ဇွန် ၁၁၊ ၂၀၁၉
M-Media

-အီရန်ဟာ ယူရေနီယံ သန့်စင်မှုကို တိုးမြှင့် လုပ်ဆောင်နေတယ်လို့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA အကြီးအကဲက မနေ့မှာ ပြောကြားလိုက်ပြီး အီရန်နဲ့ အမေရိကန်တို့အကြား တင်းမာမှုတွေအတွက်လည်း သတိပေးခဲ့ပါတယ်။
၂၀၁၅ ခုနှစ်က ရရှိခဲ့တဲ့ နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း ပြီးခဲ့တဲ့နှစ် မေလမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေငြာခဲ့ပြီးတဲ့နောက် အီရန်နဲ့ အမေရိကန်တို့အကြား တင်းမာမှုတွေ မြင့်တက်လာခဲ့တာပါ။ အမေရိကန်ဟာ အီရန်အပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ပြန်လည်ပြုလုပ်ခဲ့သလို မေလမှာတော့ ပယ်လယ်ကွေ့ဒေသအတွင်း စစ်အင်အားကိုပါ အမေရိကန်က တိုးချဲ့ခဲ့ပါတယ်။
အီရန်ကလည်း အမေရိကန်ဟာ စာချုပ်ပါ စည်းမျဉ်းတွေကို မလိုက်နာတဲ့အတွက် ယူရေနီယံ သန့်စင်မှုကို တိုးမြှင့်သွားမယ်လို့ ပြောကြားခဲ့ပြီး စာချုပ်မှာပါဝင်တဲ့ ဥရောပနိုင်ငံတွေအနေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
စာချုပ်ပါ သတ်မှတ်ချက်တွေကို အီရန်က လိုက်နာခြင်း ရှိ၊ မရှိ စောင့်ကြည့်နေတဲ့ IAEA အကြီးအကဲ ယူကီယာ အေမာနိုက အီရန်ဟာ လက်ရှိမှာ အရင်ကထက်ပိုပြီး ယူရေနီယံသန့်စင်မှုကို လုပ်ဆောင်နေကြောင်း၊ ဒါပေမယ့် စာချုပ်မှာ ကန့်သတ်ထားတဲ့ ၃၀၀ ကီလိုဂရမ်ထက် ကျော်ပြီလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ မလေ ၂၀ ရက်နေ့အထိ အေမာနိုရဲ့ ထုတ်ပြန်ချက်တွေထဲမှာ အီရန်ဟာ စာချုပ်ကို လိုက်နာနေတုန်းပဲလို့ ဖော်ပြထားပါတယ်။
အမေရိကန်နဲ့ အီရန်အကြား လတ်တလောဖြစ်ပွားနေတဲ့ တင်းမာမှုတွေအတွက် စိုးရိမ်တယ်လို့လည်း အေမာနိုက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အီရန်ရဲ့ ပြီးခဲ့တဲ့လ ထုတ်ပြန်မှုမှာ အမေရိကန်ရဲ့ ရပ်တည်ချက်ကြောင့် ယူရေနီယံသန့်စင်မှု အါအ၀င်စာချုပ်ပါ အချက်တစ်ချို့ကို မလိုက်နာတော့ပေမယ့် အခြားအချက် တော်တော်များများကို ဆက်လက်လိုက်နာသွားမယ်လို့ ဖော်ပြထားပါတယ်။
Ref : Aljazeera