News @ M-Media

Blog

  • ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    အောက်တိုဘာ ၈၊ ၂၀၂၀
    M-Media

    ပြင်သစ်ဘောလုံးလောကတွင် ဂျီရူး သမိုင်းသစ်ရေး

    ယူကရိန်းကို ၇ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ မနေ့က ခြေစမ်းပွဲမှာ ၂ ဂိုးသွင်းပေးခဲ့တဲ့ တိုက်စစ်မှူး အိုလီဗီယာဂျီရူးဟာ ပြင်သစ်ဘောလုံးသမိုင်းမှာ ၄၂ ဂိုးနဲ့ ဒုတိယဂိုးအများဆုံးသွင်းတဲ့ ကစားသမား ဖြစ်လာပါတယ်။

    ဒီပွဲဟာ ဂျီရူးရဲ့ နိုင်ငံပွဲ ၁၀၀ မြောက်ဖြစ်ပါတယ်။ ပြင်သစ်ဘောလုံးသမိုင်းမှာ ဂိုးအများဆုံးသွင်းထားသူက အာဆင်နယ်တိုက်စစ်မှူးဟောင်း သီယာရီအွန်နရီဖြစ်ပြီး ၅၁ ဂိုး သွင်းယူထားတာပါ။ တတိယနေရာမှာတော့ ယူအီးအက်ဖ်အေဥက္ကဌဟောင်း ပလာတီနီ ရှိနေပါတယ်။

    ဇာဟာအား လူမျိုးရေးခွဲခြားသည့် လူငယ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီး

    ခရစ္စတယ်ပဲလေ့စ်တိုက်စစ်မှူး ဝီလ်ဖရိုင်းဇာဟာကို လူမျိုးရေးခွဲခြားတဲ့ မက်ဆေ့ချ် ပေးပို့ခဲ့သူ အသက် ၁၂ နှစ်အရွယ် လူငယ်ကို သင်တန်းပေးနေတယ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။

    ဒီကိစ္စကို ဇာဟာက တိုင်ကြားပြီးတဲ့နောက် ဇူလိုင်လမှာ ရဲတပ်ဖွဲ့က ဒီလူငယ်ကို ဖမ်းဆီးလိုက်တာပါ။

    လူငယ်ဟာ သူ့လုပ်ရပ်အတွက် နောင်တရနေကြောင်း၊ အသိပညာပေးသင်တန်းမှာ မတူကွဲပြားမှု၊ ခွဲခြားဆက်ဆံမှုအကြောင်း၊ လူ့အဖွဲ့အစည်းက လက်သင့်မခံတဲ့ အပြုအမူတွေ၊ အမုန်းကြောင့်ဖြစ်လာတဲ့ ရာဇဝတ်မှုတွေ၊ ဒီအတွက် ပြစ်ဒဏ်တွေအကြောင်း ဒီလူငယ်ကို သင်ကြားပို့ချပေးသွားမယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

    Ref: BBC

  • ထိုင်ဝမ်ကျွန်းနားတွင် တရုတ်၏ ရေတပ်အင်အား အကြီးအကျယ်တိုးမြှင့်မှုကို ကန်သတိပေး

    ထိုင်ဝမ်ကျွန်းနားတွင် တရုတ်၏ ရေတပ်အင်အား အကြီးအကျယ်တိုးမြှင့်မှုကို ကန်သတိပေး

    အောက်တိုဘာ ၈၊ ၂၀၂၀
    M-Media

    -ထိုင်ဝမ်ကျွန်းကို စစ်အင်အားသုံးပြီး ကျူးကျော်သိမ်းပိုက်တာမျိုး မလုပ်ဖို့အတွက် အမေရိကန်က တရုတ်ကို သတိပေးလိုက်ပါတယ်။

    တရုတ်အစိုးရက ထိုင်ဝမ်ဟာ ပြည်မကြီးနဲ့ ပေါင်းစည်းရမယ့် တရုတ်ပိုင်နက်အဖြစ် သတ်မှတ်ထားပြီး ဒါကို လက်မခံဘူးဆိုရင် အင်အားသုံးသင့် သုံးရလိမ့်မယ်လို့လည်း လူသိရှင်ကြား ထုတ်ပြန်ပြောဆိုထားပါတယ်။

    လက်ရှိမှာ တရုတ်ဟာ ထိုင်ဝမ်ကျွန်းနားမှာ ရေတပ်အင်အား အကြီးအကျယ် တိုးမြှင့်နေပြီး ဒါဟာ ပထမကမ္ဘာစစ်မတိုင်ခင် ဗြိတိန်ရေတပ်ကို အားပြိုင်ဖို့အတွက် ဂျာမနီက ကြိုးပမ်းမှုနောက်ပိုင်း ​အကြီးမားဆုံး ရေတပ်အင်အားတိုးချဲ့မှု ဖြစ်တယ်လို့ မနေ့က လက်စ်ဗီးဂက်စ်က နီဗားဒါးတက္ကသိုလ်မှာ အမေရိကန် နိုင်ငံတော်လုံခြုံရေးအကြံပေး ရောဘတ် အိုဘရိုင်ယန်က ပြောကြားခဲ့ပါတယ်။

    “ဒီတိုးမြှင့်မှု တစ်စိတ်တစ်ပိုင်းက ကျွန်တော်တို့ကို ပစိဖိတ်အနောက်ခြမ်းကနေ ​ဖယ်ထုတ်ဖို့ဖြစ်ပြီး ဒါမှ ထိုင်ဝမ်ကို ကမ်းတက်ပြီး သိမ်းနိုင်မှာ ဖြစ်ပါတယ်”

    ဒါပေမယ့် ဒီလို ကမ်းတက်သိမ်းတာဟာ လွယ်ကူမှာ မဟုတ်ဘူးလို့လည်း အိုဘရိုင်ယန်က ထောက်ပြပြောဆိုခဲ့ပါတယ်။

    ထိုင်ဝမ်ကို တရုတ်ကျူးကျော်ရင် အမေရိကန်က ကာကွယ်ပေးမလားလို့ မေးမြန်းရာမှာ အမေရိကန်ရဲ့ မဟာဗျူဟာအရ တိတိကျကျ ဆုံးဖြတ်ထားခြင်းမရှိဘူးလို့ အိုဘရိုင်ယန်က ဖြေကြားခဲ့ပါတယ်။

    အမေရိကန်ဟာ ထိုင်ဝမ်ကိစ္စကမှာ စစ်ရေးအရ ပ ါဝင်ပတ်သက်ဖို့အတွက် ဥပဒေအရ ခွင့်ပြုချက်လိုအပ်မှာ ဖြစ်ပါတယ်။ အိုဘရိုင်ယန်က စစ်ဖက်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့နဲ့​ ကာကွယ်ရေးအတွက် ငွေကြေး ပိုမိုသုံးစွဲဖို့လည်း ဘရိုင်ယန်က ထိုင်ဝမ်ကို တိုက်တွန်းခဲ့ပါတယ်။

    Ref: Aljazeera

  • သာသနာညှိုးနွမ်းစေမှုဖြင့် ထောင်ဒဏ်ချခံနေရသူကို ပါကစ္စတန်က တရားသေလွှတ်ပေး

    သာသနာညှိုးနွမ်းစေမှုဖြင့် ထောင်ဒဏ်ချခံနေရသူကို ပါကစ္စတန်က တရားသေလွှတ်ပေး

    အောက်တိုဘာ ၈၊ ၂၀၂၀
    M-Media

    -သာသနာညှိုးနွမ်းစေမှုစွဲချက်နဲ့ ထောင်ထဲမှာ ၇ နှစ် နေထိုင်နေရတဲ့ ခရစ်ယာန်ဘာသာဝင်တစ်ဦးကို ပါကစ္စတန်တရားရုံးက တရားသေလွှတ်ပေးခဲ့ပါတယ်။

    ၂၀၁၃ ခုနှစ်က ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း လာဟိုးမြို့မှာ ​မွတ်စလင်အမျိုးသားတစ်ယောက်နဲ့ စကားများရန်ဖြစ်မှုအတွင်း အသက် ၄၀ အရွယ် ဆာဝမ် မာစီဟာ တမန်တော်မိုဟာမက်ကို စော်ကားပြောဆိုတယ်လို့ စွပ်စွဲခံခဲ့ရတာပါ။

    ဒီသတင်းပြန့်နှံ့သွားပြီးနောက် လာဟိုးရ်မြို့က ခရစ်ယာန်ဘာသာဝင်တွေအဓိကနေထိုင်တဲ့ရပ်ကွက်ကို ဒေါသထွက်နေတဲ့လူအုပ်ကြီးက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နေအိမ် ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

    အဲဒီနောက် မာစီဟာ သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲခံရပြီး ၂၀၁၄ ခုနှစ်မှာ သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။

    လာဟိုးရ်ဟိုက်ကုတ်တရားရုံးရဲ့ အင်္ဂါနေ့က ကြားနာမှုမှာ မာစီအပေါ်စွဲချက်တင်ထားမှုအားလုံးကို ရုပ်သိမ်းကာ တရားသေလွှတ်ပေးလိုက်ပါတယ်။ ဘာ့ကြောင့် ဒီလိုလွှတ်ပေးရလဲဆိုတဲ့ အသေးိစတ်အချက်အလက်တွေကို မကြာခင်မှာ ထုတ်ပြန်သွားမယ်လို့လည်း တရားရုံးက ပြောပါတယ်။

    အမြင့်ဆုံး သေဒဏ်အထိချမှတ်လို့ရတဲ့ သာသနာညှိုးနွမ်းစေမှုဥပဒေဟာ ပါကစ္စတန်မှာ အငြင်းပွားစရာ ဥပဒေတစ်ခု ဖြစ်ပါတယ်။

    ​အစ္စလာမ်ဘာသာကို စော်ကားတယ်လို့ သတင်းထွက်လာတိုင်း ဒေါသထွက်နေတဲ့လူအုပ်ကြီး ပေါ်ပေါက်လာပြီး နေအိမ်တွေ၊ စျေးဆိုင်တွေကို ဖျက်ဆီးတာမျိုးတွေ ရှိခဲ့ပါတယ်။

    လက်ရှိ ဝန်ကြီးချုပ်အမီးရ်ခန်းရဲ့ ပါကစ္စတန်အစိုးရဟာ သာသနာညှိုးနွမ်းစေမှု ဥပဒေ အလွဲသုံးစားလုပ်မှုကို လျေ့ချဖို့ ကြိုးစားနေပါတယ်။ ၂၀၁၇ ခုနှစ်မှာ ဒီဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ သံသယရှိသူ ၁၁၅ ဦးစလုံးကို သက်သေခံအထောက်အထား မပြည့်စုံတဲ့အတွက် တရားသေ လွှတ်ပေးခဲ့ပါတယ်။

    Ref: Aljazeera

  • လူနည်းစုများအပေါ် တရုတ်၏နှိပ်ကွပ်မှုကို ကမ္ဘာ့နိုင်ငံ ၃၀ ကျော်က တရားဝင်ကန့်ကွက်ရှုတ်ချ

    လူနည်းစုများအပေါ် တရုတ်၏နှိပ်ကွပ်မှုကို ကမ္ဘာ့နိုင်ငံ ၃၀ ကျော်က တရားဝင်ကန့်ကွက်ရှုတ်ချ

    ​အောက်တိုဘာ ၈၊ ၂၀၂၀
    M-Media

    အပြာ – လူနည်းစုကိစ္စကို တရုတ်ကို ဆန့်ကျင်သည့်နိုင်ငံများ
    အနီ – လူနည်းစုကိစ္စကို တရုတ်ကို ထောက်ခံသည့်နိုင်ငံများ
    မီးခိုး – ကြားနေနိုင်ငံများ

    -တိဘက်၊ ဟောင်ကောင်နဲ့ ရှင်ကျန်းတို့က လူနည်းစုတွေအပေါ် ဖိနှိပ်ညှင်းပမ်းတဲ့ တရုတ်ရဲ့ပေါ်လစီတွေအတွက် ကမ္ဘာ့နိုင်ငံပေါင်း ၃၉ နိုင်ငံက အောက်တိုဘာ ၇ ရက်နေ့မှာ တရားဝင် ကြေငြာချက်ထုတ်ကာ ရှုတ်ချလိုက်ပါတယ်။

    ကြေငြာချက်ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံအများစုဟာ ဥရောပကနိုင်ငံတွေဖြစ်ပြီး ကနေဒါ၊ ဂျပန်၊ ဟွန်ဒူးရပ်စ်၊ ဩစတေးလျနဲ့ နယူးဇီလန်နိုင်ငံတို့လည်း ပါဝင်ပါတယ်။

    “ရှင်ကျန်းပြည်နယ်က လူ့အခွင့်အရေး အခြေအနေတွေ၊ ဟောင်ကောင်က လတ်တလော ဖြစ်ပေါ် တိုးတက်မှုတွေအတွက် ကျွန်တော်တို့ အလွန်အမင်း စိုးရိမ်မိပါတယ်” လို့ ကုလဆိုင်ရာ ဂျာမနီသံအမတ် ခရစ္စတို့ဖ် ဟူစ်ဂျန်က အင်္ဂါနေ့မှာ ပြုလုပ်ခဲ့တဲ့ ကုလရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးမှုမှာ ပြောကြားခဲ့ပါတယ်။

    ရှင်ကျန်းမှာ ဝီဂါနဲ့ အခြားလူနည်းစု စုစုပေါင်း ၁ သန်းလောက်ကို တရုတ်အစိုးရက အကျဉ်းစခန်းတွေထဲမှာ ထည့်ထားပြီး၊ ဘာသာရေး၊ လူမျိုးရေး ညှင်းပမ်းနှိပ်စက်မှုတွေ ရှိတယ်လို့ ကုလနဲ့ ကမ္ဘာ့မီဒီယာတွေက ထုတ်ပြန်ထားပါတယ်။

    ဇူလိုင်လက အငြင်းပွားဖွယ် နိုင်ငံတော်လုံခြုံရေးဥပဒေကို တရုတ်ကွန်မြူနစ်အစိုးရက ​ပြဌာန်းပြီးတဲ့နောက် ဟောင်ကောင်ပြည်သူတွေအပေါ် ဖိနှိပ်မှုတွေ ထပ်တိုးလုပ်ဆောင်လာမယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပြီး မနေ့က နိုင်ငံပေါင်း ၃၉ နိုင်ငံ လက်မှတ်ရေးထိုးထားတဲ့ ထုတ်ပြန်ချက်မှာ ဟောင်ကောင်ပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို ဆက်လက်ထိန်းသိမ်းဖို့လည်း တိုက်တွန်းထားပါတယ်။

    ကြေငြာချက်မှာ တိဘက်လူမျိုးတွေအ​ပေါ် ဘာသာရေး၊ လူမျိုးရေး ဖိနှိပ်ချုပ်ချယ်မှုတွေကိုလည်း ထောက်ပြ​ ဝေဖန်ထားပါတယ်။

    ပြီးခဲ့တဲ့နှစ်တုန်းကလည်း လူနည်းစုတွေအပေါ် တရုတ်ရဲ့လုပ်ရပ်တွေကို ရှုတ်ချခဲ့ ကြေငြာချက်တစ်စောင်ကို ယူကေကဦးဆောင်ကာ ထုတ်ခဲ့ပြီး နိုင်ငံပေါင်း ၂၃ နိုင်ငံက လက်မှတ်ရေးထိုးခဲ့ပါတယ်။

    ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းသံအမတ် ကျန်းကျွင်က ဒီပြောဆိုမှုတွေဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေဖြစ်ပြီး မိမိတို့ကို နာမည်ဖျက်ဖို့၊ မိမိတို့ရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ဖို့အတွက် သတင်းမှားဖြန့်တာသာ ဖြစ်တယ်လို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

    ရှင်ကျန်းအရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံအပေါ် ဝေဖန်မှုတွေကို ရှုတ်ချတဲ့ ကြေ​ငြာချက်တစ်စောင်ကို ကျူးဘားနိုင်ငံက ခေါင်းဆောင်ကာ ထုတ်ပြန်တဲ့ပြီး နိုင်ငံပေါင်း ၄၅ နိုင်ငံက လက်မှတ်ရေးထိုးခဲ့ပါတယ်။

    ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီရှယ် ဘာချီလက်ကို ရှင်ကျန်းပြည်နယ်ကို လာရောက်ကြည့်ရှုဖို့၊ စွပ်စွဲချက်တွေအတွက် ဆွေးနွေးဖို့ တရုတ်နိုင်ငံက ဖိတ်ခေါ်ခဲ့ပါတယ်။ ဘာချီလက်က ဒေသတွင်း လွတ်လပ်စွာ သွားလာကြည့်ရှုခွင့်ရဖို့ လိုအပ်တယ်လို့ တုန်ပြန်ထားပါတယ်။

    ဟောင်ကောင်အရေး တရုတ်ရဲ့ဆောင်ရွက်ချက်တွေကို ထောက်ခံတဲ့ ကြေငြာချက်တစ်စောင်ကိုလည်း ပါကစ္စတန်နိုင်ငံက ဦးဆောင်ကာ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Aljazeera

  • အသံထက် ၉ ဆမြန်သည့် ခရုဇ်ဒုံးကျည်ကို ရုရှားက စမ်းသပ်အောင်မြင်

    အသံထက် ၉ ဆမြန်သည့် ခရုဇ်ဒုံးကျည်ကို ရုရှားက စမ်းသပ်အောင်မြင်

    အောက်တိုဘာ ၈၊ ၂၀၂၀
    M-Media

    -​ အသံထက်မြန်တဲ့ သင်္ဘောဖျက် ခရုဇ်ဒုံးကျည်တစ်မျိုးကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့တယ်လို့ ရုရှားက ထုတ်ပြန်ကြေငြာလိုက်ပြီး သမ္မပူတင်ကလည်း တိုင်းပြည်အတွက် ကြီးကျယ်တဲ့ အောင်မြင်မှုတစ်ခု လို့ ပြောကြားလိုက်ပါတယ်။

    Tsirkon လို့အမည်ပေးထားတဲ့ အဲဒီဒုံးကျည်ကို အင်္ဂါနေ့မှာ ပင်လယ်ဖြူမှာရှိတဲ့ Gorshkov ဖရီးဂိတ်ရေယာဉ်ကနေ စမ်းသပ်ပစ်လွှတ်ခဲ့တာဖြစ်ပြီး အသံထက် ၈ ဆမြန်တဲ့ အရှိန်နဲ့သွားကာ မိုင် ၂၈၀ အကွာမှာရှိတဲ့ ပစ်မှတ်ကို ​အတိအကျ ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

    သမ္မတပူတင်က ဒီလက်နက်ဟာ ကမ္ဘာမှာ ပထမဆုံးဖြစ်ပြီး စစ်တပ်အတွက်သာမက ရုရှားတစ်နိုင်ငံလုံးအတွက် ကြီးကျယ်တဲ့ အောင်မြင်မှုဖြစ်ကြောင်း၊ တိုင်းပြည်ရဲ့ ကာကွယ်ရေးအင်အားကို ရေရှည်မှာ ပိုမိုတောင့်တင်းစေမယ်ဆိုတာ သေချာကြောင်း ပြေကြားခဲ့ပါတယ်။

    ရုရှားကာကွယ်ရေးဝန်ကြီးဌာနက​တော့ Tsirkon ဒုံးကျည်တွေကို တိုက်ရေယာဉ်တွေနဲ့ ရေငုပ်သင်္ဘောတွေမှာ တပ်ဆင်အသုံးပြုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    အသံထက် ၉ ဆမြန်ပြီး မိုင် ၆၂၀ လောက်​အထိရောက်မယ့် လက်နက်တစ်မျိုးကို မကြာခင် ထုတ်ပြမယ်လို့ ပူတင်က ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ ပြောခဲ့ပါတယ်။ ရုရှားဟာ လက်ရှိ ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို ဖောက်ထွက်နိုင်မယ့် လက်နက်သစ်တစ်ချို့ကို တီထွင်ထုတ်လုပ်နေတယ်လို့လည်း ဆိုပါတယ်။

    Ref: Aljazeera