News @ M-Media

Blog

  • တောင်ကိုရီးယားတွင် ဘုရားကျောင်းမှတစ်ဆင့် ကိုဗစ်ကူးစက်မှု အကြီးအကျယ် ပြန်ဖြစ်

    တောင်ကိုရီးယားတွင် ဘုရားကျောင်းမှတစ်ဆင့် ကိုဗစ်ကူးစက်မှု အကြီးအကျယ် ပြန်ဖြစ်

    သြဂုတ် ၁၈၊ ၂၀၂၀
    M-Media

    -တောင်ကိုရီးယား နိုင်ငံမှာ Covid-19 အကြီးအကျယ်ကူးစက်မှုကို ပြန်မြင်လာရပြီး လူထောင်ချီ သီးသန့်ခွဲထား စောင့်ကြည့်မှုတွေ လုပ်ဆောင်လာရပါတယ်။

    ပြီးခဲ့တဲ့ ၅ ရက်အတွင်း တစ်နေ့တာ ကူးစက်မှု အရေအတွက်ဟာ နေ့စဥ် ရာချီရှိခဲ့ပြီး အဓိက ကူးစက်ရာ နေရာက မြို့တော် ဆိုးလ်မှာရှိတဲ့ Sarang Jeil ခရစ်ယာန်ဘုရားကျောင်း ဖြစ်ပါတယ်။

    ဘုရားကျောင်းခေါင်းဆောင် Jun Kwang-hun ဟာ သမ္မတမွန်ဂျယ်အင်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို ဦးဆောင် ကျင်းပခဲ့သူပါ။

    သြဂုတ်လ ၁၆ ရက်နေ့အထိ ဘုရားကျောင်းကနေ ကူးစက်မှု ၃၀၀ ကျော်ရှိပြီး လူပေါင်း ၃၄၀၀ လောက်ကို သီးသန့်ခွဲထား စောင့်ကြည့်နေပါတယ်။

    ဘုရားကျောင်းနဲ့ ဆက်နွယ်နေတဲ့သူတွေရဲ့ အချက်အလက်အတိအကျကို ဘုရားကျောင်း တာ၀န်ရှိသူတွေက မပေးဘူးလို့လည်း တောင်ကိုရီးယား အာဏာပိုင်တွေက ဝေဖန်ပြစ်တင်ထားပါတယ်။

    တောင်ကိုရီးယားရဲ့ ကိုဗစ်ပထမလှိုင်းကလည်း ကန့်သတ်ချက်တွေကို ချိုးဖောက်ကာ ၀တ်ပြုဆုတောင်းမှုတွေလုပ်ခဲ့တဲ့ Shincheonji ခရစ်ယာန်ဘုရားကျောင်းကနေ စတင်တာ ဖြစ်ပါတယ်။

    Ref :New Straits Times

  • တရုတ်သူလျှိုလုပ်သည့် CIA ဝန်ထမ်းဟောင်းကို ကန်ဖမ်းဆီး

    တရုတ်သူလျှိုလုပ်သည့် CIA ဝန်ထမ်းဟောင်းကို ကန်ဖမ်းဆီး

    ဩဂုတ် ၁၈၊ ၂၀၂၀
    M-Media

    -တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ပေးမှုနဲ့ CIA နဲ့ FBI အရာရှိဟောင်း တရုတ်လူမျိုးတစ်ဦးကို ဖမ်းဆီးထားတယ်လို့ အမေရိကန်အစိုးရက မနေ့မှာ ထုတ်ပြန်ပါတယ်။

    အသက် ၆၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အလက်ဇန်းဒါး ယွတ်ချင်မာဆိုသဖြစ်ပြီး သောကြာနေ့က ဖမ်းဆီးခံခဲ့ရတာပါ။ နိုင်ငံခြားအစိုးရထံ ကာကွယ်ရေး သတင်းအချက်အလက်တွေ ပေးမှုနဲ့ တရားစွဲဆိုခံထားရပြီး ​ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံရနိုင်တယ်လို့ တရားရေးဌာနက ပြောပါတယ်။

    မာဟာ ၁၉၈၂ ခုနှစ်ကစတင်ကာ CIA မှာ ဝင်ရောက်အမှုထမ်းခဲ့တာဖြစ်ပြီး ၂၀၀၁ ခုနှစ် အစောပိုင်းမှာ တရုတ်ထောက်လှမ်းရေးအဖွဲ့အတွက် သူလျှိုလုပ်ပေးခဲ့တာပါ။ မာနဲ့ အခြား CIA အမှုထမ်းတစ်ယောက်တို့ဟာ တရုတ်ထောက်လှမ်းရေး တာဝန်ရှိသူတွေနဲ့ ဟောင်ကောင်မှာ တွေ့ဆုံခဲ့ပြီး အမေရိကန် ကာကွယ်ရေးဌာနနဲ့ ထိပ်တန်းလျှို့ဝှက် အချက်အလက်တွေကို ​ပေးခဲ့ကြတယ်လို့ ဒီကိစ္စကို စုံစမ်းခဲ့တဲ့ CIA အေးဂျင့်ရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

    ၂၀၀၄ ခုနှစ်မှာ FBI ကို ပြောင်းရွှေ့အမှုထမ်းခဲ့တဲ့ မာဟာ ၂၀၁၀ ခုနှစ်အထိ သူလျှိုအလုပ်တွေ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ FBI ဟာ ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းကစတင်ပြီး အသွင်ယူစုံစမ်းထောက်လှမ်းမှုလုပ်ကာ မာရဲ့ သူလျှိုလုပ်မှုကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

    အမေရိကန် အစိုးရအဖွဲ့တွေဟာ တရုတ်သူလျှိုတွေရဲ့ ခြိမ်းခြောက်မှုဒဏ်ကို ခံနေရပြီး ပြီးခဲ့တဲ့လတွေအတွင်း တရုတ်သူလျှို တစ်ချို့ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။

    Ref: Aljazeera

  • ဟိန္ဒူအမျိုးသားရေး၀ါဒီများ၏ အမုန်း၀ါဒဖြန့်မှုကို Facebook က ဖယ်ရှားရန် ပျက်ကွက်ခဲ့

    ဟိန္ဒူအမျိုးသားရေး၀ါဒီများ၏ အမုန်း၀ါဒဖြန့်မှုကို Facebook က ဖယ်ရှားရန် ပျက်ကွက်ခဲ့

    သြဂုတ် ၁၆၊ ၂၀၂၀
    M-Media

    -အိန္ဒိယက အာဏာရ ဟိန္ဒူအမျိုးသားရေး ပါတီ (BJP)အဖွဲ့၀င်တွေ၊ ဟိန္ဒူအမျိုးသားရေး အဖွဲ့တွေရဲ့ အမုန်းစကား ပြောဆိုမှုကို Facebook က ခွင့်ပြုခဲ့တယ်လို့ Wall Street Journal က သောကြာနေ့မှာ ဖော်ပြပါတယ်။

    Facebook မှာ အမုန်းစကားတားဆီးရေးမူ၀ါဒ ရှိနေပေမယ့် အိန္ဒိယက Facebook ကုမ္ပဏီရဲ့ အမှုဆောင်အကြီးအကဲ အန်ခီ ဒက်စ်က BJP လွှတ်တော်အမတ် တီရာဂျာဆင်းနဲ့ အနည်းဆုံး ဟိန္ဒူအမျိုးသားရေး၀ါဒီနဲ့ အဖွဲ့ ၃ ခုလောက်ရဲ့ မွတ်စလင်ဆန့်ကျင်ရေး အမုန်းစကားတွေကို ဖျက်ဖို့ ငြင်းဆန်ခဲ့တယ်လို့ ၀န်ထမ်းဟောင်းတွေနဲ့ လက်ရှိ၀န်ထမ်းတွေက Wall Street ကို ပြောကြားခဲ့ပါတယ်။

    ဆင်းဟာ နိုင်ငံတောင်ပိုင်း တီလန်ဂါနာပြည်နယ်က BJP လွှတ်တော်အမတ်ဖြစ်ပြီး မွတ်စလင်ဆန့်ကျင်ရေး အမုန်းစကားတွေကို အကြီးအကျယ် ရေးသား၀ါဒဖြန့်သူပါ။

    မတ်လအတွင်း ဆင်းတင်ခဲ့တဲ့ ပို့စ်တွေဟာ အမုန်းစကားဟန့်တားရေး မူ၀ါဒတွေကို ချိုးဖောက်ကြောင်း Facebook ပို့စ် စောင့်ကြည့်သုံးသပ်ရေး၀န်ထမ်းတွေက တွေ့ရှိခဲ့ပေမယ့် အမှုဆောင် အန်ခီဒက်စ်က ဒီပို့စ်တွေကို ဖျက်ချဖို့ ခွင့်မပြုခဲ့ပါဘူး။

    ၀န်ကြီးချုပ်မိုဒီရဲ့ ပါတီက နိုင်ငံရေးသမားတွေရဲ့ ပို့စ်တွေကို ဖယ်ရှားတာမျိုးဟာ ကုမ္ပဏီရဲ့ စီးပွားရေးကို ထိခိုက်စေနိုင်တယ်လို့ ဒက်စ်က ပြောခဲ့ကြောင်း Wall Street ဂျာနယ်က ရေးပါတယ်။

    Facebook ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ အန်ဒီစတုန်းက ဆင်းကို အမုန်း၀ါဒီတစ်ဦး သတ်မှတ်လိုက်ရင် ဖြစ်လာမယ့် နိုင်ငံရေးအခြေအနေတွေကို ဒက်စ်က တင်ပြခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    Wall Street ဂျာနယ်က မေးမြန်းမှု လုပ်ခဲ့ပြီးတဲ့နောက် ဆင်းရဲ့ ပို့စ်တစ်ချို့ကို ဖယ်ရှားခဲ့ပြီး၊ လူသိများသူတစ်ဦးဖြစ်ကြောင်း ပေးထားတဲ့ အပြာရောင် အမှန်ချစ်အမှတ်အသားကို ရုပ်သိမ်းခဲ့ကြောင်း၊ အကောင့် ဖယ်ရှားရမလားဆိုတဲ့ကိစ္စကိုတော့ စဥ်းစားနေကြောင်း အန်ဒီစတုန်းက ပြောပါတယ်။

    အခြား BJP ပါတီ ခေါင်းဆောင် ၂ ဦးရဲ့ ပို့စ်တွေကိုလည်း Wall Street ဂျာနယ်ရဲ့ ချဥ်းကပ်မှုနောက်ပိုင်း Facebook က ဖယ်ရှားခဲ့ပါတယ်။

    အိန္ဒိယနိုင်ငံမှာ BJP အာဏာရခဲ့တဲ့ ၂၀၁၄ ခုနှစ်နောက်ပိုင်း မွတ်စလင်တွေ၊ ခရစ်ယာန်တွေ၊ ဟိန္ဒူဇာတ်နိမ့်တွအပေါ် အမုန်း၀ါဒဖြန့်မှု အကြမ်းဖက် တိုက်ခိုက်မှုတွေ မြင့်တက်လာခဲ့တာပါ။

    ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှု နောက်ပိုင်းမှာလည်း မွတ်စလင်တွေဟာ ကိုရိနာဂျီဟတ် စီမံကိန်းနဲ့ ဗိုင်းရပ်စ်ကူးစက်အောင် လုပ်ဆောင်နေတယ်ဆိုတဲ့ ၀ါဒဖြန့်မှုတွေ ပေါ်ပေါက်လာပါတယ်။

    Ref : Aljazeera

  • သာမန်ထက် ကူးစက်မှု ၁၀ ဆမြန်သည့် ပုံပြောင်းကိုဗစ်ဗိုင်းရပ်စ်ကို မလေးရှားတွင် တွေ့ရှိ

    သာမန်ထက် ကူးစက်မှု ၁၀ ဆမြန်သည့် ပုံပြောင်းကိုဗစ်ဗိုင်းရပ်စ်ကို မလေးရှားတွင် တွေ့ရှိ

    သြဂုတ် ၁၆၊ ၂၀၂၀
    M-Media

    -သာမန်ကိုဗစ် ဗိုင်းရပ်စ်ထက် ကူးစ်ဖို့ ၁၀ ဆ ပိုလွယ်ကူတဲ့ ပုံပြောင်း ကိုဗစ်ဗိုင်းရပ်စ်တစ်မျိုးကို တွေ့ရှိခဲ့တယ်လို့ မလေးရှား ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    ဒီပုံပြောင်း ကိုဗစ်ဗိုင်းရပ်စ်သစ်ကို D614G လို့ အမည်ပေးထားပြီး မလေးရှား ကျန်းမာရေး သုသေတနဌာနရဲ့ စစ်ဆေးမှုအရ ကူးစက်မှုဖြစ်နေတဲ့ နေရာနှစ်ခုက လူ ၄ ဦးမှာ တွေ့ခဲ့တာပါ။

    မလေးရှား ကျန်းမာရေး၀န်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နူရ်ဟီရှမ် အဘ်ဒူလာက ပြည်သူတွေအနေနဲ့ ပိုမိုသတိထားကြဖို့ လိုအပ်တယ်လို့ ပြေကြားခဲ့ပါတယ်။

    “ဒီနေရာတွေက ကူးစက်သူတွေဟာ အခြားသူတွေထံ ထပ်မံကူးစက်ဖို့ ၁၀ ဆ လွယ်ကူပါတယ်။ မြန်ဆန်တဲ့ ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်မှုကြောင့် အခုအချိန်အထိ ဒီ​ေနရာနှစ်ခုကို ထိန်းချုပ်ထားနိုင်ပါတယ်”

    D614G ပုံပြောင်း ကိုဗစ်ဗိုင်းရပ််စ်ကို သိပ္ပံပညာရှင်တွေက ၂၀၂၀ ခုနှစ် ဇူလိုင်လမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

    ပြည်သူလူထုအနေနဲ့ ကြိုတင်ကာကွယ်ရေး နည်းနာတွေကို လုပ်ဆောင်ဖို့၊ ခပ်ခွာခွာနေထိုင်ရေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးစည်းမျဥ်းတွေကို လိုက်နာပြီး နှာခေါင်စည်းတွေ တပ်ကြဖို့လည်း ဒေါက်တာဟီရှမ်က တိုက်တွန်းခဲ့ပါတယ်။

    Ref: The Star

  • ယူအေအီး ကြီးမားသောအမှား လုပ်ခဲ့မိပြီဟု အီရန်သမ္မတ ပြော

    ယူအေအီး ကြီးမားသောအမှား လုပ်ခဲ့မိပြီဟု အီရန်သမ္မတ ပြော

    ဩဂုတ် ၁၆၊ ၂၀၂၀
    M-Media

    အီရန်သမ္မတ ဟာဆန်ရူဟာနီ

    -အစ္စရေးနဲ့ သံတမန်ဆက်ဆံရေး ထူထောင်တာဟာ ယူအေအီးအနေနဲ့ ကြီးမားတဲ့ အမှားတစ်ခု လုပ်လိုက်တာဖြစ်တယ်လို့ အီရန်သမ္မတ ဟာဆန်ရူဟာနီက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)နဲ့ အစ္စရေးတို့ဟာ ပုံမှန် သံတမန်ဆက်ဆံရေးထူထောင်ကြောင်း ကြာသာပတေးနေ့မှာ ကြေငြာခဲ့ပြီး လုံခြုံရေးအပါအဝင် ကဏ္ဍများစွာမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားဖို့လည်း သဘောတူညီခဲ့ပါတယ်။

    အီရန်သမ္မတ ဟာဆန်ရူဟာနီက ဒီသဘောတူညီချက်ဟာ အစ္စရေးကို ဒေသတွင်းမှာ အခြေခိုင်အောင် လုပ်ဆောင်လိုက်တာဖြစ်တယ်လို့ မနေ့က ရုပ်သံမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

    “ယူအေအီးအနေနဲ့ ပိုပြီးသတိထားရမှာပါ။ ကြီးမားတဲ့ အမှားတစ်ခု၊ သစ္စာဖောက်တဲ့ လုပ်ရပ်တစ်ခုကို ကျူးလွန်လိုက်တာပါ။ ဒါကို သတိထားမိပြီး လမ်းမှားကို စွန့်လွှတ်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”

    ယူအေအီး-အစ္စရေး သံတမန်ဆက်ဆံမှု ထူထောင်ရေး သဘောတူညီချက်မှာ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက ဒေသတွေကို ပိုက်နက်ထဲသွတ်သွင်းမယ့် အစ္စရေးရဲ့အစီအစဉ်ကို ရပ်ဆိုင်းဖို့ ပါဝင်ပါတယ်။

    ယူအေအီးခေါင်းဆောင်ပိုင်းက ဒီလို ဆက်ဆံရေးထူထောင်တာဟာ ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးက ထပ်မံသိမ်းပိုက်မှုကို တားဆီးနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အနောက်ဖက်ကမ်း ဒေသတွေ အစ္စရေးနိုင်ငံထဲသွတ်သွင်းမယ့် အစီအစဉ်ကို မစွန့်လွှတ်ဘူးလို့ သဘောတူညီချက်ရပြီး နာရီပိုင်းအတွင်းမှာပဲ ထုတ်ပြန်ခဲ့ပါတယ်။

    သဘောတူညီချက်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နောက်ထပ်သက်တမ်းတစ်ခု အနိုင်ရဖို့ ရည်ရွယ်တာမျိုး ဖြစ်တယ်လို့လည်း ရူဟာနီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref: Reuters