News @ M-Media

Blog

  • အာရှတွင် နျူဒုံးကျည် ချထားရန် အမေရိကန် အစီအစဉ်ရှိ

    အာရှတွင် နျူဒုံးကျည် ချထားရန် အမေရိကန် အစီအစဉ်ရှိ

    သြဂုတ် ၄၊ ၂၀၁၉
    M-Media

    – အာရှမှာ မြေပြင်အခြေစိုက် တာလတ်ပစ်ဒုံးကျည်တွေ ချထားဖို့ စဉ်းစားနေတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး မာ့ခ် အက်စ်ပါက ပြောကြားလိုက်ပြီး ရုရှားနဲ့ ချုပ်ထားတဲ့ ဒုံးကျည်ထိန်းချုပ်ရေးစာချုပ် ပျက်ပြယ်သွားပြီးနောက်ပိုင်း ဒီမှတ်ချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    ရုရှားနဲ့ အမေရိကန်တို့အကြား နှစ် ၃၀ ကျော်လောက် တည်တံ့ခဲ့တဲ့ နျူထိပ်ဖူးတပ် တာလတ်ပစ်ဒုံးကျည် ထိန်းချုပ်ရေးစာချုပ် INF ဟာ ပြီးခဲ့တဲ့တစ်ပတ်မှာ ပျက်ပြယ်သွားခဲ့ပြီး အင်အားကြီးနိုင်ငံတွေ အထူးသဖြင့် အမေရိကန်၊ တရုတ်နဲ့ ရုရှားတို့အကြား လက်နက်ပြိုင်ဆိုင်မှု ပြင်းထန်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။

    INF စာချုပ်အလွန် အာရှမှာ တာလတ်ပစ်ဒုံးကျည်တွေ ချထားမလားလို့ သြစတေးလျရောက်နေတဲ့ အက်စ်ပါကို သတင်းထောက်တွေက မနေ့က မေးမြန်းရာမှာ ‘သိပ်မကြာခင် ချထားချင်တယ်’ လို့ ဖြေကြားခဲ့ပါတယ်။

    “မြန်မြန်ဆန်ဆန် ချထားချင်ပါတယ်။ လပိုင်းအတွင်း ဖြစ်လာနိုင်ပေမ့် ဒီထက်လည်း ပိုကြာနိုင်ပါတယ်”

    ဘယ်နိုင်ငံတွေမှာ ဒုံးကျည်တွေ ချထားမလဲဆိုတာကိုတော့ အက်စ်ပါက ထည့်သွင်းပြောဆိုခြင်း မရှိပါဘူး။

    INF စာချုပ်က နှုတ်ထွက်ကြောင်း သမ္မတထရမ့်က သောကြာနေ့မှာ ကြေငြာပြီး နာရီပိုင်းအတွင်းမှာပဲ အက်စ်ပါက စာချုပ်ကြောင့် ရပ်ထားရတဲ့ ဒုံးကျည် သုတေသနလုပ်ငန်းကို ပြန်လည်စတင်တော့မယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • တက္ကဆက်ပြည်နယ် Walmart ဆိုင်တွင် လူတစ်ဦးက သေနတ်ဖြင့်ဝင်ပစ်၊ လူ ၂၀ သေဆုံး

    တက္ကဆက်ပြည်နယ် Walmart ဆိုင်တွင် လူတစ်ဦးက သေနတ်ဖြင့်ဝင်ပစ်၊ လူ ၂၀ သေဆုံး

    သြဂုတ် ၄၊ ၂၀၁၉
    M-Media

    CCTV မှ ရိုက်ကူးထားသည့် သေနတ်သမား၏ ပုံရိပ်

    -အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်က ရှော့ပင်းမောလ်တစ်ခုမှာ မနေ့နေ့လည်ပိုင်းက သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးခဲ့တယ်လို့
    သိရပါတယ်။

    မက္ကဆီကိုနယ်စပ်နဲ့ သိပ်မဝေးတဲ့ အလ်ပါဆိုမြို့က Walmart ဆိုင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရဂ်ျ အက်ဘော့က တက္ကဆက်ပြည်နယ်သမိုင်းမှာ အဆိုးဝါးဆုံး နေ့တွေထဲကတစ်ခု ဖြစ်တယ်လို့ သမုတ်ခဲ့ပါတယ်။

    ပစ်ခတ်မှုကို ကျူးလွန်တဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသားကို ဖမ်းဆီးရမိထားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပြီး ဒါးလက်စ်ပြည်နယ်က ဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်မီဒီယာတွေကတော့ ဒီအမျိုးသားဟာ ပက်ထရစ် ခရူးဆီးယက်စ်ဖြစ်တယ်လို့ ဖော်ပြခဲ့ကြပါတယ်။

    ပစ်ခတ်မှုကြောင့် လူ ၂၀ သေဆုံးခဲ့ပြီး ၂၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ မက္ကဆီကိုသမ္မတ မန်နျူယဲလ် လိုပက်ဇ် အိုဘရာဒေါက သေဆုံးသူတွေထဲမှာ
    မက္ကဆီကိုနိုင်ငံသား ၃ ဦး ပါဝင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    တနင်္ဂနွေနေ့က ကယ်လီဖိုးနီးယားပြည်နယ်က အစားအသောက်ပွဲတော်တစ်ခုမှာ ဆယ်ကျော်သက် သေနတ်သမားတစ်ဦး ၀င်ရောက်ပစ်ခတ်မှုကြောင့် လူ ၃ ဦးသေဆုံးခဲ့မှုအပြီး တစ်ပတ်အတွင်းမှာပဲ တက္ကဆက်က ဒီပစ်ခတ်မှု ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် အင်္ဂါနေ့ကလည်း မစ်စစ္စပီက Walmart ဆိုင်မှာ သေနတ်နဲ့ပစ်ခတ်မှုတစ်ခု ဖြစ်ခဲ့လို့ လူ ၂ ဦးသေဆုံးကာ၊ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

    Ref: BBC

  • အထင်အမြင်မှားမှုကို တိုက်ဖျက်ရန် သီရိလင်္ကာတွင် ဘာသာပေါင်းစုံချစ်ကျည်ရေးညီလာခံ ကျင်းပ

    အထင်အမြင်မှားမှုကို တိုက်ဖျက်ရန် သီရိလင်္ကာတွင် ဘာသာပေါင်းစုံချစ်ကျည်ရေးညီလာခံ ကျင်းပ

    သြဂုတ် ၄၊ ၂၀၁၉
    M-Media

    ဘာသာပေါင်းစုံ ချစ်ကျည်ရေးအစည်းအဝေးကို သမ္မတ မိုင်သရီပါလာ ဆရီဆီနာ တက်ရောက်လာစဉ်

    -ကမ္ဘ္ဘာ့မွတ်စလင်လိဂ် MWL ဦးဆောင်တဲ့ ဘာသာပေါင်းစုံ ချစ်ကျည်ရေး အစည်းအဝေးတစ်ခုကို သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုမှာ မနေ့က ကျင်းပခဲ့ပြီး သီရိလင်္ကာသမ္မတ မိုင်သရီပါလာ ဆရီဆီနာ တက်ရောက်ခဲ့ပါတယ်။

    အဲဒီ ဘာသာပေါင်းစုံချစ်ကျည်ရေး အစည်းအဝေးမှာ ခရစ်ယာန်၊ ဂျူး၊ ဗုဒ္ဓဘာသာသာ၊ ဟိန္ဒူနဲ့ အစ္စလာမ်ဘာသာတွေက ဘာသာရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ တတ်သိပညာရှင်တွေ၊ မီဒီယာသမားတွေ စုစုပေါင်း ၂၀၀၀ ကျော်လောက် တက်ရောက်ခဲ့ကြပါတယ်။

    ဧပြီလက ခရစ်ယာန်ဘုရားကျောင်း ၃ ခုနဲ့ ဟိုတယ် ၃ ခုမှာ ဖြစ်ပွားခဲ့တဲ့ အသေခံ ဗုံးခွဲတိုက်ခိုက်မှုမှာ ထိခိုက်ခံစားရတဲ့သူတွေ၊ သူတို့ရဲ့ မိသားစုတွေအတွက် MWL က အမေရိကန်ဒေါ်လာ ၅ သန်း ထောက်ပံ့ပေးအပ်မှုကို ကျေးဇူးတင်တယ်လို့ သမ္မတ ဆရီဆီနာက သူ့ရဲ့ အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

    “ဒီ ထိပ်သီးအစည်းအဝေးက ငြိမ်းချမ်းရေး၊ သဟဇာတဖြစ်မှုနဲ့ အတူယှဉ်တွဲ နေထိုင်မှု သတင်းစကားကို ပြန့်နှံ့စေလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ MWL ရဲ့ အထွေထွေအတွင်းရေးမှူး သီရိလင်္ကာကို လာရောက်ကာ ဘာသာတရားတွေအကြား ငြိမ်းချမ်းရေးမြှင့်တင်ပေးတဲ့အပေါ် ကျေးဇူးတင် ဂုဏ်ယူကြောင်း ပြောကြားလိုပါတယ်”

    MWL ရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ မိုဟာမက် ဘင် အဘ်ဒူလ် ကရင် အလ် အီဆာက ဒီလို ဘာသာပေါင်းစုံ ညီညွတ်ရေး ဆွေးနွေးပွဲတွေဟာ ဘာသာတရားတွေက မေတ္တာ၊ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်မှုတွေကိုသာ တိုက်တွန်းအားပေးတယ်ဆိုတာ ဘာသာဝင်တွေရဲ့ စိတ်နှလုံးသားထဲမှာ ကိန်းဝပ်လာအောင် ထပ်လောင်း အသိပေးတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဘာသာတရားတွေဟာ ဘယ်တုန်းကမှ လူသားထုအတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်ခဲ့ပါဘူး။ ဒီလို မှားယွင်းတဲ့ ပြောကြားချက်တွေကို တိုက်ဖျက်ရမှာက ကျွန်တော်တို့လို့ ခေါင်းဆောင်တွေ၊ ရှေ့ဆောင်ရှေ့ရွက်ပြုသူတွေ၊ ဘာသာရေးခေါင်းဆောင်တွေရဲ့ တာဝန်ပဲဖြစ်ပါတယ်”

    ဘာသာပေါင်းစုံညီညွတ်ရေး ဆွေးနွေးပွဲဟာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို ဆန်းစစ်အဖြေရှာရေး၊ အကြမ်းဖက်အင်အားစုကို တိုက်ဖျက်ရေး၊ အကြောင်းအချက်တွေကို ပွင့်လင်းမြင်သာမှုရှိရှိ ဖော်ထုတ်ရေးတို့အတွက် ဖြစ်တယ်လို့လည်း အီဆာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Arab News

  • IS အကြမ်းဖက်အဖွဲ့က ကမ္ဘ္ဘာကြီးအတွက် အန္တရာယ်ရှိနေဆဲဟု ကျွမ်းကျင်သူများပြော

    IS အကြမ်းဖက်အဖွဲ့က ကမ္ဘ္ဘာကြီးအတွက် အန္တရာယ်ရှိနေဆဲဟု ကျွမ်းကျင်သူများပြော

    သြဂုတ် ၃၊ ၂၀၁၉
    M-Media

    -ဆီးရီးယားနဲ့ အီရတ်တို့မှာ နယ်မြေတွေ ဆုံးရှုံးသွားပေမယ့် IS အကြမ်းဖက်အဖွဲ့ဟာ ကမ္ဘ္ဘာကြီးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေဆဲပဲလို့ အမေရိကန် အာဏာပိုင်တွေက မနေ့မှာ သတိပေးလိုက်ပါတယ်။

    အီရတ်မှာ ၂၀၁၇ ခုနှစ်ကတည်းက IS ကို ခြေမှုန်းနိုင်ခဲ့ပြီး၊ ဆီးရီးယားမှာလည်း အခုနှစ်အစောပိုင်းက အပြီးသတ်ရှင်းလင်းနိုင်ခဲ့ပါတယ်။

    ဒါပေမယ့် ထောင်နဲ့ချီတဲ့ IS အဖွဲ့ဝင်တွေဟာ နှစ်နိုင်ငံစလုံးမှာ ပြန့်နှံ့နေပြီး ခြိမ်းခြောက်မှုတွေ
    ဆက်လက်လုပ်ဆောင်နိုင်တယ်လို့ အာဏာပိုင်တွေက ယူဆထားကြောင်း IS နှိမ်နှင်းရေး နိုင်ငံတကာ မဟာမိတ်အဖွဲ့က အမေရိကန်သံအမတ် ဂျိမ်းစ် ဂျက်ဖရီက ပြောကြားခဲ့ပါတယ်။

    အမေရိကန်အစိုးရရဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးမှူး နသန် ဆေးလ်ကလည်း IS အဖွဲ့ခွဲတွေဟာ ကမ္ဘ္ဘာတစ်ဝှမ်းမှာ ပြန့်နှံ့နေတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “IS အဖွဲ့ရဲ့ အဖွဲ့ခွဲတွေ၊ ကွန်ယက်တွေဟာ လက်ရှိအချိန်မှာ အာဖရိတိုက်ရဲ့ အရှေ့ပိုင်းကနေ၊
    အနောက်ပိုင်းအထိ၊ တောင်ပိုင်းကနေ မြောက်ပိုင်းအထိ ပြန့်နှံ့နေပါပြီ။ ထိထိရောက်ရောက် တိုက်ခိုက်နိုင်စွမ်းတွေ မြင့်တက်လာတယ်။ ဒေသအသစ်တွေအထိ ရောက်ရှိသွားခဲ့ပြီး၊ အမေရိကန်ရဲ့ အကျိုးစီးပွားတွေကို အကြိမ်ကြိမ် ပစ်မှတ်ထားလာပါတယ်”

    IS အကြမ်းဖက်အဖွဲ့က ခေါင်းဆောင်တွေ တိုက်ခိုက်ရေးသမားတွေ၊ ငွေကြေးထောက်ပံ့သူတွေနဲ့ ပူးပေါင်းဆောင်ရွက်သူတွေကိုလည်း မဟာမိတ်အဖွဲ့က တရားစွဲဆိုဖို့ လိုအပ်တယ်လို့ ဆေးလ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဥရောပက ပြန်လည်လက်ခံရမယ့် IS အဖွဲ့ဝင် အရေအတွက်ဟာ ၂၅၀၀ လောက်ရှိနေတယ်လို့ ကြာသာပတေးနေ့က Twitter စာမျက်နှာမှာ ရေးသားခဲ့ပြီး လိုလိုလားလားနဲ့ လက်မခံဘူးဆိုရင် ဒီအတိုင်း ပြန်ပို့သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref : Arab News

  • ကြီး ၂ ကြီးပါမယ့် နျူသဘောတူညီချက်တစ်ခု ရရန် အမေရိကန်ကြိုးပမ်းမည်

    ကြီး ၂ ကြီးပါမယ့် နျူသဘောတူညီချက်တစ်ခု ရရန် အမေရိကန်ကြိုးပမ်းမည်

    သြဂုတ် ၃၊ ၂၀၁၉
    M-Media

    ၁၉၈၇ ခုနှစ်က အမေရိကန်နှင့် ဆိုဗီယက်တို့ INF စာချုပ် လက်မှတ်ရေးထိုးစဉ်

    -ရုရှားနဲ့ တရုတ်တို့ ပါဝင်မယ့် နျူလက်နက် ထိန်းချုပ်ရေး သဘောတူညီချက်တစ်ခု ရရှိအောင် ကြိုးပမ်းသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ ပြောကြားလိုက်ပါတယ်။

    စစ်အေးခေတ်က ရုရှားနဲ့ချုပ်ထားတဲ့ တာလတ်နျူလက်နက်ထိန်းချုပ်ရေး စာချုပ် INF ကနေ နှုတ်ထွက်ကြောင်း ထရမ့်က သောကြာနေ့မှာ ကြေငြာခဲ့ပြီး၊ အင်အားကြီးနိုင်ငံတွေအကြား လက်နက်အားပြိုင်မှုတွေ ပိုမို မြင့်တက်လာမယ်ဆိုတဲ့ စိုးရိမ်မတွေ ရှိနေချိန် ထရမ့်ရဲ့ ဒီမှတ်ချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    ထရမ့်က ဒီအစီအစဉ်ကို ရုရှားနဲ့ တရုတ်တို့ကို အသိပေးထားပြီး ၂ နိုင်ငံစလုံးက ‘အရမ်း စိတ်လှုပ်ရှားနေကြတယ်’ လို့ ဆိုပါတယ်။

    INF စာချုပ် ပျက်ပြယ်သွားပြီးတဲ့နောက် နျူလက်နက်ပြိုင်ဆိုင်မှု မြင့်တက်လာတာကို ဘယ်လို ရှောင်ရှားမလဲဆိုတဲ့ မေးခွန်းကိုတော့ ထရမ့်က နျူလက်နက် ကန့်သတ်ရေး သဘောတူညီချက်သစ် တစ်ခုအတွက် မိမိတို့အစိုးရဟာ ရုရှားနဲ့ ဆွေးနွေးနေကြောင်း၊ မိမိတို့လည်း လက်နက်တစ်ချို့ လျှော့ချမှာဖြစ်သလို ရုရှားကလည်း လက်နက်တစ်ချို့ လျှော့ချရမှာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

    “တစ်ချိန်ကျရင် တရုတ်ကိုလည်း ဒီစာချုပ်ထဲ ထည့်မှာပါ”

    ဒီသဘောတူညီချက်ဟာ ကမ္ဘ္ဘာကြီးအတွက် အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်ပြီး ဖြစ်လာမယ်လို့လည်း ယုံကြည်ကြောင်း ထရမ့်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    INF က ဘာ့ကြောင့်ထွက်

    ရုရှား၏ 9M729 ဒုံးကျည်

    ရုရှားဟာ INF စာချုပ်ပါ သတ်မှတ်ချက်တွေကို လိုက်နာခြင်းမရှိဘဲ ခရုဇ်ဒုံးကျည်အသစ် 9M729 ကို ချထားနေတာကြောင့် စာချုပ်ကနေ နှုတ်ထွက်ရတာလို့ ထရမ့်က ပြောပါတယ်။ ရုရှားကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။

    ရုရှားအနေနဲ့ ဒီလုပ်ရပ်တွေကို သြဂုတ်လ ၂ ရက်နေ့အထိ မရပ်တန့်ဘူးဆိုရင် စာချုပ်ကနေ ထွက်မယ်လို့ အမေရိကန်က ဖေဖော်ဝါရီလကတည်းက ကြေငြာထားတာ ဖြစ်ပါတယ်။ ထရမ့်က နှုတ်ထွက်ကြောင်း ပြောကြားခဲ့ပြီး သိပ်မကြာခင်မှာပဲ ရုရှားကလည်း INF ကို လိုက်နာတော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

    ဘာတွေစိုးရိမ်နေကြလဲ

    နျူလက်နက်ပိုင်ဆိုင်ထားမှုများ

    ဆိုဗီယက်ခေါင်းဆောင် မီခေးလ် ဂိုဘာရှက်နဲ့ အမေရိကန်သမ္မတ ရော်နယ်ရေဂင်တို့ ၁၉၈၇ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ INF စာချုပ်ဟာ အင်အားကြီးနိုင်ငံတွေအကြား လက်နက်ထိန်းချုပ်ရေးမှာ ဆယ်နှစ်ချီ အရေးပါခဲ့တဲ့ စာချုပ်တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

    ဒီစာချုပ် ပျက်ပြယ်သွားမှုကြောင့် အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့ကြားထဲမှာ လက်နက်ပြိုင်ဆိုင်မှုအသစ် ထပ်ပေါ်လာမယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်လာပါတယ်။

    ကုလ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က နျူစစ်ပွဲမဖြစ်ဖို့ တားဆီးထားတဲ့ အဟန့်အတားတစ်ခုဟာ ပျက်ဆီးစပြုနေပြီလို့ သတိပေးခဲ့ပြီး၊ နိုင်ငံတကာ လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်တစ်ခု ဖော်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    နေတိုးမဟာမိတ်အဖွဲ့ အတွင်းရေးမှူး ဂျန် စတိုလ်တန်ဘာ့ဂ်က ရုရှားရဲ့ 9M729 ဒုံးကျည် ခြိမ်းခြောက်မှုအန္တရာယ်ကို ကာကွယ်ဖို့အတွက် လိုအပ်တာတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် လက်နက်အားပြိုင်မှု ဖြစ်လာမှာကို မလိုချင်ဘဲ၊ ဥရောပမှာလည်း မြေပြင်ကနေပစ်ရတဲ့ နျူလက်နက်တွေ ချထားမှာမဟုတ်ဘူးလို့ သူက ဆိုပါတယ်။

    Ref: BBC