News @ M-Media

Blog

  • အင်ဒိုနီးရှားရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒို အနိုင်ရ

    အင်ဒိုနီးရှားရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒို အနိုင်ရ

    မေ ၂၁၊ ၂၀၁၉
    M-Media

    -ကမ္ဘ္ဘာ တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားရဲ့ ဧပြီလ ၁၇ ရက်နေ့ ရွေးကောက်ပွဲမှာ သ မ္မတ ဂျိုကို ဝီဒိုဒိုက အနိုင်ရရှိသွားတယ်လို့ အာဏာပိုင်တွေက ဒီကနေ့မှာ ကြေငြာလိုက်ပြီး အတိုက်အခံဘက်ကတော့ မဲလိမ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

    ဂျိုကိုဝီနဲ့ ဒုတိယသမ္မတလောင်း မာရုဖ်အေမင်တို့ဟာ ထောက်ခံမဲ ၅၅.၅ ရာခိုင်နှုန်းအထိ ရရှိခဲ့တာဖြစ်ပြီး ဂျိုကိုဝီအနေနဲ့ ဒုတိယမြောက် သမ္မတသက်တမ်းကို ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

    လူဦးရေ သန်းပေါင်း ၂၆၀ ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ မဲပေးသူ အရေအတွက်က ၁၅၄ သန်းရှိပြီး စုစုပေါင်း ၈၅.၆ သန်းက ဂျိုကိုဝီကို မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။ မဲရေတွက်မှုနဲ့ပတ်သက်လို့ အငြင်းပွားမှုတွေ၊ ဆန္ဒပြမှုတွေ ရှိခဲ့ပြီး ရလဒ်ကို ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့မှာ ရုတ်တရက် ကြေငြာခဲ့တာပါ။

    ရွေးကောက်ပွဲမှာ အသက် ၅၇ နှစ်အရွယ် ဝီဒိုဒိုသာ အနိုင်ရမယ်လို့ ခန့်မှန်းမှုတွေ ရှိခဲ့ပါတယ်။ အသက် ၆၇ နှစ်အရွယ်ရှိပြီး စစ်ဗိုလ်ချုပ်ဟောင်းလည်းဖြစ်တဲ့ အတိုက်အခံ သမ္မတလောင်း ပရာဘိုဝို ဆူဘီယန်တိုက မဲလိမ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိတယ်လို့ ပြောကြားခဲ့ပြီး လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ ရှိလာလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

    ဆူဘီယန်တိုဟာ ၂၀၁၄ ခုနှစ်ကလည်း ဝီဒိုဒိုကို ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး တရားရုံးအထိ တက်ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အခုတစ်ကြိမ်မှာ ရွေးကောက်ပွဲ ရလဒ်ကို တရားဝင် ကန့်ကွက်မလားဆိုတာ မသိရသေးပါဘူး။

    ရွေးကောက်ပွဲရလဒ် ထွက်ပေါ်အပြီး ဖြစ်လာမယ့် နိုင်ငံရေးဆန္ဒထုတ်ဖော်မှုတွေမှာ ဗုံးဖောက်ခွဲဖို့ စီစဉ်ထားသူတွေ အပါအ၀င် IS သံသယရှိသူ တော်တော်များများကို ဖမ်းဆီးခဲ့တယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့က သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိ မြို့တော် ဂျကာတာမှာ လုံခြုံရေး တပ်ဖွဲ့ဝင်ပေါင်း ၂၃၀၀၀ လောက် ချထားပြီး ရွေးကောက်ပွဲ ကော်မရှင်ရုံး ပတ်လည်ကိုလည်း
    အဆီးအတားတွေ ချထားပါတယ်။

    Ref: CNA

  • ထိုင်းနိုင်ငံတွင် မြေမြှုပ်ခံရသည့် မွေးကင်းစ ကလေးငယ်ကို ခွေးက ကယ်တင်

    ထိုင်းနိုင်ငံတွင် မြေမြှုပ်ခံရသည့် မွေးကင်းစ ကလေးငယ်ကို ခွေးက ကယ်တင်

    မေ ၁၉၊ ၂၀၁၉
    M-Media

    ကယ်ဆယ်ခဲ့သည့်နေရာ၊ ကေလးငယ်နှင့် ကယ်ဆယ်သည့် ခွေး (၀ဲမှယာ)

    -မြေမြှုပ်ခံထားရတဲ့ မွေးကင်းစ ကလေးငယ်ကို ကယ်ထုတ်နိုင်အောင် ရှာဖွေ အသိပေးခဲ့တဲ့ ခွေးလေးတစ်ကောင်ကို ထိုင်းနိုင်ငံမှာ သူရဲကောင်းအဖြစ် သတ်မှတ်ပြောဆိုနေကြပါတယ်။

    နိုင်ငံအရှေ့မြောက်ပိုင်း နာခွန် ရက်ချာစီမာပြည်နယ်က ယာတောတစ်ခုမှာ မေလ ၁၅ ရက်နေ့က ဒီအဖြစ်အပျက် ဖြစ်ပွားခဲ့တာပါ။ ဆယ်ကျော်သက် မိန်းကလေးငယ်တစ်ယောက်ဟာ ကလေးမီးဖွားပြီးတဲ့နောက် ကလေးကို ယာတောထဲသွားပြီး မြေမြှုပ်ခဲ့တာ ဖြစ်ပါတယ်။

    အဲဒီနောက် Ping Pong လို့ခေါ်တဲ့ ခွေးလေးဟာ ဒီကလေးငယ်ကို တွေ့ရှိခဲ့ပြီး နွားကျောင်းတဲ့ သူ့ရဲ့သခင်ကို ကလေးမြှုပ်ထားတဲ့နေရာကို ခေါ်သွားခဲ့ပါတယ်။

    ဒီကိစ္စမှာ စုံစမ်းစစ်ဆေးမှုလုပ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် Panuvat Udkam က မိခင်က ကလေးငယ်ကို မြှုပ်ပြီး သိပ်မကြာခင်မှာ ခွေးလေးက ကလေးငယ်ကို တွေ့သွားတာ ဖြစ်ကြောင်း၊ ကလေးငယ်ဟာ ယောက်ျားလေးဖြစ်ပြီး ဆေးရုံမှာ ကျန်းကျန်းမာမာ ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။

    ကလေးငယ်ကို စွန့်ပစ်ခဲ့တဲ့ အသက် ၁၅ နှစ်အရွယ် မိခင်ကိုတော့ လူသတ်ရန်ကြိုးစားမှု၊ ကလေးစွန့်ပစ်မှုတွေနဲ့ ထိုင်းရဲတပ်ဖွဲ့က တရားစွဲဆိုထားပါတယ်။

    Udkam က မိန်းကလေးငယ်ဟာ သူမ ကိုယ်ဝန်ရှိတာကို မိဘတွေ သိသွားမှာ စိုးရိမ်တဲ့အတွက် ဒီလို စွန့်ပစ်တာဖြစ်နိုင်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ping Pong ရဲ့ ဒီလုပ်ရပ်အတွက် ထိုင်းမီဒီယာတွေက ချီးကျူးဖော်ပြကြပြီး ဆိုရှယ်မီဒီယာသုံးစွဲတဲ့ ထိုင်းပြည်သူတွေကလည်း ဒီသတင်းကို ပြန်လည်မျှဝေတာ၊ ခွေးလေးကို ချီးမွမ်းတာတွေ လုပ်ဆောင်လာကြပါတယ်။

    Ref: CNA

  • တရုတ်အတွက် သူလျှိုလုပ်ပေးသည့် CIA အရာရှိဟောင်း ထောင်နှစ် ၂၀ ကျ

    တရုတ်အတွက် သူလျှိုလုပ်ပေးသည့် CIA အရာရှိဟောင်း ထောင်နှစ် ၂၀ ကျ

    မေ ၁၉၊ ၂၀၁၉
    M-Media

    -တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးခဲ့တဲ့ CIA အရာရှိဟောင်းကို အမေရိကန်က သောကြာနေ့မှာ ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ပြီး၊ ဒီကိစ္စဟာ အမေရိကန်ထောက်လှမ်းရေးအသိုင်းအ၀ိုင်းမှာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေမျိုးဖြစ်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

    ထောင်ဒဏ် ချမှတ်ခံရသူဟာ အသက် ၆၂ နှစ်အရွယ် ကီဗင် မာလိုရီဖြစ်ပြီး ၂၀၁၇ ခုနှစ် မတ်လနဲ့ ဧပြီလတွေတုန်းက ရှန်ဟိုင်းမြို့ကို သွားရောက်မှုအတွင်း အမေရိကန် ကာကွယ်ရေးအချက်အလက်တွေကို တရုတ်ထောက်လှမ်းရေးအေးဂျင့်ထံ ဒေါ်လာ ၂ သောင်းခွဲနဲ့ ရောင်းစားမှုအတွက် သူလျှိုအက်ဥပဒေနဲ့ တရားစွဲခံရတာ ဖြစ်ပါတယ်။

    တရုတ်စကား ကောင်းကောင်းပြောတတ်တဲ့ မာလိုရီဟာ အရင်က အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အဲဒီနောက် အမေရိကန်အစိုးရ ထောက်လှမ်းရေးအေးဂျင့်ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ CIA ရဲ့ အသွင်ယူအေးဂျင့်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

    တရုတ်ထောက်လှမ်းရေးနဲ့ ပတ်သက်ဆယ်နွယ်မှုအတွက် ဖမ်းဆီးခံရတဲ့ အရာရှိတွေဟာ မာလိုရီတစ်ဦးတည်း မဟုတ်ပါဘူး။

    ဧပြီလတုန်းကလည်း သံတမန်ဟောင်း မာရီ ကလိုင်ဘိုနီဟာ အမေရိကန်အစိုးရ စာရွက်စာတမ်းတွေအတွက် တရုတ်ထောက်လှမ်းရေးထံကနေ ငွေကြေးရယူခဲ့တဲ့ ကိစ္စကို စုံစမ်းစစ်ဆေးရေးအဖွဲ့ထံ ဖွင့်မပြောခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။

    တရုတ်အတွက် သူလျှိုလုပ်ပေးမှုမှာ ထင်ရှားတဲ့ အဖြစ်အပျက်ကတော့ CIA အရာရှိဟောင်း ဂျယ်ရီ ချွန် ရှင်းလီက တရုတ်အတွက် သူလျှိုလုပ်ပေးခဲ့ကြောင်း မေလ ၁ ရက်နေ့မှာ ၀န်ခံခဲ့တဲ့ ကိစ္စ ဖြစ်ပါတယ်။

    ၂၀၁၈ ခုနှစ် ဇန်န၀ါရီလမှာ ဖမ်းဆီးခံခဲ့ရတဲ့ အသက် ၅၄ နှစ်အရွယ် လီဟာ ၂၀၁၀ ကနေ ၂၀၁၂ ခုနှစ်အတွင်း တရုတ်မှာရှိတဲ့ CIA သတင်းပေး ကွန်ယက်ကို ဖြိုခွဲဖို့ လိုအပ်တဲ့ အချက်အလက်တွေကို တရုတ်အစိုးရထံ ပေးအပ်ခဲ့မှုအတွက် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရဖွယ် ရှိနေပါတယ်။

    အမေရိကန် ဒုတိယရှေ့နေချုပ် ဂျွန် ဒီမာရ်က မာလိုရီရဲ့ အမှုဟာ အမေရိကန် ထောက်လှမ်းရေး အသိုင်းအ၀ိုင်းအတွက် စိုးရိမ်စရာ ကိစ္စတစ်ခုဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

    Ref: CNA

  • အဆင့်မြင့် S-500 ဒုံးခွင်းစနစ်ကို ရုရှားနှင့် ပူးပေါင်းထုတ်လုပ်မည်ဟု တူရကီပြော

    အဆင့်မြင့် S-500 ဒုံးခွင်းစနစ်ကို ရုရှားနှင့် ပူးပေါင်းထုတ်လုပ်မည်ဟု တူရကီပြော

    မေ ၁၉၊ ၂၀၁၉
    M-Media

    -ရုရှားထံကနေ S-400 ဒုံးခွင်းစနစ် ၀ယ်ယူပြီးသွားရင် ဒီထက်မြင့်တဲ့ S-500 ဒုံးခွင်းစနစ်ကို ရုရှားနဲ့ ပူးပေါင်းထုတ်လုပ်သွားမယ်လို့ တူရကီသမ္မတ အာဒိုဂန်က ပြောကြားလိုက်ပါတယ်။

    တူရကီရဲ့ S-400 ၀ယ်ယူမှုကို အမေရိကန်အပါအ၀င် နေတိုးအဖွဲ့ဝင် နိုင်ငံတွေက ကန့်ကွက်မှုတွေ ရှိနေတာကြောင့် လိပ်ခဲတည်းလည်း ဖြစ်နေတာပါ။ အမေရိကန်က တူရကီအနေနဲ့ ရှေ့ဆက်တိုးမယ်ဆိုရင် F-35 ကိုယ်ပျောက် တိုက်လေယာဉ်ဝယ်ယူမယ့် သဘောတူညီချက်ကို ထိခိုက်
    နိုင်သလို၊ စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ကြုံတွေ့ရမယ်လို့ သတိပေးထားပါတယ်။

    အာဒိုဂန်ကတော့ S-400 ဒုံးခွင်းစနစ် ၀ယ်ယူရေးကိစ္စမှာ တူရကီက နောက်ဆုတ်သွားမှာ မဟုတ်ဘူးလို့ ဒီကနေ့ လူငယ်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။

    “ဒါဟာ နှစ်ဖက်သဘောတူညီပြီးသားကိစ္စ ဖြစ်ပါတယ်။ S-400 ပြီးရင် S-500 ဒုံးခွင်းစနစ်ကို ပူးတွဲ ထုတ်လုပ်သွားမှာပါ”

    ဆီးရီးယားက ကာ့ဒ်လက်နက်ကိုင်တွေကို အမေရိကန်က ထောက်ခံအားပေးမှုနဲ့ ပတ်သက်ပြီး တူရကီနဲ့ အမေရိကန်တို့အကြား တင်းမာနေတဲ့အချိန် S-400 ဒုံးခွင်းစနစ် ၀ယ်ယူမယ့်ကိစ္စကြောင့် ဆက်ဆံရေးက ပိုမိုဆိုးရွားလာခဲ့ပါတယ်။

    S-400 နဲ့ F-35 တိုက်လေယာဉ်တွေဟာ သဟဇာတဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း အမေရိကန်မှာ ရှိနေပြီး အာဒိုဂန်က သူ့အနေနဲ့ နည်းပညာပိုင်းဆိုင်ရာ လေ့လာဆန်းစစ်မှုတွေပြုလုပ်ခဲ့ပြီး ပြဿနာမတွေ့ရကြောင်း မကြာခင် အချိန်အတွင်း F-35 တိုက်လေယာဉ်တွေကိုလည်း ရရှိတော့မှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ရုရှားဟာ S-400 ဒုံးခွင်းစနစ်တွေကို အစောဆုံး ဇူလိုင်လမှာ တူရကီထံ ပို့ဆောင်ဖို့ ရှိနေပါတယ်။

    Ref: Aljazeera

  • Google က ဂုဏ်ပြုတဲ့ ပါရှန်သိပ္ပံပညာရှင် အိုမာရ်ခေယမ်ဆိုတာ ဘယ်သူလဲ

    Google က ဂုဏ်ပြုတဲ့ ပါရှန်သိပ္ပံပညာရှင် အိုမာရ်ခေယမ်ဆိုတာ ဘယ်သူလဲ

    မေ ၁၉၊ ၂၀၁၉
    M-Media

    -Google ဟာ မနေ့က သူ့ရဲ့ Home page စွယ်စုံရ ပညာရှင်ကြီးတစ်ယောက်ရဲ့ ပုံကို လွှင့်တင်ပြီး သူ့ရဲ့ အောင်မြင် ကျော်ကြားမှုကို ဂုဏ်ပြုခဲ့ပါတယ်။

    ပါရှန်းပညာရှင်ကြီး အိုမာရ် ခေယမ်ရဲ့ ပုံဖြစ်ပြီး နိုင်ငံပေါင်း ၁၇ နိုင်ငံက Home page တွေမှာ မြင်တွေ့ခဲ့ရပါတယ်။ ခေယမ်ရဲ့ပုံ အပါအ၀င် သူ့ရဲ့ အောင်မြင်မှုတွေကိုလည်း Google က တစ်ပါတည်း ဖော်ပြခဲ့ပါတယ်။ Google ဟာ ခေယမ်မွေးဖွားမှု ၉၇၁ နှစ် ပြည့်မြောက်မှုကို ဂုဏ်ပြုတာ ဖြစ်ပါတယ်။

    အိုမာရ်ခေယမ်ကို ခရစ်သက္ကရာဇ် ၁၀၄၈ ခုနှစ်မှာ ယနေ့ အီရန်နိုင်ငံလို့ခေါ်တဲ့ဒေသက ကုန်သွယ်ရေးမြို့ နရှီပူးရ်မှာ မွေးဖွားခဲ့ပါတယ်။ ဖခင်က ကြွယ်ဝတဲ့ ဆေးဆရာတစ်ယောက်ဖြစ်ပြီး ခေယမ်ဟာ နီရှာပူးရ်မြို့က ဗလီရှေ့ဆောင်အီမာမ် မိုဝက်ဖက် နီရှာပူရီ၊ ရှိခ်မိုဟာမက် မန်ဆူရီတို့အပါအ၀င် ပါရှန်နဲ့ အာရပ် ပညာရှင်တွေဆီမှာ သိပ္ပံ၊ ဒဿနနဲ့ သင်္ချာပညာရပ်တွေကို လေ့လာဆည်းပူးကာ ထူးထူးချွန်ချွန် တတ်မြောက်ခဲ့ပါတယ်။

    အသက် ၁၈ နှစ်မှာ ဖခင်ကို ဆုံးရှုံးလိုက်ရတဲ့ ခေယမ်ဟာ ကုန်သည်တွေနဲ့ ခရီးထွက်ရာကနေ သိပ္ပံနဲ့ ဂဏန်းသင်္ချာမှာ ထူးချွန်တာကြောင့် ပါရှန်ဘုရင် ရှမ် အလ်-မွတ်လ်က သူ့အနားမှာ ခေါ်ထားကာ ချီးမြှင့်မြှောက်စားခဲ့ပါတယ်။

    အသက် ၂၂ နှစ်အရွယ်မှာပဲ သင်္ချာဆိုင်ရာကျမ်းကြီး Treatise on Demonstration of Problems of Algebra and Balancing ကို ရေးသားပြီးစီးခဲ့ကာ နာမည်ကျော်ကြားခဲ့ပါတယ်။ အဲဒီကျမ်းကြီးထဲမှာ ခေယမ်ဟာ cubic equation၊ quadratic equation နဲ့
    သင်္ချာဆိုင်ရာ ပြဿနာတွေကို အသေအချာ ရှင်းပြခဲ့ပါတယ်။

    ခေယမ်ဟာ သင်္ချာ၊ နက္ခတဗေဒနဲ့ ဒဿနဆိုင်ရာ အခြား စာအုပ်တွေကိုလည်း ရေးသားခဲ့ပြီး သူ့ရဲ့ သင်္ချာကျမ်း တော်တော်များများဟာ ဂရိပညာရှင်ကြီး ယူကလစ်ရဲ့ သင်္ချာဆိုင်ရာ အတွေးအခေါ်ကနေ ဖောက်ထွက်ကာ ခေတ်သစ် သင်္ချာပညာရပ် ဖြစ်လာဖို့အတွက် လမ်းခင်းပေးခဲ့ပါတယ်။

    အသက် ၂၆ နှစ်အရွယ်မှာပဲ ခေယမ်ဟာ အလ်-မွတ်လ် အကူအညီနဲ့ အစ္စဖာဟန်မြို့မှာ သုတေသနဌာနတစ်ခု တည်ဆောက်ခဲ့ပြီး ပါရှန်ပြက္ခဒိန်ကိုလည်း ပြုပြင်ပြောင်းလဲခဲ့ပါတယ်။

    အနောက်တိုင်းမှာ ကျော်ကြားခဲ့တဲ့ ခေယမ်ရဲ့ လက်ရာကတော့ Rubáiyát လို့ခေါ်ဆဲ့ လေးကြောင်းကဗျာစာအုပ်ကြီး ဖြစ်ပါတယ်။ အဲဒီစာအုပ်ကို ၁၈၀၀ ပြည့်နှစ်တွေမှာ အဒ်ဝပ် ဖစ်ဂျာရဲလ်က အင်္ဂလိပ်ဘာသာကို ပြန်ဆိုကာ Rubáiyát of Omar Khayyám ခေါင်းစဉ်နဲ့ စာအုပ်ထုတ်ဝေခဲ့ပါတယ်။

    အိုမာရ်ခေယမ်ဟာ အသက် ၈၃ နှစ်အရွယ် ၁၁၃၁ ခုနှစ်မှာ နီရှာပူးရ်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။ ၁၉၆၃ ခုနှစ်မှာတော့ ရှားဘုရင်ဟာ ခေယမ်ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလပ်ကို ပြန်လည်တူးဖော်ကာ နီရှာပူးရ်မြို့က အထိမ်းအမှတ်ဂူဗိမာန်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ ခေယမ်ရဲ့ ဂူဗိမာန်က ကမ္ဘ္ဘာ့လှည့်ခရီးသွားတွေ စိတ်ဝင်စားရာနေရာတစ်ခု ဖြစ်နေပါတယ်။

    ခေမ်ယမ်ရဲ့ မိသားစုအကြောင်းကို အသေးစိတ်မသိရဘဲ ဇနီးနဲ့ သားတစ်ယောက်၊ သမီးတစ်ယောက်သာ ရှိတယ်လို့ ဆိုပါတယ်။

    Google ဟာ ၂၀၁၂ ခုနှစ်ကလည်း သူ့ရဲ့ Home page မှာ ခေယမ်ကို အခုလို ဂုဏ်ပြု ဖော်ပြခဲ့ဖူးပါတယ်။

    Ref: Economic Times