News @ M-Media

Blog

  • ယူအေအီးသင်္ဘောတစ်စီးကို အီရန်ထိန်းသိမ်း

    ယူအေအီးသင်္ဘောတစ်စီးကို အီရန်ထိန်းသိမ်း

    ဩဂုတ် ၂၀၊ ၂၀၂၀
    M-Media

    -ပိုင်နက်ထဲဝင်လာတဲ့ ယူအေအီး သင်္ဘောတစ်စီးကို ထိန်းသိမ်းလိုက်တယ်လို့ ယူအေအီးက ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    ​တနင်္လာနေ့က ဖမ်းဆီးလိုက်တာဖြစ်ပြီး အဲဒီနေ့မှာပဲ အီရန် ငါးဖမ်းသမားနှစ်ယောက် ယူအေအီး ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့လက်ချက်နဲ့ သေဆုံးခဲ့ပါတယ်။ ယူအေအီးက သူတို့ပိုင်နက်ထဲဝင်လာတဲ့ အီရန်ငါးဖမ်းသင်္ဘော ၈ စီးကို တားဆီးဟန့်တားခဲ့တယ်လို့ တနင်္လာနေ့မှာ ထုတ်ပြန်ပါတယ်။ ဒါပေမယ့် သေဆုံးဒဏ်ရာရမှု ဖြစ်စဉ်တော့ မပါဝင်ပါဘူး။

    အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ နိုင်ငံရေပိုင်နက်ထဲကို တရားမဝင် ဝင်လာတာကြောင့် ယူအေအီးသင်္ဘောကို ဖမ်းဆီးလိုက်ပြီး သင်္ဘောသားတွေကို ထိန်းသိမ်းလိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အီရန်ငါးဖမ်းသမားတွေ အသတ်ခံရမှုအတွက် ယူအေအီးက ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး နစ်နာကြေးပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့လည်း ကြေငြာချက်က ဆိုပါတယ်။

    အီရန်နဲ့ ပင်လယ်ကွေ့က အခြားနိုင်ငံတွေအကြား ငါးဖမ်းသင်္ဘောပြဿနာဟာ အရင်ကတည်းက ရှိခဲ့ပါတယ်။ အီရန်ကတော့ သူတို့ရဲ့ နိုင်ငံသားတွေနဲ့ အကျိုးစီးပွား ကျူးကျော်ထိခိုက်လာတာမှုတွေရှိရင် လိုအပ်တဲ့ နည်းလမ်းအားလုံးနဲ့ တုန့်ပြန်သွားမယ်လို့ သတိပေးထားပါတယ်။

    Ref: Aljazeera

  • ရုရှားအတိုက်အခံနိုင်ငံရေးသမား အဆိပ်ခတ်ခံရ

    ရုရှားအတိုက်အခံနိုင်ငံရေးသမား အဆိပ်ခတ်ခံရ

    ဩဂုတ် ၂၀၊ ၂၀၂၀
    M-Media

    အတိုက်အခံ နိုင်ငံရေးသမား အလက်ဇီ နာဗာလ်နီ

    -ရုရှားနိုင်ငံက အတိုက်အခံ နိုင်ငံရေးသမား အလက်ဇီ နာဗာလ်နီဟာ ဒီကနေ့မနက်ပိုင်းက ရုတ်တရက် နေမကောင်းရာကနေ ကိုးမားဖြစ်ခဲ့ပြီး အဆိပ်ခတ်ခံရတာ ဖြစ်နိုင်တယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ထားပါတယ်။

    အသက် ၄၄ နှစ်အရွယ် နာဗာလ်နီဟာ ဆိုက်ဘေးရီးယားကို အလုပ်ကိစ္စနဲ့အသွားမှာ ရုတ်တရက် နေထိုင်မကောင်းဖြစ်ကာ မေ့မြောသွားခဲ့တာပါ။ လေယာဉ်ကို ဆိုက်ဘေးရီးယားမှာပဲ အရေးပေါ်ဆင်းသက်ခဲ့ရပြီး နာဗာလ်နီကတော့ လက်ရှိ ဆေးရုံမှာ အသက်ရှုစက်အကူအညီနဲ့ ကုသမှု ခံယူနေရပါတယ်။

    သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကီရာ ယာရ်မက်ရှ်က နာဗာလ်နီဟာ မနက်ပိုင်းက လက်ဖက်ရည်တစ်ခွက်သာ သောက်ထားပြီး ဒီလက်ဖက်ရည်ထဲမှာ အဆိပ်ခတ်ခံလိုက်ရတာ ဖြစ်နိုင်ကြောင်း Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    နာဗာလ်နီကို ကုသနေတဲ့ ဆရာဝန်တွေရဲ့ ထုတ်ပြန်ပြောကြားမှုမှာတော့ ကွဲလွဲမှုတွေ ရှိပါတယ်။ အခြေအနေ တည်ငြိမ်နေပြီလို့ ပြောကြားမှုရှိသလို၊ အသက်အန္တရာယ်စိုးရိမ်နေရတယ်ဆိုတဲ့ ပြောကြားမှုတွေလည်း ရှိနေပါတယ်။

    သမ္မတ ဗလာဒီမီရ်ပူတင်ကို ပြင်းပြင်းထန်ထန်ဝေဖန်ပြီး၊ ရုရှားထိပ်ပိုင်းခေါင်းဆောင်တွေမှာ ခြစားမှုတွေ ရှိတယ်လို့ ထုတ်ဖော်ပြောဆိုလေ့ရှိတဲ့ နာဗာလ်နီဟာ အရင်က တိုက်ခိုက်မှုတွေ ခံခဲ့ရဖူးပါတယ်။ နိုင်ငံရေးမှုနဲ့ ထောင်ကျနေစဉ် ပြီးခဲ့တဲ့နှစ်တုန်းက ထောင်ကနေ ဆေးရုံကို အရေးပေါ် ပို့ဆောင်ခဲ့ရပြီး သူ့ရဲ့အဖွဲ့က နာဗာလ်နီဟာ အဆိပ်ခတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

    ၂၀၁၇ ခုနှစ်တုန်းကလည်း သူ့ရဲ့ရုံးအပြင်ဘက်မှာ ဓာတုအရည်တစ်မျိုးနဲ့ ပက်ခံရလို့ လောင်ကျွမ်းဒဏ်ရာတွေ ရခဲ့ပါတယ်။ နာဗာလ်နီ တည်ထောင်ထားတဲ့ ခြစားမှုတိုက်ဖျက်ရေး ဖောင်ဒေးရှင်းကို ရုရှားရဲတပ်ဖွဲ့နဲ့ စုံထောက်အဖွဲ့က အကြိမ်ကြိမ် စီးနင်းရှာဖွေမှု​တွေ လုပ်ဆောင်ခဲ့ပါတယ်။

    Ref: Aljazeera

  • ကိုဗစ်ကာကွယ်ဆေးအတွက် ဘဂ်လားဒေ့ရှ်က အိန္ဒိယနှင့် ပူးပေါင်းလုပ်ဆောင်မည်

    ကိုဗစ်ကာကွယ်ဆေးအတွက် ဘဂ်လားဒေ့ရှ်က အိန္ဒိယနှင့် ပူးပေါင်းလုပ်ဆောင်မည်

    ဩဂုတ် ၂၀၊ ၂၀၂၀
    M-Media

    -အိန္ဒိယနိုင်ငံရဲ့ ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်မှုမှာ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ကာကွယ်ဆေး စမ်းသပ်ဖို့ အသင့်ရှိတယ်လို့ ဘဂ်လားဒေ့ရှ်နိုင်ငံက ပြောကြားလိုက်ပါတယ်။

    အိန္ဒိယ နိုင်ငံခြားရေး၀န်ကြီးရဲ့ အခုတစ်ပတ် ဘဂ်လားဒေ့ရှ်ခရီးစဥ်မှာ ကိုဗစ်ကာကွယ်ဆေးကိစ္စကို ဆွေးနွေးခဲ့ကြတာပါ။

    ဘဂ်လားဒေ့ရှ်နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ စမ်းသပ်မှုပါအ၀င် အိန္ဒိယရဲ့ Covid-19 ကာကွယ်ဆေးထုတ်လုပ်မှုမှာ ပူးပေါင်းပါ၀င်ဖို့ အသင့်ရှိနေပြီး၊ အဆင်သင့်ဖြစ်တဲ့အခါ စျေးသက်သက်သာသာနဲ့ ရရှိဖို့လည်း ရည်ရွယ်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

    အိန္ဒိယနိုင်ငံမှာ ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်ရာ ကုမ္ပဏီရှိတဲ့ နိုင်ငံဖြစ်ပြီး လက်ရှိမှာ ကိုဗစ်အတွက် ကာကွယ်ဆေး ၃ ခုကို စမ်းသပ်နေပါတယ်။

    ဘဂ်လားဒေ့ရှ်ဟာ တရုတ်က ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးကိုလည်း နိုင်ငံအတွင်းမှာ စမ်းသပ်အသုံးပြုနေပါတယ်။

    Ref: The Star

  • အစ္စရေးကို အသိအမှတ်ပြုမည်မဟုတ်ဟု ပါကစ္စတန်ပြော

    အစ္စရေးကို အသိအမှတ်ပြုမည်မဟုတ်ဟု ပါကစ္စတန်ပြော

    ဩဂုတ် ၂၀၊ ၂၀၂၀
    M-Media

    ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်း

    -ပါလက်စတိုင်း ပြည်သူတွေအတွက် နိုင်ငံတစ်ခု မပေါ်လာမချင်း အစ္စရေးကို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ပါကစ္စတန်၀န်ကြီးချုပ် အင်မရန်းခန်းက ပြောကြားလိုက်ပါတယ်။

    ဩဂုတ်လ ၁၃ ရက်နေ့က အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)နဲ့ အစ္စရေးတို့အကြား သံတမန်ဆက်ဆံရေး တည်ဆောက်ဖို့အတွက် သဘောတူညီချက်တစ်ခု ရရှိခဲ့ပါတယ်။

    ဒါ့ကြောင့် ယူအေအီးဟာ ပင်လယ်ကွေ့ဒေသမှာ အစ္စရေးကို အသိအမှတ်ပြုတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာပြီး အရှေ့အလယ်ပိုင်းဒေသမှာ အီဂျစ်နဲ့ ဂျော်ဒန်တို့နောက်ပိုင်း အစ္စေရးနဲ့ ဆက်ဆံတဲ့ တတိယမြောက်နိုင်ငံ ဖြစ်ပါတယ်။

    ပါကစ္စတန်၀န်ကြီးချုပ် အင်မရန်းခန်းက မိမိတို့အနေနဲ့ အခြား တိုင်းပြည်တွေရဲ့လမ်းစဥ်ကို လိုက်မှာ မဟုတ်ဘူးလို့ ပြည်တွင်းရုပ်သံ Dunya News နဲ့ အဂင်္ါနေ့က အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    “အခြားနိုင်ငံတွေ ဘာပဲလုပ်လုပ် ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က ရှင်းပါတယ်။ ပါလက်စတိုင်းတွေရဲ့ အခွင့်အရေးကို မပေးသမျှ၊ ဒီပြဿနာကို မဖြေရှင်းသမျှ ကာလပတ်လုံး အစ္စရေးကို အသိအမှတ်မပြုဘူးလို့ (ပါကစ္စန် တည်ထောင်သူ) မိုဟာမက် အလီဂျင်းနား ၁၉၄၈ ခုနှစ်မှာ ရှင်းရှင်းလင်းလင်း ပြောထားတဲ့ အတိုင်းပါပဲ”

    ပါလက်စတိုင်းတွေ ဖိနှိပ်ညှင်းပမ်းခံရမှုကို လစ်လျူရှုပြီး အစ္စရေးကို လက်ခံလိုက်မယ်ဆိုရင် ကက်ရှ်မီးယားကို လစ်လျူရှုလိုက်သလိုမျိုး ဖြစ်မှာဖြစ်ပြီး ဒါမျိုးကို ပါကစ္စတန်က လုပ်ဆောင်မှာ မဟုတ်ဘူးလို့လည်း အင်မရန်းခန်းက ဆိုပါတယ်။

    ပါကစ္စတန်ရဲ့ ရပ်တည်ချက်အတွက် ကျေးဇူးတင်တယ်လို့ အစ္စလာမ်မာဘတ်မြို့ ပါလက်စတိုင်းသံရုံးက ထုတ်ပြန်ခဲ့ပါတယ်။

    ပင်လယ်ကွေ့နိုင်ငံတစ်ခုဖြစ်တဲ့ ဆော်ဒီအာရေဗျကလည်း သူတို့အနေနဲ့ ယူအေအီးလမ်းစဥ်ကို လိုက်မှာမဟုတ်ဘဲ ပါလက်စတိုင်းတွေနဲ့ နိုင်ငံတကာသအိအမှတ်ပြု ငြိမ်းချမ်းရေး သဘောတူညီချက် မရမချင်း အစ္စရေးကို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera



  • ရှင်ကျန်းရှိ ဖျက်ဆီးခံဗလီနေရာများတွင် တရုတ်အစိုးရက အိမ်သာများဆောက်လုပ်

    ရှင်ကျန်းရှိ ဖျက်ဆီးခံဗလီနေရာများတွင် တရုတ်အစိုးရက အိမ်သာများဆောက်လုပ်

    ဩဂုတ် ၁၈၊ ၂၀၂၀
    M-Media

    ကွန်မြူနစ်ဝါဒဖြန့်ပိုစတာများနှင့် တွ​ေ့ရသည့် ရှင်ကျန်းမှဗလီတစ်ခု

    -​တရုတ်အစိုးရဟာ နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်မှာ ဝီဂါလူမျိုးတွေရဲ့ ဗလီဝတ်ကျောင်းတော်တွေကို ဖြိုဖျက်ကာ အများသုံးအိမ်သာတွေ ဆောက်လုပ်နေပြီး ဒါဟာ လူမျိုးစုရဲ့သမိုင်းကို ဖျောက်ဖျက်တာသာမက စော်ကားတာမျိုး ဖြစ်တယ်လို့ ဝေဖန်မှုတွေ ရှိလာပါတယ်။

    ရှင်ကျန်း အာဏာပိုင်တွေအနေနဲ့ ဝီဂါမွတ်စလင်တွေရဲ့ ၀တ်ပြုရာနေရာတွေကို ဖြိုချ ဖျက်ဆီးဖို့အတွက် တရုတ်အစိုးရက ၂၀၁၆ ခုနှစ်မှာ ညွှန်ကြားချက် ထုတ်ပြန်ခဲ့တာပါ။

    အခုအချိန်မှာတော့ ဖျက်ဆီးခံထားရတဲ့ ဗလီနေရာတွေမှာ အာဏာပိုင်တွေက အများသုံးအိမ်သာတွေ ဆောက်လုပ်လာပါတယ်။

    ရှင်ကျန်းပြည်နယ် အာတူရှ်မြို့ ဆွန်တာ့ဂ်ရွာက ‘တိုကူလ်’ ဗလီဟာ ၂၀၁၈ ခုနှစ်မှာ ဖြိုချ ဖျက်ဆီးခံခဲ့ရပြီး လက်ရှိ ဗလီနေရာမှာ အများသုံး အိမ်သာတွေ ဆောက်လုပ်ထားပါတယ်။

    ကျေးရွာတာ၀န်ရှိသူတွေက ရွာကအိမ်တိုင်းမှာ အိမ်သာတွေရှိကြပြီး ဒေသဟာ ကမ္ဘာလှည့်ခရီးသွားနေရာလည်း မဟုတ်တာကြောင့် အများသုံးအိမ်သာတွေ မလိုအပ်ကြောင်း၊ ဒါဟာ ဗလီဖြိုချမှုကို ဖုံးကွယ်ဖို့ဖြစ်ပြီး ၀ီဂါတွေကို စော်ကားတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    ဆွန်တာ့ဂ်ရွာက အခြား အဖျက်ဆီးခံ ‘အဇ်နာ’ ဗလီ နေရာမှာလည်း အာဏာပိုင်တွေက အရက်ဆိုင်ဖွင့်ထားပါတယ်။ ဟိုတန်မြို့က ဖျက်ဆီးခံ ဗလီနေရာမှာ အတွင်းခံစက်ရုံ တည်ဆောက်ထားပါတယ်။

    တရုတ်အစိုးရဟာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ရှင်ကျန်းပြည်နယ်က ဗလီဝတ်ကျောင်းတော်ပေါင်း တစ်သောင်းကနေ တစ်သောင်းခွဲအထိ ဖြိုချဖျက်ဆီးခဲ့တယ်လို့ ဝီဂါလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောပါတယ်။

    ရှင်ကျန်းပြည်နယ်က ၀ီဂါနဲ့ အခြား လူမျိုးစုငယ်တွေကို တရုတ်အစိုးရက ဖိနှိပ်ညှင်းပမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ ကမ္ဘာ့မီဒီယာတွေက ပြီးခဲ့တဲ့နှစ်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ် တင်ပြခဲ့ကြပါတယ်။ သန်းနဲ့ချီတဲ့ ၀ီဂါတွေကိုလည်း တရုတ်အစိုးရက အကျဥ်းစခန်းတွေမှာ ထိန်းသိမ်းထားပါတယ်။

    တရုတ် ကွန်မြူနစ်အစိုးရက ဒီသတင်းတွေကို ငြင်းဆိုပါတယ်။

    Ref: Opindia