News @ M-Media

Blog

  • ဗုံးခွဲမှုကိစ္စ အာဏာပိုင်များ ထိရောက်စွာအရေးမယူမည်ကို သီရိလင်္ကာ ခရစ်ယာန်ကက်သလစ်အကြီးအကဲ စိုးရိမ်

    ဗုံးခွဲမှုကိစ္စ အာဏာပိုင်များ ထိရောက်စွာအရေးမယူမည်ကို သီရိလင်္ကာ ခရစ်ယာန်ကက်သလစ်အကြီးအကဲ စိုးရိမ်

    ဧပြီ ၂၉၊ ၂၀၁၉
    M-Media

    ခရစ်ယာန်ကက်သလစ်အသင်းတော်အကြီးအကဲ ကာဒီနယ် မဲလ်ကွန် ရန်ဂျစ်

    – ပြီးခဲ့တဲ့တစ်ပတ်က နိုင်ငံတစ်ဝှမ်းမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေကို ရဲတပ်ဖွဲ့က စုံစမ်စစ်ဆေးရာမှာ ထိရောက်တဲ့ အရေးယူမှုတွေ မရှိမှာကို စိုးရိမ်တယ်လို့ သီရိလင်္ကာ ခရစ်ယာန်ကက်သလစ်အသင်းတော်အကြီးအကဲ ကာဒီနယ် မဲလ်ကွန် ရန်ဂျစ်က ပြောကြားလိုက်ပါတယ်။

    ခရစ်ယာန်ဘုရားကျောင်း ၃ ခုနဲ့ ဟိုတယ် ၃ ခုအပါအ၀င် နေရာ ၈ ခုမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေကြောင့်  အနည်းဆုံး လူ ၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။ သီရိလင်္ကာအစိုးရက တိုက်ခိုက်မှုတွေကို ပြည်တွင်းက လူသိပ်မသိတဲ့ မွတ်စလင်အစွန်းရောက်အဖွဲ့ ၂ ခုဖြစ်တဲ့ National Thawheedh Jamaath (NTJ ) နဲ့ Jammiyathul Millathu Ibrahim တို့က ပူးပေါင်းလုပ်ဆောင်တာလို့ ထုတ်ပြန်ထားပါတယ်။

    IS အကြမ်းဖက်အဖွဲ့ကလည်း ဒါဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ တိုက်ခိုက်မှုတွေပြုလုပ်မယ်ဆိုတဲ့ သတင်းကို သီရိလင်္ကာအာဏာပိုင်တွေက အတိအကျရခဲ့ပေမယ့် ထိထိရောက်ရောက် ဟန့်တားမှု မရှိတဲ့အတွက် ဝေဖန်မှုတွေကိုလည်း ရှိနေပါတယ်။

    တိုက်ခိုက်မှုနဲ့ ဆက်စပ်ပြီး သံသယရှိသူတွေ၊ နောက်ထပ် တိုက်ခိုက်မှုတွေ လုပ်မယ်လို့ သံသယရှိသူတွေကို သီရိလင်္ကာ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးနေပေမယ့် ကာဒီနယ် မဲလ်ကွန် ရန်ဂျစ်က ဒီလို စုံစမ်းစစ်မှုတွေဟာ ဘာရလဒ်မှ ထွက်မလာဘဲနဲ့ အဆုံးသတ်သွားမှာကို စိုးရိမ်မိတယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။

    လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်း လုပ်ကြံသတ်ဖြတ်မှုတွေ၊ အကြမ်းဖက်မှုတွေမှာ လက်သည်မပေါ်တာကိုလည်း ကာဒီနယ်က ထောက်ပြခဲ့ပါတယ်။

    “အာဏာပိုင်တွေဟာ စကားလုံးတွေနဲ့နှစ်သိမ့်ပြီး ထိထိရောက်ရောက် ဘာမှလုပ်ဆောင်တာ မဟုတ်ဘူးဆိုတဲ့ ထင်မြင်ယူဆမှုတွေ ပြည်သူတွေမှာ ရှိနေပါတယ်။ တကယ်လို့သာ အာဏာပိုင်တွေဖက်က စိတ်စေတနာမှန်မယ်ဆိုရင် သေသေချာချာ စုံစမ်းစစ်ဆေးရမှာ ဖြစ်ပါတယ်”

    အစ္စလာမ့်မစ်အစွန်းရောက်တွေဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေနေ့ ဒါမှမဟုတ် တနင်္လာနေ့တွေမှာ စစ်သားယူနီဖောင်းတွေဝတ်ပြီး တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်လာနိုင်တယ်လို့ သီရိလင်္ကာအာဏာပိုင်တွေက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် တိုက်ခိုက်မှုတွေ ဖြစ်မလာပါဘူး။

    ကာဒီနယ် မဲလ်ကွန် ရန်ဂျစ်က ခရစ်ယာန်ဘုရားကျောင်းတွေကို အစိုးရက လုံခြုံရေး လုံလုံလောက်လောက် မပေးဘူးလို့လည်း ဝေဖန်ပြောဆိုခဲ့ပါတယ်။

    “လုံခြုံရေး စီစဉ်ပေးတဲ့ကိစ္စတွေကိုလည်း သဘောမကျပါဘူး။ ဘုန်းကြီးတို့ရဲ့ လုံခြုံရေးကို သေသေချာချာ လုပ်ဆောင်ပေးဖို့ အာဏာပိုင်တွေကို တိုက်တွန်းလိုပါတယ်”

    Ref : Reuters

  • ဟိန္ဒူဘာသာကို စော်ကားပြောဆိုသည့် မွတ်စလင်တရားဟောဆရာကို မလေးရှားက ဖမ်းဆီးစစ်ဆေးနေ

    ဟိန္ဒူဘာသာကို စော်ကားပြောဆိုသည့် မွတ်စလင်တရားဟောဆရာကို မလေးရှားက ဖမ်းဆီးစစ်ဆေးနေ

    ဧပြီ ၂၉၊ ၂၀၁၉
    M-Media

    – ဟိန္ဒူဘာသာကို စော်ကားပြောဆိုတဲ့ မွတ်စလင်တရားဟောဆရာတစ်ယောက်ကို ဖမ်းဆီး ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ မလေးရှားနိုင်ငံက ဒီကနေ့မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

    အသက် ၃၄ နှစ်အရွယ် မိုဟာမက် ဇမ်မရီ ဗီနော့သ်ဆိုသူဟာ ဟိန္ဒူဘာသာနဲ့ပတ်သက်ပြီး စော်ကားပြောဆိုတာတွေ လုပ်ခဲ့တယ်လို့ ပြည်သူတွေက တိုင်ကြားပြီးတဲ့နောက်ပိုင်း ပဲရ်လစ်မြို့ ရာဇ၀တ်မှု တိုက်ဖျက်ရေးဌာနက ဧပြီလ ၂၈ ရက် (တနင်္ဂနွေ) နေ့မှာ ဖမ်းဆီးခဲ့တာလို့ ရဲချုပ် တန်ဆရီ မိုဟာမက် ဖူဇီ ဟာရွန်က ပြောကြားခဲ့ပါတယ်။

    လက်ရှိမှာ ဒန်ဝမ်ငီးရဲတပ်ဖွဲ့ကို လွှဲပြောင်းကာ နိုင်ငံတော် စည်းလုံးမှုပျက်ပြားအောင် လုပ်ဆောင်မှု၊ ပြည်သူတွေအကြား အမုန်းပွားအောင် လုပ်ဆောင်မှု ပုဒ်မတွေ၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မတွေနဲ့ တရားစွဲဆိုထားပါတယ်။

    ဗီနော့သ်ဟာ နိုင်ငံမြောက်ပိုင်း ကလန်တန်းပြည်နယ်က ဗလီတစ်လုံးမှာ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက ဟိန္ဒူဘာသာကို စော်ကားပြုဆိုမှုတွေ လုပ်ခဲ့ပြီး အဲဒီဗီဒီယိုကို Kelantan Sunnah Info​ ဆိုတဲ့ အဖွဲ့အစည်းတစ်ခုက YouTube မှာ လွှင့်တင်ခဲ့ပါတယ်။

    “တနင်္လာနေ့မနက်ပိုင်းအထိ တိုင်ကြားမှုပေါင်း ၈၆၇ ခု ရရှိခဲ့ပါတယ်။ တိုင်ကြားမှုတွေ ဒီထက်ပိုများလာဖို့လည်း ရှိနေပါတယ်” လို့ ရဲချုပ်က ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    Ref: The Star

  • အလုပ်အလွန်အကျွံလုပ်ရမှုကြောင့် အင်ဒိုနီးရှားရွေးကောက်ပွဲဝန်ထမ်း ၂၀၀ ကျော် သေဆုံး

    အလုပ်အလွန်အကျွံလုပ်ရမှုကြောင့် အင်ဒိုနီးရှားရွေးကောက်ပွဲဝန်ထမ်း ၂၀၀ ကျော် သေဆုံး

    ဧပြီ ၂၈၊ ၂၀၁၉
    M-Media

    – အလုပ်အလွန်အကျွံ လုပ်ရမှုကြောင့် သေဆုံးခဲ့တဲ့ ရွေးကောက်ပွဲဝန်ထမ်းဟာ ၂၇၀ ကျော်ရှိခဲ့တယ်လို့ အင်ဒိုနီးရှား ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    အင်ဒိုနီးရှားဟာ ဧပြီလ ၁၇ ရက်နေ့က သမ္မတ၊ ပြည်ထောင်စုလွှတ်တော်အမတ်၊ ပြည်နယ်လွှတ်တော်အမတ် ရွေးကောက်ပွဲတွေကို တစ်ကြိမ်တည်း စုပေါင်းကျင်းပခဲ့တာပါ။ ကုန်ကျငွေ ချွေတာဖို့အတွက် ဒီလို တစ်ပေါင်းတည်း ကျင်းပခဲ့တာဖြစ်ပြီး နိုင်ငံသမိုင်းတစ်လျှောက်မှာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

    လူဦးရေ သန်းပေါင်း ၂၆၀ ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ မဲပေးပိုင်ခွင့်ရှိသူ အရေအတွက်ဟာ ၁၉၃ သန်းရှိပြီး မဲရုံပေါင်း ၈ သိန်းရှိပါတယ်။ ရွေးကောက်ပွဲကာလမှာ ကူညီပေးခဲ့တဲ့ဝန်ထမ်းကတော့ ၇ သန်း ရှိပါတယ်။

    ရွေးကောက်ပွဲ ၀န်ထမ်းတွေဟာ ပူလောင်တဲ့ရာသီဥတုမှာ အလုပ်အလွန်အကျွံ လုပ်ရတာကြောင့် မူးလဲတာတွေ၊ နေထိုင်မကောင်းတာတွေ ဖြစ်ခဲ့ပါတယ်။ အင်ဒိုနီးရှား ရွေးကောက်ပွဲကော်မရှင် KPU ရဲ့ ပြောရေးဆိုခွင့်ရှိသူ အာရစ်ဖ် ပရီယို ဆူဆန်တိုက နေထိုင်မကောင်းဖြစ်ခဲ့တဲ့ ရွေးကောက်ပွဲဝန်ထမ်း ၁၈၇၈ ဦးရှိပြီး အဲဒီအထဲမှာ ၂၇၂ ဦး သေဆုံးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    အင်ဒိုနီးရှားမှာ အစိုးရ၀န်ထမ်းတွေဟာ ပုံမှန်အားဖြင့် တာဝန်မထမ်းဆောင်ခင် ဆေးစစ်ရလေ့ရှိပေမယ့် ရွေးကောက်ပွဲ ၀န်ထမ်းတွေက လုပ်အားပေးသဘောမျိုးသာ ဖြစ်တဲ့အတွက် လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်ပြီး ခန့်အပ်တာမျိုး မဟုတ်ပါဘူ။

    ရွေးကောက်ပွဲကော်မရှင်က သေဆုံးသူတစ်ဦးချင်းစီအတွက် ကျန်ရစ်သူမိသားစုကို ရူပြား ၃၆ သန်း (ကန်ဒေါ်လာ ၂၅၀၀) နစ်နာကြေးပေးဖို့ စီစဉ်နေပါတယ်။ ဒီပမာဏဟာ တစ်နှစ်စာ လုပ်အားခနဲ့ ညီမျှပါတယ်။

    ဒါပေမယ့် အစိုးရဟာ ရွေးကောက်ပွဲလုပ်အားပေး ၀န်ထမ်းတွေကို အလွန်အကျွံခိုင်းစေမှုကြောင့် ဒီလို သေဆုံးမှုတွေ ဖြစ်ရတာဖြစ်တယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

    လက်ရှိသမ္မတ ဂျိကိုဝီဒိုဒိုဟာ ပြိုင်ဘက် ပရာဘိုဝိုကို မဲအရေအတွက် ၁၀ ရာခိုင်နှုန်းအသာနဲ့ အနိုင်ရတယ်လို့ တရားဝင်မဟုတ်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး မီဒီယာတွေက ဖော်ပြနေကြပါတယ်။ သမ္မတရွေးကောက်ပွဲရလဒ်နဲ့ ပြည်ထောင်စုလွှတ်တော်အမတ် ရွေးကောက်ပွဲ ရလဒ်တွေကို KPU က မေလ ၂၂ ရက်နေ့မှာ ကြေငြာမှာ ဖြစ်ပါတယ်။

    Ref: BBC

  • နိုင်ငံခြားသို့ အိမ်အကူလုပ်သားစေလွှတ်မှု ပိတ်ထားခြင်းကို မြန်မာ ဖယ်ရှား

    နိုင်ငံခြားသို့ အိမ်အကူလုပ်သားစေလွှတ်မှု ပိတ်ထားခြင်းကို မြန်မာ ဖယ်ရှား

    ဧပြီ ၂၈၊ ၂၀၁၉
    M-Media

    စင်ကာပူနိုင်ငံမှ လူနေအိမ်ယာတစ်ခု

    – စင်ကာပူအပါအ၀င် နိုင်ငံခြားတိုင်းပြည် ၄ ခုကို အိမ်အကူစေလွှတ်မှု ပိတ်ပင်ထားခြင်းကို အလုပ်သမားဝန်ကြီးဌာနက ရုပ်သိမ်းလိုက်ပြီလို့ ‘မြန်မာ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်’ (MOEAF) က ကြာသာပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

    MOEAF အဖွဲ့ ဥက္ကဌ ဦးပီတာညွန့်မောင်က စင်ကာပူ၊ ထိုင်း၊ ဟောင်ကောင်နဲ့ မကာအိုတို့ကို အိမ်အကူအလုပ်သမားတွေ ပြန်လည်စေလွှတ်နိုင်မှာဖြစ်ပြီး တင်းတင်းကြပ်ကြပ် ကိုင်တွယ်ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    “(အစိုးရရဲ့) ပိတ်ပင်ထားမှုအတွင်း အိမ်အကူလုပ်သားတွေဟာ နိုင်ငံရပ်ခြားကို တရားမ၀င် သွားရောက်ကြတာပါပဲ။ တရားဝင်လုပ်လိုက်တော့ ထိန်းချုပ်ဖို့ ပိုလွယ်သွားတယ်”

    မြန်မာနိုင်ငံက သွားရောက်အလုပ်လုပ်ကိုင်တဲ့ အိမ်အကူလုပ်သားတွေကို ကာကွယ်ပေးရေးအတွက် စင်ကာပူက အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီတွေနဲ့ တွေ့ဆုံကာ လက်မှတ်ရေးထိုးဖို့လည်း အလုပ်သမား ၀န်ကြီးဌာနနဲ့ MOEAF တို့က စီစဉ်နေပါတယ်။

    MOEAF က အိမ်အကူလုပ်သားတွေကို သဘောတူညီချက်အသစ်နဲ့ စင်ကာပူကို ပထမဆုံး စေလွှတ်သွားမှာဖြစ်ပြီး နောက်ပိုင်းမှာ အခြားတိုင်းပြည်တွေကို စေလွှတ်မယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    နိုင်ငံရပ်ခြားမှာ အိမ်အကူလုပ်သား ခန့်အပ်တဲ့ လုပ်ထုံးလုပ်နည်းတွေ – အထူးသဖြင့် စာချုပ်၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သက်ပြီး မြန်မာနဲ့ စင်ကာပူတို့က အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေအတွက် အသေးစိတ်အစီအစဉ်ထားမှုကို အကြောင်းကြားဖို့ အလုပ်သမားဝန်ကြီးဌာနက MOEAF ကို ညွှန်ကြားထားပါတယ်။

    “အရင်က ကျွန်တော်တို့ အိမ်အကူလုပ်သားတွေ ခံစားခဲ့ရတဲ့ အခြေအနေမျိုးတွေ ထပ်မဖြစ်အောင် ကျွန်တော်တို့ ဆောင်ရွက်သွားမှာပါ” လို့ ဦးပီတာညွန့်မောင်က ပြောကြားခဲ့ပါတယ်။

    ရွှေပြောင်းလုပ်သားတွေကို ကူညီပေးနေတဲ့ စင်ကာပူအခြေစိုက်အဖွဲ့ Humanitarian Organisation for Migration Economics မှာ စေတနာ့ဝန်ထမ်း လုပ်အားပေးနေသူ မကစ်တီအေးမာမာက အိမ်အကူလုပ်သားစေလွှတ်မှု ပိတ်ပင်ထားတာကို အခုလို ဖယ်ရှားပေးလိုက်တာကြောင့် အလုပ်အကိုင်အေဂျင်စီတွေက မရိုးမသားလုပ်တာမျိုးလို အမြတ်ထုတ်ခံရမှုတွေကို လျှော့ချနိုင်ပြီး လုပ်သားတွေကို ပိုမိုကာကွယ်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် အိမ်အကူလုပ်သား ခန့်အပ်မှုနဲ့ပတ်သက်ပြီး မြန်မာ-စင်ကာပူ နှစ်နိုင်ငံ အစိုးရတွေ သဘောတူစာချုပ် ချုပ်ဆိုထားတာမျိုးက ပိုမိုကောင်းမွန်တယ်လို့ သူမက ဆိုပါတယ်။

    စင်ကာပူအပါအ၀င် နိုင်ငံရပ်ခြားမှာ မြန်မာအိမ်အကူလုပ်သားတွေ ညှင်းပမ်းခံရတာ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်ပိုင်း ၂၀၁၄ ခုနှစ်မှာ မြန်မာအစိုးရက နိုင်ငံရပ်ခြားကို အိမ်အကူလုပ်သား စေလွှတ်မှုကို ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

    ဒီလိုပိတ်ပင်ထားပေမယ့် နှစ်နိုင်ငံစလုံးမှာရှိတဲ့ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကနေတစ်ဆင့် စင်ကာပူမှာ အိမ်အကူလုပ်နေတဲ့ မြန်မာလုပ်သား ၅ သောင်းလောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ အေဂျင်စီတွေဟာ ၀န်ဆောင်ခအဖြစ် အလုပ်သမားတွေရဲ့လစာ ၈ လစာလောက်အထိ ခေါင်းပုံဖြတ်မှုလည်း ရှိနေပါတယ်။

    Ref: mmtimes

    (Myanmar Times အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် သတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုပါသည်။)

  • အမေရိကန်လေယာဉ်တင်သင်္ဘောအား စောင့်ကြည့်ထောက်လှမ်းခဲ့သည့် ဗီဒီယိုကို အီရန်ထုတ်ပြ

    အမေရိကန်လေယာဉ်တင်သင်္ဘောအား စောင့်ကြည့်ထောက်လှမ်းခဲ့သည့် ဗီဒီယိုကို အီရန်ထုတ်ပြ

    ဧပြီ ၂၈၊ ၂၀၁၉
    M-Media

    – ပင်လယ်ကွေ့မှာ တပ်ဖြန့်ချထားတဲ့ အမေရိကန် လေယာဉ်တင်သင်္ဘော USS Dwight D Eisenhower ကို အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ဒရုန်းနဲ့ ထောက်လှမ်းစောင့်ကြည့်ခဲ့တဲ့ ဗီဒီယိုတစ်ခုကို အီရန်သတင်းမီဒီယာ Tasnim က မနေ့မှာ ထုတ်လွှင့် ပြသခဲ့ပါတယ်။

    လေယာဉ်တင်င်္ဘောအပြင် အမေရိကန်ရေတပ်က အခြား စစ်သင်္ဘောတစ်စီးကိုပါ ထောက်လှမ်းစောင့်ကြည့်ခဲ့တာကို  သတင်းဌာနက ပြသခဲ့ပေမယ့် ဘယ်တုန်းက ဗီဒီယိုလည်းဆိုတာကိုတော့ ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပါဘူး။ ဒီလို ထောက်လှမ်းမှုကို အီရန်ရဲ့ ပြည်တွင်းဖြစ်ဒရုန်း Ababil-3 နဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဒရုန်းဟာ အမြင့် ၃၆၅၈ မီတာမှာ ကီလိုမီတာ ၂၅၀ အကွာအဝေးထိ ပျံသန်းနိုင်တဲ့ ဘက်စုံသုံးဒရုန်း ဖြစ်ပါတယ်။

    အမေရိကန်ရေတပ် အလယ်ပိုင်းစစ်ဌာနချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ခိုလ်ဂျေမော်ဂန်က USS Dwight D Eisenhower လေယာဉ်တင်သင်္ဘောဟာ ၂၀၁၆ ခုနှစ်ကတည်းကစပြီး ပင်လယ်ကွေ့မှာ မရှိတော့ဘဲ အမေရိကန်နဲ့ မဟာမိတ်တွေဟာ ဟော်မုဇ်ရေလက်ကြား လွတ်လပ်စွာ ရေကြောင်းသွားလာမှု ကတိက၀တ်ကို လိုက်နာတယ်လို့ ပြောကြားခဲ့ပါတယ်။

    အီရန်က ထိပ်တန်းတပ်ဖွဲ့ဖြစ်တဲ့ ‘တော်လှန်ရေးအစောင့်တပ်’ ကို အမေရိကန် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အခုလအစောပိုင်းမှာ ကြေငြာခဲ့ပြီး ဒါဟာ နိုင်ငံတစ်နိုင်ငံရဲ့ တရားဝင်စစ်တပ်တစ်ခုကို အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန်က ပထမဆုံး ကြေငြာတာလည်း ဖြစ်ပါတယ်။

    ဒီလုပ်ရပ်ကို တုန့်ပြန်တဲ့အနေနဲ့ အီရန်ကလည်း အရှေ့အလယ်ပိုင်းက အမေရိကန်တပ်ဖွဲ့ကို ‘အကြမ်းဖက်အဖွဲ့’ အဖြစ် သတ်မှတ်ခဲ့ပြီး အမေရိကန်အစိုးရဟာ ‘အကြမ်းဖက်အားပေးတဲ့နိုင်ငံ’ ဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။

    ရေကြောင်းကနေ ရေနံတင်ပို့မှုရဲ့ ၃ ပုံ ၁ ပုံလောက် ဖြတ်သန်းသွားလာနေတဲ့ ဟော်မုဇ်ရေလက်ကြားဟာ အမေရိကန်နဲ့ အီရန်တို့အကြား ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်တတ်တဲ့ နေရာတစ်ခုဖြစ်ပြီး ၁၉၈၈ ခုနှစ်က ဒီရေလက်ကြားမှာ နှစ်နိုင်ငံ တစ်ရက်ကြာစစ်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

    ၂၀၁၆ ခုနှစ်ကလည်း အီရန်ရေတပ်ဟာ ပင်လယ်ကွေ့ကိုရောက်လာတဲ့ အမေရိကန်ရဲ့ နျူစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော USS Harry Truman ကို ဝေဟင်ကနေ ထောက်လှမ်းစောင့်ကြည့်နိုင်ခဲ့ပါတယ်။

    Ref: Aljazeera