News @ M-Media

Blog

  • အမေရိကန်ရှိ ဂျူးဘုရားကျောင်းတစ်ခု အကြမ်းဖက်တိုက်ခိုက်ခံရ

    အမေရိကန်ရှိ ဂျူးဘုရားကျောင်းတစ်ခု အကြမ်းဖက်တိုက်ခိုက်ခံရ

    ဧပြီ ၂၈၊ ၂၀၁၉
    M-Media

    တိုက်ခိုက်ခံရည့် ဂျူးဘုရားကျောင်း

    – အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းက ဂျူးဘုရားကျောင်းတစ်ခုကို သေနတ်သမားတစ်ဦး ၀င်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး လူတစ်ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ကာ အာဏာပိုင်တွေကတော့ ဒါဟာ အမုန်းဆောင်ရာဇ၀တ်မှုလို့ ထုတ်ပြန်ထားပါတယ်။

    ပိုဝေမြို့ Chabad of Poway ဆိုတဲ့ ဂျူးဘုရားကျောင်းမှာ မနေ့က ၀တ်ပြုဆုတောင်းသူနေစဉ် အသက် ၁၉ နှစ်အရွယ် လူဖြူအမျိုးသား ဂျွန်အန်းနက်စ်ဆိုသူက ချေမှုန်းရေးရိုင်ဖယ်နဲ့ ၀င်ရောက်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ မြို့နယ် ငြိမ်ဝပ်ပိပြားရေး အရာရှိ ၀ီလီယံဂိုရီက သေနတ်ဟာ ပစ်ခတ်နေစဉ် ဂျမ်းဖြစ်သွားတဲ့လက္ခဏာ ရှိခဲ့တယ်လို့ ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

    အန်းနက်စ်ဟာ ပစ်ခတ်မှုပြုလုပ်ပြီးတဲ့နောက် ကားနဲ့ထွက်ပြေးသွားပေမယ့် နောက်ပိုင်းမှာတော့ ရဲတပ်ဖွဲ့ထံ လက်နက်ချ  အဖမ်းခံခဲ့ပါတယ်။

    သမ္မတ ဒေါ်နယ်ထရမ့်အပါအ၀င် အမေရိကန်အစိုးရအရာရှိတွေက ဒီပစ်ခတ်မှုကို ရှုတ်ချခဲ့ပြီး ဒါဟာ ဂျူးမုန်းတီးရေး တိုက်ခိုက်မှု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်း လူ ၄ ဦး ထိခိုက်ခဲ့ပြီး အဲဒီအထဲက အဘွားအိုတစ်ဦးဟာ ဒဏ်ရာကြောင့် သေဆုံးသွားခဲ့ပါတယ်။

    ပိုဝေးမြို့တော်ဝန် စတီဗ် ဗက်စ်က သေနတ်သမား ဘုရားကျောင်းထဲ ၀င်ရောက်လာစဉ်အချိန်မှာ ဟစ်အော်ခဲ့တဲ့ စကားတွေကြောင့် ဒီတိုက်ခိုက်မှုဟာ အမုန်းရာဇ၀တ်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဘာ့ကြောင့် ဒီလိုပစ်ခတ်ရလဲဆိုတာကို ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ ရဲတပ်ဖွဲ့အကြီးအကဲ ဂိုရီကတော့  စုံစမ်းစစ်ဆေးသူတွေဟာ အန်းနက်စ်ရဲ့ ဆိုရှယ်မီဒီယာပို့စ်တွေနဲ့ သူ့ရဲ့ ‘ကြေငြာစာတမ်း’ တို့ကို သုံးသပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ အန်းနက်စ်ဟာ ရာဇ၀တ်မှုမှတ်တမ်းမရှိပေမယ့် ပိုဝေးမြို့အနီး အက်စ်ကွန်ဒီဒိုမြို့မှာ ပြီးခဲ့တဲ့လက ဗလီတစ်လုံးကို မီးရှို့ခဲ့တယ်လို့ သူကိုယ်တိုင် ၀န်ခံထားတဲ့ ကိစ္စကို တာဝန်ရှိသူတွေက စစ်ဆေးနေပါတယ်။ ဗလီမီးလောင်မှုမှာ ပျက်ဆီးမှုတွေ ရှိခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရမှု မရှိပါဘူး။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၇ ရက်နေ့က ပင်ဆဲလ်ဗားနီးယားပြည်နယ် ပစ္စဘာ့ဂ်မြို့က Tree of Life ဂျူးဘုရားကျောင်းကို လူဖြူအစွန်းရောက် အသက် ၄၆ နှစ်အရွယ် ရောဘတ် ဂရီဂိုရီ ဘောင်ဝါဆိုသူက သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် ၁၁ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံ သမိုင်းမှာ ဂျူးလူမျိုးတွေကို ပစ်မှတ်ထားတဲ့ အကြီးမားဆုံး ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပါတယ်။

    သမ္မတဒေါ်နယ်ထရမ့် အာဏာရပြီးနောက်ပိုင်း အမေရိကန်မှာ လူဖြအစွန်းရောက် ၀ါဒနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ မြင့်တက်လာပြီး သမ္မတရဲ့ လူမျိုးရေးခွဲခြားတဲ့စကားတွေ၊ အပြုအမူတွေက လူဖြူအစွန်းရောက်တွေကို အားပေးသလို ဖြစ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

    Ref: Aljazeera

  • ဝမ်းနည်းဖွယ် သီရိလင်္ကာအကြမ်းဖက်မှုနှင့် ဘာသာရေးအမည်ခံ အစွန်းရောက် အန္တရာယ်

    ဝမ်းနည်းဖွယ် သီရိလင်္ကာအကြမ်းဖက်မှုနှင့် ဘာသာရေးအမည်ခံ အစွန်းရောက် အန္တရာယ်

    ဧပြီ ၂၇၊ ၂၀၁၉
    မြင်သစ်

    ကာတွန်းဆရာ Angelo Lopez ရဲ့ သရုပ်ဖော်မှု

    ခုခေတ်မှာ ဘာသာအယူဝါဒတိုင်းမှာ အမည်ခံ အစွန်းရောက်သမားတွေ ရှိနေတာဟာ အရှိတရားပါ။ အချို့က စိတ်အတွေးထဲလောက်ပဲ အစွန်းရောက်မယ်၊ အချို့က အကောင်ထည်ဖော်ခြင်းတွေပါရှိမယ်။

    အစွန်းရောက်မှုကို တိုက်ဖျက်ဖို့ လူတိုင်းမှာ တာဝန်ရှိတယ်၊ သက်ဆိုင်ရာ ဘာသာဝင်တွေမှာ ပိုတာဝန်ထိုက်ပါတယ်။ ကိုယ်နဲ့ အဓိက ဆိုင်တဲ့ အစ္စလာမ်တွင်း ဘာသာတရားအမည်ခံ အစွန်းရောက်ခြင်း အကြောင်း ပြောပါမယ်။

    ပြဿနာတစ်ခုကို ဖြေရှင်းဖို့ အဲ့ဒီ့ပြဿနာ အရှိတရားကို ဦးစွာ လက်ခံဖို့လိုပါမယ်။ သူများလွှဲချ ခရူးဆိတ်နဲ့ ဇီယွန်ဝါဒီတွေ၊ နိုင်ငံရေးလက်မဲတွေကြောင့်ချည်းပဲဆိုတဲ့ Conspiracy Theoryက ရသေ့စိတ်ဖြေပဲရပါမယ်၊ လက်တွေ့ကျ အဖြေမဟုတ်ပါ။

    အစ္စလာမ်ဟာ ငြိမ်းချမ်းရေးဘာသာတရား၊ ပျက်စီးရာပျက်စီးကြောင်းတွေ မလုပ်ဖို့နဲ့ အပြစ်မဲ့သူ(ဘာသာလူမျိုး ကျားမမခွဲ) တွေ အသက်မသတ်ဖို့ တားမြစ်ထားလို့ ဖောက်ဖျက်ကျူးလွန်သူဟာ မွတ်စလင်မ်မဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်ဟာလည်း သီအိုရီပိုင်းအရ မှန်ပေမယ့် လုံလောက်တဲ့ အားထုတ်မှုမဟုတ်သေးပါ။ ကျူးလွန်သူက ကိုယ့်ဘာသာတရားအမည်ခံထားနေပြီ၊ ကိုယ်ရော စိတ်ရော ထောက်ခံအားပေးသူတွေက ကိုယ့်ဘာသာဝင်အမည်ခံထားပြီးနေပြီ။

    ဒီပြဿနာရဲ့ အဖြေအတွက် ကျွန်တော်တို့တွေ နောက်ခံအကြောင်းတရားတွေကို မရောထွေးလိုက်ဖို့လိုပါမယ်။ ရေခံမြေခံတွေထဲမှာ နိုင်ငံရေး လူမှုရေး စီးပွားရေး ဖိနှိပ်မှုတွေ၊ မတရားမှုတွေ၊ နိုင်ငံရေးလက်မဲတွေ ပါတာ သေချာသလောက်ပါ။ ကိုယ် မဖြေရှင်းနိုင်သေးတဲ့ ရှုပ်ထွေးမှုတွေကိုချည်း လက်ညှိုးထိုးနေလို့ အဖြေရလာမှာ မဟုတ်လို့ပါ။

    ကျွန်တော်တို့ အဖြေက ကိုယ့်အတိုင်းအတာတွင်း လက်ရှိ အခင်းအကျင်းမှာ ထုတ်မှ လက်တွေ့ဆန်မှာပါ။ မေးခွန်းက ကိုယ်မလုပ်နိုင်တဲ့ အကြောင်းတွေပြရင်း လူ့အဖွဲ့အစည်း ပျက်စီးခံမလား၊ နိုင်တာကို လက်တွေ့ကျလုပ်ရင်း တိုးတက်မလား။ ညစ်ပတ်တဲ့ နိုင်ငံရေး အခင်းအကျင်းကတော့ မျက်ဖြူစိုက်လေ ကြိုက်လေပဲလေ။

    အခု သီရိလင်္ကာမှာဖြစ်တယ် (အကြမ်းဖက် ကျူးလွန်သူတွေကို ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပြီး အကြမ်းဖက်ခံတွေနဲ့အတူရပ်တည်ပြီး စိတ်မကောင်းဝမ်းနည်းကြောင်းဖော်ပြလိုပါတယ်)။ ဘာသာနိုင်ငံရေးလုပ် လူနည်းစုတွေကို ဖိနှိပ်တိုက်ခိုက်နေတဲ့ အခင်းအကျင်းအရ ဒီအကြမ်းဖက်မှုကို ဘီ၂လုံးအက်စ် ထေရဗုဒ္ဓဝါဒအမည်ခံ အမျိုးသားရေးအစွန်းရောက်အဖွဲ့ကို သံသယဦးစွာဖြစ်ကြတယ်။ ဘာသာရေးသမိုင်းကြောင်းတူ၊ လက်ရှိ ဖိနှိပ်ခံချင်းတူနေတဲ့ မွတ်စလင်မ် ခရစ်ယာန်လူ့အဖွဲ့အစည်းကြား ပြဿနာမရှိ၊ မဟာမိတ်ကိုး။

    အဖြစ်နိုင်ဆုံး သံသယရှိ ကျူးလွန်သူက သဘောထားတင်းမာ၊ သင်းကွဲနေတဲ့ သီရိလင်္ကာမွတ်စလင်မ်အဖွဲ့ငယ်တစ်ခု။ သမိုင်းချီနိုင်ငံရေး မတည်ငြိမ်မှုကလည်း ရှိခဲ့၊ သမ္မတနဲ့ ဝန်ကြီးချုပ်ကလည်း လက်ရှိ နိုင်ငံရေးကွဲပြဲ၊ မဟာပါဝါနိုင်ငံတွေအားပြိုင်နေတဲ့ အခင်းအကျင်းမို့ အချို့မွတ်စလင်မ်တွေက သူများလွှဲချ သီအိုရီ သုံးချင်ကြပြန်ပါတယ်။

    တာဝန်သိ မွတ်စလင်မ်အဖွဲ့အစည်းကြီးက နှစ်ချီကြိုတင် သံသယသတင်း ထောက်ထားတိကျပေးပေမယ့် ညစ်ပတ်တဲ့ နိုင်ငံရေးခင်းကျင်းမို့ တာဝန်ရှိအာဏာပိုင်က ထိရောက်စွာ အရေးမယူခဲ့တာ ဘွင်းဘွင်းပြောရရင် “ဟ” ပေးလိုက်နိုင်ချေရှိတာက တစ်ပိုင်းပါ။  ဒါတွေက အပေါ်မှာညွှန်းသလို Dark Power နဲ့ Dirty Politics က အမြဲရှိနေမှာ၊ ဒါကို လက်ညှိုးထိုးလိုက်ရုံနဲ့ မွတ်စလင်မ်လူ့အဖွဲ့အစည်းတွေအတွက် မလုံလောက်သွားပါ။ အိုက်စစ် ISက လတ်တလောပဲ သူတို့ လုပ်တာဆိုပြီး ထကြေငြာပြီ၊ ကျူးလွန်သူအချို့ရဲ့ ကိုယ်ရေးအသေးစိတ်တွေလည်း ထွက်လာနေပြီ။

    ဒီဖြစ်ရပ်ဟာ သီရိလင်္ကာနဲ့ သမိုင်းကြောင်းနဲ့ နိုင်ငံရေး ဆင်တဲ့ မြန်မာနိုင်ငံနေ မြန်မာ့မွတ်စလင်မ်တွေအတွက် တပ်လှန့်မှုပါပဲ။

    ကြောက်စရာအကောင်းဆုံးအချက်က အိုက်စစ်ရဲ့ ဗျူဟာအပြောင်းပါ၊ တစ်နည်းပြောရရင် အသက်ငင်လာချိန်ဗျူဟာပေါ့။  ဖိနှိပ်ခံရလို့အားနည်းနေပြီသား၊ ညစ်ပတ်တဲ့ နိုင်ငံရေးခင်းကျင်းရှိလို့ သူတို့လုပ်ရပ်ကို ဟပေးနိုင်ချေရှိပြီးသား၊ ဒေသခံမွတ်စလင်မ်များစုနဲ့ကလည်း မဟာမိတ် စတဲ့ လုံးဝမထင်ထားတဲ့ အားအနည်းဆုံး ပြစ်မှတ်ကို ရွေးချယ်လာမှုပါ။ အများသူငါ မွတ်စလင်မ်တွေလည်း သူတို့ကို လက်မခံရင် အယူပျက်သူလို့ သတ်မှတ်ပြီးမို့ နောက်ဆက်တွဲအကျိုးဆက်ကို သူတို့ ထည့်ကို မစဉ်းစားပါ။

    ကျွန်တော်တို့မှာ အတွေးပူတစ်ခုရှိတယ်။ ကိုယ်ရေးမှ ညစ်ပတ်တဲ့ နိုင်ငံရေးလက်မဲတွေအတွက် လမ်းကြောင်းသလိုဖြစ်မလားပေါ့။ မမှန်ပါ။ သူတို့မှ အင်အားကြီးတဲ့ သတင်းရယူကွန်ရက်နဲ့ အခြားလိုအပ်တဲ့ ရင်းမြစ်အားလုံးရှိပါတယ်။ ကိုယ် ပြောပြော မပြောပြော သူတို့ လုပ်ချင်ရင် လုပ်မှာပါပဲ၊ အသုံးချမှာပါပဲ။ ဘာသာရေး နိုင်ငံရေး ကူးလူးဆက်စပ်မှုရှိတဲ့ နိုင်ငံတွေအကြား ဒီသတင်းကလည်း လူထုအမြင်ပေါ် ကိုယ်တွေ မပြောလည်း ရောက်နေပြီးသားပါ။

    ဘာသာပြု နိုင်ငံရေးနဲ့ အမျိုးသားရေးအစွန်းရောက်မှု အားကောင်းလာနေတဲ့ မြန်မာနိုင်ငံရေးအခင်းအကျင်းမှာ ဖိနှိပ်ခံနေရတဲ့၊ နိုင်ငံရေး ဓားစာခံလုပ်ခံနေရတဲ့ လူ့အဖွဲ့အစည်းတွေဟာ အဆိုးသံသရာလည် သဘောတရားအရ အစွန်းရောက်အဖွဲ့တွေရဲ့ တိုက်ပွဲခေါ်သံအတွက် အာရုံကျရဖြစ်ပြီး အဲ့ဒါကပဲ တခါ နိုင်ငံရေးလက်မဲတွေအတွက် အကြိုက်ပါပဲ။

    အဲ့တော့ မြန်မာမွတ်စလင်မ်အသိုင်းအဝိုင်းကပဲ ဖြစ်ရပ်ဆိုးတွေ မဖြစ်ရအောင်၊ မျက်ဖြူစိုက်လေအဖြစ်မျိုး မဖြစ်ရအောင် စတင်ပြီး သဘောမျှတတဲ့ အခြားလူ့အဖွဲ့အစည်း အသိုင်းအဝိုင်းတွေနဲ့ ပူးပေါင်းပြီး ကာကွယ်ဆောင်ရွက်တာ၊ အစိုးရနဲ့ အာဏာပိုင်တွေကိုလည်း တတ်နိုင်သမျှ advocate ဆော်သြတိုက်တွန်းတာတွေ လုပ်ရမှာပါပဲ။

    ဘူးတစ်လုံးဆောင်နေတာ၊ လွှဲချသီအိုရီသုံးနေလို့၊ ၂၀၁၀သင်္ကြန်ဗုံးကွဲမှုဖြစ်ရပ်မှာ မတရား အပြစ်လွှဲချခံရတာလို့ နိုင်ငံတကာက ယုံကြည်တဲ့ ကိုဖြိုးဝေအောင် အမှုနဲ့ အခြားအလားတူအမှုတွေကို ထောက်ပြနေလို့၊ နိုင်ငံရေးလက်မဲတွေက အားကြီးလွန်းပါတယ်ကွာလုပ်နေတာလို့ ရသေ့စိတ်ဖြေပဲဖြစ်မှာပါ။ လက်တွေ့အဖြေမဟုတ်ပါ။

    နည်းပညာကြောင့် ကမ္ဘာ့ရွာဖြစ်လာမှုမှာ စင်ကာပူလို လူမှုသဟဇတဖြစ်တဲ့ နိုင်ငံမှာတောင် self-radicalization case တွေရှိလို့ အရေးယူထားရတာတွေ ရှိနေပါတယ်။

    ဘာသာရေးသင်ကြားချက်တွေကို လွှဲမှားစွာ ဖွင့်ဆို ကောက်ယူမှု၊ (Extreme Form of Political Islam) ဘာသာရေးပြု နိုင်ငံရေး အစွန်းရောက်ပုံစံနဲ့ ဝါဒဖြန့်ချီမှုတွေကို ပြတ်ပြတ်သားသားဆန့်ကျင်ပြီး ထိရောက်စွာ တားစီးရပါမယ်။ တားစီးရာမှာ ဥပဒေကြောင်းအရရော သဘောမျှတတဲ့ ဘာသာရေး ideology တွေးခေါ်နဲ့ ဝါဒပိုင်းကို မြှင့်တင်အားပေးခြင်းတွေပါ လုပ်ရပါမယ်။ မြန်မာမွတ်စလင်မ်လူ့အဖွဲ့အစည်းအနေနဲ့ ဒီကိစ္စမှာ ကိုယ့်အချင်းချင်းမို့ဆိုပြီး လက်သိပ်ထိုးဆုံးမနေတာမျိုးထက် Zero Tolerance Policy ပြတ်သားတဲ့ လုံးဝသည်းမခံခြင်း မူကို သုံးရပါမယ်။

    အစိုးရအာဏာပိုင်တွေအနေနဲ့ သတိပြုအပ်တာကလည်း အစွန်းရောက်မှုကို တားဆီးရာမှာ လောအားကြီး တစ်ဖက်သတ် ဝါးလုံးရမ်းပုံစံ ဘာသာရေးဆိုင်ရာ နှိပ်ကွက်မှုတွေဟာ မထိရောက်တဲ့အပြင် အစွန်းရောက်အားပေးဖြစ်နိုင်တယ်ဆိုတာနဲ့ ပူးပေါင်းပါဝင်စေမှုကသာ အဖြေဆိုတာကိုပါ။ အစိုးရအာဏာပိုင်တွေအနေနဲ့လည်း နိုင်ငံတွင်း သက်ဆိုင်ရာလူ့အဖွဲ့အစည်းတွင်းက သဘောမျှတတဲ့ အဖွဲ့အစည်းတွေ၊ ခေါင်းဆောင်တွေ၊ ဘာသာရေးဆရာတွေနဲ့ ပူးပေါင်းပြီး စနစ်တကျ လုပ်ဆောင်အပ်ပါတယ်။ ဒေသတွင်းမှာ ဘာသာရေးအစွန်းရောက်တိုက်ဖျက်ရေးအောင်မြင်နေတဲ့ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားတို့ နဲ့ နိုင်ငံတကာမှာ မျှတလယ်လတ်ကျတဲ့ အစ္စလာမ်ရဲ့ ပုံရိပ်ကောင်းတွေဖြစ်တဲ့ ကျောင်းတော်တွေ (ဥပမာ-အီဂျစ်အလ်အဇ်ဟရ်တက္ကသိုလ်အမေရိကန် ဇိုင်သွန်နာကောလိပ်)နဲ့ ပညာရှင်တွေ (ဥပမာ-ရှိခ်ဘင်ဘယားရှိခ်ဟမ်ဇားယူစွဖ်)စသည်တို့ရဲ့ အကူအညီတွေကိုလည်း ယူအပ်ပါတယ်။

    ရေခံမြေခံဆိုးတွေဖြစ်တဲ့ မြန်မာမွတ်စလင်မ်တွေ ရင်ဆိုင်နေရတဲ့ နိုင်ငံသားခွင့်ရေးပြည့်ဝမရရှိဘဲ ခွဲခြားဆက်ဆံခံရမှု၊ ဘာသာပြုနိုင်ငံရေး၊ အမျိုးသားရေးအစွန်းရောက်ဝါဒနဲ့ အမုန်းစကားတွေရဲ့ ပြစ်မှတ်ထားခံရမှုစတဲ့ စိန်ခေါ်မှုတွေကိုလည်း အစိုးရအာဏာပိုင်တွေဘက်က အသိအမှတ်ပြုပြီး မြန်မာမွတ်စလင်မ်လူ့အဖွဲ့အစည်းကို လမ်းညွှန်မှုပြုကာ အခြား အရပ်ဖက်လူ့အဖွဲ့အစည်းတွေရဲ့အားကိုယူ ပူးပေါင်းပြီး ထိထိရောက်ရောက် ဖြေရှင်းအပ်ပါတယ်။

    မြန်မာမွတ်စလင်မ်တိုင်းကလည်း ဦးဆောင်သူအလိုက်၊ အသင်းအဖွဲ့အလိုက်၊ တစ်ဦးချင်းအလိုက် တာဝန်ယူမှု တာဝန်ခံမှုအလိုက် အသီးသီး မိမိတို့အဝန်းအဝိုင်းမှာ စတင်ဆောင်ရွက်တာ၊ ပူးပေါင်းပါဝင်တာတွေလုပ်ကြရပါမယ်။

    မြန်မာမွတ်စလင်မ်လူ့အဖွဲ့အစည်းဟာ အခြားဘာသာတရားတွေနဲ့ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွေက သူတို့အဝန်းအဝိုင်းအတွင်း ဘာသာအမည်ခံ နိုင်ငံရေးနဲ့ အစွန်းရောက်မှုတွေကို ကာကွယ်ဆန့်ကျင်ရာမှာလည်း အပြည့်အဝ ပူးပေါင်းအားထည့် ကူညီပေးရပါမယ်။

    မြင့်မြတ်တော်မူတဲ့ အနှိုင်းမဲ့ အရှင်ဆီမှာ ဆုမွန်ပြုကြရင်း၊ ပြဿနာကို လက်တွေ့ဆန်ဆန် ချဉ်းကပ်ကာ ပူးပေါင်းပါဝင်အဖြေရှာကြမယ်၊ ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် ကျွန်တော်တို့တွေ ဘာသာအမည်ခံအစွန်းရောက်ခြင်းကို  အကောင်းဆုံး ကိုင်တွယ်နိုင်ကြမှာပါ။

    Photo from Internet

    (ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာ ဖြစ်ပါသည်။)

  • အစွန်းရောက်တွေကြောင့် ၀ါလုံးသိမ်းအရမ်းခံနေရပြီဖြစ်တဲ့ သီရိလင်္ကာ မွတ်စလင်များ

    အစွန်းရောက်တွေကြောင့် ၀ါလုံးသိမ်းအရမ်းခံနေရပြီဖြစ်တဲ့ သီရိလင်္ကာ မွတ်စလင်များ

    ဧပြီ ၂၆၊ ၂၀၁၉
    M-Media

    ကိုလံဘိုမြို့မှ ဗလီဝတ်ကျောင်းတော်တစ်လုံး

    – သီရိလင်္ကာနိုင်ငံမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေဟာ မွတ်စလင်အစွန်းရောက်တွေရဲ့ လက်ချက်ဖြစ်တယ်လို့ သတင်းထွက်ပေါ်လာပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်း မွတ်စလင်တွေကို လက်တုန့်ပြန် တိုက်ခိုက်ဖို့ ကြိုးစားမှုတွေ ဖြစ်လာပါတယ်။

    တိုက်ခိုက်မှုကို နိုင်ငံအတွင်း မွတ်စလင်အဖွဲ့နှစ်ခုဖြစ်တဲ့ National Thowheed Jamaat နဲ့ Jammiyathul Millathu Ibrahim တို့က ပူးပေါင်းလုပ်ဆောင်တာဖြစ်တယ်လို့ သီရိလင်္ကာအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ IS အကြမ်းဖက်အဖွဲ့က ဖောက်ခွဲမှုတွေဟာ သူတို့ရဲ့လက်ချက် ဖြစ်တယ်လို့ ပြောဆိုထားပေမယ့် အာဏာပိုင်တွေက ဒီလိုပါဝင်မှုအတိုင်းအတာ ဘယ်လောက်အထိရှိလဲ ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

    ဒီအဖြစ်အပျက်အတွက် လက်တုန့်ပြန်တိုက်ခိုက်ခံရမှာကို နိုင်ငံတစ်ဝှမ်းက မွတ်စလင်တွေက စိုးရိမ်နေပြီး တစ်ချို့နေရာတွေမှာ  လူအုပ်ကြီးက မွတ်စလင်တွေရဲ့ နေအိမ်တွေကို တိုက်ခိုက်ဖျက်ဆီးမှုလည်း ရှိနေပါတယ်။

    မြို့တော် ကိုလံဘိုမှာ နေထိုင်တဲ့ မိုဟာမက် ဟာဆန်က တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်း အိမ်အပြင်ကို သိပ်မထွက်တော့ဘူးလို့ ပြောပါတယ်။ အသက် ၄၁ နှစ်အရွယ်သူဟာ ပုံနှိပ်လုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး မိသားစုက အိမ်ထဲမှာပဲနေဖို့ လိုလားနေတာ ဖြစ်ပါတယ်။

    “အပြင်သွားရင် အသက်ရှင်လျက် ပြန်လာနိုင်ပါ့မလားဆိုတာကို သူတို့က စိုးရိမ်နေတာ”

    ဗုံးခွဲမှုတွေဟာ မတ်လအတွင်းက နယူးဇီလန်နိုင်ငံ ခရိုက်ချက်မြို့က ဗလီဝတ်ကျောင်းတော် ၂ လုံးမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို လက်တုန့်ပြန်တာ ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးမှုမှာ တွေ့ရကြောင်း နယူးဇီလန် ကာကွယ်ရေးဝန်ကြီးက အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

    တိုက်ခိုက်မှုကို ဦးဆောင်လုပ်ခဲ့တဲ့ National Thowheed Jamaat(NTJ) အကြောင်းနဲ့ ဒီအဖွဲ့မှာ ပါဝင်သူတွေရဲ့ လုပ်ရှားဆောင်ရွက်မှုတွေကို နိုင်ငံရဲ့ အကြီးဆုံး အစ္စလာမ်ဘာသာရေးအဖွဲ့ ‘သီရိလင်္ကာ မွတ်စလင်ကောင်စီ’ က လွန်ခဲ့တဲ့ ၃ နှစ်အရင်ကတည်းက သီရိလင်္ကာ စစ်ထောက်လှမ်းရေးအဖွဲ့ကို အသိပေး အကြောင်းကြားထားပြီး ဖြစ်ပါတယ်။

    တိုက်ခိုက်မှုမဖြစ်ပွားခင် ၁၀ ရက်အလိုကလည်း တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို နိုင်ငံခြား ထောက်လှမ်းရေးဌာနတွေကနေတစ်ဆင့် သတင်းရခဲ့ပေမယ့် သီရိလင်္ကာအစိုးရဟာ ထိထိရောက်ရောက် ဟန့်တားခဲ့ခြင်း မရှိပါဘူး။

    သီရိင်္လင်္ကာက မွတ်စလင်တွေဟာ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပေမယ့် လက်တုန့်ပြန်ခံရမှာကိုလည်း ကြောက်ရွံ့နေပါတယ်။

    အသက် ၆၀ အရွယ် ဇာရီနာဘေဂွန်က ပြဿနာတွေဖြစ်ပွားပြီးကတည်းက ညဘက်ဆိုရင် ကောင်းကောင်း အိပ်မပျော်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    “မွတ်စလင်တွေအပေါ် သူတို့ ဒေါသထွက်နေတယ်ဆိုတာ ကျွန်မသိပါတယ်။ ရင်ခွင်ပိုက်ကလေးငယ်လေးတွေပါ အသတ်ခံလိုက်ရတာကိုး။ သူတို့(တိုက်ခိုက်သူတွေ)ရဲ့စိတ်ထဲမှာ ဒီလောက်အထိ အမုန်းတရား ကိန်းအောင်းနေမယ်လို့ ကျွန်မ မထင်ထားမိဘူး။ အမုန်းကြောင့် အမုန်းထပ်မဖြစ်တာ ပိုကောင်းတာပေါ့ရှင်”

    NTJ ခေါင်းဆောင်ဖြစ်တဲ့ ဇာဟ်ရန် ဟာရှင်ဟာ အစွန်းရောက်စကားတွေ ပြောကြားသိမ်းသွင်းနေတယ်ဆိုတာကို သီရိလင်္ကာမွတ်စလင်ကောင်စီ ဒုတိယဥက္ကဌ ဟီလ်မီ အဟ်မဒ်ကိုယ်တိုင် ထောက်လှမ်းရေးကို သတင်းသွားပေးခဲ့တာ ဖြစ်ပါတယ်။

    “ဒီလူက တစ်ယောက်တည်းလှုပ်ရှားတာဗျ။ ကုရ်အာန်သင်ပေးတယ်ဆိုတဲ့ပုံစံနဲ့ လူငယ်တွေကို သူက ဦးနှောက်ဆေးခဲ့တာ”

    အဖိနှိပ်ခံများ

    သီရိလင်္ကာနိုင်ငံရဲ့ ၂၂ သန်းသော လူဦးရေမှာ အများစုက ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး အစ္စလာမ်ဘာသာဝင်၊ ခရစ်ယာန်ဘာသာဝင်နဲ့ ဟိန္ဒူဘာသာဝင်တွေက လူနည်းစု ဖြစ်ပါတယ်။

    တမီလ်လူမျိုးတွေရဲ့ ၁၀ စုနှစ်ချီ ကြာမြင့်ခဲ့တဲ့ ခွဲထွက်ရေးကြိုးပမ်းမှုကြောင့် သီရိလင်္ကာနိုင်ငံမှာ ပြည်တွင်းစစ်ကြာရှည်ခဲ့ပြီး ၂၀၀၉ ခုနှစ် တမီလ်ကျားသူပုန်တွေကို အစိုးရက အပြီးသတ် ရှင်းလင်းနိုင်တဲ့အချိန်ရောက်မှ စစ်ပွဲ အဆုံးသတ်သွားတာ ဖြစ်ပါတယ်။ တမီလ်ကျားသူပုန်တွေကြောင့် ဟိန္ဒူဘာသာဝင်ဖြစ်တဲ့ တမီလ်တွေ၊ အစ္စလာမ်ဘာသာဝင်ဖြစ်တဲ့ တမီလ်တွေဟာ လူများစု ဆင်ဟာလီတွေရဲ့ ဖိနှိပ်ချုပ်ချယ်မှုကို ခံခဲ့ရပါတယ်။

    တစ်ဖက်မှာလည်း တမီလ်ကျားသူပုန်တွေက အစ္စလာမ်ဘာသာဝင်တွေကို အစိုးဘက်တော်သားလို့ စွပ်စွဲကာ  ညှင်းပမ်းနှိပ်စက်မှု၊ သတ်ဖြတ်မှုတွေ ဆယ်စုနှစ်ချီ ပြုလုပ်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် တမီလ်ကျားသူပုန်အဖွဲ့ ချုပ်ငြိမ်းသွားပြီးတဲ့နောက်မှာလည်း အစ္စလာမ်ဘာသာဝင်တွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေဟာ ဗုဒ္ဓဘာသာဘုန်းကြီးတွေ ဦးဆောင်တဲ့ အစွန်းရောက်အဖွဲ့ BBS ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ထပ်မံခံစားခဲ့ရပါတယ်။

    တနင်္ဂနွေနေ့ ဗုံးခွဲတိုက်ခိုက်မှုအပြီးမှာတော့ ၀န်ကြီးချုပ် ရာနီးလ် ၀စ်ကရီမီဆင်ဟီ အပါအ၀င် သီရိလင်္ကာ ခေါင်းဆောင်တွေက တည်တည်ငြိမ်ငြိမ်နဲ့ ညီညီညွတ်ညွတ်ရှိကြဖို့ ပြည်သူလူထုကို တိုက်တွန်းခဲ့ပါတယ်။

    “မွတ်စလင်အများစုက ဒီလုပ်ရပ်ကို ရှုတ်ချခဲ့ပြီး တမီလ်တွေ၊ ဆင်ဟာလီတွေလို ဒေါသထွက်နေကြတာပါ”

    လက်ရှိမှာတော့ နိုင်ငံတစ်ဝှမ်းက မွတ်စလင်တွေဟာ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ နေထိုင်နေရပါတယ်။

    ကိုလံဘိုမြို့က ‘ဂျွမ္မာ’ ဗလီဝတ်ကျောင်းတော်ရဲ့ တာဝန်ရှိသူ အာရ်အက်ဖ် အမီရ်က မွတ်စလင်လူ့အဖွဲ့အစည်းဟာ လုံခြုံမှုကို လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ ဦးထုပ်ဆောင်းထားတာကို တစ်ယောက်ယောက်မြင်သွားရင်ရန်သူလို့ သတ်မှတ်တိုက်ခိုက်လာနိုင်တာကြောင့်  ကျွန်တော်တို့ဟာ စိုးရိမ်ရတဲ့အနေအထားမှာ နေထိုင်နေရပါတယ်။ အားလုံးကိုပြောချင်တာက ကျွန်တော်တို့ဟာ ခင်ဗျားတို့ရဲ့ရန်သူ မဟုတ်ပါဘူး။ အာရှရဲ့ ပုလဲလို့တင်စားခံရတဲ့ ဒီမြေဟာ ကျွန်တော်တို့ မွေးရပ်မြေပါ။ ဒီအတိုင်းပဲ ကျွန်တော်တို့ ဆက်ရှိချင်ပါတယ်”

    နိုင်ငံအနောက်ဖက်ကမ်းရိုးတန်း နီဂွမ်ဘိုမြို့မှာ နေထိုင်တဲ့ ပါကစ္စတန်နွယ်ဖွား မွတ်စလင်တွေဟာ ဒေသခံတွေရဲ့ တိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။

    သီရိလင်္ကာ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေက သောကြာနေ့ ဗလီတွေမှာ စုပေါင်းဝတ်ပြုတာမျိုး မလုပ်ဘဲ မိမိတို့ရဲ့ နေအိမ်တွေမှာသာ ၀တ်ပြုကြဖို့၊ ရဲတပ်ဖွဲ့က လုံခြုံရေးဆောင်ရွက်ရာမှာ အနှောက်အယှက် မဖြစ်စေရေး မျက်နှာအုပ်တဲ့ နီကာ့ဘ်ခြုံထည် မ၀င်ဆင်ကြဖို့ မွတ်စလင် အမျိုးသား၊ အမျိုးသမီးတွေကို တိုက်တွန်းထားပါတယ်။

    Ref : Aljazeera

  • ယူကေ၏ ပထမဆုံး Eco-friendly ဗလီသစ်တစ်လုံး ကမ်းဘရစ်ခ်ျမြို့တွင် ဖွင့်လှစ်

    ယူကေ၏ ပထမဆုံး Eco-friendly ဗလီသစ်တစ်လုံး ကမ်းဘရစ်ခ်ျမြို့တွင် ဖွင့်လှစ်

    ဧပြီ ၂၆၊ ၂၀၁၉
    M-Media

    – နောက်ဆုံးပေါ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းလမ်းတွေကို အသုံးပြု တည်ဆောက်ထားတဲ့ ယူကေရဲ့ ပထမဆုံး Eco-friendly ဗလီဝတ်ကျောင်းတော်သစ်ကို ဗုဒ္ဓဟူးနေ့က ကမ်းဘရစ်ခ်ျမြို့မှာ ဖွင့်လှစ်ခဲ့ပြီး ၂၁ ရာစု ဗြိတိန်မှာ ‘ယဉ်ကျေးမှု ပေါင်းကူးပေမယ့်’ အဆောက်အဦး ဖြစ်တယ်လို့ ဆောက်လုပ်ပေးခဲ့တဲ့ ဗိသုကာ ပညာရှင်တွေက ပြောကြားလိုက်ပါတယ်။

    Cambridge Central Mosque (ကမ်းဘရစ် ဂျာမေဗလီ) လို့ အမည်ပေးထားတဲ့ အဲဒီ ၀တ်ကျောင်းတော်ဟာ စတာလင်ပေါင် ၂၃ သန်း ကုန်ကျခဲ့ပြီး တစ်ချိန်တည်း လူပေါင်း ၁၀၀၀ လောက်ဝတ်ပြုဆုတောင်းနိုင်မှာ ဖြစ်ပါတယ်။ ဗလီကို ၁၀ စုနှစ်တစ်ခုကြာ အချိန်ယူတည်ဆောက်ခဲ့ပြီးတဲ့နောက် ဗုဒ္ဓဟူးနေ့မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

    ဂေါပကအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ အဘ်ဒဲလ် မူရဒ်က ကမ်းဘရစ်ခ်ျမြို့မှာ အစ္စလာမ်ဘာသာဝင် ၆ ထောင်လောက်ရှိပြီး ၀တ်ပြုဆောင်အသေးတွေမှာ ကြပ်ကြပ်တည်းတည်း ၀တ်ပြုနေရတယ်လို့ ပြောကြားခဲ့ပါတယ်။ မြို့မှာ အစ္စလာမ်ဘာသာဝင်တွေ တည်ရှိမှုဟာ အနည်းဆုံး နှစ် ၁၀၀ လောက် ရှိခဲ့ပေမယ့် အခုလို သီးသန့် ၀တ်ပြုရာနေရာတစ်ခု တည်ရှိဖို့ အချိန်ကြန့်ကြာခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

    ‘ကမ်းဘရစ်ခ်ျ ဂျာမေဗလီ’ ကို Marks Barfield Architects ဗိသုကာအဖွဲ့က ဒီဇိုင်းဆွဲ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီဗလီဝတ်ကျောင်းတော် ဆောက်လုပ်ဖို့အတွက် ကန့်ကွက်မှုတွေ ရှိနေပေမယ့် ထောက်ခံမှုက ပိုများတယ်လို့ ကမ်းဘရစ်ခ်ျ အုပ်ချုပ်ရေးကောင်စီက အရင်တုန်းက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ဖို့ ခွင့်ပြုချက်ကို ၂၀၁၂ ခုနှစ်မှာ ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။

    ယဉ်ကျေးမှုပေါင်းကူးမည်

    ဗလီဝတ်ကျောင်းတော် အတွင်းပိုင်း

    ဗလီဝတ်ကျောင်းတော်မှာ ၀တ်ပြုဆောင်၊ ကိုယ်လက်သန့်စင်ခန်း၊ ရှေ့ဆောင်အီမာမ် နေထိုင်ရာအဆောင်နဲ့ ဧည့်ဆောင်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ကားအစီးပေါင်း ၈၀ နဲ့ စက်ဘီး ၃၀၀ လောက် ရပ်နားနိုင်မယ့် ပါကင်လည်း ပါဝင်ပါတယ်။

    ဗလီအဆောက်အဦးဟာ ကာဘွန်ထုတ်လွှတ်မှု လုံးဝ ရှိမှာမဟုတ်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှာ မဟုတ်ပါဘူး။ ရေအတွက် မိုးရေကို သိုလှောင်သုံးစွဲပြီး၊ လျှပ်စစ်မီးအတွက် နေရောင်ခြည်နဲ့ လေတို့လို ပြန်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြုတာ ဖြစ်ပါတယ်။

    ဂေါပကအဖွဲ့ဝင် မူရဒ်က သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ ဗလီဝတ်ကျောင်းတော်မျိုး တည်ဆောက်ဖို့ အတွေးဟာ သဘာဝလောကကြီးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တိုက်တွန်းတဲ့ အစ္စလာမ့်အဆုံးအမကို အခြေခံတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အဆောက်အဦးရဲ့ အဓိက ဗိသုကာပညာရှင် အမျိုးသမီး ဂျူလီယာ ဘာဖီးလ်က ‘၂၁ ရာစု ဗြိတိသျှစတိုင်စစ်စစ် ဗလီဝတ်ကျောင်းတော်’ ဖြစ်လာအောင် ဒီဇိုင်ဆွဲခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

    “ဒီဗလီဝတ်ကျောင်းတော်ဟာ ယဉ်ကျေးမှုပေါင်းကူးတံတား ဖြစ်လာမှာပါ။ ကမ္ဘာပေါ်က အကြီးဆုံး ဘာသာရေးအုပ်စုတစ်ခုရဲ့ သဘာဝတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သတင်စကားတစ်ခုလည်း ဖြစ်ပါတယ်”

    Ref: BBC

  • ကားပျံများက သဘာဝပတ်ဝန်းကျင်ကို ပိုမိုအထောက်အကူပြုမည်ဟု ပညာရှင်များ သုံးသပ်

    ကားပျံများက သဘာဝပတ်ဝန်းကျင်ကို ပိုမိုအထောက်အကူပြုမည်ဟု ပညာရှင်များ သုံးသပ်

    ဧပြီ ၂၆၊ ၂၀၁၉
    M-Media

    – အနာဂတ်မှာ ပေါ်ထွက်လာမယ့် ကားပျံတွေဟာ ဖန်လုံအိမ် ဓာတ်ငွေ့ကို ပိုမိုလျှော့ချနိုင်ပြီး ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို ပိုမိုလျော့ပါးစေလိမ့်မယ်လို့ မကြာသေးခင်က အမေရိကန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ တွေ့ခဲ့ရပါတယ်။

    ကမ္ဘာတစ်ဝှမ်းက နည်းပညာကုမ္ပဏီတွေဟာ အများပြည်သူ သယ်ယူပို့ဆောင်ရေးမှာ အသုံးပြုနိုင်မယ့် ကားပျံတွေကို အပြိုင်အဆိုင် တီထွင်ထုတ်လုပ်နေကြပြီး လာမယ့် ၁၀ စုနှစ်မှာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲဖို့ စီစဉ်နေပါတယ်။ ဒေါင်လိုက် အတက်အဆင်း ပြုလုပ်နိုင်မယ့် VTOL လို့ခေါ်တဲ့ အဲဒီ ကားပျံတွေဟာ လက်ရှိမှာတော့ နမူနာအဆင့်မှာ ရှိနေပါသေးတယ်။

    မီချီဂန်တက္ကသိုလ်နဲ့ Ford မော်တော်ကား ကုမ္ပဏီက ပညာရှင်တွေဟာ လျှပ်စစ်ဓာတ်အားနဲ့ မောင်းနှင်မယ့် ကားပျံတွေရဲ့ အချိန်နဲ့ စွမ်းအင် ချွေတာနိုင်မှု၊ ဘာဝပတ်ဝန်းကျင်အပေါ် ရိုက်ခတ်မှုတွေကို နမူနာထုတ်ထားတာတွေကိုကြည့်ကာ လေ့လာဆန်းစစ်ခဲ့ပြီး အခုလအစောပိုင်းက Nature Communications ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

    ‘လေပေါ်တက္ကဆီ’ လို့အမည်ပေးထားပြီး အမြင့်ပေ ၁၀၀၀ နဲ့ ၂၀၀၀ ကြားမှာ တစ်နာရီကို မိုင် ၁၅၀ နဲ့ ၂၀၀ ကြားအထိ မောင်းနှင်နိုင်မယ့် Uber ကုမ္ပဏီထုတ် ကားပျံဟာ လေယာဉ်မှူးတစ်ဦး၊ ခရီးသည် ၃ ဦးအပြည့်နဲ့ အသုံးပြုမယ်ဆိုရင် ၆၂ မိုင်သွားတိုင်း သာမန်ကားတွေထက် ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု ၅၂ ရာခိုင်နှုန်း လျော့နည်းသွားတာကို လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။ သာမန် လျှပ်စစ်ကားတွေနဲ့ယှဉ်ရင်တော့ ကာဘွန်ထုတ်လွှတ်မှုကို ၆ ရာခိုင်နှုန်း လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

    ကားပျံတွေဟာ လက်ရှိအသုံးပြုနေတဲ့ လျှပ်စစ်ကားတွေနဲ့ယှဉ်ရင် ခရီးတိုတွေမှာ သိပ်ပြီး ထူးခြားမှုမရှိပေမယ့် ခရီးဝေးသွားမယ်၊ ကားနဲ့ သွားရခက်တဲ့နေရာတွေကို သွားရောက်မယ်ဆိုရင် စွမ်းအင်နဲ့ အချိန်ချွေတာမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုတွေအတွက် ပိုမို အကျိုးဖြစ်ထွန်းမယ်လို့လည်း လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။ အသံဆူညံမှုနဲ့ ထုတ်လုပ်မှု ကုန်ကျစားရိတ် လျှော့ချနိုင်ရေး သုတေသနတွေ ထပ်လုပ်ဖို့ လိုအပ်တယ်လို့လည်း သုတေသန ပညာရှင်တွေက သုံးသပ်ခဲ့ပါတယ်။

    Ref :CNN