News @ M-Media

Blog

  • နိုင်ငံ၏ အကြီးဆုံး နေစွမ်းအင်သုံး ရေပေါ်ဓာတ်အားပေးစီမံကိန်းသစ်ကို စင်ကာပူ ထုတ်ဖော်ကြေငြာ

    နိုင်ငံ၏ အကြီးဆုံး နေစွမ်းအင်သုံး ရေပေါ်ဓာတ်အားပေးစီမံကိန်းသစ်ကို စင်ကာပူ ထုတ်ဖော်ကြေငြာ

    ဇွန် ၆၊ ၂၀၁၉
    M-Media

    -နိုင်ငံရဲ့ အကြီးဆုံး နေစွမ်းအင်သုံး ရေပေါ်ဓာတ်အားပေးစနစ်တစ်ခုကို ဖော်ဆောင်သွားမယ်လို့ စင်ကာပူက မနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

    ဓာတ်အား ၅၀ မီဂါဝပ် ထုတ်လုပ်ပေးနိုင်မယ့် အဲဒီစနစ်ကို Tengeh Reservoir ရေစုကန်မှာ ၂၀၂၁ ခုနှစ်နောက်ဆုံးထား တပ်ဆင်မှာဖြစ်ပါတယ်။ စင်ကာပူ သဘာပတ်ဝန်းကျင်နှင့် ရေအရင်းအမြစ် ၀န်ကြီးဌာန PUB ဒီစီမံကိန်းကြောင့် တစ်နှစ်ကို ကာဘွန်ဒိုင်အောက်ဆိုက် တန်ပေါင်း ၂၈၀၀၀ ထုတ်လွှတ်မှုကို လျှော့ချနိုင်မှာဖြစ်ပြီး ဒီပမာဏဟာ စင်ကာပူက ကားပေါင်း ၆၀၀၀ လောက်ကနေထွက်ရှိတဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏနဲ့ ညီမျှတယ်လို့ ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    ဒီစီမံကိန်းဟာ စင်ကာပူရဲ့ အကြီးဆုံး နေစွမ်းအင်သုံး ရေပေါ် ဓာတ်အားပေးစနစ်တစ်ခု ဖြစ်လာမှာဖြစ်ပြီး ကမ္ဘ္ဘာ့အကြီးဆုံး နေစွမ်းအင်သုံး ရေပေါ် ဓာတ်အားပေး စနစ်တွေမှာလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ PUB ဟာ ဒီဓာတ်အားပေးစနစ်ကို ၂၀၁၆ ခုနှစ်က စတင်စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

    PUB ၀န်ကြီး မာဆာဂွတ်စ် ဇူလ်ကီဖီက စီမံကိန်းကို တည်ဆောက်၊ အကောင်အထည်ဖော်ဖို့အတွက် ပုဂ္ဂလိကကုမ္ပဏီတင်ဒါကို မကြာခင် ခေါ်ယူသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီ နေစွမ်းအင်သုံး ရေပေါ်ဓာတ်အားပေးစနစ်ကနေ ထွက်ရှိလာတဲ့ ဓာတ်အားတွေကို PUB ရဲ့ ရေပေးဝေရေးလုပ်ငန်းတွေမှာ သုံးစွဲမှာဖြစ်ပြီး လက်ရှိ အသုံးပြုနေတဲ့ စွမ်းအင်ရဲ့ ၇ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။

    စင်ကာပူဟာ နိုင်ငံရဲ့ အခြားရေစုကန်တွေမှာလည်း နေစွမ်းအင်သုံး ရေပေါ်ဓာတ်အားပေးစနစ်တွေကို တိုးချဲ့တပ်ဆင်သွားဖို့ ရှိနေပါတယ်။

    Ref: CNA

  • ဧ၀ရက်တောင်ကို ရှင်းလင်းမှုအတွင်း အမှိုက် ၁၁ တန်နှင့် ရုပ်အလောင်း ၄ ခု တွေ့ရှိ

    ဧ၀ရက်တောင်ကို ရှင်းလင်းမှုအတွင်း အမှိုက် ၁၁ တန်နှင့် ရုပ်အလောင်း ၄ ခု တွေ့ရှိ

    ဇွန် ၆၊ ၂၀၁၉
    M-Media

    -ကမ္ဘ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင် တောင်တက်လမ်းတစ်လျှောက် ရှင်းလင်းမှုအတွင်း အမှိုက်ပေါင်း ၁၁ တန်နဲ့ ရုပ်အလောင်း ၄ လောင်း ရရှိခဲ့တယ်လို့ နီပေါအာဏာပိုင်တွေက မနေ့မှာ ထုတ်ပြန်ခဲ့ပြီး ဆက်လက် ရှင်းလင်းဖို့ လိုအပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒေသခံတောင်တက်လမ်းပြ အယောက် ၂၀ ပါဝင်တဲ့ သန့်ရှင်းရေးအဖွဲ့ဟာ ဧပြီလကတည်းကစလို့ ဧ၀ရတ်တောင်ပေါ်မှာ အမှိုက်ရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြတာပါ။ ရှင်းလင်းခဲ့တဲ့ အမှိုက်တွေထဲမှာ လူတွေရဲ့ စွန့်ပစ် အညစ်အကြေးတွေ၊ အသုံးပြုပြီးသား အောက်ဆီဂျင်ဘူးတွေ၊ ဆုတ်ပြဲနေတဲ့ မိုးကာတဲတွေ၊ ကြိုးတွေ၊ လှေကားအကျိုးတွေ၊ စည်သွပ်ဘူးအခွန်တွေ၊ ပလက်စတစ်တွေ ပါဝင်ပါတယ်။

    သန့်ရှင်းရေးအဖွဲ့ဟာ တောင်တက်ဖို့အသုံးပြုတဲ့ အခြေစိုက်စခန်းရဲ့ အထက်ပိုင်းမှာ အမှိုက် ၅ တန်၊ စခန်းအောက်ပိုင်းမှာ ၆ တန် ရှင်းလင်းခဲ့တယ်လို့ နီပေါ ခရီးသွားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒန်ဒူ ရက်ဂ်ျ ဂီမီရီက ပြောကြားခဲ့ပါတယ်။ ရရှိခဲ့တဲ့ အမှိုက်တွေကို မြို့တော် ခတ္တာမန်ဒူကို လေယာဉ်နဲ့ ပို့ဆောင်ကာ မနေ့က အမှိုက်ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ပါတယ်။

    အခု သန့်ရှင်းရေးလုပ်ငန်းဟာ အောင်မြင်တယ်လို့ နီပေါ အာဏာပိုင်တွေက ပြောကြားခဲ့ပေမယ့် ထပ်ရှင်းဖို့ လိုသေးတယ်လို့ ဆိုပါတယ်။ အမှိုက်တော်တော်များများဟာ နှင်းတွေအောက်မှာ ဖုံးနေပြီး အပူချိန်မြင့်တက်ကာ နှင်းအရည်ပျော်တဲ့အချိန်ကျမှ ရှင်းလင်းနိုင်မှာ ဖြစ်ပါတယ်။

    ရှင်းလင်းမှုအတွင်း ရုပ်အလောင်း ၄ လောင်းကိုလည်း တွေ့ရှိခဲ့ပြီး ခတ္တာမန်ဒူက ဆေးရုံကို ပို့ဆောင်ကာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ဖော်ထုတ်နေတယ်လို့ အာဏာပိုင်တွေက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ၈၈၅၀ မီတာ မြင့်မားတဲ့ ဧ၀ရက်တောင်ကို ၁၉၅၃ ခုနှစ်မှာ လူသားတွေက အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဧ၀ရက်တောင် တက်မှုအတွင်း တောင်တက်သမား ၃၀၀ ကျော် သေဆုံးခဲ့ပါတယ်။ သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေလည်း တောင်ပေါ်မှာ ရှိနေနိုင်ပြီး ဘယ်လောက်များလဲဆိုတာကို အတိအကျ မသိရပါဘူး။

    Ref: Aljazeera

  • အမေရိကန်က လုံခြုံရေးစိုးရိမ်နေသည့် ဟွာဝေးကုမ္ပဏီနှင့် ရုရှားက စာချုပ်ချုပ်

    အမေရိကန်က လုံခြုံရေးစိုးရိမ်နေသည့် ဟွာဝေးကုမ္ပဏီနှင့် ရုရှားက စာချုပ်ချုပ်

    ဇွန် ၆၊ ၂၀၁၉
    M-Media

    -လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခုအဖြစ် အမေရိကန်က မှတ်ယူထားတဲ့ တရုတ် Huawei ကုမ္ပဏီနဲ့ ရုရှားတို့ဟာ 5G ကွန်ရက် ဖော်ဆောင်ရေး သဘောတူညီချက်တစ်ခုကို မနေ့က လက်မှတ်ရေးထိုးခဲ့ပြီး လာမယ့်နှစ်မှာ စတင် အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။

    တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမီရ် ပူတင်တို့ မော်စကိုမှာ တွေ့ဆုံမှုအတွင်း Huawei နဲ့ ရုရှား ဆက်သွယ်ရေးကုမ္ပဏီ MTS တို့ လက်မှတ်ထိုးခဲ့ကြတာဖြစ်ပြီး၊ ၂၀၁၉-၂၀၂၀ မှာ ရှေ့ပြေး 5G ကွန်ယက်တစ်ခုကို ဖော်ဆောင်သွားမယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    Huawei ရဲ့ တာဝန်ရှိသူ ဂိုပင်းက မဟာဗျူဟာကျတဲ့ ဆက်သွယ်ရေးကွန်ယက်မှာ အခုလို သဘောတူညီချက် ရတဲ့အတွက် ပျော်ရွှင်မိတယ်လို့ ပြောဆိုခဲ့ပါတယ်။

    အမေရိကန်အစိုးရက Huawei ဟာ တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးနေတယ်လို့ စွပ်စွဲထားပြီး အမေရိကန်ကုမ္ပဏီတွေအနေနဲ့ နည်းပညာမြင့် ပစ္စည်းတွေ ရောင်းချခြင်းမပြုဖို့ အခုလအစောပိုင်းမှာ ပိတ်ပင်ခဲ့ပါတယ်။ Huawei ဟာ သူ့ရဲ့ ဖုန်းတွေအတွက် အမေရိကန်လုပ်
    ချစ်ပ်တွေအပေါ် မှီခိုနေရတာပါ။ ၃ လအတွင်းမှာ သက်ရောက်မှုရှိမယ့် အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ဟာ Huawei ကုမ္ပဏီ ရပ်တည်ဖို့အတွက် အခက်အခဲဖြစ်လာမယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။

    အမေရိကန်ရဲ့ ပိတ်ပင်တားမြစ်မှု ပေါ်ထွက်လာပြီးတဲ့နောက် Android စနစ်ကို ပိုင်ဆိုင်တဲ့ Google အပါအ၀င် အမေရိကန် နည်းပညာကုမ္ပဏီ တော်တော်များများက Huawei ကို နည်းပညာတွေ ရောင်းချမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

    Huawei နဲ့ပေါင်းပြီး 5G ကွန်ယက် ဖော်ဆောင်နိုင်ရေးအတွက် ဥရောပနိုင်ငံတော်တော်များများကလည်း စိတ်ဝင်စားနေပြီး ဒီလိုလုပ်ရင် မိမိတို့နဲ့ အဆက်အသွယ် ဖြတ်ရမယ်လို့ အမေရိကန်က မဟာမိတ်နိုင်ငံတွေကို သတိပေးထားပါတယ်။

    Ref: CNA

  • အီစတာနေ့ ဗုံးခွဲမှုကို မတားဆီးနိုင်ခြင်းမှာ သမ္မတကြောင့်ဟု သီရိလင်္ကာရဲချုပ် ဝေဖန်ပြောဆို

    အီစတာနေ့ ဗုံးခွဲမှုကို မတားဆီးနိုင်ခြင်းမှာ သမ္မတကြောင့်ဟု သီရိလင်္ကာရဲချုပ် ဝေဖန်ပြောဆို

    ဇွန် ၂၊ ၂၀၁၉
    M-Media

    ရာထူးမှ ရပ်ဆိုင်းခံထားရသည့် ရဲချုပ် ပူဂျစ် ဂျာယာဆောင်ဒရာ

    -ပြီးခဲ့တဲ့လမှာ ဖြစ်ပွားခဲ့တဲ့ အီစတာနေ့ ဗုံးခွဲမှုတွေကို တားဆီးဖို့ပျက်ကွက်သူဟာ သမ္မတ မိုင်သရီပါလာ ဆရီစီနာဖြစ်တယ်လို့ တာဝန်က ရပ်ဆိုင်းခံထားရတဲ့ သီရိလင်္ကာရဲချုပ်က တရားရုံးချုပ်ကို တင်သွင်းတဲ့ အစီရင်ခံစာမှာ ရေးသားဖော်ပြထားပါတယ်။

    စာမျက်နှာ ၂၀ ပါ အဲဒီ အစီရင်ခံစာကို ရဲချုပ် ပူဂျစ် ဂျာယာဆောင်ဒရာက ပြီးခဲ့တဲ့တစ်ပတ်မှာ တရားရုံးကို တင်သွင်းခဲ့တာဖြစ်ပြီး ဆရီစီနာ လက်အောက်မှာရှိတဲ့ ထောက်လှမ်းရေးအဖွဲ့တွေနဲ့ လုံခြုံရေးအဖွဲ့တွေရဲ့ ဆက်သွယ်ဆောင်ရွက်မှု အားနည်းချက်တွေကို အသေးစိတ် ဖော်ပြထားပါတယ်။

    အစွန်းရောက် အစစ်သွေးကြွတွေနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ စုံစမ်းထောက်လှမ်းမှုတွေကို ရပ်တန့်ဖို့ သမ္မတကို တိုက်ရိုက်အစီရင်ခံစာတင်ရတဲ့ ထောက်လှမ်းရေးအဖွဲ့ SIS က ပြီးခဲ့တဲ့နှစ်ကတည်းက အမိန့်ပေးခဲ့တယ်လို့ ဂျာယာဆောင်ဒရာက ရေးသားထားပါတယ်။

    ရဲတပ်ဖွဲ့က စုံစမ်းထောက်လှမ်းမှုတွေ ပြုလုပ်နေတဲ့ အဖွဲ့တွေထဲမှာ အီစတာနေ့ ဗုံးခွဲတိုက်ခိုက်မှုကို ပြုလုပ်ခဲ့တဲ့ NTJ အဖွဲ့လည်း ပါဝင်ပါတယ်။ ခရစ်ယာန်ဘုရားကျောင်း ၃ ခုနဲ့ ဟိုတယ် ၃ ခုတို့အပါအ၀င် နေရာ ၈ နေရာမှာ ပြုလုပ်ခဲ့တဲ့ အသေခံ ဗုံးခွဲမှုတွေကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရာခဲ့ပါတယ်။

    NTJ က ဒီလို တိုက်ခိုက်မှုတွေ လုပ်ဆောင်မယ့်အကြောင်း အိန္ဒိယက ထောက်လှမ်းရေးသတင်းအချက်အလက်တွေ ပေးပို့ခဲ့ပေမယ့် SIS အကြီးအကဲ နီလန်သာ ဂျာယာဝါဒီနာက ရဲတပ်ဖွဲ့ကို ပြန်လည်မျှဝေတာမျိုး မလုပ်ခဲ့ဘူးလို့လည်း ဂျာယာဆောင်ဒရာက တရားရုံးကို ပေးပို့တဲ့ သူ့ရဲ့ အစီရင်ခံစာမှာ ပြစ်တင်ပြောဆိုထားပါတယ်။

    ဆရီစီနာက တိုက်ခိုက်မှုအတွက် တာဝန်ခံမှုမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဂျာယာဆောင်ဒရာကို ရာထူးကနေ ရပ်ဆိုင်းခဲ့ပြီး ရှေ့နေချုပ်ကလည်း ဒီကိစ္စကို စုံစမ်းစစ်ဆေးပေးဖို့ တရားရုံးချုပ်ကို တောင်းဆိုခဲ့ပါတယ်။

    ဂျာယာဆောင်ဒရာက ဗုံးခွဲမှုအတွက် တာဝန်ခံပြီး နှုတ်ထွက်ပေးမယ်ဆိုရင် သံတမန်ရာထူးတစ်ခုပေးမယ်လို့ ဆရီစီနာဖက်က ကမ်းလှမ်းခဲ့ကြောင်း၊ ဒါပေမယ့် ဒီကိစ္စမှာ မိမိက တာဝန်မရှိတဲ့အတွက် ဒီကမ်းလှမ်းမှုကို ငြင်းဆိုခဲ့ကြောင်းလည်း အစီရင်ခံစာမှာ ထည့်သွင်း ရေးသားထားပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက သီရိလင်္ကာသမ္မတ ဆရီစီနာနဲ့ ၀န်ကြီးချုပ် ရာနီးလ် ၀စ်ကရီဆင်ဟီတို့အကြား ဖြစ်ပွားခဲ့တဲ့ အာဏာလွန်ဆွဲပွဲပြီးနောက် သမ္မတက သူ့ကို ချောင်ထိုးထားတယ်လို့လည်း ဂျာယာဆောင်ဒရီက ပြောကြားခဲ့ပါတယ်။

    ဆရီစီနာဟာ ဗုံးခွဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ထောက်လှမ်းရေးအကြီးအကဲ တစ်ဦးဖြစ်တဲ့ ဆီဆီရာ မန်ဒစ်ကို ပြီးခဲ့တဲ့ ရက်အနည်းက ပြစ်တင်ပြောဆိုခဲ့ပါတယ်။ မန်ဒစ်က ဆရီစီနာဟာ တိုက်ခိုက်မှု သတိပေးချက်နဲ့ပတ်သက်ပြီး နိုင်ငံတော် လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူကာ ဆွေးနွေးလုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း၊ ဒီလိုသာ လုပ်ဆောင်ခဲ့မယ်ဆိုရင် အီစတာနေ့ ဗုံးခွဲမှုတွေကို ရှောင်ရှားနိုင်မှာဖြစ်ကြောင်း လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

    ဆရီစီနာကတော့ မန်ဒစ်ရဲ့ ဒီပြောကြားမှုတွေကို ငြင်းဆိုခဲ့ပါတယ်။

    Ref: CNA

  • အိုင်းစတိုင်းနှင့် စတီဖင်ဟော့ကင်းတို့ထက် IQ ပိုမြင့်သည့် ကျောင်းသူတစ်ဦးကို အီရန်တွင် တွေ့ရှိ

    အိုင်းစတိုင်းနှင့် စတီဖင်ဟော့ကင်းတို့ထက် IQ ပိုမြင့်သည့် ကျောင်းသူတစ်ဦးကို အီရန်တွင် တွေ့ရှိ

    ဇွန် ၂၊ ၂၀၁၉
    M-Media


    အိုင်းစတိုင်းနှင့် စတီဖင်ဟော့ကင်းတို့ထက် IQ ပိုမြင့်သည့် တာရာ ရှာရီဖီ

    -အီရန်နိုင်ငံက အသက် ၁၁ နှစ်အရွယ် ကျောင်းသူလေးတစ်ဦးဟာ မှတ်ဉာဏ်စွမ်းအား သတ်မှတ်ချက် IQ မှာ ကမ္ဘာကျော် သိပ္ပံပညာရှင်တွေဖြစ်တဲ့ အိုင်းစတိုင်းနဲ့ စတီဖင်ဟော့ကင်းတို့ထက် ပိုမိုသာလွန်နေတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။

    တာရာ ရှာရီဖီဆိုတဲ့ မိန်းကလေးဖြစ်ပြီး IQ စစ်ဆေးမှုမှာ ၁၆၂ မှတ် ရခဲ့ပါတယ်။ ဒါဟာ ‘ဉာဏ်ကြီးရှင်’ လို့ သတ်မှတ်ထားတဲ့အမှတ် ၁၄၀ ထက် ပိုမိုကျော်လွန်နေတာဖြစ်ပြီး သိပ္ပံပ္ပညာရှင် အဲလ်ဘတ်အိုင်းစတိုင်း၊ အာကာသပညာရှင် စတီဖင်ဟော့ကင်းတို့ထက် ၂ မှတ် သာလွန်နေတာပါ။

    “စစ်ဆေးတဲ့အဖြေရတော့ သမီး အရမ်းတုန်လှုပ်သွားတယ်။ ဒီလောက်ကောင်းတဲ့အမှတ်မျိုး ရမယ်လို့ မထင်မိခဲ့ဘူး” လို့ ရှာရီဖီက ပြောကြားခဲ့ပါတယ်။

    သူမဟာ အောက်စဖို့ဒ် တက္ကသိုလ်က IQ စစ် စာမေးပွဲကို ၀င်ရောက်ဖြေဆိုခဲ့တာပါ။ စာမေးပွဲမှာ နှုတ်ဖြေ မဖြေရဘဲ စကားလုံးတွေအပေါ် နားလည်နိုင်မှုကိုသာ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

    “IQ စစ် စာမေးပွဲကို ၀င်ဖြေဖို့အတွက် မိဘတွေနဲ့တိုင်ပင်ပြီး ဆုံးဖြတ်ခဲ့တာပါ။ Mensa စနစ်မှာ သမီးတို့နိုင်ငံကလူတွေကို တွေ့ခွင့်ရခဲ့တာဟာ အင်မတန်ကောင်းတဲ့ အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်” လို့ ရှာရီဖီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အမှတ်အလွန်ကောင်းနေတာကြောင့် ရှာရီဖီဟာ အခုအချိန်မှာတော့ IQ မြင့်မားတဲ့သူတွေရဲ့ အဖွဲ့ဖြစ်တဲ့ Mensa မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ရရှိသွားပြီ ဖြစ်ပါတယ်။ သူမကတော့ အဖွဲ့ရဲ့ အေခမ်းအနားတွေမှာ အခြားသော အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျောင်းကသူငယ်ချင်းတွေကို ပြောပြတော့ သူတို့ တော်တော်လေး အံ့သြသွားကြတယ်။ ကြီးလာရင် သင်္ချာနဲ့ပတ်သက်တဲ့ အလုပ်တွေကို လုပ်ချင်ပါတယ်”

    ရှာရီဖီရဲ့ ဖခင်က သမီးဖြစ်သူရဲ့ IQ ဒီလိုမြင့်မားနေတဲ့အတွက် အလွန်အံ့သြရပြီး ဂုဏ်လည်းယူတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref : IFP News