News @ M-Media

Blog

  • တစ်ပတ်အတွင်း နည်းပညာသတင်းများ

    တစ်ပတ်အတွင်း နည်းပညာသတင်းများ

    သြဂုတ် ၂၄၊ ၂၀၂၀
    M-Media

    TikTok က ကန်အစိုးရကို ဥပေဒကြောင်းဖြင့် ရင်ဆိုင်မည်

    အမေရိကန်အစိုးရကို ဥပဒေကြောင်းအရ ရင်ဆိုင်သွားမယ်ဖို့ TikTok က စီစဥ်နေပါတယ်။ ကန်ပြည်သူတွေရဲ့ အချက်အလက်တွေ တရုတ်စိုးရထံ ပေါက်ကြားမှာ စိုးရိမ်တဲ့အတွက် ထရမ့်အစိုးရက TikTok ကို ပိတ်ပင်ထားတာပါ။ ထရမ့်အစိုးရနဲ့ ညှိနှိုင်းနေတာ တစ်နှစ်လောက်ရှိနေပမယ့် ဘာမှ ထူးမလာဘူးလို့လည်း TikTok ကိုပိုင်တဲ့ တရုတ်ကုမ္ပဏီ ByteDance က ပြောပါတယ်။

    မျိုးဗီဇပြင်ထားသည့် ခြင်သန်း ၇၅၀ ကို ဖလော်ရီဒါတွင် လွှတ်မည်

    သွေးလွန်တုပ်ကွေးနဲ့ ဇီကာလိုရောဂါသယ်နိုင်တဲ့ ခြင်အရေအတွက်ကို လျော့ချပေးမယ့် မျိုးရိုးဗီဇပြင် ခြင်အကောင်ရည် သန်း ၇၅၀ လောက်ကို အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါမှာ လွှတ်ပေးတော့မှာပါ။ OX5034 လို့ ခေါ်တဲ့ အေးဒီးစ်ခြင်မှာ လူကိုကိုက်တဲ့ ခြင်အမတွေကို ကိုက်နိုင်တဲ့အရွယ်မရောက်ခင် သေဆုံးစေမယ့် ပရိုတိန်းတစ်မျိုး ပါ၀င်ပါတယ်။ ဒီခြင်တွေဟာ သဘာ၀ပတ်၀န်းကျင် ဟန်ချက်ညီမှုကို ထိခိုက်စေလိမ့်မယ်လို့ ၀ေဖန်မှုတွေရှိပေမယ့် သုတေသနအဖွဲ့နဲ့ အစိုးရတာ၀န်ရှိသူတွေက လူနဲ့ သဘာ၀ပတ်၀န်းကျင်အပေါ် အန္တရာယ်မရှိဘူးဆိုတာ စမ်းသပ်မှုအတွင်း တွေ့ရတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    Uber လုံခြုံရေးအကြီးအကဲဟောာင်းကို ကန်တရားစွဲ

    ယာဥ်မောင်းတွေ၊ အသုံးပြုသူတွေရဲ့ အချက်အလက်တွေ ပေါက်ကြားမှုကို ဖုံးကွယ်ခဲ့တဲ့ Uber လုံခြုံရေးအကြီးအကဲဟောင်း ဂျိုးဆက်ဖ် ဆူလီဗန်ကို ကန်တရားရေးဌာနက တရားစွဲဆိုလိုက်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ Uber အငှားယာဥ်လုပ်ငန်းကို အသုံးပြုသူပေါင်း ၅၇ သန်းရဲ့ အချက်အလက်တွေဟာ ဟက်ကာတွေရဲ့ ခိုးယူမှုကို ခံခဲ့ရပြီး ဆူလီဗန်လည်း ၂၀၁၇ ခုနှစ်မှာ အလုပ်ထုတ်ခံခဲ့ရပါတယ်။ ယူသွားတဲ့အချက်အလက်တွေကို ဖျက်ပစ်ဖို့အတွက် ဟက်ကာတွေကို ကန်ဒေါ်လာ ၁ သိန်း ပေးခဲ့ရတယ်လို့ Uber က ၀န်ခံခဲ့ပါတယ်။

    Source – BBC

  • အစ္စတန်ဘူလ်ရှိ နောက်ထပ်ပြတိုက်တစ်ခုကို အာဒိုဂန်အစိုးရက ဗလီအဖြစ်ပြောင်း

    အစ္စတန်ဘူလ်ရှိ နောက်ထပ်ပြတိုက်တစ်ခုကို အာဒိုဂန်အစိုးရက ဗလီအဖြစ်ပြောင်း

    ဩဂုတ် ၂၂၊ ၂၀၂၀
    M- Media

    ဗလီအဖြစ် အပြောင်းခံရသည့် Kariye ပြတိုက်

    -​အစ္စတန်ဘူလ်မြို့က သမိုင်းဝင်ပြတိုက်တစ်ခုကို ဗလီအဖြစ် ပြန်ပြောင်းဖို့ တူရကီ သမ္မတ အာဒိုဂန်က အခုရက်ပိုင်းမှာ အမိန့်ပေးလိုက်ပြီး နှစ်လအတွင် ပြတိုက်နှစ်ခုကို ဗလီအဖြစ် ပြောင်းလဲလိုက်တာပါ။

    အခု ဗလီပြောင်းလိုက်တဲ့ ပြတိုက်ဟာ အစ္စတန်ဘူလ်မြို့ရဲ့ ဥရောပဘက်ခြမ်းက Kariye ပြတိုက်ဖြစ်ပါတယ်။ ရောမတွေအုပ်စိုးချိန် ဘိုင်ဇန်တိုင်းအင်ပါယာလက်ထက် ၁၄ ရာစုမှာ အော်သိုဒေါ့စ်ဘုရားကျောင်းအဖြစ် ဆောက်လုပ်ခဲ့တဲ့ အဲဒီအ​ဆောက်အဦးကို ၁၄၅၃ ခုနှစ် အော်တိုမန်တွေက ကွန်စတီနိုပယ်မြို့ကို သိမ်းပိုက်ပြီးတဲ့နောက် ဗလီအဖြစ် ပြောင်းခဲ့တာပါ။

    ဒုတိယကမ္ဘာစစ်အပြီး ဘာသာရေးမစွက်တဲ့ တူရကီနိုင်ငံကို တည်ထောင်ရာမှာ ဒီဗလီကို ပြတိုက်အဖြစ် ပြောင်းခဲ့ပါတယ်။

    အာဒိုဂန်အစိုးရဟာ ပြီးခဲ့တဲ့လကလည်း အစ္စတန်ဘူလ်မြို့က Hagia Sophia ပြတိုက်ကို ဗလီအဖြစ်ပြောင်းလဲခဲ့ပါတယ်။ Hagia Sophia ဟာလည်း ဘိုင်ဇန်တိုင်းလက်ထက်က ခရစ်ယာန်ဘုရားကျောင်းဖြစ်ပြီး အော်တိုမန်အောင်နိုင်ပြီးတဲ့နောက် ဗလီ၊ နောက်ပိုင်း ဘာသာရေးမစွက်တဲ့ တူရကီနိုင်ငံမှာ ပြတိုက်အဖြစ် အသွင်ပြောင်းခြင်း ခံခဲ့ရပါတယ်။

    အလယ်ခေတ် ကမ္ဘာတစ်ဝှမ်းက ပဒေသရာဇ်ဘုရင်တွေ အားပြိုင်စစ်တိုက်ကြတဲ့အချိန်မှာ စစ်ရှုံးတဲ့တိုင်းပြည်တွေက ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုအမွေအနှစ်တွေကို ဖျက်ဆီးတာ၊ သိမ်းပိုက်တာ၊ စစ်ရှုံးဒေသတွေက ဝတ်ပြုရာနေရာတွေကို မိမိတို့စိတ်ကြိုက် နေရာတွေအဖြစ် ပြောင်းလဲတာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

    အလယ်ခေတ် မွတ်စလင်အင်ပါယာတွေကို ခရစ်ယာန်ပဒေသရာဇ်တွေက သိမ်းပိုက်ချိန် ဗလီတွေကို ခရစ်ယာန်ဘုရားကျောင်းတွေ၊ အရက်ဆိုင်တွေ၊ ပြည့်တန်ဆာရုံတွေအဖြစ် ပြောင်းလဲတာမျိုးရှိခဲ့သလို၊ မွတ်စလင်ဘုရင်တွေက ခရစ်ယာန်အင်ပါယာတွေကို ပြန်လည်သိမ်းပိုက်နိုင်တဲ့အချိန်မှာလည်း ခရစ်ယာန်​ဘုရားကျောင်းတွေကို ဗလီအဖြစ် ပြောင်းတာတွေ ရှိခဲ့ပါတယ်။

    တူရကီအစိုးရရဲ့ ဒီလုပ်ရပ်ဟာ အလယ်ခေတ် သက်ဦးဆံပိုင်ဘုရင်တွေရဲ့ အာဏာရှင်ဆန်ဆန် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ်မျိုးကို ပြန်လည်ထင်ဟပ်စေတယ်လို့ ကမ္ဘာ့အသိုင်းအဝိုင်းက ဝေဖန်ခဲ့ကြပါတယ်။

    သမ္မတ အာဒိုဂန်က အလယ်ခေတ် ခရစ်ယာန်အင်ပါယာတွေ မွတ်စလင်နယ်မြေတွေကို သိမ်းတဲ့အခါ ဗလီတွေ၊ အခြားဘာသာရေးအဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးတာ၊ အရက်ဘား၊ ပြည့်တန်ဆာရုံတို့လို ညစ်ညမ်းရာနေရာတွေအဖြစ်ပြောင်းတာတွေရှိခဲ့ပြီး မိမိတို့က မူလအတိုင်း မပျက်မယွင်းဘဲ ဆက်လက်ထိန်းသိမ်းထားတယ်လို့ Hagia Sophia ပြတိုက်ကို ဗလီပြောင်းတဲ့ ပြီးခဲ့တဲ့လမှာ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ပါလက်စတိုင်းနိုင်ငံပေါ်လာမှ အစ္စရေးနှင့် ဆက်ဆံမည်ဟု ဆော်ဒီပြော

    ပါလက်စတိုင်းနိုင်ငံပေါ်လာမှ အစ္စရေးနှင့် ဆက်ဆံမည်ဟု ဆော်ဒီပြော

    ဩဂုတ် ၂၂၊ ၂၀၂၀
    M-Media

    ဆော်ဒီမင်းသား တာကီ အလ်-ဖိုင်ဆဲလ်

    -ဂျေရုစလင်ကို မြို့တော်အဖြစ်ထားတဲ့ ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်လာပြီး နောက်ပိုင်းမှသာ အစ္စရေးနဲ့ သံတမန်ဆက်ဆံရေး တည်ဆောက်သွားမယ်လို့ ဆော်ဒီအာ​ရေဗျက ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    ဩဂုတ်လ ၁၃ ရက်နေ့မှာ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)နဲ့ အစ္စရေးတို့ သံတမန်ဆက်ဆံရေး ထူထောင်ကြောင်း ကြေငြာခဲ့ပြီးတဲ့နောက် ဆော်ဒီအပါအဝင် အခြား ပင်လယ်ကွေ့နိုင်ငံတွေလည်း ယူအေအီးလမ်းစဉ်ကို လိုက်နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူအေအီးနဲ့ အစ္စရေးတို့ရရှိခဲ့တဲ့ သဘောတူညီချက်မှာ ဆော်ဒီပါဝင်လာဖို့ မျှော်လင့်တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။ ဆော်ဒီဟာ အမေရိကန်ရဲ့ အဓိက မဟာမိတ်ဖြစ်သလို ပင်လယ်ကွေ့ဒေသမှာ အစ္စရေးနဲ့ပတ်သက်တဲ့ ပေါ်လစီတွေကို ဦးဆောင်ချမှတ်သူလည်း ဖြစ်ပါတယ်။

    အမေရိကန်ဆိုင်ရာ ဆော်ဒီသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး၊ ဆော်ဒီထောက်လှမ်းရေးအကြီးအကဲဟောင်းလည်းဖြစ်တဲ့ မင်းသား တာကီ အလ်-ဖိုင်ဆဲလ်က လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ မပေါ်လာမချင်း အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်မှာ မဟုတ်ဘူးလို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။

    “ယူအေအီးလမ်းစဉ်လိုက်လိုတဲ့ ဘယ်အာရပ်နိုင်ငံမဆို တောင်းဆိုမှု ကြီးကြီးမားမား လုပ်ဆောင်သင့်ပါတယ်။ အစ္စရေးနဲ့ အာရပ်တွေအကြား ငြိမ်းချမ်းရေးအတွက် ဆော်ဒီအာရေဗျက တောင်းဆိုမှုတစ်ခု သတ်မှတ်ထားပါတယ်။ ဒါကတော့ ကွယ်လွန်သွားတဲ့ ဘုရင်အဘ်ဒူလာ မိတ်ဆက်ခဲ့တဲ့ ဂျေရုစလင်ကို မြို့တော်ထားပြီး အချုပ်အခြာအာဏာပိုင် ပါလက်စတိုင်းနိုင်ငံ ဖြစ်ပေါ်လာရေးပါ”

    ယူအေအီးဟာ အီဂျစ်နဲ့ ဂျော်ဒန်ပြီးနောက် အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်တဲ့ တတိယမြောက် အရှေ့အလယ်ပိုင်းနိုင်ငံဖြစ်ပါတယ်။

    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက ဒေသတွေကို ပိုက်နက်ထဲထည့်သွင်းရေး အစ္စ​ရေးရဲ့ အစီအစဉ်ကို ရပ်တန့်ရမယ်ဆိုတဲ့ တောင်းဆိုမှုနဲ့ သံတမန်ဆက်ဆံရေးတည်ဆောက်ခဲ့တဲ့ ယူအေအီးရဲ့ လုပ်ဆောင်ချက်ကို နားလည်တယ်လို့လည်း မင်းသား တာကီက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အာရပ်လိဂ်ရဲ့ ၂၀၀၂ ခုနှစ် ကမ်းလှမ်းချက်ထဲမှာ ၁၉၆၇ ခုနှစ်က ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းဒေသတွေက အစ္စရေးတပ်တွေ ရုပ်သိမ်းပေးရင် အစ္စရေးနဲ့ ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်သွားမယ်ဆိုတဲ့ အချက်တစ်ခု ပါဝင်ပါတယ်။

    Ref: Aljazeera

  • ဆိုလိုင်မာနီနှင့် မူဟန်ဒစ် ပြည်တွင်းဖြစ်ဒုံးကျည်သစ် ၂ မျိုးကို အီရန်ထုတ်ပြ

    ဆိုလိုင်မာနီနှင့် မူဟန်ဒစ် ပြည်တွင်းဖြစ်ဒုံးကျည်သစ် ၂ မျိုးကို အီရန်ထုတ်ပြ

    ဩဂုတ် ၂၁၊ ၂၀၂၀
    M-Media

    အမေရိကန်၏ လုပ်ကြံသတ်ဖြတ်မှုကို ခံခဲ့ရသည့် အီရန်ဗိုလ်ချုပ် ကာစင် ဆိုလိုင်မာနီ

    -ကျဆုံးသွားတဲ့ ထိပ်တန်းခေါင်းဆောင်တွေအမည်ပေးထားတဲ့ ပြည်တွင်းဖြစ် ဒုံးကျည်သစ် နှစ်မျိုးကို အီရန်က မနေ့မှာ ထုတ်ပြလိုက်ပါတယ်။

    ဒုံးကျည်သစ်တွေဟာ တိုက်ချင်းပစ်ဒုံးကျည်နဲ့ ခရုဇ်ဒုံးကျည်အမျိုးအစား ဖြစ်ပါတယ်။ ကာစင်ဆိုလိုင်မာနီလို့ အမည်ပေးထားတဲ့ တိုက်ချင်းပစ်ဒုံးကျည်ဟာ မိုင် ၆၀၀ အကွာအဝေးအထိ ပစ်ခတ်နိုင်ပြီး အဘူ မဟ်ဒီ အလ် မူဟန်ဒစ်လို့ အမည်ပေးထားတဲ့ ခရုဇ်ဒုံးကျည်က​ မိုင် ၄၀၀ အဝေးအထိ ပစ်ခတ်နိုင်ပါတယ်။

    ဗိုလ်ချုပ် ကာစင် ဆိုလိုင်မာနီဟာ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ အကြီးအကဲဖြစ်ပြီး၊ အလ် မူဟန်ဒစ်က အီရတ်ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်ပါတယ်။ သူတို့ ၂ ဦးစလုံးဟာ ဇန်နဝါရီလက အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့မှာ အမေရိကန်ရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။

    သမ္မတ ဟာဆန်ရူဟာနီက ပြည်တွင်းဖြစ်ဒုံးကျည်တွေရဲ့ အကွာအဝေးကို ၂ နှစ်အတွင်း ​သိသိသာသာ မြင့်တက်လာအောင် တိုးမြှင့်နိုင်တာဟာ ကြီးမားတဲ့ အောင်မြင်မှုဖြစ်ပြီး မိမိတို့ရဲ့ စစ်အင်အားနဲ့ ဒုံးကျည်စီမံကိန်းဟာ ကာကွယ်ရေးအတွက်သာ ဖြစ်တယ်လို့ ရုပ်သံမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

    မနေ့က ကာကွယ်ရေးနေ့မှာ အီရန်ဟာ ဒရုန်းတွေမှာအသုံးပြုနိုင်မယ့် ပြည်တွင်းဖြစ် အပေါ့စား အင်ဂျင်တွေ၊ ​ပြည်တွင်းဖြစ် Kowsar တိုက်လေယာဉ်မှာအသုံးပြုနိုင်မယ့် Owj အင်ဂျင်ထုတ်လုပ်ရေးစက်ရုံတွေကိုလည်း ထုတ်ပြခဲ့ပါတယ်။

    Ref: Aljazeera

  • ဟိန္ဒူဘာသာကို စော်ကားသည့် အမျိုးသမီးတစ်ဦးကို ဘာရိန်း တရားစွဲ

    ဟိန္ဒူဘာသာကို စော်ကားသည့် အမျိုးသမီးတစ်ဦးကို ဘာရိန်း တရားစွဲ

    ဩဂုတ် ၂၁၊ ၂၀၂၀
    M-Media

    ဘာရိန်းမြို့တော် မနာမာ မြင်ကွင်း

    -ဟိန္ဒူနတ်ရုပ်ကို ရိုက်ချိုးခဲ့တဲ့ အမျိုးသမီးတစ်ဦးကို သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုလိုက်တယ်လို့ ဘာရိန်း ပြည်ထဲရေး၀န်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

    အသက် ၅၄ နှစ်အရွယ် အဲဒီအမျိုးသမီးဟာ စျေးဆိုင်တစ်ခုကို စျေးသွား၀ယ်ရာမှာ ဟိန္ဒူနတ်ဘုရားရုပ်ကို တွေ့ပြီး ဒေါသထွက်ကာ ရိုက်ချိုးဖျက်ဆီးခဲ့တာပါ။

    အဲဒီဗီဒီယိုဟာ ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့သွားခဲ့ပြီး ဘာရိန်းပြည်သူတွေက ကန့်ကွက်ရှုတ်ချခဲ့ကြပါတယ်။

    ဒီအမျိုးသမီးကို တစ်ပါးသူရဲ့ပစ္စည်း ဖျက်ဆီးမှု ဘာသာသာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုထားတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

    နိုင်ငံခြားရေး၀န်ကြီးဟောင်းဖြစ်ပြီး လက်ရှိ ဘာရိန်းဘုရင်ရဲ့ အကြံပေး ရှိခ် ခါလစ် အလ်-ခါလီဖာက ဒီလိုလုပ်ရပ်မျိုးဟာ လက်မခံနိုင်စရာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဘာသာရေးအမှတ်သညာတွေကို ဖျက်ဆီးတာဟာ ဘာရိန်းပြည်သူတွေရဲ့ အမူအကျင့်မျိုး မဟုတ်ပါဘူး။ ဒါဟာ ရာဇ၀တ်မှု၊အမုန်းတရားသာဖြစ်ပြီး ဒါမျိုးကို လက်မခံပါဘူး။ ဘာရိန်းမှာ ဘာသာတရားပေါင်းစုံ၊ လူမျိုးပေါင်းစုံ အတူယှဥ်တွဲနေထိုင်နေကြပါတယ်”

    ပင်လယ်ကွေ့နိုင်ငံငယ်တစ်ခုဖြစ်တဲ့ ဘာရိန်းဟာ အစ္စလာမ်ဘာသာ၀င်အများစုရှိရာ နိုင်ငံဖြစ်ပြီး ကမ္ဘာတစ်၀ှမ်းက ဘာသာစုံ၊ လူမျိုးစုံ လာရောက်အလုပ်လုပ်ကိုင်တဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။

    Ref : Alarabiya