News @ M-Media

Blog

  • မမေးလည်းဖြေ(၈)- ဗလီဝတ် ကျောင်းတော်နှင့် ဝတ်တက်နှိုးဆော်သံ ဆိုတာ ဘာလဲ?

    မမေးလည်းဖြေ(၈)- ဗလီဝတ် ကျောင်းတော်နှင့် ဝတ်တက်နှိုးဆော်သံ ဆိုတာ ဘာလဲ?

    ငြိမ်းချမ်းသူ

    မေး။    ။ မွတ်စ်လင်မ်တွေရဲ့ ဗလီကျောင်းတွေထဲမှာ ဘာတွေ ရှိလဲ။ ပြီးတော့ ဗလီကနေ နေ့တိုင်း ဘာသံတွေ   အော်နေကြတာလဲ။ ဘာတွေလုပ်ကြသလဲ။ ဗလီထဲကို ဘာသာခြားတွေ ဝင်လို့ တက်လို့ရလား။

    ဖြေ။     ။
    (၁) အဓိပ္ပါယ်
    “ဗလီ”ဟာ ဟိန္ဒီစကား “ပလ္လီ” မှဆင်းသက်လာပြီး အရဗီ ဘာသာစကား လိုဆိုရင်တော့ “မ(တ်)စ်ဂျိဒ်” ဖြစ်ပါတယ်။ တိုက်ရိုက် အဓိပ္ပါယ်က တော့ “အမိန့်နာခံတဲ့ နေရာ”ပါ။ ကိုးကွယ်ရာ အနှိုင်းမဲ့ အလ္လာဟ်ကို နာခံဝတ်ပြုကိုးကွယ်တဲ့ နေရာပါ။

    (၂) ဗလီဝတ်ကျောင်းတော်ထဲမှာ
    ပင်မဝတ်ပြုဆောင်၊ အမျိုးသမီးသီးသန့်ဝတ်ပြုဆောင်၊ ဝတ်တက်နှိုးဆော်စင်(မင်နရက်)၊ ဝတ်မပြုမှီ ကိုယ်လက်သန့်စင်(ဝဿူ)ကန်၊ ကျမ်းစာနှင့် ယဉ်ကျေးလိမ္မာ စာသင်ကျောင်း၊ ဝတ်ပြု ရှေ့ဆောင် ဆရာ(အီမာန်)နှင့် နိဗ္ဗာန်ဆော်(မုအ်ဇင်) မိသားစုတို့အတွက် အိမ်(သို့)အခန်း၊ နာရေးအတွက် ထမ်းစင်နှင့် နိဗ္ဗာန်ယာဉ်(အချို့မြို့ရွာများတွင်တော့ ရန်ပုံငွေအခက်အခဲအရ မရှိပါ)တို့ ရှိကြပါတယ်။

    (၃) ဝတ်တက်နှိုးဆော်သံ
    ဝတ်တက်နှိုးဆော်စင်မှ နိဗ္ဗာန်ဆော်က ကျောင်းတော်သို့လာရောက်ဝတ်ပြုကြရန် တစ်နေ့လျှင် ငါးကြိမ် နှိုးဆော် ပါသည်။ နှိုးဆော်သံမှာ – မြတ်ရှင်အလ္လာဟ်သည် အကြီးမြတ်ဆုံး ဖြစ်ပါသည်(၄ကြိမ်)၊ မြတ်ရှင်အလ္လာဟ်မှအပ ကိုးကွယ်ရာ မရှိကြောင်း သက်သေခံပါ၏(၂ကြိမ်)၊ မုဟမ္မဒ်သခင်သည် မြတ်ရှင်အလ္လာဟ်၏ တမန်တော်ဖြစ်ကြောင်း သက်သေခံပါ၏(၂ကြိမ်)၊ ဝတ်ပြုရန် လာရောက်ကြလော့(၂ကြိမ်)၊ အောင်မြင်မှုဆီသို့ လာရောက်ကြလော့(၂ကြိမ်)၊ မြတ်ရှင်အလ္လာဟ်သည် အကြီးမြတ်ဆုံး ဖြစ်ပါသည်(၂ကြိမ်)နှင့် မြတ်ရှင် အလ္လာဟ်မှအပ ကိုးကွယ်ရာ မရှိပါ(၁ကြိမ်)တို့ဖြစ်ပါသည်။ မြို့ရွာများတွင် ၎င်းနှိုးဆော်သံ ပျံ့လွင့်ကြားရခြင်းဖြင့် မကောင်းဆိုးဝါးနှင့် မာရ်နတ်(ရှိုက်တွာန်)များရန်မှ ကင်းဝေးပြီး မင်္ဂလာအဖြာဖြာကျရောက်ကြောင်း သွန်သင်ထားပါသည်။

    (၄) ဝတ်ပြုဆောင်

    ပင်မဝတ်ပြုဆောင်တွင် တရားဟောစင်မြင့်(မင်န်ဗရ်) တစ်ခုရှိပြီး ရှေ့ဆောင်ဆရာမှ ထိုစင်မြင့်ထက်မှနေ၍ သောကြာနေ့တိုင်းနှင့် ကျန်နေ့များတွင် အခါအားလျော်စွာ တရားဟောဆုံးမစကားပြောပါသည်။ ဝတ်ပြုဆောင် များမှာ အခန်းလွတ်များဖြစ်ကြပြီး ရှေ့ဆောင်နောက်မှ လိုက်၍ လူစုလူဝေးဖြင့်ဝတ်ပြုကြရန်အတွက်ဖြစ်ပါသည်။ ဝတ်ပြုမှုမှာ ကုရ်အာန်ကျမ်းမြတ်ပါ ပါဒတော်များ ရွတ်ဖတ်သရဇ္ဇယ်ခြင်း၊ ဆုတောင်းခြင်း၊ ဂုဏ်တော်တသခြင်းနှင့် မေတ္တာပို့သခြင်းများ ကို ရပ်ခြင်း၊ ဦးညွတ်ခြင်း၊ ထိုင်ခြင်းနှင့် ဦးချခြင်းအနေအထားများဖြင့် ပြုခြင်း ဖြစ်သည်။ ပုံမှန်နေ့စဉ် ငါးကြိမ်စုဝေး ဝတ်ပြုခြင်းအပြင် ဝတ်ပြုဆောင်များတွင် တစ်ဦးချင်းအလိုက် သော်လည်းကောင်း၊ အုပ်စုလိုက်သော်လည်းကောင်း တရားဆွေးနွေးခြင်း၊ ကျမ်းစာများဖတ်ရှုခြင်း၊ ဂုဏ်တော်တသခြင်း၊ တရားဆင်ခြင်ခြင်းနှင့် တရားထိုင်ခြင်း (မုရာကဗာ)၊ ရမဒွန်ဥပုသ်လမြတ်တွင် တရားစခန်းဝင်ခြင်း(အိသိကားဖ်)တို့ကိုလည်း ပြုလုပ်ကြပါသည်။ ဝတ်ပြုဆောင်ထဲတွင် ကုရ်အာန်ကျမ်းလာ ပါဒတော်များနှင့် တမန်တော်မြတ်၏ ဆုံးမစကားများကို ချိတ်ဆွဲထားလေ့ရှိသည်။ ကုရ်အာန်ကျမ်းတော်မြတ်နှင့် ဆုံးမစာများကိုလည်း ဝတ်ပြုသူတို့ ဖတ်မှတ်နိုင်ရန် စာအုပ်ဗီရိုများဖြင့် စီစဉ်ထားပေးသည်။

    (၅) ဝတ်ကျောင်းတော်ထဲတွင်
    သာရေးနာရေးကိစ္စများဖြစ်သော သေဆုံးသူအတွက် ဝတ်ပြုဆုတောင်းပေးခြင်း၊ လူမှုအရေးကိစ္စများနှင့်ပတ်သက်ပြီး အစ္စလာမ့်ဓမ္မသတ်မှူးများမှ ဆုံးဖြတ်မှုများပေးခြင်းနှင့် စေ့စပ်ကြောင်းလမ်းထိမ်းမြားခြင်း၊ နေ့ထူးညမြတ်များနှင့် ရမဒွန်ဥပုသ်လမြတ်တွင် အလှူအတန်းများလုပ်ခြင်း စသည်တို့ကိုလည်း ပြုလုပ်ပါသည်။ အချို့ဝတ်ကျောင်းတော်များတွင် လူမှုဖွံ့ဖြိုးရေးအတွက် စာကြည့်တိုက်နှင့် ဆေးခန်းများတွဲဖက် ဖွင့်ထားခြင်း မျိုးလည်းရှိပါသည်။

    (၆) ဗလီဝတ်ကျောင်းတော်များနှင့် ဘာသာခြားညီနောင်များ

    အစ္စလာမ့်သင်ကြားမှုအရ ဟဂ်ျဘုရားဖူးရန်အတွက် သီးသန့်ဖြစ်သော ကာဘာကျောင်းတော်(မြင့်မြတ်မှုအရ သာလွန်သော်လည်း ကျန်ဝတ်ကျောင်းတော်များနည်းတူ အခန်းလွတ်ပင်ဖြစ်သည်)မှအပ ကျန်ဝတ်ကျောင်းတော်များ အားလုံးကို ဘာသာခြားညီနောင်များအနေဖြင့် ရည်ရွယ်ချက်ကောင်း(ဥပမာ- ဝတ်ကျောင်းတော်နှင့် ဝတ်ပြုမှုကို သိလို လေ့လာလိုခြင်းမျိုး)ဖြင့် ဝင်ရောက်နိုင်ပါသည်။ ဘာသာတရားတိုင်း လိုလိုတွင် ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ ထွဋ်မြတ်အဆောက်အဦးများနှင့်ပတ်သက်၍ ရိုသေမှု စည်းမျဉ်းများ ရှိကြပါသည်။ အစ္စလာမ်တွင်လည်း ဗလီဝတ်ကျောင်းတော်များနှင့်ပတ်သက်၍ ရိုသေမှုဆိုင်ရာ စည်းများ(ဥပမာ- အစ္စလာမ့်တရားတော်က သတ်မှတ်ထားသည့် ကိုယ်သန့်စင်မှုရှိခြင်း၊ ဟီရိသြတပ္ပနှင့်အညီ လုံခြုံစွာ ဝတ်ဆင်ထားခြင်း၊ အမျိုးသားနှင့် အမျိုးသမီး မရောယှက်ခြင်းစသည်တို့)ရှိပါသည်။ ထိုစည်းများကို လိုက်နာနိုင်သော ဘာသာခြားမိတ်ဆွေများအနေဖြင့် မိမိညီနောင် မွတ်စ်လင်မ်နှင့်အတူ ဝတ်ကျောင်းတော်များသို့ ဝင်ရောက်လေ့လာနိုင်ပါသည်။ တမန်တော်မြတ်မုဟမ္မဒ်သခင် သက်တော်ထင်ရှားရှိစဉ် ခရစ်ယာန် သံအဖွဲ့လာရောက်စဉ် ဂုဏ်ပေးလက်ခံတွေ့ဆုံခဲ့ပြီး တမန်တော်မြတ် ဝတ်ကျောင်းတော်ထဲသို့ ဝင်ရောက်ခွင့်ပေးခဲ့ပေသည်။ အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးဖခင် ဟိန္ဒူဘာသာဝင် ဂန္ဒီကြီးမှာ အစ္စလာမ့်အလင်းပြပုဂ္ဂိုလ်ကြီး မုဟမ္မဒ်သခင်ကို လေးစားလို့ပါဟုဆိုကာ သဖက်ပိုင်းလေးကို ပုခုံးတစ်ဖက် တင်ကာ ဗလီဝတ်ကျောင်းတော်များတွင် ရံဖန်ရံခါ လာရောက်ထိုင်နေတတ်သည်ကို သမိုင်းစိတ်ဝင်စားသူတိုင်း လေ့လာဖူးလိမ့်မည်။ ယနေ့သတင်းစာမျက်နှာများတွင်လည်း ဘာသာခြား နိုင်ငံခေါင်းဆောင်များနှင့် ဘာသာရေးခေါင်းဆောင်များ မွတ်စ်လင်မ်အများစုရှိရာ နိုင်ငံများသို့  ချစ်ကြည်ရေးခရီးလာရောက်စဉ် ဗလီ ဝတ်ကျောင်းတော်များသို့ သွားရောက်သည်ကို တွေ့နေရပေသည်။

     

    ** ဗလီဝတ်ကျောင်းဆိုတာ အသေးစိပ်ဆောင်းပါးဖတ်လိုသူများအတွက်

  • ကျနော့ဆန္ဒ ၂ပဲ ၁ပြား

    ကျနော့ဆန္ဒ ၂ပဲ ၁ပြား

    Thant Sin Phyoe

    Myanmar ON the World Map

    ကချင်ပြည်နယ်က စစ်ပွဲ ၁နှစ်ကျော်ကြာနေတာကို ကြည့်ရင်း ကျနော့စိတ်ထဲ အတွေးတစ်ခုဝင်လာတယ်။ ရခိုင်မြောက်ပိုင်းက ပဋိပက္ခပြီးသွားပြီဆိုပေမဲ့ ဒုက္ခသည်တွေပြန်လည်နေရာချထားရေးအပါအဝင် လူမျိုးရေး/နိုင်ငံသားအရေးတွေလည်း ဖြေရှင်းရတော့မယ်။ ဒီအချိန်မှာ အစိုးရထိပ်တန်းပိုင်းက စကားကို ခုတမျိုးတော်ကြာတစ်မျိုးတွေပြောနေတော့ မြန်မာမုစ်လင်မ်တစ်ယောက်အနေနဲ့ စိုးရိမ်စရာအရိပ်အယောင်တွေတွေ့လာရတယ်။

    ကချင်ပြည်နယ်မှာဆင်နွှဲနေတဲ့ ပြည်တွင်းစစ်ဆိုရင်လည်း တော်ကြာနေသမ္မတက ရပ်တန့်ခိုင်းလိုက်ပြီလို့သတင်းထွက်လိုက်၊ ပြီးတော့သိပ်မကြာဘူးစစ်တပ်ကထိုးစစ်ဆင်လိုက်၊ အဲ့ဒီနောက်တော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုပြီးလုပ်လိုက်၊ သိပ်မကြာဘူး KIA နဲ့စစ်တပ်နဲ့တိုက်ပွဲပြန်ဖြစ်လိုက်၊ လူတွေလည်းထွက်ပြေးလိုက်၊ ငြိမ်းချမ်းရေးလည်း ဆွေးနွေးလိုက်၊ သဘောတူညီမှုရသလိုလိုဖြစ်လာလိုက်၊ အရပ်သားတွေဖမ်းတဲ့အဆင့်တွေရောက်သွားလိုက်၊ ဒုက္ခသည်တွေကိုပါ ဖမ်းပြီးစစ်ဆေးမှုတွေဖြစ်လာလိုက်၊ အစိုးရဘက်က စေ့စပ်ဆွေးနွေးရေးလုပ်မယ်ဆိုပြီးအသံထွက်လာလိုက်၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဖွဲ့လိုက်၊ စစ်တပ်က သွားတိုက်လိုက်၊ အဲ့ဒီလိုနဲ့ စစ်ပွဲလည်း၁နှစ်ကျော်သွားပြီ။ ကချင်လူထုလည်း ဒုက္ခရောက်လိုက်တာမှသောက်သောက်လဲ။

    အတိုက်အခံဘက်က ဒေါ်အောင်ဆန်းစုကြည်လည်း ကချင်ပြည်နယ်တစ်ခါသွားပြီးပြီ၊ လွှတ်တော်ပြင်ပ Free activist တွေဖြစ်တဲ့ ၈၈မျိုးဆက်တွေလည်း ကချင်ပြည်နယ်ကိုသွားပြီးပြီ၊ UN ကလည်းဝင်ပြီးပြီ၊ အထောက်အပံ့တွေလည်း ပေးပို့ခွင့်ရနေတုန်း၊ လှူတဲ့လူတွေကလည်း သောင်းသောင်းဖျဖျလှူနေတုန်း၊ တိုက်ပွဲတွေကလည်းဖြစ်နေတုန်း၊ ရပ်တန့်မဲ့အရိပ်အယောင်လည်း ပျောက်ကွယ်နေတုန်း၊ သဘောတူညီမှုတစ်စုံတစ်ရာရဖို့လည်း လမ်းမမြင်ကမ်းမမြင်ဖြစ်နေတုန်း၊ အစိုးရဘက်က ဒီစစ်ပွဲနဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်းမှန်မှန်ကန်ကန်ချပြနိုင်တာတစ်ခုမှ မရှိတဲ့အနေအထားနဲ့ဇာတ်မြောနေတုန်းပါပဲ။ နိုင်ငံတကာကလည်း အော်လှပြီ၊ အစိုးရကလည်း လိုက်လျှောမလိုလိုလုပ်ပေါင်းများပြီ။ တကယ့်လက်တွေ့ကတော့ ဘာမှထူးမခြားနားပေါ့။ နောက်ဆုံးမှာတော့ ၁နှစ်ကျော်ကာလအတွင်းမှာ သတင်းဌာနတွေကို သတင်းမပြတ်ပေးနိုင်တဲ့ ပင်ရင်းကြီးတစ်ခုဖြစ်နေတုန်းပဲ။

    ရခိုင်မြောက်ပိုင်းက လူမျိုးရေးပဋိပက္ခဆိုရင်လည်း အစိုးရက အခုအထိ ဗလောင်းဗလဲအသံတွေထွက်နေတုန်းပဲ။ တချို့က UNHCR ကိုသမ္မတပြောလိုက်တဲ့ စကားကိုအပိုင်ကိုင်မယ်လို့ယူဆနေတုန်း။ ဒါပေမဲ့ ဘယ်မှာလဲ အစိုးရရဲ့အကောင်အထည်ဖော်မှု? ဒီ stateless ဖြစ်နေတဲ့ လူတွေကို မြန်မာနိုင်ငံအနေနဲ့ ဖြေကိုဖြေရှင်းရတော့မယ်။ ခေတ်အဆက်ဆက်က အစိုးရတိုင်းရဲ့ ဘာလုပ်လို့ဘာကိုင်သွားမှန်းမသိတဲ့ အနေအထားကို ကျနော်တို့ မဖြေရှင်းရင်ဘာဖြစ်မှာလဲ။ ဘင်္ဂလားဒေ့ရှ်ကလည်း သူ့နိုင်ငံမဟုတ်ဘူးအော်တယ် မြန်မာကလည်း ငါ့နိုင်ငံသားမဟုတ်ပါအော်ဆဲ။ တချို့ကလည်း Shoot on sight ဆိုတဲ့ အိန္ဒိယရဲ့ လုပ်နည်းလုပ်ဟန်ကိုအတုယူဖို့ပြောနေတုန်း။ မြန်မာအစိုးရရဲ့ အသံတွေကိုနားထောင်လိုက်ပြန်တော့လည်း ဘင်္ဂလားဒေ့ရှ်မှာ လက်ခံမယ်လို့ပြောတယ်ဆိုပြီး အသံကြားရတယ်။ တချို့က မြန်မာအစိုးရအနေနဲ့ လက်ခံမဲ့အပိုင်းကို သေသေချာချာ မထုတ်ပြန်သေးတဲ့အချက်အပေါ်မှာ အသေကိုင်ဆွဲထားတုန်းပေါ့။ နောက်ပြီး UNHCR နဲ့တွေ့တော့ ခဏထိန်းသိမ်းပေးပြီး Third Country ကိုပို့ပေးမယ်လို့ ကမ်းလှမ်းတယ်လို့ အစိုးရကြေငြာတယ်။

    ဒီနေရာမှာ ပြည်ပခိုးဝင်လာသူဆိုတာနဲ့ အစိုးရဘက်က ဂယ်ပေါက်လေးဖောက်ထားတယ်။ ရိုဟင်ဂျာမြန်မာတိုင်းရင်းသားမဟုတ်ဘူး မရှိဘူးအော်နေတဲ့ လဝကဝန်ကြီးကတော့ ကွင်တာနားရှေ့မှာ မြန်မာနိုင်ငံသား ဘင်္ဂါလီနဲ့ရခိုင်ညီအစ်ကိုတွေရန်ဖြစ်တာလို့ ပြောပြန်ရော။ ရိုဟင်ဂျာမရှိဘူးတွင်တွင်အော်ပြီး ဘင်္ဂါလီဆိုတဲ့အမည်နဲ့လက်ခံမဲ့ပုံစံဖြစ်နေတယ်။ ကွင်တာနားကိုရှင်းလင်းပြသတဲ့ သတင်းစာရှင်းလင်းပွဲမှာ အဓိကရုဏ်းနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုလာတဲ့ ကိန်းဂဏန်းတွေက ကျနော်တို့ရဲ့အသိနဲ့လွဲသွားတယ်။ ပြည်တွင်းမီဒီယာတွေအနေနဲ့ တစ်လျှောက်လုံး ရခိုင်တိုင်းရင်းသားများသာ အကြမ်းဖက်ခံရတယ်လို့ ပြောကြားပြီး အစိုးရအနေနဲ့တိတိပပမရှင်းလင်းခဲ့ချိန်မှာ အနောက်ပြည်ပမီဒီယာတွေက ဒေသခံမုစ်လင်မ်တွေသာခံရတယ်ဆိုပြီးထုတ်ပြန်နေတယ်။

    ကွင်တာနားရှေ့မှာထုတ်ပြလာတဲ့ စာရင်းဇယားတွေအရ ၂ဖက်စလုံးဟာ တစ်ဖက်ဆီမှန်နေကြတယ်။ အရေအတွက်အရ လူများစုဖြစ်တဲ့ မုစ်လင်မ်တွေအများစု ဒုက္ခသည်တွေဖြစ်နေကြတယ်။ အထူးသဖြင့် စစ်တွေမှာ ပြည်တွင်းမီဒီယာတွေအနေနဲ့ ရခိုင်တိုင်းရင်းသားများသာ အကြမ်းဖက်တိုက်ခိုက်ခံနေရကြောင်း သတင်းဓာတ်ပုံတွေဝေဝေဆာဆာပေါ်ထွက်ဖော်ပြခဲ့ပေမဲ့ စစ်တွေမှာ ဒုက္ခသည်အရေအတွက်ရော ဖျက်ဆီးခံရတဲ့ ပိုင်ဆိုင်မှု အရေအတွက်ရော မုစ်လင်မ်တွေဘက်က သိသိသာသာများနေပြန်တယ်။ မောင်းတော ဘူးသီးတောင်ဘက်မှာတော့ ဒုက္ခသည်အရေအတွက်နဲ့ ဖျက်ဆီးခံရတဲ့ပိုင်ဆိုင်မှုအရေတွက်မှာ မုစ်လင်မ်နဲ့ ရခိုင်တွေ အတူတူနီးပါးဖြစ်နေတယ်။ နောက်ဆုံးစာရင်းချုပ်လိုက်တော့ မုစ်လင်မ်ဘက်က တိုက်ခိုက်ခံရမှုပိုများတယ်လို့ ကွင်တာနားကို အစိုးရက ထုတ်ဖော်ပြောဆိုလိုက်တာပဲ။ ဒီတော့ အစိုးရမှန်သလား ပြည်တွင်းမီဒီယာတွေမှန်သလား။ ရခိုင်အရေးအခင်းဖြစ်ကတည်းက တောက်လျှောက်မှာ ပြည်တွင်းမီဒီယာတွေအနေနဲ့ ဓာတ်ပုံသတင်းထောက်တွေလွှတ်ပြီး သတင်းယူခဲ့ကြပေမဲ့ ဒီလောက်အနေအထားလို့ ခန့်မှန်းခြေမဖော်ပြခဲ့ကြပြန်ဘူး။

    မြန်မာအစိုးရအနေနဲ့ သမ္မတပြောတဲ့အတိုင်းလုပ်လို့မရဘူးလား ဘာပြဿနာရှိလဲဆိုတာကို ကျနော်စဉ်းစားကြည့်မိပါတယ်။ ခိုးဝင်လာတဲ့လူတွေပါလို့ မြန်မာပြည်ဘက်က ဘယ်လိုအချက်အလက်တွေနဲ့သတ်မှတ်မှာလဲ။ ဒီနေရာမှာစဉ်းစားရမှာက ဘင်္ဂလားဒေ့ရှ်ကလည်း မြန်မာဘက်ကပြေးလာသူတွေပါဆိုပြီး တင်ပြထားတဲ့လူစာရင်းရှိနေပြန်တယ်။ စစ်အစိုးရခေတ်ကလိုမျိုး အာဏာရှင်ခေတ်ကလိုမျိုး လှေထဲထည့်ပြီး ရေထဲမျှောလိုက်ဖို့ဆိုတာ ဒီမိုကရေစီအစိုးရအနေနဲ့ လုပ်ဖို့မဖြစ်နိုင်ဘူး။ နဂါးမင်းလို စစ်ဆင်ရေးတွေဆင်နွှဲပြီး မောင်းထုတ်မယ်ဆိုရင် ကိုယ့်တိုင်းပြည်မျက်နှာကို ကိုယ်ပြန်ပြီး အိုးမဲသုတ်သလိုမျိုးဖြစ်ရပြန်ဦးမယ်။

    လက်ရှိအနေအထားက နောက်ကြောင်းပြန်မလှည့်ဘူးဆိုထားလေတော့ နိုင်ငံတကာမှာ မျက်နှာမပျက်ဖို့က အရေးကိစ္စတစ်ခုဖြစ်နေရပြန်တယ်။ International Relation ဆိုတာ သင်ဖူးတဲ့လူတွေပိုသိပါတယ်။ ဥပမာ ၈၈ခေါင်းဆောင် ဦးကိုကိုကြီးတို့လိုပေါ့။ ကိုယ့် Emotional နဲ့ ကိုယ့်စိတ်တိုင်းကျလုပ်လို့မရဘူးလေ။ တိုင်းပြည်ကိုတိုးတက်ချင်တာကိုး။ အရင်ကလိုမျိုး ကျန်တဲ့နိုင်ငံတွေဘယ်လိုပိတ်ပိတ် တရုတ်နဲ့အဆင်ပြေပြေ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးလုပ်ပြီး အစစအရာရာတရုတ်ပြည်ကြီးမှီခိုပြီးနေလာတာ တိုင်းပြည်လည်း ချွတ်ခြုံကျနေပြီဆိုတော့ IR ကအရေးပါလာပြီကိုး။ တကယ်တော့ အရင်အစိုးရအဆက်ဆက်က ပြဿနာကို ကျေကျေလည်လည်မဖြေရှင်းတဲ့အကျိုးဆက်ရယ် ဝန်ထမ်းတွေခြစားခဲ့တဲ့အကျိုးဆက်ရယ်ပေါ့။ ဖြစ်သမျှအကြောင်း ခေါင်ကိုရှာတော့ အစိုးရပဲ။ တိုင်းပြည်အုပ်ချုပ်သူအစိုးရအနေနဲ့ စစ်မှန်တဲ့ နည်းလမ်းကိုရွေးနိုင်မှတော်ရာကျတော့မယ်လေ။ ခုစာကလေးကြော် ခုဆီထမင်းပြောပြောပြီး တကယ်တမ်းလက်တွေ့မဖြေရှင်းပဲနေလို့မရတော့ဘူး။

    လူတွေမမြင်ရတဲ့အကျိုးဆက်အနေနဲ့ တိုင်းပြည်ပဲ နာမည်ပျက်ပြီး ထိခိုက်နစ်နာနေမှာ။ ဒီတော့ အစိုးရအနေနဲ့ ဘာလုပ်မှာလဲ သေသေချာချာ ပွင့်လင်းသင့်ပြီလို့ထင်တယ်။ မြန်မာနိုင်ငံမှာ နိုင်ငံသား အသိအမှတ်ပြုစိစစ်ရေးကဒ်ပြားဆိုရင် ကတ်ထူစက္ကူနဲ့ထုတ်ပေးထားတယ်။ အထူးသဖြင့် မြန်မာနိုင်ငံအနေနဲ့ လဝကစနစ်မှာ ကွန်ပြူတာဘေ့စ် fully မဖြစ်သေးဘူး။ အစိုးရအနေနဲ့ ဘယ်လိုပုံစံနဲ့လူတွေကို နိုင်ငံသားခွင့်ပြုမယ်ဆိုတာမျိုး ထုတ်ပြောပေမဲ့ တကယ်တမ်းလုပ်ဆောင်မှုက သုည။ ဒါ့အပြင် အထောက်အထားဆိုတာ အခုနကပြောသလို နိုင်ကဒ်တောင်ကတ်ထူစက္ကူဆိုတော့ အဲ့ဒီအထောက်အထားတွေကရော မပျက်ဆီးနိုင်တာတွေမှ မဟုတ်တာကိုး။ ပြောရရင် တစ်ဖက်ကထောက်ကွက်တွေအများကြီးရယ်။ အစိုးရအနေနဲ့ UN နဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေရှေ့မှာ Working Smart ဖြစ်ဖို့တကယ်လိုသလို လုပ်ကိုင်ဆောင်ရွက်ရာမှာလည်း မှန်မှန်ကန်ကန်လုပ်ဖို့လိုတယ်။

    မြန်မာမုစ်လင်မ်တစ်ယောက်အနေနဲ့ ရခိုင်မြောက်ပိုင်း လူမျိုးရေးမှာလုံးဝဝင်မရေးခဲ့ဘူး။ အခုတော့ ဝင်ရေးရတာလည်းအကြောင်းရှိတယ်။ လက်ရှိဖြစ်ပွါးနေတဲ့ အခြေအနေတွေရဲ့ effect ကို မြန်မာမုစ်လင်မ်တွေရှောင်လွှဲလို့မရအောင် ဆွဲထည့်နေကြပြီ။ ဒီအနေအထားမှာ အစိုးရအနေနဲ့ ဘယ်လိုလုပ်သင့်တယ်ဆိုတာကိုပဲပြောချင်တယ်။ တကယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်အစိုးရ မြန်မာအစိုးရ UNHCR လိုမျိုး သုံးပွင့်ဆိုင်ဆွေးနွေးပွဲတစ်ခုလိုကိုလိုအပ်တယ်။ ဒီကိစ္စဖြစ်ပြီးမှ ဘင်္ဂလားဒေ့ရှ်နဲ့တစ်ကြိမ် UNHCR နဲ့တစ်ကြိမ်အစိုးရဘက်ကတွေ့ဆုံပြီးပြီ ဆိုပေမဲ့ တိကျတဲ့အဖြေတစ်ခုအတွက် ဒီသုံးဖွဲ့အကြေအလည်ဆွေးနွေးသင့်တယ်။ ဘာ့ကြောင့် ဒီလိုပြောသလဲဆိုတော့ ဘင်္ဂလားဒေ့ရှ်က သူ့ဘက်မှာ ဒုက္ခသည်စခန်းဖွင့်ပြီးလက်ခံထားတဲ့လူတွေကို မြန်မာပြည်ထဲ ပြန်ပို့ချင်နေတယ်။ မြန်မာကလည်း မိမိဘက်မှာအထောက်အထားမပြည့်စုံသူတွေစိစစ်ပြီး ဘင်္ဂလားဒေ့ရှ်ကိုပြန်မောင်းထုတ်ချင်နေတယ်။ UNHCR က ဒီ stateless people တွေကို လူ့အခွင့်အရေးနဲ့အညီ State တစ်ခုခုဖြစ်စေချင်နေတယ်။ ဒီတော့ နည်းမှန်လမ်းမှန်နဲ့ ၃ဖွဲ့စလုံးမျက်နှာချင်းဆိုင်ဆွေးနွေးဖို့ လိုအပ်တယ်။ ဒါမှသာ မြန်မာအစိုးရအနေနဲ့လည်း နည်းမှန်လမ်းမှန်နဲ့ ချဉ်းကပ်ဆွေးနွေးအဖြေရှာတယ်ဆိုပြီး နိုင်ငံတကာမျက်နှာစာမှာ လက်မထောင်နိုင်မယ်။ ဒီအဖြစ်အပျက်မှာကြည့်ရင် နိုင်ငံတကာက မြန်မာကိုပဲဖိအားပေးပြီး ဘင်္ဂလားဒေ့ရှ်ကို ဖိအားမပေးတာကိုက မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာနဲ့ဆက်ဆံဆွေးနွေး အဖြေရှာဖို့ လိုအပ်နေတယ်ဆိုတာ ဖော်ပြတယ်။

    ကျနော်ပြောချင်တာကတော့ အစိုးရအနေနဲ့ အားလုံးကိုဘူးခံပြီးငြင်းနေလို့လည်းအလုပ်မဖြစ်သလို ဖြစ်သမျှအကြောင်း ခေါင်းခံဖြေရှင်းပေးဖို့ဆိုတာလည်းမဖြစ်နိုင်ဘူး။ ဒီတော့ အဆိုပါလူတွေအတွက် နိုင်ငံတကာမှာ မျက်နှာကောင်းကောင်းနဲ့ ဖြေရှင်းသူအစိုးရဖြစ်ဖို့လိုအပ်တယ်လို့ယူဆတယ်။ ဒီလိုမလုပ်ပဲ ကချင်အရေးမှာလို လက်ရှိ ရိုဟင်ဂျာအရေးမှာ အစိုးရဘက်က အသံထွက်ပြသလို ခုတမျိုးတော်ကြာတမျိုးအသံမျိုးစုံထွက်ပြတာကလွဲလို့ ဘာမှမယ်မယ်ရရအကောင်အထည်မဖော်ရင် တိုင်းပြည်ပဲနစ်နာလို့ပါ။

    အကယ်လို့ အစိုးရအနေနဲ့အပေါ်မှာပြောထားတဲ့ပုံစံမျိုးသာ မိမိဘက်က လက်ခံရမဲ့လူအနေအထားစတာတွေသေချာအောင် လုပ်ပြီးပြီဆိုရင်တော့ ပထမဆုံးကိုင်တွယ်ရမှာ Rule of Law ပဲ။ အရေးအခင်းပြီးကတည်းက အရေးအခင်းနဲ့ဆက်သွယ်ဖမ်းဆီးထားသူတွေကို ထိုက်တန်တဲ့ပြစ်ဒါဏ်ချမှတ်သင့်တယ်။ လူမျိုးဘာသာ တစ်ခုမှမကြည့်ပဲ Rule of Law ကိုတိတိကျကျမှန်မှန်ကန်ကန်နဲ့ကိုင်တွယ်ဖို့လိုတယ်။ ပြောမဲ့သာပြောတာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးက လူထုယုံကြည်မှုသုညနဲ့ နိုင်ငံတကာလက်ခံမှုဇီးရိုးဖြစ်နေတယ်။ အဓိကရုဏ်းဖြစ်ခါစမှာ ဦးမင်းကိုနိုင်ပြောတာလေးကို မှတ်မိကြမယ်ထင်ပါတယ်။ ဒီအဓိကရုဏ်းရဲ့ မူလအခြေခံအရင်းအမြစ်ကိုက တရားစီရင်မှုအပေါ်လူထုအယုံအကြည်ပျက်ယွင်းမှုပဲ။ အခုအထိတောင် တောင်ကုတ်မှာအကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုအတွက် အရေးယူမှု တရားဥပဒေအရစီရင်ဆုံးဖြတ်နိုင်မှုမရှိသေးဘူး။

    ဒီတော့ ပြည်တွင်းမှာတည်ငြိမ်ဖို့အတွက်ကတော့ ရခိုင်ဒေသရယ်မှမဟုတ်ပဲ တစ်တိုင်းတစ်ပြည်လုံး တရားစီရင်ရေးမှာ မျှမျှတတနဲ့ ပွင့်ပွင့်လင်းလင်းရှိဖို့ လိုအပ်တယ်။ ဒီအချက်ရဲ့အရေးကြီးမှုက ထိပ်ဆုံးပဲ။ တရားစီရင်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအပေါ်မှာ လူထုယုံကြည်မှုကိုတော့ အစိုးရနဲ့လွှတ်တော်ကသေသေချာချာတည်ဆောက်သင့်တယ်။ တရားစီရင်ရေးမဏ္ဍိုင်ကိုလည်း အုပ်ချုပ်ရေးမဏ္ဍိုင်အောက်ကနေ အမြန်ဆုံးထုတ်ပစ်ပြီး သူ့ဘာသာသူ သီးသန့် ရပ်တည်တဲ့ နိုင်ငံ့ ဒေါက်တိုင်ကြီးအဖြစ် သေသေချာချာဆောင်ရွက်ရမယ်။ တရားဥပဒေတွေကိုလည်း ပွင့်လင်းမြင်သာမှုရှိအောင် လွှတ်တော်ဘက်ကဆောင်ရွက်ပေးရမယ်။

    ကဲ။ နိုင်ငံတကာစာမျက်နှာကိုကြည့်ပြီးရင် ပြည်တွင်းက ရခိုင်ညီအစ်ကိုတွေကိုလည်းကြည့်ရတော့မယ်။ လောလောဆယ်ကမှ ပြဿနာကြီးကြီးမားမားဖြစ်ထားတဲ့ ရခိုင်တွေအနေနဲ့ ဒီလူတွေကို ဘယ်လိုမျိုးထားကြမှာလဲ။ နေ့လယ်ကပဲ ရခိုင်လူမျိုး မိတ်ဆွေတစ်ဦးပို့တဲ့စာမှာ ရခိုင်လူမျိုးတွေအနေနဲ့ ဘယ်လောက်ပဲ လစ်ဘရယ်ကျတယ်ပြောပြော ပြဿနာဖြစ်နိုင်တဲ့ အနေအထားမှာ မနေလိုဘူးဆိုတာမျိုးဖြစ်နေတာကိုတွေ့မိနေတုန်းပဲ။ ဒါ့အပြင် လူဦးရေတိုးပွါးနှုန်းဆိုတာမျိုးကလည်း သူတို့စိတ်ထဲမှာ ကြီးကြီးမားမားနဲ့ တွေဝေစေတဲ့အချက်ပဲ။ ဒီအချက်က ပိုပြီးကိုင်တွယ်ဖြေရှင်းရခက်တယ်။ တကယ်တော့ ဘာသာရေးဆိုင်ရာမတူညီမှုအပေါ်မှာ အမုန်းပွါးမှုတွေများပြားနေတာရယ် ဘာသာရေးအသုံးချသူတွေရယ်အတွက် နိုင်ငံတော်ဘက်က လိုအပ်တဲ့ဆောင်ရွက်မှုတွေလုပ်နိုင်တယ်။ ကျနော့မိတ်ဆွေတစ်ယောက်ကပြောတယ် မုစ်လင်မ်တွေ မိန်းမ၄ယောက်မယူလို့မရဘူးလားတဲ့။ အဲ့ဒီလိုအနေအထားမျိုးတွေအထိဖြစ်နေတာ မြင်ရတော့ စိတ်မကောင်းဘူး။ ကမ္ဘာပေါ်မှာ မိန်းမတစ်ယောက်ထက်ပိုမယူရဆိုပြီး ပြဌာန်းထားတဲ့နိုင်ငံတွေမှာ မုစ်လင်မ်တွေနေနေကြတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း မယားပြိုင်ယူခြင်းကို တားဆီးခွင့်ဥပဒေလိုမျိုးထုတ်ပြန်ပြဌာန်းလို့ရတယ်လို့ ကျနော်တော့မြင်တယ်။ မုစ်လင်မ်တစ်ယောက်အနေနဲ့ မယားပြိုင်မယူရလို့ ငရဲကြီးတယ်လို့မှမရှိတာ။

    ဒီ case ဟာလုံးဝပြဿနာမဟုတ်ဘူးလို့ မုစ်လင်မ်တစ်ယောက်အနေနဲ့ မြင်တယ်။ ဒါပေမဲ့ မုစ်လင်မ်တွေသာ မယားပြိုင်ယူ ခွင့်မရှိဆိုတဲ့ ဥပဒေမျိုးမဟုတ်ဖို့တော့လိုတယ်။ အလားတူပဲ မွေးဖွားနှုံးထိန်းချုပ်ခြင်းဆိုတဲ့အပေါ်မှာလည်း ဆွေးနွေးဖြစ်တယ်။ လူမျိုးတစ်မျိုး ဘာသာတစ်ခု ဆိုပြီးခွဲခြားပြဌာန်းရင်တော့ ပြဿနာရှိလိမ့်မယ်လို့မြင်မိတယ်။ တစ်နိုင်ငံလုံး မိသားတစ်စု ခလေးဘယ်နှယောက်ဆိုတာမျိုး ပြဌာန်းနိုင်တာပဲ။ အစ္စလာမ်ဘာသာမှာ မွေးဖွားနှုန်းထိန်းချုပ်ခြင်းခွင့်မပြုဆိုတာ ဘယ်သူကစပြောလဲတော့မသိဘူး ဒါပေမဲ့ ခွင့်ပြုတယ်လို့ ကျနော်တော့သိတယ်။ အစ္စလာမ်ဘာသာအရ မွေးဖွားနှုံးထိန်းချုပ်ခြင်းကို ခွင့်ပြုတယ် ဘယ်လိုဘယ်ပုံခွင့်ပြုတယ်ဆိုတာတော့ ဘာသာရေးပညာရှင်တွေက ပိုသေချာမှာမို့လို့ ကျနော်ဒီနေရာမှာ မဆွေးနွေးလိုဘူး။ ယေဘုယျပြောရရင် မွေးဖွားနှုန်းထိန်းချုပ်ရာမှာ မိဘ၂ပါးရဲ့ ကျန်းမာရေးကို မထိခိုက်ဖို့လိုအပ်တယ်လို့ပြောရင် အဆင်ပြေလိမ့်မယ်။

    ကချင်ပြည်နယ်ရဲ့ အေးချမ်းမှုမရနိုင်သေးတာကိုကြည့်ရင်း ကျနော်အပေါ်မှာတောက်လျှောက်ရေးတာတွေကိုပြန်ဖတ်ရင်း ကျနော်အရမ်းပဲ စိတ်ကူးယဉ်ဆန်နေပြီလားလို့တော့ တွေးမိပါတယ်။ ဒါပေမဲ့ဗျာ ကျနော်တို့နိုင်ငံ အေးချမ်းသာယာပြီး ဖွင့်ဖြိုးတိုးတက်လာတာကို မြင်ချင်လှပါပြီ။ ဒီတော့အစိုးရအနေနဲ့ လွှတ်တော်အနေနဲ့ ဆောင်ရွက်ပေးစေချင်ပါတယ်။

    ကိုသန့်စင်ဖြိုး ရေးသည့် ပိုစ်ကို ခွင်ပြုချက်တောင်းခံပြီး ဖော်ပြခြင်းဖြစ်ပါသည်။

  • နားမလည်ဘဲ အသာကြည့်နေစမ်းပါ (သရော်စာ)

    နားမလည်ဘဲ အသာကြည့်နေစမ်းပါ (သရော်စာ)

    မျိုးတင့်သန်း

    ကျနော်တို့တစ်တွေ အာဆင်နယ်ကို ကြိုက်တာ ဘယ်လိုကြိုက်မှန်းမသိဘူး၊ ဖလားတွေရရ မရရ၊ နိုင်နိုင်နိုင် မနိုင်နိုင် အားပေးရတာအမော။
    အာဆင်နယ် ပွဲများဆို မမောနိုင် မပမ်းနိုင် အိပ်ရေးအပျက်ခံပြီးလည်းအားပေးရတာပဲ။
    ဒါပေမဲ့ မန်ယူ၊ ချယ်ဆီး၊ အခု မန်စီးတီး တို့နဲ့များတွေ့ရင် အားမလိုအားမရ နှလုံးရောဂါရမဲ့အနေအထား။
    ကိုယ့်ဖက် တစ်ဂိုးလောက် အသွင်းခံလိုက်ရရင် အတူကြည့်တဲ့ မိတ်ဆွေတွေကို

    ” ကြည့်နေပါ ဒါ ဝင်းဂါး က အသာ လွှတ်ပေးထားတာ ”

    နှစ်ဂိုးလောက် အသွင်းခံရရင်

    ” ဒါ အသာထိုးကြွေးထားတာ၊ ဝင်းဂါးက ဆရာကြီးပဲ မယုံရင်ကြည့် ဒုတိယပိုင်း ဘယ်ကောင်ကို ဘယ်ကောင်နဲ့လူစားလဲပြီး ဘယ်ဗျူဟာဟနေ ဘယ်ဗျူဟာကိုပြောင်းလိမ့်မယ် ကြည့် ကြည့် ”

    ကိုယ်သိသလောက်တတ်သလောက်နဲ့ သူ့ကို ပုဂ္ဂိုလ်ရေးလေးစားမှူအစွဲနဲ့ ထောက်ခံအားပေးကျားကန်ထားရတာ။
    ဒုတိယပိုင်း ကိုယ်ကတစ်ဂိုးမျှမသွင်းနိုင်တဲ့အပြင် တတိယဂိုးပါအသွင်းခံရတော့

    ” ဟာ ဝင်းဂါး ဘာလုပ်တာလဲ? ”

    ဒါပဲကိုယ်ကပြောနိုင်စွမ်းရှိတာကိုး။

    ပွဲပြီးတော့လည်း အရှုံးပဲ၊ကိုယ်လည်း စိတ်မကောင်းချင်းကြီးစွာ အားမလိုအားမရနဲ့ခြေကုန်လက်ပမ်းကိုကျလို့။
    ကိုယ်ကပရိတ်သတ်လေ ကိုယ့်အသံဝင်းဂါးကြားတာမှတ်လို့ကြားကော သူကလုပ်မှာမို့လား ?
    ကိုယ်ကဘာမို့လို့? သူကဆရာကြီးလေ.. ပွဲကအရှုံးနဲ့အဆုံးသတ်သွားပြီလေ။

    ကိုယ်ကပရိတ်သတ်ဆိုတော့ ကိုယ့်အသင်းပဲနိုင်စေ့ချင်တာပေါ့။
    အေးလေသူလည်း သူ့အခက်အခဲနဲ့သူပဲလို့ အားမလိုအားမရကြားက ”ဝင်းဂါး” ကို နားလည်ပေးဖြည့်တွေးပေးခဲ့ရတာလဲကြာပါပြီ။
    မချင့်မရဲနဲ့ နှလုံးရောဂါရဖို့များတယ်။
    ဒါပေမဲ့ ရှုံးပွဲဆက်ရ ဖလားလက်မဲ့ နှစ်ပေါင်းများလည်း ကိုယ်တို့တွေက ဖလားရတဲ့အသင်း၊ အောင်ပွဲဆင်တဲ့အသင်း ပြောင်းပြီးအားမပေးပါဘူး။
    ဘာကြောင့်လဲဆိုတော့ ”ဝင်းဂါး” ဦးဆောင်တဲ့ ”အာဆင်နယ်” ဆိုတဲ့အသင်းကို နှလုံးသားထဲက ကိုမြတ်မြတ်နိုးနိုး စွဲလမ်းတာလေ၊
    တိုနီအဒမ်၊ ဆီးမင်း၊ဘားကင့်အနားယူ၊ပီရက်၊ ဝီးတော့ဒ်၊လွန်းဘတ်၊ကိုးလ်၊ဖလာမင်နီ၊အွန်နရီ၊နောက်ဆုံး
    ဖာဘရီဂတ်စ် တို့အသင်းပြောင်းလည်း ” ဝင်းဂါး ” ဦးဆောင်တဲ့ ” အာဆင်နယ် ” ကို မြတ်နိုး စွဲလမ်းနှစ်သက်စွာဖြင့်အားပေးမြဲပဲ။

    အေး ” ဝင်းဂါး ” မရှိတော့ရင်တော့ ကိုယ့်စိတ် အာမ မခံနိုင်ဘူးဟေ့။

    အခု မြန်မာပြည်က ”အာဆင်နယ် ” ကိုလည်း ကြည့်နေပါ မကြာခင် ”ဝင်းဂါး” ဘယ်လိုလုပ်ပြစ်မှာ ”နားမလည်ဘဲအသာ ကြည့်နေစမ်းပါ၊ ကြည့်နေစမ်းပါ’‘ လို့ကိုယ့်ကိုယ်ကို အားတင်းရင်း အားပေးနေဆဲ။

  • ကိုမြအေး ရေးသားသည့် မိုးကောင်းကင်၌ တိမ်တိုက်များ စာအုပ်ထွက်ရှိ

    ကိုမြအေး ရေးသားသည့် မိုးကောင်းကင်၌ တိမ်တိုက်များ စာအုပ်ထွက်ရှိ

    သြဂုတ်၊၃ ရက်၊၂၀၁၂

    ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော ကိုမြအေး ရေးသားသည့် မိုးကောင်းကင်၌တိမ်တိုက်များ စာအုပ် စတင်မိတ်ဆက်ဖြန့်ချိခြင်းနှင့်အမှတ်တရ လက်မှတ်ရေးထိုးပွဲကို ယနေ့(၃၊၈၊၂ဝ၁၂)နေ့ နေ့ခင်း ၁၁ နာရီတွင် ရန်ကုန်မြို့မြေနီကုန်းရှိ ဒဂုန်စင်တာ 2 စတုတ္ထထပ်၌ ကျင်းပခဲ့ပါသည်။

    ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး စာအုပ်ဝယ်ယူသူများကို အမှတ်တရ လက်မှတ်ထိုးပေးစဉ် (ဓါတ်ပုံ-88 Generation Students FB)

    ဒီစာအုပ် ရေးသားထုတ်ဝေရတာဟာ မိသားစုဘ၀အတွင်းက လေးစား တန်ဖိုးထားစရာတွေကို သိမြင်တတ်စေဖို့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်လို့ ကိုမြအေးက RFA နဲ့တွေ့ဆုံခန်းပြုလုပ်ခဲ့သည့် အချိန်က ပြောကြားခဲ့သည်။

    “ဒီဝတ္ထုရဲ့ အတွေးကို ဟိုလွန်ခဲ့တဲ့ ၁၅ နှစ် ကျွန်တော်ထောင်ထဲမှာ နေစဉ်တုန်းက ရခဲ့တယ်။ အဲတုန်းက ထောင်ထဲမှာက ကျွန်တော်တို့ လွတ်လွတ်လပ်လပ် မရှိဘူးလေ။ စာဖတ်ခွင့်၊ စာရေးခွင့် ဆိုတာလည်း မရှိဘူး။ အပြင်ထွက်ရတဲ့ ရေချိုးဆင်းတဲ့ အချိန် တစ်နာရီ လောက်ဆိုတာပဲ ရှိတာပေါ့။ ကျန်တဲ့ ၂၃ နာရီက ကျွန်တော်တို့က အခန်းထဲမှာပဲ လူ သုံး လေး ငါးယောက် နေရတာဆိုတော့ ဇာတ်လမ်းတွေ ပြောကြတယ်ဗျာ။ အဲပေါ်မှာ အဲဒီဝတ္ထုလေးတွေ တွေးပေါ့ဗျာ။ အဲဒါလေးကို စခဲ့တယ်။ လွိုင်ကော်ထောင်မှာ အကြမ်းရေးဖြစ်တယ်။ တောင်ကြီးထောင်မှာ ကျွန်တော် အချောသတ်တာပေါ့။ အဓိကက ကျွန်တော် နိုင်ငံရေး လုပ်တာက ဆင်းရဲသားတွေ အတွက်ကို ကျွန်တော် လုပ်တယ်ဗျာ။ အဲဒီအပေါ်မှာ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ လူတိုင်း လူတိုင်းမှာ မိသားစုဘဝလေး တစ်ခုကို ပိုင်ဆိုင်ချင်ကြတယ်ဗျာ။ အဲဒီ မိသားစုဘဝလေး တစ်ခုကို ရှိနေတဲ့သူတွေက မြတ်နိုးရကောင်းမှန်း၊ တန်ဖိုးထားရကောင်းမှန်း ဆိုတာ မသိဘူးပေါ့နော။ အဲတော့ တစ်ခုခုကြောင့် ပြိုလဲသွားပြီဆိုရင် မိသားစုဘဝလေးက ပြန်ပြီး အစားထိုးနိုင်ဖို့ အရမ်းခက်တယ်”

    မကြာသေးမီးကပဲ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ နောက်ကြည့်မှန် ဆိုတဲ့ ရှစ်လေးလုံး သမိုင်းနောက်ခံနဲ့ လုံးချင်း အချစ်ဝတ္တု ထွက်ပေါ်လာခဲ့ပြီး ရုပ်ရှင် ရိုက်ဖို့ အထိဖြစ်လာခဲ့ပါတယ်။ ဒီအရင်ကလည်း ကိုဂျင်မီရဲ့ အနုပညာ လက်ရာ ထွက်ခဲ့ဖူးပါသေးတယ်။

    ကိုပြုံးချို ရေးဆွဲပေးထားသော ကိုမြအေးရဲ့ စာအုပ်မျက်နှာဖုံး
    (ဓါတ်ပုံ ကိုမြအေး FB)

    ကျောင်းသားခေါင်းဆောင်တွေဟာ အနုပညာဝါသနာ ပါသူတွေလည်းဖြစ်ပါတယ်။ အခု ကိုမြအေးရဲ့ စာအုပ် မျက်နှာဖုံး ပန်းချီ ကိုတော့ ကိုပြုံးချိုက ရေးဆွဲပေးထားတာဖြစ်ပါတယ်။

    ကိုမြအေးနဲ့ပတ်သက်ပြီး စပယ်ဖြူ မဂ္ဂဇင်း က ပြောထားတာကတော့ “ကိုမြအေးက စာတွေ ကဗျာတွေ အများကြီးရေးဖူးပါတယ်.. ထောင်ကျစဉ် အတွင်းမှာပါ…သီချင်းတွေလည်း ရေးခဲ့ဖူးပါတယ်.. ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက အနုပညာကိုလည်း ၀ါသနာပါပါတယ်.. ကိုပြုံးချိုရဲ့ ကာဗာ ပန်းချီလက်ရာလေးကိုပါ ချီးမွမ်းကြပါစို့ ” လို့ ဆိုထားပါတယ်။

  • ကိုဖြိုးဝေအောင် လွှတ်မြောက်

    ကိုဖြိုးဝေအောင် လွှတ်မြောက်

    နော်နိုရင်း၊ ၀၃ သြဂုတ် ၂၀၁၂
    DVB၂၀၁၀ ခုနှစ် ရန်ကုန်သင်္ကြန်မဏ္ဍပ် ဗုံးခွဲမှုနဲ့ စွပ်စွဲခံရပြီး သေဒဏ် ချမှတ်ခံရသူ နိုင်ငံရေးအကျဉ်းသား ကိုဖြိုးဝေအောင်ကို ကို ပုဒ်မ ၄၀၁ နဲ့ ဒီနေ့ခင်းမှာ လွတ်ပေးလိုက်တယ်လို့ ကိုဖြိုးဝေအောင်ရဲ့ဇနီးမဌေးဌေးက အတည်ပြုပြောဆိုပါတယ်။

    ကိုဖြိုးဝေအောင်ဟာ လက်ရှိ ကင်ဆာရောဂါဝေသနာကြောင့် အောက်ပိုင်းသေသွားပြီး အင်းစိန်ပြည်သူ့ ဆေးရုံမှာကုသမှုခံယူနေရပါတယ်။သူ့ကို လွှတ်ပေးတဲ့အကြောင်း အင်းစိန်ထောင်အာဏာပိုင်တွေက ဆေးရုံမှာ လာရောက် ဖတ်ကြားပေးသွားသလို ဆေးရုံဆင်းခွင့်လက်မှတ်လည်း ဆရာဝန်က ထုတ်ပေးထားပြီးဖြစ်တယ်လို့ မဌေးဌေးက ပြောပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့က ကိုဖြိုးဝေအောင်ကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့် အရေးကိုယ်စားလှယ် မစ္စတာကင်တာနားက ဆေးရုံမျာ တွေ့ဆုံသွားခဲ့ပြီး နောက် ၄ ရက်အကြာမှာ ပြန်လွတ်လာတာဖြစ်ပါတယ်။

    တရားရုံးက ကိုဖြိုးဝေအောင်ကို သေဒဏ်ချမှတ်ခံရတဲ့အပေါ် မစ္စတာကင်တားနားက မြန်မာ့ တရားစီရင်ရေးကို ဝေဖန်ခဲ့ဖူးပါတယ်။ ဒီသေဒဏ်ကိုချမှတ် ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး မှာ မလွတ်လပ်သလို လူ့အခွင့်အေ၇းစံနှုန်း တွေနဲ့မကိုက် ညီဘူးဆိုတာ ပြသတာပဲလို့ ထောက်ပြခဲ့ဖူး ပါတယ်။ ကိုဖြိုးဝေအောင်လွှတ်မြောက်ရေးအတွက်လည်း နိုင်ငံတကာအဖွဲ့တွေက တောင်းဆိုခဲ့ကြပါတယ်။