News @ M-Media

Blog

  • တောင်တရုတ်ပင်လယ်တွင် ဒုံးကျည် ၂ စင်းပစ်ကာ အမေရိကန်ကို တရုတ်က သတိပေး

    တောင်တရုတ်ပင်လယ်တွင် ဒုံးကျည် ၂ စင်းပစ်ကာ အမေရိကန်ကို တရုတ်က သတိပေး

    ဩဂုတ် ၂၇၊ ၂၀၂၀
    M-Media


    DF-21D ဒုံးကျည်

    -လေယာဉ်တင်သင်္ဘောဖျက် ဒုံးကျည်အပါအဝင် ဒုံးကျည်နှစ်စင်းကို တောင်တရုတ်ပင်လယ်မှာ တရုတ်က ပစ်ခတ်ခဲ့ပြီး လေယာဉ်မပျံသန်းရဇုန်မှာ အမေရိကန်ရဲ့ လေကြောင်းလှုပ်ရှားမှုတွေကို တုန့်ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။

    တာလတ်ပစ် ဒုံးကျည်တွေဖြစ်တဲ့ DF-26B နဲ့ DF-21D တွေကို ဗုဒ္ဓဟူးနေ့က
    ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ပါရာဆဲလ်ကျွန်းနဲ့ ဟိုင်နန်ပြည်နယ် အကြားက ရေပြင်ကို ပစ်ခတ်ခဲ့တယ်လို ဟောင်ကောင်အခြေစိုက် South China Morning Post က ဒီကနေ့မှာ ဖော်ပြပါတယ်။

    မိုင် ၂၈၀၀ အကွာအဝေးအထိ ပစ်ခတ်နိုင်တဲ့ DF-26B ဒုံးကျည်ဟာ ပင်လယ်ထဲက ရွေ့လျားနေတဲ့ ပစ်မှတ်တွေကို ပစ်ခတ်နိုင်စွမ်းရှိတဲ့အတွက် ‘လေယာဉ်တင်သင်္ဘောခွင်းဒုံး’ လို့ အမည်ပေးခြင်း ခံထားရပါတယ်။ တရုတ်ဟာ ဒီဒုံးကျည်ကို အခုလအစောပိုင်းမှာ တရားဝင်ထုတ်ပြခဲ့တာပါ။

    အင်္ဂါနေ့ တရုတ်ရေတပ်က ကျည်အစစ်နဲ့ စစ်​ရေးလေ့ကျင့်နေစဉ် အမေရိကန်ရဲ့ U-2 ထောက်လှမ်းရေးလေယာဉ်ဟာ လေယာဉ်မပျံသန်းရဇုန်ထဲကို ဝင်ရောက်ပျံသန်းလာတယ်လို့ တရုတ်ဖက်က စွပ်စွဲထားပြီး မိမိတို့ရဲ့ စစ်ရေးလေ့ကျင်မှုကို ဆိုးဆိုးရွားရွား နှောက်ယှက်တာဖြစ်တယ်လို့ ယူကေဆိုင်ရာ တရုတ်သံအမတ် လျိုရှောင်မင်းက ပြောကြားခဲ့ပါတယ်။

    အမေရိကန်က ကာကွယ်ရေးဝန်ကြီး မာ့ခ် အက်စ်ပါက တရုတ်ဟာ နိုင်ငံတကာဥပဒေတွေကို လိုက်နာမယ်ဆိုတဲ့ ကတိကဝတ်တွေကို အကြိမ်ကြိမ်ကြိုးဖောက်ပြီး ​အရှေ့တောင်အာရှမှာ အင်အားချဲ့ထွင်လာပုံရတယ်လို့ တရုတ်ရဲ့ မနေ့က ဒုံးကျည်ပစ်ခတ်မှုနဲ့ပတ်သက်ပြီး တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ကျိုလီကျန်းကလည်း ထောက်လှမ်းရေးလေယာဉ် ပျံသန်းမှုဟာ ရန်စမှုတစ်ခုဖြစ်ပြီး ဒီလိုလုပ်ရပ်မျိုး ရပ်တန့်ဖို့ အမေရိကန်ကို တိုက်တွန်းကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ဗလီကို အကြမ်းဖက်သည့် လူဖြူအစွန်းရောက်ကို နယူးဇီလန်က ထောင်တစ်သက်ချ

    ဗလီကို အကြမ်းဖက်သည့် လူဖြူအစွန်းရောက်ကို နယူးဇီလန်က ထောင်တစ်သက်ချ

    ဩဂုတ် ၂၇၊ ၂၀၂၀
    M-Media

    အကြမ်းဖက်တိုက်ခိုက်ခံရသည့် အလ်-နူရ် ဗလီဝတ်ကျောင်းတော်

    -ခရိုက်ချက်မြို့က ဗလီနှစ်လုံးကို အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ လူဖြူအစွန်းရောက်ကို နယူးဇီလန်နိုင်ငံက လွတ်ငြိမ်းချမ်းသာခွင့်မရှိတဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ပြီး ဒါဟာ နိုင်ငံသမိုင်းမှာ အပြင်းထန်ဆုံး အပြစ်ပေးမှုလည်း ဖြစ်ပါတယ်။

    ဩစတေးလျနိုင်ငံသား အသက် ၂၉ နှစ်အရွယ်ရှိ ဘရန်တန် တားရန့်ဆိုသူဟာ ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့က ခရိုက်ချက်မြို့ ဗလီနှစ်လုံးမှာ ဝတ်ပြုသူတွေကို ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ၅၁ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြပါတယ်။ အဲဒီနောက် လူသတ်မှု ၅၁ မှု၊ လူသတ်ရန်ကြိုးပမ်းမှု ၄၀၊ အကြမ်းဖက်မှု ၁ မှုနဲ့ စွဲချက်တင်ခံခဲ့ရပြီး ဒီကနေ့မှာ တရားရုံးက အမိန့်ချခဲ့တာပါ။

    တရားသူကြီး ကင်မရွန်းမန်ဒါက တားရန့်ဟာ သူကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုအတွက် နောင်တမရတာကြောင့် တစ်သက်တစ်ကျွန်းပြစ်ဒဏ်ဟာ မလုံလောက်ဘူးလို့ အမိန့်ချမှတ်မှုမှာ ပြောကြားခဲ့ပါတယ်။

    “မင်းဟာ အင်မတန်ဆိုးရွားတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်။ သေတဲ့အထိ ထောင်ထဲမှာ နေရတယ်ဆိုရင်တောင်မှ မင်းရဲ့အပြစ်အတွက် လုံလောက်တဲ့ပြစ်ဒဏ်မျိုး၊ လုံလောက်တဲ့ ရှုတ်ချမှုမျိုး မဟုတ်သေးပါဘူး။ ငါသတိထားမိသလောက်ဆိုရင် မင်းဟာ သေဆုံးဒဏ်ရာရသူတွေအပေါ်မှာ စာနာသနားစိတ် နည်းနည်းတောင် မရှိဘူး”

    တားရန့်​ဟာ ဗလီတွေကို အကြမ်းဖက်တိုက်ခိုက်ဖို့ နှစ်နဲ့ချီ စီစဉ်ခဲ့တာဖြစ်ပြီး အစ္စလာမ် ဘာသာဝင်တွေကို တတ်နိုင်သမျှ များများသတ်ဖြတ်ဖို့၊ ဗလီတွေကို မီးရှို့ဖျက်ဆီးဖို့အထိပါ ရည်ရွယ်ခဲ့တယ်ဆိုတာကို ကြားနာမှုမှာ တွေ့ခဲ့ရပါတယ်။

    “လူ့အဖွဲ့အစည်းတစ်ခုကို ရန်လိုမှုကနေပေါ်လာတဲ့ အမုန်းတရားကြောင့် ဒီနိုင်ငံကိုလာပြီး လူသတ်မှု ကျူးလွန်တယ်။ ဒီလုပ်ရပ်မျိုးအတွက် ဒီနိုင်ငံမှာ နေရာမရှိသလို တစ်ခြား ဘယ်နိုင်ငံမှာမှလည်း နေရာမရှိပါဘူး” လို့ တရားသူကြီး မန်ဒါက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါ အာရ်ဒန်က လူဖြူအစွန်းရောက်တားရန့် နေရောင်ကို ဘယ်တော့မှ မြင်ရမှာ မဟုတ်တော့တဲ့အတွက် ကျေနပ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

    “မတ်လ ၁၅ ရက်နေ့က​ ဖြစ်ခဲ့တဲ့ စိတ်ဒဏ်ရာကို လွယ်လွယ်နဲ့ ကုစားလို့ရမှာ မဟုတ်ပါဘူး။ အနည်းဆုံး ဒါကို ကျူးလွန်လိုက်တဲ့ အကြမ်းဖက်သမားရဲ့ အမည်ကို ဘယ်တော့မှ ထပ်ပြီး ကြားရတေ့မှာ မဟုတ်တော့ပါဘူး။ တစ်သက်လုံး မျက်စိပိတ်နားပိတ် နေရမယ့်ဘ၀နဲ့ သူဟာ ထိုက်တန်ပါတယ်”

    သေဆုံးသူတွေ၊ ထိခိုက်ခံစားရသူတွေရဲ့ မိသားစုဝင်တွေထဲက တစ်ချို့က တားရန့်ကို ခွင့်လွှတ်တယ်လို့ တရားရုံးမှာ လာရောက်ပြောကြားခဲ့ကြပါတယ်။

    ဒီကိစ္စအပေါ် မွတ်စလင်လူ့အဖွဲ့အစည်းရဲ့ တုန့်ပြန်မှုကိုလည်း ဝန်ကြီးချုပ်က ချီးကျူးခဲ့ပါတယ်။

    “နာကျင်ခံစားရမှုတွေကို ဘာနဲ့မှ ဖြေဖျောက်လို့ မရပါဘူး။ နယူးဇီလန်ရဲ့ ပွေ့ဖက်နှစ်သိမ့်မှုကို ဒီကိစ္စကနေ ရှိခံစားရမယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ နောင်အနာဂတ်မှာလည်း ဒီအတိုင်း ဆက်လက်ခံစားရမှာပါ”

    အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ အလ်နူရ် ဗလီဝတ်ကျောင်းတော်ရဲ့ ရှေ့ဆောင်အီမာမ် ဂမာလ် ဖူဒါက ဆုံးရှုံးသွားခဲ့တဲ့ ချစ်ရသူတွေကို ပြစ်ဒဏ်က ပြန်လည်ဆောင်ကျဉ်းလာမှာ မဟုတ်ပေမယ့် အစွန်းရောက်ဝါဒအပေါ် နယူးဇီလန်ရဲ့ တုန့်ပြန်မှုအတွက် ဂုဏ်ယူတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ဆေးပစ္စည်း လိုအပ်ချက်၏ ၇၀ ရာခိုင်နှုန်းကို ပြည်တွင်း၌ ထုတ်လုပ်ရန် အင်ဒိုနီးရှား စီစဉ်

    ဆေးပစ္စည်း လိုအပ်ချက်၏ ၇၀ ရာခိုင်နှုန်းကို ပြည်တွင်း၌ ထုတ်လုပ်ရန် အင်ဒိုနီးရှား စီစဉ်

    ဩဂုတ် ၂၆၊ ၂၀၂၀
    M-Media

    အင်ဒိုနီးရှား ဆေးရုံတစ်ခုမှ မြင်ကွင်း

    -ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုမှာ ကိုယ့်အားကိုယ်ကိုးနိုင်ရေးအတွက် ဆေးဘက်ဆိုင်ရာပစ္စည်း ၇၀ ရာခိုင်နှုန်းကို ပြည်တွင်းမှာပဲ ထုတ်လုပ်ဖို့ ရည်မှန်းဆောင်ရွက်နေတယ်လို့ အင်ဒိုနီးရှားက ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    လက်ရှိ အင်ဒိုနီးရှားဟာ ကျန်းမာရေးနဲ့ စားနပ်ရိက္ခာ ဖူလှုံရေးမှာ နိုင်ငံရပ်ခြားက တင်သွင်းတဲ့ ပစ္စည်းတွေကို မှီခိုနေရတာပါ။

    ဆေးဝါးပစ္စည်း ၉၀ ရာခိုင်နှုန်းကို နိုင်ငံရပ်ခြားကနေ တင်သွင်းနေရတဲ့အတွက် ပြည်တွင်မှာပဲ ထုတ်လုပ်နိုင်အောင် စီစဉ်နေတယ်လို့ ရေကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ကြီး လူဟတ် ပန်ဂျိုင်တန်က မနေ့က မီဒီယာတစ်ခုကို ပြောကြားခဲ့ပါတယ်။

    “ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေရဲ့ ၇၀ ရာခိုင်နှုန်းကို အင်ဒိုနီးရှာမှာပဲ ထုတ်လုပ်နိုင်အောင် ပစ်မှတ်ထား ဆောင်ရွက်နေပါတယ်”

    Covid-19 ဒဏ်ကို ခံစားနေရတဲ့ အင်ဒိုနီးရှားမှာ အခြေခံ ဆေးဝါပစ္စည်းတွေ မပြည့်မစုံဖြစ်တဲ့ ပြဿနာကို ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

    သမ္မတ ဂျိုကို ဝီဒိုဒိုက မိမိတို့ဟာ တစ်လအတွင်း PPE ဝတ်စုံ ၁၇ သန်းလောက်ကို ထုတ်လုပ်နိုင်စွမ်း ရှိလာပြီလို့ ဇွန်လမှာ ပြောကြားခဲ့ပါတယ်။ ဒါဟာ နိုင်ငံအတွင်း လိုအပ်တဲ့ အရေအတွက် ၅ သန်းထက် ပိုများတဲ့ ပမာဏလည်း ဖြစ်ပါတယ်။ အင်ဒိုနီးရှား အင်ဂျင်နီယာအဖွဲ့ တစ်ခုကလည်း စျေးသက်သာတဲ့ အသက်ရှုစက်ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။

    ဝန်ကြီး ပန်ဂျိုင်တန်က စားနပ်ရိက္ခာ ထုတ်လုပ်ရာမှာလည်း အင်ဒိုနီးရှားဟာ ကိုယ့်အားကိုယ်ကိုးနိုင်ဖို့ လိုအပ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှရဲ့ စီးပွားရေးအကြီးမားဆုံးနိုင်ငံ ဖြစ်ပါတယ်။

    Ref: CNA

  • ကမ္ဘာ့အမြန်ဆုံးလူသား အူစိန်ဘော့တွင် ကိုရိုနာဗိုင်းရပ်စ်တွေ့

    ကမ္ဘာ့အမြန်ဆုံးလူသား အူစိန်ဘော့တွင် ကိုရိုနာဗိုင်းရပ်စ်တွေ့

    သြဂုတ် ၂၆၊ ၂၀၂၀
    M-Media

    ကမ္ဘာ့အမြန်ဆုံးလူသား အူစိန်ဘော့

    -ကမ္ဘာ့အမြန်ဆုံးလူသားလို့ အမည်ပေးခံရတဲ့ ဂျမေကာအပြေးသမား အူစိန်ဘော့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေကြောင်း တွေ့ခဲ့ရပါတယ်။

    ဘော့ဟာ ပြီးခဲ့တဲ့တစ်ပတ်က ၃၄ နှစ်ပြည့် မွေးနေ့ပါတီ ကျင်းပခဲ့ပြီးတဲ့နောက် စနေနေ့မှာ ကိုရိုနာစစ်ခဲ့ပြီး သီးသန့်နေထိုင်နေတာပါ။

    သူ့ရဲ့အးဂျင့် ရစ်ကီ ဆင်မ်က ဘော့မှာ ကိုရိုနာဗိုင်းရပ်စ်ရှိကြောင်း တွေ့ခဲ့ရပေမယ့် ရောဂါလက္ခဏာ မပြသဘူးလို့ ပြောကြားခဲ့ပါတယ်။

    ဂျမေကာ ၀န်ကြီးချုပ် အန်ဒရူးဟိုလ်နက်စ်က အူစိန်ဘော့ရဲ့ မွေးနေ့ပါတီ ကျင်းပမှုအတွက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂၀၁၇ ခှနှစ်မှာ အပြေးလောကကနေ အနားယူခဲ့တဲ့ ဘော့ဟာ အိုလံပစ်ချန်ပီယံ ၈ ကြိမ်၊ ကမ္ဘာ့ချန်ပီယံ ၁၁ ကြိမ် ဖြစ်ခဲ့သူပါ။

    ကမ္ဘာ့နံပါတ် ၁ တင်းနစ်ကစားသမား နိုဗက် ဂျိုကိုဗစ်၊ ဘာစီလိုနာဘောလုံးအသင်း အလယ်တန်းလူ ပဂျာနစ်တို့ အပါအ၀င် ကမ္ဘာ့အားကစားလောကကထိပ်တန်းကစားသမားအချိုးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ခံခဲ့ရပါတယ်။

    Ref; BBC

  • မြန်မာစစ်တပ်နှင့်နွယ်သည့် အကောင့်များ ပေ့ချ်များ၏ အချက်အလက်ကို Facebook က ကုလသမဂ္ဂထံမျှဝေ

    မြန်မာစစ်တပ်နှင့်နွယ်သည့် အကောင့်များ ပေ့ချ်များ၏ အချက်အလက်ကို Facebook က ကုလသမဂ္ဂထံမျှဝေ

    သြဂုတ် ၂၆၊ ၂၀၂၀
    M-Media

    ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးက​ြီးမင်းအောင်လှိုင်

    -မြန်မာနိုင်ငံမှာ စစ်ရာဇ၀တ်မှုကျူးလွန်မှု ရှိ၊ မရှိ စုံစမ်းဖော်ထုတ်နိုင်ဖို့အတွက် အချက်အလက်တွေကို ကုလမသဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေထံ ပေးအပ်ခဲ့တယ်လို့ Facebook က Reuters သတင်းဌာနကို ပြောကြားလိုက်ပါတယ်။

    ရိုဟင်ဂျာတွေအပေါ် အမုန်းစကားပြောမှု တားဆီးရေး ပေါ်လစီနဲ့ ၂၀၁၈ ခုနှစ်မှာ ဖျက်ချခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ ပေ့ချ်တွေ၊ အကောင့်တွေက အချက်အလက်တွေကို Facebook က ကုလရဲ့ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM)ကို ပေးခဲ့တာပါ။

    “မြန်မာနိုင်ငံက နိုင်ငံတကာ ရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေသမျှ သက်ဆိုင်တဲ့အချက်အလက်တွေ မျှ၀ေခြင်းအားဖြင့် ပူးပေါင်းဆောင်ရွက်သွားမှာပါ” လို့ Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ်အတွင်း စစ်တပ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဟာ နိုင်ငံတကာ ခုံသမာဓိရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုမှုကို ခံထားရပါတယ်။

    ရိုဟင်ဂျာတွေကို စစ်တပ်က လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို မြန်မာအစိုးရနဲ့ စစ်တပ်တို့က ငြင်းဆိုပြီး ရဲစခန်းတွေကို ၀င်တိုက်တဲ့ စစ်သွေးကြွတွေကို ရှင်းလင်းတာသာ ဖြစ်တယ်လို့ တုန့်ပြန်ထားပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး အချက်အလက်တွေ စုဆောင်းဖို့အတွက် ကုလ လူ့အခွင့်အရေး ကောင်စီဟာ ၂၀၁၈ ခုနှစ်မှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ IIMM ကို ဖွဲ့စည်းခဲ့ပါတယ်။

    ကုလ စုံစမ်းစစ်ဆေးရေးမှူးတွေက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ အပါအ၀င် အစ္စလာမ်ဘာသာ၀င်တွေအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှုတွေမှာ Facebook က နေတစ်ဆင့် ဖြန့်၀ေတဲ့ အမုန်းစကားတွေက အဓိကကျခဲ့တယ်လို့ အရင်က ပြောကြားခဲ့ဖူးပါတယ်။၂၀၁၈ ခုနှစ်အတွင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပေ့ချ်အပါအ၀င် မြန်မာစစ်တပ်နဲ့ ဆက်နွယ်တဲ့ အကောင့် ၁၈ ခုနဲ့ ပေ့ချ် ၅၂ ခုကို Facebook က ဖျက်ချခဲ့ပါတယ်။

    ဒီအကောင့်တွေ၊ ပေ့ချ်တွေက အချက်အလက်၊ ဆက်သွယ်ပြောဆိုမှုတွေကို စုံစမ်းစစ်ဆေးသူတွေထံ ပေးအပ်ရေး ICJ မှာ ဂမ်ဘီယာနိုင်ငံရဲ့ တောင်းဆိုမှုကို Facebook က အစောပိုင်းမှာ ပယ်ချခဲ့ဖူးပါတယ်။

    IIMM အကြီးအကဲက Facebook ထံကနေ ပထမအသုတ်အဖြစ် အချက်အလက်တွေ ရရှိတယ်လို့ မနေ့က အတည်ပြုခဲ့ပါတယ်။

    Ref : Reuters