News @ M-Media

Blog

  • နှစ် ၂၅၀၀ ကျော်က မံမီရုပ်အလောင်း ၅၉ ခုကို အီဂျစ်တွင် ထပ်မံတွေ့ရှိ

    နှစ် ၂၅၀၀ ကျော်က မံမီရုပ်အလောင်း ၅၉ ခုကို အီဂျစ်တွင် ထပ်မံတွေ့ရှိ

    အောက်တိုဘာ ၆၊ ၂၀၂၀
    M-Media

    -လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ အရင်က စနစ်တကျ စီမံ မြှုပ်နှံထားခဲ့တဲ့ မံမီရုပ်အလောင်း ၅၉ ခုကို အီဂျစ်မှာ ထပ်မံတွေ့ရှိခဲ့ပြီး၊ နိုင်ငံရဲ့ ရှေးဟောင်းအမွေအနှစ်ကဏ္ဏမှာ အရေးပါတဲ့ ရှာဖွေတွေ့ရှိမှု ဖြစ်ပါတယ်။

    ကိုင်ရိုမြို့တောင်ဖက်မှာရှိပြီး ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းထဲမှာပါ၀င်တဲ့ စက်ကာရာ ဂူသခ်ျိုင်းမှာ တွေ့ခဲ့တာပါ။ အဲဒီဂူသခ်ျိုင်းဟာ ရှေးဟောင်းအီဂျစ်မြို့ မန်ဖစ်နဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။

    မံမီရုပ်အလောင်းတွေဟာ ဘီစီ ၆ ရာစု၊ ၇ ရာစုလောက်က မြှုပ်နှံထားတာတွေဖြစ်ပြီးရောင်စုံစာလုံးတွေချယ်မှုံးထားတဲ့ ပိတ်တွေနဲ့ အလောင်းတွကိုထုတ်ကာ ခေါင်းတွေကိုလည်း စနစ်တကျ ပိတ်ထားပါတယ်။

    မြေအောက် ပေ ၄၀ လောက်ရှိတဲ့နေရာကနေ လွန်ခဲ့တဲ့ ၃ ပတ်လောက်က မံမီ ၁၃ ခု စတင်တွေ့ရှိခဲ့ပြီး နောက်ထပ်လည်း မြေအောက်မှာ ထပ်ရှိအုံးမယ်လို့ ရှေးဟောင်းသမိုင်းပညာရှင်တွေက တွက်ဆထားပါတယ်။

    ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဆက်ကာရာရှေးဟောင်းသခ်ျိုင်းမှာ မံမီလုပ်ထားတဲ့ မြွေတွေ၊ ငှက်တွေနဲ့ အခြားတိရစ္ဆာန်တွေ အပါအ၀င် ရှေးဟောင်းသမိုင်း၀င်ပစ္စည်း တော်တော်များများကို တွေ့လာရပါတယ်။

    အခုတွေ့ရှိခဲ့တဲ့ မံမီရုပ်အလောင်းတွေဟာ ၂၆ မင်းဆက်လက်ထက် ရှေးဟောင်း အီဂျစ်လူ့အဖွဲ့အစည်းက ဘုန်းကြီးတွေ၊ အစိုးရ ထိပ်တန်းအရာရှိတွေနဲ့ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေရဲ့ ရုပ်အလောင်းတွေ ဖြစ်တယ်ဆိုတာ လေ့လာမှုမှာ တွေ့ခဲ့ရကြောင်း အီဂျစ်ရှေးဟောင်းသုတေသနဌာန တာ၀န်ရှိသူတွက ပြောကြားခဲ့ပါတယ်။

    ဒီမံမီရုပ်တွေကို ၂၀၂၁ ခုနှစ်မှာ ဖွင့်လှစ်ဖို့ စီစဥ်ထားတဲ့ အီဂျစ်ရဲ့ ရှေးဟောင်း သမိုင်းပြတိုက်သစ်မှာ ပြသဖို့ စီစဥ်ထားပါတယ်။ အဲဒီ ပြတိုက်သစ်မှာ အီဂျစ်နိုင်ငံသမိုင်းတစ်လျှောက်က ထောင်နဲ့ချီတဲ့ သမိုင်း၀င် ပစ္စည်းတွေကို ထားရှိပြသမှာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ၂၀၂၀ ခုနှစ် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကို အသည်းကင်ဆာပိုး ဖော်ထုတ်နိုင်သူများ ဆွတ်ခူး

    ၂၀၂၀ ခုနှစ် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကို အသည်းကင်ဆာပိုး ဖော်ထုတ်နိုင်သူများ ဆွတ်ခူး

    အောက်တိုဘာ ၆၊ ၂၀၂၀
    M-Media

    ဆေးဘက်ဆို်င်ရာနိုဘယ်ဆုရရှိခဲ့သည့် ပညာရှင် ၃ ဦး

    -၂၀၂၀ ခုနှစ်အတွက် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကို Hepatitis C ဗိုင်းရပ်စ်ကို ဖော်ထုတ်နိုင်ခဲ့တဲ့ ဆရာ၀န် ၃ ဦးက ရရှိသွားပါတယ်။

    Hepatitis C ဗိုင်းရပ်စ်ဟာ အသည်းကြွပ်ရောဂါနဲ့ အသင်းကင်ဆာရောဂါတို့ကို ဖြစ်ပွားစေတဲ့ပိုးဖြစ်ပြီး အမေရိကန် သိပ္ပံပညာရှင်တွေဖြစ်တဲ့ ဟာဗေး ဂျေ အလ်တာနဲ့ မိုက်ကယ် ဟူတန်၊ ဗြိတိန် သိပ္ပံပညာရှင်ဖြစ်တဲ့ ချားလ်စ် အမ် ရိုက်စ်တို့က ရှာဖွေ ဖော်ထုတ်နိုင်ခဲ့တာပါ။

    အရင်က Hepatitis A နဲ့ Hepatitis B ဗိုင်းရပ်စ်တွေကို တွေ့ရှိခဲ့တာဟာ ဆေးပညာမှာ အရေးပါတဲ့ တိုးတက်မှုတစ်ခုဖြစ်ခဲ့ပြီး Hepatitis C ကို တွေ့ရှိမှုကြောင့် အသည်းရောဂါနဲ့ပတ်သက်တဲ့ ကျန်ရှိနေတဲ့ ပဟေဠိကို ဖော်ထုတ်နိုင်ခဲ့ကာ ရောဂါစစ်ဆေးမှု၊ ကုသမှု နည်းလမ်းအသစ်တွေ ပေါ်လာပြီး ကမ္ဘာတစ်၀ှမ်းက သန်းပေါင်းများစွာသောလူတွေရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ နိုဘယ်ဆုချီးမြှင့်ရေးကော်မတီက ထုတ်ပြန်တဲ့ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    “သမိုင်းမှာ ပထမဆုံးအဖြစ် ဒီရောဂါကို ကုသနိုင်လာပြီး Hepatitis C ဗိုင်းရပ်စ်ကို ကမ္ဘာပေါ်ကနေ ပပျောက်အောင် လုပ်နိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေလည်း မြင့်တက်လာပါတယ်”

    နိုဘယ်ဆုကို တည်ထောင်ခဲ့သူ ဆွီဒင်သိပ္ပံပညာရှင် အဲလ်ဖရဒ် နိုဘယ် ကွယ်လွန်တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ဆုချီးမြှင့်ပွဲအခမ်းနားကို ပုံမှန် ကျင်းပလေ့ရှိပေမယ့် ဒီနှစ်မှာတော့ ကိုရိုနာကပ်ရောဂါကြောင့် ကျင်းပနိုင်ခြင်း မရှိပါဘူး။

    သိပ္ပံပညာရှင် ၃ ဦးဟာ ဆုကြေး ဆွီဒင်ခရ​ောင်း ၁၀ သန်း (ဒေါ်လာ ၁.၁ သန်း) ရရှိမှာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကို လူ့ခန္ဓာကိုယ်က ဆဲလ်တွေရဲ့ တုန့်ပြန်မှုအကြောင်း ဖော်ထုတ်ခဲ့သူ သိပ္ပံပညာရှင်တွေက ရရှိခဲ့ပါတယ်။

    ရူပဗေဒ၊ ဓာတုဗေဒ၊ စာပေနဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုတွေကို အခုတစ်ပတ်အတွင်း ထုတ်ပြန်ကြေငြာသွားမှာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ရီဟားနား၏ အဖော်အချွတ်ဖက်ရှင်ရှိုးတွင် အစ္စလာမ့်ဓမ္မစာပေအသုံးပြုမှု ဝေဖန်ခံနေရ

    ရီဟားနား၏ အဖော်အချွတ်ဖက်ရှင်ရှိုးတွင် အစ္စလာမ့်ဓမ္မစာပေအသုံးပြုမှု ဝေဖန်ခံနေရ

    အောက်တိုဘာ ၆၊ ၂၀၂၀
    M-Media

    -အမျိုးသမီးအတွင်းခံကြော်ငြာတဲ့ အဖော်အချွတ်ရှိုးပွဲတစ်ခုမှာ အစ္စလာမ့် ဓမ္မစာပေတစ်ခုကို နောက်ခံတီးလုံးအဖြစ် အသုံးပြုခဲ့တဲ့ နာမည်ကျော်အဆိုတော် ရီဟားနားဟာ ပရိတ်သတ်တွေရဲ့ ဝေဖန်မှုကို ခံနေရပါတယ်။

    ရီဟားနာဟာ သူမထုတ်လုပ်တဲ့ အမျိုးသမီးအတွင်းခံ (lingerie) ဒီဇိုင်းအသစ်တစ်ခုကို ပြီးခဲ့တဲ့တစ်ပတ် သောကြာနေ့မှာ မိတ်ဆက်ခဲ့ပြီး ဒီဇိုင်းအတွက် ဖက်ရှင်ရှိုးပွဲ ဗီဒီယိုတစ်ခုကိုလည်း ထုတ်လွှင့်ခဲ့ပါတယ်။

    အဲဒီရှိုးပွဲရဲ့ နောက်ခံတီးလုံးမှာ Doom လို့အမည်ရတဲ့ သံစဉ်တစ်ခုကို အသုံးပြုထားပြီး သံစဉ်ထဲမှာ ကူဝိတ် တရားဟောဆရာ မစ်ရှာရီ ဘင် ရာရှစ် အလာဖာဆီ ရွတ်ဆိုထားတဲ့ တမန်တော်မိုဟာမက်ရဲ့ ဩဝါဒတော်တစ်ခု ပါဝင်နေတာ ဖြစ်ပါတယ်။

    ဒါကို ပရိတ်သတ်တွေက သိရှိသွားပြီးတဲ့နောက် လိင်အသာပေးတဲ့ ရှိုးပွဲမှာ ဘာသာတစ်ခုရဲ့ ဓမ္မစာပေကို အသုံးပြုတာဟာ မလေးမစားလုပ်ရာရောက်တယ်ဆိုပြီး ရီဟားနားအပေါ် ဝေဖန်မှုတွေ ရှိလာပါတယ်။

    Doom သံစဉ်ကို လန်ဒန်အခြေစိုက် ဂီတပညာရှင် Coucou Chloe က ဖန်တီးထားတာဖြစ်ပြီး ဝေဖန်မှုတွေ ပေါ်လာပြီးတဲ့နောက်မှာ သူက Twitter စာမျက်နှာကနေ ပြန်လည်တောင်းပန်ခဲ့ပါတယ်။

    “ကျွန်ရဲ့ Doom သံစဉ်မှာ အသုံးပြုထားတဲ့ အသံတစ်ခုအတွက် စိတ်ထိခိုက်စရာဖြစ်​စေတယ်ဆိုရင် ကျွန်မ တောင်းပန်ပါတယ်။ အွန်လိုင်းမှာတွေ့တဲ့ Baile Funk သံစဉ်ကို အသုံးပြုပြီး ဖန်တီးထားတာပါ။ အစ္စလာမ်ဓမ္မစာပေ သုံးထားတယ်ဆိုတာ ကျွန်မ အဲဒီတုန်းက မသိလိုက်ပါဘူး”

    သေသေချာချာ မလေ့လာမစူးစမ်းဘဲနဲ့ အသုံးပြုမိတဲ့အတွက် မိမိမှာသာလျှင် တာဝန်ရှိကြောင်း၊ ရှင်းလင်းပြောပြပေးတဲ့သူတွေကို ကျေးဇူးတင်ပြီး အွန်လိုင်းပလက်ဖောင်းအားလုံးကနေ ဒီသံစဉ်ကို ဖယ်ရှားဖို့ စီစဉ်နေကြောင်းလည်း Coucou Chloe က ထည့်သွင်းရေးသားခဲ့ပါတယ်။

    အသက် ၃၂ နှစ်အရွယ် အဆိုတော်ရီဟားနားဟာ မတူကွဲပြားမှုတွေကို လက်ခံအလေးထားတဲ့နေရာမှာ ချီးကျူးခံထားရသလို၊ လုပ်ရပ်တစ်ချို့အတွက်လည်း ဝေဖန်ခံရသူတစ်ဦး ဖြစ်ပါတယ်။

    ၂၀၁၇ ခုနှစ် Fenty Beauty အလှကုန်မိတ်ဆက်ပွဲမှာ ဟီဂျဘ်ခေါင်းဆောင်ပုဝါဝတ် မော်ဒယ်တစ်ဦးကို ရီဟာနားက ထည့်သွင်းပေးခဲ့ပြီး၊ ပြီးခဲ့တဲ့နှစ် Fenty ရဲ့ နေကာမျက်မှတ် မိတ်ဆက်ပွဲမှာလည်း ဟီဂျဘ်ဝတ် မော်ဒယ်တစ်ဦးကို ထည့်သွင်းအသုံးပြုခဲ့ပါတယ်။

    ၂၀၁၃ ခုနှစ် ယူအေအီးခရီးစဉ်မှာ အဘူဒါဘီက ရှိခ်ဇေယဒ်ဂျာမေဗလီကို သွားရောက်လည်ပတ်စဉ်အတွင်း ဗလီပရုဝုဏ်အတွင်း မသင့်လျော်တဲ့ ကိုယ်နေဟန်ထားတဲ့ ဓာတ်ပုံရိုက်ခဲ့မှုကြောင့် လုံခြုံရေးတွေက ဗလီအတွင်းထဲ ဝင်ရောက်ခွင့် မပေးခဲ့ပါဘူး။

    Ref: Middle East Eyes

  • ကမ္ဘာပေါ်တွင် လူ သန်း ၇၀၀ ကျော် ကိုဗစ်ကူးစက်ခံထားရသည်ဟု WHO သုံးသပ်

    ကမ္ဘာပေါ်တွင် လူ သန်း ၇၀၀ ကျော် ကိုဗစ်ကူးစက်ခံထားရသည်ဟု WHO သုံးသပ်

    အောက်တိုဘာ ၆၊ ၂၀၂၀
    M-Media

    -သန်းပေါင်း ၇၈၀၀ လောက်ရှိတဲ့ ကမ္ဘာ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းဟာ Covid-19 ရောဂါ ကူးစက်ခံထားရနိုင်တယ်လို့ လေ့လာမှုမှာ တွေ့ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မနေ့မှာ ပြောကြားလိုက်ပါတယ်။

    လက်ရှိ မှတ်တမ်းတွေအရ ကမ္ဘာတစ်၀ှမ်း လူပေါင်း ၃၅.၂ သန်း ရောဂါကူးစက်ခံခဲ့ရပြီး သေဆုံးသူကတော့ ၁ သန်းကျော် ရှိလာပါတယ်။

    WHO ရဲ့ မနေ့ကအစည်းအဝေးမှာ အဖွဲ့ရဲ့ အရေးပေါ် ဆိုင်ရာ အကြီးအကဲ မိုက် ရိုင်ယန်က ဥရောပ၊ အရှေ့တောင်အာရှ၊ အာဖရိကနဲ့ ပစိဖိတ်အနောက်ခြမ်းတို့မှာ ကူးစက်မှု၊ သေဆုံးမှု များလာတာတွေကို ထောက်ပြခဲ့ပြီး ကိုဗစ်ဟာ ကမ္ဘာ့လူသားထုအတွက် အန္တရာယ်ရှိနေတုန်းပဲလို့ သတိပေးခဲ့ပါတယ်။

    “ကျွန်တော်တို့ရဲ့ လက်ရှိ တွက်ချက်မှုအရဆိုရင် ကမ္ဘာ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းလောက် ဒီဗိုင်းရပ်စ်ကူးထားတယ်ဆိုတာ တွေ့ခဲ့ရပါတယ်”

    ကူးစက်မှုဟာ ထပ်မံမြင့်တက်လာဖို့ရှိနေပေမယ့် ကမ္ဘာကြီးမှာ ဒီကူးစက်မှုကို နှိမ်နှင်းမယ့် နည်လမ်းတွေရှိနေကြောင်း၊ အားလုံးပူးပေါင်းပြီး ဒီနည်းလမ်းတွေကို ဘယ်လို မြှင့်တင်အသုံးပြုနိုင်မလဲဆိုတာနဲ့ တစ်ခြားသူတွေကို ဘယ်လိုမျှ၀ေရမလဲဆိုတဲ့အပေါ်မှာ မူတည်ကြောင်း ရိုင်ယန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မနေ့က WHO အစည်းအဝေးမှာ ကိုဗစ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ မျှ၀ေခြင်းမပြုတဲ့ တရုတ်ရဲ့လုပ်ရပ်ကို အမေရိကန်က ၀ေဖန်ခဲ့ပြီး တရုတ်ကတော့ မိမိတို့ဟာ ကမ္ဘာကြီးနဲ့ ပွင့်လင်းမြင်သာမှုရှိစွာ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref : Aljazeera

  • အင်္ဂါနေ့ ဘောလုံးသတင်းများ

    အင်္ဂါနေ့ ဘောလုံးသတင်းများ

    အောက်တိုဘာ ၆၊ ၂၀၂၀
    M-Media

    ပါတေးကို အာဆင်နယ်က ခေါ်ယူခဲ့မှုအတွက် အက်သလက်တီကို ဒေါသထွက်

    အသက် ၂၇ နှစ်အရွယ် ဂါနာကွင်းလယ်လူ သောမတ်စ် ပါတေးကို အာဆင်နယ်အသင်းက ခေါ်ယူသွားမှုအတွက် အက်သလက်တီကိုမက်ဒရစ်အသင်းက မကျေမနပ်ဖြစ်နေပြီး၊ နည်းပြ ဆီမြွန်နီလည်း ဒေါသအိုး ပေါက်ကွဲခဲ့တယ်လို့ သတင်းတွေ ထွက်လာပါတယ်။

    ၂၀၂၃ ခုနှစ်အထိ သက်တမ်းရှိနေတဲ့ ပါတေးကို လာလီဂါစည်းမျဉ်းအရ လျော်ကြေးပေးကာ ပေါင် ၄၅ သန်းနဲ့ အာဆင်နယ်က မနေ့မှာ ခေါ်ယူခဲ့တာပါ။

    အက်သလက်တီကိုက ကစားသမားဟာ စာချုပ်ကို တစ်ဖက်သက်ရပ်ဆဲသွားတာ ဖြစ်တယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    အာဆင်နယ်နည်းပြ အာတီတာက အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ကြည့်ပြီးတဲ့နောက် ဒီလို အဆင်မြင့်ကစားသမားတစ်ဦးကို ခေါ်ယူနိုင်ခဲ့တဲ့အတွက် ကျေနပ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

    ပိုချက်တီနိုကို မန်ယူက ဆက်သွယ်နေသည်ဟု သတင်းထွက်

    လက်ရှိ အသင်းလက်မဲ့ဖြစ်နေတဲ့ စပါးနည်းပြဟောင်း ပိုချက်တီနိုကို ခေါ်ယူဖို့ မန်ယူက ဆက်သွယ်နေတယ်လို့ ကောလဟာလ ထွက်လာပါတယ်။

    ရာသီအစ အသင်းရဲ့စွမ်းဆောင်ရည်ကို မန်ယူတာဝန်ရှိသူတွေက မနှစ်မြို့ဘဲ ပိုမိုတိုးတက်တာမျိုး မြင်ချင်နေတာပါ။ အမှုဆောင် ဒုတိယဥက္ကဌ အဒ်ဝုဒ်ဝါ့ဒ်ဟာ ပိုချက်တီနိုကို အလွန်ကြိုက်နှစ်သက်သူတစ်ဦး ဖြစ်ပါတယ်။

    အသက် ၄၈ နှစ်အရွယ် ပိုချက်တီနိုဟာ စပါးအသင်းက ထွက်ခွာခဲ့ပြီးနောက်ပိုင်း အသင်းကြီးတစ်ချို့က ကမ်းလှမ်းမှုကို ပယ်ချထားသူပါ။ အခွင့်အရေးရရင် မန်ယူကို နည်းပြချင်တယ်လို့ တရားဝင် ထုတ်ဖော်ပြောဆိုထားဖူးပါတယ်။

    ပရီးမီးယားလိဂ်၏ နွေရာသီအပြောင်းအရွှေ့စားရိတ် ပြီးခဲ့သည့်နှစ်ကထက် လျော့ကျ

    ပရီးမီးယားလိဂ်ရဲ့ အခုနှစ်နွေရာသီအပြောင်းအရွှေ့ သုံးစွဲမှုဟာ ပေါင် ၁.၂၁၈ ဘီလီယံရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကထက် ပေါင် ၁၅၈ သန်း လျော့သွားတာပါ။

    ဒါပေမယ့် ဥရောပ ဘောလုံးပြိုင်ပွဲတွေမှာ အပြောင်းအရွှေ့အတွက် ငွေကြေးအများဆုံးသုံးတဲ့ လိဂ်တစ်ခုအဖြစ် ရပ်တည်နေဆဲဖြစ်ပါတယ်။

    မနေ့က အပြောင်းအရွှေ့နောက်ဆုံးနေမှာ ပရီးမီးယားလိဂ်အသင်းတွေဟာ ကစားသမား ၁၂ ဦးအထိ ခေါ်ယူခဲ့ပါတယ်။

    ဥရောပက ဘောလုံးပြိုင်ပွဲအားလုံးဟာ အခုနှစ်မှာ ကစားသမားတွေခေါ်ယူမှု နည်းခဲ့ပြီး ကိုဗစ်ကပ်ရောဂါကြောင့်ဖြစ်တယ်လို့ ဘောလုံးကျွမ်းကျင်သူတွေ ကသုံးသပ် ခဲ့ပါတယ်။

    Ref: BBC