News @ M-Media

Blog

  • အာရပ်လိဂ်အစည်းအဝေးတွင် ပါလက်စတိုင်းနှင့် ဂိုလန်ကုန်းမြင့်ကိစ္စကို အဓိကဆွေးနွေး

    အာရပ်လိဂ်အစည်းအဝေးတွင် ပါလက်စတိုင်းနှင့် ဂိုလန်ကုန်းမြင့်ကိစ္စကို အဓိကဆွေးနွေး

    ဧပြီ ၁၊ ၂၀၁၉
    M-Media

    အစည်းအဝေးပြီးတွင် တွေ့ရသည့် အာရပ်ခေါင်းဆောင်များ

    – ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်ကို အစ္စရေးပိုင်နက်အဖြစ် အမေရိကန်က အသိအမှတ်ပြုမှုကို အာရပ်လိဂ်အဖွဲ့က သူတို့ရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ ရှုတ်ချခဲ့ပြီး၊ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ တည်ထောင်ရေးအတွက်လည်း တိုက်တွန်းဆော်သြလိုက်ပါတယ်။

    တနင်္ဂနွေနေ့က တူနီးရှားနိုင်ငံမှာ ကျင်းပတဲ့ အကြိမ် ၃၀ မြောက် အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အာရပ်ခေါင်းဆောင်တွေက ဂိုလန်ကုန်းမြင့်ဒေသဟာ ဆီးရီးယားရဲ့ ပိုင်နက်ဖြစ်ကြောင်း အပြည့်အ၀လက်ခံတယ်လို့ ပြောကြားခဲ့ပါတယ်။ အစ္စရေးဟာ ၁၉၆၇ ခုနှစ်စစ်ပွဲမှာ ဒီဒေသကို ကျူးကျော်သိမ်းပိုက်ပြီးတဲ့နောက် သူ့ရဲ့ပိုင်နက်ထဲ သွင်သွင်းခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်က ဂိုလန်ကုန်းမြင့်ဒေသကို အစ္စရေးရဲ့ပိုင်နက်အဖြစ် အသိအမှတ်ပြုတယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ကြေငြာခဲ့ပါတယ်။

    အာရပ်လိဂ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံဖြစ်လာရေး ထောက်ခံကြောင်းနဲ့ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးဟာ ဆယ်စုနှစ်ချီ ကြာမြင့်နေတဲ့ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ အဖြေထွက်ရေးအပေါ်မှာ မူတည်ကြောင်း ဖော်ပြထားပါတယ်။ ဒီနှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးဆွေးနွေးမှု ဆက်လက်ဆောင်ရွက်သွားရေး စိတ်ပိုင်းဖြတ်ထားတယ်လို့ အာရပ်ခေါင်းဆောင်တွေက ပြောကြားခဲ့ပါတယ်။

    ဆီးရီးယားနဲ့ ယီမင်က ပြည်တွင်းစစ်ပွဲ၊ အလ်ဂျီးရီးယားနဲ့ ဆူဒန်တို့က အစိုးရဆန့်ကျင်ရေး မငြိမ်းသက်မှု၊ ပင်လယ်ကွေ့ နိုင်ငံတွေအကြား သံတမန်ရေး တင်းမာမှုတွေလို စစ်ရေး၊ နိုင်ငံရေး တင်းမာမှုတွေဟာ အာရပ်ကမ္ဘာနဲ့ ဘေးပတ်ဝန်းကျင် နိုင်ငံတွေမှာ ဖြစ်ပွားနေပါတယ်။

    တူနီးရှားနိုင်ငံခြားရေးဝန်ကြီး ခေမာအစ် ဂျီနူအီက အာရပ်ကမ္ဘာမှာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာဟာ လက်ခံနိုင်စရာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    “အာရပ်ကမ္ဘာ ရင်ကြားစေ့ရေးဟာ ဒေသငြိမ်းချမ်းရေးအတွက် အရင်ဆုံးစလုပ်ရမယ့် ကိစ္စပါပဲ”

    ဆော်ဒီဘုရင် ဆလ်မန်က အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထားတဲ့ လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ ဖြစ်ပေါ်လာရေး ထောက်ခံကြောင်း ပြောကြားခဲ့သလို၊ ဂျော်ဒန်ဘုရင် အဘ်ဒူလာကလည်း ဂျေရုစလင်က အလ်-အက္ကဆွာ ဗလီဝတ်ကျောင်းတော်ကို ဆက်လက်ကာကွယ်ပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

    အီဂျစ်သမ္မတ အဘ်ဒဲလ် ဖာတာ အလ်-စီစီက အာရပ်ကမ္ဘာဟာ ဆယ်စုနှစ် ၇ ခုလောက် အင်အာတွေကို ဖြုန်းတီးဖြစ်ခဲ့ပြီး ဒါတွေကိုရပ်တန့်ကာ ငြိမ်းချမ်းရေးအတွက် ပြည့်စုံတဲ့ အဖြေတစ်ခုရှာဖို့ တိုက်တွန်းခဲ့ပါတယ်။

    Ref: Aljazeera

  • ထောက်လှမ်းရေးဂြိုဟ်တုတစ်စင်းကို အိန္ဒိယက အောင်မြင်စွာလွှတ်တင်

    ထောက်လှမ်းရေးဂြိုဟ်တုတစ်စင်းကို အိန္ဒိယက အောင်မြင်စွာလွှတ်တင်

    ဧပြီ ၁၊ ၂၀၁၉
    M-Media

    ဂြိုဟ်တုများ တင်ဆောင်သွားသည့် ဒုံးပျံ လွှတ်တင်မှု

    – အိန္ဒိယနိုင်ငံဟာ စစ်ဖက်ထောက်လှမ်းရေးမှာ အသုံးပြုနိုင်မယ့် ဂြိုဟ်တုတစ်စင်းကို ဒီကနေ့မှာ ကမ္ဘာပတ်လမ်းကြောင်းထဲ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။

    EMISAT လို့ အမည်ပေးထားပြီး ၄၃၆ ကီလိုဂရမ်အလေးချိန်ရှိတဲ့ အဲဒီထောက်လှမ်းရေးဂြိုဟ်တုကို နိုင်ငံတောင်ပိုင်း ဂြိုဟ်တုလွှတ်တင်ရေး စခန်းကနေ လွှတ်တင်ခဲ့တာဖြစ်ပြီး ကမ္ဘာမြေက ၇၄၉ ကီလိုမီတာအကွာ ပတ်လမ်းမှာ စတင်လည်ပတ်နေပြီလို့ အိန္ဒိယ အာကာသ သုတေသနအဖွဲ့ ISRO က ပြောကြားခဲ့ပါတယ်။

    အဲဒီဂြိုဟ်တုနဲ့အတူ အခြား ဂြိုဟ်တုငယ် ၂၈ လုံးကို ဒုံးပျံတစ်ခုတည်းနဲ့ လွှတ်တင်နိုင်ကာ ကမ္ဘာပတ်လမ်း ၃ ခုမှာ နေရချထားပေးနိုင်ခဲ့ပြီး ဒီလိုလုပ်ငန်းမျိုးကို အိန္ဒိယက ပထမဆုံး ဆောင်ရွက်နိုင်တာ ဖြစ်ပါတယ်။ ဒါဟာ ဂြိုဟ်တုတွေကို ကုန်ကျစားရိတ်အနည်းဆုံးနဲ့ လွှတ်တင်ပေးနိုင်တဲ့ အိန္ဒိယနိုင်ငံရဲ့ အာကာသနယ်ပယ် စွမ်းဆောင်ရည်ကို ပိုမိုတောက်ပြောင်စေမယ့် ဆောင်ရွက်ချက်လည်း ဖြစ်ပါတယ်။

    လွှတ်တင်လိုက်တဲ့ ဂြိုဟ်တုတွေထဲက ၂၄ ခုဟာ အမေရိကန်ကဖြစ်ပြီး ၂ ခုက လစ်သူယေးနီးယား၊ စပိန်နဲ့ ဆွစ်ဇာလန်တို့က တစ်ခုစီ ဖြစ်ပါတယ်။

    “ဒီလိုလွှတ်တင်နိုင်မှုဟာ ISRO ရဲ့ အထူးစွမ်းဆောင်ရည် ဖြစ်ပါတယ်။ ဒုံးပျံတစ်ခုတည်းနဲ့ ပတ်လမ်း ၃ ခုပေါ်ကို ဂြိုဟ်တုတွေ တင်ပေးနိုင်တာ ပထမဆုံးပါပဲ” လို့ အဖွဲ့ဥက္ကဌ ကေစီဗန်က လွှတ်တင်အပြီးမှာ ပြောကြားခဲ့ပါတယ်။

    ကမ္ဘာဂြိုဟ်ရဲ့ အနိမ့်ပိုင်းပတ်လမ်းမှာ ရှိမယ့် EMISAT ဂြိုဟ်တုဟာ စစ်ဖက်နဲ့ အရပ်ဖက် စောင့်ကြည့်ထောက်လှမ်းရေး လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ရှိပြီး ရန်သူတွေရဲ့ ရေဒါနေရာတွေကို ရှာဖွေပေးပို့မှာ ဖြစ်ပါတယ်။

    အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီက ဒီလိုလွှတ်တင်နိုင်မှုအတွက် ISRO အဖွဲ့ကို ချီးကျူးခဲ့ပြီး အစိုးရအနေနဲ့ သိပ္ပံပညာနဲ့ ပြည်သူ့အကျိုးကို ပိုမိုဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Alajazeera

  • ဂျေရုစလင်၏ ဘာသာပေါင်းစုံအမှတ်သညာကို ကာကွယ်ရန် ပုပ်ရဟန်းမင်း တိုက်တွန်း

    ဂျေရုစလင်၏ ဘာသာပေါင်းစုံအမှတ်သညာကို ကာကွယ်ရန် ပုပ်ရဟန်းမင်း တိုက်တွန်း

    မတ် ၃၁၊ ၂၀၁၉
    M-Media

    မြို့တော် ရာဘတ်သို့ ရောက်ရှိလာသည့် ပုပ်ရဟန်းမင်းကြီး

    – ဂျေရုစလင်ဟာ ခရစ်ယာန်၊ ဂျူးနဲ့ မွတ်စလင်တွေ ‘ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်တဲ့ ပြယုဂ်တစ်ခု’ ဖြစ်သင့်တယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောကြားလိုက်ပါတယ်။

    ပုပ်ရဟန်းမင်းကြီးဟာ မော်ရိုကိုဘုရင် မိုဟာမက် ၆ ရဲ့ ဖိတ်ကြားမှုကြောင့် စနေနေ့က မော်ရိုကိုနိုင်ငံ မြို့တော်ရာဘတ်ကို ရောက်ရှိလာခဲ့ပါတယ်။ နိုင်ငံအတွင်း ဘာသာပေါင်းစုံ ညီညွတ်ရေး အထောက်အကူဖြစ်စေဖို့အတွက် ပုပ်ရဟန်းမင်းကြီးကို ဒီလို ဖိတ်ကြားခဲ့တယ်လို့ မော်ရိုကိုအာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။

    ကမ္ဘာတစ်ဝှမ်းက ခရစ်ယာန်ကက်သလစ်ဘာသာဝင် ၁.၃ ဘီလီယံရဲ့ အကြီးအကဲဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟာ လူပေါင်း ၁ သောင်းဆန့်တဲ့ Rabat အားကစားကွင်းမှာ တနင်္ဂနွေနေ့ကျရင် ကက်သလစ်ဘာသာဝင်တွေကို တွေ့ဆုံ တရားဟောဖို့ ရှိသလို၊ နိုင်ငံအတွင်း ကက်သလစ်အသင်းတော်က ဆောင်ရွက်ပေးနေတဲ့ အကူအညီပေးရေးလုပ်ငန်းတွေကို သွားရောက်ကြည့်ရှုဖို့ ရှိနေပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ကက်သလစစ်ဘုန်းကြီးတွေ၊ အခြား ခရစ်ယာန်ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

    မော်ရိုကိုဘုရင်နဲ့ ပုပ်ရဟန်းမင်းကြီးတို့ စနေနေ့က ပူးတွဲထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဂျေရုစလင်ဟာ လူသားအားလုံး၊ အထူးသဖြင့် ထာဝရဘုရားသခင်ကို ယုံကြည်တဲ့ ဘာသာကြီး ၃ ခု နောက်လိုက်တွေရဲ့ အမွေအနှစ်ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

    “ဂျေရုစလင်ရဲ့ ဘာသာပေါင်းစုံနဲ့ သက်ဆိုင်တဲ့ ၀ိသေသလက္ခဏာ၊ နာမ်ပိုင်းဆိုင်ရာ ဆုံမှတ်ကျမှုနဲ့ ယဉ်ကျေးမှုအမှတ်သညာဆိုင်ရာ ထူးမြတ်မှုတွေကို ကာကွယ်မြှင့်တင်သွားရမှာ ဖြစ်ပါတယ်” လို့ ကြေငြာချက်က ဆိုပါတယ်။

    အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန်က ပြီးခဲ့တဲ့နှစ်မှာ အသိအမှတ်ပြုခဲ့ပြီးတဲ့နောက် ပုပ်ရဟန်းမင်းကြီးအပါအ၀င် ကမ္ဘာတစ်ဝှမ်းက ဒီဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့ပါတယ်။ ပါလက်စတိုင်းဟာ ဂျေရုစလင်ကိုမြို့တော်အဖြစ်ထားကာ လွတ်လပ်တဲ့နိုင်ငံတစ်ခုအဖြစ် ထူထောင်လိုနေတာ ဖြစ်ပါတယ်။

    ဂျေရုစလင်ရဲ့ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ ဗိသုကာဆိုင်ရာ သမိုင်းအမွေအနှစ်ကို ထိန်းသိမ်းရေး အစ္စလာမ့်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ဖွဲ့စည်းပေးထားတဲ့ ကော်မတီမှာ မော်ရိုကိုဘုရင်က ဥက္ကဌအဖြစ် တာဝန်ယူထားပါတယ်။

    အစွန်းရောက်ဝါဒကို ဆန့်ကျင်

    ကြိုဆိုပွဲအခမ်းအနားမှာ ပုပ်ရဟန်းမင်းကြီးက “ဘာသာရေးအယူသည်းမှုကို ဆန့်ကျင်ဖို့ အရေးကြီးကြောင်း” ၊ ဘာသာရေးလမ်းညွှန်မှုတွေကို ဆောင်ရွက်ရာမှာ အနာဂတ်အတွက် သင့်လျော်တဲ့ပုံစံမျိုး ဖြစ်လာအောင် ပြင်ဆင်ထားသင့်ကြောင်း တက်ရောက်လာသူတွေကို ပြောကြားခဲ့ပါတယ်

    ပုပ်ရဟန်းမင်းကြီးဟာ စနေနေ့ညနေပိုင်းက Hassan ဗလီဝတ်ကျောင်းတော်မှာ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေဆုံခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ မော်ရိုကိုဘုရင် မိုဟာမက် ၆ က အစွန်းရောက်ဝါဒကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့ပါတယ်။

    “အကြမ်းဖက်သမားတွေ ဖြစ်လာတယ်ဆိုတာဟာ ဘာသာရေးကြောင့် မဟုတ်ပါဘူး။ ဘာသာတရားကပေးတဲ့အသိ မရှိတာကြောင့်ပါ။ ဒီလို အသိအဉာဏ်ကင်းမဲ့မှု၊ ဒီလိုသည်းမခံနိုင်မှုတွေအတွက် ဘာသာတရားကို ဆွဲထည့်နေတာမျိုး ရပ်တန့်ဖို့အချိန်ကျပါပြီ”

    မော်ရိုကိုနိုင်ငံ လူဦးရေရဲ့ ၉၉ ရာခိုင်နှုန်းဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်ပြီး ခရစ်ယာန်ဘာသာဝင်တွေက လူနည်းစု ဖြစ်ပါတယ်။ မော်ရိုကိုဘုရင်ဟာ အနောက်အာဖရိကရဲ့ “ဘာသာပေါင်းစုံတပ်မှူး” အဖြစ် လေးစားခံရသူလည်း ဖြစ်ပါတယ်။

    Ref: Aljazeera

  • ရွှေကိုယူသည်၊ ငွေကိုယူသည်၊ ပြီးတော့ …..

    ရွှေကိုယူသည်၊ ငွေကိုယူသည်၊ ပြီးတော့ …..

    မတ် ၂၉၊ ၂၀၁၉
    M-Media

    Photo Credit – mmtimes

    – မြန်မာနိုင်ငံက မိန်းကလေးငယ်တွေ၊ အမျိုးသမီးတွေကို ‘တရုတ်မယား’ အဖြစ် လူကုန်ကူးရောင်းချမှုဟာ သိသိသာသာ မြင့်တက်လာတယ်လို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုက ထုတ်ပြန်ပါတယ်။

    လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW ရဲ့ အစီရင်ခံစာသစ်မှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့က အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ တရုတ်နိုင်ငံကို လူကုန်ကူးခံရပြီး လိင်ကျွန်အဖြစ် ရောင်းစားခံရတဲ့ အဖြစ်အပျက် တော်တော်များများနဲ့ ဒီကိစ္စကို ဖြေးရှင်းရေး တရားဥပဒေစိုးမိုးမှု အားနည်းတာတွေကို ဖော်ပြထားပါတယ်။

    “ကျင့်ဝတ်မဲ့ လူကုန်ကူးသူတွေက ကချင်အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို အကျဉ်းချထားတာ၊ ပြောစရာစကားလုံးမျိုးမရှိတဲ့ ညှင်းပမ်းနှိပ်စက်မှုတွကို လုပ်နေတဲ့အချိန်၊ မြန်မာနဲ့ တရုတ်အာဏာပိုင်တွေက မျက်နှာလွှဲခဲပစ် လုပ်နေကြပါတယ်။ ၀မ်းမ၀၊ ခါးမလှတဲ့ ဘ၀အခြေအနေတွေ၊ အခြေခံအခွင့်အရေးကို ကာကွယ်မပေးခံရတဲ့ အခြေအနေတွေကြောင့် ဒီအမျိုးသမီးတွေဟာ နယ်စပ် ဟိုဘက်ဒီဘက်က အာဏာပိုင်တွေကို ကြောက်ရကောင်းမှန်းမသိတဲ့ လူကုန်ကူးသူတွေရဲ့သားကောင် အလွယ်တကူ ဖြစ်လာပါတယ်” လို့ HRW အဖွဲ့က အမျိုးသမီးအခွင့်အရေးဆိုင်ရာ ခေတ္တပူးတွဲဒါရိုက်တာ ဟီသာ ဘားရ်က ပြေကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့ နှစ် ၄၀ အတွင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် လူတော်တော်များများဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ဘ၀ရပ်တည်ရေးအတွက် ရုန်းကန်ခဲ့ရပါတယ်။

    မြန်မာအစိုးရက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ တော်တော်များများကို ပိတ်ပင်ထားတာကြောင့် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ အစားအသောက် လုံလုံလောက်လောက် မရသလို၊ တိုက်ပွဲအသစ်တွေကြောင့်လည်း မျှော်လင့်ချက်မဲ့တဲ့အနေအထားကို ရောက်လာပါတယ်။

    အမျိုးသားတော်တော်များများက ပဋိပက္ခမှာ ပါဝင်နေတာကြောင့် အမျိုးသမီးတွေဟာ မိသားစု စားဝတ်နေရေးကို တာဝန်ယူရသူတွေ ဖြစ်လာခဲ့ပြီး နယ်စပ်ဖြတ်ကျော်ကာ တရုတ်နိုင်ငံထဲ သွားရောက်အလုပ်လုပ်ကိုင်ဖို့ကလွဲလို့ တစ်ခြား ရွေးစရာနည်းလမ်း မရှိပါဘူ။ ဒါ့အပြင် မသမာသူတွေရဲ့ သွေးဆောင်ဖျားယောင်းမှုကြောင့် မကြာခဏ လူကုန်ကူးသူတွေရဲ့သားကောင် ဖြစ်ကြရပါတယ်။

    “စစ်ရှောင်စခန်းတွေမှာနေတဲ့သူတွေဟာ ငွေကြေးနဲ့ တစ်ခြားအရာတွေ ဘာမှ မရှိပါဘူး။ နေ့စဉ်စားဝတ်နေရေး မပြေလည်ရာကနေ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေက စတေးခံဘ၀ ရောက်ကြရပါတယ်” လို့ လူကုန်ကူးခံရသူတွေကို ကူညီနေတဲ့ ကချင်အမျိုးသမီးအသင်း KWA က ၀န်ထမ်းတစ်ဦးက ပြောကြားခဲ့ပါတယ်။

    အခြား ကချင်အရေး တက်ကြွသူတစ်ဦးကလည်း အဲဒီလိုသဘောထားမျိုး ပြောပြခဲ့ပါတယ်။

    “သူတို့ ပုံမှန်ပစ်မှတ်ထားတာက ငွေကြေးမပြေလည်တဲ့ မိသားစုတွေကိုပါ။ ဒါပေမယ့် အခုအချိန်မှာတော့ လူကုန်ကူးသူတွေဟာ စစ်ရှောင်စခန်းတွေဖက်ကို မြားဦးလှည့်လာပါတယ်။ အဲဒါက လူစုလို့ကောင်းတဲ့ နေရာတစ်ခုပါ။ တစ်နေရာတည်းမှာ စုပြုံနေကြတယ်။ လူပွဲစားအများစုက အမျိုးတွေ ဒါမှမဟုတ် အသိအကျွမ်းတွေ ဖြစ်ပါတယ်”

    လူကုန်ကူးခံရမှုကနေ လွတ်မြောက်လာသူ ၃၇ ဦးကို HRW က မေးမြန်းရာမှာ ၁၅ ဦးက သူငယ်ချင်းတွေရဲ့ သွေးဆောင်မှုကို ခံရပြီး ၁၂ ဦးက အသိအကျွမ်းတွေရဲ့ သွေးဆောင်မှုကို ခံရတယ်ဆိုတာ တွေ့ရပါတယ်။ နောက်ထပ် ၆ ဦးက ဆွေးမျိုးရင်းချာတွေရဲ့ သွေးဆောင်တာ၊ ရောင်းစားတာကို ခံခဲ့ရသူတွေပါ။

    HRW က မေးမြန်းခဲ့သူ တော်တော်များများဟာ ၄၅ သိန်းကနေ သိန်း ၂၀၀ လောက်နဲ့ ရောင်းစားခံရတာ ဖြစ်ပါတယ်။ ‘၀ယ်သူတွေ’ ထံ ရောက်သွားတဲ့အချိန်မှာ သူတို့ဟာ အခန်းထဲမှာ ပိတ်လှောင်ခံရတာ၊ ကိုယ်ဝန်ရဖို့ အကြိမ်ကြိမ် အဓမ္မကျင့်တာတွေ ခံရပါတယ်။

    ကချင်ပြည်နယ်က ပဋိပက္ခတွေကို ရှောင်ရှားရင်း စစ်ရှောင်စခန်းတစ်ခုကို ရောက်လာတဲ့ အသက် ၁၆ နှစ်အရွယ် Seng Moon ကို ယောင်းမဖြစ်သူက တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ထမင်းချက်အလုပ်ရမယ်လို့ ပြောခဲ့ပါတယ်။

    ကားပေါ်ရောက်တဲ့အခါ ယောင်းမက ကားမူးပြေဖို့ဆိုပြီး Seng Moon ကို ဆေးတစ်လုံးတိုက်ခဲ့ပြီး သောက်ပြီးပြီးချင်းပဲ အိမ်ပျော်သွားခဲ့ပါတယ်။ သူမ နိုးလာတဲ့အချိန်မှာ လက်ပြန်ကြိုတုပ်လျက်သား အနေအထားနဲ့ တရုတ်မိသားစုအိမ်တစ်ခုကို ရောက်နေတယ်လို့ Seng Moon က HRW ကို ပြောကြားခဲ့ပါတယ်။

    “ယောင်းမက ကျွန်မကို အဲဒီအိမ်မှာထားခဲ့တယ်။ အဲဒီမိသားစုက ကျွန်မကို အခန်းတစ်ခုတည်းခေါ်သွားပြီး ကြိုးတုပ်ထားတယ်။ တံခါးကို တစ်လ၊ နှစ်လလောက် သော့ပိတ်ထားတယ်။ တရုတ်တစ်ယောက်က ထမင်းလာပို့တိုင်း ကျွန်မကို မုဒိမ်းကျင့်တယ်” လို့ Seng Moon က ပြောပါတယ်။

    သူမဟာ တရုတ်တစ်ယောက်နဲ့ လက်ထပ်ခံထားရပြီဆိုတာကို နောက်ထပ် ၂ လလောက်နေမှ သိရပြီး ဆက်လက်ညှင်းဆဲခံခဲ့ရပါတယ်။ Seng Moon တစ်ယောက် ကိုယ်ဝန်ရကာ ကလေးမီးဖွားပြီးတဲ့နောက် သူ့ယောက်ျားက “နင့်ကို ဘယ်သူမှ မတားတော့ဘူး။ အိမ်ပြန်ချင်ရင် ပြန်လို့ရတယ်။ ဒါပေမယ့် ကလေးတော့ ယူသွားလို့မရဘူး” လို့ ပြောပါတယ်။

    နောက်ထပ် ၂ နှစ်အကြာမှာတော့ သူမဟာ ကလေးငယ်နဲ့အတူ လွတ်မြောက်ခဲ့ပါတယ်။

    အခြားလွတ်မြောက်လာသူတွေကတော့ သူတို့ရဲ့ ကလေးတွေကို ထားရစ်ခဲ့ရပါတယ်။ HRW က တွေ့ဆုံမေးမြန်းသူတွေထဲမှာ ၈ ဦးလောက်က ကလေးတွေကို ထားခဲ့ရတယ်လို့ ဆိုပါတယ်။

    လူကုန်ကူးခံရသူ မိန်းကလေးငယ်တွေနဲ့ အမျိုးသမီးတစ်ချို့ဟာ အဓမ္မမယားအပြင်၊ အဓမ္မလုပ်သားအဖြစ်လည်း ခိုင်းစေခံရပါတယ်။

    Ja Seng Nu ဟာ ရှန်ဟိုင်းမြို့နားက ဖရဲခြံမှာ တစ်နှစ်လောက် နေခဲ့ရပြီး အိမ်ခန်းထဲမှာ သော့ပိတ်ထားတာ၊ ကိုယ်ထိလက်ရောက် ရိုက်နှက်တာတွေကို ခံစားခဲ့ရပါတယ်။ ဖရဲခြံကိုပိုင်တဲ့ မိသားစုရဲ့ သားဖြစ်သူကလည်း ‘ကလေးမြန်မြန်ရဖို့ ‘ သူမကို ညစဉ် အဓမ္မကျင့်ခဲ့ပါတယ်။

    သူမဟာ မနက်တိုင်း အစောကြီးထကာ ခြံအလုပ်သမားတွေအတွက် မနက်စာ ချက်ပြုတ်ရပြီး တစ်နေ့လုံး ခြံထဲမှာ အလုပ်လုပ်ရပါတယ်။

    ထွက်ပြေးတာကို မိတဲ့သူတွေကတော့ ပိုပိုပြီး နှိပ်စက်ခံခဲ့ရပါတယ်။

    အသက် ၂၁ နှစ်အရွယ်မှာ ရောင်းစားခံလိုက်ရတဲ့ Mai Mai Tsawm က သူမဟာ ထွက်ပြေးဖို့ကြိုးစားတဲ့ အမျိုးသမီးတစ်ဦးနဲ့ တွေ့ခဲ့တယ်လို့ HRW ကို ပြောပါတယ်။ သူမရဲ့ တရုတ်ယောက်ျားက ပြန်မိတဲ့အခါမှာ လည်ပင်းနဲ့ လက်တွေကို ကြိုချည်ကာ ဆိုင်ကယ်နောက်မှာ ကြိုးနဲ့ချည်ပြီး တရွတ်တိုက်ဆွဲသွားတယ်လို့ ဆိုပါတယ်။

    အဲဒီအမျိုးသမီး အသက်ရှင်မှရဲ့လားဆိုတာ မသိဘူးလို့ Tsawn က ပြောပါတယ်။

    ထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့် လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေဟာ စိတ်ဒဏ်ရာတွေရကာ၊ သူတို့ရဲ့ လူ့အဖွဲ့အစည်းမှာ ဂုဏ်သိက္ခာညှိုးနွမ်းမှုနဲ့ ကြုံရပါတယ်။

    “ရောင်းစားခံရသူအများစုဟာ ဆိုးရွားရဲ့အခြေအနေတွေနဲ့ ကြုံတွေ့ရလေ့ရှိပါတယ်။ သူတို့ပြန်ရောက်လာတဲ့အခါ ကျွန်မတို့နဲ့ လုံးဝကွဲသွားတယ်။ ငေးငေးငိုင်ငိုင်တွေ ဖြစ်သွားတယ်။ ပြန်ရောက်လာသူတွေဟာ အပြင်ထွက်ပြီး မျက်နှာမပြရဲကြတော့ဘူး။ လူကုန်ကူးခံခဲ့ရတဲ့အတွက် အပြစ်ရှိသလို ခံစားနေရပါတယ်” လို့ KWA ၀န်ထမ်းတစ်ဦးက ပြောပါတယ်။

    ဒီလို လူကုန်ကူးမှုတွေ မြင့်တက်လာတာဟာ တရုတ်နိုင်ငံမှာ မိန်းမရှားပါးမှုကြောင့် ဖြစ်ပါတယ်။

    ၂၀၀၀ ခုနှစ် တရုတ်အစိုးရရဲ့ သန်းခေါင်စာရင်းကောက်ယူမှုအရ ၁၉၉၆ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အတွင်း အမျိုးသား ၁၂၀ မှာ အမျိုးသမီး ၁၀၀ သာ မွေးဖွားတယ်ဆိုတာကို တွေ့ရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မွေးဖွားမှုအချိုးဟာ ယောက်ျားလေး ၁၅၀/မိန်းကလေး ၁၀၀ ရှိတယ်လို့ ဆိုပါတယ်။

    တစ်အိမ်ထောင် ကလေးတစ်ယောက်ပေါ်လစီကြောင့် တရုတ်နိုင်ငံမှာ အမျိုးသားတွေ ရွေးချယ်ဖို့အတွက် အမျိုးသမီး သန်း ၃၀ ကနေ သန်း ၄၀ လောက် လိုအပ်နေပါတယ်။

    ဒီလို ကျား၊ မ မညီမျှမှုကြောင့် တရုတ်အမျိုးသား တော်တော်များများဟာ အိမ်ထောင်ဖက်ရှာလို့ မရတော့ပါဘူး။ ၂၀၃၀ ရောက်ရင် အသက် ၄၀ နားကပ်နေတဲ့ အမျိုးသား ၂၅ ရာခိုင်နှုန်းလောက်ဟာ မိန်းမရမယ့်လမ်း မရှိတော့ဘူးလို့ သုံးသပ်မှုလည်း ရှိပါတယ်။

    လူကုန်ကူးမှုအထောက်အထားတွေ ရှိနေပမယ့် ဒါကို တားဆီးဖို့၊ လူကုန်ကူးခံရသူတွေကို ကူညီဖို့အတွက် ဥပဒေစိုးမိုးရေးအဖွဲ့တွေက ထိထိရောက်ရောက် လုပ်ဆောင်ပေးခြင်းမရှိတာကို စိုးရိမ်မိတယ်လို့ HRW က ပြောပါတယ်။

    တရုတ်နဲ့ မြန်မာ ၂ နှစ်နိုင်ငံစလုံးက လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေကို ကယ်တင်ဖို့ အားသိပ်မထုတ်ကြဘူးဆိုတာ တွေ့ရတယ်လို့လည်း HRW က ဆိုပါတယ်။ ဆွေမျိုးတွေ ပျောက်သွားလို့ ရှာဖွေဖို့ အကူအညီတောင်းတဲ့သူတွေလည်း လစ်လျူရှုခံရပြီး၊ ရဲက အရေးယူစေချင်ရင် ပိုက်ဆံပေးရမယ်လို့ အပြောခံရပါတယ်။

    လူကုန်ကူးခံရသူတွေ ထွက်ပြေးပြီး တရုတ်ရဲတွေထံကိုသွားရင်လည်း ရာဇ၀တ်မှုသားကောင်အဖြစ် သတ်မှတ်ဆောင်ရွက်ပေးတာထက် ခိုးဝင်လာမှုနဲ့ ထောင်ချတယ်လို့ HRW ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    “မြန်မာနဲ့ တရုတ်အစိုးရတွေ၊ ကချင်လွတ်မြောက်ရေးအဖွဲ့တွေဟာ လူကုန်ကူးမှုကို တားဆီးဖို့၊ လူကုန်ကူးခံရသူတွေကို ကယ်တင်ဖို့၊ ကူညီဖို့၊ လူကုန်ကူးသူတွေကို တရားစွဲဖို့ စတာတွေအတွက် ပိုမိုလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေကို ကယ်တင်ပြီး ပြည်လည်ထူထောင်ရေးကို အစိုးရက မလုပ်ပေးတဲ့အတွက် အခက်အခဲကြားထဲကနေ ဒါတွေကို လုပ်ဆောင်နေရတဲ့ အရပ်ဖက်အဖွဲ့တွေကို အလှူရှင်တွေ၊ နိုင်ငံတကာ
    အဖွဲ့အစည်းတွေက ကူညီပံ့ပိုးပေးသင့်ပါတယ်” လို့ ဘားက ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံက ပြည်သူတွေ တရုတ်နိုင်ငံမှာ တရားဝင် အလုပ်လုပ်ကိုင်နိုင်ဖို့အတွက် ဥပဒေဘောင်အတွင်းက အလုပ်အကိုင်ရှာဖွေခန့်ထားရေး လမ်းကြောင်းတွေ ဖော်ဆောင်ဖို့၊ လူကုန်ကူးမှုလုပ်နေတယ်လို့ သံသယရှိလာတဲ့အခါ တိုင်ကြားလို့ရနိုင်မယ့် နည်းလမ်းတွေ ဖော်ဆောင်ဖို့ HRW က တရုတ်နဲ့ မြန်မာအစိုးရတို့ကို
    တိုက်တွန်းခဲ့ပါတယ်။

    လွတ်မြောက်လာသူတွေရဲ့ စိတ်ဒဏ်ရာကို ကုစားပေးဖို့၊ ပညာရေး၊ လေ့ကျင့်သင်ကြားပေးရေးဆောင်ရွက်ဖို့၊ သူတို့ကို ထောင်ချတာမျိုး မလုပ်ဖို့ စတဲ့ IPS လုပ်ငန်းကို လုပ်ဆောင်ဖို့လိုတယ်လို့လည်း HRW ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဒါတွေဟာ လူကုန်ကူးမှုနဲ့ပတ်သက်ပြီး ကမ္ဘာတစ်ဝှမ်းမှာ လုပ်ဆောင်နေကြတဲ့ ကိစ္စတွေဖြစ်ပြီး IPS လုပ်ငန်းစဉ်ကို Riana Group က ပံ့ပိုးကူညီတာ ဖြစ်ပါတယ်။

    Ref: mmtimes

    (Myanmar Times အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် Myanmar and China’s bride trafficking problem ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

  • အစွန်းရောက်ဝါဒ တိုက်ဖျက်ရေး ကမ္ဘာ့မွတ်စလင်လိဂ်နှင့် ရုရှားတို့ လက်မှတ်ထိုး

    အစွန်းရောက်ဝါဒ တိုက်ဖျက်ရေး ကမ္ဘာ့မွတ်စလင်လိဂ်နှင့် ရုရှားတို့ လက်မှတ်ထိုး

    မတ် ၂၉၊ ၂၀၁၉
    M-Media

    အလ်-အီဆာနှင့် ဗိုလိုဒင်

    – အစွန်းရောက် အကြမ်းဖက်ဝါဒကို တိုက်ဖျက်ဖို့နဲ့ နှစ်ဖက် အနီးကပ် ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက်တစ်ခုကို ကမ္ဘာ့မွတ်စလင်လိဂ် MWL နဲ့ ရုရှားနိုင်ငံတို့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

    မနေ့က မော်စကိုမှာ ကမ္ဘာ့မွတ်စလင်လိဂ် အထွေထွေအတွင်းရေးမှူး ဒေါက်တာ မိုဟာမက် ဘင် အဘ်ဒူလ် ကရမ် အလ်-အီဆာနဲ့ ရုရှားလွှတ်တော်ဥက္ကဌ ဗီချက်စလက်ဗ် ဗိုလိုဒင်တို့ တွေ့ဆုံဆွေးနွေးမှုအတွင်း မတူညီတဲ့ အယူဝါဒတွေ၊ လူ့အဖွဲ့အစည်းတွေအကြား ဆွေးနွေးမှု ပိုမို တိုးမြှင့်ဆောင်ရွက်ရေး၊ ဆက်ဆံမှုတိုးမြှင့်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

    လူ့အဖွဲ့အစည်းတွေအကြား အပြုသဘောဆောင်တဲ့ ပေါင်းစည်းမှု မြှင့်တင်ရာမှာ ဘာသာရေးခေါင်းဆောင်တွေရဲ့ အရေးပါမှုကိုလည်း ဆွေးနွေးခဲ့ကြပြီး ဗိုလိုဒင်က ကမ္ဘာ့မွတ်စလင်လိဂ်ရဲ့ ကမ္ဘာတစ်ဝှမ်း သြဇာညောင်းမှု၊ ကမ္ဘာလုံးဆိုင်ရာ သဟာဇတဖြစ်မှုကို မြှင့်တင်ရာမှာ ဦးဆောင်ဦးရွက်ပြုနိုင်မှုတွေအကြောင်း ချီးကျူးပြောဆိုခဲ့ပါတယ်။

    အစွန်းရောက်ဝါဒ တိုက်ဖျက်ရေးနဲ့ သည်းခံမှု မြှင့်တင်ရေးတို့ကို ဦးစားပေးဆောင်ရွက်မယ့် သဘောတူညီချက်တစ်ခုကို MWL နဲ့ ရုရှား အစ္စလာမ့်ယဉ်ကျေးမှု၊ သိပ္ပံနှင့် ပညာရေး ရန်ပုံငွေအဖွဲ့တို့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ရုရှားနိုင်ငံက အစ္စလာမ့်အဖွဲ့အစည်းတွေနဲ့ မွတ်စလင်အများစုရှိရာ နိုင်ငံတွေအကြား အပြန်အလှန် ဆက်သွယ်ဆောင်ရွက်သွားဖို့လည်း သဘောတူညီချက်ထဲမှာ ပါဝင်ပါတယ်။

    ဘာသာတရား၊ လူမျိုးနဲ့ အယူဝါဒတွေကို အခြေခံပြီး အစွန်းရောက်ကာ အကြမ်းဖက်ဝါဒအထိ ရောက်သွားမှုကို တားဆီးဖို့၊ အဖွဲ့အစည်းတွေအကြား လူသားချင်းစာနာထောက်ထားမှုကို အခြေတည်ပြီး ပူးပေါင်းဆောင်ရွက်ကာ လူ့အဖွဲ့အစည်းတွေကို ဆက်သွယ်ပေးဖို့၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို အထောက်ကူဖြစ်စေမယ့် မူဘောင် သဘောတူညီချက်တွေအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ဖို့ကိုလည်း သဘောတူခဲ့ကြပါတယ်။

    ရုရှား အစ္စလာမ့် ယဉ်ကျေးမှု၊ သိပ္ပံနှင့် ပညာရေး ရန်ပုံငွေအဖွဲ့ဟာ MWL ရဲ့ ရုရှားအခြေပြု ပရဟိတ လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ဖို့လည်း သဘောတူခဲ့ပါတယ်။

    အစ္စလာမ့်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) မှာ လေ့လာစောင့်ကြည့်သူအဖြစ် ရုရှားက ပါဝင်နိုင်ရေး ရုရှား-အစ္စလာမ်ကမ္ဘာ မဟာဗျူဟာအဖွဲ့တစ်ခုကို ၂၀၀၆ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။ ရုရှားသမ္မတ ပူတင်က အစ္စလာမ်ကမ္ဘာဟာ ရုရှားရဲ့ ကူညီပံ့ပိုးမှုကို အပြည့်အ၀ ရမယ်လို့ အရင်က ပြောကြားထားပါတယ်။

    Ref: Arab News