News @ M-Media
Blog
  • တနင်္ဂနွေနေ့က ဗုံးခွဲမှုများမှာ ခရိုက်ချက်အကြမ်းဖက်ခံရမှုကို လက်တုန့်ပြန်ခြင်းဟု သီရိလင်္ကာ ထုတ်ပြန်
    တနင်္ဂနွေနေ့က ဗုံးခွဲမှုများမှာ ခရိုက်ချက်အကြမ်းဖက်ခံရမှုကို လက်တုန့်ပြန်ခြင်းဟု သီရိလင်္ကာ ထုတ်ပြန်
    ဧပြီ ၂၃၊ ၂၀၁၉
    M-Media
    – တနင်္ဂနွေနေ့က နိုင်ငံတစ်ဝှမ်း ဖြစ်ပွားခဲ့တဲ့ ဗုံးဖောက်ခွဲမှုတွေဟာ မတ်လအတွင်း နယူးဇီလန် ဗလီနှစ်ခု အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွက် လက်စားချေလုပ်ဆောင်တာဖြစ်ကြောင်း ကနဦးစုံစမ်းစစ်ဆေးမှုအရ သိရတယ်လို့ သီရိလင်္ကာက ဒီကနေ့မှာ ထုတ်ပြန် ပြောကြားလိုက်ပါတယ်။
    “သီရိလင်္ကာမှာ ဖြစ်ပျက်ခဲ့တာတွေဟာ ခရိုက်ချက်မြို့မှာ မွတ်စလင်တွေ တိုက်ခိုက်ခံရမှုကို လက်စားချေတဲ့အနေနဲ့ လုပ်ဆောင်တယ်ဆိုတာ ကနဦး စုံစမ်းစစ်ဆေးမှုမှာ တွေ့ခဲ့ရပါတယ် ” လို့ ဒီကနေ့ လွှတ်တော်အစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီး ရူဝမ် ၀ီဂျီဝါဒီနီက တင်ပြခဲ့ပါတယ်။
    မတ်လ ၁၅ ရက်နေ့က ခရိုက်ချက်မြို့ ဗလီနှစ်လုံးမှာ သြစတေးလျနိုင်ငံသား လူဖြူအစွန်းရောက်တစ်ဦးက သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်မှုကြောင့် လူ ၅၀ သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။
    တနင်္ဂနွေနေ့က ခရစ်ယာန်ဘုရားကျောင်း ၃ ခုနဲ့ ဟိုတယ် ၃ ခုအပါအ၀င် သီရိလင်္ကာနိုင်ငံတစ်ဝှမ်း နေရာ ၈ ခုမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲမှုအတွင်း အနည်းဆုံး လူ ၃၂၀ သေဆုံးခဲ့ပြီး ၅၀၀ ကျော်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံး၊ ဒဏ်ရာရသူ အများစုဟာ အီစတာပွဲတော်နေ့အတွက် ၀တ်ပြုဆုတောင်းဖို့ ရောက်လာကြတဲ့ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ပါတယ်။
    တိုက်ခိုက်မှုကို ပြည်တွင်းက လူသိနည်းတဲ့ မွတ်စလင်အဖွဲ့ National Thawheeth Jama’ath (NTJ) နဲ့ Jammiyathul Millathu Ibrahim (JMI) တို့ ပူးပေါင်းလုပ်ဆောင်တာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
    တိုက်ခိုက်မှုတွေအတွက် သီရိလင်္ကာအာဏာပိုင်တွေဟာ အနည်းဆုံး လူ ၄၀ လောက်ကို ဖမ်းဆီးစစ်ဆေးနေပါတယ်။ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားတဲ့နေရာတွေကို NTJ အဖွဲ့က တိုက်ခိုက်မယ့် အစီအစဉ်ကို နိုင်ငံခြားထောက်လှမ်းရေးရင်းမြစ်တွေထံကနေ ၁၀ ရက်ကြိုတင် သတင်းရခဲ့ပေမယ့် သီရိလင်္ကာ အစိုးရက တားဆီးဖို့ မကြိုးစားခဲ့ပါဘူး။
    သီရိလင်္ကာမွတ်စလင်ကောင်စီက ကျူးလွန်သူတွေအားလုံးကို တရားဥပဒေအတိုင်း အပြစ်ပေးရေး တိုက်တွန်းဆော်သြခဲ့ပြီး ထိခိုက်ခံစားရသူတွေကို ကူညီဖို့ အဆင်သင့်ရှိတယ်လို့ထုတ်ပြန်ခဲ့ပါတယ်။
    Ref: Aljazeera
  • မောင်းသူမဲ့ကားများတွင် သုံးနိုင်မည့် ပထမဆုံး 5G ကိရိယာကို Huawei မိတ်ဆက်
    မောင်းသူမဲ့ကားများတွင် သုံးနိုင်မည့် ပထမဆုံး 5G ကိရိယာကို Huawei မိတ်ဆက်
    ဧပြီ ၂၂၊ ၂၀၁၉
    M-Media
    – မော်တော်ယာဉ်လုပ်ငန်းမှာ အသုံးပြုနိုင်မယ့် ပထမဆုံး 5G ကိရိယာတစ်ခုကို Huawei က ဒီကနေ့မှာ ထုတ်ပြလိုက်ပြီး မောင်းသူမဲ့ကား နယ်ပယ်မှာ ဒီနည်းပညာကို အဓိက ထောက်ပံ့နိုင်သူဖြစ်အောင် ဆောင်ရွက်မယ့် ရည်မှန်းချက်ကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။
    MH5000 လို့ အမည်ပေးထားတဲ့ အဲဒီ ကိရိယာကို အခုနှစ် ဇန်န၀ါရီလမှာ ထုတ်ပြခဲ့တဲ့ Balong 5000 5G ချစ်ပ်ပြားနဲ့ ဖန်တီးထားတာဖြစ်ပြီး အရည်အသွေးနဲ့ မြန်နှုန်းမှာ ထိပ်တန်းဖြစ်တယ်လို့ ကုမ္ပဏီက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    ပြီးခဲ့တဲ့တစ်ပတ်က စတင်ခဲ့ပြီး အခုတစ်ပတ် ကြာသာပတေးနေ့မှာ ပြီးဆုံးမယ့် ရှန်ဟိုင်း ကားပြပွဲမှာ MH5000 ကို မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။
    “ဒီကိရိယာဟာ အနာဂတ် မောင်းသူမဲ့ကား ကဏ္ဍအတွက် အရေးပါတဲ့ ဆက်သွယ်ရေးပစ္စည်း ဖြစ်လာမှာဖြစ်သလို ကားလုပ်ငန်းကိုလည်း 5G ခေတ်ထဲကို တွန်းပို့ပေးသွားမှာ ဖြစ်ပါတယ်” လို့ Huawei က ပြောကြားခဲ့ပါတယ်။
    ဟွာဝေးဟာ ဒီကိရိယာကို အခုနှစ် ဒုတိယနှစ်ဝက်မှာ ဈေးကွက်ထဲ ဖြန့်ဖြူးသွားမှာ ဖြစ်ပါတယ်။ ရှန်ဟိုင်း၊ ရှန်ဇန်းနဲ့ ၀ူရှီတို့လို့ မြို့ကြီးတွေမှာ Huawei ဟာ မောင်းသူမဲ့ကား နည်းပညာကို စမ်းသပ်နေပြီး FAW၊ Dongfeng နဲ့ Changan တို့လို ကားကုမ္ပဏီတွေနဲ့လည်း မောင်းသူမဲ့ကားနည်းပညာ ထွန်းကားရေး သဘောတူစာချုပ်တွေ ချုပ်ဆိုထားပါတယ်။ Huawei ဟာ 5G နည်းပညာမှာ ကမ္ဘာ့ဦးဆောင်သူဖြစ်လာရေးကိုလည်း ဆောင်ရွက်နေပါတယ်။
    Ref : Reuters
  • တူရကီအကူအညီပေးရေးအဖွဲ့က စစ်တွေတွင် ဆေးခန်းတစ်ခု ဖွင့်လှစ်
    တူရကီအကူအညီပေးရေးအဖွဲ့က စစ်တွေတွင် ဆေးခန်းတစ်ခု ဖွင့်လှစ်
    ဧပြီ ၂၂၊ ၂၀၁၉
    M-Media
    TİKA ၏ ၀ဘ်ဆိုက် စာမျက်နှာ
    – တူရကီအစိုးရက ကျောထောက်နောက်ခံပြုထားတဲ့ အကူအညီပေးရေးအဖွဲ့ Turkish International Cooperation and Development Agency (TİKA) ဟာ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ ဆေးပေးခန်းတစ်ခု ဒီကနေ့မှာ ဖွင့်လှစ်လိုက်ပါတယ်။
    ဆေးခန်းမှာ အသေးစားခွဲစိပ်မှု၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး၊ အထွေထွေရောဂါကုသမှုတွေကို ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ TİKA အဖွဲ့က ပြောကြားခဲ့ပါတယ်။ ဆေးခန်းမှာ လူမျိုးဘာသာမရွေး လာရောက်ကုသနိုင်တယ်လို့လည်း ဆိုပါတယ်။
    Turkish International Cooperation and Development Agency (TİKA) အဖွဲ့ကို ၁၉၉၂ ခုနှစ်က ဖွဲ့စည်း တည်ထောင်ခဲ့တာဖြစ်ပြီး ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးတဲ့နောက် ပေါ်ထွက်လာတဲ့ နိုင်ငံသစ်တွေကို နယ်ပယ်စုံမှာ ကူညီထောက်ပံ့ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
    နောက်ပိုင်းမှာတော့ အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ ဘောလ်ကန်ဒေသ၊ လက်တင်အမေရိကနဲ့ အာရှဒေသတွေမှာပါ အကူအညီပေးရေး လုပ်ငန်းတွေကို ချဲ့ထွင်လာနိုင်ပြီး ၂၀၁၅ ခုနှစ်မှာတော့ နိုင်ငံပေါင်း ၄၂ နိုင်မှာ အကူအညီပေးရေး စီမံကိန်းတွေ ဆောင်ရွက်လာနိုင်ခဲ့ပါတယ်။
    TİKA ရဲ့ အကူအညီတွေကို အဓိကရရှိနေတဲ့ နိုင်ငံတွေက တူနီးရှား၊ ဆိုမာလီ၊ အာဖဂန်နစ္စတန်၊ မက်ဆီဒိုးနီးယားနဲ့ ကာဂျစ္စတန်နိုင်ငံတို့ ဖြစ်ပါတယ်။
    Ref: AA
  • သီရိလင်္ကာတွင် ပေါက်ကွဲမှုတစ်ခု ထပ်ဖြစ်
    သီရိလင်္ကာတွင် ပေါက်ကွဲမှုတစ်ခု ထပ်ဖြစ်
    ဧပြီ ၂၂၊ ၂၀၁၉
    M-Media
    – ကိုလံဘိုမြို့မှာ မနေ့က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ စိန့်အန်ထော်နီ ကက်သလစ်ဘုရားကျောင်းအနီး ဒီကနေ့ ပေါက်ကွဲမှုတစ်ခု ထပ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
    ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ ဗန်ကားတစ်စီးကို ရဲတပ်ဖွဲ့ဝင်တွေက ရှင်းလင်းစဉ် ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ ဒီအဖြစ်အပျက်အတွင်း သေဆုံးဒဏ်ရာရသူ ရှိလားဆိုတာ သီရိလင်္ကာအစိုးရက ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ကိုလံဘိုမြို့က ကားဂိတ်တစ်ခုမှာလည်း ဗုံးစနက်တံ ၈၇ ခု တွေ့ရှိခဲ့ရတာကြောင့် ရဲတပ်ဖွဲ့က ဒီကနေ့မနက်ပိုင်းမှာ ရှင်းလင်းခဲ့ပါတယ်။
    သမ္မတ မိုင်သရီပါလာ ဆရီဆီနာဟာ တိုင်းပြည်ကို အရေးပေါ်အခြေအနေ ကြေငြာလိုက်ပြီး ဒီကနေ့ည သန်းခေါင်ယံအချိန်ကနေ စတင်ကာ အကြုံးဝင်မှာ ဖြစ်ပါတယ်။
    သီရိလင်္ကာမှာ မနေ့က ခရစ်ယာန်ဘုရားကျောင်း ၃ ခုနဲ့ ဟိုတယ် ၃ ခုအပါအ၀င် နေရာ ၈ ခုမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၂၉၀ သေဆုံးပြီး ၅၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ လက်ရှိ ရဲတပ်ဖွဲ့က သံသယရှိသူ ၂၀ ကျော်ဖမ်းဆီးထားပြီး ပြည်တွင်းအခြေစိုက် အစွန်းရောက်အဖွဲ့ National Thowheeth Jama က ဆောင်ရွက်တာဖြစ်တယ်လို့ သီရိလင်္ကာအစိုးရက ထုတ်ပြန် ပြောကြားထားပါတယ်။
    Ref : Aljazeera
  • ပါလက်စတိုင်းအစိုးရကို ဒေါ်လာ သန်း ၁၀၀ ကူညီမည်ဟု အာရပ်လိဂ် ကတိပြု
    ပါလက်စတိုင်းအစိုးရကို ဒေါ်လာ သန်း ၁၀၀ ကူညီမည်ဟု အာရပ်လိဂ် ကတိပြု
    ဧပြီ ၂၂၊ ၂၀၁၉
    M-Media
    – အစ္စရေးက အခွန်ငွေတွေမပေးတာကြောင့် ငွေကြေးအကြပ်အတည်းဖြစ်နေတဲ့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ PA အတွက် ရန်ပုံငွေ ကန်ဒေါ်လာ သန်း ၁၀၀ ပေးအပ်သွားမယ်လို့ အာရပ်လိဂ်အဖွဲ့က ကတိပြု ပြောဆိုလိုက်ပါတယ်။
    ပါလက်စတိုင်းပိုင်နက်တွေမှာ PA အတွက် အစ္စရေးက အခွန်ကောက်ပေးကာ ဒီငွေတွေကို ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ဆီ လွှဲပေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖေဖော်ဝါရီလအတွင်းမှာပေးရမယ့် ကန်ဒေါ်လာ ၁၃၈ သန်းကို အစ္စရေးက PA ကို လွှဲမပေးခဲ့ပါဘူး။
    အစ္စရေးကဖမ်းဆီးထားတဲ့ ပါလက်စတိုင်းနိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေကို PA က ထောက်ပံ့တာကြောင့် အခွန်တွေကို လွှဲမပေးတာဖြစ်တယ်လို့ အစ္စရေးက ပြောပါတယ်။ ပါလက်စတိုင်းကတော့ အိမ်ထောင်ဦးစီးတွေ ဖမ်းဆီးခံရတာကြောင့် အခက်အခဲဖြစ်နေသူတွေ သက်သာချောင်ချိရေးအတွက် ထောက်ပံ့ငွေ ပေးရတာဖြစ်တယ်လို့ PA က တုန့်ပြန် ပြောဆိုထားပါတယ်။
    “ပါလက်စတိုင်းက ရင်ဆိုင်နေရတဲ့ နိုင်ငံရေးနဲ့ ဘဏ္ဍာရေးဖိအားတွေကို ကျော်လွှားနိုင်ရေး ဘက်ဂျက်ပြည့်မီဖို့ အာရပ်တိုင်းပြည်တွေက ထောက်ပံ့ပေးသွားမယ်ဆိုတာ ကျွန်တော်တို့ အတည်ပြုပါတယ်။ “လို့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာပြုလုပ်တဲ့ မနေ့ကအစည်းအဝေးမှာ အာရပ်လိဂ်က ပြောကြားခဲ့ပါတယ်။
    အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ပါလက်စတိုင်းတွေကို ကူညီနေတဲ့ ကုလအဖွဲ့အစည်းတွေအပေါ် ထောက်ပံ့မှုကို အမေရိကန်က မနှစ်မှာ လျှော့ခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းပြည်သူတွေဟာ ပိုမိုကြပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ အစ္စရေးက အခွန်ငွေတွေကို ပါလက်စတိုင်းအာဏာပိုင်တွေထံ လွှဲမပေးမှုကလည်း အခြေအနေကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။
    ဒေါ်နယ်ထရမ့်အစိုးရဟာ ပါလက်စတိုင်း-အစ္စရေး ငြိမ်းချမ်းရေး အဆိုပြုချက်တစ်ခုကို မကြာခင် ထုတ်ပြန်ဖို့ ရှိနေပြီး လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ဖြစ်ပေါ်လာရေး အာမခံချက်မျိုး ပါဝင်ဖို့ မရှိဘူးလို့ သတင်းတွေလည်း ထွက်နေပါတယ်။
    ဂျေရုစလင်ကို အစ္စရေးရဲ့မြို့တော်အဖြစ် သတ်မှတ်မှုအပါအ၀င် ထရမ့်အစိုးရရဲ့ အစ္စရေးကို မျက်နှာသာပေးတဲ့ လုပ်ရပ်တစ်ချို့ကြောင့် အမေရိကန်ဟာ ယုံကြည်ရလောက်တဲ့ စေ့စပ်ညှိနှိုင်းသူ မဟုတ်တော့ဘူးလို့ ပါလက်စတိုင်း ခေါင်းဆောင်တွေက ပြောကြားထားပါတယ်။
    Ref: Aljazeera