News @ M-Media

Blog

  • IS အကြမ်းဖက်များ ဖိလစ်ပိုင်တောင်ပိုင်းနှင့် ရခိုင်ပြည်နယ်ကိုဝင်ရန် ကြိုးစားနေသည်ဟု မလေးရှား သတိပေး

    IS အကြမ်းဖက်များ ဖိလစ်ပိုင်တောင်ပိုင်းနှင့် ရခိုင်ပြည်နယ်ကိုဝင်ရန် ကြိုးစားနေသည်ဟု မလေးရှား သတိပေး

    ဧပြီ ၂၆၊ ၂၀၁၉
    M-Media

    ၂၀၁၇ ခုနှစ်အတွင်းက IS သံသယရှိသူတစ်ဦးကို မလေးရှားအထူးတပ်ဖွဲ့က ဖမ်းဆီးမှု

    – IS စစ်သွေးကြွတွေဟာ ဆာဘားပြည်နယ်က ဒေသနှစ်ခုကို အခြေပြုပြီး ဖိလစ်ပိုင်တောင်ပိုင်းနဲ့ မြန်မာနိုင်ငံက ရခိုင်ပြည်နယ်တို့ကို ၀င်ရောက်ဖို့ ကြိုးစားနေတယ်လို့ မလေရှားရဲချုပ် မိုဟာမက် ဖူဇီ ဟာရွန်က မနေ့မှာ ပြောကြားလိုက်ပါတယ်။

    အီရတ်နဲ့ ဆီးရီးယားတို့မှာ အမြစ်ဖြတ် ချေမှုန်းမှုတွေနဲ့ ကြုံတွေ့နေရတဲ့ IS အကြမ်းဖက်အဖွဲ့ဟာ မလေးရှားနိုင်ငံ ဆာဘားပြည်နယ်ကနေတစ်ဆင့် အရှေ့တောင်အာရှမှာ ၀င်ရောက်လှုပ်ရှားနိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်နေတာဖြစ်တယ်လို့ အီပိုးမြို့မှာပြုလုပ်တဲ့ ရဲတပ်ဖွဲ့ ဆုတံဆိပ်ချီးမြှင့်ပွဲ အခမ်းအနားတစ်ခုမှာ ရဲချုပ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “အခြေအနေကို တစ်ချိန်လုံး အနီးကပ်စောင့်ကြည့်နေပြီး ဖိလစ်ပိုင်တောင်ပိုင်းကို ၀င်ရောက်ဖို့ ကြိုးစားနေတဲ့ စစ်သွေးကြွတွေကို ဖမ်းဆီးတာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံသားတွေတင်မကဘဲ နိုင်ငံခြားသားတွေလည်း ပါဝင်ပါတယ်”

    မလေးရှား ကာကွယ်ရေးဝန်ကြီး မိုဟာမက် ဆာဘူးကလည်း IS အကြမ်းဖက်အဖွဲ့ဟာ အီရတ်နဲ့ ဆီးရီးယားတို့မှာ ရှုံးနိမ့်သွားပေမယ့်  ကွက်ပျောက်မသွားသေးဘဲ သူတို့လေ့ကျင့်ပေးထားတဲ့ အကြမ်းဖက်သမားတွေဟာ ကမ္ဘာတစ်ဝှမ်း ပြန့်နှံ့နေပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေတယ်လို့ ပြောကြားဖူးပါတယ်။

    ရဲချုပ်က IS ရဲ့ အင်အားဟာ အရင်က ၄၅၀၀၀ လောက် ရှိခဲ့ပေမယ့် အခုအချိန်မှာ ၃၅၀၀၀ လောက်ပဲ ရှိတော့တယ်လို့ ဆိုပါတယ်။

    “ဒါဟာ သက်ဆိုင်ရာအေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ရရှိလာတဲ့ ထောက်လှမ်းရေးသတင်းအချက်အလက်ပါ။ ဖိလစ်ပိုင်တောင်ပိုင်းနဲ့ မြန်မာနိုင်ငံက ရခိုင်ပြည်နယ်တို့ အပါအ၀င် အရှေ့တောင်အာရှဟာ သူတို့ရဲ့ ပစ်မှတ်အသစ်တွေ ဖြစ်လာပါတယ်”

    ဥရောပမှာတော့ IS ဟာ ဘော့စနီးယားလို ဘော်လ်ကန်ဒေသကို အာရုံစိုက်နေတယ်လို့လည်း ဟာရွန်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    “IS ပြဿနာကို ကျွန်တော်တို့ တစ်ချိန်လုံး အနီးကပ်စောင့်ကြည့်နေပါတယ်။ ဒေသတွင်းမှာတင်မဟုတ်ဘဲ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ စောင့်ကြည့်နေတာ ဖြစ်ပါတယ်”

    လက်ရှိဝန်ကြီးချုပ် မဟာသီယာမိုဟာမက်နေရာကို ဆက်ခံမယ်လို့ သတင်းထွက်နေတဲ့ PKR ပါတီဥက္ကဌ အန်ဝါရ် အီဘရာဟင်က အစ္စလာမ်ခေါင်းစဉ်တပ်ပြီး မွတ်စလင်တွေကြားထဲမှာ အကြမ်းဖက်ဝါဒ ပြန့်ပွားအောင် ကြိုးစားနေတဲ့ ဘာသာရေး အစွန်းရောက်အုပ်စုတွေကို သတိထား တွန်းလှန်ကြဖို့ အစ္စလာမ့်အဖွဲ့အစည်းတွေကို တိုက်တွန်းခဲ့ပါတယ်။

    “IS က သီရိလင်္ကာက ဘုရားကျောင်းတွေနဲ့ ဟိုတယ်တွေကို အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေကို ကျွန်တော် ပြင်းပြင်းထန်ထန်  ရှုတ်ချပါတယ်။ ဒီလို အကြမ်းဖက်တဲ့လုပ်ရပ်ဟာ ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ အဆုံးအမနဲ့ ဆန့်ကျင်နေပါတယ်”

    Ref: Malaysia Kini

  • ဗုံးခွဲမှုများကြောင့် သေဆုံးသူအရေအတွက်ကို သီရိလင်္ကာပြင်ဆင်၊ မူလ ထုတ်ပြန်မှုမှ ၁၀၀ ကျော်လျော့နည်း

    ဗုံးခွဲမှုများကြောင့် သေဆုံးသူအရေအတွက်ကို သီရိလင်္ကာပြင်ဆင်၊ မူလ ထုတ်ပြန်မှုမှ ၁၀၀ ကျော်လျော့နည်း

    ဧပြီ ၂၆၊ ၂၀၁၉
    M-Media

    သေဆုံးသူများ၏ ဈာပနအခမ်းအနား မြင်ကွင်း

    – ပြီးခဲ့တဲ့တစ်ပတ်က နိုင်ငံတစ်ဝှမ်း ဗုံးကွဲမှုတွေကြောင့် သေဆုံးသူအရေအတွက်ကို သီရိလင်္ကာ နိုင်ငံက ပြင်ဆင်ထုတ်ပြန်လိုက်ပြီး မူလ ထုတ်ပြန်ထားတာထက် ၁၀၀ ကျော် ကျဆင်းသွားခဲ့ပါတယ်။

    ခရစ်ယာန်ဘုရားကျောင်း ၃ ခုနဲ့ ဟိုတယ် ၃ ခုအပါအ၀င် နေရာ ၈ ခုမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲမှုတွေအတွင်း သေဆုံးသူ အရေအတွက်ဟာ ၂၅၃ ဦး ရှိတယ်လို့ မနေ့က ပြင်ဆင်ထုတ်ပြန်မှုမှာ ဖော်ပြထားပါတယ်။ ဒါဟာ အရင်ထုတ်ပြန်ချက် ၃၅၉ ဦးကနေ ၁၀၀ ကျော် ကျဆင်းသွားတာဖြစ်ပါတယ်။

    သီရိလင်္ကာ ကျန်းမာရေးဝန်ကြီးဌာနက သေဆုံးသူတွေဟာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပြန့်ကျဲနေတဲ့အတွက် အရေအတွက်တွေ ပိုတွက်မိတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    “သေဆုံးသူ တော်တောများများရဲ့ ခန္ဓာကိုယ်တွေဟာ ဆိုးဆိုးဝါးဝါး ပြတ်တောက်နေတာကြောင့် ၂ ခါတွက်မိသလို ဖြစ်သွားတာပါ”

    ကျန်းမာရေးဝန်ကြီးဌာနရဲ့ အခုထုတ်ပြန်ချက်အသစ်ဟာ အလောင်းစစ်ဆေးမှုတွေ၊ DNA တိုက်ဆိုင်စစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    တာဝန်ရှိသူများ နှုတ်ထွက်

    တိုက်ခိုက်မှုကို နိုင်ငံအတွင်း မွတ်စလင်အဖွဲ့နှစ်ခုဖြစ်တဲ့ National Thowheed Jamaat နဲ့ Jammiyathul Millathu Ibrahim တို့က ပူးပေါင်းလုပ်ဆောင်တာဖြစ်တယ်လို့ သီရိလင်္ကာအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ IS အကြမ်းဖက်အဖွဲ့က ဖောက်ခွဲမှုတွေဟာ သူတို့ရဲ့လက်ချက် ဖြစ်တယ်လို့ ပြောဆိုထားပေမယ့် အာဏာပိုင်တွေက ပါဝင်မှုအတိုင်းအတာ ဘယ်လောက်အထိရှိလဲ ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

    တိုက်ခိုက်မှုတွေကို အသေခံဗုံးခွဲသမား ၉ ဦးက လုပ်ဆောင်ခဲ့တာလို့ အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီလိုဆောင်ရွက်မယ်ဆိုတာကို သတင်းအတိအကျ ရပေမယ့် ထိထိရောက်ရောက်မတားဆီးခဲ့တဲ့အပေါ် သီရိလင်္ကာအစိုးရကို ဝေဖန်မှုတွေ ရှိနေပါတယ်။

    ကာကွယ်ရေးဝန်ကြီး ဟီမာဆီရီ ဖာနန်ဒိုက တိုက်ခိုက်မှုတွေကို မတားဆီးနိုင်တာကို တာဝန်ယူတဲ့အနေနဲ့ ရာထူးကနေ နှုတ်ထွက်တော့မယ်လို့ ကြေငြာခဲ့ပါတယ်။ ဒါပေမယ့် သူ့ဘက်က အမှားအယွင်း မလုပ်ခဲ့ဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း သီရိလင်္ကာအစိုးရဟာ နိုင်ငံခြားသား အများအပြား အပါအ၀င် လူ ၇၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေပါတယ်။ မနေ့ကတော့ သံသယရှိသူ ၇ ဦးရဲ့ ဓာတ်ပုံကို ထုတ်ပြန်ခဲ့ပြီး ပြည်သူလူထုအနေနဲ့ အဲဒီသူတွေကို တွေ့ရှိရင် သတင်းပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

    Ref: Aljazeera

  • ဖုန်း၊ တက်ဘလက်ကြည့်ချိန် များပြားသည့် ကလေးငယ်များတွင် ဖွံ့ဖြိုးမှုပြဿနာ ဖြစ်ပွားနိုင်

    ဖုန်း၊ တက်ဘလက်ကြည့်ချိန် များပြားသည့် ကလေးငယ်များတွင် ဖွံ့ဖြိုးမှုပြဿနာ ဖြစ်ပွားနိုင်

    ဧပြီ ၂၅၊ ၂၀၁၉
    M-Media

    – တီဗီ၊ ကွန်ပျူတာ၊ ဖုန်းနဲ့ တက်ဘလက်တွေကို အချိန်ကြာကြာကြည့်တဲ့ ကလေးငယ်တွေဟာ မှတ်ဉာဏ်၊ အာရုံစူးစိုက်မှုနဲ့ ဘာသာစကားသင်ယူမှု ထိခိုက်တာတွေလို ဖွံ့ဖြိုးမှုပေါ် ဆိုးကျိုးသက်ရောက်နိုင်တယ်လို့ လေ့လာဆန်းစစ်မှုတွေကို ကိုးကားပြီး ပညာရှင်တွေက သတိပေးလိုက်ပါတယ်။

    အီလက်ထရောနစ် ကိရိယာတွေကို အချိန်အများအပြား အသုံးပြုမှုဟာ ကလေးတွေအပေါ် ဘယ်လို ထိခိုက်နိုင်တယ်ဆိုတာနဲ့ပတ်သက်ပြီး ကနေဒါနိုင်ငံ Calgary တက္ကသိုလ်က စိတ်ပညာဆိုင်ရာ လက်ထောက် ပရော်ဖက်ဆာ ရှီရီ မာဒီဂန်ဦးဆောင်တဲ့အဖွဲ့ All Our Families ခေါင်းစဉ်နဲ့ လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ပြီး ရလဒ်ကို ဆေးပညာဂျာနယ် JAMA မှာ ပြီးခဲ့တဲ့တစ်ပတ်က ဖော်ပြခဲ့ပါတယ်။

    မာဒီဂန်ရဲ့ လေ့လာဆန်းစစ်မှုမှာ အသက် ၂ နှစ်အရွယ် ကလေးငယ်တွေနဲ့ မိခင်တွေ စုစုပေါင်း ၂၄၄၁ ဦး ပါဝင်ခဲ့ပါတယ်။ တစ်နေ့တာအတွင်း ကလေးငယ်တွေဟာ တီဗီ၊ ကွန်ပျူတာ၊ ဖုန်းနဲ့ တက်ဘလက်တွေလို ကိရိယာတွေရှေ့မှာ အချိန် ဘယ်လောက်များများ ကုန်ဆုံးလဲဆိုတာနဲ့ သူတို့ရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို မိခင်တွေက သုတေသနအဖွဲ့ကို သတင်းပေးပို့ရတာ ဖြစ်ပါတယ်။

    အရင်က ဒီလိုလေ့လာဆန်းစစ်မှုတွေဟာ အချိန်ကာလ တစ်ခုတည်းအတွက် သတ်မှတ်ပြီး လုပ်ဆောင်ခဲ့ပေမယ့် မာဒီဂန်နဲ့အဖွဲ့က စမ်းသပ်မှုမှာ ပါဝင်တဲ့ ကလေးငယ်တွေ ၅ နှစ်ပြည့်တဲ့အချိန်အထိ စမ်းသပ်မှုကို ၃ နှစ်ကြာ လုပ်ဆောင်ခဲ့ကာ ကလေးတွေရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို တစ်နှစ်ချင်းစီ စောင့်ကြည့် လေ့လာခဲ့ကြပါတယ်။

    စမ်းသပ်မှုမှာ ပါဝင်တဲ့ ကလေးငယ်တွေဟာ တစ်နေ့ကို ၂ နာရီကနေ ၃ နာရီအထိ တီဗီစခရင်ရှေ့မှာ ကုန်ဆုံးတာကို တွေ့ခဲ့ရပြီး များသောအားဖြင့် ဆက်သွယ်ပြောဆိုမှု စွမ်းရည်၊ ပြဿနာ ဖြေရှင်းနိုင်မှု စွမ်းရည်နဲ့ လူ့အဖွဲ့အစည်းမှာ ပါဝင်လှုပ်ရှားနိုင်မှု စွမ်းရည်တွေ ထိခိုက်တာကို တွေ့ရှိခဲ့ရပါတယ်။ ဒါပေမယ့် အစတည်းက ဖွံ့ဖြိုးမှု နှေးကွေးတဲ့ ကလေးငယ်တွေကို ငြိမ်စေဖို့ မိဘတွေက ဗီဒီယိုတွေ၊ တီဗီတွေကြည့်ခိုင်းတာ၊ ဗီဒီယိုဂိမ်း ကစားခိုင်းတာတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ မာဒီဂန်နဲ့ အဖွဲ့က သုံးသပ်ပါတယ်။

    အမေရိကန် ကလေးဆရာဝန်များအသင်းဖြစ်တဲ့ American Academy of Pediatrics က လမ်းလျှောက်တတ်ကာစအရွယ်တွေနဲ့ ၅ နှစ် ၆ နှစ်အရွယ်တွေ ဖုန်း၊ တက်ဘလက် ကြည့်ချိန်ဟာ တစ်နေ့ကို တစ်နာရီထက် မကျော်စေရဘဲ အဲဒီလိုကြည်တဲ့အခါမှာလည်း အသိဉာဏ်ဖွံ့ဖြိုးစေရေး အထောက်အကူဖြစ်စေတဲ့ ဗီဒီယိုမျိုးတွေ ဖြစ်ရမယ်လို့ အကြံပြု ထုတ်ပြန်ထားပါတယ်။

    Ref : Time

  • NTJ အစွန်းရောက်အဖွဲ့အကြောင်းကို သီရိလင်္ကာမွတ်စလင်ကောင်စီက ၃ နှစ်အရင်ကတည်းက အစိုးရထံ သတင်းပေးခဲ့

    NTJ အစွန်းရောက်အဖွဲ့အကြောင်းကို သီရိလင်္ကာမွတ်စလင်ကောင်စီက ၃ နှစ်အရင်ကတည်းက အစိုးရထံ သတင်းပေးခဲ့

    ဧပြီ ၂၃၊ ၂၀၁၉
    M-Media

    တိုက်ခိုက်မှုဖြစ်ပွားရာ စိန့်အန်ထော်နီဘုရားကျောင်း အတွင်းပိုင်း

    – တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲမှုတွေကို လုပ်ဆောင်တယ်လို့ စွပ်စွဲခံထားရတဲ့ အစွန်းရောက်အဖွဲ့ National Thowheed Jamath(NTJ) အကြောင်းကို လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက အချက်အလက်နဲ့ ထောက်လှမ်းရေးကို အသိပေးထားခဲ့တယ်လို့ သီရိလင်္ကာ မွတ်စလင်ကောင်စီရဲ့ ဒုတိယဥက္ကဌ ဟီလ်မီ အဟ်မဒ်က ပြောကြားလိုက်ပါတယ်။

    ခရစ်ယာန်ဘုရားကျောင်း ၃ ခုနဲ့ ဟိုတယ် ၃ ခုအပါအ၀င် နေရာ ၈ ခုမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးကွဲမှုတွေကြောင့် အနည်းဆုံး လူ ၃၂၀ သေဆုံးခဲ့ပြီး ရာနဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။ သီရိလင်္ကာအစိုးရက တိုက်ခိုက်မှုဟာ NTJ ရဲ့လက်ချက် ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

    တိုက်ခိုက်မယ့်အစီအစဉ်ကို ထောက်လှမ်းရေးက ကြိုတင်သတင်းရခဲ့ပြီး ရဲချုပ်က အစိုးရထံ အစီရင်ခံစာ ရေးသားပေးပို့ခဲ့ပေမယ့် ဒီစာဟာ ၀န်ကြီးတွေထံ မရောက်ဘူးလို့ တိုက်ခိုက်မှုဖြစ်ပွားအပြီး တစ်ရက်အကြာ မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သီရိလင်္ကာ ကျန်းမာရေးဝန်ကြီးက ၀န်ခံပြောကြားခဲ့ပါတယ်။

    NTJ အဖွဲ့နဲ့ ခေါင်းဆောင်တွေရဲ့အကြောင်းကို လွန်ခဲ့တဲ့ ၃ နှစ်အရင်ကတည်းက သီရိလင်္ကာ စစ်ဖက်ထောက်လှမ်းရေးထံ သတင်းပေးပို့ သတိပေးခဲ့တယ်လို့ သီရိလင်္ကာ မွတ်စလင်ကောင်စီ ဒုတိယဥက္ကဌ ဟီလ်မီ အဟ်မဒ်က မနေ့မှာ ပြောကြားခဲ့ပါတယ်။

    “မွတ်စလင်မဟုတ်တဲ့ လူ့အဖွဲ့အစည်းကို တိုက်ခိုက်ဖို့ ဒီအဖွဲ့က ဆော်သြနေတာပါ။ ဘာသာရေးခေါင်းစဉ်တပ်ပြီး လူတွေကိုသတ်ဖို့ သူတို့ ပြောနေကြတာပါ။ ဒီအုပ်စုမှာ ပါဝင်သူတွေရဲ့ အမည်တွေ၊ အသေးစိတ်အချက်အလက်တွေအားလုံးကို လွန်ခဲ့တဲ့ ၃ နှစ်အရင်က ကျွန်တော်ကိုယ်တိုင် စာရွက်စာတမ်းနဲ့ သွားပြီး ပေးခဲ့ပါတယ်။ သူတို့ အချိန်မီ မဆောင်ရွက်တာကြောင့် ဒီလိုအဖြစ်ဆိုးမျိုး ဖြစ်လာတာပါ” လို့ အဟ်မဒ်က Bloomberg သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    National Thowheed Jamath ရဲ့ ခေါင်းဆောင်တစ်ဦးချင်းစီဟာ ငွေကြေးထောက်ပံ့မှုနောက်ကို လိုက်နေတာကြောင့် အဖွဲ့က အစိတ်စိတ်ကွဲနေကြောင်း၊ အဖွဲ့ဝင်တွေအားလုံး အစွန်းမရောက်ပေမယ့် အတွေးအခေါ်ပိုင်းမှာတော့ အစွန်းရောက်မှု ရှိနေကြောင်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    သတင်းကြိုတင် ရရှိခဲ့ပေမယ့် ထိထိရောက်ရောက် ဟန့်တားနိုင်ခြင်းမရှိတဲ့အတွက် သီရိလင်္ကာအစိုးရဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ကျန်းမာရေးဝန်ကြီး ရာဂျစ်ဟာ ဆီနာရတ္တနီက ရဲချုပ် နှုတ်ထွက်ပေးဖို့ တနင်္လာနေ့မှာ တောင်းဆိုခဲ့ပါတယ်။

    အစိုးရ၀န်ကြီးတစ်ဦးဖြစ်တဲ့ ဟာရင် ဖာနန်ဒိုက တိုက်ခိုက်မှုဖြစ်နိုင်ခြေနဲ့ပတ်သက်ပြီး သတိပေးထားတဲ့ အစိုးရလျှို့ဝှက်အစီရင်ခံစာတစ်စောင်ကို မနေ့က ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့ပါတယ်။ ဧပြီလ ၁၁ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ အဲဒီအစီရင်ခံစာမှာ နာမည်ကြီး ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ အိန္ဒိယသံရုံးကို တိုက်ခိုက်ဖို့ NTJ က စီစဉ်နေတဲ့အကြောင်း၊ အွန်လိုင်းမှာ အဖွဲ့သားတွေကို အမုန်းဝါဒဖြန်နေ့တဲ့အကြောင်းတွေ ကို ဖော်ပြထားပါတယ်။

    “ဒီသတိပေးချက်ကို လစ်လျူရှုခဲ့မှုအတွက် ထိထိရောက်ရောက်အရေးယူ အပြစ်ပေးဖို့ လိုအပ်ပါတယ်” လို့ ဖာနန်ဒိုက ပြောကြားခဲ့ပါတယ်။

    သီရိလင်္ကာမှာ ၂၆ နှစ်တာ ခွဲထွက်ရေးလှုပ်ရှားခဲ့တဲ့ တမီလ်သူပုန်တွေဟာ အရက်ဖက်ပစ်မှတ်တွေကို ဗုံးခွဲတိုက်ခိုက်တဲ့ နည်းလမ်းကို ပထမဆုံး အသုံးပြုခဲ့တဲ့ အဖွဲ့တွေထဲက တစ်ခုဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ အစိုးရက တမီလ်ကျားသူပုန်တွေကို အမြစ်ဖြတ်နှိမ်နှင်းခဲ့ပြီးတဲ့နောက် ဗုံးကွဲမှုတွေလည်း ရပ်တန့်သွားခဲ့ပါတယ်။

    သီရိလင်္ကာနိုင်ငံမှာ ခရစ်ယာန်ဘာသာဝင်တွေဟာ ၇ ရာခိုင်နှုန်းလောက်သာရှိပြီး ပုံမှန်အားဖြင့် ဗုဒ္ဓဘာသာဘုန်းကြီးတွေ ဦးဆောင်တဲ့ အစွန်းရောက်အဖွဲ့ BBS ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ခံရလေ့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းမှာ BBS အဖွဲ့ရဲ့ အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှုနဲ့ ရန်စမှုပေါင်း ၈၀ ကျော်လောက် ဖြစ်ပွားခဲ့တယ်လို့ သီရိင်္လာ ခရစ်ယာန် မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

    Ref: Bloomberg

  • ငှက်ဖျားရောဂါကာကွယ်ဆေးကို WHO က မာလာဝီနိုင်ငံတွင် စတင်ထိုးနှံ

    ငှက်ဖျားရောဂါကာကွယ်ဆေးကို WHO က မာလာဝီနိုင်ငံတွင် စတင်ထိုးနှံ

    ဧပြီ ၂၃၊ ၂၀၁၉
    M-Media

    – ၅ နှစ်ကြာ စမ်းသပ်မှုအတွင်း ၄၀ ရာခိုင်နှုန်းကျော် အောင်မြင်ခဲ့တဲ့ ငှက်ဖျားရောဂါ ကာကွယ်ဆေးတစ်မျိုးကို ရှေ့ပြေးစီမံကိန်းအဖြစ် မာလာဝီနိုင်ငံက ကလေးငယ်တွေကို စတင် ထိုးနှံနေပါတယ်။

    RTS,S လို့ အမည်ပေးထားတဲ့ အဲဒီ ကာကွယ်ဆေးဟာ ငှက်ဖျားဖြစ်တတ်တဲ့ ပါရာဆိုက်ပိုးမွှားကို တိုက်ဖျက်နိုင်ရေး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။ ဒီဆေး ပေါ်ထွက်လာဖို့အတွက် ကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံကာ နှစ်ပေါင်း ၃၀ ကြာ ကြိုးစားခဲ့ရတာပါ။

    မာလာဝီနိုင်ငံပြီးရင် လာမယ့်တစ်ပတ် ကင်ညာနဲ့ ဂါနာနိုင်ငံတို့မှာ ထိုးနှံပေးမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကာကွယ်ဆေးကို အသက် ၅ လကနေ၊ ၂ နှစ်အတွင်းရှိတဲ့ ကလေးငယ်တွေကို ထိုးနှံပေးမှာဖြစ်ပြီး တစ်နှစ်ကို ကလေးငယ် ၃၆၀၀၀၀ နဲ့ ၂၀၂၂ ခုနှစ်အထိ ဒီ ၃ နိုင်ငံမှာ ထိုးပေးသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ငှက်ဖျားရောဂါ အဖြစ်များတဲ့နိုင်ငံတွေဖြစ်တာကြောင့် မာလာဝီ၊ ကင်ညာနဲ့ ဂါနာတို့ကို ကာကွယ်ဆေး ရှေ့ပြေးစီမံကိန်းမှာ ရွေးချယ်တာ ဖြစ်ပါတယ်။ အာဖရိကတိုက်မှာ ငှက်ဖျားကြောင့် တစ်နှစ်ကို ကလေးငယ်ပေါင်း ၂ သိန်းခွဲကျော် သေဆုံးနေတာပါ။

    RTS,S ကာကွယ်ဆေးအတွက် ၅ နှစ်ကြာ ဆေးဘက်ဆိုင်ရာ စမ်းသပ်မှု လုပ်ဆောင်ခဲ့ပြီး နိုင်ငံ ၇ နိုင်ငံက လူပေါင်း ၁၅၀၀၀ ကို ထိုးပေးခဲ့ပါတယ်။ ဆေးထိုးထားတဲ့ ကလေးငယ်တွေဟာ ရိုးရိုးငှက်ဖျားနဲ့ ပြင်းထန်တဲ့ ငှက်ဖျားတွေ ဖြစ်ပွားမှု နည်းလာတာကို တွေ့ရပြီး ၁၀ ယောက်မှာ ၄ ယောက်လောက်ဟာ ငှက်ဖျားရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ခဲ့ပါတယ်။

    WHO ရဲ့ ငှက်ဖျားကာကွယ်ဆေး အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး မေရီ ဟာမဲလ်က ဒီဆေးဟာ ပြည့်စုံတဲ့အဖြေမျိုး မဟုတ်ပေမယ့် သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref : Aljazeera