News @ M-Media

Blog

  • အမေရိကန်မှာ အန္တရာယ်ရှိသော ကစားပွဲကို ကစားနေသည်ဟု အီရန် သတိပေး

    အမေရိကန်မှာ အန္တရာယ်ရှိသော ကစားပွဲကို ကစားနေသည်ဟု အီရန် သတိပေး

    မေ ၂၂၊ ၂၀၁၉
    M-Media

    အမေရိကန်ဗုံးကြဲလေယာဉ် ဆီဖြည့်စဉ်

    – ပင်လယ်ကွေ့ဒေသမှာ စစ်အင်အား ဖြည့်တင်းတဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ အန္တရာယ်ရှိတဲ့ ကစားပွဲတစ်ခုကို ကစားနေတာ ဖြစ်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်က သတိပေးလိုက်ပါတယ်။

    အမေရိကန်ဟာ အခုလအစောပိုင်းမှာ လေယာဉ်တင်သင်္ဘောအုပ်စု၊ ဗုံးကြဲလေယာဉ်နဲ့ ပက်ထရီယော့ ဒုံးခွင်းစနစ်တွေကို ပင်လယ်ကွေ့ဒေသမှာ ထပ်မံချထားခဲ့ပြီး အီရန်ရဲ့ ခြိမ်းခြောက်မှုကို တုန့်ပြန်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

    ဇာရစ်ဖ်က ဒီလို ဒေသသေးသေးလေးမှာ စစ်လက်နက်ပစ္စည်းတွေ စုပြုံထားခြင်းဟာ မလိုလားအပ်တဲ့ အခြေအနေမျိုးအထိ ဖြစ်သွားနိုင်တယ်လို့ မနေ့က CNN သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    “သိပ်ကို သတိထားဖို့ လိုပါတယ်။ အမေရိကန်ဟာ အရမ်းအန္တရာယ်ရှိတဲ့ ကစားပွဲကို ကစားနေတာပါ”

    ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း သမ္မတထရမ့်က ပြီးခဲ့တဲ့နှစ် မေလမှာ ကြေငြာခဲ့ပြီးတဲ့နောက် အမေရိကန်နဲ့ အီရန်တို့အကြား တင်းမာမှုတွေ တစ်ဖြည်းဖြည်း မြင့်တက်လာခဲ့တာပါ။ အမေရိကန်ဟာ အီရန်အပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ ပြန်လည်လုပ်ဆောင်ခဲ့သလို၊ အခုလမှာတော့ ပင်လယ်ကွေ့ဒေသမှာ တပ်အင်အား တိုးချဲ့တဲ့အထိ ဖြစ်လာခဲ့ပါတယ်။

    ဇာရစ်ဖ်က အီရန်ဟာ ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်နဲ့ပတ်သက်လို့ မျှော်လင့်ချက်ကောင်း ထားရှိပြီး ထရမ့်အစိုးရက အီရန်အပေါ် စီးပွားရေးစစ်ပွဲ ဆင်နွှဲနေကြောင်း၊ မိမိတို့တိုင်းပြည်ကို အကျပ်ကိုင် ခြိမ်းခြောက်လို့ မရကြောင်း အင်တာဗျူးမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    အီရန်သမ္မတ ရူဟာနီကလည်း အမေရိကန်ဟာ အီရန်ကို ခြိမ်းခြောက်တဲ့အချိန်တိုင်း နိုင်ငံတကာနဲ့ ပြည်တွင်းက ဖိအားကြောင့် ၂ နာရီမပြည့်ခင်မှာပဲ နောင်တရသွားတတ်ကြောင်း မနေ့မှာ ပြောကြားခဲ့ပါတယ်။

    အီရန်ဝန်ကြီးချုပ် အဒဲလ် အဘ်ဒူလ် မဟ်ဒီက အီရန်နဲ့ အမေရိကန်တို့အကြား တင်းမာမှုတွေကို ဖြေရှင်းပေးဖို့အတွက် ကိုယ်စားလှယ်အဖွဲ့နှစ်ခု စေလွှတ်မယ်လို့ မနေ့က ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • နီပေါရှိ တောင်တက်လမ်းပြတစ်ဦး ဧ၀ရက်တောင်ကို စံချိန်တင် တက်ရောက်နိုင်

    နီပေါရှိ တောင်တက်လမ်းပြတစ်ဦး ဧ၀ရက်တောင်ကို စံချိန်တင် တက်ရောက်နိုင်

    မေ ၂၁၊ ၂၀၁၉
    M-Media

    -နီပေါနိုင်ငံက ရှာရ်ပါလူမျိုး တောက်တက်လမ်းပြတစ်ယောက်ဟာ ဧ၀ရက်တောင်ကို ၂၄ ကြိမ်မြောက် တက်ရောက်နိုင်ခဲ့ပြီး ကမ္ဘ္ဘာ့အမြင့်ဆုံးတောင်ကို အကြိမ်ရေအများဆုံး တက်နိုင်တဲ့ တောင်တက်သမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

    ကာမီရီတာဆိုတဲ့ အသက် ၄၉ နှစ်အရွယ် အဲဒီတောင်တက်သမားဟာ Southeast Ridge လမ်းကြောင်းကနေ ဒီကနေ့မှာ တောင်ထိပ်ကို အောင်မြင်စွာတက်နိုင်ခဲ့ပြီး ဒါဟာ တစ်ပတ်အတွင်း ၂ ကြိမ်မြောက် တက်ရောက်နိုင်တာလည်း ဖြစ်ပါတယ်။

    ဒါဟာ သူကိုယ်တိုင် တင်ထားခဲ့တဲ့ ဧ၀ရက်တောင်ကို အကြိမ်အရေအများဆုံး (၂၃ ကြိမ်) တက်နိုင်တဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

    ကာမီရီတာက သူ့အနေနဲ့ နောက်ထပ်တစ်ကြိမ် ထပ်တက်ချင်သေးတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော် သန်သန်မာမာ ရှိနေဆဲဖြစ်ပြီး ဧ၀ရက်တောင်ကို ၂၅ ကြိမ်မြောက် တက်ချင်ပါသေးတယ်” လို့ ပြီးခဲ့တဲ့တစ်ပတ် ၂၃ ကြိမ်မြောက် မတက်ခင် Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ရှာရ်ပါ လူမျိုးတစ်ယောက်ဖြစ်တဲ့ ရီတာဟာ တောင်တက်လမ်းပြတစ်ယောက်အဖြစ် ၁၉၉၄ ခုနှစ်ကနေစတင်ကာ ဧ၀ရက်တောင်ကို တက်ရောက်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ နှစ်တိုင်းနီးပါး တက်ရောက်ဖြစ်ခဲ့ပါတယ်။

    ဧ၀ရက်တောင်ခြေဒေသတွေမှာ အခြေချနေထိုင်တဲ့ ရှာရ်ပါလူမျိုး တော်တော်များများဟာ တောင်တက်လမ်းပြအဖြစ် အသက်မွေးဝမ်းကြောင်းပြုကြပြီး သူတို့ရဲ့ ကျွမ်းကျင်မှုဟာ တောင်တက်သူတွေကြားမှာ ကျော်ကြားပါတယ်။

    ရီတာရဲ့ ဖခင်ကလည်း တောင်တက်လမ်းပြ တစ်ဦးဖြစ်ပါတယ်။ ရီတာဟာ ဧ၀ရက်တောင်အပြင် K-2၊ Cho-Oyu, Manaslu နဲ့ Lhotse တို့လို ကမ္ဘ္ဘာအမြင့်ဆုံးတောင်တွေကိုလည်း တက်ရောက်ဖူးပါတယ်။

    ၂၀၁၅ ခုနှစ်က ဧ၀ရက်တောင်မှာ လူ ၁၉ ဦးသေဆုံးခဲ့တဲ့ ရေခဲပြိုဆင်းမှုဖြစ်ပွားပြီးတဲ့နောက်ပိုင်း မိသားစုက တောင်တက်လမ်းပြအဖြစ် ဆက်မလုပ်ဖို့ ဖိအားပေးခဲ့ပေမယ့် ရီတာကတော့ သူ့ရဲ့အလုပ်ကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

    ဧ၀ရက်တောင်ကို ၁၉၅၃ ခုနှစ်က နယူးဇီလန်တောင်တက်သမား ဆာ အက်ဒမွန် ဟီလာရီနဲ့ ရှာရ်ပါလူမျိုး လမ်းပြ တန်ဇင်နော်ဂေးတို့က ပထမဆုံး အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပြီး အခုအချိန်အထိ လူပေါင်း ၅ ထောင်နီးပါး တက်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။

    အရင်က အကြိမ်ရေအများဆုံး တက်ခဲ့ဖူးတဲ့ ရှာရ်ပါတောင်တက်သမား ၂ ဦးရှိပြီး ၂၁ ကြိမ်အထိ တက်ရောက်နိုင်ခဲ့ကာ နောက်ပိုင်းမှာ လမ်းပြအဖြစ်က အနားယူသွားခဲ့ပါတယ်။

    Ref: Aljazeera

  • Huawei အပေါ် နည်းပညာဆိုင်ရာ ပိတ်ပင်မှုကို အမေရိကန်က ရက် ၉၀ နောက်ရွှေ့

    Huawei အပေါ် နည်းပညာဆိုင်ရာ ပိတ်ပင်မှုကို အမေရိကန်က ရက် ၉၀ နောက်ရွှေ့

    မေ ၂၁၊ ၂၀၁၉
    M-Media

    -တရုတ်ဆက်သွယ်ရေးကုမ္ပဏီ Huawei အပေါ် အမေရိကန်နည်းပညာတွေ ရောင်းချမှု ပိတ်ပင်တားမြစ်ချက်ကို အမေရိကန်အစိုးရက ရက်ပေါင်း ၉၀ နောက်ဆုတ်ပေးလိုက်ပါတယ်။

    Huawei အပါအ၀င် ကမ္ဘ္ဘာတစ်ဝှမ်းက လုပ်ငန်းပေါင်း ၆၈ ခုကို အမေရိကန်က ကြာသာပတေးနေ့မှာ အမည်ပျက်စာရင်း သွင်းခဲ့ပြီး အမေရိကန်နိုင်ငံမှာ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေ၊ နည်းပညာတွေကို ၀ယ်ယူခွင့်မရအောင် ပိတ်ပင်လိုက်ပါတယ်။ အဲဒီနောက်ပိုင်းမှာ Google အပါအ၀င် အမေရိကန် နည်းပညာကုမ္ပဏီကြီးတွေက Huawei ကို နည်းပညာတွေ ရောင်းချမှာ
    မဟုတ်တော့ဘူးလို့ ကြေငြာခဲ့ပါတယ်။

    ဒါပေမယ့် ဒီလို ပိတ်ပင်မှု အတည်ဖြစ်မယ့်ရက်ကို ရက်ပေါင်း ၉၀ အထိ နောက်ဆုတ်မယ်လို့ အမေရိကန် ကုန်သွယ်ရေး ဌာနက ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပြီး လက်ရှိ အသုံးပြုနေတဲ့ ကွန်ယက်တွေကို ဆက်လက်ထိန်းသိမ်းဖို့နဲ့ ရှိပြီးသား ဟွာဟေးဖုန်းတွေမှာ ဆော့ဖ်ဝဲတွေကို update လုပ်ပေးနိုင်ဖို့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် ထုတ်ကုန်အသစ်တွေအတွက် အမေရိကန်ထုတ် ပစ္စည်းတွေကို ၀ယ်ယူမှုကိုတော့ ဆက်လက် ပိတ်ပင်ထားပါတယ်။ အမေရိကန်ကုန်သွယ်ရေးဌာန တာဝန်ရှိသူဟောင်းဖြစ်ပြီး ရှေ့နေ့လည်းဖြစ်တဲ့ ကီဗင် ဝုလ်ဖ်က ဒီလို နောက်ဆုတ်ပေးလိုက်တာဟာ Huawei ထုတ်ပစ္စည်းတွေနဲ့ စနစ်တွေကို အသုံးပြုနေသူတွေအပေါ် မရည်ရွယ်တဲ့ ရိုက်ခတ်မှုတွေ ဖြစ်လာမှာကို ရှောင်ရှားဖို့ ဖြစ်တယ်လို့ သုံးသပ်ခဲ့ပါတယ်။

    အမေရိကန်ရဲ့ ဒီကြေငြာချက်နဲ့ပတ်သက်ပြီး Huawei ဖက်က တုန့်ပြန်မှုတစ်စုံတစ်ရာ မပြုလုပ်သေးပါဘူး။

    ကုမ္ပဏီကို တည်ထောင်သူ ရင်ကျန့်ဖေက အမေရိကန်ဟာ သူတို့ကုမ္ပဏီရဲ့ အင်အားကို လျှော့တွက်နေကြောင်း၊ ဒီ လုပ်ဆောင်မှုတွေဟာ Huawei ရဲ့ 5G နည်းပညာကို ထိခိုက်မှာမဟုတ်ကြောင်း၊ နောက်ထပ် ၃ နှစ်အတွင်း ဘယ်သူမှ ဒီနည်းညာကို လိုက်မီမှာ မဟုတ်ကြောင်း ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။

    Ref: CNA

  • ခရိုက်ချက် သေနတ်သမားကို အကြမ်းဖက်မှုဖြင့် နယူးဇီလန်က ထပ်မံတရားစွဲ

    ခရိုက်ချက် သေနတ်သမားကို အကြမ်းဖက်မှုဖြင့် နယူးဇီလန်က ထပ်မံတရားစွဲ

    မေ ၂၁၊ ၂၀၁၉
    M-Media

    လူဖြူအစွန်းရောက် အကြမ်းဖက်သမား ဘရန်တန်တားရန့်

    -ခရိုက်ချက်မြို့မှာရှိတဲ့ ဗလီဝတ်ကျောင်းတော် ၂ လုံးကို သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်ခဲ့တဲ့ လူဖြူ အစွန်းရောက် သေနတ်သမားကို နယူးဇီလန်ရဲတပ်ဖွဲ့က အကြမ်းဖက်မှုနဲ့ ဒီကနေ့မှာ ထပ်မံ တရားစွဲဆိုလိုက်ပါတယ်။

    အသက် ၂၈ နှစ်အရွယ် ရှိပြီဖြစ်တဲ့ သြစတေးလျနိုင်ငံသား ဘရန်တန် တားရန်ဟာ မတ်လ ၁၅ ရက်နေ့က အလ်-နူရ် ဗလီဝတ်ကျောင်းတော်နဲ့ လင်ဝုဒ် ဗလီဝတ်ကျောင်းတော်တို့ကို ၀င်ရောက်ကာ ၀တ်ပြုနေသူတွေကို ပစ်ခတ်ခဲ့ပြီး အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအ၀င် ၅၁ ဦး သေဆုံးကာ၊ အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

    ရဲတပ်ဖွဲ့က တားရန့်ကို လူသတ်မှုစွဲချက် ၅၁ ခု၊ လူသတ်ရန်ကြိုးပမ်းမှု စွဲချက် ၄၀ နဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ၂၀၀၂ ခုနှစ်က ပြဌာန်းခဲ့တဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ ထပ်မံ တရားစွဲဆိုခဲ့ပါတယ်။ ရဲတပ်ဖွဲ့က တရားသူကြီးတွေ၊ ရှေ့နေတွေနဲ့ တိုင်ပင်ကာ အခုလို အကြမ်းဖက်မှုနဲ့ တရားစွဲတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    လက်ရှိမှာ တားရန့်ကို အောက်ကလန်မြို့က နိုင်ငံရဲ့ လုံခြုံရေးအမြင့်ဆုံးထောင်မှာ ထိန်းသိမ်းထားပြီး ဧပြီလအတွင်းက ရုပ်သံကနေတစ်ဆင့် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။ တားရန့်ကို စိတ်ရောဂါဆိုင်ရာ စစ်ဆေးမှု လုပ်နေပြီး ဇွန်လ ၁၄ ရက်နေ့မှာ ထပ်မံ ရုံးထုတ်မှာဖြစ်ပါတယ်။

    အခုလို အကြမ်းဖက်မှုနဲ့ ထပ်မံတရားစွဲဆိုခဲ့တာကို သေဆုံးသွားသူတွေ၊ ထိခိုက်ဒဏ်ရာရသူတွေရဲ့ မိသားစုဝင် ၂၀၀ လောက်ကို အကြောင်းကြားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါ အာရ်ဒန်က ဒီတိုက်ခိုက်မှုဟာ ကြိုတင်စီစဉ်လုပ်ဆောင်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပြီး တိုင်းပြည်ရဲ့ အမှောက်မိုက်ဆုံး နေ့တွေထဲက တစ်နေ့ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

    Ref: Aljazeera

  • အင်ဒိုနီးရှားရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒို အနိုင်ရ

    အင်ဒိုနီးရှားရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒို အနိုင်ရ

    မေ ၂၁၊ ၂၀၁၉
    M-Media

    -ကမ္ဘ္ဘာ တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားရဲ့ ဧပြီလ ၁၇ ရက်နေ့ ရွေးကောက်ပွဲမှာ သ မ္မတ ဂျိုကို ဝီဒိုဒိုက အနိုင်ရရှိသွားတယ်လို့ အာဏာပိုင်တွေက ဒီကနေ့မှာ ကြေငြာလိုက်ပြီး အတိုက်အခံဘက်ကတော့ မဲလိမ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

    ဂျိုကိုဝီနဲ့ ဒုတိယသမ္မတလောင်း မာရုဖ်အေမင်တို့ဟာ ထောက်ခံမဲ ၅၅.၅ ရာခိုင်နှုန်းအထိ ရရှိခဲ့တာဖြစ်ပြီး ဂျိုကိုဝီအနေနဲ့ ဒုတိယမြောက် သမ္မတသက်တမ်းကို ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

    လူဦးရေ သန်းပေါင်း ၂၆၀ ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ မဲပေးသူ အရေအတွက်က ၁၅၄ သန်းရှိပြီး စုစုပေါင်း ၈၅.၆ သန်းက ဂျိုကိုဝီကို မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။ မဲရေတွက်မှုနဲ့ပတ်သက်လို့ အငြင်းပွားမှုတွေ၊ ဆန္ဒပြမှုတွေ ရှိခဲ့ပြီး ရလဒ်ကို ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့မှာ ရုတ်တရက် ကြေငြာခဲ့တာပါ။

    ရွေးကောက်ပွဲမှာ အသက် ၅၇ နှစ်အရွယ် ဝီဒိုဒိုသာ အနိုင်ရမယ်လို့ ခန့်မှန်းမှုတွေ ရှိခဲ့ပါတယ်။ အသက် ၆၇ နှစ်အရွယ်ရှိပြီး စစ်ဗိုလ်ချုပ်ဟောင်းလည်းဖြစ်တဲ့ အတိုက်အခံ သမ္မတလောင်း ပရာဘိုဝို ဆူဘီယန်တိုက မဲလိမ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိတယ်လို့ ပြောကြားခဲ့ပြီး လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ ရှိလာလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

    ဆူဘီယန်တိုဟာ ၂၀၁၄ ခုနှစ်ကလည်း ဝီဒိုဒိုကို ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး တရားရုံးအထိ တက်ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အခုတစ်ကြိမ်မှာ ရွေးကောက်ပွဲ ရလဒ်ကို တရားဝင် ကန့်ကွက်မလားဆိုတာ မသိရသေးပါဘူး။

    ရွေးကောက်ပွဲရလဒ် ထွက်ပေါ်အပြီး ဖြစ်လာမယ့် နိုင်ငံရေးဆန္ဒထုတ်ဖော်မှုတွေမှာ ဗုံးဖောက်ခွဲဖို့ စီစဉ်ထားသူတွေ အပါအ၀င် IS သံသယရှိသူ တော်တော်များများကို ဖမ်းဆီးခဲ့တယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့က သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိ မြို့တော် ဂျကာတာမှာ လုံခြုံရေး တပ်ဖွဲ့ဝင်ပေါင်း ၂၃၀၀၀ လောက် ချထားပြီး ရွေးကောက်ပွဲ ကော်မရှင်ရုံး ပတ်လည်ကိုလည်း
    အဆီးအတားတွေ ချထားပါတယ်။

    Ref: CNA