News @ M-Media

Blog

  • ဂါဇာမှာ လူသတ်ပွဲအသစ် စတော့မယ့် အစ္စရေး

    ဂါဇာမှာ လူသတ်ပွဲအသစ် စတော့မယ့် အစ္စရေး

    မတ် ၂၉၊ ၂၀၂၄

    M-Media 


    ဂါဇာမှ ကလေးငယ်များ

    -ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင် တောင်ဖက်အစွန်းက ရာဖာမြို့ကို အစ္စရေးက မြေပြင်တပ်တွေနဲ့ ၀င်ရောက် အကြမ်းဖက်တိုက်ခိုက်တော့မှာ ဖြစ်ပါတယ်။ 

    ဂါဇာမှာ ပါလက်စတိုင်းပြည်သူ ၂ ဒဿမ ၂ သန်းကျော်ရှိနေတာပါ။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ တစ်ကျော့ပြန် လူသတ်ပွဲမှာ အစ္စရေးဟာ ဂါဇာမြောက်ပိုင်းကနေ အကြမ်းဖက်တိုက်ခိုက်မှု စတင်လာခဲ့တာ ဖြစ်ပါတယ်။

    ဂါဇာပြည်သူတွေ ဘေးလွတ်ရာ တောင်ပိုင်းကိုရွှေ့ဖို့ အစ္စရေးက အမိန့်ထုတ်ထားတဲ့အတွက် ပါလက်စတိုင်းအများစုဟာ ရာဖာမြို့မှာ ခိုလှုံနေရတာဖြစ်ပါတယ်။ 

    ဟားမက်စ်က ဓားစားခံအဖြစ် ခေါ်ဆောင်သွားသူတွေရဲ့ မိသားစု၀င်တွေနဲ့ မတ်လ ၂၈ ရက်နေ့က တွေ့ဆုံမှုမှာ အစ္စရေး၀န်ကြီးချုပ် နေတန်ယာဟုက ရာဖာမှာ တိုက်ခိုက်မှုတွေလုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ကုလလုံခြုံရေးကောင်စီက ဂါဇာမှာ ချက်ခြင်းအပစ်ရပ်ဖို့ ဆုံးဖြတ်ချက်ကို အစ္စရေးက မထီမဲ့မြင်ပြုတာလည်း ဖြစ်ပါတယ်။ 

    ၅ လကျော် ကြာမြင့်လာပြီဖြစ်တဲ့ ဂါဇာက အစ္စရေးရဲ့ လူသတ်ပွဲမှာ ပါလက်စတိုင်းပြည်သူ ၃၃၀၀၀ ကျော် အသတ်ခံထားရပြီး အများစုက ကလေးတွေနဲ့ အမျိုးသမီးတွေ ဖြစ်ပါတယ်။ 

    Ref: Aljazeera

  • Crypto ဘုရင်ဟောင်း လိမ်လည်မှုဖြင့် ထောင် ၂၅ နှစ် ချမှတ်ခံရ

    Crypto ဘုရင်ဟောင်း လိမ်လည်မှုဖြင့် ထောင် ၂၅ နှစ် ချမှတ်ခံရ

    မတ် ၂၉၊ ၂၀၂၄

    M-Media 

    -နာမည်ကျော် ဒစ်ဂျစ်တယ်ငွေကြေး(Crypto) အိတ်ချိန်း (FTX) ကို တည်ထောင်သူ ဆမ် ဘန့်မန်းဖရိုင်းဟာ ဒေါ်လာဘီလီယံချီ လိမ်လည်မှုနဲ့ ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံလိုက်ရပါတယ်။ 

    ဖရိုင်းတည်ထောင်ခဲ့တဲ့ FTX ဟာ ကမ္ဘာ့အကြီးဆုံး ဒစ်ဂျစ်တယ်ငွေကြေးအိတ်ချိန်းတွေထဲက တစ်ခုဖြစ်ခဲ့ပြီး အကြီးအကျယ် အောင်မြင်ခဲ့တာပါ။ 

    ဒါပေမယ့် ၂၀၂၂ ခုနှစ် စျေးကွက်အလှုပ်အခတ်မှာ ဖရိုင်းရဲ့လုပ်ငန်းဟာ ဒေ၀ါလီခံခဲ့ရပါတယ်။ ကုမ္ပဏီမပျက်ခင်မှာ ဖရိုင်းတစ်ယောက် ဖောက်သည်တွေထံကနေ ဒေါ်လာ ၈ ဘီလီယံကျော် အလွဲသုံးစားလုပ် ရယူခဲ့ပါတယ်။ 

    ဒီငွေတွေနဲ့ ဖရိုင်းဟာ အိမ်ယာအဆောက်အဦးတွေ၀ယ်တာ၊ နိုင်ငံရေးအသင်းအဖွဲ့တွေကို လှူဒါန်းတာနဲ့ အခြားရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ 

    လိမ်လည်မှုတွေနဲ့ ဖရိုင်းမှာ အပြစ်ရှိကြောင်း တွေ့ရတယ်လို့ အမှုကိုစစ်ဆေးနေတဲ့ နယူးယောက်တရားရုံးက ပြီးခဲ့တဲ့နှစ်မှာ ထုတ်ပြန်ခဲ့ပြီး ပြစ်ဒဏ် ၂၅ နှစ်ကို မတ်လ ၂၈ ရက်နေ့မှာ ချမှတ်ခဲ့တာပါ။ 

    တရားရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖရိုင်းက ဒီကိစ္စတွေအတွက် ဘာမှမသိကြောင်း၊ နောက်ဆုံးအချိန်ကျမှသိရတာဖြစ်ကြောင်း လိမ်လည်ထွက်ဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

    ငွေကြေးလိမ်လည်သူတစ်ယောက်အတွက် ထောင်ဒဏ် ၂၅ နှစ်ဟာ အမေရိကန်မှာ ပြင်းထန်တဲ့ အပြစ်ပေးမှုဖြစ်ပါတယ်။ ဒါပေမယ့် ဖရိုင်ကျူးလွန်ခဲ့တဲ့ လိမ်လည်မှုတစ်ခုစီတိုင်းအတွက် ဥပဒေပါသတ်မှတ်ချက်အတိုင်း အပြည့်အ၀ အပြစ်ပေးမယ်ဆိုရင် ထောင်ဒဏ် နှစ် ၁၀၀ ကျော် ကျခံရမှာ ဖြစ်ပါတယ်။ 

    Ref: BBC 

  • တိုက်တန်းနစ်ဖြစ်ရပ်ဆိုးမှ သမိုင်း၀င်သစ်သားပြား ဒေါ်လာ ၇ သိန်းကျော်ဖြင့် လေလံအောင်

    တိုက်တန်းနစ်ဖြစ်ရပ်ဆိုးမှ သမိုင်း၀င်သစ်သားပြား ဒေါ်လာ ၇ သိန်းကျော်ဖြင့် လေလံအောင်

    မတ် ၂၈၊ ၂၀၂၄

    M-Media 


    -ကမ္ဘာကျော် တိုက်တန်းနစ်ရုပ်ရှင်ထဲက နာမည်ကြီးသစ်သားပြားကို ပြီးခဲ့တဲ့တစ်ပတ် လေလံတင်ရောင်းချရမှာ ဒေါ်လာ ၇၁၈၇၅၀ ရရှိခဲ့ပါတယ်။ 

    မင်းသမီးရို့စ် အသက်ရှင်သန်ရေးအတွက် အရေးပါတဲ့ သစ်သားပြား ဖြစ်ပါတယ်။ တိုက်တန်းနစ်သင်္ဘော တိမ်းမှောက်ပြီး လူတွေ ရေပေါ် မျောနေစဥ်မှာ မင်းသားဂျက်က ရေထဲမှာ မျောလာတဲ့ သစ်သားပြားကို ယူပြီး မင်းသမီးရို့စ်ကို တင်ပေးခဲ့တာပါ။ 

    အဲဒီသစ်သားပြားကြောင့်ပဲ ရို့စ်ဟာ အသက်ရှင်ခဲ့တာ ဖြစ်ပါတယ်။ ရုပ်ရှင်ထဲက ဒီသစ်သားပြားဟာ တကယ့် တိုက်တန်းနစ်သင်္ဘောက ပျက်ဆီးနေတဲ့ သစ်သားပြားကို နမူနာယူကာ အသေးစိတ် ဖန်တီးထားတာ ဖြစ်ပါတယ်။ 

    အငြင်းပွားဖွယ်သစ်သားပြား 

    မင်းသားဂျက် သေဆုံးသွားခဲ့တဲ့ ဒီဇာတ်၀င်ခန်းအတွက် ပရိတ်သတ်တွေထံက ၀ေဖန်မှုတွေ ရခဲ့တယ်လို့ တိုက်တန်းနစ်ဒါရိုက်တာ ဂျိမ်းစ် ကင်မရွန်းက ပြောပါတယ်။ 

    ရို့စ်ဟာ တစ်ကိုယ်ကောင်းဆန်သူဖြစ်ပြီး ဂျက်ကလည်း ငပိန်းတစ်ယောက်ဖြစ်တယ်လို့ ပရိတ်သတ်တွေက ဆိုပါတယ်။ ဒီသစ်သားပြားဟာ ၂ ယောက်စလုံး တက်နေနိုင်တဲ့ အနေအထား ရှိတယ်လို့ စောဒက တက်ခဲ့ကြတာပါ။ 

    အလျား ၈ ပေ၊ အနံ ၃ ပေကျော်ရှိတဲ့ အဲဒီသစ်သားပြားမှာ လူနှစ်ယောက် တက်နေနိုင်တယ်ဆိုတဲ့ အငြင်းပွားမှုတွေ ရှိပေမယ့် ဇာတ်လမ်းအရ မင်းသားဂျက်ဟာ သေဆုံးရမှာဖြစ်တယ်လို့ ဒါရိုက်တာ ကင်မရွန်းက ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ 

    Ref: BBC

  • ဘာလ်တီမိုးတံတားကျိုးကျမှု အနည်းဆုံး ၆ ဦးသေဆုံး

    ဘာလ်တီမိုးတံတားကျိုးကျမှု အနည်းဆုံး ၆ ဦးသေဆုံး

    မတ် ၂၇၊ ၂၀၂၄

    M-Media 


    -အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ် ဘာလ်တီမိုးမြို့က Francis Scott Key တံတား ကျိုးကျမှုအတွင်း အနည်းဆုံး လူ ၆ ဦးသေဆုံးဖွယ်ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

    မတ်လ ၂၆ ရက်နေ့မနက်ပိုင်းက တံတားတိုင်တစ်ခုကို  ကွန်တိန်နာသင်္ဘောကြီး ၀င်တိုက်ခဲ့တာကြောင့် ကျိုးကျခဲ့တာပါ။ အခင်းဖြစ်ပွားစဥ် တံတားပေါ်မှာ လူ ၈ ဦး ရှိခဲ့ပြီး ၂ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပါတယ်။ 

    ရှာမတွေသေးတဲ့ အခြား ၆ ဦးကို သေဆုံးသွားပြီလို့ ယူဆကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ အန္တရာယ်ရှိတဲ့ အနေအထားကြောင့် ရှာဖွေကယ်ဆယ်မှုတွေကို မတ်လ ၂၈ ရက်နေ့မှ ပြန်လည်လုပ်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။ 

    သေဆုံးသွားပြီလို့ ယူဆရသူ ၆ ဦးဟာ ဂွါတီမာလာ၊ အလ်ဆာဗေဒိုးနဲ့ မက္ကဆီကိုတို့က ဆောက်လုပ်ရေးလုပ်သားတွေ ဖြစ်ပါတယ်။

    တံတားကို ၀င်တိုက်ခဲ့တဲ့ ကွန်တိန်နာသင်္ဘော Dali ဟာ စင်ကာပူအလံလွှင့်ထားတဲ့ သင်္ဘောပါ။ တံတားကိုမတိုက်ခင်မှာ ကမ်းခြေစောင့်အဖွဲ့ကို အန္တရာယ်ရှိနေကြောင်း သတင်းပေးပို့ခဲ့ပြီး တံတားက ကားအသွားအလာကို ရှင်းလင်းထားဖို့ အကြောင်းကြားခဲ့ပါတယ်။ 

    တံတားကို၀င်မတိုက်ခင် Dali သင်္ဘောဟာ အင်ဂျင်ရော၊ လျှပ်စစ်စနစ်အားလုံး ပြတ်တောက်သွားကြောင်း ကနဦးစစ်ဆေးမှုမှာ တွေ့ခဲ့ရပါတယ်။ 

    ဒီသင်္ဘောဟာ ပြီးခဲ့တဲ့နှစ်က အင်ဂျင်ပိုင်းနဲ့ စက်ကိရိယာပိုင်းဆိုင်ရာ ပြဿနာကြောင့် ချီလီနိုင်ငံမှာ တစ်ထောက်နား ပြင်ဆင်ခဲ့ရဖူးပါတယ်။ 

    Francis Scott Key တံတား ကျိုးကျမှုကြောင့် အမေရိကန်အရှေ့ဘက်ကမ်းရိုးတန်းက ကုန်သွယ်ရေးကို ထိခိုက်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

    Ref: CNN 

  • ဆောက်လုပ်ချိန် ၁၄၄ နှစ် ကြာပြီးနောက် အဆုံးသတ်တော့မည့် ဘာစီလိုနာက နာမည်ကြီး ကက်သလစ်ဘုရားကျောင်း

    ဆောက်လုပ်ချိန် ၁၄၄ နှစ် ကြာပြီးနောက် အဆုံးသတ်တော့မည့် ဘာစီလိုနာက နာမည်ကြီး ကက်သလစ်ဘုရားကျောင်း

    မတ် ၂၇၊ ၂၀၂၄
    M-Media 

    -စပိန်နိုင်ငံ ဘာစီလိုနာမြို့က နာမည်ကျော် Sagrada Familia ကက်သလစ်ခရစ်ယာန်ဘုရားကျောင်း ဆောက်လုပ်မှုဟာ ၂၀၂၆ ခုနှစ်မှာ ပြီးဆုံးမယ်လို့ အာဏာပိုင်တွေက အတည်ပြု ပြောကြားလိုက်ပါတယ်။ 

    ၁၈၈၂ ခုနှစ်က စတင်တည်ဆောက်ခဲ့တဲ့ အဲဒီဘုရားကျောင်းကို ကာ့တ်လန်ဗိသုကာပညာရှင် အန်တိုနီ ဂေါင်ဒီက ဒီဇိုင်ဆွဲပေးခဲ့တာပါ။ 

    ခရစ်တော်၊ မယ်တော်မေရီ၊ တမန်တော် ၁၂ ပါး၊ ခရစ်၀င်ကျမ်းရေးသူ ၄ ဦး စတဲ့ သမ္မာကျမ်းစာပါ ပုဂ္ဂိုလ် ၁၈ ဦးကို အထိမ်းအမှတ်ပြုတဲ့  ကြောင်လိမ်တာ၀ါ ၁၈ ခု တည်ဆောက်ဖို့ ဒီဇိုင်းမှာ ပါ၀င်ပါတယ်။ 

    လက်ရှိ ဆောက်လုပ်မှု နောက်ဆုံးပိုင်းမှာ ၀တ်ပြုခန်းမဆောင်ကို ၂၀၂၅ ခုနှစ်မှာ အဆုံးသတ်နိုင်မှာဖြစ်ပြီး ခရစ်တော်ကို အထိမ်းအမှတ်ပြုတဲ့ မျှော်စင်က ၂၀၂၆ ခုနှစ်မှာ ပြီးစီးမှာ ဖြစ်ပါတယ်။

    ဒီမျှော်စင်ဟာ ၅၆၆ မီတာမြင့်မှာဖြစ်ပြီး အဲဒီမှာပါ၀င်မယ့် လက်၀ါးကပ်တိုင်က ၆၅ ပေ မြင့်မှာဖြစ်ပါတယ်။ ဒီမျှော်စင်ပြီးသွားရင် ဂျာမနီက Ulm Minster ဘုရားကျောင်းကိုကျော်ပြီး ကမ္ဘာ့ အမြင့်ဆုံးဘုရားကျောင်းအဖြစ် မှတ်တမ်း၀င်မှာ ဖြစ်ပါတယ်။ 

    နှစ် ၁၄၀ ကျော် 
    —————

    ဗိသုကာပညာရှင် ဂေါင်ဒီကွယ်လွန်ချိန် ၁၉၂၆ ခုနှစ်မှာ Sagrada Familia ဘုရားကျောင်း ဆောက်လုပ်မှု ၁၅ ရာခိုင်နှုန်းလောက်သာ ပြီးစီးခဲ့ပါတယ်။ 

    အဲဒီနောက် ဆောက်လုပ်မှု နှေးကွေးခဲ့ပြီး စပိန်ပြည်တွင်းစစ်ဖြစ်တဲ့ ၁၉၃၀ ပြည့်နှစ်တွေမှာ ရပ်ဆိုင်းခဲ့ပါတယ်။ စစ်အတွင်း ဘုရားကျောင်းထဲက ဂေါင်ဒီရဲ့ အုတ်ဂူ ဖျက်ဆီးခံခဲ့ရပြီး သူ့ရဲ့ ဒီဇိုင်းတွေ၊ မော်ဒယ်ပုံကြမ်းတွေလည်း ပျောက်ဆုံးခဲ့ပါတယ်။

    နောက်ပိုင်းမှာ မူရင်းဒီဇိုင်းကို မှီငြမ်းပြီး ပြန်လည်ဆောက်လုပ်ခဲ့ရတာဖြစ်ပါတယ်။ ၁၉၈၄ ခုနှစ်မှာ Sagrada Familia ဘုရားကျောင်းကို ကမ္ဘာ့အမွေအနှစ်အဖြစ် ယူနက်စကိုက သတ်မှတ်ခဲ့ပြီး၊ ၂၀၁၀ ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီး ဘန်နီဒစ်က ၀တ်ပြုခွင့်ပြုခဲ့ပါတယ်။ 

    Sagrada Familia ဘုရားကျောင်း ဆောက်လုပ်ခွင့်ပါမစ် မတင်ခဲ့တာကို ၁၃၇ နှစ်ကြာ ၂၀၁၆ ခုနှစ်မှ ဘာစီလိုနာအာဏာပိုင်တွေ သိရှိခဲ့ပြီး ၂၀၁၉ ခုနှစ်မှာတော့ ဆောက်လုပ်ခွင့်ပါမစ် ထုတ်ပေးခဲ့ပါတယ်။

    Ref: CNN