News @ M-Media

Blog

  • မလေးရှားတွင် ရခိုင်အမျိုးသားတစ်ဦး သေဆုံးခြင်းမှာ အသတ်ခံရ၍ မဟုတ်

    မလေးရှားတွင် ရခိုင်အမျိုးသားတစ်ဦး သေဆုံးခြင်းမှာ အသတ်ခံရ၍ မဟုတ်

    အိဖြူမွန်
    ရန်ကုန်၊ သြဂုတ်-၁၇- ၂၀၁၂

    7Days

    သြဂုတ်လ ၂၃ ရက်ထုတ်၊ 7Days ဂျာနယ် အတွဲ ၁၁ ၊ အမှတ် ၂၄

     

    မလေးရှားနိုင်ငံ စွန်ရိုင်းပတာနီမြို့တွင် ရခိုင်အမျိုးသားတစ်ဦး သေဆုံးခြင်းမှာ အသက်ခရ၍မဟုတ်ဘဲ ကားမှောက်ခြင်းကြောင့်ဖြစ်ကြောင်း ပီနန်-မလေးရှားနာရေးကူညီမှုအသင်းမှ တာဝန်ခံ ကိုဝင်းသန်းထွန်းကပြောသည်။
    “အသက်ခံရတာမဟုတ်ပါဘူး။ ဟိုက်ဝေးမှာ လော်လီမှောက်တာပါ။ ပီနန်မှာ ရခိုင်ကိစ္စ အရှုပ်အရှင်း မရှိပါဘူးခင်ဗျ”ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။
    လူမှုကွန်ရက်ဝက်ဘ်ဆိုက်တွင် မလေးရှားနိုင်ငံရှိ အလုပ်လုပ်ကိုင်နေသော ရခိုင်အမျိုးသားအသတ်ခံရသည်ဟူသော စာသားများနှင့် ဓါတ်ပုံများထွက်ပေါ်လာခြင်းနှင့်ပတ်သက်ပြီး မေးမြန်းရာတွင် ၎င်းကပြောကြားခြင်းဖြစ်သည်။
    ဇူလိုင်လ ၂၇-ရက်တွင် လော်လီကားမှောက်မှုကြောင့် မောင်တောမြို့နေ ရခိုင်အမျိုးသားကိုတင်လှိုင်နှင့် မလေးရှားနိုင်ငံသား တရုတ်လူမျိုးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်ရင်း မတော်တဆဖြစ်ပွားခြင်းကြောင့် အလုပ်ရှင်မှ လျော်ကြေးကိစ္စများတာဝန်ယူပေးကြောင်း အထက်ပါပုဂ္ဂိုလ်ကပြောသည်။
    “မဟုတ်မမှန် လူမျိုးရေး လှုံ့ဆော်တာလည်းဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့အသင်းကိုတော့ ဘယ်ကမှ ဆက်သွယ်မလာပါဘူး“ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။
    ရခိုင်ပြည်နယ်တွင်ဖြစ်ပွားသော ပဋိပက္ခများနောက် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်သော ရခိုင်အမျိုးသားများ အသက်ခံရသည့်သတင်းများ လူမှုကွန်ရက်ဝက်ဘ်ဆိုက်တွင် ထွက်ပေါ်ခဲ့သည်

  • သမ္မတ ဦးသိန်းစိန်ကို RNDP ကန့်ကွက်

    သမ္မတ ဦးသိန်းစိန်ကို RNDP ကန့်ကွက်

    သြဂုတ်၊ ၂၂ ၊ ၂၀၁၂

    VOA (မြန်မာပိုင်း)

    ရခိုင်ပြည်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ နိုင်ငံတော်သမ္မတရုံးက သ၀ဏ်လွှာနဲ့ ပူးတွဲသတင်း သုံးသပ်ချက် လွှတ်တော်ကို ပေးပို့ခဲ့တဲ့အပေါ် RNDP ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီက ပြည်ထောင်စုလွှတ်တော်ထဲမှာ ကန့်ကွက်လွှာ တင်သွင်းသွားမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ ရခိုင်ပါတီနဲ့ မျိုးချစ်တွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေ ပါတယ်ဆိုတဲ့ သတင်းသုံးသပ်ချက်ကို သ၀ဏ်လွှာနဲ့အတူ ပူးတွဲတင်ပြခဲ့တာမှာ ပူးတွဲ သတင်းသုံးသပ်ချက်ကို ကန့်ကွက်မှာ ဖြစ်တယ်လို့ RNDP ဥက္ကဌ ဒေါက်တာအေးမောင်က ပြောပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
    သြဂုတ်လ ၁၇ ရက်နေ့ ရက်စွဲပါ အဲဒီ သ၀ဏ်လွှာနဲ့ ပူးတွဲ သတင်းသုံးသပ်ချက်ဆိုတဲ့ စာကိုတော့ သြဂုတ်လ ၂၁ ရက်နေ့မှာ နိုင်ငံတော် သမ္မတရုံးက လွှတ်တော် ကို ပေးပို့ပြီး ပြည်သူ့လွှတ်တော် ဥက္ကဌက လွှတ်တော်အမတ်တွေကို ဖြန့်ဝေပေးခဲ့တာပါ။

    အဲဒီသတင်းသုံးသပ်ချက်မှာ ဖော်ပြထားတဲ့ ရခိုင်တိုင်းရင်းသားများ၏ အခြေအနေဆိုတဲ့ က ကနေ ဈ အထိပါတဲ့အချက်တွေကို သူတို့အနေနဲ့ တချက်ခြင်းစီ ကန့်ကွက်သွားဖို့ ပါတီခေါင်းဆောင်တွေ အနေနဲ့ ဆွေးနွေး ဆုံးဖြတ်ထားတယ်လို့ RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဌလည်းဖြစ်၊ စစ်တွေမြို့ နယ် ကိုယ်စားပြု ပြည်ထောင်စု လွှတ်တော် အမတ်တဦးလည်းဖြစ်တဲ့ ဒေါက်တာ အေးမောင်က ပြောပါတယ်။

    “ကျနော်တို့က အစည်းအဝေးလုပ်ပြီး တစ်ချက်ခြင်း သဘောတူ ညှိနိုင်းထားတာတွေရှိပါတယ်။ ဒါနဲ့ပတ်သတ်လို့လည်း ကျနော်တို့ဘက်က လိုအပ်သလို ကန့်ကွက်သွားဖို့ရှိပါတယ်။နောက် မနက်ဖြန် ပြည်ထောင်စု လွှတ်တော်မှာ အဲ့ဒီ့အကြောင်းအရာ သဝဏ်လွှာကို ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ဖို့ဆိုတဲ့ အချက်လေးတစ်ခုပါပါတယ်။

    အဲ့ဒီ့အပေါ်မှာ သုံးသပ်ဆွေးနွေးသွားမှာပါ။ သဝဏ်လွှာကို မှတ်တမ်းတင်တယ်ဆိုတာကတော့ လွှတ်တော် ပြည်ထောင်စုလွှတ်တော်ရဲ့ နိုင်ငံတော်သမ္မတက ပါးတဲ့ အတိုင်းကို မှတ်တမ်းတင်ကြရပါမယ်။ ဆိုတော့ ကျနော်တို့ဆွေးနွေးမယ့်အပိုင်းလည်း ရှိလာနိုင်ပါတယ်။ ဘာလို့လည်းဆိုရင် သဝဏ်လွှာခြောက်ချက်ကတော့ ကျနော်တို့ မပြောတော့ပါဘူး။ ပူးတွဲဆိုတဲ့ ပါရှိတဲ့ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ် သတင်းသုံးသပ်ချက် မှတ်တမ်းဆိုတာလည်း အင်မတန် ကျယ်ပြန့်စွာ သုံးသပ်ထားပါတယ်။

    RNDP ဥက္ကဌ ဒေါက်တာအေးမောင်

    ဒါနဲ့ပတ်သတ်လို့ အချက်ဆယ်ချက်ပေါ့ ရခိုင်တိုင်းရင်းသားများရဲ့ အခြေအနေဆိုတာကို သုံးသပ်တာ ဆယ်ချက်ရှိပါတယ်။ အဲ့ဒီ့တချက်ခြင်းအပေါ်မှာ ပြန်လည်သုံးသပ်မှာပါ။ ဒီလိုကိစ္စမျိုးက ဆွေးနွေးခွင့်ရကောင်းပါတယ်လို့ပဲ သုံးသပ်မျော်လင့်ပါတယ်။”

    အရာရာကို သိမ်မွေ့ နူးညံ့စွာ ကိုင်တွယ်ရမယ့်အချိန်မှာ တိုင်းပြည်မှာ အမြင့်ဆုံးအာဏာ ပိုင်ဆိုင်ထားတဲ့ နိုင်ငံတော်သမ္မတရုံးအနေနဲ့ သတိထား ကိုင်တွယ်သင့်တယ် လို့လည်း ဒေါက်တာ အေးမောင်က ပြောပါတယ်။ တကယ်တော့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွါးခဲ့တဲ့ ပဋိပက္ခ တွေနဲ့ပါတ်သက်လို့   စုံစမ်းရေးကော်မရှင်ဖွဲ့စည်းပြီးမှ သမ္မတရုံး ရဲ့ သုံးသပ်ချက် ထွက်လာတာကြောင့် ကော်မရှင်ရဲ့ လုပ်ငန်းတွေကို သမ္မတရုံးက လွှမ်းမိုးလိုစိတ်ရှိ စိတ်ရှိသလား ဆိုတဲ့အချက်ကို သူ့အနေနနဲ့ သုံးသပ်တင်ပြမယ် လို့ သူက ပြောပါတယ်။

    “အဲ့လိုကာလမျိုးမှာ ဒီလိုဆယ်ချက်ကြီးများတောင်မှ တော်တော်လေး စိုးရိမ်ဖွယ်ရာ ကောင်းပါတယ်။ ပါတီတွေကို ယိုးမယ်ဖွဲ့တာ ပါသလို သံဃာထုကိုလည်း စွဲဆိုတာတွေရှိပါတယ်။ အဲ့သလိုပဲ ကုန်သည်လောက စီးပွားရေးသမားတွေအပေါ်မှာ ဘင်္ဂလီတွေရဲ့ စီးပွားရေးလုပ်ငန်းတွေပေါ်မှာ အချောင်ရယူလိုတဲ့အသုံးအနှုန်းမျိုး  စွတ်စွဲတယ် ပြစ်တင်တယ်ဆိုတာ အထောက်အထားရှိမှပဲ ဒီကာလမျိုးမှာ အင်မတန် သတိထားရတဲ့ကာလပါ။ အဲ့လို အထောက်အထား မရှိပဲနဲ့ သို့မဟုတ် အထောက်အထားရှိလို့ စွတ်စွဲတယ် ပြစ်တင်တယ်ဆိုရင်တော့ဖြင့် အထောက်အထားဆိုတာ ဘာလဲဆိုတာ ပွင့်လင်းမြင်သာတဲ့ အစိုးရလက်ထက်မှာ ချပြဖို့ လိုပါလိမ့်မယ်။

    အဲ့တာမျိုးမဟုတ်ဘဲ ၀ါးလုံးရှည်နဲ့ ရမ်းတာမျိုး ဆိုရင် သမ္မတကြီးကို ၀န်းရံနေတဲ့ အကြံပေးတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာလည်းပဲ ဒီဥစ္စာရဲ့ ရောင်ပြန်ဟာ သက်ရောက်ပါလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုရင် ခုနက ကျနော်တင်ပြခဲ့သလိုပါပဲ။ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဆိုတာကို တရားဝင်ပြည်တွင်းပြည်ပကို ကြေငြာပြီး ဖွဲ့စည်းထားပြီးပြီ။

    အဲ့နေ့တစ်ရက်တည်းမှာ ဒီလိုသုံးသပ်ချက်တွေ ထွက်တယ်ဆိုတာမျိုးကတော့ ချိန်ဆတက်တဲ့သူ သမိုင်းရဲ့အမြင် သုံးသပ်နိုင်တဲ့ပုဂ္ဂိုလ်တွေ အနာဂတ်မှာ ဖြစ်လာနိုင်ခြေ ပြီးခဲ့တဲ့ကိစ္စအပေါ်မှာ လက်ရှိ ဘယ်လိုဖြစ်နေတယ် ဘယ်လိုဖြစ်ဦးမယ် ဘယ်လိုတည်ဆောက်ရင် ကောင်းမယ်ဆိုတဲ့ ကျနော်တို့ သုံးသပ်နေတဲ့ ကဏ္ဍအပေါ်မှာ တစုံတခုလွှမ်းမိုးခြင်း သို့မဟုတ် လွှမ်းမိုးစေလိုခြင်း ရှိခဲ့မယ်ဆိုရင် သို့မဟုတ် ရှိနေတယ်ဆိုရင် တည်ဆောက်ထားတဲ့ ကဏ္ဍတစ်ခုလုံးဟာပြိုကျသွားမှာပေါ့ဗျာ။”

    လွှတ်တော်တွင်း ပေးပို့တဲ့ သဝဏ်လွှာထဲမှာတော့  ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်လို့ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းပြီးမှ သမ္မတရုံးရဲ့ သုံးသပ်ချက် ထွက်လာတာကြောင့် ကော်မရှင်ရဲ့ လုပ်ငန်းတွေကို သမ္မတရုံးက လွှမ်းမိုးလိုစိတ်ရှိသလားဆိုတဲ့အချက်ကိုပါ သူတို့အနေနဲ့ သုံးသပ် တင်ပြမယ်လို့ ဆိုပါတယ်။

    လွှတ်တော်ကို ပေးပို့တဲ့ သမ္မတရဲ့ သ၀ဏ်လွှာထဲမှာတော့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း သေဆုံးသူအရေအတွက်ကို အရင်က ၇၇ ဦးလို့ ကြေငြာထားရာကနေ ၈၇ ဦးလို့ ပြင်ဆင် ဖော်ပြထားပါတယ်။

    တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေဟာ အချုပ်အခြာ အာဏာပိုင် နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စသာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ပြဿနာတရပ်အဖြစ် ပုံဖော်ရန် ကြိုးပမ်းလုပ်ဆောင်မှုများကို မြန်မာနိုင်ငံအနေနှင့် လက်ခံမည်မဟုတ်ပဲ အဲဒီလို လုပ်ရပ်တွေဟာ ပြဿနာအတွက် အဖြေရှာရေးကို အထောက်အကူမပြုပဲ ပိုမို ရှုပ်ထွေး ခက်ခဲစေသည်လို့ သြဂုတ်လ ၂၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေငြာချက်ကို သြဂုတ်လ ၂၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာထဲမှာ ဖော်ပြထားပါတယ်။

  • ကျောက်တော်မြို့နယ်ရှိ ကျေးရွာသူတွေကို ဒေသခံ အာဏာပိုင်တွေ ခေါ်ယူစစ်ဆေး

    ကျောက်တော်မြို့နယ်ရှိ ကျေးရွာသူတွေကို ဒေသခံ အာဏာပိုင်တွေ ခေါ်ယူစစ်ဆေး

    သြဂုတ်၊၂၂၊၂၀၁၂

    RFA

    မကြာသေးခင်က ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်းရှိ ကျေးရွာတွေက အမျိုးသမီးတွေကို အခု ရက်ပိုင်းအတွင်း ဒေသခံ အာဏာပိုင်တွေက ခေါ်ယူ စစ်ဆေးနေတယ်လို့ သိရပါတယ်။

    ၂၀၁၂ ခုနှစ် သြဂုတ်လ ၆ ရက်က ကျောက်တော် မြို့နယ်တွင် ဘင်္ဂါလီ ရိုဟင်ဂျာနှင့် ရခိုင်တိုင်းရင်းသားအကြား ဖြစ်ပွားသော ပဋိပက္ခကြောင့် ကျေးရွာ မီးလောင်နေစဉ်။RFA

    ကျောက်တော်မြို့နယ်မှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာတွေအကြား ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ရွှေလှိုင်၊ ဂုတ်ဘီထောင့်၊ ရွာသစ်ကေ၊ ကျောက်ဖြူရွာသစ်၊ တောင်ဘွေ၊ ကသစ်တော စတဲ့ကျေးရွာ တွေက ရွာခံတွေကို အာဏာပိုင်တွေက စစ်ဆေးနေရာမှာ အခုအချိန်အထိ ဖမ်းဆီးခံထားရသူ ၃၀ ကျော် ရှိနေပြီလို့ ဒေသခံတွေကပြောပါတယ်။

    အခုရက်ပိုင်းတွေအတွင်း ရွာခံအမျိုးသမီးတွေကိုပါ အာဏာပိုင်တွေက စစ်ဆေးနေတာ ဖြစ်တယ်လို့ ခေါ်ယူမေးမြန်းခံရပြီး နေအိမ်ကိုပြန်လည် ရောက်ရှိလာတဲ့ ရွှေလှိုင်ရွာသူ အမျိုးသမီးတစ်ဦးက RFA ကိုပြောပါတယ်။

    ကျောက်တော်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် နေအိမ်ပေါင်း ၃၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပြီး လူဦးရေ ၃၀၀၀ ခန့် ဒုက္ခရောက်ခဲ့ရပါတယ်။ ဒါ့အပြင် စစ်တွေမြို့မှာလည်း အခုအချိန်အထိ ပဋိပက္ခတွေကြောင့် လူဦးရေပေါင်း ခြောက်သောင်းကျော်လောက် ဒုက္ခသည်စခန်းတွေကို ခိုလှုံနေရဆဲ ဖြစ်ပါတယ်။

    ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေကြရတဲ့ ဒုက္ခသည်တွေအတွက် အစိုးရက သီးခြားစခန်းတွေ ဆောက်လုပ်ကာ ပြောင်းရွှေ့ပေးနေတာ ရှိပေမယ့် မီးလောင်ခံခဲ့ရတဲ့ အိမ်ရာမြေတွေကိုတော့ ပြန်လည်ပေးအပ်ဖို့ လတ်တလော စီစဉ်ထားတာ မရှိသေးဘူးလို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေးနဲ့ မှတ်တမ်းပြုစုရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက RFA ကို ပြောပါတယ်။

  • အင်ဒို ဒု-သမ္မတဟောင်း ရခိုင်ပြည်နယ်အရေး လာရောက်လေ့လာမည်

    အင်ဒို ဒု-သမ္မတဟောင်း ရခိုင်ပြည်နယ်အရေး လာရောက်လေ့လာမည်

    သြဂုတ်၊ ၂၂၊ ၂၀၁၂

    မဇ္ဈိမ
    နယူးဒေလီ (မဇ္ဈိမ) ။       ။ အင်ဒိုနီးရှားနိုင်ငံ ဒုတိယ သမ္မတဟောင်း ဂျူဆုဖ် ကာလာ Jusuf Kalla သည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် လူထုအဖွဲ့ပဋိပက္ခများနှင့်ပတ်သက်၍ အကူအညီပေးရန် အထူးကိုယ်စားလှယ် အဖြစ် မြန်မာနိုင်ငံသို့ စက်တင်္ဘာလအတွင်း ထပ်မံလာရောက်မည် ဖြစ်သည်။

    သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို Susilo Bambang Yudhoyono ၏ တာဝန်ပေးမှုအရ ဂျူဆုဖ် ကာလာ အနေနှင့် ရခိုင်ပြည်နယ်အရေး အင်ဒိုနီးရှား ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်၍ စက်တင်္ဘာလ ၈ ရက်နေ့တွင် လာရောက်မည်ဖြစ်သည်။

    ဂျူဆုဖ် ကာလာ သည် သြဂုတ်လ ၁ဝ ရက်နေ့ကလည်း မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ရခိုင်ပြည်နယ်အရေး တွေ့ဆုံ ဆွေးနွေးခဲ့ဖူးပြီး ထိုစဉ်က OIC ၏ ကိုယ်စားလှယ်အဖြစ် လာရောက်ခဲ့ခြင်းဖြစ်ပြီး ရိုဟင်ဂျာ ဒုက္ခသည်စခန်းများသို့ OIC ၏ ‘အရေးပေါ် အကူအညီ’များ ပေးအပ်နိုင်ရန် ဆောင်ရွက်ခဲ့ဖူးသည်။

    အင်ဒိုနီးရှား ဒု-သမ္မတဟောင်း ဂျူဆုဖ်ကာလာ (wikipedia.org)

    “ပုဂ္ဂိုလ်ရေး ပဋိပက္ခ အသွင်ဖြင့် စတင်ခဲ့ပြီးနောက် နိုင်ငံရေး ပဋိပက္ခ အသွင် ဆောင်လာကာ နောက်ပိုင်းတွင် လူမျိုးရေး ပဋိပက္ခအသွင်
    ပြောင်းသွားခဲ့ပြီး (နောက်ဆုံးတွင်) ဘာသာရေး ပဋိပက္ခတခု ဖြစ်လာလိမ့်မည်” ဟု ဂျူဆုဖ် ကာလာ က ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ ၎င်း၏ ထင်မြင်ချက်ကို ရေဒီယို သြစတြေးလျသို့ပြောဆိုခဲ့သည်။

    မြန်မာ အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အင်္ဂါနေ့ ထုတ်ပြန်ချက်တွင် “ အဆိုပါ အကြမ်းဖက်မှုများမှာ မတူကွဲပြားကြ သည့် ဘာသာ(၂)ခု အကြား ဖြစ်ပွားသော ပဋိပက္ခ မဟုတ်သလို၊ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ပြဿနာ လည်း မဟုတ်ကြောင်း” ဖော်ပြပါရှိပြီး “ပြည်နယ်တစ်ခုအတွင်း လူ့အဖွဲ့အစည်း အစိတ်အပိုင်းနှစ်ရပ်အကြား ရာဇဝတ်မှု တခုကို အကြောင်းပြု၍ နောက်ဆက်တွဲ ဖြစ်ပွားသော အကြမ်းဖက်မှုများသာ ဖြစ်သည်” ဟု သုံးသပ်ထားသည်ကို ဗုဒ္ဓဟူးနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။။

    အင်ဒိုနီးရှား ကြက်ခြေနီအဖွဲ့ အပါအဝင် နိုင်ငံတကာ များနှင့် ကုလသမဂ္ဂ လူသားချင်း စာနာ အကူအညီပေးရေး အဖွဲ့များကို ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည် ၇ဝ,ဝဝဝ ခန့်အတွက် အကူအညီများ ပေးခွင့် ပြုထားသည်။

    သို့သော် ထိုသို့ နိုင်ငံတကာ INGO များနှင့် ကုလအဖွဲ့များ၏ ရခိုင်တိုင်းရင်းသားများအပေါ် ခွဲခြားဆက်ဆံမှုများနှင့် ပတ်သက်၍ ရန်ကုန်မြို့တွင် ရခိုင်တိုင်းရင်းသားများက ကန့်ကွက် ဆန္ဒပြပွဲတရပ် ပြုလုပ်ခဲ့ကြသည်။

    ရခိုင်ပြည်နယ်အတွင်းသို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယား၊ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသ မစ္စတာ ကွင်တားနား၊ တူရကီ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အာမတ်ဒါဂူတိုဂလူ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ OIC ကိုယ်စားလှယ်အဖွဲ့နှင့် အင်ဒိုနီးရှား ကြက်ခြေနီအဖွဲ့ ဥက္ကဋ္ဌ ဂျူဆုဖ် ကာလာ တို့အား အစိုးရက တရားဝင် သွားရောက်လေ့လာခွင့် ပြုခဲ့ပြီး လာရောက်ရန် အဆိုပြုထားသည့် OIC အတွင်းရေးမှူးချုပ် အားလည်း ခွင့်ပြုထားကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

  • MMSY မှ ကျမ်းမြတ် ကုရ်အာန် မြန်မာ ဘာသာပြန် Android Application အခမဲ့ ဖြန့်ချီ

    MMSY မှ ကျမ်းမြတ် ကုရ်အာန် မြန်မာ ဘာသာပြန် Android Application အခမဲ့ ဖြန့်ချီ

    သြဂုတ်၊ ၂၂ ၊၂၀၁၂

    M-Media

     

    MMSY Android Group ၏ ပရောဂျက်များထဲမှ တတိယမြောက် Project ဖြစ်တဲ့ ကျမ်းမြတ်ကုရ်အာန် မြန်မာဘာသာပြန် Android Application ကို Google Play မှာ အခမဲ့ ဖြန့်ချီလိုက်ပါတယ်။

    ကျမ်းတော်မြတ်ကုရ်အာန်ကို မြန်မာဘာသာပြန်ဖြင့် အစအဆုံး ကို Android အသုံးပြုထားတဲ့ Smart Phone အားလုံးမှာ အာရဗီ မြန်မာ ၂ ဘာသာဖြင့် ဖတ်ရှုနိုင်တော့မှာဖြစ်ပါတယ်။

    ယခု ကျမ်းတော်မြတ်ကုရ်အာန် Android Application မှာ ကျမ်းတော်မြတ်ကုရ်အာန်  ပါရှိတဲ့ ကဏ္ဍတော် (စူရဟ်) ၁၁၄ ကို ကဏ္ဍအလိုက် အလွယ်တကူ ဖတ်ရှုနိုင်အောင် ပြုလုပ်ထားခြင်းဖြစ်ပါတယ်။

     

    Screenshots

    ____________________________________________________________________________________

    မြန်မာစာ ဖောင့်ကို embedded လုပ်ထားတာကြောင့် မြန်မာစာဖောင့် မရှိရင်လဲ ဖတ်နိုင်မှာဖြစ်ပါတယ်။
    Android  4.1  မှာ  မြန်မာ unicode encoding ကို partially support လုပ်လာတော့ ဇော်ဂျီဖောင့်ထည့်ထားပေမယ့် တချို့စာသားတွေ encoding တွေ လွဲကုန်တာကြောင့် ဖောင့်ကိုတော့  လောလောဆယ် Ascii ဖောင့်ကို အသုံးပြုထားပါတယ်။
    ဖောင့်ပြောင်းရာမှ error အချို့နှင့် စာလုံးပေါင်းအမှားတချို့ကိုလဲ ပြန်လည် ပြင်ဆင်ထားပါတယ်။

    Phone များတွင်သာမကပဲ Tablet များတွင်လဲ အဆင်ပြေအောင် ပြုလုပ်ထားပါတယ်။

    Requirements

    Android 4.0(ICS) နဲ့ Jelly Beans မှာ ကောင်းကောင်း အလုပ်လုပ်ပါတယ်။

    အနည်းဆုံး 2.3 Ginger Bread လောက်ရှိရင် ပိုကောင်းပါတယ်။

    Android 2.1 မှာတော့ လုံးဝ မရပါ။ 2.2 ရမည်လို့ ခန့်မှန်းရပါသည်။

ှSura များကို run time မှာ generate လုပ်တာဖြစ်လို့ ဖုန်း processor နေးရင် page တခုနှင့် တခု အကူးတွင် နည်းနည်း ကြာနိုင်ပါတယ်။

    Apk ဖိုင်ဆိုဒ်ကတော့ 1.23Mb ပဲရှိပါတယ်။
    အဲတော့ sd ကတ်မှာပဲဖြစ်ဖြစ် ဖုန်းထဲက storage မှာပဲဖြစ်ဖြစ် စိတ်ချလက်ချ install နိုင်ပါတယ်။

     

    ရယူရန်

      Google Play မှာ install လုပ်ယူနိုင်ပါပြီ။

    Google Play ကို ပြည်တွင်းမှ Access လုပ်လို့မရသူများအတွက် APK ဖိုင် download လုပ်ရန်တွက် မကြာမီ stable ဖြစ်သွားရင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

    ( အမှားပြင်ဆင်ချက်တွေ ပြင်လိုက်ပြီး update တင်လိုက်ရင် apk download လင့်တွေ လိုက်ပြောင်းရင်ဖြင့် နဂို old version အဟောင်းတွေကို uninstall လုပ်ရမှာနဲ့ အဆင်မပြေဖြစ်မှာသောကြောင့် ဖြစ်ကြောင်း သတင်းရရှိပါသည်။)

    Google Play ကနေ install လုပ်ထားတာ ပိုပြီးလွယ်ကူ အဆင်ပြေကြောင်းနှင့်  နောက်ပိုင်း Update တွေကို အခက်အခဲမရှိ ချက်ချင်း download လုပ်ယူနိုင်မှာဖြစ်ပြီး အမြဲ latest version ကိုယ့်ဆီမှာ ရှိနေမှာဖြစ်ပါတယ်။ Stable ဖြစ်သွားတဲ့အထိ ဒီပိတ်ရက်တွေမှာ update လုပ်ပေးမည်ဖြစ်ကြောင်း သိရှိရတယ်။

    Auto Update အတွက် Google Play မှ စတင် ရယူသည့် အချိန် တွင် Allow automatic updating ဆိုတာလေး ကို အမှန်လေးချစ်ထားလိုက်ရင် အင်တာနက်ဖွင့်တာနဲ့ update ရှိတယ်ဆို အော်တိုလုပ်ပေးသွားမှာပါ။

    ___________________________________________________________________________

    Future plan

    – Bookmark များ မှတ်ချင်း၊
    – ဖတ်လက်ဆကို မှတ်ထား၍ နောက်တစ်ကြိမ်ဖွင့်လျှင် ပြန်ပြပေးခြင်း

    – Sharing [Direct Share to Facebook, Twitter etc]

    – အာရဗီ အသံထွက်

    – ဘာသာပြန် အကျယ်

    စသည်တို့ကို ဆက်လက်လုပ်ဆောင်သွားရန် ရှိကြောင်း သတင်းရရှိပါသည်။

    ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ မြန်မာဘာသာပြန်မူကိုတော့

    • သိရိပျံချီ အလ်ဟာဂ်ျ မောင်လာနာ အလ္လာမဟ် ဃာဇီ မုဟမ္မဒ်ဟာရှင်(မ်)( တာဝန်ခံဘာသာပြန်မှူး )
    •  မောင်လာနာ ကာရီ မက္ကဆူဒ် အဟ်မဒ်ခါန်း (ခ) ဆရာကြီးဦးခင်မောင်ကြီး( တွဲဘက်ဘာသာပြန်မှူး )

    စသော ပုဂ္ဂိုလ်များ ဦးဆောင်သော ဘာသာပြန်နှင့် တည်းဖြတ်စိစစ်သောအဖွဲ့ ရေးသားဘာသာပြန်သော ဘာသာပြန်(၂)အုပ်တွဲစာအုပ်မှာ ရယူပါသည်။

    MMSY လူငယ်များ စုပေါင်းပြုလုပ်ထားသော ကျမ်းတော်မြတ်ကုရ်အာန် (မြန်မာဘာသာပြန်အပါအဝင်)  Web Application ကို http://quran.mmsy.info/ တွင် သွားရောက်ပြိးလေ့လာဖတ်ရှုနိုင်ပါတယ်။

    ယခု ကျမ်းတော်မြတ်ကုရ်အာန် မြန်မာဘာသာဖြင့် Android Application တွင် အမှားအယွင်းများ ပါရှိရင်သော်လည်ကောင်း၊ အကြံပြုချက်များ ပေးပို့လျှင်ဖြင့် လည်းကောင်း [email protected] သို့ ဆက်သွယ်နိုင်ကြောင်း သိရှိရပါတယ်။