News @ M-Media

Blog

  • လိုက်ချီးသီး အဆိပ်သင့်မှုကြောင့် အိန္ဒိယပြည်နယ်တစ်ခုတွင် သေဆုံးသူ ၁၀၀ ကျော်လာ

    လိုက်ချီးသီး အဆိပ်သင့်မှုကြောင့် အိန္ဒိယပြည်နယ်တစ်ခုတွင် သေဆုံးသူ ၁၀၀ ကျော်လာ

    ဇွန် ၁၈၊ ၂၀၁၉
    M-Media

    AES ရောဂါကြောင့် ဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ်

    -အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဘီဟာရ်ပြည်နယ်မှာ လိုက်ချီးသီးကနေ ဖြစ်ပွားတဲ့ အဆိပ်ကြောင့် ဦးနှောက် ရောင်ယမ်းမှုဖြစ်ပြီး သေဆုံးသူ ကလေးငယ် အရေအတွက်ဟာ ၁၀၀ ကျော်လာခဲ့ကာ တိုင်းပြည်ရဲ့ အဆိုးဝါးဆုံး ကျန်းမာရေးပြဿနာတစ်ခုအသွင် ဆောင်လာပါတယ်။

    Acute Encephalitis Syndrome (AES) လို့ခေါ်တဲ့ ဦးနှောက်ရောင်ယမ်းတဲ့ရောဂါဟာ ဘီဟာရ်ပြည်နယ်မှာ ဇွန်လ အစောပိုင်းကတည်းက စတင်ဖြစ်ပွားခဲ့တာပါ။ အရင်က ပြုလုပ်ထားတဲ့ လေ့လာဆန်းစစ်မှုတွေအရ AES ရောဂါဟာ လိုက်ချီးသီးမှာ ပါဝင်တဲ့ အဆိပ်ဓာတ်တစ်မျိုးကြောင့် ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။

    လိုက်ချီးသီးကို စားသုံးပြီးတဲ့နောက် အဲဒီအဆိပ်ဓာတ်ဟာ အသည်းမှာ သွားစုနေပြီး အပူချိန် အလွန်မြင့်တက်လာတဲ့အခါမှာ ဦးနှောက်အထိ ပြန့်နှံ့ကာ နောက်ဆုံး သေဆုံးတဲ့အထိ ဖြစ်လာတာ ဖြစ်ပါတယ်။ ဘီဟာရ်ပြည်နယ်ဟာ အိန္ဒိယနိုင်ငံမှာ လိုက်ချီးသီးကို အဓိကထား စိုက်ပျိုးတဲ့ဒေသ ဖြစ်ပါတယ်။

    အိန္ဒိယကျန်းမာရေးဝန်ရှိသူတွေက ပြည်နယ်အတွင်း မိဘတွေဟာ ကလေးငယ်တွေကို ထမင်းထက် လိုက်ချီးသီးကို ပိုမို ကျွေးလေ့ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဘီဟာရ်ပြည်နယ်မှာ AES ကြောင့် သေဆုံးသူအရေအတွက်က ၁၀၅ ဦးအထိ ရှိလာခဲ့ပါတယ်။ ဒီလို အဖြစ်အပျက်မျိုးဟာ အပူချိန်မြင့်တက်ပြီး လိုက်ချီးသီးတွေ ပေါ်တဲ့ အချိန်မျိုးမှာ နှစ်စဉ် ဖြစ်ပွားတတ်ပါတယ်။ ၂၀၁၄ ခုနှစ်တုန်းကလည်း အကြီးအကျယ် ဖြစ်ပွားခဲ့ပြီး လူ ၁၅၀ သေဆုံးခဲ့ပါတယ်။ လိုက်ချီးသီး စိုက်ပျိုးလေ့ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ဗီယက်နမ်နိုင်ငံတို့မှာလည်း AES ရောဂါ ဖြစ်ပွားပြီး သေဆုံးမှုတွေ ဖြစ်လေ့ရှိပါတယ်။

    နိုင်ငံရဲ့ အဆင်းရဲဆုံး ပြည်နယ်ထဲမှာ ပါဝင်ပြီး လူဦးရေ သန်းပေါင်း ၁၀၀ လောက်ရှိတဲ့ ဘီဟာရ်ပြည်နယ်မှာ အပူလှိုင်းဖြတ်မှုလည်း ဖြစ်ပွားနေပြီး အပူဒဏ်ကြောင့် သေဆုံးသူကလည်း ၈၀ နီးပါးအထိ ရှိလာပါတယ်။

    Ref: Aljazeera

  • အီရန်၏ရန်ကို ကာကွယ်ရန် အရှေ့အလယ်ပိုင်းသို့ တပ်ဖွဲ့ဝင် ၁၀၀၀ ထပ်ပို့မည်ဟု အမေရိကန်ပြော

    အီရန်၏ရန်ကို ကာကွယ်ရန် အရှေ့အလယ်ပိုင်းသို့ တပ်ဖွဲ့ဝင် ၁၀၀၀ ထပ်ပို့မည်ဟု အမေရိကန်ပြော

    ဇွန် ၁၈၊ ၂၀၁၉
    M-Media

    အမေရိကန်တပ်ဖွဲ့ဝင်များ

    -အရှေ့အလယ်ပိုင်းဒေသမှာ တပ်ဖွဲ့ဝင် ၁၀၀၀ လောက်ကို ထပ်မံစေလွှတ်သွားမယ်လို့ အမေရိကန် ခေတ္တကာကွယ်ရေးဝန်ကြီး ပက်ထရစ် ရှာနာဟန်က မနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပြီး အီရန်ရဲ့ ခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

    ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း ပြီးခဲ့တဲ့နှစ် မေလမှာ အမေရိကန်က ကြေငြာပြီးနောက်ပိုင်း အီရန်နဲ့ အမေရိကန်တို့အကြား တင်းမာမှုတွေ မြင့်တက်ခဲ့တာပါ။ အမေရိကန်ဟာ အီရန်အပေါ် ပိတ်ဆို့မှုတွေ ပိုမိုပြုလုပ်ခဲ့သလို၊ အီရန်ရဲ့ တိုက်ခိုက်နိုင်ဖွယ်ရှိမှုကို တုန့်ပြန်ဖို့ဆိုကာ ပင်လယ်ကွေ့ဒေသမှာ မေလအတွင်း လေယာဉ်တင်သင်္ဘောအပါအ၀င် တပ်တွေ
    ထပ်တိုးချခဲ့ပါတယ်။

    မနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ကာကွယ်ရေးဝန်ကြီး ရှာနာဟန်က အရှေ့အလယ်ပိုင်းဒေသမှာ ရှိနေတဲ့ မြေပြင်၊ ရေပြင်၊ ဝေဟင် ခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့ ရည်ရွယ်ချက်အတွက် တပ်ဖွဲ့ဝင် ၁ ထောင်လောက် တပ်တိုးချထားဖို့ ခွင့်ပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    “အီရန်တပ်ဖွဲ့တွေ၊ သူတို့ ကျောထောက်နောက်ခံပြုထားတဲ့ အုပ်စုတွေက ဒေသတွင်းမှာရှိနေတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေ၊ အမေရိကန်ရဲ့ အကျိုးစီးပွားတွေအပေါ် ရန်လိုတဲ့လုပ်ရပ်တွေ လုပ်လိမ့်မယ်ဆိုတဲ့ တိကျတဲ့ ထောက်လှမ်းရေးသတင်းတွေကို လတ်တလော အီရန်ရဲ့ တိုက်ခိုက်မှုတွေက ထပ်လောင်းအတည်ပြုပေးနေပါတယ်” လို့ ရှာနာဟန်က ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်က အိုမန်ပင်လယ်ကွေ့မှာ ရေနံတင်သင်္ဘော ၂ စီး တိုက်ခိုက်ခံရတာကို ရှာနာဟန်က ရည်ညွှန်းခဲ့တာဖြစ်ပြီး ဒါဟာ အီရန်ရဲ့လက်ချက် ဖြစ်တယ်လို့ အမေရိကန်ဖက်က စွပ်စွဲထားပါတယ်။ မေလအတွင်းကလည်း ယူအေအီးနိုင်ငံ ကမ်းလွန်မှာ ရေနံတင်သင်္ဘော ၄ စီး တိုက်ခိုက်ခံရပြီး ဒီအတွက်လည်း အီရန်ကို အမေရိကန်က အပြစ်တင်ထားပါတယ်။

    အီရန်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် လုပ်ကြံမှုဖြစ်ကြောင်း၊ ဒီကိစ္စအတွက် ပင်လယ်ကွေ့နိုင်ငံတွေ ပူးပေါင်းဖြေရှင်းဖို့လိုကြောင်း တုန့်ပြန် ပြောကြားထားပါတယ်။

    Ref: Aljazeera

  • အာဏာသိမ်း စစ်အစိုးရ၏ ဖမ်းဆီးခြင်းခံထားရသော အီဂျစ်သမ္မတဟောင်း မော်စီ တရားရုံးတွင် လဲကျသေဆုံး

    အာဏာသိမ်း စစ်အစိုးရ၏ ဖမ်းဆီးခြင်းခံထားရသော အီဂျစ်သမ္မတဟောင်း မော်စီ တရားရုံးတွင် လဲကျသေဆုံး

    ဇူလိုင် ၁၈၊ ၂၀၁၉
    M-Media

    -အီဂျစ်နိုင်ငံသမိုင်းမှာဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခြင်းခံရတဲ့ တစ်ဦးတည်းသော သမ္မတအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး စစ်တပ်ရဲ့ အာဏာသိမ်းဖြုတ်ချမှုကို ခံခဲ့ရတဲ့ မိုဟာမက် မော်စီဟာ မနေ့က တရားခွင်မှာ နှလုံးဖောက်လဲကျပြီး ကွယ်လွန်သွားခဲ့ပါတယ်။

    အစိုးရရှေ့နေက အသက် ၆၇ နှစ်အရွယ် မော်စီဟာ တရားခွင်မှာ လဲကျခဲ့ပြီး ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် သေဆုံးသွားကြောင်း၊ ဆေးစာအရ မော်စီမှာ ပြင်ပဒဏ်ရာ တစ်စုံတရာမရှိဘူးလို့ သိရကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

    ၂၀၁၂ ခုနှစ်က အာရပ်နွေဦးတော်လှန်ရေးကြောင့် အီဂျစ်မှာ တိုင်းပြည်ကို နှစ်ပေါင်း ၃၀ လောက် အုပ်စိုးလာခဲ့တဲ့ အာဏာရှင် ဟိုစနီ မူဘာရက် ပြုတ်ကျခဲ့ပြီးနောက် မော်စီဟာ နိုင်ငံရဲ့ ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရတဲ့ သမ္မတ ဖြစ်လာခဲ့ပါတယ်။

    ဒါပေမယ့် နောက်ပိုင်းမှာ လူထုဆန္ဒပြမှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး ၂၀၁၃ ခုနှစ်မှာ လက်ရှိ သမ္မတ အဘ်ဒဲလ် ဖာတာ အလ်-စီစီ ဦးဆောင်တဲ့ စစ်တပ်ရဲ့ အာဏာသိမ်းဖြုတ်ချခြင်းကို ခံခဲ့ရပါတယ်။ အာဏာသိမ်းပြီးနောက် အလ်-စီစီဟာ မော်စီရဲ့ပါတီ Muslim Brotherhood ကို တရားမ၀င်အသင်းအဖြစ် ကြေညာကာ မော်စီအပါအ၀င် ပါတီဝင်တော်တော်များများကိုလည်း ဖမ်းဆီးအကျဉ်းချခဲ့ပါတယ်။

    မော်စီဟာ ဆန္ဒပြသူများကို သတ်ဖြတ်မှု၊ တရားရေးကို မထီမဲ့မြင်ပြုမှု၊ ထောင်ဖောက်ဖို့ကြိုးစားမှုတွေ အပါအ၀င် စွဲချက်မျိုးစုံနဲ့ တရားစွဲဆိုခံခဲ့ရပြီး ၂၀၁၂ ခုနှစ် ဆန္ဒပြသူတွေကို သတ်ဖြတ်မှုနဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခြင်း ခံခဲ့ရပါတယ်။ အခြားစွဲချက်တွေနဲ့ ပတ်သက်လို့ တရားရင်ဆိုင်နေရစဉ်မှာ အခုလို ကွယ်လွန်သွားခဲ့တာပါ။

    သူ့ကိုထောက်ခံသူတွေက မော်စီ ဖမ်းဆီး တရားစွဲဆိုခံရမှုမှာ နိုင်ငံရေးညစ်ကွက်တွေ အများအပြား ရှိနေတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

    ဆီးချိုရောဂါ၊ အသည်းနဲ့ ကျောက်ကပ်ရောဂါတွေကို ခံစားနေရတဲ့ မော်စီဟာ ဖမ်းဆီး အကျဉ်းချခံရစဉ်ကာလမှာ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အ၀ မရခဲ့ဘဲ လစ်လျူရှုခံခဲ့ရတယ်လို့ ထောက်ပြမှုတွေ ရှိခဲ့ပါတယ်။ မော်စီဟာ ဖမ်းဆီးခံရတဲ့ ၆ နှစ်တာကာလအတွင်း မိသားစုနဲ့ ၃ ကြိမ်သာ တွေ့ခွင့်ရခဲ့ပါတယ်။

    သားဖြစ်သူ အဘ်ဒူလာ မိုဟာမက် မော်စီက ဖခင်ရဲ့ရုပ်အလောင်း ဘယ်မှာရှိနေလဲဆိုတာ မသိရသေးဘဲ၊ မိသားစုသုဿန်မှာ မြှုပ်ခွင့် တောင်းဆိုမှုကိုလည်း အာဏာပိုင်တွေက ငြင်းဆန်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က မော်စီသေဆုံးမှုဟာ ကြောက်မက်ဖွယ်ကိစ္စတစ်ခုဖြစ်ပြီး အီဂျစ်အစိုးရက လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မပေးတာကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “မော်စီရဲ့သေဆုံးမှုအတွက် အီဂျစ်အစိုးရမှာ တာဝန်ရှိပါတယ်။ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ အကျဉ်းသားတစ်ယောက်ရဲ့ အခြေခံအခွင့်အရေးတွေကို မပေးတာကြောင့် ဒီလိုသေဆုံးရတာပါ” လို့ မနေ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က
    ဖော်ပြထားပါတယ်။

    Ref: Aljazeera

  • မန္တလေးမှ ရဲအရာရှိ ၄ ဦး လာဘ်ငွေယူမှုဖြင့် တရားစွဲခံရ

    မန္တလေးမှ ရဲအရာရှိ ၄ ဦး လာဘ်ငွေယူမှုဖြင့် တရားစွဲခံရ

    ဇွန် ၁၇၊ ၂၀၁၉
    M-Media

    ရဲတပ်ဖွဲ့ဝင်များ (Photo Credit – Irrawaddy)

    -မန္တလေးမြို့က ရဲတပ်ဖွဲ့ဝင် ၄ ဦးကို ခြစားမှုတိုက်ဖျက်ရေးစွဲချက်နဲ့ တရားစွဲဆိုထားတယ်လို့ မြန်မာနိုင်ငံ ခြစားမှုတိုက်ဖျက်ရေးကော်မရှင် ACC က သောကြာနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

    ချမ်းအေးသာဇံမြို့နယ် ရဲစခန်းက စခန်းမှူး ဗိုလ်ကြီး ကျော်သူနဲ့ မန္တလေးမြို့ အမှတ် ၃ ရဲစခန်းက ဗိုလ် ကျော်နိုင်ဦးတို့ဟာ မတူညီတဲ့ အမှုနှစ်ခုမှာ သံသယရှိသူ ၂ ယောက်ကို အာမခံနဲ့ လွှတ်ပေးရေးအတွက် လာဘ်ငွေ ၂၅ သိန်းကျော် ရယူခဲ့တာဖြစ်တယ်လို့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    “စခန်းမှူး ကျော်သူဟာ ဆက်သွယ်ရေး ပုဒ်မ-၆၆(ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ သံသယရှိသူတစ်ယောက်ကို အမာခံနဲ့ လွှတ်ပေးဖို့အတွက် ကျပ်ငွေ ၂၅ သိန်း တောင်းခံခဲ့ပြီး ဒု-ဗိုလ် ကျော်နိုင်ဦးက အခြားအမှုအတစ်ခုမှာ ကျပ်ငွေ ၁ သိန်းခွဲ ရယူခဲ့ပါတယ်”

    စခန်းမှူးကျော်သူဟာ ငွေကျပ် သိန်း ၁၀၀ ပေးရင် အမှုရုပ်သိမ်းပေးမယ်လို့ အဲဒီဒီအမှုမှာပဲ သံသယရှိသူကို ပြောကြားခဲ့ပါတယ်။

    လောင်းကစားမှုနဲ့ပတ်သက်တဲ့ အခြားအမှုတစ်ခုမှာတော့ ရဲတပ်ဖွဲ့ ဗိုလ်မှူး သိန်းနိုင်နဲ့ ဗိုလ် ထွန်ထွန်းလင်းတို့ဟာ ဖမ်းဆီးခံထားရတဲ့ လူငယ်ထံကနေ ငွေကျပ် ၁၀ သိန်း တောင်းခံခဲ့တယ်လို့ ကော်မရှင်က ပြောကြားခဲ့ပါတယ်။

    ကနဦး စုံစမ်းစစ်ဆေးမှူတွေအရ တရားစွဲဆိုဖို့အတွက် လုံလောက်တဲ့ အထောက်အထားတွေကို တွေ့ရှိခဲ့တာကြောင့် ခြစားမှုတိုက်ဖျက်ရေး ပုဒ်မ ၅၆ နဲ့ တရားစွဲဆိုထားတယ်လို့ ခြစားမှုတိုက်ဖျက်ရေး ကော်မရှင်က ဖော်ပြထားပါတယ်။ လက်ရှိမှာ ဗိုလ် ကျော်နိုင်ဦးနဲ့ ဗိုလ် ထွန်းထွန်းလင်းတို့ကို ဖမ်းဆီးထားပြီး ဗိုလ်ကြီး ကျော်သူက လွတ်မြောက်နေပါတယ်။

    Ref: Irrawaddy

    (ဧရာဝတီ သတင်းဌာန အင်္ဂလိပ်ပိုင်းမှ သတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)

  • ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်ဒေသမှ တရားမ၀င်အိမ်ယာကို အစ္စရေးက ထရမ့်အမည်ပေး

    ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်ဒေသမှ တရားမ၀င်အိမ်ယာကို အစ္စရေးက ထရမ့်အမည်ပေး

    ဇွန် ၁၇၊ ၂၀၁၉
    M-Media

    – ဆီးရီးယားပိုက်နက် ဂိုလန်ကုန်းမြင့်ဒေသက တရားမ၀င်အိမ်ယာတစ်ခုကို အစ္စရေးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့အမည် ပေးလိုက်ပြီး၊ ဂိုလန်တောင်ကုန်းကို အစ္စရေးပိုင်နက်အဖြစ် ထရမ့်က အသိအမှတ်ပြုမှုအတွက် ကျေးဇူးတုန့်ပြန်တာ ဖြစ်ပါတယ်။

    မနေ့က အမည်ပေးပွဲအခမ်းအနားကို တက်ရောက်ခဲ့တဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ထရမ့်ဟာ အစ္စရေးရဲ့ ‘ကြီးကျယ်တဲ့မိတ်ဆွေ’ ဖြစ်တယ် လို့ပြောကြားခဲ့ပြီး အစ္စရေးမြောက်ပိုင်းမှာရှိနေတဲ့ ဂိုလန်တောင်ကုန်းဟာ မဟာဗျူဟာကျတဲ့ နေရာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

    “ဂိုလန်ကုန်းမြင့်ဒေသဟာ ကျွန်တော်တို့တိုင်းပြည် အမိမြေနဲ့ အမြဲတမ်း ယှဉ်တွဲတည်ရှိနေတဲ့ ဒေသ ဖြစ်ပါတယ်”

    လူဦးရေ ၁၀ ဦးရှိပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က စတင်ပေါ်ပေါက်လာခဲ့တဲ့ အဲဒီ တရားမ၀င်အိမ်ယာကို အစ္စရေးက ဟီဘရူးဘာသာစကားနဲ့ ‘Ramat Trump’ လို့ အမည်ပေးထားပြီး ‘Trump Heights’ လို့ အဓိပ္ပါယ်ထွက်ပါတယ်။ အခုလို အမည်ပေးခြင်းအားဖြင့် အဲဒီအိမ်ယာမှာ လူတွေ ပိုမိုနေထိုင်ကာ ချဲ့ထွင်နိုင်ဖို့ အစ္စရေးက မျှော်လင့်နေပါတယ်။

    ထရမ့်ကတော့ သူ့ကို ဒီလိုဂုဏ်ပြုတဲ့အတွက် နေတန်ယာဟုနဲ့ အစ္စရေးနိုင်ငံကို ကျေးဇူးတင်တယ်လို့ မနေ့က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အမည်ပေးပွဲအခမ်းအနားကို တက်ရောက်ခဲ့တဲ့ အစ္စရေးဆိုင်ရာ အမေရိကန်သံအမတ် ဒေးဗစ် ဖရီးဒ်မန်က ‘အရမ်းလှပတဲ့အမည်’ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကျူးကျော်မှု

    အစ္စရေးဟာ ၁၉၆၇ ခုနှစ် စစ်ပွဲမှာ ဆီးရီးယားနိုင်ငံကို ကျူးကျော်ကာ ဂိုလန်တောင်ကုန်းကို သိမ်းပိုက်ခဲ့ပြီး ၁၉၈၁ ခုနှစ်မှာ သူတို့ရဲ့ပိုင်နက်ထဲ သွတ်သွင်းခဲ့ပါတယ်။ ဒီလိုသွတ်သွင်းမှုဟာ နိုင်ငံတကာ ဥပဒေနဲ့ မညီညွတ်ဘူးလို့ ကမ္ဘ္ဘာ့နိုင်ငံအများစုက သတ်မှတ်ထားပါတယ်။

    ပြီးခဲ့တဲ့မတ်လ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုရဲ့ အမေရိကန်ခရီးစဉ်အတွင်း သမ္မတ ဒေါ်နယ်ထရမ့်က ဂိုလန်ကုန်းမြင့်ဒေသကို အစ္စရေးပိုင်နက်အဖြစ် အသိအမှတ်ပြုခဲ့ပြီး ၁၀ စုနှစ်ချီ ရှိခဲ့တဲ့ အမေရိကန်ရဲ့ ပေါ်လစီကို ပြောင်းလဲလိုက်တာလည်း ဖြစ်ပါတယ်။

    အစ္စရေးရဲ့ မှတ်တမ်းတွေအရ ဂိုလန်ကုန်းမြင့်ဒေသမှာ လူ ၅ သောင်းနေထိုင်ပြီး အစ္စရေးက ဂျူးလူမျိုး ၂၂၀၀၀ နဲ့ ဒေသခံ အာရပ် ဒရုဇ်လူမျိုး ၂၅၀၀၀ လောက် ရှိနေပါတယ်။

    Ref: Aljazeera