News @ M-Media

Blog

  • အမျိုးသမီးလွှတ်တော်အမတ်များအပေါ် လူမျိုးရေးခွဲခြားသည့် စကားအတွက် ထရမ့် ဝေဖန်ခံနေရ

    အမျိုးသမီးလွှတ်တော်အမတ်များအပေါ် လူမျိုးရေးခွဲခြားသည့် စကားအတွက် ထရမ့် ဝေဖန်ခံနေရ

    ဇူလိုင် ၁၅၊ ၂၀၁၉
    M-Media

    ထရမ့်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ခုတွင် တွေ့ရသည့် ဌာနေအမေရိကန်များ

    -ဒီမိုကရက်တစ်ပါတီက လွှတ်တော်အမတ်တွေကို စော်ကားရေးသားခဲ့တဲ့ Twitter က မှတ်ချက်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ နိုင်ငံရေးအသိုင်းအ၀ိုင်းရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေကို ရင်ဆိုင်နေရပါတယ်။

    သိပ်ကို တော်လွန်း၊ တတ်လွန်းနေတဲ့ ဒီမိုကရက် အမျိုးသမီးအမတ်တွေအနေနဲ့ မူရင်းနိုင်ငံကိုပြန်ကြဖို့ ထရမ့်က ရေးသားခဲ့တာဖြစ်ပြီး အမည်ဖော်ပြခဲ့ခြင်း မရှိပေမယ့် သူ့အစိုးရကို ဝေဖန်တဲ့ အလက်ဇန်ဒရီးယား အိုကာဆီယို ကော်တက်ဇ်၊ အီလ်ဟမ်အိုမာ၊ အေယန်နာ ပရက်စလေနဲ့
    ရရှီဒါ တာလစ်ဘ်တို့ကို ရည်ညွှန်းခဲ့တာ ဖြစ်ပါတယ်။

    ကော်တက်ဇ်ဟာ နယူးယောက်ကအမတ်ဖြစ်ပြီး၊ အီလ်ဟမ်အိုမာက မင်နီဆိုတာ၊ ပရက်စလေက မက်ဆာချူးဆက်၊ တာလစ်ဘ်က မီချီဂန်ကိုယ်စားပြု အမတ်တွေ ဖြစ်ပါတယ်။ ကော်တက်ဇ်ဟာ နယူးယောက်မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ပေါ်တိုရီကိုအနွယ် ဖြစ်ပြီး၊ ပရက်စလေက မက်ဆာချူးဆက်မှာမွေးတဲ့ လူမည်းအမျိုးသမီးဖြစ်ပါတယ်။ ပါလက်စတိုင်းနွယ်ဖွား တာလစ်ဘ်က ဒီထရွိုက်မြို့မှာ မွေးဖွားခဲ့သူပါ။ အီလ်ဟမ် အိုမာက ဆိုမာလီနွယ်ဖွားဖြစ်ပြီး ပြည်တွင်းစစ်ကြောင့် ကင်ညာနိုင်ငံ ဒုက္ခသည်စခန်းမှာ ခိုလှုံကာ အသက် ၁၂ နှစ်အရွယ်မှာ အမေရိကန်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

    “အစိုးရတွေ ဘ၀ပျက်နေပြီး၊ ခြစားမှု၊ ဖရိုဖရဲဖြစ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ နိုင်ငံတွေကလာတဲ့ ဒီမိုကရက် အမျိုးသမီးအမတ်တွေ ‘တော်လွန်း တက်လွန်းနေတာကို’ တွေ့ရတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အခုတော့ သူတို့ဟာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး အင်အားအတောင့်တင်းဆုံး အမေရိကန်က ပြည်သူတွေကို အစိုးရက ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ အော်ကျယ်အော်ကျယ်လုပ်နေတယ်။ ပျက်ဆီးနေတဲ့ ရာဇ၀တ်မှုထူပြောနေတဲ့ ခင်ဗျားတို့ရဲ့ မူရင်းတိုင်းပြည်ကို ပြန်ပြီး ဒါတွေကို မပြင်ဆင်ကြဘူးလား” လို့ Twitter စာမျက်နှာမှာ ထရမ့်က ရေးသားခဲ့တာပါ။

    လွှတ်တော်ဥက္ကဌ နန်စီ ပီလိုစီက ထရမ့်ရဲ့ ဒီရေးသားမှုကို ဝေဖန်ရှုတ်ချခဲ့ပြီး ထရမ့်ဟာ အမေရိကန်ကို လူဖြူတိုင်းပြည်အဖြစ် ဆောင်ရွက်ချင်နေတာလို့ ပြောကြားခဲ့ပါတယ်။ ဒီမိုကရက်တစ်အမတ်တွေကလည်း ထရမ့်ကို ဝေဖန်ခဲ့ကြပါတယ်။

    ထရမ့်ရဲ့ပေါ်လစီတွေကို ဝေဖန်လေ့ရှိပြီး မကြာခင်ကမှ ရီပက်ဘလစ်ကန်ပါတီကနေ နှုတ်ထွက်သွားခဲ့တဲ့ ဂျပ်စတင် အေမက်ရှ်က ထရမ့်ရဲ့ ဒီမှတ်ချက်ဟာ ‘စက်ဆုပ်စရာကောင်းတဲ့ လူမျိုးရေးခွဲခြားမှုစကား’ လို့ ပြောကြားခဲ့ပါတယ်။

    အရင်က လူမျိုးရေးခွဲခြားမှုဝါဒ ထွန်းကားခဲ့တဲ့ အမေရိကန်မှာ လူဖြူတွေက လူမည်းတွေကို အာဖရိကပြန်လို့ ပြောကြားတာမျိုး ရှိခဲ့ဖူးပြီး ထရမ့်ရဲ့ အခုမှတ်ချက်က အဲဒီလိုပုံစံဖြစ်နေတယ်လို့ ဖေ၀န်မှုတွေလည်း ရှိလာပါတယ်။

    “မင်းတို့လာတဲ့နိုင်ငံကိုပြန်ကြ – လို့ ပြောတဲ့ထုံးစံမျိုး အမေရိကန်မှာ ရှိခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့တိုင်းပြည်ရဲ့ မကောင်းတဲ့ ထုံးစံဖြစ်ပြီး ဖယ်ရှားပစ်ရပါမယ်။ ကျွန်တော်တို့တိုင်းပြည်ဟာ ပြောင်းရွှေ့အခြေချတဲ့သူတွေနဲ့ တည်ထောင်ထားတဲ့ တိုင်းပြည်ပါ။ ဒီလိုပြောဆိုမှုတွေ တိုင်းပြည်မှာ နှစ်ရာနဲ့ချီ ရှိခဲ့ပေမယ့် သမ္မတတစ်ယောက်ရဲ့ပါးစပ်က ထွက်မလာသင့်ပါဘူး” လို့ နယူးယောက်မြို့တော်ဝန် ဘီလ် ဒီ ဘလာစီယိုက ပြောကြားခဲ့ပါတယ်။

    သူဟာ သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု ၀င်ပြိုင်မယ့် သမ္မတလောင်းလည်း ဖြစ်ပါတယ်။

    ထရမ့်ဟာ အရင်တုန်းကလည်း လူမျိုးရေးခွဲခြားစော်ကားတဲ့စကားတွေ ပြောဆိုခဲ့ဖူးပါတယ်။ သမ္မတဟောင်း ဘာရက်အိုဘားမားကို လူမျိုးရေးအရ ထိုးနှက်တိုက်ခိုက်ဖူးသလို၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်မှုမှာလည်း မက္ကဆီကန်တွေကို မုဒိမ်းကောင်တွေအဖြစ် ပြောဆိုခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် အိမ်ဖြူတော်က ပြောင်းရွှေ့အခြေချမှုဆိုင်ရာ အစည်းအဝေးမှာ ထရမ့်က ဟေတီ၊ အလ်ဆာဗေဒိုးနဲ့ အခြား အာဖရိကနိုင်ငံတွေကို ‘ချီးထုပ်တိုင်းပြည်တွေ’ လို့ သမုတ်ခဲ့ပြီး ဒီနိုင်ငံတွေက ပြောင်းရွှေ့အခြေချသူတွေ ဘာ့ကြောင့် အမေရိကန်ကို အုံလိုက်ကျင်းလိုက် ၀င်လာလဲဆိုတာ စဉ်းစားမရဘူးလို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • သွေးကြွသူတစ်စုကြောင့် ထေရ၀ါဒသာသနာ ညှိုးနွမ်းတော့မှာလား

    သွေးကြွသူတစ်စုကြောင့် ထေရ၀ါဒသာသနာ ညှိုးနွမ်းတော့မှာလား

    ဇူလိုင် ၁၄၊ ၂၀၁၉
    M-Media

    သီရိလင်္ကာရောက် သီတဂူဆရာတော်

    -ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါး တပျင်ခွေထိုင်ကာ အစ္စလာမ်သာသနာအကြောင်း မကောင်းပြောနေစဉ်မှာပဲ အနီးအနား နေရာတစ်ခုက မီးလောင်ဗုံးပစ်သံ ပေါ်ထွက်လာပါတယ်။

    ဒါပေမယ့် ဘုန်းတော်ကြီး Ambalangoda Sumedhananda Thero တစ်ယောက် ဒီအသံကို မသိလိုက် မသိဖာသာပဲ နေလိုက်ပါတယ်။ ညဘက်တိုက်ခတ်လာတဲ့ လေအေးအေးနဲ့အတူ ပါလာတဲ့ ခြင်တစ်အုပ်ကို လက်နဲ့ ဝှေ့ယမ်းဖယ်ရှားပြီး မွတ်စလင်မုန်းတီးရေး တရားကို သူက ဆက်ဟောနေပါတယ်။ သီရိလင်္ကာနိုင်ငံ တောင်ပိုင်း Gontota မြို့မှာဖြစ်ပြီး မွတ်စလင်တွေဟာ အကြမ်းဖက်သမားတွေ၊ ကျူးကျော်သိမ်းပိုက်သူတွေလို့ သူက ပြောနေတာပါ။

    “မွတ်စလင်တွေရဲ့ ရည်ရွယ်ချက်က ငါတို့တိုင်းပြည်ကို သိမ်းဖို့နဲ့ ငါတို့တန်ဖိုးထားတဲ့အရာတွေ အားလုံးကို လုယူဖို့ပဲ။ တစ်ချိန်က ဗုဒ္ဓဘာသာနိုင်ငံတွေဖြစ်ခဲ့တဲ့ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ ကက်ရှ်မီးယား၊ အင်ဒိုနီးရှားတို့ ဘာဖြစ်သွားလဲဆိုတာကို ကြည့်လိုက်။ အစ္စလာမ်က အဲဒီနိုင်ငံတွေအားလုံးကို ဖျက်ဆီးခဲ့တာ”

    မိနစ်အနည်းငယ်အကြားမှာ ကပ္ပိယတစ်ဦးက ဘုန်းတော်ကြီးအနားကို ကပျာကယာ ၀င်ရောက်လာပြီး အနီးအနားက ဗလီတစ်လုံး မီးလောင်ဗုံးနဲ့ မီးရှို့ခံလိုက်ရတဲ့သတင်းကို ပြောပြခဲ့ပါတယ်။ ဘုန်းတော်ကြီးကတော့ လက်ကိုခါပြကာ ပခုံးတွန့်ပြလိုက်တာပါပဲ။

    သူဟာ လူများစု ဗုဒ္ဓဘာသာဝင်တွေအတွက်ပဲ တာဝန်ရှိပြီး တိုင်းပြည်လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းသာရှိတဲ့ မွတ်စလင်တွေကတော့ သူနဲ့မဆိုင်ဘူးလို့ ယူဆပုံပါ။

    Sumedhananda Thero လို့ သြဇာကြီးတဲ့ ဘုန်းကြီးအုပ်စုတွေရဲ့ လှုံ့ဆော်မှုနဲ့အတူ ဗုဒ္ဓဘာသာဝင်တစ်ချို့ သွေးကြွတဲ့ခေတ်ကို ၀င်ရောက်လာခဲ့ပြီး သူတို့ကတော့ ပြင်ပ ပရောဂါတွေကနေ ဘာသာတရားကို ကာကွယ်နေတဲ့ ဘာသာရေးသူရဲကောင်းကြီးတွေအဖြစ် ကိုယ့်ကိုယ်ကို မှတ်ယူနေကြပါတယ်။

    သူတို့ရဲ့ ဒီအတွေးအခေါ်တွေဟာ တကယ်တော့ သမ္မာဒိဌိ မကျသလို၊ ဖြစ်နိုင်ချေလည်း မရှိပါဘူး။ အစွန်းရောက် ဘာသာရေး-လူမျိုးရေး လှုပ်ရှားမှုတွေ လုပ်ဆောင်ရာမှာ ရှေ့တန်းကိုရောက်လာတဲ့ သီရိလင်္ကာနဲ့ မြန်မာနိုင်ငံတို့မှာ ဗုဒ္ဓဘာသာဝင်တွေက လူများစု ဖြစ်ပါတယ်။

    ဒါပေမယ့် အချို့ ဗုဒ္ဓဘာသာဝင်တွေ – အထူးသဖြင့် ထေရ၀ါဒသန့်သန့်ကိုမှ လိုက်နာကြတဲ့ ဗုဒ္ဓဘာသာဝင်တွေကတော့ သူတို့ဟာ အစ္စလာမ်ဘာသာရဲ့ ခြိမ်းခြောက်မှုကို ခံနေရပြီလို့ ယုံကြည်နေကြပါတယ်။ တကယ်တော့ အစ္စလာမ်သာသနာ ကိုယ်တိုင်က အစွန်းရောက်နောက်လိုက်တွေရဲ့ဒဏ်ကို အလူးအလဲ ခံစားနေရတာ ဖြစ်ပါတယ်။

    အမည်ခံ ဗုဒ္ဓဘာသာနဲ့ အမည်ခံအစ္စလာမ်တို့ ထိပ်တိုက်တွေကြတဲ့အခါမှာတော့ ဗုဒ္ဓဘာသာဝင်အချို့ဟာ သူတို့ ဘာသာသာသနာရဲ့ ငြိမ်းချမ်းတဲ့ အဆုံးအမတွေကို စွန့်လွှတ်လိုက်ကြပါတယ်။ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဗုဒ္ဓဘာသာဝင်တွေဟာ လူနည်းစု မွတ်စလင်တွေအပေါ် ဆိုးဆိုးဝါးဝါး တိုက်ခိုက်မှုတွေ လုပ်ဆောင်လာကြပါတယ်။

    ဗုဒ္ဓဘာသာ အမျိုးသားရေး ၀ါဒီတွေကလည်း အစွန်းရောက် ဘုန်းကြီးတွေရဲ့ သြဇာကို အသုံးချပြီး လူထုရဲ့ ထောက်ခံမှုကို ရယူလာကြပါတယ်။

    “အရင်တုန်းက ဗုဒ္ဓဘာသာဝင်တွေဟာ ကျွန်တော်တို့ကို အခုလို မမုန်းပါဘူး။ အခုတော့ ဘုန်းကြီးတွေက ကျွန်တော်တို့ဟာ ဒီနိုင်ငံနဲ့မဆိုင်ဘူး၊ ကျွန်တော်တို့ကို မောင်းထုတ်သင့်တယ်လို့ ၀ါဒဖြန့်ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘယ်သွားရမလဲ။ ဒါက ကျွန်တော်တို့အိမ်ပဲ” လို့ Gintota မြို့ Hillur ဗလီက ရှေ့ဆောင်အီမာမ် မိုဟာမက် နာဆီရ်က ပြောကြားခဲ့ပါတယ်။ Hillur ဗလီကို ဗုဒ္ဓဘာသာလူအုပ်က ၂၀၁၇ ခုနှစ်မှာ တိုက်ခိုက်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့လတုန်းကလည်း သြဇာကြီးတဲ့ ဘုန်းကြီးတစ်ပါး အစာငတ်ခံ ဆန္ဒပြတဲ့အတွက် သီရိလင်္ကာအစိုးရအဖွဲ့ဝင် မွတ်စလင်ဝန်ကြီး ၅ ဦး ရာထူးကနေ နှုတ်ထွက်ပေးခဲ့ရပါတယ်။ ဧပြီလက အီစတာနေ့မှာ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဟိုတယ်တွေကို IS အကြမ်းဖက်အဖွဲ့က တိုက်ခိုက်မှုမှာ မွတ်စလင်နိုင်ငံရေးသမားတွေ ပူးပေါင်းပါဝင်ခဲ့တယ်လို့ အဲဒီဘုန်းကြီးက ပြောကြားခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်း လူ ၂၅၀ ကျော် သေဆုံးခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာလည်း လူမျိုးစုလိုက် ရှင်းလင်းရေး လှုပ်ရှားမှုကြောင့် နိုင်ငံအတွင်းက မွတ်စလင်တော်တော်များများ အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ရပါတယ်။ မွတ်စလင်တွေဟာ နိုင်ငံလူဦးရေရဲ့ ၅ ရာခိုင်နှုန်းအောက်သာ ရှိပေမယ့် ဘုန်းကြီးတွေကတော့ အစ္စလာမ့်မစ် ကျူးကျော်မှုကို သတိထားရမယ်လို့ လှုံ့ဆော်နေပါတယ်။

    မေလက ရမ်ဇာန်ဥပုသ်လမှာလည်း ဗုဒ္ဓဘာသာလူအုပ်က ၀တ်ပြုဆောင်တွေကို လာဝိုင်းလို့ မွတ်စလင်ဝတ်ပြုသူတွေ ထွက်ပြေးခဲ့ရပါတယ်။

    ခန္တီစ သည်းခံခြင်းတရားတွေ၊ မေတ္တာတရားတွေနဲ့ ထုံးမွှမ်းထားတဲ့ သွန်သင်မှုတွေကြောင့် ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ဟာ အရင်က ရန်လို သွေးကြွမှုတွေနဲ့ ဆက်နွယ်တာမျိုး မရှိခဲ့ပါဘူး။ ဒါပေမယ့် ‘ငြိမ်းချမ်းရေး’ ဆိုတာကို ဘယ်ဘာသာကမှ အကြာကြီး မောင်ပိုင်စီးထားလို့ မရပါဘူး။ ဗုဒ္ဓဘာသာဝင်တစ်ချို့လည်း စစ်ဆာလာနေကြပါပြီ။

    “သူတို့ဟာ အကြမ်းဖက်မှုတွေနဲ့ ဘယ်တုန်းကမှ မပတ်သက်ဘူးလို့ ဗုဒ္ဓဘာသာဘုန်းကြီးတွေက ပြောကြလိမ့်မယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာနဲ့ ဗုဒ္ဓဘာသာနိုင်ငံတွေကို ဘယ်လိုနည်းနဲ့မဆို ကာကွယ်ရမယ်လို့ ပြောတာလည်း သူတို့ပါပဲ” လို့ ဒိန်းမတ်နိုင်ငံ Aarhus တက္ကသိုလ်က မနုဿဗေဒပညာရှင် ဒေါက်တာ မီကေးလ် ဂရာဗားစ်က ပြောကြားခဲ့ပါတယ်။ သူဟာ ဗုဒ္ဓဘာသာနဲ့ အမျိုးသားရေးဝါဒတို့ရဲ့ ဆုံမှတ်ကို လေ့လာနေသူတစ်ဦး ဖြစ်ပါတယ်။

    တစ်ကျိပ်တည်း တစ်ဉာဏ်တည်း

    ပြီးခဲ့တဲ့မေလ ရန်ကုန်မြို့မှာ လူထောင်ချီပါဝင်တဲ့ ဆန္ဒပြမှုအတွင်း အရှင်ဝီရသူက စစ်တပ်ကို ချီးကျူးပြောဆိုခဲ့ပါတယ်။ အရှင်ဝီရသူဟာ တစ်ချိန်က အမုန်းစကားပြောကြားမှုကြောင့် ထောင်ကျခဲ့ဖူးသူ ဖြစ်ပါတယ်။

    ၂၀၁၇ ခုနှစ် သြဂုတ်လကစလို့ မြန်မာနိုင်ငံက ရိုဟင်ဂျာ ၇ သိန်းကျော်လောက်ဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပါတယ်။ စစ်တပ်နဲ့ သူ့ကိုထောက်ခံတဲ့အုပ်စုတွေရဲ့ လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှု အစီအစဉ်ကြောင့် ဒီလို ထွက်ပြေးခဲ့ရတာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာလူအုပ်စုတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ရိုဟင်ဂျာတွေကို သတ်ဖြတ်တာ၊ အဓမ္မကျင့်တာ၊ ရာနဲ့ချီတဲ့ ရွာတွေကို
    ပြောင်ရှင်းနေအောင် မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သတင်းတွေလည်း ထွက်ခဲ့ပါတယ်။

    အရှင်ဝီရသူဟာ ဗုဒ္ဓဘာသာရဲ့ အကြမ်းမဖက်တဲ့ သင်ကြားမှုတွေကို ဆန့်ကျင်သူပါ။ လွှတ်တော်ထဲက စစ်တပ်ကိုယ်စားလှယ်တွေကို ဘုရားလို ကိုးကွယ်ရမယ်လို့လည်း သူက ချီတက်ပွဲမှာ ပြောကြားခဲ့ပါတယ်။

    “အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်တာ စစ်တပ်တစ်ခုပဲရှိတယ်”

    ရိုဟင်ဂျာတွေကို ဖိနှိပ်ချုပ်ချယ်မှုနဲ့ပတ်သက်ပြီး စစ်တပ်ကို တရားစွဲဆိုဖို့ တိုက်တွန်းတဲ့ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) ရဲ့ ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတစ်ခုမှာ အရှင်ဝီရသူက ရှုတ်ချခဲ့ပါတယ်။

    ဒီဘုန်းကြီးဟာ လက်နက်ကိုင်မယ်လို့တောင် ကြုံးဝါးခဲ့သူပါ။

    “ICC လာတဲ့နေ့ဟာ ၀ီရသူ သေနတ်ကိုင်တဲ့နေ့ပဲ” လို့ New York Times သတင်းစာနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    အရှင်ဝီရသူလို ဘုန်းကြီးတွေဟာ အစွန်းရောက် ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒရဲ့ ကိုင်းဖျားကိုင်းနားလောက်သာ ဖြစ်ပြီး လူအများ လေးစားကြည်ညိုခြင်းခံရတဲ့ ဘုန်းကြီးတွေလည်း ဒီကိစ္စမှာ ပါဝင်နေပါတယ်။

    အဲဒီအထဲမှာ သက်တော် ၈၂ နှစ်ရှိပြီး မြန်မာနိုင်ငံက သြဇာအကြီးဆုံး ဘုန်းတော်ကြီးဖြစ်တဲ့ အရှင်ညာဏိဿရလည်း ပါဝင်ပါတယ်။ သူ့ကို သီတဂူဆရာတော်လို့ သိကြပါတယ်။

    ရွာတွေမီးရှို့ခံရလို့ သိန်းချီတဲ့ ရိုဟင်ဂျာမွတ်စလင်တွေ ထွက်ပြေးနေရချိန် သီတဂူဆရာတော်က စစ်တပ်အကြီးအကဲတွေကို “မွတ်စလင်တွေက ကုလသမဂ္ဂကို ၀ယ်လိုက်ပြီ” ဆိုတဲ့ တရားမျိုး ဟောသူပါ။

    စစ်တပ်နဲ့ ဘုန်းကြီးတွေရဲ့ တစ်ကျိပ်တည်း တစ်ဉာဏ်တည်းဇာတ်လမ်းဟာ ဆက်ရှိနေအုံးမှာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ်မေလက စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ Facebook ပေ့ခ်ျမှာ စစ်သားတွေကြား ရယ်မောနေတဲ့ သီတဂူဆရာတော်ရဲ့ပုံ ပေါ်လာပါတယ်။ အမျိုးသားရေးအတွက် ဘာသာရေးစစ်သားမျိုး ဖန်တီးပေးမယ်လို့တောင် သူက ကမ်းလှမ်းခဲ့ဖူးပြီး ဘာသာရေးအတွက် အကြီးမားဆုံး ပေးဆပ်မှုလို့ သူက ယူဆနေပုံပါ။

    “မြန်မာနိုင်ငံမှာ သံဃာ ၄ သိန်းရှိတယ်။ မင်းတို့လိုအပ်ရင် သူတို့ကိုထည့်ပေးလိုက်မယ်။ လွယ်ပါတယ်” လို့ ကာကွယ်ရေးဦးစီးချုပ်ကို ဆရာတော်က ပြောကြားဖူးပါတယ်။

    “သီတဂူဆရာတော်လို ကြည်ညိုခံရတဲ့ ဘုန်းကြီးတွေက ပြောမယ်ဆိုရင် လူတစ်စုကို နှိမ့်ချစော်ကားတဲ့စကားမျိုး ဖြစ်ပေမယ့်လည်း လူတွေက လက်ခံကြတယ်။ သူ့ရဲ့စကားတွေက အမုန်းတရားကို တရားဝင်အောင် လုပ်တာမျိုးပါ” လို့ အောက်စဖို့ဒ်တက္ကသိုလ်က မြန်မာနိုင်ငံဖွား လူမှုမနုဿဗေဒပညာရှင် ဒေါက်တာ ခင်မာမာကြည်က ပြောကြားခဲ့ပါတယ်။

    ဗုဒ္ဓဘာသာများ၏ အခွင့်အရေး

    သီရိလင်္ကာနိုင်ငံက ခရစ်ယာန်ဘုရားကျောင်းတွေ ဟိုတယ်တွေကို IS အကြမ်းဖက်သမားတွေက အီစတာနေ့မှာ ဗုံးခွဲတိုက်ခိုက်လိုက်တဲ့အခါ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီတွေက သူတို့မလွန်ဘူးဆိုတဲ့ အသံမျိုး ထွက်လာပါတယ်။

    “မွတ်စလင်အစွန်းရောက်တွေဟာ အမျိုးသားလုံခြုံရေးရဲ့ အန္တရာယ်ဖြစ်တယ်လို့ ကျုပ်တို့ နှစ်ပေါင်းများစွာ သတိပေးလာတယ်။ အစွန်းရောက်အစ္စလာမ်ဝါဒကို လစ်လျူရှုလိုက်တဲ့အတွက် အစိုးရလက်မှာ သွေးစွန်းသွားပါပြီ” လို့ သီရိလင်္ကာက အကြီးဆုံး အမျိုးသားရေးအဖွဲ့ Bodu Bala Sena (BBS) က အကြီးတန်း တာဝန်ရှိသူ Dilanthe Withanage က ပြောပါတယ်။

    နှစ်အနည်းငယ်လောက် အလယ်အလတ်ကျတဲ့ မဟာမိတ်အုပ်စိုးမှု ရှိလာခဲ့ပြီးတဲ့နောက်မှာတော့ ဘာသာရေးနဲ့ ထကြွလိုတဲ့ဝါဒ ပေါင်းစပ်ထားတဲ့ လှုပ်ရှားမှုတစ်ခု သီရိလင်္ကာနိုင်ငံမှာ မြင့်တက်လာခဲ့ပါတယ်။ ဒီလှုပ်ရှားမှုကို ဦးဆောင်သူက ကာကွယ်ရေးဝန်ကြီးဟောင်း Gotabaya Rajapaksa ဖြစ်ပါတယ်။ သူဟာ အခုနှစ်အတွင်းပြုလုပ်မယ့် သမ္မတရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့လည်း ရှိနေပါတယ်။

    တိုင်းပြည်မှာ သမိုင်းတစ်လျှောက် တည်တံ့ခဲ့တဲ့ ဗုဒ္ဓဘာသာပုံရိပ်ကို ကာကွယ်သွားမယ်လို့ Gotabaya က ကတိပြုထားပါတယ်။ လူနည်းစု တမီလ်တွေနဲ့ နှစ်ပေါင်း ၃၀ ကြာ ပြည်တွင်းစစ်အတွင်း ပုံဖော်ခဲ့တဲ့ ‘လုံခြုံရေးနိုင်ငံ’ ကို ပြန်လည်တည်ဆောက်သွားဖို့ သူက စိတ်ပိုင်းဖြတ်ထားပါတယ်။

    ၂၀၀၅ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း သီရိလင်္ကာနိုင်ငံကို Gotabaya ရဲ့ အစ်ကို Mahinda Rajapaksa က တိုင်းပြည်ကို ဦးဆောင်ခဲ့တာပါ။ Mahinda ဟာ မျက်နှောင်ပြောင်တိုက်တတ်တဲ့ အမျိုးသားရေးသမားတစ်ဦးဖြစ်ပြီး ပြည်တွင်းစစ်မှာ ရက်ရက်စက်စက် ဆောင်ရွက်ခဲ့မှုတွေကို တရားသယောင်ယောင်ပြောကာ မိမိသာလျှင် ဘာသာရေးကို ကယ်တင်ခဲ့သူလို့ ၀ါဒဖြန့်ခဲ့သူလည်း ဖြစ်ပါတယ်။

    ဘုန်းကြီးကျောင်းတွေမှာ သူတို့ညီအစ်ကိုနှစ်ယောက်ရဲ့ ပုံတွေကို နံရံပြည့် ပုံဖော်ထားကြပါတယ်။ မွတ်စလ်တွေ အသတ်ခံရတဲ့ ဘာသာရေးအဓိကရုဏ်းတွေမှာ အောင်ပွဲခံလေ့ရှိတဲ့ အစွန်းရောက် ဗုဒ္ဓဘာသာအုပ်စုတွေကိုလည်း သူတို့ညီအစ်ကိုက ငွေကြေးတွေ ထောက်ပံ့ခဲ့ပါတယ်။
    မြို့တော်ကိုလံဘိုက အထပ်မြင့် ဗုဒ္ဓယဉ်ကျေးမှုစင်တာကို ‘ဗုဒ္ဓဘာသာတပ်ဖွဲ့’ လို့ အဓိပ္ပါယ်ရတဲ့ Bodu Bala Sena ကို တည်ထောင်သူတစ်ဦးက ဆောက်လုပ်ထားတာပါ။ တန်ဖိုးကြီးတဲ့ အဲဒီမြေကွက်ကို Rajapaksa ညီအစ်ကိုနှစ်ဦးက လှူဒါန်းထားတာ ဖြစ်ပါတယ်။

    အစိုးရပိုင် ဆက်သွယ်ရေးလုပ်ငန်းကလည်း သူတို့ရဲ့ ဖုန်း ringtones တွေထဲမှာ BBS ရဲ့ သီချင်းကို ထည့်သွင်းပေးခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်က BBS ခေါင်းဆောင် Galagoda Aththe Gnanasara Thero ကို အစိုးရက ထောင်ဒဏ် ၆ နှစ် ချခဲ့ပေမယ့် အခုနှစ်မေလအတွင်း သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဇူလိုင်လ ၇ ရက်နေ့မှာ ဒီဘုန်းကြီးက သံဃာ ထောင်ချီပါဝင်တဲ့ ချီတက်ပွဲတစ်ခုကို ပြုလုပ်ခဲ့ပြီး မကြာခင်ပြုလုပ်တော့မယ့် ရွေးကောက်ပွဲမှာ ပါဝင်မယ့် သူတို့ရဲ့ နိုင်ငံရေးအင်အားကို ထုတ်ပြလိုက်တာလည်း ဖြစ်ပါတယ်။

    ထောင်မကျခင်လေးမှာပဲ Gnanasara Thero က သူတို့သာလျှင် သမိုင်းတစ်လျှောက် ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်သူဖြစ်ကြောင်း ကြုံးဝါးခဲ့ပါတယ်။

    “ဗုဒ္ဓဘာသာကို ကျုပ်တို့စောင့်ရှောက်လာတာ နှစ်ပေါင်း ၂၅၀၀ လောက်ရှိပြီ။ ကျုပ်တို့ရဲ့ ငြိမ်းချမ်းတဲ့ ကျွန်းလေးကို အစ္စလာမ်ရန်ကနေ ကာကွယ်ဖို့အတွက် တိုက်ပွဲဝင်ရမယ့်တာဝန်ဟာ ကျုပ်တို့ရဲ့တာဝန် ဖြစ်သလို မြန်မာနိုင်ငံက ဘုန်းကြီးတွေရဲ့ တာဝန်လည်း ဖြစ်ပါတယ်” လို့ Times သတင်းဌာနနဲ့ အင်တာဗျူးမှာ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: NEW YORK TIMES

    (NEW YORK TIMES သတင်းဌာနတွင် ဖော်ပြထားသည့် ‘Our duty to fight’: The rise of militant Buddhism’ ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။ ဆောင်းပါးပါအချက်များသည် မူရင်းဆောင်းပါးရှင်၏ အတွေးအမြင်များသာဖြစ်ပြီး M-Media ၏ အာဘော်မဟုတ်ပါ)

  • ထိုင်ဝမ်နှင့်ကပ်နေသည့် ကမ်းရိုးတန်းတွင် စစ်ရေးလေ့ကျင့်ခဲ့ဟု တရုတ်ထုတ်ပြန်

    ထိုင်ဝမ်နှင့်ကပ်နေသည့် ကမ်းရိုးတန်းတွင် စစ်ရေးလေ့ကျင့်ခဲ့ဟု တရုတ်ထုတ်ပြန်

    ဇူလိုင် ၁၄၊ ၂၀၁၉
    M-Media

    -နိုင်ငံအရှေ့တောင်ပိုင်း ကမ်းရိုးတန်းမှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ တရုတ်နိုင်ငံက ဒီကနေ့မှာ ကြေငြာလိုက်ပြီး ထိုမ်ဝမ်ကို လက်နက်ရောင်းမယ့် အမေရိကန်နဲ့ တင်းမာမှုတွေ မြင့်တက်လာတဲ့အချိန် ဒီသတင်းပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    တရုတ် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာတော့ ဒီလေ့ကျင့်မှုဟာ နှစ်စဉ်ပြုလုပ်ဖို့ စီစဉ်ထားတဲ့ စစ်ရေးလေ့ကျင့်မှု တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ဆောင်ရွက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

    ထိုင်ဝမ်ကို ကန်ဒေါ်လာ ၂.၂ ဘီလီယံ တန်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေ ရောင်းချသွားမယ်လို့ ထိုင်ဝမ်သမ္မတ Tsai Ing-wen ရဲ့ ပြီးခဲ့တဲ့တစ်ပတ် ခရီးစဉ်မှာ အမေရိကန် ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ တရုတ်က ဒီအစီအစဉ်ကို ဖျက်သိမ်းဖို့ အမေရိကန်ကို တောင်းဆိုခဲ့ပြီး၊ လက်နက်ရောင်းချမှုမှာ ပါဝင်တဲ့ ကုမ္ပဏီတွေအပေါ် ပိတ်ဆို့မှုတွေ ပြုလုပ်သွားမယ်လို့ သောကြာနေ့မှာ တုန့်ပြန် ပြောကြားခဲ့ပါတယ်။

    ထိုင်ဝမ်သမ္မတ Tsai Ing-wen ဟာ ကာရစ်ဘီယံဒေသက မဟာမိတ်တွေထံ သွားရောက်တဲ့ ခရီးစဉ်အတွင်း အမေရိကန်ကို ၀င်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ခရီးစဉ်မစတင်ခင်မှာ Tsai Ing-wen က နိုင်ငံဟာ နိုင်ငံခြားတပ်ဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရတယ်လို့ ပြောကြားခဲ့ပြီး တရုတ်နိုင်ငံကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

    ဒီမိုကရေစီစနစ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတဲ့ ထိုင်ဝမ်ကို တရုတ်က သူ့ရဲ့ပိုင်နက်အဖြစ် သတ်မှတ်ထားတာပါ။

    ထိုင်ဝမ်သမ္မတကတော့ တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေကို အကြိမ်ကြိမ် ဝေဖန်ပြောဆိုခဲ့ပြီး နိုင်ငံရဲ့ လုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူမှုဘ၀တွေကို ကာကွယ်စောင့်ရှောက်သွားမယ်လို့ ကြုံးဝါးထားပါတယ်။

    Ref: Aljazeera

  • နိုင်ငံ၏ ကလေးမွေးနှုန်းကျဆင်းမှုမှာ အိမ်ထောင်မပြုသည့် အမျိုးသမီးအရေအတွက် မြင့်လာခြင်းကြောင့်ဟု ၀န်ကြီးပြော

    နိုင်ငံ၏ ကလေးမွေးနှုန်းကျဆင်းမှုမှာ အိမ်ထောင်မပြုသည့် အမျိုးသမီးအရေအတွက် မြင့်လာခြင်းကြောင့်ဟု ၀န်ကြီးပြော

    ဇူလိုင် ၁၄၊ ၂၀၁၉
    M-Media

    Photo credit – 3mdg.org

    -မြန်မာနိုင်ငံမှာ ကလေးမွေးဖွားနှုန်း ကျဆင်းသွားတာဟာ လက်မထပ်တဲ့ အမျိုးသမီးတွေ များလာတာကြောင့်ဖြစ်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီဌာန ၀န်ကြီး ဦးသိန်းဆွေက ပြောကြားလိုက်ပါတယ်။

    ၁၉၈၃ ခုနှစ်က အိမ်ထောင်တစ်ခုမှာ ပျမ်းမျှ ကလေးမွေးဖွားနှုန်း ၅ ဦးအထိ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ တစ်ဖြည်းဖြည်း ကျဆင်းလာခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်အရောက်မှာတော့ ပျမ်းမျှမွေးဖွားမှုနှုန်းဟာ ၂.၃ ဦးသာ ရှိပါတော့တယ်။

    နေပြည်တော်မှာ ကြာသာပတေးနေ့ကပြုလုပ်တဲ့ ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားမှာ ၀န်ကြီး ဦးသိန်းဆွေက မြန်မာနိုင်ငံမှာ အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးဟာ ကလေး ၄ ဦးနှုန်း မွေးဖွားနေပေမယ့် အိမ်ထောင်မပြုတဲ့ အမျိုးသမီးတွေ များလာတာကြောင့် ပျမ်းမျှတွက်လိုက်ရင် မွေးဖွားနှုန်း
    ကျဆင်းတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “မြန်မာနိုင်ငံမှာ ကလေးမွေးဖွားနှုန်း ကျဆင်းမှု အကြောင်းအရင်းတွေထဲက တစ်ခုဟာ အိမ်ထောင်မပြုတဲ့ အမျိုးသမီးအရေအတွက် မြင့်တက်လာတာ ဖြစ်ပါတယ်”

    ခေတ်ပေါ် သန္ဓေတားနည်းလမ်းတွေကို အမျိုးသမီးတွေ လက်လှမ်းမီလာတဲ့အခြေအနေမျိုး ရောက်နေတာကလည်း မွေးဖွားနှုန်း လျော့ကျမှု အကြောင်းအရင်တွေထဲကတစ်ခု ဖြစ်ကြောင်း၊ မွေးဖွားနှုန်းလျော့ကျမှုဟာ ကျေးလက်ဒေသထက် မြို့ပြဒေသမှာ ပိုမိုမြင့်မားပြီး၊ ကျေးလက်နေ အမျိုးသမီးတွေထံ သားဆက်ခြားနည်းလမ်းတွေ ရောက်ရှိအောင် အစိုးရက ဦးစားပေး ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ၀န်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ မွေးဖွားပြီးနောက် မိခင်သေဆုံးမှုနှုန်းလည်း ကျဆင်းသွားခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်တွေက အသက် ၁၅ နှစ်နဲ့ ၁၉ နှစ်ကြား အမျိုးသမီး ၁၀၀ ကလေးမွေးရင် ပျမ်းမျှ ၄၃ ခုမှာ မိခင်တွေ သေဆုံးလေ့ရှိပေမယ့် ၂၀၁၄ ခုနှစ်မှာတော့ ဒီအရေအတွက်ဟာ ၃၃ ခုအထိ ကျဆင်းသွားခဲ့ပါတယ်။ အဲဒီလိုသေဆုံးမှုဟာလည်း မြို့ပြထက် ကျေးလက်ဒေသတွေမှာ ပိုမိုအဖြစ်များတယ်လို့ ၀န်ကြီးက ဆိုပါတယ်။

    ကျေးလက်ဒေသမှာ မွေးဖွားနှုန်း မြင့်မားရတာဟာ အမျိုးသမီးတွေ အိမ်ထောင်ကျမှု မြင့်မားလို့ဖြစ်ပြီး ပညာရေးအခွင့်အလမ်း နည်းပါးတာကြောင့် မိန်းကလေးငယ်တွေဟာ အိမ်ထောင် စောစောကျကျတယ်လို့လည်း ၀န်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဒါပေမယ့် ပညာရေးဆုံးခန်းတိုင်းမှု အချက်အလက်မှာတော့ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုမိုမြင့်မားပြီး စုစုပေါင်း ဘွဲ့ရမှုရဲ့ ၅၉ ရာခိုင်နှုန်းက အမျိုးသမီးတွေ ဖြစ်ပါတယ်။

    Ref: Myanmar Times

    (Myanmr Times အင်္ဂလိပ်ပိုင်းမှသတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)

  • အလ်ကိုဟောမပါသည့်ဘီယာ မွတ်စလင်များအတွက်မဟုတ်ဟု မလေးရှား Heineken ရှင်းလင်း

    အလ်ကိုဟောမပါသည့်ဘီယာ မွတ်စလင်များအတွက်မဟုတ်ဟု မလေးရှား Heineken ရှင်းလင်း

    ဇူလိုင် ၁၄၊ ၂၀၁၉
    M-Media

    -အလ်ကိုဟောမပါတဲ့ ဘီယာထုတ်လုပ် ရောင်းချတာဟာ မွတ်စလင်တွေ သောက်သုံးဖို့ ရည်ရွယ်တာမဟုတ်ဘဲ မွတ်စလင်မဟုတ်သူတွေကိုပဲ ပစ်မှတ်ထားတာဖြစ်တယ်လို့ ကမ္ဘ္ဘာကျော် ဘီယာတံဆိပ်ဖြစ်တဲ့ Heineken က မလေးရှားနိုင်ငံမှာ ရှင်းလင်း ပြောကြားခဲ့ပါတယ်။

    Heineken ရဲ့ အလ်ကိုဟောမပါတဲ့ ဘီယာဟာ အသစ်ထွက်ရှိလာတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မလေးရှားမှာ စတင်ရောင်းချခဲ့တာပါ။ ကြော်ငြာမှာ Now You Can (အခုတော့ သောက်လို့ရပြီ) ဆိုတဲ့ စာလုံး ပါလာတာကြောင့် ဒီထုတ်ကုန်ဟာ ဘာသာရေးတားမြစ်ချက်အရ မူးယစ်ထုံထိုင်းစေတဲ့အရာတွေ မှီဝဲသုံးစွဲခွင့်မရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေအတွက် ရည်ရွယ်တာလားဆိုတဲ့ မေးခွန်းတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။

    မလေးရှား အစ္စလာမ့်ရေးရာအဖွဲ့ Jakim က အဲဒီဘီယာဟာ အလ်ကိုဟော မပါပေမယ့် ရိုးရိုးဘီယာ ချက်လုပ်တဲ့နည်းအတိုင်း ချက်လုပ်တာဖြစ်တဲ့အတွက် အစ္စလာမ်ဘာသာဝင်တွေ သောက်သုံးခွင့်မရှိဘူးလို့ ဇူလိုင်လ ၁၃ ရက်နေ့မှာ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

    အဲဒီကိစ္စနဲ့ပတ်သက်လို့ Heineken မလေးရှားက ဒီကနေ့မှာ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အလ်ကိုဟောမပါတဲ့ဘီယာဟာ ဟာလာလ် မဟုတ်သလိုမွတ်စလင်တွေ သောက်သုံးဖို့ ထုတ်လုပ်တာမဟုတ်ဘူးလို့ ရှင်းလင်းဖော်ပြခဲ့ပါတယ်။

    “Hineken ရဲ့ အလ်ကိုဟောမပါတဲ့ ထုတ်ကုန်တွေကို မလေးရှား စူပါမားကတ်တွေနဲ့ ကုန်စုံဆိုင်တွေရဲ့ ဟာလာလ် အစားအသောက်ဇုန်မှာ ထားမှာ မဟုတ်ပါဘူး။ အသက် ၂၁ နှစ်နဲ့အထက် မွတ်စလင်မဟုတ်သူတွေအတွက်သာ ဖြစ်တယ်ဆိုတဲ့ ဆိုင်းဘုတ်ကိုလည်း ထင်သာမြင်သာတဲ့
    နေရာမှာ ချိတ်ဆွဲသွားမှာပါ။ ဟာလာလ်ဇုန် သီးသန့်မရှိတဲ့ ဆိုင်တွေမှာလည်း အလ်ကိုဟောမပါတဲ့ ဘီယာဟာ အသက် ၂၁ နှစ်အထက် မွတ်စလင်မဟုတ်တဲ့သူတွေအတွက် သီးသန့်ဖြစ်တယ်ဆိုတဲ့ ဆိုင်းဘုတ် တပ်သွားမှာ ဖြစ်ပါတယ်” လို့ Heineken က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အလ်ကိုဟောမပါတဲ့ ဘီယာကို မလေးရှားမှာ ရောင်းချရခြင်းဟာ ဘီယာအရသာကို မမူးဘဲ ခံစားချင်တဲ့ မွတ်စလင်မဟုတ်သူတွေအတွက် ဖြစ်ကြောင်း၊ ဘီယာသောက်သုံးသူတွေ အလ်ကိုဟောမျှတတဲ့ လူနေမှုစနစ်မျိုး ရရှိဖို့ ရည်ရွယ်တာဖြစ်ကြောင်း ကုမ္ပဏီက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    Heineken က Now You Can ဆိုတဲ့ စကားလုံးဟာ ထမင်းပွဲ၊ လုပ်ငန်းခွင် အစည်းအဝေးနဲ့ ကားမောင်းတဲ့ အချိန်မျိုးတွေမှာပါ မွတ်စလင်မဟုတ်သူတွေ ဘီယာသောက်သုံးနိုင်မယ့် အခြေအနေကို ရည်ညွှန်းတာဖြစ်တယ်လို့ ရှင်းလင်းခဲ့ပါတယ်။

    ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေဟာ ထိလွယ်ရှလွယ်ဖြစ်တာကြောင့် အလ်ကိုဟောမပါတဲ့ ဘီယာ ဖြန့်ဖြူးမှု၊ ဈေးကွက်ချဲ့ထွင်မှုတွေမှာ ဘီယာဟာ အစ္စလာမ်ဘာသာဝင်မဟုတ်သူ အသက် ၂၁ နှစ်နဲ့အထက် သူတွေအတွက်သာ သီးသန့်ထုတ်လုပ်ခြင်းဖြစ်တယ်ဆိုတဲ့အကြောင်း ထင်သာမြင်သာဖြစ်အောင် ဆောင်ရွက်မယ်လို့လည်း Heineken ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

    မလေးရှား ၀န်ကြီးချုပ်ရုံးဝန်ကြီး မူဂျာဟစ် ယူစွဖ်က နိုင်ငံအတွင်း ဘီယာထုတ်လုပ်သူတွေအနေနဲ့ အလ်ကိုဟောမပါတဲ့ဘီယာ ထုတ်လုပ်တဲ့အခါ မွတ်စလင်တွေအကြား နားလည်မှုလွဲမှားတာမျိုး မဖြစ်အောင် ဆောင်ရွက်ဖို့ ညွှန်ကြားထားတယ်လို့ မနေ့က ပြောကြားခဲ့ပါတယ်။ ဟာလာလ်
    ဖြစ်၊ မဖြစ် မသေချာတဲ့ စားသုံးကုန်တွေကို သုံးစွဲခြင်းမပြုဖို့လည်း မူဂျာဟစ်က မွတ်စလင်တွေကို တိုက်တွန်းခဲ့ပါတယ်။

    Ref: Free Malaysia Today