News @ M-Media

Blog

  • လူမည်းတစ်ဦးကို ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် အမေရိကန်တွင် လူထုအုံကြွမှု ထပ်ဖြစ်

    လူမည်းတစ်ဦးကို ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် အမေရိကန်တွင် လူထုအုံကြွမှု ထပ်ဖြစ်

    ဩဂုတ် ၂၆၊ ၂၀၂၀
    M-Media

    -အမေရိကန်ပြည်ထောင်စု ၀စ်ကွန်စင်ပြည်နယ်မှာ လူမည်းတစ်ဦးကို ရဲတပ်ဖွဲ့က ပစ်ခတ်ပြီးနောက်ပိုင်း ဆန္ဒပြမှုတွေ ၃ ရက်ဆက် ဖြစ်ပွားကာ နောက်ထပ် လူသေဆုံးမှုတွေလည်း ရှိလာပါတယ်။

    နိုင်ငံတောင်ပိုင်း မြို့ငယ်လေးကီနိုရှာက မနေ့ကဆန္ဒပြမှုမှာ ဆန္ဒပြသူအချင်းချင်း ပစ်ခတ်မှုကြောင့် အနည်ဆုံး တစ်ဦး သေဆုံးခဲ့ပါတယ်။ ဒီပစ်ခတ်မှုဟာ လက်နက်ကိုင်ပြီး ဓာတ်ငွေ့ဆိုင်တစ်ခုကို စောင့်ကြပ်နေတဲ့ ပြည်သူ့စစ်ဆိုတဲ့အဖွဲ့နဲ့ ဆန္ဒပြသူတွေအကြား ဖြစ်ပွားတာမျိုးလားဆိုတာကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။

    ကီနိုရှာမြို့မှာ တနဂ်နွေနေ့က အသက် ၂၉ နှစ်အရွယ် ဘလာကီဆိုတဲ့ လူမည်းအမျိုးသားတစ်ဦးကို လူဖြူ ရဲအရာရှိတွေက သေနတ်နဲ့ အနည်းဆုံး ၇ ချက်လောက် ပစ်ခဲ့ပြီးတဲ့ နောက်ပိုင်း ဆန္ဒပြမှုတွေဖြစ်လာလို့ ၀စ်ကွန်စင်ပြည်နယ် အုပ်ချုပ်ရေးမှူးက အရေးပေါ် အခြေအနေ ကြေငြာခဲ့ရပါတယ်။

    ဘလက်ကီကို ဘာ့ကြောင့် ပစ်သတ်ခဲ့လဲဆိုတာကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ မိသားစုဝင်တွေက ဘလက်ကီဟာ ကိုယ်တစ်ပိုင်းသေသွားပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေဆဲလို့ ပြောကြားခဲ့ပါတယ်။

    ကီနိုရှာမြို့မှာ ရဲတပ်ဖွဲ့၀င်တွေ ထူထပ်စွာချထားပြီး ဆန္ဒပြသူတွေဟာ ကားတွေ၊ အဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးတာကြောင့် ရဲတပ်ဖွဲ့ကအင်အားသုံးကာ နှိမ်နှင်းမှုတွေလည်း ရှိနေပါတယ်။

    ပြီးခဲ့တဲ့မေလတုန်းကလည်း မင်နီယာပိုလစ်မြို့မှာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုအတွင်း အသက် ၄၅ နှစ်အရွယ် လူမည်းအမျိုးသား ဂျော့ဂျ်ဖလွိုက် သေဆုံးခဲ့ပြီးတဲ့နောက် နိုင်ငံတစ်ဝှမ်း အကြီးအကျယ် ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

    Ref: Aljazeera

  • သမိုင်းဝင် သဘောတူညီချက်ရခဲ့သည့် အစ္စရေးနှင့် ယူအေအီးတို့ မကျေမလည် စဖြစ်

    သမိုင်းဝင် သဘောတူညီချက်ရခဲ့သည့် အစ္စရေးနှင့် ယူအေအီးတို့ မကျေမလည် စဖြစ်

    ဩဂုတ် ၂၅၊ ၂၀၂၀
    M-Media

    ယူအေအီး အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဇယဒ် (ဝဲ) နှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (ယာ)

    -အမေရိကန်ထံကနေ F-35 တိုက်လေယာဉ်ဝယ်ယူရေး ​စီစဉ်ထားတဲ့ ဆွေးနွေးပွဲကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က ဖျက်သိမ်းလိုက်ပြီး အစ္စရေးဝန်ကြီးချုပ်ရဲ့ ကန့်ကွက်မှုကြောင့် ဖြစ်ပါတယ်။

    ယူအေအီးက တိုက်လေယာဉ်တွေဝယ်ယူရေး ကမ်းလှမ်းမှုကို သုံးသပ်နေတယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ခဲ့ပြီး၊ ကန် ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကလည်း ၆ လအတွင်း သဘောတူညီချက်ရလိမ့်မယ်လို့ ဆိုပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်လို့ ယူအေအီး၊ အမေရိကန်နဲ့ အစ္စရေးတို့ အခုတစ်ပတ်သောကြာနေ့မှာ ဆွေးနွေးဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် အစ္စရေးဝန်ကြီးချုပ် ​နေတန်ယာဟုက ဒီကိစ္စကို သူမသိဘူးလို့ ပြောကြားခဲ့သလို၊ အမေရိကန်က လွှတ်တော်အမတ်တွေနဲ့တွေ့ပြီး တားဆီးသွားမယ်လို့လည်း သူ့အစိုးရအဖွဲ့ဝင်တွေကို ပြောကြားခဲ့ကြောင်း အမေရိကန်သတင်းဌာန Axios က ဖော်ပြခဲ့ပါတယ်။

    ၃ ပွင့်ဆိုင်ဆွေးနွေးမှုကို ဖျက်ပစ်လိုက်တာဟာ အစ္စရေးရဲ့ လုပ်ရပ်ကို မကျေနပ်ကြောင်း၊ ဩဂုတ်လ ၁၃ ရက်နေ့က ရရှိခဲ့တဲ့ သမိုင်းဝင် ငြိမ်းချမ်းရေးသဘောတူညီချက်ကို ချိုးဖောက်တာဖြစ်ကြောင်း ယူအေအီးက အစ္စရေးကို ပြသချင်တာဖြစ်တယ်လို့လည်း Axios က ဆိုပါတယ်။

    F-35 တိုက်​လေယာဉ်တွေကို တောင်ကိုရီးယား၊ ဂျပန်နဲ့ အစ္စရေးတို့အပါအဝင် မဟာမိတ်နိုင်ငံတွေကို အမေရိကန်က ရောင်းချထားပါတယ်။ ဒါပေမယ့် အရှေ့အလယ်ပိုင်းမှာ အစ္စရေးက စစ်အင်အားသာလွန်ရေးဆိုတဲ့ ပေါ်လစီကြောင့် အခြားပင်လယ်ကွေ့နိုင်ငံတွေကို ရောင်းချဖို့ကိစ္စမှာ အသေအချာသုံးသပ်ဖို့ လိုအပ်နေတာပါ။

    အစ္စရေးနဲ့ တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်တဲ့ ယူအေအီးရဲ့ခြေလှမ်းမှာ အမေရိကန်ထံကနေ F-35 တိုက်လေယာဉ်တွေ ဝယ်ယူရေးကိစ္စကလည်း အဓိကအချက်တစ်ချက်အဖြစ် ပါ၀င်တယ်လို့ Axios ဝဘ်ဆိုက် ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    Ref: Aljazeera

  • တောင်အာဖရိကရှိ သမိုင်းဝင်ဗလီတစ်လုံး မီးလောင်

    တောင်အာဖရိကရှိ သမိုင်းဝင်ဗလီတစ်လုံး မီးလောင်

    ဩဂုတ် ၂၅၊ ၂၀၂၀
    M-Media

    မီးလောင်သွားခဲ့သည့် Grey Street ဗလီ

    -တောင်အာဖရိကနိုင်ငံ ကမ်းရိုးတန်း ဒါဘန်မြို့က သမိုင်းဝင် Grey Street ဗလီဝတ်ကျောင်းတော်မှာ မနေ့က မီးအ​ကြီးအကျယ်လောင်ခဲ့ပါတယ်။

    Grey Street ဗလီဟာ နှစ်ပေါင်း ၁၃၉ နှစ်သက်တမ်းရှိပြီး ကမ္ဘာ့တောင်ဘက်အခြမ်းက အကြီးဆုံး ဗလီဝတ်ကျောင်းတော်တွေထဲက တစ်လုံးလည်း ဖြစ်ပါတယ်။ မီးလောင်ရတဲ့အကြောင်းအရင်းကို တိတိကျကျ မသိရသေးပါဘူး။

    တောင်အာဖရိက မွတ်စလင်ကွန်ယက် ဥက္ကဌ ဖိုင်ဆယ် ဆူလိုင်မန်က ဗလီအပေါ်ထပ်မှာရှိတဲ့ ဗလီဝန်ထမ်းတိုက်ခန်းမှာ ဝါယာရှော့ဖြစ်တာကြောင့် မီးလောင်တယ်လို့ ယူဆရကြောင်း ပြောကြားခဲ့ပါတယ်။

    မီးသတ်တပ်ဖွဲ့ဟာ ၂ နာရီအတွင်း မီးညှိမ်းနိုင်ခဲ့ပြီး လူတွေ ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိပါဘူး။ မီးလောင်မှုကြောင့် ဗလီဘေးနားက အဆောက်အဦး ၃ ခုလည်း ပျက်ဆီးခဲ့ပါတယ်။

    Grey Street ဗလီဟာ လူပေါင်း ၇ ထောင်လောက် တစ်ပြိုင်တည်းဝတ်ပြုနိုင်ပြီး ဒါဘန်မြို့ရဲ့ အမှတ်သညာ အဆောက်အဦးတစ်ခုလည်း ဖြစ်ပါတယ်။

    ကမ္ဘာကျော် လူဖြူလူမည်းခွဲခြားမှု တိုက်ဖျက်ရေးခေါင်းဆောင် နဲလ်ဆင် မင်ဒဲလား၊ လက်ဝှေ့ကျော် မိုဟာမက် အလီ၊ အစ္စလာမ်ကိုပြောင်းလဲသက်ဝင်ခဲ့တဲ့ ​ဗြိတိသျှနာမည်ကျော်အဆိုတော် ယူစွဖ် အစ္စလာမ်တို့လည်း အဲဒီ ဗလီဝတ်ကျောင်းတော်ကို သွားရောက်လည်ပတ်ဖူးပါတယ်။

    Ref: Aljazeera

  • မြောက်ကိုရီးယားခေါင်းဆောင် ကိုးမားဖြစ်နေသည်ဟု သတင်းထွက်

    မြောက်ကိုရီးယားခေါင်းဆောင် ကိုးမားဖြစ်နေသည်ဟု သတင်းထွက်

    သြဂုတ် ၂၄၊ ၂၀၂၀
    M-Media

    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ဟာ သတိလစ်မေ့မြောတဲ့အဆင့်ကို ရောက်နေပြီး တိုင်းပြည်ကို ညီမနဲ့ အနီးကပ်အကြံပေးတွေက စီမံနေတယ်လို့ တောင်ကိုရီးယား မီဒီယာတွေက ရေးသားဖော်ပြခဲ့ပါတယ်။

    ကင်ဂျုံအွန်ကို လူမြင်ကွင်းမှာ နောက်ဆုံးတွေ့ရတာက လွန်ခဲ့တဲ့ ၃ ရက် ကြာသာပေတးနေ့မှာဖြစ်ပြီး အလုပ်သမားပါတီ ဗဟိုကော်မတီရဲ့ အစည်းအ၀ေးကို တက်ရောက်ခဲ့တာပါ။

    တောင်ကိုရီးယားသမ္မတဟောင်း ကင်မ်ဒေဂျွန်ရဲ့ အကြံပေး ဖြစ်ခဲ့ဖူးသူ ချန်ဆွန်မင်က ကင်ဂျုံအွန်ဟာ ကိုးမားအခြေအနေကို ရောက်နေပြီး သူ့ကိုဆက်ခံမယ့် အဖွဲ့ကို မဖွဲ့ရသေးကြောင်း မနေ့က မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

    တောင်ကိုရီးယား နာမည်ကြီး သတင်းဌာန Yonhap က ကင်ဂျုံအွန်ဟာ ညီမဖြစ်သူ ကင်ယိုဂျွန်နဲ့ အနီးကပ်အကြံပေးတွေကို အဖွဲ့တစ်ခုဖွဲ့ကာ တိုင်းပြည်ကို စီမံဖို့ တာ၀န်ပေးခဲ့ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီ ရင်းမြစ်ကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

    မေလတုန်းကလည်း ကင်ဂျုံအွန် သေဆုံးသွားပြီဆိုတဲ့ သတင်းတွေထွက်ခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်ဟာ ရောဂါကြောင့် လူမြင်ကွင်းကနေ ရက် ၂၀ ကြာ ပျောက်ကွယ်သွားပြီးတဲ့နောက် နောက်ပိုင်းမှာ ပြန်ပေါ်လာခဲ့ပါတယ်။

    Ref: Alarabiya

  • ခရိုက်ချက်ဗလီများကို အကြမ်းဖက်ခဲ့သည့် လူဖြူအစွန်းရောက်ကို နယူးဇီလန်က အမိန့်ချမည်

    ခရိုက်ချက်ဗလီများကို အကြမ်းဖက်ခဲ့သည့် လူဖြူအစွန်းရောက်ကို နယူးဇီလန်က အမိန့်ချမည်

    ဩဂုတ် ၂၄၊ ၂၀၂၀
    M-Media

    တိုက်ခိုက်ခံရပြီးနောက် ဗလီရှေ့မြင်ကွင်း

    -၂၀၁၉ ခုနှစ် မတ်လက နယူးဇီလန်နိုင်ငံ ခရိုက်ချက်မြို့က ဗလီနှစ်လုံးကို အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ လူဖြူအစွန်းရောက်ဟာ အစ္စလာမ်ဘာသာ၀င်တွေကို တတ်နိုင်သမျှသတ်ဖြတ်ဖို့ စီစဥ်ခဲ့တာ ဖြစ်တယ်လို့ အစိုးရရှေ့နေတွေက တရားရုံးမှာ ပြောကြားခဲ့ကြပါတယ်။

    အဲဒီလူဖြူအစွန်းရောက် သြစတေးလျနိုင်ငံသား အသက် ၂၉ နှစ်အရွယ် ဘရန်တန် တားရန့်ဆိုသူဟာ လူသတ်မှု ၅၁ မှု၊ လူသတ်ရန်ကြိုးစားမှု ၄၀ မှုနဲ့ တရားစွဲဆိုခံထားရပြီး အမိန့်ချမယ့် နောက်ဆုံးကြားနာမှုတွေကို ဒီနေ့မှာ စတင်ပြုလုပ်မှာ ဖြစ်ပါတယ်။

    အစိုးရရှေ့နေ ဘာရ်နာဘီ ဟာ၀ီစ်က တားရန့်ဟာ တိုက်ခိုက်မှု ပြုလုပ်ဖို့အတွက် နှစ်နဲ့ချီစီစဥ်ခဲ့တာဖြစ်ပြီး အစ္စလာမ်ဘာသာ၀င်တွေကို တတ်နိုင်သမျှ များများသတ်ဖို့ ရည်ရွယ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    တိုက်ခိုက်မယ့် ဗလီတွေအကြောင်း သတင်းအချက်လက်တွေ စုဆောင်းခဲ့သလို ဒရုန်းနဲ့ ပျံသန်းကာ ပစ်မှတ်အနေအထားတွေကိုလည်း တားရန့်က ကြည့်ရှုခဲ့ပါတယ်။

    ခရိုက်ချက်မြို့က အလ်-နူရ်ဗလီနဲ့ လင်၀ုဒ်ဗလီတို့ကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အက်ရှ်ဘာတန်ဆိုတဲ့ နောက်ထပ်ဗလီတစ်လုံးကို သွားရောက်တိုက်ခိုက်ဖို့လည်း တားရန့်က စီစဥ်ထားပြီး တိုက်ခိုက်မှုပြီးရင် ဗလီတွေကိုး မီးရှို့ဖို့အထိပါ ရည်ရွယ်ထားတာပါ။

    တားရန့်ရဲ့ ဗလီနှစ်လုံးကို တိုက်ခိုက်မှုအတွင်း ကလေးနဲ့ အမျိုးသမီးတွေ အပါအ၀င် ၅၁ ဦးသေဆုံးပြီး ၆၀ ကျော်လောက် ဒဏ်ရာရခဲ့ပါတယ်။

    တရားရုံးက တားရန့်မှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ထားပြီး ၃ ရက်ကြာမြင့်မယ့် ဒီတစ်ပတ် ကြားနာမှုမှာ အမိန့်ချမှတ်မှာပါ။

    နယူးဇီလန်မှာ အမြင့်ဆုံး ထောင်ဒဏ် ၁၇ နှစ်သာ သတ်မှတ်ထားပေမယ့် တရားသူကြီးတွေမှာ တစ်သက်တစ်ကျွန်း ချမှတ်နိုင်တဲ့ အခွင့်အာဏာ ရှိနေပါတယ်။

    လူဖြူအစွန်းရောက် ဘရန်တန် တားရန့်ဟာ လွတ်ငြိမ်းချမ်းသာခွင့်မရတဲ့ ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

    Ref: Aljazeera