News @ M-Media
Blog
  • စကားတစ်ခွန်းကြောင့် နိုင်ငံတကာပြိုင်ပွဲ ၃ လအပိတ်ခံရတဲ့ မက်ဆီ
    စကားတစ်ခွန်းကြောင့် နိုင်ငံတကာပြိုင်ပွဲ ၃ လအပိတ်ခံရတဲ့ မက်ဆီ
    သြဂုတ် ၃၊ ၂၀၁၉
    M-Media
    ချီလီနှင့် တတိယနေရာလုပွဲတွင် ပထမပိုင်း ၃၇ မိနစ်၌ မက်ဆီ အထုတ်ခံရစဉ်
    -ကိုပါအမေရိက ဘောလုံးပြိုင်ပွဲဟာ ခြစားမှုရှိတဲ့ ပြိုင်ပွဲတစ်ခုဖြစ်တယ်ဆိုတဲ့ မှတ်ချက်ကြောင့် အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ နိုင်ငံတကာပြိုင်ပွဲတွေကနေ ၃ လ ပိတ်ပင်ခံလိုက်ရပါတယ်။
    ချီလီကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ကိုပါအမေရိကဖလား တတိယနေရာလုပွဲမှာ အနီကဒ်နဲ့ ထုတ်ခံခဲ့ရပြီးတဲ့နောက် ကိုပါအမေရိကဟာ ဘရာဇီးလ်ဖလားရအောင် လုပ်ဆောင်ထားတဲ့ ပြိုင်ပွဲဖြစ်တယ်လို့ မက်ဆီက ပြောကြားခဲ့တာပါ။
    မက်ဆီဟာ ၃ လပွဲပယ်ပြစ်ဒဏ်အဖြစ် တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် Conmebol ကိုလည်း ဒဏ်ငွေ ကန်ဒေါ်လာ ၅ သောင်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ပွဲပယ်ပြစ်ဒဏ်ကြောင့် မက်ဆီဟာ စက်တင်ဘာလနဲ့ အောက်တိုဘာလတို့မှာ ကစားမယ့် အာဂျင်တီးနားရဲ့ နိုင်ငံတကာ ခြေစမ်းပွဲတွေမှာ ပါဝင်ခွင့်ရမှာ မဟုတ်တော့ပါဘူး။
    အာဂျင်တီးနားဟာ ၂၀၂၂ ကမ္ဘ္ဘာ့ဖလား ခြေစစ်ပွဲတွေကို ၂၀၂၀ ခုနှစ်မတ်လမှာ စတင် ကစားရမှာ ဖြစ်ပါတယ်။
    ဇွန်လနဲ့ ဇူလိုင်လမှာ ကစားခဲ့တဲ့ ကိုပါအမေရိကဖလား ဘောလုံးပြိုင်ပွဲမှာ အာဂျင်တီးနားဟာ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပြီး အိမ်ရှင်ဘရာဇီးလ်ကို ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။
    အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်က ဆီမီးဖိုင်နယ်ပွဲမှာ ဒိုင်လူကြီးတွေ အမှားလုပ်ခဲ့တယ်လို့ တိုင်ကြားခဲ့ပေမယ့် Conmebol က ဒီတိုင်ကြားမှုဟာ အခြေအမြစ်မရှိတဲ့ တိုင်ကြားမှုသာ ဖြစ်တယ်လို့ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။
    Ref: BBC
  • ခွေးရူးရောဂါတိုက်ဖျက်ရေး အစိုးရကို WHO ကူညီနေ
    ခွေးရူးရောဂါတိုက်ဖျက်ရေး အစိုးရကို WHO ကူညီနေ
    သြဂုတ် ၂၊ ၂၀၁၉
    M-Media
    Photo Credit – mmtimes
    -အခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကို ခွေးရူးပျံရောဂါ ကာကွယ်ဆေး ၁၄၀၀၀ ပေးအပ်ခဲ့တယ်လို့ ကမ္ဘ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောကြားလိုက်ပါတယ်။
    ခွေးရူးရောဂါ ကာကွယ်ရေးနဲ့ ကုသရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနဟာ ရန်ကုန်ဆေးရုံကြီး၊ မြောက်ဥက္ကလာပ ဆေးရုံ၊ အင်းစိန်ဆေးရုံနဲ့ သင်္ကန်းကျွန်း စံပြဆေးရုံတို့မှာ ၂၄ နာရီ ကုသရေးစင်တာတွေကို ဖွင့်လှစ်ပြီး ခွေးကိုက်ခံရသူတွေကို ကုသပေးနေပါတယ်။
    ကာကွယ်ဆေးကတော့ WHO က သတ်မှတ်ထားတဲ့အတိုင်း ၀.၁ မီလီလီတာထိုးဆေးကို တစ်လအတွင်း ၃ ကြိမ် ထိုးသွင်းပေးနေတာ ဖြစ်ပါတယ်။
    WHO ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် စတီဖင်ပေါလ်ဂျော့စ်က ခွေးရူးရောဂါဟာ ပြည်သူလူထု ကျန်းမာရေးမှာ အဓိကကျတဲ့ ရောဂါတစ်ခုဖြစ်ပြီး မိမိတို့အနေနဲ့ ဒီကိစ္စမှာ မြန်မာနိုင်ငံကို ဆက်လက် ပံ့ပိုးကူညီပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    “ခွေးကိုက်တာကို တတ်နိုင်သလောက် တားဆီးဖို့ အရမ်း အရေးကြီးပါတယ်။ ဒါမှ ခွေးရူးရောဂါကို တားဆီးနိုင်မှာပါ။ ခွေးရူးရောဂါကို ကိုင်တွယ်ဖြေရှင်းရာမှာ ခွေးတွေကို ကာကွယ်ဆေးထိုးပေးထားတာက အရမ်းထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။ ဒါပေမယ့် ခွေးကိုက်တာတွေ ဆက်ဖြစ်နေတော့ လူတွေကို ကာကွယ်ဆေး လုံလုံလောက်လောက် ထိုးပေးဖို့လည်း အရေးကြီးပါတယ်”
    ခွေးရူးရောဂါအကြောင်းနဲ့ ဖြစ်ပွားလာရင် ဘယ်လို ကိုင်တွယ်ဆောင်ရွက်ရမလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး ၀န်ကြီးဌာနက ဆောင်ရွက်နေတဲ့ ပြည်သူလူထု အသိပညာပေးလုပ်ငန်းမှာလည်း WHO က ကူညီထောက်ပံ့ပေးနေပါတယ်။
    ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဦးမြင့်ထွေးက မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရမှု မြင့်တက်လာပြီး၊ ခွေးရူးရောဂါ ဖြစ်ပွားနေတဲ့ နိုင်ငံပေါင်း ၁၅၀ ကျော်မှာ မြန်မာနိုင်ငံက ရောဂါဖြစ်ပွားမှုနှုန်း အမြင်ဆုံးမှာ ပါဝင်နေကြောင်း ပြောကြားခဲ့ပါတယ်။
    “ခွေးကိုက်တဲ့အရေအတွက်ဟာ တစ်ဖြည်းဖြည်း မြင့်တက်လာပါတယ်။ ခွေးကိုက်တာနည်းသွားရင် ခွေးရူးရောဂါ ကာကွယ်ဆေးအတွက် သုံးစွဲမှုလည်း လျော့သွားမှာပါ။ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ခွေးရူးရောဂါ ကာကွယ်ဆေးနဲ့ ဆက်စပ်ဆေးဝါးတွေဝယ်ဖို့ ငွေကျပ် ၁၃.၇ ဘီလီယံ သုံးစွဲခဲ့ရပါတယ်”
    မြန်မာနိုင်ငံမှာ အိမ်မွေးခွေးနဲ့ လမ်းဘေးခွေး စုစုပေါင်း ၆ သန်းလောက်ရှိမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပြီး လူ ၁၀ ယောက်ကို ခွေးတစ်ကောင်နှုန်းဖြစ်ပါတယ်။ ခွေးကောင်ရေကို ထိန်းချုပ်ဖို့ လိုအပ်တယ်လို့လည်း ပညာရှင်တွေက ထောက်ပြ ပြောဆိုထားပါတယ်။
    ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်း ဆေးရုံးတွေမှာ ခွေးကိုက်လူနာပေါင်း ၁၈၀၀၀၀ လောက် လာရောက်ကုသခဲ့ကြပြီး ၂၀၁၈ ခုနှစ်မှာတော့ ပိုမိုမြင့်က်ကာ ၁၉၂၀၀၀ အထိ ဖြစ်လာပါတယ်။ အခုနှစ် ပထမ ၆ လအတွင်းမှာတော့ ခွေးကိုက်ခံရတဲ့ လူနာပေါင်း ၆ သောင်းလောက် ရှိခဲ့ပါတယ်။
    ခွေးရူးရောဂါကြောင့် သေဆုံးသူကတော့ ၂၀၁၁ ခုနှစ်မှာ ၂၄၅ ဦး ရှိရာကနေ၊ ၂၀၁၈ ခုနှစ်မှာ ၇၁ ဦးအထိ ကျဆင်းသွားပါတယ်။ အခုနှစ်မှာတော့ သေဆုံးသူ ၄၀ ခန့်သာ ရှိပါတယ်။
    Ref: mmtimes
    (Myanmar Times အင်္ဂလိပ်ပိုင်းတွင် ဖော်ပြသည့် သတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)
  • ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဗုံးအသေးစား ၆ လုံး ပေါက်ကွဲ
    ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဗုံးအသေးစား ၆ လုံး ပေါက်ကွဲ
    သြဂုတ် ၂၊ ၂၀၁၉
    M-Media
    -ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်က နေရာ ၆ နေရာမှာ ဒီကနေ့မနက်ပိုင်းက ဗုံးအငယ်စား ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး အမေရိကန်၊ တရုတ်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေက ထိပ်တန်း သံတမန်တွေပါဝင်တဲ့ အာဆီယံ လုံခြုံရေးအစည်းအဝေး ကျင်းပနေချိန် တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
    ဒေသစံတော်ချိန် မနက် ၉ နာရီမတိုင်ခင် ဘန်ကောက်မြို့လယ်ကောင်က နေရာနှစ်ခုမှာ ပထမဆုံး ပေါက်ကွဲခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ အစိုးရ၀န်ကြီးဌာနတွေတည်ရှိရာ မြို့မြောက်ပိုင်းက အဆောက်အဦးနားမှာ ဆက်တိုက် ပေါက်ကွဲခဲ့ပါတယ်။ ပေါက်ကွဲမှုတွေကြောင့် သန့်ရှင်းရေးဝန်ထမ်း ၃ ဦးအပါအ၀င် ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
    ပေါက်ကွဲမှုဖြစ်ပွားရာ နေရာက တစ်ချို့အဆောက်အဦးတွေရဲ့ ပြတင်းပေါက်မှန်တွေ အက်ကွဲခဲ့ပါတယ်။
    ထိုင်းရဲတပ်ဖွဲ့က တာဝန်ရှိသူ ကာနယ် Kamtorn Uicharoen က နေရာ ၆ ခုမှာ ဗုံး တွေ ပေါက်ကွဲခဲ့ပြီး တစ်နေရာမှာတော့ မပေါက်ကွဲခင် ရှင်းလင်းနိုင်ခဲ့ကြောင်း၊ ဗုံးတွေဟာ လက်လုပ်ချိန်ကိုက်ဗုံးတွေဖြစ်ကြောင်း ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
    ဗုံးတွေဟာ ‘ပင်ပေါင်ဗုံး’ လို့ခေါ်တဲ့ တင်းနစ်ဘောလုံးအရွယ်တွေဖြစ်ပြီး ထိခိုက်ဒဏ်ရာရဖို့ မရွယ်ရည်ဘဲ၊ ဒေသတွင်း လုံခြုံရေးဆိုင်ရာ အစည်းအဝေးရှိနေတဲ့အချိန် အစိုးရကို အရှက်ရစေဖို့ ရည်ရွယ်လုပ်ဆောင်မှု ဖြစ်ပုံရကြောင်း နိုင်ငံရေး ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
    ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကတော့ ပေါက်ကွဲမှုတွေကို ရှုတ်ချခဲ့ပြီး စုံစမ်းစစ်ဆေးရေ လုပ်ဆောင်ဖို့ အမိန့်ပေးထားပါတယ်။ ဘယ်အဖွဲ့က လုပ်ဆောင်လဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
    ဘန်ကောက်မှာ အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးတွေ ပါဝင်တဲ့ လုံခြုံရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးတစ်ခု ကျင်းပနေပြီး ဒီအစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန် ၀မ်ယီနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုတို့ တက်ရောက်ကြပါတယ်။
    ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနက တာဝန်ရှိသူ Arthayudh Srisamoot က ပေါက်ကွဲမှုတွေကြောင့် အစည်းအဝေးပေါ် ဘယ်လိုထိခိုက်မှုမှ ရှိမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
    Ref: CNA
  • အမျိုးသမီးများ ခရီးသွားရာတွင် အမျိုးသားအုပ်ထိန်းသူ လိုအပ်သည့်စနစ်ကို ဆော်ဒီပယ်ဖျက်
    အမျိုးသမီးများ ခရီးသွားရာတွင် အမျိုးသားအုပ်ထိန်းသူ လိုအပ်သည့်စနစ်ကို ဆော်ဒီပယ်ဖျက်
    ဇူလိုင် ၂၊ ၂၀၁၉
    M-Media
    -အမျိုးသမီးတွေ နိုင်ငံရပ်ခြားကို ခရီးသွားရင် အမျိုးသားအုပ်ထိန်းသူ ပါဝင်မှ ခွင့်ပြုတဲ့စနစ်ကို
    ဖျက်သိမ်းကြောင်း ဆော်ဒီအာရေဗျအစိုးရက မနေ့မှာ ကြေငြာလိုက်ပြီး ရှေးရိုးစွဲ ဆော်ဒီမှာ အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်တဲ့ နောက်ထပ် ပြုပြင်ပြောင်းလဲမှုတစ်ခု ဖြစ်ပါတယ်။
    ဆော်ဒီဟာ အရင်က အမျိုးသမီးတွေကားမောင်းခွင့် ပိတ်ပင်တဲ့ ကမ္ဘ္ဘာ့တစ်ခုတည်းသောနိုင်ငံ ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်မှာ ဒီပိတ်ပင်မှုကို ဖယ်ရှားပေးခဲ့ပါတယ်။
    ခရီးသွားရင် အမျိုးသားအုပ်ထိန်းသူ ပါဝင်ရမယ်ဆိုတဲ့ ကန့်သတ်ချက် ဖယ်ရှားပေးမှုကို အမေရိကန်နိုင်ငံဆိုင်ရာ ဆော်ဒီသံအမတ် ရီမာ ဘန်ဒါ အလ်-ဆာအွဒ်ကလည်း အတည်ပြုခဲ့ပါတယ်။
    “ဒါဟာ သမိုင်းသစ်ရေးရာမှာ ပါဝင်လာမယ့် စည်းမျဉ်းတွေ ဖြစ်ပါတယ်။ ကျွန်မတို့ လူ့အဖွဲ့အစည်းမှာ အမျိုးသားနဲ့ အမျိုးသမီးတွေအပေါ် တန်းတူဆက်ဆံဖို့ တိုက်တွန်းဆော်သြလေ့ရှိကြတယ်။ အချိန်အတော်ကြာခဲ့ပြီးတဲ့နောက် အခုလို ဖြစ်ပေါ်တိုးတက်မှုတွေ ရှိလာပါပြီ” လို့ ရီမာက သူမရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။
    ရီမာဟာ ဆော်ဒီရဲ့ ပထမဆုံး အမျိုးသမီး သံအမတ်လည်း ဖြစ်ပါတယ်။
    အမျိုးသားအုပ်ထိန်းသူ လိုအပ်မှု ပယ်ဖျက်တဲ့အမိန့်ဟာ ဘယ်အချိန်မှာ အသက်ဝင်မလဲဆိုတာတိတိကျကျ မသိရသေးပါဘူး။
    အရင်က ဆော်ဒီအမျိုးသမီးတွေဟာ ခရီးသွားရင် ဖခင်၊ ခင်ပွန်း၊ သား ဒါမှမဟုတ် ဆွေမျိုးနီးစပ်ထဲက အမျိုးသားတစ်ဦးဦး အဖော်ပါမှသာ သွားခွင့်ရတာဖြစ်ပြီး၊ အခု ပြုပြင်ပြောင်းလဲမှုက ဒီစနစ်ကို အဆုံးသတ်စေမှာ ဖြစ်ပါတယ်။
    ဆော်ဒီအစိုးရသတင်းစာတွေကလည်း အသက် ၂၁ နှစ်ပြည့် နိုင်ငံကူးလက်မှတ် လျှောက်ထားတဲ့ အမျိုးသမီးတိုင်းကို ထုတ်ပေးသွားမှာဖြစ်ပြီး၊ ခရီးသွားရာမှာလည်း အမျိုးသား အုပ်ထိန်းသူ ပါစရာမလိုတော့ဘူးလို့ ရေးသား ဖော်ပြခဲ့ကြပါတယ်။
    ဆော်ဒီနိုင်ငံသားတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ ဒီဥပဒေသစ်ကို ကြိုဆိုကြောင်း ဆိုရှယ်မီဒီယာတွေမှာ ရေးသားဖော်ပြနေကြပါတယ်။
    Ref: Aljazeera
  • ဘေဂျင်းရှိ ဟာလာလ်ဆိုင်များတွင် အစ္စလာမ့်အမှတ်သညာများ ဖယ်ရှားရန် တရုတ်အစိုးရ အမိန့်ထုတ်
    ဘေဂျင်းရှိ ဟာလာလ်ဆိုင်များတွင် အစ္စလာမ့်အမှတ်သညာများ ဖယ်ရှားရန် တရုတ်အစိုးရ အမိန့်ထုတ်
    သြဂုတ် ၂၊ ၂၀၁၉
    M-Media
    အာရဘီစာတန်းကို ဘုပ်ထားသည့် ဟာလာလ်ဆိုင်တစ်ခု
    -ဘေဂျင်းမြို့က အစ္စလာမ်ဘာသာဝင်တွေရဲ့ ဈေးဆိုင်တွေ၊ ဟာလာလ် စားသောက်ဆိုင်တွေမှာ
    အစ္စလာမ်နဲ့သက်ဆိုင်တဲ့ အမှတ်သညာတွေ၊ အာရဘီဆိုင်းဘုတ်တွေကို တရုတ်အာဏာပိုင်တွက ဖယ်ရှားခိုင်းခဲ့ပြီး လူနည်းစုတွေကို တရုတ်ဇာတ်သွင်းရေးစီမံကိန်းမှာ နောက်တစ်ဆင့် ထပ်တိုးလာတာလည်း ဖြစ်ပါတယ်။
    ရိုက်တာသတင်းဌာနက ဘေဂျင်းမြို့မှာရှိတဲ့ စားသောက်ဆိုင်တွေ၊ ဈေးဆိုင်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သွားရောက်စုံစမ်းပြီး ဒီကိစ္စကို ဖော်ထုတ်တင်ပြခဲ့တာပါ။
    ဟာလာလ်စားသောက်ဆိုင်နဲ့ ဈေးဆိုင် ၁၁ ခုရဲ့ ၀န်ထမ်းတွေက တရုတ်အာဏာပိုင်တွေဟာ
    လနဲ့ကြယ်လို အစ္စလာမ့်အမှတ်သညာတွေ၊ ကိုရန်ကျမ်းက စာကြောင်းတွေ၊ အာရဘီဘာသာစကားနဲ့ ရေးသားထားတဲ့ ‘ဟာလာလ်’ ဆိုင်းဘုတ်တွေကို ဖယ်ရှားခိုင်းခဲ့တယ်လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
    ခေါက်ဆွဲဆိုင်တစ်ဆိုင်မှာဆိုရင် ဟာလာလ်ဆိုင်းဘုတ်ကို မျက်စိရှေ့မှာတင် ဖြုတ်ချဖို့ အာဏာပိုင်တွေက ခိုင်းစေခဲ့တယ်လို့ ဆိုပါတယ်။
    “ဒါတွေဟာ နိုင်ငံခြားယဉ်ကျေးမှုဖြစ်ပြီး တရုတ်ယဉ်ကျေးမှုကို ပိုအသုံးပြုသင့်တယ်လို့ သူတို့က ပြောပါတယ်” လို့ လုံခြုံရေးစိုးရိမ်ရမှုကြောင့် အမည်မဖော်လိုတဲ့ ခေါက်ဆွဲဆိုင်မန်နေဂျာက ပြောပါတယ်။
    နိုင်ငံအတွင်းက ဘာသာရေးအမှတ်သညာတွေအပေါ် ပစ်မှတ်ထားဖိနှိပ်တဲ့လုပ်ငန်းကို တရုတ်အစိုးရက ၂၀၁၆ ခုနှစ်မှာ စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး အစ္စလာမ် အမှတ်သညာတွေနဲ့ အာရဘီစာပန်းချီတွေကို ပစ်မှတ်ထားလာတာဟာ ဒီလုပ်ငန်းရဲ့ နောက်ဆင့် ဖြစ်ပါတယ်။
    အရင်ကလည်း တရုတ်အစိုးရဟာ နိုင်ငံတစ်ဝှမ်းက ဗလီဝတ်ကျောင်းတော်တွေရဲ့ အမိုးခုံးတွေကို ဖျက်ဆီးခဲ့ပြီး ဒါတွေဟာ အရှေ့အလယ်ပိုင်းစတိုင် ဖြစ်တဲ့အတွက် ဒီလို ဆောင်ရွက်ရတာလို့ ပြောကြားခဲ့ပါတယ်။
    တရားဝင်ကိန်းဂဏန်း ထုတ်ပြန်ချက်တွေအရ တရုတ်နိုင်ငံမှာ အစ္စလာမ်ဘာသာဝင် သန်း ၂၀
    လောက်ရှိပြီး ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း တရုတ်ဇာတ်သွင်းမှု၊ ကွန်မြူနစ်အတွေးအခေါ် သွတ်သွင်းမှုတွေကို ပိုမို ခံစားလာရပါတယ်။
    ခရစ်ယာန်များကိုလည်း ပစ်မှတ်ထား
    တရုတ်အစိုးရက Golden Lampstand ခရစ်ယာန်ဘုရားကျောင်းကို ဖောက်ခွဲဖျက်ဆီးနေစဉ်
    တရုတ်အစိုးရက ဘာသာရေးအဆောက်အဦးတွေ၊ အမှတ်သညာတွေအပေါ် ပစ်မှတ်ထား ဖျက်ဆီးနေမှုကို နိုင်ငံအတွင်းက လူနည်းစု ခရစ်ယာန်တွေလည်း ခံစားနေရပါတယ်။
    အခုနှစ် ဇန်နဝါရီလက နိုင်ငံမြောက်ပိုင်း ရှန်ဇီပြည်နယ်မှာရှိတဲ့ Golden Lampstand ခရစ်ယာန် ဘုရားကျောင်းကို တရုတ်အစိုးရက စက်ယန္တရားကြီးတွေ၊ ဒိုင်းနမိုက်တွေ အသုံးပြုပြီး
    ဖေါက်ခွဲဖျက်ဆီးခဲ့ပါတယ်။
    Golden Lampstand ဘုရားကျောင်းက တရုတ်နိုင်ငံမှာရှိတဲ့ အကြီးဆုံး ခရစ်ယာန်ဘုရားကျောင်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ တရုတ်အစိုးရဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ နှောင်းပိုင်းနဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ အစောပိုင်းတွေမှာ ခရစ်ယာန်ဘုရားကျောင်းကြီး ၂ ခုကို ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။
    နိုင်ငံတစ်ဝှမ်းမှာ စိုက်ထူထားတဲ့ လက်ဝါးကပ်တိုင်တွေကို ဖြိုချတာ၊ ခရစ်ယာန်ဘာသာဝင်တွေရဲ့
    ဘာသာရေး စာအုပ်စာပေတွေကို သိမ်းဆည်းတာ၊ ဘုရားကျောင်းတွေကို ၀င်ရောက်စီးနင်းပြီး
    တရုတ်နိုင်ငံမှာ ခရစ်ယာန်ဘာသာဝင် သန်း ၆၀ လောက် ရှိနေပြီး တရုတ်အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုကြောင့် ထက်ဝက်လောက်က ဘာသာရေးကို လျှို့ဝှက်စွာ ကျင့်သုံးနေရပါတယ်။
    စိုးရိမ်
    ဘေဂျင်းမြို့မှ ဟာလာလ်ဆိုင်
    ဘာသာရေးအသင်းအဖွဲ့တွေကတစ်ဆင့် နိုင်ငံခြားသြဇာလွှမ်းမိုးကာ ထိန်းချုပ်ရခက်မှာကို တရုတ်အာဏာပိုင်တွေက စိုးရိမ်တဲ့အတွက် ဘာသာရေးအသင်းအဖွဲ့တွေကို ဒီလို ပစ်မှတ်ထား နှိမ်နှင်းတာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပြောဆိုကြပါတယ်။
    “အာရဘီကို နိုင်ငံခြား ဘာသာစကားတစ်ခုအဖြစ် ရှုမြင်ပြီး၊ ဒီဘာသာစကားနဲ့ ဆက်နွယ်တဲ့ အ အသိပညာတွေဟာ အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိဘူးလို့ ယူဆနေတာပါ။ အာရဘီဟာ တစ်ကမ္ဘ္ဘာလုံးက ကျင့်သုံးနေတဲ့ ဘာသာရေးပုံစံနဲ့ ဆက်နွယ်နေပြီး တရုတ်အာဏာပိုင်တွေက အစွန်းရောက်ဝါဒနဲ့ ဆက်နွယ်နေတယ်လို့ မှတ်ယူထားပါတယ်။ တရုတ်နိုင်ငံက အစ္စလာမ်ဘာသာကို တရုတ်ဘာသာစကားနဲ့ပဲ သူတို့က ကျင့်သုံးချင်ကြတာပါ” လို့ ဝါရှင်တန်တက္ကသိုလ်က မနုဿဗေဒ ပညာရှင်ဖြစ်ပြီး တရုတ်နိုင်ငံအနောက်ပိုင်းက ရှင်ကျန်းပြည်နယ်အကြောင်း လေ့လာနေသူ ဒါရန်ဘိုင်လာက ပြောကြားခဲ့ပါတယ်။
    အစားအသောက်တွေကို လိုက်လံပို့ဆောင်ပေးနေတဲ့ Meituan Dianping အက်ပလီကေးရှင်းအရ ဘေဂျင်းမြို့မှာ ဟာလာလ် စားသောက်ဆိုင်နဲ့ ဈေးဆိုင်ပေါင်း အနည်းဆုံး တစ်ထောင်လောက်ရှိပြီး အများစုက ဘေဂျင်းရဲ့ သမိုင်းဝင် မွတ်စလင်ရပ်ကွက်က ဖြစ်ပါတယ်။
    ဟာလာလ်အမှတ်သညာတွေ၊ အာရဘီစာပန်းချီနဲ့ ရေးသားထာားတဲ့ ကိုရန်ကျမ်းက စာတန်းတွေ ဖယ်ရှားဖို့ မြို့တွင်းက ဟာလာလ်ဆိုင်တွေအားလုံးကို တရုတ်အာဏာပိုင်တွေက အမိန့်ပေးထားလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
    မိမိတို့ သတင်းထောက်တွေရဲ့ လေ့လာမှုအရ ဆိုင်ကြီးတော်တော်များများမှာ အာရဘီနဲ့ ရေးသားထားတဲ့ ဟာလာလ်ဆိုင်းဘုတ်အစား တရုတ်ဘာသာစကားနဲ့ ရေးသားထားတဲ့ ဟာလာလ်ဆိုင်းဘုတ်တွေကို တပ်ဆင်ထားတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
    ဘေဂျင်းအစိုးရရဲ့ တိုင်းရင်းသားနဲ့ ဘာသာရေးဆိုင်ရာ ကော်မတီကတော့ ရိုက်တာသတင်းဌာနရဲ့ မေးမြန်းမှုကို ဖြေကြားဖို့ ငြင်းဆိုခဲ့ပြီး၊ ဟာလာလ်ဆိုင်တွေကို ဒီလိုအမိန့်ပေးတာဟာ ဗဟိုအစိုးရရဲ့ ညွှန်ကြားချက်အတိုင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ဗဟိုအစိုးရရဲ့ တိုင်းရင်းသားရေးရာကော်မရှင်အကြီးအကဲ ကျားရှီက တရုတ်နိုင်ငံရဲ့ အခြေခံဥပဒေမှာ လူနည်းစုတွေ အားလုံးရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားကို ကာကွယ်ပေးထားတယ်လို့ ပြောကြားခဲ့ပေမယ့်၊ ဘေဂျင်းက ကိစ္စအတွက် ဗဟိုက ဘယ်လိုညွှန်ကြားထားသလဲဆိုတာကို ရှင်းပြခဲ့ခြင်း မရှိပါဘူး။
    ရိုက်တာသတင်းဌာနက မေးမြန်းခဲ့တဲ့ ဆိုင်ရှင်အများစုက ဟာလာလ်ဆိုင်းဘုတ်တွေ အစားထိုးရတာနဲ့ပတ်သက်လို့ သူတို့မှာ ဘာပြဿနာမှ မရှိကြောင်း ပြောကြားခဲ့ကြပြီး၊ တစ်ချို့တွေကတော့
    ဒါဟာ စားသုံးသူတွေအတွက် ရှုတ်ထွေးမှု ဖြစ်စေလိမ့်မယ်လို့ ဖြေခဲ့ကြပါတယ်။ တစ်ချို့တွေက တရုတ်အစိုးရဟာ အစ္စလာမ်ဘာသာရဲ့ အမှတ်သညာတွေ၊ ဓလေ့ထုံးတမ်းတွေကို ဖယ်ရှားဖို့ ဆောင်ရွက်နေတာလို့ ဝေဖန်ခဲ့ပါတယ်။
    “နိုင်ငံတော်ညီညွတ်ရေး၊ နိုင်ငံတကာမှာဝင်ဆံ့ရေးလို့ သူတို့ တစ်ချိန်လုံး ပြောနေကြတယ်။ နိုင်ငံတော် ညီညွတ်ရေးဆိုတာ ဒါမျိုးလား”
    Ref: Reuters, NY Times