News @ M-Media

Blog

  • တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

    တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

    အောက်တိုဘာ ၅၊ ၂၀၂၀
    M-Media

    လက်ဝါးအသုံးပြု နည်းပညာတစ်ခုကို အမေဇုန်မိတ်ဆက်

    လက်ဝါးအသုံးပြုပြီး ဘယ်သူဘယ်ဝါဆိုတာကို ဖော်ထုတ်တဲ့ နည်းပညာ Amazon One ကို အမေဇုန် ကုမ္ပဏီက ပြီးခဲ့တဲ့တစ်ပတ်မှာ မိတ်ဆက်ခဲ့ပါတယ်။ လက်ကောက်ဝတ်၊ လက်ဝါးက လက္ခဏာတွေကို အခြေခံထားတဲ့ ဒီနည်းပညာနဲ့ ငွေပေးချေတာ၊ အများသုံး သယ်ယူပို့ဆောင်ရေးယာဉ်တွေ အသုံးပြုတာ စတာတွေကို လုပ်ဆောင်နိုင်မှာဖြစ်ပြီး လက်ရှိအသုံးပြုနေတဲ့ အီလက်ထရောနစ်ကဒ်တွေနေရာကို အစားထိုးနိုင်မှာဖြစ်ပါတယ်။ ဆီယက်တဲလ်မြို့က အမေဇုန် စတိုးတစ်ခုမှာ ဒီနည်းပညာကို စတင်အသုံးပြုနေပါတယ်။ အမေဇုန်ဟာ စျေးဝယ်တာနဲ့ ငွေချေတာမျိုးကို လွယ်ကူစေဖို့အတွက် နည်းပညာတွေကို ဖန်တီးအသုံးပြုနေပြီး Amazon One က တစ်ကိုယ်ရေလုံခြုံရေးကို တစ်ဆင့်မြှင့်လိုက်တာလို့ ပြောကြားခဲ့ပါတယ်။

    ဆိုရှယ်မီဒီယာတွင် အများသမီးများကို ကာကွယ်ပေးရန် နိုင်ငံတကာအဖွဲ့အစည်းတစ်ခု တိုက်တွန်း

    Facebook၊ Instagram နဲ့ Twitter တို့လို ဆိုရှယ်မီဒီယာတွေကို အသုံးပြုနေတဲ့ အမျိုးသမီး ၆၀ ရာခိုင်နှုန်းလောက်ဟာ အရှက်တကွဲပြုတာ၊ စော်ကားပြောဆိုတာတွေကို ခံနေရပြီး၊ ဆိုရှယ်မီဒီယာကို စွန့်ခွာသွားတဲ့အထိ ဖြစ်လာတယ်လို့ နိုင်ငံတကာ အမျိုးသမီးအခွင့်ရေးအဖွဲ့ Plan International ရဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ Facebook မှာ ပမာဏအများဆုံးဖြစ်ပြီး Whatsapp၊ Snapchat နဲ့ TikTok တို့မှာလည်း ဒီလို စော်ကားမှုတွေကို အမျိုးသမီးတွေက ကြုံနေရပါတယ်။ Plan International အဖွဲ့က အကြီးအကဲက တွေ့ရှိချက်တွေကို ဆိုရှယ်မီဒီယာကုမ္ပဏီတွေ၊ ကမ္ဘာတစ်ဝှမ်းက လွှတ်တော်အမတ်တွေထံ ပို့ပေးသွားမှာဖြစ်ပြီး ဒီပြဿနာကို ဝိုင်းဝန်းဖြေရှင်းကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    Tesla နှင့်ပေါင်းကာ နိုင်ငံအတွင်း လျှပ်စစ်ကားထုတ်နိုင်ရေး အင်ဒိုနီးရှား ကြိုးပမ်းနေ

    လျှပ်စစ်ကားထုတ်လုပ်တဲ့ Tesla ကုမ္ပဏီနဲ့ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရေးအတွက် အင်ဒိုနီးရှားက ဆွေးနွေးမှုတွေလုပ်ဆောင်နေပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ နီကယ်အဓိကတင်ပို့တဲ့နိုင်ငံဖြစ်ပြီး နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ ပိုရဖို့အတွက် နီကယ်ကုန်ကြမ်းတွေကို ပြည်ပတင်ပို့ခြင်း မပြုတော့ပါဘူး။ ရင်းနှီးမြှုပ်နှံမှုဌာနက အကြီးတန်းတာ၀န်ရှိသူ အာယွဒ်ဟီယာ ကလာကီက နိုင်ငံအတွင်း Tesla က ရင်းနှီးမြှုပ်နှံရေး ကနဦးဆွေးနွေးမှုတွေ လုပ်ဆောင်နတယ်လို့ ပြောကြားခဲ့ပြီး လျှပ်စစ်ကား ထုတ်လုပ်နိုင်မယ်ဆိုရင် နိုင်ငံအတွက် အကျိုးအမြတ် အများအပြား ရနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။ Tesla က ဒီကိစ္စနဲ့ပတ်သက်ပြီး မထုတ်ပြန်သေးပါဘူး။ ပြီးခဲ့တဲ့လကလည်း နိုင်ငံအတွင်း လစ်သီယံ ဘထ္ထရီစက်ရုံတည်ဆောက်ရေး တောင်ကိုရီးယား အီလက်ထရောနစ်ကုမ္ပဏီ LG နဲ့ သဘောတူညီချက် ရခဲ့ပါတယ်

    Ref: BBC

    mmFootballNews

  • တနင်္လာနေ့ ဘောလုံးသတင်းများ

    တနင်္လာနေ့ ဘောလုံးသတင်းများ

    အောက်တိုဘာ ၅၊ ၂၀၂၀
    M-Media

    မှားယွင်းသည့်သမိုင်းကို ရေးခဲ့မိပြီဟု ကလော့ပ်ပြော

    လီဗာပူးလ်ဟာ မှားယွင်းတဲ့ သမိုင်းမှတ်တိုင်တစ်ခုကို ရေးထိုးလိုက်မိပြီလို့ နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်ပါတယ်။

    ချန်ပီယံဖြစ်ခဲ့တဲ့ မနှစ်က ဖေဖော်ဝါရီလရောက်မှ ရှုံးပွဲတွေ့ခဲ့တဲ့ လီဗာပူးလ်ဟာ ရာသီသစ်ရဲ့ ၄ ပွဲမြောက်ဖြစ်တဲ့ မနေ့မှာ အက်စတွန်ဗီလာကို ၇ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

    ကလော့ပ်ကတော့ ဦးဆောင်ဂိုး ပေးလိုက်ရပြီးကတည်းက အသင်းဟာ အခြေပျက်သွားပြီး နောက်ပိုင်းမှာ အမှားတွေ ဆက်တိုက်လုပ်မိခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

    ဆိုးလ်ရှားကို စာနာနေတဲ့ မော်ရင်ဟို

    Soccer Football – Premier League – Manchester United v Tottenham Hotspur – Old Trafford, Manchester, Britain – October 4, 2020 Manchester United manager Ole Gunnar Solskjær with Tottenham Hotspur manager Jose Mourinho after the match Pool via REUTERS/Carl Recine EDITORIAL USE ONLY. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 75 images, no video emulation. No use in betting, games or single club /league/player publications. Please contact your account representative for further details.

    မနေ့ကပွဲမှာ အသင်းရဲ့ ကစားပုံဟာ အင်မတန်ချီးကျူးစရာကောင်းခဲ့ပြီး ညဘက် အိပ်ပျော်မှာမဟုတ်တဲ့ ပြိုင်ဘက်အသင်း နည်းပြ ဆိုးလ်ရှားရဲ့အခြေအနေကို စာနာသနားမိတယ်လို့ စပါးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။

    စပါးဟာ မနေ့က မန်ယူကို ၆ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ ၂၈ မိနစ်မှာ မန်ယူက တစ်ယောက်လျော့သွားပေမယ့် ဒီအရင်ကတည်းက မိမိတို့ဟာ ကစားပုံအသာနဲ့ အနိုင်ရခဲ့တာလို့ မော်ရင်ဟိုက ဆိုပါတယ်။

    မနေ့ကပွဲဟာ အသင်း၊ အသင်းသားတွေနဲ့ သူ့အတွက် သမိုင်းဝင်နိုင်ပွဲဖြစ်ပြီး အိုးထရက်ဖို့မှာ ချယ်ဆီး၊ ရီးယဲလ်မက်ဒရစ် အသင်းတွေနဲ့လည်း မန်ယူကို အနိုင်ယူဖူးတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မနေ့က စပါးနဲ့ပွဲဟာ မိမိသက်တမ်းမှာ အဆိုးဝါးဆုံး ရှုံးနိမ့်မှု ဖြစ်တယ်လို့ ဆိုးလ်ရှားက ဖွင့်ဟပါတယ်။

    ကိုဗစ်ကြောင့် နာပိုလီအသင်း ၃ ဂိုးပြတ်အရှုံးပေးရဖွယ်ရှိနေ

    ကစားသမား ၂ ဦး ကိုဗစ်ကူးစက်နေတဲ့ နာပိုလီအသင်း ရောက်မလာတာကြောင့် မနေ့ကစားမယ့် ဂျူဗင်တပ်စ်နဲ့ နာပိုလီတို့ရဲ့ စီးရီးအေပွဲစဉ်ကို ရပ်ဆိုင်းလိုက်ရပါတယ်။

    ဒေသရဲ့ ကျန်းမာရေးအာဏာပိုင်က နာပိုလီတစ်သင်းလုံး ခရီးမသွားဖို့ အမိန့်ထုတ်လိုက်တာပါ။ အီတလီ ကျန်းမာရေးဝန်ကြီးဌာနဲ့ ဘောလုံးအဖွဲ့ချုပ်တွေ သဘောတူညီချက်အရ ပိုးမရှိတဲ့ ကစားသမား အနည်းဆုံး ၁၃ ဦးရှိရင် ကစားပေးရမှာဖြစ်ပြီး၊ ကစားသမား ၁၀ ဦး ပိုးရှိနေပြီဆိုရင်တော့ ပွဲကို ပြန်ကစားခွင့် တောင်းဆိုနိုင်မှာ ဖြစ်ပါတယ်။

    စီးရီးအေစည်းကမ်းအရ မနေ့ကအဖြစ်အပျက်မှာ ဂျူဗင်တပ်စ်အသင်းကို ၃ ဂိုး ပြတ်နဲ့ အနိုင်ပေးရမှာ ဖြစ်ပါတယ်။ အားကစားရေးရာ တရားသူကြီးရဲ့ မနက်ဖြန်ထုတ်ပြန်ချက်ကို ကြည့်ပြီး လိုအပ်သလို တုန့်ပြန်သွားမယ်လို့ ဂျူဗင်တပ်စ်အသင်းက ထုတ်ပြန်ပါတယ်။

    Ref: BBC, Goal

  • တနင်္ဂနွေနေ့ ဘောလုံးသတင်းများ

    တနင်္ဂနွေနေ့ ဘောလုံးသတင်းများ

    အောက်တိုဘာ ၄၊ ၂၀၂၀
    M-Media

    ဥရုဂွေးတိုက်စစ်မှူး ကာဗာနီကို မန်ယူက ခေါ်ယူမည်

    မန်ယူအသင်းဟာ ပီအက်စ်ဂျီတိုက်စစ်မှူးဟောင်း ကာဗာနီကို ခေါ်ယူဖို့အတွက် အလွန်နီးစပ်နေပြီလို့ သတင်းတွေ ထွက်လာပါတယ်။

    အသက် ၃၃ နှစ်အရွယ် ကဗာနီဟာ ပြီးခဲ့တဲ့ ဇွန်လက ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းပြည့်သွားခဲ့တာပါ။ လက်ရှိ မန်ယူနဲ့ ကာဗာနီတို့ ဆွေးနွေးနေပြီး ၂ နှစ်စာချုပ် ချုပ်ဆိုဖို့ ရှိနေပါတယ်။

    ကာဗာနီဟာ ဒီကနေ့မှာ အင်္ဂလန်ကိုလာရောက်ပြီး အပြောင်းအရွှေ့ကို အဆုံးသတ်မှာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က နာပိုလီကနေ ပြောင်းရွှေ့လာခဲ့တဲ့ ကာဗာနီဟာ ပီအက်စ်ဂျီမှာ ၃၀၁ ပွဲကစား ဂိုး ၂၀၀ သွင်းခဲ့ပြီး၊ ကလပ်အသင်းပွဲအားလုံးမှာ ၅၅၆ ဂိုး သွင်းထားပါတယ်။

    နိုင်ငံပွဲတွေမှာတော့ ၁၁၆ ပွဲကစား ဂိုး ၅၀ သွင်းထားပါတယ်။

    ချန်ပီယံဘွဲ့အတွက် ဝေဖန်မှုများကို ဂွါဒီယိုလာ တုန့်ပြန်

    ၃ ပွဲလောက်ကစားပြီးတာနဲ့ ချန်ပီယံလမ်းကြောင်းကနေ သွေဖီသွားပြီဆိုတဲ့ ပြောကြားချက်တွေဟာ သိပ်ကို စောလွန်းနေတယ်လို့ မန်စီးတီးနည်းပြ ပက် ဂွါဒီယိုလာက တုန့်ပြန်လိုက်ပါတယ်။

    မနေ့က လိဒ်နဲ့ပွဲမှာ ၁ ဂိုးစီ သရေကျခဲ့ပြီး ရာသီအစ ၃ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့တစ်ပတ် လက်စတာနဲ့ပွဲမှာလည်း ၅ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

    မနေ့ကပွဲအပြီး မန်စီးတီးရဲ့ ချန်ပီယံဘွဲ့ စိန်ခေါ်နိုင်စွမ်းကို ဘောလုံးကျွမ်းကျင်သူတွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။

    ဂွါဒီယိုလာက မိမိတို့အခြေအနေကို သိပြီး အသင်းရဲ့ ကစားပုံကို ကျေနပ်ကြောင်း၊ ဒါပေမယ့် အကောင်းဆုံးအနေအထားကို မရောက်သေးကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    စပါးနည်းပြဟောင်းက မော်ရင်ဟိုကို ဝေဖန်

    ချယ်ဆီးကို ကိုင်တွယ်စဉ်က ဆာလာဟ်နှင့် ဒီဘရိုင်းတို့ကို လက်လွှတ်လိုက်ရတဲ့အမှားမျိုး စပါးမှာလည်း မော်ရင်ဟိုက ထပ်မှားတော့မယ်လို့ စပါးနည်းပြဟောင်း တင်မ်ရှားဝုဒ်က သတိပေးလိုက်ပါတယ်။

    အသက် ၂၄ နှစ်သာရှိသေးတဲ့ ကွင်းလယ်လူ ဒယ်လီအလီကို မော်ရင်ဟိုက ရောင်းထုတ်တော့မယ်လို့ သတင်းတွေထွက်နေတာပါ။

    မော်ရင်ဟိုဟာ ချယ်ဆီးမှာတုန်းကလည်း ဆာလာဟ်နဲ့ ဒီဘရိုင်းတို့ကို ကောင်းကောင်းမသုံးကြည့်ဘဲ ရောင်းထုတ်လိုက်ပြီး ဒီကစားသမားနှစ်ယောက်စလုံးဟာ နောက်ပိုင်းမှာ နာမည်ကျော်တွေ ဖြစ်လာပါတယ်။

    တင်ရှားဝုဒ်က လိဂ်ဝမ်းကနေ ပေါင်း ၅ သန်းနဲ့ရောက်လာတဲ့ အလီဟာ တစ်နှစ်အတွင်းမှာပဲ ၂၅ သန်းတန်တဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့ကြောင်း၊ နေရာမှန်သာ ကစားရမယ်ဆိုရင် ဂိုးသွင်းကောင်းတဲ့ ကစားသမားတစ်ဦး ဖြစ်လာနိုင်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: BBC, Goal

    mmFootballNews

  • စစ်ဘေးရှောင် ရခိုင်ပြည်သူများအတွက် ရိုဟင်ဂျာဒုက္ခသည်များက ငွေကြေးလှူဒါန်း

    စစ်ဘေးရှောင် ရခိုင်ပြည်သူများအတွက် ရိုဟင်ဂျာဒုက္ခသည်များက ငွေကြေးလှူဒါန်း

    အောက်တိုဘာ ၃၊ ၂၀၂၀
    M-Media

    မြောက်ဦးမြို့ ရှစ်သောင်း စစ်ရှောင်စခန်းရှိ ရခိုင်တိုင်းရင်းသားများကို ဩဂုတ်လအတွင်းက တွေ့ရစဉ်

    -လက်နက်ကိုင်ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ရခိုင်တိုင်းရင်းသားတွေအတွက် ဘင်္ဂလာ​ေးဒ့ရှ် ဖက်က ဒုက္ခသည်စခန်းမှာ နေထိုင်နေတဲ့ ရိုဟင်ဂျာလူငယ်တွေက ငွေကြေးထောက်ပံ့လှူဒါန်းခဲ့ပါတယ်။

    မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့အကြား တိုက်ခိုက်မှုတွေ မြင့်တက်လာတဲ့ ၂၀၁၈ ခုနှစ်နှောင်းပိုင်းကစလို့ ရခိုင်ပြည်နယ်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ရခိုင်ပြည်သူရေအတွက်ဟာ ၂ သိန်းနီးပါး ရှိလာတာပါ။

    “ကျွန်တော်တို့အားလုံးက လူသားတွေပဲဗျ။ လူမျိုးမတူကြပေမယ့် ရခိုင်ပြည်နယ်က ဗုဒ္ဓဘာသာဝင်တွေနဲ့ ကျွန်တော်တို့ဟာ တစ်​မြေတည်း၊ တစ်ရေတည်းမှာ မွေးဖွားကြီးပြင်းလာခဲ့ကြသူတွေပါ။ ၂၀၁၇ ခုနှစ် (စစ်တပ်ရဲ့) သတ်ဖြတ်မှုတွေမှာ ရခိုင်ဗုဒ္ဓဘာသာဝင်တွေဟာ ကျွန်တော်တို့နဲ့အတူ မျှဝေခံစားပြီး၊ ကျွန်တော်တို့ကိုလည်း အကူအညီပေးခဲ့ပါတယ်။ အခု သူတို့ အကူအညီလိုအပ်နေတဲ့အချိန်မှာ ကျွန်တော်တို့ တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးတာပါ” လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားက ဒုက္ခသည်စခန်းမှာ နေထိုင်နေတဲ့ ရိုဟင်ဂျာလူငယ် မိုဟာမက် ကမားလ် ဟိုစိန်က ပြောကြားခဲ့ပါတယ်။

    ကူတာပါလောင် ဒုက္ခသည်စခန်းက ရိုဟင်ဂျာလူငယ်​တွေ စုပေါင်းထည့်ဝင်တဲ့ ၅ သိန်းကျပ်ကို အခုတစ်ပတ်အစောပိုင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ရခိုင်တိုင်းရင်းသားတွေအတွက် လှူဒါန်းခဲ့ပါတယ်။

    “ရခိုင်သူငယ်ချင်းတွေနဲ့ ကျွန်တော်တို့ အမြဲတမ်း အဆက်အသွယ်ရှိတယ်။ ဘာသာမတူ၊ လူမျိုးကွဲပ​ေမယ့် ရခိုင်သားအချင်းချင်း သူတို့ဖက်က အမြဲတမ်း ရပ်တည်သွားမှာပါ”

    ဇူလိုင်လအစောပိုင်းတုန်းကလည်း ရခိုင်ပြည်နယ် စစ်တွေမြို့က ရိုဟင်ဂျာကျောင်းသားတွေဟာ စစ်ကြောင့် ထွက်ပြေးနေရတဲ့ ရခိုင်တိုင်းရင်းသားတွေအတွက် မြန်မာကျပ်ငွေ ၃ သိန်း လှူဒါန်းခဲ့ပါတယ်။

    “ကျွန်တော်တို့ ဆိုးဆိုးရွားရွား နာကျင်ခံစားနေရတဲ့အချိန်မှာ အိမ်နီးချင်း ရခိုင်ဗုဒ္ဓဘာသာဝင်တွေဟာ ကျွန်တော်တို့ကို အိမ်မှာခေါ်ထားပြီး ကူညီစောင့်ရှောက်ပေးခဲ့ကြပါတယ်။ အခု သူတို့ နေအိမ်တွေကနေ မောင်းထုတ်ခံနေရပြီး၊ သူတို့ကို ကိုယ်ချင်းလည်း စာပါတယ်” လို့ ရိုဟင်ဂျာ လူငယ်အစည်းအရုံးကို တည်ထောင်သူ ခင်မောင်က ပြောကြားခဲ့ပါတယ်။

    ရခိုင်က လူ့အဖွဲ့အစည်းနှစ်ခုအကြား ပြန်လည်ရင်ကြားစေ့ရေး၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ နေရပ်ပြန်နိုင်ရေး လုပ်ဆောင်ရာမှာ နိုင်ငံတကာအသိုင်းအဝိုင်းက ပိုမိုကူညီကြဖို့လည်း ခင်မောင်က တိုက်တွန်းဆော်ဩခဲ့ပါတယ်။

    “ကျွန်တော်တို့ဟာ ရခိုင်ပြည်နယ်မှာ ရာစုနှစ်နဲ့ချီ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လာခဲ့ကြတာပါ။ အိမ်ကိုပြန်ပြီး အရင်လို ငြိမ်းချမ်းမှု၊ ညီညွတ်မှုမျိုး ပြန်လည်ဖော်ဆောင်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပါတယ်”

    Ref: Anadolu Agency