယ်လို့ ပြောပြပါတယ်။ဒုက္ခသည်စခန်း နေရာအနှံ့မှာရှိတဲ့ ရွာပေါင်း များစွာက ဒုက္ခသည်တွေထံက ထပ်ကာတလဲလဲ ကြားခဲ့ရတဲ့အရာကတော့ လုံခြုံရေးတပ်ဖွဲ့ သို့မဟုတ် ရဲတွေဟာ အကြမ်းဖက်မှု့တွေမှာ ကိုယ်တိုင်ပါဝင်ခြင်း (သို့မဟုတ်) အကြမ်း ဖက်မှု့ကို လက်ပိုက်ကြည့်နေခြင်းပါပဲ။ အစစ်ခံချက်တွေဟာ ကျောချမ်းလောက်ပါ တယ်။

    ဒုက္ခသည်တွေရဲ့ မျက်နှာပေါ်က ခိုကိုးရာ မဲု့ခင်းနဲ့ ခံပြင်းခြင်းတို့ကို မေ့ပျောက်ဖို့ မဖြစ်နိုင်ပါဘူး။အစပိုင်းမှာတော့ တော်တော့် ကို ကြီးစိုးပါတယ်။ နောက်ပိုင်းတော့ အဖြစ်အပျက်တွေဟာ တခုနဲ့တခု ရောထွေး သွားပြီး မှု့န်ဝါးသွားပါတယ်။ ဒါပေမယ့် ကျနော်တို့ ကျောင်းကို ရောက်လို့ ကူလ်ဆွမ်းဘီဘီ (ဒီဆောင်းပါး အပေါ်ဆုံးက ဓာတ်ပုံထဲမှာပါတဲ့ မိန်းကလေး) နဲ့ သူ့မောင်လေးကို တွေ့ရတဲ့အခါ  ဒီပြဿနာ ရဲ့လေးနက်မှု့ဟာ အထွတ်အထိပ်ကို ရောက်ပါ တော့တယ်။

    သူတို့မှာ မျက်လုံးနဲ့ နံရိုးပဲ ကျန်တော့တယ်။ မျက်လုံးတွေက ကြောက်လန့်မှု့တွေနဲ့ ပြည့်လျှမ်း နေတယ်။ သူတို့ရဲ့ မိဘနှစ်ပါးဟာ ရုန်းရင်းဆန်ခတ်မှု့အတွင်းမှာ သေဆုံးသွား ကြတယ်လို့ သူတို့ရဲ့အဒေါ်ဖြစ်သူ နူးရ်ဘာနု က ကျနော်တို့ကို ပြောပြပါတယ်။ သူမဟာ တူနဲ့တူမကို အကောင်းဆုံးစောင့်ရှောက်ဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် နူးရ်ကိုယ်တိုင်မှာ လည်း ကလေးတွေ ရှိပြီး အစားအသောက် ခွဲတမ်းဟာလည်း အရမ်းကို နည်းပါး လှပါတယ်။ ဒါပေမယ့် ကမောက်ကမ နိုင်တဲ့ အဖြစ်အပျက်ကတော့ ရခိုင်နဲ့ရိုဟင်ဂျာ စီးပွားရေးအ ကွက်မြင်သူတွေက စခန်း အတွင်းမှာပဲ ဈေးတခုကို ဖွင့်လှစ် ရောင်းချပါတယ်။ အသီးတွေ၊ ဟင်းသီး ဟင်းရွက်တွေ၊ အသားနဲ့ ကွမ်းယား ဆိုင်တောင် ရှိပါတယ်။ ဒါပေမယ့် ဒုက္ခသည်တွေရဲ့ သွားလာမှု့ကို ကန့်သတ် ထားတဲ့အတွက် အနည်းအကျဉ်းကသာ အလုပ်ရှာဖွေလို့ရပါတယ်။ဖွင့်ထားတဲ့ဈေးကလည်း ပိုက်ဆံပေးဝယ်နိုင်တဲ့ သူတွေအတွက် သာဖြစ်နေပါတယ်။ငတ်မွတ်နေတဲ့ မိဘမဲ့များ ဟာ အခြားနေရာတွေကိုပဲ အားကိုး ရှာရ ပါတယ်။

    ဒုက္ခသည်တယောက်ဟာ ကလေးနဲ့အတူ ရှေ့ကို တိုးထွက်လာတယ်။ ကလေးကို မြင်ရတဲ့အချိန်မှာ ကျနော်တို့အားလုံး အသက်ရှု ရပ်မတတ်ဖြစ်သွားတယ်။ ကလေး သေးသေးကလေးဟာ ဗိုက်ဟာ ပူဖောင်း ထွက်နေပြီး နံရိုးများက ထိုးထိုး ထောင်ထောင်၊ အသားအရေက အသားဝါ ရောဂါဖြစ်နေပုံ ပေါက်နေပါတယ်။ သူ့ကို ကယ်မယ့်သူမရှိရင်၊ ကူလ်ဆွမ်းနဲ့သူ့အစ်ကိုကို ကယ်မယ့်သူမရှိရင် မကြာခင် သူတို့သေရ တော့မယ်ဆိုတာကို ကျနော်တို့ သိလိုက်ပါ တယ်။ ဒုက္ခသည်တွေက ဒီလိုကလေး ပေါင်းမြောက်များစွာ ရှိသေးကြောင်း ပြောပြကြတယ်။ ဆာလောင် မွတ်သိပ်မှု့ အပြင်၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ငှက်ဖျားနဲ့ တခြားရောဂါပေါင်းစုံ ဒီနေရာမှာ အဖြစ်များ နေတယ်လို့ ပြောပြပါတယ်။

    ဒီကျောင်းမှာ ကြည့်ရှုစရာတွေ အမြောက် အမြား ကျန်သေးကြောင်း ကျနော် တို့ သိပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ဂျိတ်က အချိန် သိပ်မကျန် တော့ကြောင်း သတိပေးပါတယ်။ ည ၇ နာရီ ညမထွက်ရ အမိန့်မတိုင်ခင် ဟိုတယ်လ်ကို ပြန်ရောက် ဖို့လိုပါတယ်။ ဒါပေမယ့် တခြားသွား ကြည့်စရာ နေရာများစွာလည်း ကျန်နေသေး ပါတယ်။

    ကျနော်တို့ စခန်းကနေ ထွက်ခွာတဲ့အခါ လူအုပ်ကြီးက ကျနော်တို့နောက်ကနေ လိုက်ပါ လာပါတယ်။ ဂျိမ်းစ်က ငွေစက္ကူအချို့ကို လူငယ်တယောက် လက်ထဲ ထိုးထည့်ပေးပြီး ခလေးတွေအတွက်လို့ ပြောလိုက်ပါတယ်။ ဒါပေမယ့် ဒီကလေးတွေ ဟာ အစားအသောက် ကောင်းတနပ် သက်သက်ထက် ပိုပြီး လိုအပ်နေတယ် ဆိုတာကို ကျနော်တို့ သိနေပါတယ်။ သူတို့မှာ ကျန်းမာရေးစောင့်ရှောက်မှု့ လိုအပ်နေတယ်၊ အိပ်ဖို့အတွက် သန့်ရှင်းခြောက်သွေ့တဲ့နေရာ လိုအပ်နေတယ်၊ သောက်ရေ၊ ကိုယ်လက် သန့်ရှင်းရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ကုသမှု့တွေ လိုအပ်နေတယ်။ တကယ်၍သာ မကြာခင် အချိန်အတောအတွင်းမှာ ကြီးမားတဲ့ အပြောင်းအလဲကြီးတခု  ဖြစ်မလာဘူးဆိုရင် သူတို့အားလုံးဟာ သူတို့လိုအပ်  နေသမျှအရာ တခုတလေတောင် ရသွား ရဖို့ဆိုတာ မကျိန်းသေ တော့ပါတော့ဘူး ဆိုတာကိုလည်း ကျနော်တို့ သိနေခဲ့ပါတယ်။

    ( ဤ “သွားစရာ မြေမရှိ”ဆိုတဲ့ ရခိုင်ပြည်တွင်းက ပြဿနာကိုအခြေခံတဲ့ မှတ်တမ်းကို အယ်ဂျာဇီးရား အင်္ဂလိပ် အစီအစဉ် ၁၀၁ (အရှေ့ပိုင်း)မှာ စက်တင်ဘာ ၂၇ရက်နေ့မှာ ပြသဖို့ လျာထားခြင်း  ခံရပါတယ်။ အွန်လိုင်းပေါ်မှာ ကြည့်ရှုရမယ့် လင့်ခ်ကို ရလျှင်ရခြင်း တင်ပေးပါမယ်။

    ကျနော်တို့ဟာ ရခိုင် ဗုဒ္ဂ္ဂ္ဓဘာသာ ဘုန်းတော်ကြီး များ၊ နိုင်ငံရေးသမားများ၊ အန်ဂျီအို စေတနာ့ဝန်ထမ်းများနဲ့ ဒုက္ခသည်များကို နာရီပေါင်းများစွာ တွေ့ဆုံခဲ့ပါတယ်။ သူတို့အကြောင်းကို အခြား ဆောင်းပါးတခုမှာ ရေးပြပါမယ်။)

    ဘာသာပြန်- ကိုပေါ။

    မူရင်းဆောင်းပါး။

    http://www.lianainfilms.com/2012/09/nowhere-to-go-the-rohingya/