News @ M-Media

Blog

  • ယီမင်သူပုန်များ ပစ်လွှတ်လိုက်သည့် ဒုံးကျည် ဆော်ဒီလေဆိပ်ကို ထိမှန်၊ ၂၀ ကျော် ဒဏ်ရာရ

    ယီမင်သူပုန်များ ပစ်လွှတ်လိုက်သည့် ဒုံးကျည် ဆော်ဒီလေဆိပ်ကို ထိမှန်၊ ၂၀ ကျော် ဒဏ်ရာရ

    ဇွန် ၁၂၊ ၂၀၁၉
    M-Media

    Photo Credit – Aljazeera

    -ယီမင်က ဟူသီသူပုန်တွေ ပစ်လိုက်တဲ့ ဒုံးကျည်တစ်စင်းဟာ ဆော်ဒီအာရေဗျနိုင်ငံ အနောက်တောင်ပိုင်းက အဘ်ဟာလေဆိပ်ကို ကျရောက်ခဲ့ပြီး အနည်းဆုံး အရပ်သား ၂၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့က ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

    အဘ်ဟာလေဆိပ်ရဲ့ ဆိုက်ရောက်ခန်းမကို ဒုံးကျည်ကျရောက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေဟာ နိုင်ငံပေါင်းစုံက ဖြစ်တယ်လို့ ဆော်ဒီကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေလည်း ပါဝင်ပါတယ်။

    ဘယ်ဒုံးကျည်အမျိုးအစားနဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့က ဒီတိုက်ခိုက်မှုကိုကြည့်ရင် ဟူသီတွေဟာ အီရန်ထံကနေ အဆင့်မြင့် လက်နက်တွေ ရနေတယ်ဆိုတာ ထင်ရှားတယ်လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ဟူသီသူပုန်တွေရဲ့ Masirah TV က အဘ်ဟာလေဆိပ်ကို ခရုဇ်ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဖော်ပြပါတယ်။

    အီရန်က ကျောထောက်နောက်ခံပြုထားတဲ့ ဟူသီသူပုန်တွေဟာ သမ္မတ အဘ်ဒ် ရာဘူး မန်ဆူရ် အစိုးရကို တိုက်ခိုက်ကာ ယီမင်နိုင်ငံရဲ့ ဒေသတော်တော်များများကို သိမ်းပိုက်ထားနိုင်ပါတယ်။
    ဆော်ဒီဦးနဲ့ ယူအေအီး ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့က ၂၀၁၅ ခုနှစ် မတ်လကစလို့ ယီမင်ပြည်တွင်းစစ်ပွဲမှာ ပါဝင်ခဲ့ပြီး ယီမင်အစိုးရဖက်ကနေ တိုက်ခိုက်ပေးနေပါတယ်။

    တနင်္လာနေ့ကလည်း ဟူသီတွေ လွှတ်လိုက်တဲ့ ဒရုန်းလေယာဉ်တွေကို ပစ်ချခဲ့ရတယ်လို့ ဆော်ဒီအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ ဟူသီသူပုန်တွေဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကစလို့ ဆော်ဒီက အရပ်ဖက်၊ စစ်ဖက် ပစ်မှတ်တွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ မကြာခဏ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး ယီမင်ကိစ္စကို ဆော်ဒီက ကြားဝင် စွက်ဖက်မှုကြောင့် ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

    Ref: Aljazeera

  • စီးပွားရေးသမားတစ်ဦးကို ငွေပေး၍ ယူအေအီးက အမေရိကန်အစိုးရကို ထောက်လှမ်း

    စီးပွားရေးသမားတစ်ဦးကို ငွေပေး၍ ယူအေအီးက အမေရိကန်အစိုးရကို ထောက်လှမ်း

    ဇွန် ၁၁၊ ၂၀၁၉
    M-Media

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ယူအေအီး အိမ်ရှေ့မင်းသား ရှိခ် မိုဟာမက် ဘင် ဇာယဒ် အလ် နဟ်ယန်

    -အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံရဲ့ ထောက်လှမ်းရေးအဖွဲ့ဟာ စီးပွားရေးသမားတစ်ဦးကို ငွေကြေးပေးပြီး အမေရိကန်အစိုးရကို ထောက်လှမ်းခိုင်းတယ်လို့ Intercept သတင်းဌာနက ဒီကနေ့မှာ ဖော်ပြခဲ့ပါတယ်။

    ရာရှစ် အလ်-မာလစ်ဆိုတဲ့ စီးပွားရေးသမားဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွင်း အမေရိကန်အစိုးရရဲ့ သတင်းအချက်အလက်တွေ ပေးပို့ခဲ့တဲ့အတွက် ယူအေအီး နိုင်ငံတော်ထောက်လှမ်းရေးအဖွဲ့ NIS ထံကနေ အမေရိကန်ဒေါ်လာ အမြောက်အများ ရခဲ့ပါတယ်။ Intercept ဟာ အမည်မဖော်လိုတဲ့ ရင်းမြစ်တွေ၊ စာရွက်စာတမ်းတွေကို ကိုးကားကာ ဒီသတင်းကို ဖော်ပြခဲ့တာပါ။

    မာလစ် ထောက်လှမ်း ပေးပို့ခဲ့တဲ့ သတင်းအချက်အလက်တွေထဲမှာ ကာတာနဲ့ ပင်လယ်ကွေ့နိုင်ငံတွေရဲ့ ပြဿနာအပေါ် အမေရိကန်က ကြားဝင်စေ့စပ်ပေးမှု၊ အမေရိကန်တာဝန်ရှိသူတွေနဲ့ ဆော်ဒီအိမ်ရှေ့မင်းသား ဘင် ဆလ်မန်တို့ရဲ့ တွေ့ဆုံမှု၊ အမေရိကန်အစိုးရရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ မူဝါဒတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

    NIS ရဲ့ ညွန်ကြားရေးမှူးဖြစ်တဲ့ အလီ အလ်-ရှမ်စီက မာလစ်ကို ချုပ်ကိုင်ထားကြောင်း၊ ရှမ်စီဟာ သူလျှိုတစ်ဦးထက်ပိုပြီး ယူအေအီး အိမ်ရှေ့မင်းသားနဲ့ သူ့အစ်ကို နိုင်ငံတော်လုံခြုံရေးအကြံပေးတို့ကို တိုက်ရိုက် အစီရင်ခံရကြောင်း၊ ထရမ့်ကို စီးပွားရေးနဲ့ လွှမ်းမိုးနိုင်မယ်လို့ ရှမ်စီနဲ့ ယူအေအီးအစိုးရတို့က ထင်ထားကြောင်း သတင်းရင်းမြစ်တွေက Intercept သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    မာလစ်ရဲ့ ရှေ့နေက ဒီသတင်းကို ငြင်းဆိုခဲ့ပြီး၊ အိမ်ဖြူတော်၊ စီအိုင်အေ၊ အမေရိကန်အစိုးရ တရားရေးဌာနတွေကလည်း ဒီသတင်းအတွက် မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ အမေရိကန်မှာရှိတဲ့ ယူအေအီး သံရုံးကလည်း ဒီသတင်းကို မှတ်ချက်မပေးခဲ့ဘူးလို့ Intercept က ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

    Ref: Aljazeera

  • ယူရေနီယံ သန့်စင်မှုကို အီရန်က တိုးလုပ်နေဟု IAEA ပြော

    ယူရေနီယံ သန့်စင်မှုကို အီရန်က တိုးလုပ်နေဟု IAEA ပြော

    ဇွန် ၁၁၊ ၂၀၁၉
    M-Media

    -အီရန်ဟာ ယူရေနီယံ သန့်စင်မှုကို တိုးမြှင့် လုပ်ဆောင်နေတယ်လို့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA အကြီးအကဲက မနေ့မှာ ပြောကြားလိုက်ပြီး အီရန်နဲ့ အမေရိကန်တို့အကြား တင်းမာမှုတွေအတွက်လည်း သတိပေးခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ်က ရရှိခဲ့တဲ့ နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း ပြီးခဲ့တဲ့နှစ် မေလမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေငြာခဲ့ပြီးတဲ့နောက် အီရန်နဲ့ အမေရိကန်တို့အကြား တင်းမာမှုတွေ မြင့်တက်လာခဲ့တာပါ။ အမေရိကန်ဟာ အီရန်အပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ပြန်လည်ပြုလုပ်ခဲ့သလို မေလမှာတော့ ပယ်လယ်ကွေ့ဒေသအတွင်း စစ်အင်အားကိုပါ အမေရိကန်က တိုးချဲ့ခဲ့ပါတယ်။

    အီရန်ကလည်း အမေရိကန်ဟာ စာချုပ်ပါ စည်းမျဉ်းတွေကို မလိုက်နာတဲ့အတွက် ယူရေနီယံ သန့်စင်မှုကို တိုးမြှင့်သွားမယ်လို့ ပြောကြားခဲ့ပြီး စာချုပ်မှာပါဝင်တဲ့ ဥရောပနိုင်ငံတွေအနေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    စာချုပ်ပါ သတ်မှတ်ချက်တွေကို အီရန်က လိုက်နာခြင်း ရှိ၊ မရှိ စောင့်ကြည့်နေတဲ့ IAEA အကြီးအကဲ ယူကီယာ အေမာနိုက အီရန်ဟာ လက်ရှိမှာ အရင်ကထက်ပိုပြီး ယူရေနီယံသန့်စင်မှုကို လုပ်ဆောင်နေကြောင်း၊ ဒါပေမယ့် စာချုပ်မှာ ကန့်သတ်ထားတဲ့ ၃၀၀ ကီလိုဂရမ်ထက် ကျော်ပြီလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ မလေ ၂၀ ရက်နေ့အထိ အေမာနိုရဲ့ ထုတ်ပြန်ချက်တွေထဲမှာ အီရန်ဟာ စာချုပ်ကို လိုက်နာနေတုန်းပဲလို့ ဖော်ပြထားပါတယ်။

    အမေရိကန်နဲ့ အီရန်အကြား လတ်တလောဖြစ်ပွားနေတဲ့ တင်းမာမှုတွေအတွက် စိုးရိမ်တယ်လို့လည်း အေမာနိုက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အီရန်ရဲ့ ပြီးခဲ့တဲ့လ ထုတ်ပြန်မှုမှာ အမေရိကန်ရဲ့ ရပ်တည်ချက်ကြောင့် ယူရေနီယံသန့်စင်မှု အါအ၀င်စာချုပ်ပါ အချက်တစ်ချို့ကို မလိုက်နာတော့ပေမယ့် အခြားအချက် တော်တော်များများကို ဆက်လက်လိုက်နာသွားမယ်လို့ ဖော်ပြထားပါတယ်။

    Ref : Aljazeera

  • ကမ္ဘ္ဘာ့ဈေးအကြီးဆုံး ပန်းချီကားကို ဆော်ဒီအိမ်ရှေ့မင်းသား၏ ဇိမ်ခံလှေပေါ်တွင် ချိတ်ဆွဲထားဟု သတင်းထွက်

    ကမ္ဘ္ဘာ့ဈေးအကြီးဆုံး ပန်းချီကားကို ဆော်ဒီအိမ်ရှေ့မင်းသား၏ ဇိမ်ခံလှေပေါ်တွင် ချိတ်ဆွဲထားဟု သတင်းထွက်

    ဇွန် ၁၁၊ ၂၀၁၉
    M-Media


    Salvator Mundi ပန်းချီကား

    -ကမ္ဘ္ဘာကျော် အီတလီအနုပညာရှင် လီယိုနာဒို ဒါဗင်ချီရဲ့ လက်ရာဖြစ်တဲ့ ကမ္ဘ္ဘာ့ ဈေးအကြီးဆုံး ပန်ချီးကားဟာ ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ရဲ့ ဇိမ်ခံရွက်လှေပေါ်မှာ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။

    Salvator Mundi လို့ အမည်ပေးထားတဲ့ အဲဒီပန်းချီကားဟာ ယေရှုခရစ်တော်ရဲ့ပုံကို ရေးဆွဲထားတာဖြစ်ပြီး နှစ်ပေါင်း ၅၀၀ သက်တမ်းရှိပြီ ဖြစ်ပါတယ်။

    ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက လေလံပွဲတစ်ခုမှာ ဒီပန်းချီကားကို ဘင် ဆလ်မန်နဲ့ နီးစပ်တဲ့ ဆော်ဒီတော်ဝင်မင်းသား ဘဒရ် ဘင် အဘ်ဒူလာ ဘင် မိုဟာမက် ဘင် ဖာရ်ဟန် အလ်-ဆာအွဒ်က အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၅၀ နဲ့ ၀ယ်ယူသွားတာ ဖြစ်ပါတယ်။ ဒီပမာဏဟာ သမိုင်းဝင် ပန်းချီကား ရောင်းချမှုတွေထဲမှာ အများဆုံး ငွေပမာဏလည်း ဖြစ်ပါတယ်။

    အဲဒီနောက်ပိုင်းမှာ ပန်းချီကားရဲ့ သတင်းအစအနလည်း ပျောက်သွားခဲ့ပါတယ်။

    အနုပညာ ၀ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Artnet က Salvator Mundi ပန်းချီကားကို ဘင် ဆလ်မန်ရဲ့ ကန်ဒေါ်လာ သန်း ၅၀၀ တန် Serene ဇိမ်ခံသင်္ဘောမှာ ချိတ်ဆွဲထားတယ်လို့ မနေ့မှာ ဖော်ပြခဲ့ပါတယ်။ လေလံအောင်ခဲ့ပြီးတဲ့နောက် ပန်းချီကားကို ညသန်းခေါင်ယံမှာ ဘင် ဆလ်မန်ရဲ့ လေယာဉ်ပေါ် တင်ဆောင်ကာ Serene သင်္ဘောပေါ် ပို့ဆောင်ခဲ့တာလို့ ဒီကိစ္စမှာ ပါဝင်ဆောင်ရွက်ပေးခဲ့သူ ၂ ဦးက Artnet ရဲ့ သတင်းထောက်ကို ပြောကြားခဲ့ပါတယ်။

    Salvator Mundi ပန်းချီကားကို ဒါဗင်ချီကိုယ်တိုင် ဆွဲခဲ့တာမဟုတ်ဘဲ သူ့ရဲ့ လက်ထောက်တစ်ယောက်က ရေးဆွဲခဲ့တာ ဖြစ်တယ်ဆိုတဲ့ သမိုင်းဆိုင်ရာ ငြင်းခုံမှုတွေလည်း ရှိခဲ့ပါတယ်။ ပန်းချီကားကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ဒူဘိုင်း Louvre ပြတိုက်မှာ ပြဖို့ စီစဉ်ခဲ့ပေမယ့် မပြဖြစ်ခဲ့ပါဘူး။

    Ref: Daily Mail

  • မြောက်ကိုရီးယားခေါင်းဆောင်၏အစ်ကိုမှာ CIA သတင်းပေးဟု Wall Street ဂျာနယ် ဖော်ပြ

    မြောက်ကိုရီးယားခေါင်းဆောင်၏အစ်ကိုမှာ CIA သတင်းပေးဟု Wall Street ဂျာနယ် ဖော်ပြ

    ဇွန် ၁၁၊ ၂၀၁၉
    M-Media

    ၂၀၁၇ ခုနှစ်က လုပ်ကြံခံခဲ့ရသည့် ကင်ဂျုံနမ်

    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ရဲ့ ဖအေတူ အမေကွဲ အစ်ကိုဖြစ်ပြီး ၂၀၁၇ ခုနှစ်က မလေးရှားမှာ လုပ်ကြံခံခဲ့ရတဲ့ ကင်ဂျုံနမ်ဟာ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီ CIA ရဲ့ သတင်းပေးအဖြစ် လုပ်ဆောင်ပေးခဲ့ဖူးတယ်လို့ Wall Street ဂျာနယ်က မနေ့မှာ ဖော်ပြခဲ့ပါတယ်။

    ဒီကိစ္စကို သိရှိနေတဲ့ အမည်မဖော်လိုသူတစ်ဦးရဲ့ ပြောကြားမှုကို ကိုးကားကာ ဒီလို ဖော်ပြခဲ့တာဖြစ်ပြီး ကင်ဂျုံနမ်နဲ့ CIA တို့အကြား ဆက်သွယ်မှုက မရှင်းလင်းဘူးလို့လည်း ဆိုပါတယ်။

    ဒီသတင်းအတွက် CIA ကို ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖြေကြားဖို့ ငြင်းဆိုခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

    ကင်ဂျုံနမ်ဟာ နိုင်ငံခြားမှာ အနေများပြီး မြောက်ကိုရီးယားရဲ့ အာဏာရှိအသိုင်းအဝိုင်းနဲ့ ဝေးကွာနေတဲ့တွက် တိုင်းပြည်က လျှို့ဝှက် သတင်းအချက်အလက်တွေကို CIA ထံ ပေးပို့နိုင်ဖွယ်မရှိဘူးလို့ အမေရိကန်က အစိုးရ အရာရှိဟောင်းတွေရဲ့ ပြောကြားမှုကို ကိုးကားပြီး Wall Street ဂျာနယ်က ဖော်ပြထားပါတယ်။

    ကင်ဂျုံနမ်ဟာ အမေရိကန်အပြင် အခြားနိုင်ငံတွေ အထူးသဖြင့် တရုတ်နိုင်ငံက ထောက်လှမ်းရေးအဖွဲ့တွေနဲ့ ဆက်သွယ်မှု မုချ ရှိနိုင်တယ်လို့လည်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။

    ကင်ဂျုံနမ်ဟာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်မှာ VX ဓာတုအဆိပ်နဲ့ လုပ်ကြံခံခဲ့ရပါတယ်။ ဒီကိစ္စအတွက် အင်ဒိုနီးရှားနဲ့ ဗီယက်နမ်အမျိုးသမီး ၂ ဦးကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ပေမယ့် အထောက်အထား မခိုင်လုံဘူးလို့ဆိုကာ အခုနှစ်အစောပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

    တောင်ကိုရီးယား အာဏာပိုင်တွေက ဒီလုပ်ကြံမှုကို မြောက်ကိုရီးယားအစိုးရက အမိန့်ပေးခိုင်းစေတာလို့ စွပ်စွဲပြောကြားခဲ့ပြီး မြောက်ကိုရီးယားဖက်က ဒီပြောကြားမှုကို ငြင်းဆိုထားပါတယ်။

    Washington Post သတင်းစာရဲ့ သတင်းထောက် အန်နာ ဖီဖီလ်ရေးသားပြီး ဇွန်လ ၁၁ ရက်နေ့မှာ ထွက်ဖို့ရှိတဲ့ ကင်ဂျုံအွန်အကြောင်း စာအုပ် The Great Successor မှာ ကင်ဂျုံနမ်ဟာ စင်ကာပူနဲ့ မလေးရှားနိုင်ငံမှာ သူ့အကြံပေးတွေနဲ့ ပုံမှန်တွေ့ဆုံလေ့ရှိတယ်လို့ ထောက်လှမ်းရေး ရင်းမြစ်တစ်ခုကို ကိုးကားပြီး ဖော်ပြထားပါတယ်။

    မလေးရှားကို နောက်ဆုံးတစ်ခေါက်သွားရောက်မှုအတွင်း ဟိုတယ်ဓာတ်လှေကားမှာ အာရှသားပုံစံ လူတစ်ယောက်နဲ့အတူ ကင်ဂျုံနမ်ကို တွေ့ရပြီး အဲဒီလူဟာ အမေရိကန်ထောက်လှမ်းရေးအေးဂျင့် ဖြစ်နိုင်ကြောင်း၊ ကင်ဂျုံနမ်ရဲ့ ကျောပိုးအိတ်ထဲမှာ ကန်ဒေါ်လာ ၁ သိန်း ၂ သောင်း ပါဝင်ပြီး ဒါဟာ ထောက်လှမ်းရေးလုပ်ငန်းတွေအတွက် ရရှိတဲ့ငွေ ဒါမှမဟုတ် သူ့ရဲ့ ကာစီနို လုပ်ငန်းက ရရှိတဲ့ငွေ ဖြစ်နိုင်ကြောင်း စာအုပ်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

    Ref: Reuters