News @ M-Media

Blog

  • ရိုဟင်ဂျာကိစ္စ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ပြောကြားချက်

    ရိုဟင်ဂျာကိစ္စ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ပြောကြားချက်

    သြဂုတ်၊ ၂၄၊ ၂၀၁၂

    RFA မြန်မာပိုင်း မှ ကူးယူဖော်ပြသည်။

    မူဆလင် ရိုဟင်ဂျာတွေအပေါ် မြန်မာ နိုင်ငံသားတွေရဲ့ သည်းခံနိုင်မှု အားနည်းခြင်းဟာ အမေရိကန် တချို့ရဲ့ မြန်မာနိုင်ငံအပေါ် အမြင်ကို တစုံတရာ ထိခိုက်မှုတွေ ရှိနေပေမယ့် မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ လျှော့ချပေးဖို့ ကိစ္စကိုတော့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ Derek Mitchell က ပြောလိုက်ပါတယ်။

    အမေရိကန် အခြေစိုက် Wall Street Journal နဲ့ တွေ့ဆုံ မေးမြန်းစဉ်မှာ Mr. Derek Mitchell က အခုလို ပြောလိုက်တာပါ။

    ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ လျင်လျင်မြန်မြန် ဖြစ်လာတာ၊ အရှိန်အဟုန်နဲ့ ပျံ့နှံ့သွားတာကို အလွန်ပဲ အံ့သြမိကြောင်း၊ ဒါပေမယ့် ဒီကိစ္စဟာ မိမိတို့ရဲ့ ပိတ်ဆို့ အရေးယူမှု လျှော့ချပေးဖို့ ဆုံးဖြတ်ချက်ကိုတော့ သက်ရောက်မှု မရှိကြောင်း Mr. Derek Mitchell က ပြောပါတယ်။နိုင်ငံတကာ အနေနဲ့ အတိတ်ကာလက မြန်မာအစိုးရနဲ့ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုသာ များသောအားဖြင့် အာရုံစိုက်ခဲ့ကြပေမယ့် အခု ရိုဟင်ဂျာ ကိစ္စမှာ ခွဲခြားဆက်ဆံမှု အတော်များများဟာ သာမန် ပြည်သူတွေရဲ့ ဆောင်ရွက်ချက်တွေ ဖြစ်တယ်လို့ အမေရိကန် သံအမတ်ကြီးက ပြောပါတယ်။

    တချို့ မြန်မာနိုင်ငံသားတွေဟာ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံမှာ နေထိုင်ပိုင်ခွင့် အခွင့်အရေးကို မေးခွန်း ထုတ်နေတာတွေတောင် ရှိနေတယ် လို့လည်း ဆိုပါတယ်။ အတွေးအခေါ်အရ တိုးတက်သူတွေလို့ သတ်မှတ် ခံထားရသူတွေ၊ နိုင်ငံသားတွေရဲ့ အခွင့်အရေး တောင်းဆို တိုက်ပွဲ ဝင်ခဲ့သူတွေ အပါအဝင် မြန်မာ နိုင်ငံသားတွေ ကြားမှာ သည်းခံနိုင်မှု အားနည်းတာတွေ၊ ခွဲခြား ဆက်ဆံတာတွေကို တွေ့လိုက်ရတဲ့အခါ မိမိအနေနဲ့ စိတ်မသက်မသာ ဖြစ်ရပါတယ်လို့လည်း အမေရိကန် သံအမတ်ကြီးက ပြောပါတယ်။

    ဒီလို အချက်တွေဟာ မိမိတို့နဲ့ သူတို့အကြားမှာ တစုံတရာ အတိုင်းအတာအထိ မတူတဲ့ အမြင်တွေ ရှိနေတယ်ဆိုတာ ထင်ရှားပါတယ်လို့ ပြောပါတယ်။

    တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်က ရခိုင် တိုင်းရင်းသားတွေ ခံစားနေရတဲ့ ဒုက္ခ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေဟာ ရိုဟင်ဂျာတွေကိုပဲ အသားပေး ကူညီနေတာတွေ အပေါ် ဒေသခံ ရခိုင်တွေရဲ့ ခံစားချက်တွေကိုလည်း မိမိတို့ ထပ်တူထပ်မျှ နားလည် ခံစားရပါတယ်လို့လည်း Mr. Derek Mitchell က ပြောပါတယ်။

  • သံတွဲ လှုံ့ဆော်စာ ဖြန့်ဝေမှု ရုံးချိန်း လုံခြုံရေး တင်းကြပ်

    သြဂုတ် ၂၄၊ ၂၀၁၂၊

    YPI မှကူးယူဖော်ပြသည်။

    လူထု မငြိမ်မသက် ဖြစ်အောင် လှုံ့ဆော်စာရွက်များ ဖြန့်ဝေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသူ သံတွဲမြို့နယ်မှ လူငယ်လေးဦး၏ အမှုရုံးချိန်းတွင် သံတွဲမြို့နယ် တရားရုံး အနီးတ၀ိုက် ရဲနှင့် စစ်တပ်များဖြင့် လုံခြုံရေး တင်းကြပ်စွာ ချထားသည်ကို မြင်တွေ့ရသည်။

    “အရင်ရုံးချိန်းတွေမှာ ဒီလိုစောင့်တာမရှိဘူး။ အခုက ရွာတစ်ချို့ကလာပြီး ဆန္ဒပြမယ်လို့ သတင်းတွေ ထွက်နေတာကြောင့်ဖြစ်နိုင်တယ် ”ဟု သံတွဲ ဒေသခံတစ်ဦးက YPI သို့ ပြောသည်။

    ယနေ့ ရုံးချိန်းသို့ သံတွဲမြို့နယ်ရှိ ဂျိတ္တောနှင့် အံတော်ကျေးရွာမှ ဒေသခံများ လာရောက်ကြမည်ဟု သတင်းများ ယခင်ရက်ပိုင်းက ထွက်ပေါ်ခဲ့သော်လည်း လာရောက်ခြင်း မရှိသည်ကို တွေ့ရသည်။

    ဂျိတ္တော ဒေသခံခဦးက ပြောရာတွင် “ဂျိတ္တောကလာဖို့ မရှိပါဘူး။ တစ်နေ့က ပြည်နယ်လွှတ်တော်အမတ် ဦးအောင်နိုင်ဦးက ဂျိတ္တော ရပ်မိရပ်ဖ တစ်ယောက်ကိုခေါ်ပြီး လူစုလူဝေးနဲ့မလာဖို့ပြောတယ်။ ကလေးတွေ ထောင်မကျအောင် လည်း ကူညီမယ်လို့ပြောပါတယ်”ဟု ပြောသည်။

    အဆိုပါလူငယ်လေးဦးမှာ ဇွန်နောက်ဆုံးပတ်က သံတွဲမြို့တောင်ဘက်ကျေးရွာများသို့ လှုံ့ဆော်စာ များသွားရောက်ဖြန့်ဝေခဲ့သဖြင့် ၎င်းလှုံ့ဆော်စာရရှိသူ အချို့က သံတွဲရဲစခန်းသို့ တိုင်ကြားရာမှ ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။

    “စာတွေက အမျိုးမျိုးပါပဲ။ အဓိက ကတော့ မွတ်စလင်တွေကို ရည်ညွှန်းထား တာပါ။ မြို့ပေါ်မှာလည်း အများကြီး ပျံ့နေပါတယ်”ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။

    အမှတ် ၄ ရပ်ကွက်မှ သံတွဲဒေသခံတစ်ဦးက “အဲဒီလေးယောက်အထဲမှာ သံတွဲရဲစခန်းက ရဲတစ်ယောက်ရဲ့ သားလည်း ပါတယ်။ နောက် GTI ကျောင်းသား တစ်ယောက်လည်းပါတယ်” ဟုပြောသည်။

    သံတွဲမှ ရှေ့နေတစ်ဦးက ပြောဆိုရာတွင် GTI ကျောင်းသားဖြစ်သူကို စာမေးပွဲ ရှိနေသဖြင့် အာမခံပေးထားကြောင်းနှင့် လက်ရှိ ၅၀၅ (ခ) (နိုင်ငံတော် အစိုးရကိုဖြစ်စေ ငြိမ်ဝပ်ပိပြားရေးကို ဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို တဦးတယောက်သောသူ ကျူးလွန်ချင်လာအောင် လုပ်ဆောင်မှု) ကို အာမခံ ပေး၍ မရသော်လည်း တရားသူကြီး၏ လုပ်ပိုင်ခွင့်အာဏာဖြင့်ပေးထားခြင်း ဖြစ်သည်ဟု ဆိုသည်။

    ၎င်းတို့လေးဦးအား ဇွန်လကုန်တွင် စတင်ဖမ်းဆီးကာ တညခန့်စစ်ဆေးပြီး ပြန်လွှတ်ပေးကာ ဇူလိုင်လ ၁၂ ရက်တွင်မှ ပြန်လည် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ဇွန်လဆန်းတွင် ရခိုင်ပြည်နယ်ရှိ မောင်တော၊ ဘူးသီးတောင်၊ တောင်ကုတ်နှင့် စစ်တွေမြို့များတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် သံတွဲအပါအ၀င် မြို့နယ်အချို့၌ ပုဒ်မ ၁၄၄ အရ ညမထွက်ရ အမိန့် ထုတ်ပြန်ထားရာ ယခုအချိန်ထိ မရုပ်သိမ်းနိုင်သေးပေ။ ။

  • သမ္မတရုံးမှ ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့သော ရခိုင်ပဋိပက္ခ သုံးသပ်ချက် စာတမ်း

    သမ္မတရုံးမှ ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့သော ရခိုင်ပဋိပက္ခ သုံးသပ်ချက် စာတမ်း

    ပဋိပက္ခဖြစ်ပွားရာ ပြည်သူတို့၏ အခြေအနေနှင့် သုံသပ်ချက် ခေါင်းစဉ်အောက်တွင် ပါရှိသော  

    ၉။  ရခိုင်တိုင်းရင်းသားများ၏အခြေအနေ

    (က)    နိုင်ငံရေးပါတီများ၊ သံဃာအချို့နှင့် လူပုဂ္ဂိုလ်အချို့တို့ခေါင်းဆောင်၍ လူမျိုးရေးမုန်းတီးမှုစိတ်ဓါတ်ကို အလွန်အကျွံမြှင့်တင်ခြင်း၊ လူမျိုးရေးအရ အဆင်ခြင်မဲ့စွာ တိုက်ခိုက်လိုစိတ်ကို လှုံ့ဆော်ခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအတွင်းနှင့် နိုင်ငံတကာရှိ ရခိုင်အသိုက်အ၀န်းများသို့ပါ ချဉ်းကပ်စည်းရုံးဆောင်ရွက်လျက်ရှိသည်။

    (ခ)     နိုင်ငံအနှံ့အပြားတွင်နေထိုင်သည့် ဘင်္ဂါလီမူစလင်များအပေါ် အကြမ်းဖက်ရန်ကိုလည်း အစဉ်မပြတ် ကြံစည်လုပ်ဆောင်လျက်ရှိသည်။

    (ဂ)     မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်အစိုးရများအနေဖြင့် ရခိုင်တိုင်းရင်းသားများ၏အကျိုးစီးပွားကို  ဖော်ဆောင်ခြင်းမပြု၊ ကာကွယ်ပေးခြင်းမရှိပဲ သယံဇာတများကိုသာ ထုတ်ယူသုံးစွဲခဲ့သည်ဟူသော တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲစေသည့် လှုံ့ဆော်မှုမျိုးတွေ့ရသည်။

    (ဃ)    ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီများခိုးဝင်မှုကို ထိရောက်စွာတားဆီးခြင်းမရှိ၊ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများအပေါ် အဂတိလိုက်စားသောဝန်ထမ်းများအား အရေးယူခြင်းမရှိကြောင်း အစိုးရအပေါ်စွပ်စွဲမှုအချို့ရှိသည်။

    (င)     ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် မဲအနိုင်ရရှိရေးကိုမျှော်ကိုးလျက် ဥပဒေကို မျက်ကွယ်ပြုကာ ဘင်္ဂါလီမူစလင်များအပေါ် မသင့်မလျော်ဆောင်ရွက်ပေးကြောင်း စွပ်စွဲလျက်ရှိသည်။

    (စ)     ၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေအရ ဘင်္ဂါလီမူစလင်များ နိုင်ငံသားဖြစ်လာနိုင်သည့် အခြေအနေကိုလည်း နားလည် လက်ခံနိုင်သည့် အခြေအနေမရှိကြောင်း တွေ့ရသည်။

    (ဆ)    ဘင်္ဂါလီများကိုသာ တစ်ဘက်သက်ကူညီနေသည်ဟု ရှုမြင်ချက်ဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများအပေါ် အငြိုးထားကာ ယင်းအဖွဲ့အစည်းများ ဒေသတွင်မနေရဲအောင် လုပ်ကိုင်ဆောင်ရွက်လာသည်။

    (ဇ)     ရခိုင်တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်အချို့သည် ပဋိပက္ခကြောင့် ရပ်ဆိုင်းနေသည့် ဘင်္ဂါလီများ၏ စီးပွားရေးလုပ်ငန်းများကို အချောင်ရယူရန်ကြိုးပမ်းလာကြောင်း တွေ့ရသည်။

    (ဈ)     ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများအားလုံး စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားကြရလျက်ရှိသည်။ ထို့ကြောင့် အခွင့်အလမ်းများ ဆုံးရှုံးလျက်ရှိသည်။

    ၁၀။     လူမျိုးစုနှစ်စုအကြား အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရေးနှင့် သဟဇာတဖြစ်သော လူ့အဖွဲ့အစည်းဖြစ်ထွန်းရေးသည်သာလျှင် ယခုအခြေအနေ၏ ထွက်ပေါက်ဖြစ်သည်ကို နားလည်သဘောပေါက်စေရေးအတွက် ရခိုင်လူထုအဖွဲ့အစည်းများသို့ အခြေအနေမှန်နားလည်သော ရခိုင်တိုင်းရင်းသားများက အချင်းချင်းထိတွေ့စည်းရုံးရန် အထူးလိုအပ်ပါသည်။

    ပဋိပက္ခဖြစ်ပွားရာ ပြည်သူတို့၏ အခြေအနေနှင့် သုံသပ်ချက် ခေါင်းစဉ်အောက်တွင် ပါရှိသော

    ၁၁။  ဘင်္ဂါလီမူစလင်များ၏အခြေအနေ

    (က)    ဘင်္ဂါလီမူစလင်များတွင် သာမန်ပြည်သူများနှင့် ဘာသာရေးအစွန်းရောက်အဖွဲ့အစည်းများဟု အပိုင်း(၂)ပိုင်းတွေ့ရှိရသည်။

    (ခ)     သာမန်ပြည်သူများသည် ဘ၀ရပ်တည်ရေး၊ အသက်ရှင်နေထိုင်ရေးကိုသာ အာရုံပြုနေရသည်။ အမျိုးသမီးနှင့် ကလေးများသည် လူဦးရေ၏ လေးပုံသုံးပုံခန့်ရှိပြီး အသက်မွေးဝမ်းကျောင်းမှုအခက်အခဲများကို ရင်ဆိုင်နေရသည်။

    (ဂ)     ပညာတတ်မြောက်မှုနည်းပါးပြီး ဘာသာရေးအစွန်းရောက်များ၏ လွှမ်းမိုးမှုအောက်တွင်နေထိုင်ရခြင်း၊ မည်သည့်မီဒီယာနှင့်မှ ထိတွေ့မှုမရှိခြင်း၊ ဗဟုသုတနည်းပါးခြင်းကြောင့် အဆမတန်လူဦးရေတိုးပွားမှုကို ထိန်းချုပ်ရန်နားမလည်ခြင်းတို့သည် ဘင်္ဂါလီများ၏ လက်တွေ့ဘ၀ဖြစ်နေသည်။ အစွန်းရောက် အစ္စလာမ်မော်လ၀ီအချို့သည် ဘာသာရေးမှိုင်းပြ၍ လူဦးရေများပြားမှုကို အသုံးချရန် ကြံစည်လျက်ရှိသည်။

    (ဃ)    အစ္စလာမ်ဘာသာရေးအစွန်းရောက်အဖွဲ့အစည်းများသည် ပြည်ပရှိအစ္စလာမ်ဘာသာဝင်နိုင်ငံများ၊ အစ္စလာမ်အစွန်းရောက်အဖွဲ့အစည်းများနှင့်ဆက်သွယ်ပြီး ထောက်ပံ့မှုများရယူလျက် ၎င်းတို့၏အလိုကျ ဆောင်ရွက်လျက်ရှိသည်။ အမျိုးသမီးများနှင့် ကလေးငယ်များ၏ ဒုက္ခဆင်းရဲမှုအခြေအနေကို ဗန်းပြ၍ နိုင်ငံတကာ၏အမြင်တွင် လူသားချင်းစာနာမှုရှုထောင့်မှ အသာစီးရရန် ကြိုးစားလျက်ရှိသည်။

    ၁၂။  အောက်ပါတို့ဆောင်ရွက်သင့်ကြောင်း သုံးသပ်ရရှိပါသည်။

    (က)    ဘင်္ဂါလီထိပ်ပိုင်းပုဂ္ဂိုလ်များနှင့် မော်လ၀ီဆရာများသည် ပကတိအခြေအနေမှန်ကို မျက်ကွယ်ပြု၍ ဘာသာရေးမှိုင်းသွတ်သွင်းမှုနှင့် ခေါင်းရှောင်မှုအား နည်းလမ်းသုံးလျက် ပြုပြင်သင့်ပါသည်။

    (ခ)     လူဦးရေအလွန်အကျွံတိုးပွားမှုအပေါ် ထိထိရောက်ရောက် ထိန်းချုပ်သင့်ပါသည်။ အစီအမံဖြင့် ရဲရဲတင်းတင်းလုပ်ကိုင်ရမည်ဖြစ်ပါသည်။ ဘင်္ဂါလီများအား ပြင်ပလူ့အဖွဲ့အစည်းများနှင့် ထိတွေ့ရေး၊ ပညာတတ်မြောက်ရေးတို့ အလေးထားဆောင်ရွက်ပေးသင့်သည်။ အခြေအနေအရပ်ရပ်အရ ဘင်္ဂါလီပြည်သူများအား အစိုးရ၏အရိပ်အောက်သို့ ခိုလှုံစေပြီး အစွန်းရောက်လူ့အဖွဲ့အစည်းမှ ခွဲထွက်လာရေး စည်းရုံးဆောင်ရွက်သင့်ကြောင်းတွေ့ရှိရသည်။ ဥပဒေအရ နိုင်ငံသားဖြစ်မှုနှင့် လိမ္မာပါးနပ်စွာ ချိတ်ဆက်ထားသင့်သည်။

    စာတမ်းအပြည့်အစုံ

    News Summary About Rakhine Conflict by President-Office

  • နိုင်ဂျီးရီးယားတွင် ရေဘေးဒုက္ခသည် ခရစ်ယာန်များကို မွတ်စလင်များမှဦးဆောင်ပြီး ကူညီ

    နိုင်ဂျီးရီးယားတွင် ရေဘေးဒုက္ခသည် ခရစ်ယာန်များကို မွတ်စလင်များမှဦးဆောင်ပြီး ကူညီ

    သြဂုတ်၊ ၂၂၊ ၂၀၁၂

    M-Media

    Source: http://www.onislam.net

    အဘူဂျာ။ ။နိုက်ဂျီးရီးယားနိုင်ငံအလယ်ပိုင်း Jos မြို့တွင် ဆိုးရွားသော ရေလွှမ်းမှုကြောင့် လူပေါင်းများစွာ သေကြေပျက်စီးခဲ့ပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြသည်။ ထိုဒေသရှိ ရေဘေးသင့် ခရစ်ယာန် ဒုက္ခသည်များအတွက် ကယ်ဆယ်ရေးလုပ်ငန်းများကို မွတ်စလင်ကျောင်းသားများက ဦးစီးဆောင်ရွက်လျက်ရှိသည်။

    “အသားအရောင်၊ အယူဝါဒမရွေး လူသားတိုင်းအပေါ်မှာကျေပွန်ရမယ့် ကျွန်တော်တို့ရဲ့တာဝန်တွေကို ဖြည့်ဆည်းခြင်း၊ ရမ်ဇာန်လမြတ်ရဲ့အနှစ်သာရနဲ့ သဘာဝဘေးအန္တရာယ်ခံစားနေရတဲ့ ဒုက္ခသည်တွေကို ကူညီရန် အစ္စလာမ်သာသနာရဲ့ဆော်အော်မှု စတာတွေကြောင့် Jos မြို့ရဲ့ ရေဘေးသင့်ဒုက္ခသည် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ဆက်သွယ်ဆောင်ရွက်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။” ဟု နိုက်ဂျီးရီးယား မွတ်စလင်ကျောင်းသားများအသင်း (Muslim Students Society of Nigeria (MSSN)) ခေါင်းဆောင် Abdulhakeem Ogunmuyiwa က OnIslam.net သို့ ပြောကြားခဲ့သည်။ အဆိုပါအဖွဲ့သည် ဒုက္ခသည်များအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် နိုင်ရာ (နိုက်ဂျီးရီးယားသုံးငွေ) ၁ သိန်း ငါးထောင်ကိုလည်း ပေးအပ်လှူဒါန်းခဲ့ပြီး ဆရာဝန်များအပါအ၀င် စေတနာ့ဝန်ထမ်းများကိုလည်း စေလွှတ်ခဲ့သည်။

    “ကျောင်းသားတွေဖြစ်တဲ့အတွက် ပိုက်ဆံအိတ်ကသေးပါတယ်။ (၀င်ငွေနည်းပါတယ်။) ဒါပေမယ့် ပိုက်ဆံ၊ ကယ်ဆယ်ရေးပစ္စည်းနဲ့ ကျွမ်းကျင်မှု စတဲ့ ကျွန်တော်တို့မှာ ရှိတဲ့အရာတွေကို ပေးသွားဖို့ ဆုံးဖြတ်ထားပါတယ်။ ကျွန်တော်တို့ထဲက တချို့ဆိုရင် သူတို့ရဲ့ ကျွမ်းကျင်မှုတွေနဲ့ စေတနာ့ဝန်ထမ်း လုပ်ပေးကြပါတယ်။ ဒုက္ခရောက်နေတဲ့သူတွေအတွက် ဒီလို ကူညီဆောင်ရွက်ပေးနိုင်တာကိုပဲ ကျွန်တော်တို့ အရမ်းကြည်နှုးမိပါတယ်။ ” ဟု Ogunmuyiwa က ဆိုသည်။ Plateau ပြည်နယ် Jos မြို့တွင် ယခုသီတင်းပတ်အစောပိုင်းက ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ပြီး ၃၃ ဦး သေဆုံးခဲ့သည်။ နိုက်ဂျီးရီးယား ကြက်ခြေနီအသင်း၏ အဆိုအရ လူပေါင်း ၁ သောင်းကျော် ရွှေ့ပြောင်းခဲ့ရသည်။

    နိုက်ဂျီးရီးယားနိုင်ငံသည် နှစ်စဉ် မိုးရာသီကို ကြုံတွေ့ရပြီး လွန်ခဲ့သော သုံးပါတ်ခန့်က အဆိုပါပြည်နယ်တွင်ပင် ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ကာ အနည်းဆုံး ၃၅ ဦး သေဆုံးခဲ့သည်။

    နိုက်ဂျီးရီးယား မွတ်စလင်ကျောင်းသားများအသင်း(MSSN) ကို Lagos မြို့တွင် ၁၉၅၄ ခုနှစ်က စတင်ဖွဲစည်းခဲ့သည်။ နိုင်ငံအတွင်း အကြီးဆုံး မွတ်စလင် အသင်းအဖွဲ့တစ်ခုဖြစ်ပြီး အနောက်အာဖရိကနိုင်ငံများရှိ ကျောင်းများတွင်လည်း အဖွဲ့ခွဲများရှိသည်။ ၁၉၇၀ ပြည့်လွန်နှစ်များတွင် ကမ္ဘာ့မွတ်စလင်လူငယ်များအဖွဲ့ကြီး (World Assembly of Muslim Youths) သို့ ၀င်ရောက်ခဲ့သည်။

    ဝေဇင်

  • အစ္စလာမ့် အေးရိပ်ဆာယာသို့(၇)- အွန်လိုင်းပေါ်က သက်ဝင်မှု

    အစ္စလာမ့် အေးရိပ်ဆာယာသို့(၇)- အွန်လိုင်းပေါ်က သက်ဝင်မှု

    သြဂုတ်၊ ၂၃၊ ၂၀၁၂

    M-Media

    ဂျူလိုင်ရဲရင့်

    အွန်လိုင်းပေါ်က သက်ဝင်မှု(Embracing Islam In Cyberspace)

    A Colllection of Stories on Why  They Embrace Islam TMR  ( The Muslim Reader ) 2010 – 2011 , Singapore

    အွန်လိုင်းပေါ်က အစ္စလာမ့်သွေးစည်းမှုကို စတင်နှစ်သက်ခံစားမိရာမှ မုစ်လင်မ်သစ်လွင်ဖြစ်လာခဲ့သော အဖီယဟ် ကီကို ၀ါတာနာဘေး

         ဂျပန်နိုင်ငံ မြို့ငယ်လေးတစ်ခုကနေ ကြီးပြင်းလာသူဖြစ်လို့ အစ္စလာမ့်အကြောင်း ကျွန်မ ဘာမှ မသိခဲ့ပါဘူး။ ဂျပန်နိုင်ငံမှာ မုစ်လင်မ်လူဦးရေ လေးထောင်ကျော်ရှိနေပေမယ့် တကယ့်ကို လူနည်းစုလေးပါ (အများအားဖြင့် မုစ်လင်မ်သစ်လွင်တွေ ဖြစ်ကြပါတယ်)။ အစ္စလာမ်ကို ကျွန်မရှာဖွေတွေ့ရှိခြင်း နဲ့ ကျွန်မရဲ့အစ္စလာမ့်သက်ဝင်မှုဟာဖြင့် တမူထူးခြားတယ်လို့ ဆိုနိုင်ပါတယ်။ အဲ့ဒီ ဟိဒါယဟ် (လမ်းညွှန်တရား)က စက်မှုနည်းပညာပစ္စည်းတစ်ခုဖြစ်တဲ့ ကွန်ပျူတာကနေတဆင့် ရောက်ရှိလာလို့ပါဘဲရှင်။

    သူလိုကိုယ်လို ပုံသေဘ၀မှသည် …..

    ဘယ်မုစ်လင်မ်တစ်ဦးတစ်ယောက်ကိုမှ ကောင်းကောင်းကန်းကန်း မတွေ့ဆုံဖူးပေမယ့် မုစ်လင်မ်တွေကိုကြည့်ပြီး အစ္စလာမ်ဆိုတာကို ကျွန်မ သိခဲ့ပါတယ်။ ဂရိမှာ ကျွန်မ သုံးနှစ်နီးနီး အလုပ်လုပ်ယင်း နေထိုင်ခဲ့ပါတယ်။ အဲ့ဒီမှာ ကျွန်မဘ၀က အဲ့ဒီက လူတွေအတိုင်း ပုံသေကားချပ်ဖြစ်လို့နေခဲ့တယ်။ ကျွန်မလုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ညစဉ်ညတိုင်း သောက်စားလိုက် ကခုန်လိုက်နဲ့ ဘဲပေါ့။  ”  သက်တမ်းတိုတိုလေးထဲမှာ ပျော်သာပျော်  ” ဆိုတဲ့ အတွေးအခေါ်ကို လက်ကိုင်ပြုနေခဲ့တာလေ။

    နောက်ပိုင်းမှာကျတော့ ကံဆိုးမိုးမှောင်ကျပါလေရော။ ကျွန်မရည်းစား စီးပွားပျက်ပြီး မွဲတေသွားတယ်။ သူက ကျွန်မရဲ့ အကြွေးဝယ်ကဒ်ကိုယူသုံးယုံတင်မကသေးဘူး – ငွေချေးပေးဖို့တောင်းဆိုတဲ့အထိ ဖြစ်လာတယ်။ ကျွန်မတို့နှစ်ယောက်စလုံး ငွေခန်း သလောက်ဖြစ်လာတော့ ကျွန်မ သူ့ကို လုံးဝ မကူညီနိုင်တော့ဘူး။ သူမပြောပေမယ့် ကျွန်မသိတယ် – သူ အကြွေးပုံကြီးထဲ နစ်ဝင်နေပြီ ဆိုတာကိုလေ။

    မိခင်ကိုပြုစုဖို့ ပြည်တော်အပြန်

                   တစ်ချိန်တည်းမှာဘဲ ဂျပန်မှာရှိတဲ့ ကျွန်မမိခင်ဟာ ၀ဲဖက်ကျောက်ကပ်ကို အကြီးစားခွဲစိပ်ကုသမှုကိစ္စ ပေါ်လာခဲ့တယ်။

    မေမေဟာ ကျွန်မအပေါ်စိုးရိမ်စိတ်နဲ့ အမြဲမပြတ်ငိုကြွေးနေခဲ့တာသိရတော့ ကိုယ့်ကိုယ်ကို ပြစ်တင်လို့မဆုံးနိုင်တော့ပါဘူး။ အဲ့ဒါ  ကျွန်မကြောင့်ပေါ့ ……….။  ကျွန်မရဲ့အလုပ်အကိုင်နဲ့ ရည်းစားကိုစွန့်ခွါလို့ မွေူးရပ်မြေ မတ်ဆုယာမားမြို့ဆီ မိဘများနဲ့အတူနေဖို့ အပြေးပြန်ခဲ့ပါတယ်။ နှစ်လတိုင်တိုင် ကျွန်မဖေဖေအတွက် မနက်စာပြင်ဆင်ကူညီပေးခဲ့တယ် – ဆေးရုံမှာရှိတဲ့ မေ့မေ့ကိုပြုစုဖို့ မသွားသေးခင်အချိန်လေးမှာပေါ့။

    လေသံသဲ့သဲ့နဲ့ မေမေ့ ညည်းသံကို ကျွန်မလေ ခုထက်ထိ ကြားယောက်နေဆဲပါ။  ”  ကီကိုရယ်၊ မေမေ့ ခင်းနှီးတွေကို လဲလှယ်ပေးနေရလို့ သမီးလက်တွေ ပေကျံကုန်ပြီ၊ မေမေ စိတ်မကောင်းဘူးကွယ် ” တဲ့လေ။ ဆေးရုံထဲမှာ – မေမေ့ရှေ့မှာ ကျွန်မ မျက်ရည်တစ်စက်မှ မကျစေခဲ့ပါဘူး။ ဒါပေမယ့် နေ့စဉ်နဲ့အမျှ တစ်ကိုယ်တည်းရှိနေချိန်မှာတော့ မေမေ့ဖြစ်အင်အတွက် ကိုယ့်ကိုယ်ကို အပြစ်တင်ယင်း ငိုကြွေးနေမိတယ်။ ဘုရားသခင်က ကျွန်မအပေါ် ဒုက္ခတွေရောက်စေ – ဖြစ်စေတာက ကျွန်မကို လမ်းမှန်ဆီ ရောက်သွားစေတဲ့အကြောင်း အဲ့ဒီတုန်းက ဘယ်နားလည်ပါ့မလဲ။ မေမေပြန်ကျန်းမာလာပြီး အိမ်ပြန်ရောက်တဲ့အခါ ကျွန်မလေ အကောင်းဆုံး ပြုစုနေထိုင်ခဲ့တယ်။ ကျွန်မအပေါ် ထာဝစဉ်အချစ်ပိုတဲ့မေမေက ကျွန်မကို ဂျပန်ပြင်ပမှာ  အလုပ်တစ်ခု ထပ်ရှာဖို့ အားပေးတိုက်တွန်းရှာပါတယ်။

    တိုကျိုမှာဘဲ အလုပ်ဝင်ပြီ

    လစဉ်လတိုင်း မိဘတွေကို ပြန်ကြည့်နိုင်ဖို့အတွက် တိုကျိုမြို့က ဂျပန်ဘောလုံးအသင်းမှာ အလုပ်တစ်ခု ဇောက်ချ လုပ်ကိုင်လိုက်ပါတယ်။ အဲ့ဒီကာလမှာဘဲ အင်တာနက် ချက်တင်လိုင်းကနေတစ်ဆင့် စင်္ကာပူက မုစ်လင်မ်တစ်ဦးနဲ့ ကျွန်မ သိကျွမ်းခဲ့ ပါတယ်။ မုစ်လင်မ်ဆိုတာ ဘယ်လိုမျိုးလဲ – ကျွန်မ မသိခဲ့တော့ သိချင်စိတ် ပြင်းပြလာခဲ့တယ်။ အစ္စလာမ်အကြောင်းဖော်ပြတဲ့ ဂျပန် ဘာသာ ၀က်ဘ်ဆိုဒ် တစ်ခုကို ရှာဖွေလေ့လာဖြစ်တယ်။ အဲ့ဒီဆိုဒ်ရဲ့ ပင်မစာမျက်နှာ  Home Page  ကို ဖန်တီးပုံဖော်ထားသူဟာ ကျွန်မတို့ဇာတိမြို့ငယ်က အိမာမ်တစ်ပါးဖြစ်နေလို့ အလွန်ဘဲ စိတ်ဝင်စားသွားရတယ်။ အဗူ မုဟ်ဒီ စုလိုင်မာန် ဟမနာကာ တဲ့လေ။

    အဲ့ဒီဆိုဒ်ထဲကအဖွဲ့ဝင်တွေနဲ့ ကျွန်မက စတင်ပြီး အပြန်အလှန် ဆက်သွယ်ပါတော့တယ်။ ဆိုဒ်ထဲမှာ ဆောင်းပါးတွေ၊ အစ္စလာမ်နဲ့ပတ်သက်တဲ့ မေးခွန်း/ပြသနာ နဲ့ သတင်းဖော်ပြချက်တွေ – အစုံပါဝင်နေပါတယ်။ အဗူ မုဟ်ဒီကိုယ်တိုင်လည်း ကမ္ဘာတစ်လွှားက ဂျပန်လူမျိုးမုစ်လင်မ်အမျိုးသားအမျိုးသမီးတွေနဲ့ အွန်လိုင်းပေါ်ကနေ ပြောဆိုဆွေးနွေးတယ်၊ မုစ်လင်မ်သစ်လွင် တွေရဲ့ မေးမြန်းမှုများကို ဖြေဆိုကူညီပေးလေ့ရှိတယ်လေ။ ဒီလိုလျှို့ဝှက်ဆက်သွယ်မှုနဲ့ မုစ်လင်မ်မိတ်ဆွေသစ် အများအပြား ရလာတယ်။ စအူဒီအာရေဗျ၊ အင်ဒိုနီးရှား၊ အီဂျစ်၊ ဆီးရီးယား၊ မလေးရှား၊ စင်္ကာပူ၊ ဂျပန်၊ အို – ကမ္ဘာအနှံ့က လူတွေဘဲ ဆိုပါတော့။ ချက်တင်ရွန်းမ်မှာ တွေ့ရတဲ့ ဒီမုစ်လင်မ်တွေဟာ ကျွန်မအပေါ် ဆွဲဆောင်နိုင်လွန်းလှပေတယ်။ သူတို့ဟာ အင်မတန် ယဉ်ကျေးသိမ်မွေ့ကြတယ်၊ နွေးထွေးမှုရှိတယ်၊ ပြီးတော့ ရိုးသားကြတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ကျွန်မတို့ဟာ တစ်ဦးကိုတစ်ဦး တစ်ကြိမ်တစ်ခါမျှ မမြင်မတွေ့ဖူးကြသည့်တိုင်အောင် အချင်းချင်း အထူးခင်မင်ရင်းနှီးသွားပါရောလား။

     

    ကွာလာလမ်ပူက သူငယ်ချင်း
    သူတို့ရဲ့အဖွဲ့ထဲမှာ ကျွန်မ စိတ်ချမ်းသာလိုက်တာရှင်။ ဂရိမှာ ဖြတ်သန်းခဲ့ရတဲ့ ဘ၀သာယာမှုနဲ့ ကွာလွန်းမက ကွာခြားလိုက်လေခြင်း။ အဲ့ဒီနောက် စင်္ကာပူကခေါ်တဲ့ အလုပ်တစ်ခု ကျွန်မ ရသွားတယ်။  မေမေကတော့ ကျွန်မအတွက် ၀မ်းသာလိုက်တာလွန်ပါလေရော။ အခုအချိန် ကျမှ ပြန်စဉ်းစားမိတယ် – အဲ့ဒါဟာ ကျွန်မအဖို့ အားလုံးအတွက် အခွင့်အလမ်းပွင့်သွားစေခဲ့တာလေ။ ကျွန်မ မုစ်လင်မ်တွေနဲ့သိကျွမ်းပြီး အစ္စလာမ်ကိုရှာဖွေနေခဲ့စဉ်က ကျွန်မဟာ မိဘတွေအပေါ် အပြစ်ပြု မိနေသလိုမျိုး ခံစားနေခဲ့ရတယ်။ နောက်ဆုံးမှာ ကျွန်မအနေနဲ့ မုစ်လိမဟ် ( အစ္စလာမ်သာသနာဝင် အမျိုးသမီး ) ဖက်လှည့်သွားရေးအတွက် အလ္လာဟ်အရှင်မြတ် ( SWT ) ရဲ့ အစီအမံတစ်ရပ်ဘဲလို့ ဆိုရမှာပါ။ စင်္ကာပူကနေမပြန်ခင် နှစ်လအလိုမှာတော့ ယှဟာဒဟ်ကို ကြေငြာဖို့ ကျွန်မ အရံသင့် ဖြစ်သွားခဲ့ပါပြီ။

    ဒီလိုခြေစုံပစ်ဝင်ရောက်လာရတဲ့ အဓိကအကြောင်းရင်းကတော့ ကျွန်မရဲ့အပြစ်အားလုံး ခွင့်လွှတ်ခံရရေးအတွက်ဖြစ်ပါတယ်။ ဒါ့ပြင် အစ္စလာမ်က ကျွန်မကို သိက္ခာရှိတဲ့အမျိုးသမီး ဖြစ်လာစေ တာလည်း ပါတာပေါ့။ အစ္စလာမ်မှာက ကျွန်မ သိချင်တဲံအရာတိုင်းအတွက် အဖြေ ရှိနေကြတယ်။ ကျင့်ကြံဖို့လည်း လွယ်ကူတယ်လေ။ ဒါကြောင့် ကျွန်မ လုပ်သင့်တဲ့အရာနဲ့ စတင်အပ်တဲ့အချိန်ကို ရွေးချယ်လိုက်ပါတယ်။ အလ္လာဟ်အရှင်မြတ် (SWT) က ကျွန်မရဲ့ ရည်ရွယ်ချက်တိုင်းကို သိရှိနေတော်မူလေတော့ ကျွန်မရဲ့လုပ်ဆောင်မှုမှန်သမျှ အလ္လာဟ့်အတွက် ဖြစ်ရပါတော့မယ်လေ။

    အထီးမကျန်တဲ့ လက်ဦး ရမ်ဒွါန်

    ကျွန်မ မုစ်လိမဟ် ဖြစ်ပြီး နှစ်လသမီးအရွယ်မှာ ပထမဆုံး ရမ်ဒွါန်ကို ကြုံကြိုက်ခဲ့ရတယ်။ အိမ်ထဲမှာ ကျွန်မ တစ်ယောက်တည်း ………   ဒါပေမယ့် ကျွန်မ ၀မ်းနည်းအားငယ်မှုကို မခံစားရဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်မရဲ့ မုစ်လင်မ်သူငယ်ချင်းတွေအားလုံး အွန်လိုင်းမှာ ကျွန်မနဲ့အတူတူ ရှိနေကြလို့ပါဘဲ။ အစ္စလာမ့်သွေးစည်းမှုက နက်နဲတဲ့ခံစားချက်ကို ဖြစ်ထွန်းလာစေခဲ့ပါတယ်။

    ဒီလို အိခ်ဝါ (ညီနောင်ဖွဲ့ခြင်း)ရဲ့ အနှစ်ရသကို ရရှိစေတဲ့ အင်တာနက်ကိုလည်း ကျေးဇူးတင်မိပါတယ်။ အင်တာနက်ကနေတဆင့် ပထမဆုံး မုစ်လင်မ်မိတ်ဆွေတစ်ဦးကို ဆုံစည်းမိချိန် ကတည်းက ကျွန်မအပေါ် အလ္လာဟ့်ကရုဏာတော် သက်ရောက်လိုက်ပြီဆိုတာ ကျွန်မ သိရှိနားလည် သွားခဲ့ပါတယ်။ အခုဆိုယင် ကျွန်မဆီမှာ ဒုက္ခတစ်ခုခုကြုံလေတိုင်း အလ္လာဟ်အရှင်မြတ်ရဲ့ စမ်းသပ်ချက်တစ်ရပ်လို့ သိနေပြီလေ။ အဲ့ဒီဒုက္ခရဲ့အကျိုးဆက်က ဘာပဲဖြစ်ပါစေ ကျွန်မအတွက် အကောင်းဆုံးတစ်စုံတစ်ရာဖြစ်လာအောင် အလ္လာဟ်အရှင်က စီစဉ်ပေးတော်မူမှာပါ။ မုစ်လိမဟ် တစ်ဦးအဖြစ် ဘ၀ဆောက်တည်ခွင့်ရလို့ ကျွန်မ အလွန်တရာ ကြည်နှူးဝမ်းမြောက်မိပါတယ်။ ပြီးတော့ မုစ်လင်မ်မဟုတ်သူများအပေါ် ကျွန်မရဲ့ ရှာဖွေတွေ့ရှိချက်တွေကို

    ဝေမျှပေးနိုင်ဖို့လည်း မျှော်လင့်လျက်ပါဘဲရှင်။

     

     

    ပုံဖော်ရေးသားတင်ဆက်သူ

    Johari  Abdul  Aziz

    From –  TMR : Vol 19 , No.1 , Pg 28-29

               TMR :   Following  Faith ( 2010 – 2011 ), Pg 39