News @ M-Media

Blog

  • IS အကြမ်းဖက်များကို နိုင်ငံတကာခုံရုံးဖွဲ့ စစ်ဆေးရေးရန် ကာ့ဒ်အဖွဲ့ ဆော်သြ

    IS အကြမ်းဖက်များကို နိုင်ငံတကာခုံရုံးဖွဲ့ စစ်ဆေးရေးရန် ကာ့ဒ်အဖွဲ့ ဆော်သြ

    မတ် ၂၆၊ ၂၀၁၉
    M-Media

    – ဖမ်းဆီးရမိထားတဲ့ IS အကြမ်းဖက်အဖွဲ့ဝင်တွေကို နိုင်ငံတကာ ခုံရုံးတစ်ခုဖွဲ့ကာ တရားစွဲဆို စစ်ဆေးဖို့အတွက် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းကို အုပ်ချုပ်နေတဲ့ ကာ့ဒ်အစိုးရအဖွဲ့က တိုက်တွန်း ဆော်သြလိုက်ပါတယ်။

    ဆီးရီးယားနိုင်ငံအရှေ့ပိုင်းက IS အကြမ်းဖက်အဖွဲ့ရဲ့ နောက်ဆုံး ခြေကုပ်စခန်းကို ကာ့ဒ်တပ်ဖွဲ့ဦးဆောင်တဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) က ပြီးခဲ့တဲ့တစ်ပတ်မှာ သိမ်းယူနိုင်ခဲ့ရာမှာ IS အဖွဲ့ဝင် ၅ ထောင်လောက်ကို အရှင် ဖမ်းမိခဲ့ပါတယ်။ အဲဒီအထဲက တစ်ထောင်နီးပါးဟာ နိုင်ငံခြားသားတွေ ဖြစ်ပါတယ်။

    ကာ့ဒ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖမ်းဆီးရမိထားတဲ့ အကြမ်းဖက်သမားတွေကို နိုင်ငံတကာဥပဒေတွေ၊ လူ့အခွင့်အရေး သတ်မှတ်ချက်တွေနဲ့ မျှမျှတတ တရားစီရင်နိုင်ရေး ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာ နိုင်ငံတကာ အထူးခုံရုံးတစ်ခု ဖွဲ့စည်းဖို့ တိုက်တွန်းထားပါတယ်။

    အုပ်ချုပ်ရေးအဖွဲ့ရဲ့ နိုင်ငံခြားရေးဆိုင်ရာ အကြီးအကဲ အဘ်ဒူလ် ကရင် အိုမာရ်က IS အဖွဲ့ဝင် နိုင်ငံခြားသားတွေကို သူတို့ရဲ့ မိခင်နိုင်ငံတွေက ပြန်မခေါ်တဲ့ကိစ္စကလည်း အခြေအနေကို ပိုမိုကြပ်တည်းစေတယ်လို့ ပြောကြားခဲ့ပါတယ်။

    IS အဖွဲ့ဝင်တွေရဲ့ ဆွေမျိုး ၇ သောင်းကျော်လောက်ကိုလည်း ကာ့ဒ်အုပ်ချုပ်ရေးအဖွဲ့က တာဝန်ယူထားရပြီး အဲဒီအထဲက ၉၀၀၀ ကျော်ဟာ နိုင်ငံခြားသား IS အဖွဲ့ဝင်တွေရဲ့ ဆွေမျိုးတွေ ဖြစ်ပါတယ်။

    ဆီးရီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဂျိမ်းစ် ဂျက်ဖရီက အမေရိကန်အနေနဲ့ စစ်သွေးကြွတွေကို နေရပ်ပြန်ပို့ရေး အာရုံစိုက်သွားမှာဖြစ်ပြီး နိုင်ငံတကာ ခုံသမာဓိရုံးတစ်ခု ဖွဲ့စည်းဖို့အတွက် လက်ရှိမှာ အစီအစဉ်မရှိသေးဘူးလို့ တနင်္လာနေ့မှာ သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။

    ၁၉၉၀ ပြည့်နှစ်တွေက ဘော်လ်ကန်စစ်ပွဲ၊ ၁၉၉၄ ခုနှစ်က ရ၀မ်ဒါ လူမျိုးတုန်းသတ်ဖြတ်မှုတွေအပြီး နိုင်ငံတကာ ခုံသမာဓိရုံးဖွဲ့ကာ ကျူးလွန်သူတွေကို စစ်ဆေးခဲ့ပေမယ့် ဆီးရီးယားမှာ ဒီလိုခုံရုံးဖွဲ့ဖို့ မဖြစ်နိုင်ဘူးလို့ ဥပဒေကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    Ref: BBC

  • တိဘက်ဒေသနှင့်ပတ်သက်၍ အမေရိကန်၏ ထုတ်ပြန်ချက်ကို တရုတ် ပယ်ချ

    တိဘက်ဒေသနှင့်ပတ်သက်၍ အမေရိကန်၏ ထုတ်ပြန်ချက်ကို တရုတ် ပယ်ချ

    မတ် ၂၆၊ ၂၀၁၉
    M-Media

    – တိဘက်မှာ ဖိနှိပ်မှုတွေရှိနေပြီး ပြင်ပက ၀င်ရောက်မှုကို ပိတ်ပင်ထားတယ်ဆိုတဲ့ အမေရိကန်ရဲ့ ထုတ်ပြန်ချက်ဟာ တစ်ဖက်သက် စွပ်စွဲချက်သာဖြစ်တယ်လို့ တရုတ်အစိုးရက ဒီကနေ့မှာ ဝေဖန်ခဲ့ပြီး၊ တိဘက်အရေးကို ၀င်စွက်ရင် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်လိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

    မနေ့က အမေရိကန်ရဲ့ ထုတ်ပြန်ချက်မှာ သံတမန်တွေ၊ ဂျာနယ်လစ်တွေ၊ သာမန်ပြည်သူလူထုတွေကို တရုတ်အစိုးရက ၀င်ရောက်ခွင့် မပေးတာ အပါအ၀င် တိဘက်ဒေသကို သီးခြားဖြစ်အောင် တရုတ်အစိုးရက လုပ်ဆောင်ထားတာတွေကို အသေးစိတ် ဖော်ပြထားပါတယ်။

    ပြီးခဲ့တဲ့နှစ်အတွင်း အမေရိကန်သံအမတ် တယ်ရီ ဘရန်စတဒ်အပါအ၀င် အမေရိကန်က တိဘက်ဒေသကို ၀င်ရောက်ဖို့ ၉ ကြိမ် တောင်းဆိုခဲ့ရာမှာ ၅ ကြိမ် ပယ်ချခံခဲ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဒီကနေ့ ဘေဂျင်းမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျန်ရှောင်က အမေရိကန်ရဲ့ ဒီအစီရင်ခံစာဟာ ‘အရှိတရားတွေကို အလေးမထားဘဲ တစ်ဖက်သက် စွပ်စွဲချက်တွေသာ ဖြစ်ကြောင်း၊ မိမိတို့အနေနဲ့ လုံးဝ လက်ခံမှာမဟုတ်ကြောင်း’ ပြောကြားခဲ့ပါတယ်။

    “တိဘက်နဲ့သက်ဆိုင်တဲ့ ကိစ္စတွေကို အသုံးချပြီး တရုတ်ရဲ့ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်တာကို ရပ်တန့်ဖို့ အမေရိကန်ကို ကျွန်တော်တို့ တိုက်တွန်းပါတယ်။ တရုတ်-အမေရိကန် ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးနဲ့ နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေးတွေကို မထိခိုက်စေဖို့ပါ”

    တရုတ်အစိုးရဟာ တိဘက်ဒေသမှာ နိုင်ငံရေးနဲ့ ဘာသာရေးဖိနှိပ်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း အမေရိကန်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    တရုတ်ရဲ့ ဖိနှိပ်မှုကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ တိဘက်မှာ မိမိကိုယ်ကို မီးရှို့သတ်သေသူအရေအတွက်ဟာ ၂၀၀၉ ခုနှစ်ကနေစလို့ အနည်းဆုံး ၁၅၀ ရှိခဲ့ပြီး အများစုဟာ သေဆုံးခဲ့ကြပါတယ်။

    ဒါပေမယ့် တရုတ်ကတော့ တိဘက်ဟာ လွတ်လပ်ခွင့်တွေကို ပိုမိုခံစားနေရပြီး စီးပွားရေးတိုးတက်မှုလည်း ရှိနေကြောင်း တိဘက်ဒေသကို ၀င်ရောက်ခွင့်ကန့်သတ်တာဟာ ပထ၀ီအနေအထားနဲ့ ရာသီဥတုကြောင့်ဖြစ်ပြီး ခရီးသွားတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိုမိုကြိုဆိုကြောင်း ကာကွယ်ပြောဆိုထားပါတယ်။

    အမေရိကန်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက Reciprocal Access to Tibet Act ဥပဒေကို ပြဌာန်းခဲ့ပါတယ်။ ဥပဒေအရ တိဘက်ဒေသကို ၀င်ရောက်ခွင့်ကိစ္စကို စောင့်ကြည့်ကာ ကန့်သတ်ချုပ်ချယ်တဲ့ ပေါ်လစီတွေ ချမှတ်သူ တရုတ်အာဏာပိုင်တွေကို အရေးယူမှာပါ။ တရုတ်ကတော့ ဒီဥပဒေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။

    ဂျန်ရှောင်က ဒီဥပဒေဟာ တရုတ်ရဲ့ ပြည်တွင်းရေးကို သိသိသာသာ ၀င်ရောက်စွက်ဖက်တာဖြစ်ပြီး တိဘက်ခွဲထွက်ရေးသမားတွေကို မှားယွင်းတဲ့သတင်းစကား ပေးနေတာဖြစ်တယ်လို့ ဒီကနေ့မှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: CNA

  • ဆီးရီးယားပိုင် ဂိုလန်ဒေသကို အစ္စရေးပိုင်နက်အဖြစ် အမေရိကန်က သတ်မှတ်မှု ကမ္ဘာက ရှုတ်ချ

    ဆီးရီးယားပိုင် ဂိုလန်ဒေသကို အစ္စရေးပိုင်နက်အဖြစ် အမေရိကန်က သတ်မှတ်မှု ကမ္ဘာက ရှုတ်ချ

    မတ် ၂၆၊ ၂၀၁၉
    M-Media

    ဂိုလန်ကို အစ္စရေးပိုင်နက်အဖြစ် အသိအမှတ်ပြုကြောင်း ထရမ့်၏ ထုတ်ပြန်ချက်

    – ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်ဒေသကို အစ္စရေးပိုင်နက်အဖြစ် အမေရိကန်က အသိအမှတ်ပြုမှုအတွက် မဟာမိတ်နိုင်ငံတွေအပါအ၀င် ကမ္ဘာတစ်ဝှမ်းက အမေရိကန်အပေါ် ဝေဖန်ရှုတ်ချမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    အစ္စရေးဟာ ၁၉၆၇ ခုနှစ် စစ်ပွဲမှာ ဂိုလန်ကုန်းမြင့်ဒေသကို ကျူးကျော်သိမ်းပိုက်ထားတာပါ။ ကုလနဲ့ ကမ္ဘာ့နိုင်ငံတွေဟာ ဂိုလန်ကုန်းမြင့်ဒေသကို ဆီးရီးယားပိုင်အဖြစ် သတ်မှတ်ထားကြပြီး အစ္စရေးကို ကျူးကျော်သူအဖြစ်နဲ့သာ ပြောဆိုသုံးနှုန်းကြပါတယ်။

    အရင်က အမေရိကန်ရဲ့ရပ်တည်ချက်ဟာ ဒီအတိုင်းဖြစ်ခဲ့ပေမယ့် သမ္မထရမ့်က ဂိုလန်ကို အစ္စရေးရဲ့ အချုပ်အခြာပိုင်ဒေသအဖြစ် သတ်မှတ်ဖို့ အချိန်ကျပြီလို့ ပြီးခဲ့တဲ့တစ်ပတ် ကြာသာပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။ မနေ့က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ တွေဆုံစဉ်မှာ အမေရိကန်က ဂိုလန်ကို အစ္စရေးပိုင်နက်အဖြစ် အသိအမှတ်ပြုကြောင်း ထရမ့်က တရားဝင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။

    နေတန်ယာဟုက ထရမ့်ရဲ့ ဒီလုပ်ရပ်ကို ကြိုဆိုခဲ့ပြီး အမေရိကန်လောက် မိတ်ဆွေပီသတဲ့နိုင်ငံမျိုး အစ္စရေးမှာ မရှိဘူးလို့ ပြောကြား ခဲ့ပါတယ်။ နေတန်ယာဟုဟာ ဂိုလန်ဒေသကို အစ္စရေးပိုင်ဖြစ်ရေး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဆော်သြခဲ့တာ ဖြစ်ပါတယ်။

    ကမ္ဘာ့နိုင်ငံများ ရှုတ်ချ

    ဒီလုပ်ရပ်ကို ဆီးရီးယားနိုင်ငံက လျင်လျင်မြန်မြန်ပဲ ရှုတ်ချခဲ့ပြီး မိမိတို့ရဲ့ အချုပ်အခြာအာဏာ၊ မိမိတို့ရဲ့ပိုင်နက်ကို “ပြောင်ပြောင်တင်းတင်း တိုက်ခိုက်မှု” ဖြစ်ကြောင်း၊ ဂိုလန်ဒေသကိုပြန်ယူဖို့ မိမိတို့မှာ အခွင့်အရေးအပြည့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

    နိုင်ငံခြားရေ၀န်ကြီး ၀ါလစ် အလ်-မူအာလင်က ဂိုလန်ဟာ ကျူးကျော်သိမ်းပိုက်ခံထားရတဲ့ ဆီးရီးယားပိုင်နက်ဖြစ်တယ်ဆိုတဲ့ အမှန်တရားဟာ အချိန်ဘယ်လောက်ကြာကြာ ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်နဲ့ ဂါဇာအခြေစိုက် ဟားမက်စ်အဖွဲ့တို့ကလည်း အမေရိကန်ရဲ့ ဒီဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့ပါတယ်။

    ပါလက်စတိုင်းသမ္မတရုံးရဲ့ ထုတ်ပြတ်ကြေငြာချက်မှာ ဂိုလန်ဟာ ဆီးရီးယားပိုင်နက်သာဖြစ်တယ်ဆိုတဲ့ ကုလ လုံခြုံရေးကောင်စီရဲ့ ကြေငြာချက်တွေကို ကျော်လွန်လုပ်ဆောင်နိုင်တဲ့ အခွင့်အာဏာ ဘယ်သူ့ဆီမှာမှ မရှိဘူးလို့ ဖော်ပြထားပါတယ်။

    ဟားမက်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယာက ဂိုလန်ကုန်းမြင့်ဒေသဟာ “ထာဝရ ဆီးရီးယားပိုင်နက် ဖြစ်နေမယ်” လို့ ပြောကြားခဲ့ပါတယ်။

    ကုလအထွေထွေအတွင်းရးမှူး အန်တိုနီယို ဂူတာရက်စ်က  ‘ဂိုလန်ကုန်းမြင့်ဒေသရဲ့ လက်ရှိအနေအထားဟာ လုံးဝ ပြောင်းလဲမှာ မဟုတ်ဘူး’ လို့ ပြောကြာခဲ့ပါတယ်။

    “ဂိုလန်ဒေသနဲ့ပတ်သက်တဲ့ ကုလရဲ့ ပေါ်လစီဟာ လုံခြုံရေးကာင်စီရဲ့ ဆုံးဖြတ်ချက်တွေအတိုင်းသားဖြစ်ပြီး၊ ဒီမူဝါဒ ပြောင်းလဲမှာ မဟုတ်ပါဘူး” လို့ ဂူတာရက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖနီ ဒူဂျာရစ်က ပြောဆိုခဲ့ပါတယ်။

    နေတိုးအဖွဲ့ဝင်နိုင်ငံ တူရကီက အမေရိကန်ရဲ့ ဒီအသိအမှတ်ပြုမှုဟာ လက်မခံနိုင်စရာဖြစ်ပြီး ကုလအပါအ၀င် နေရာတိုင်းမှာ ဆန့်ကျင်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

    အာရပ်လိဂ်ကတော့ ထရမ့်ရဲ့ ဒီလုပ်ရပ်ဟာ ဂိုလန်ဒေသရဲ့ လက်ရှိအနေအထားကို ပြောင်းလဲစေမှာမဟုတ်ဘူးလို့ ရှုတ်ချပြောဆိုခဲ့ပါတယ်။

    အရှေ့အလယ်ပိုင်းနိုင်ငံတွေ၊ ယူကေ၊ ဂျာမနီ၊ ပြင်သစ်၊ ဥရောပသမဂ္ဂ၊ အီဂျစ်၊ ရုရှား၊ ဗင်နီဇွဲလားနဲ့ ဘိုလီဗီးယားနိုင်ငံတို့ကလည်း အမေရိကန်ရဲ့ ဒီလုပ်ရပ်ကို
    ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။

    Ref: Aljazeera

  • ထိုင်းရွေးကောက်ပွဲရလဒ် ရှုပ်ထွေးမှုရှိနေ

    ထိုင်းရွေးကောက်ပွဲရလဒ် ရှုပ်ထွေးမှုရှိနေ

    မတ် ၂၅၊ ၂၀၁၉
    M-Media

    – တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ထိုင်းရွေးကောက်ပွဲ ရလဒ်တွေနဲ့ပတ်သက်လို့ ရှုပ်ထွေးမှုတွေရှိနေပြီး အဓိကနိုင်ငံရေးပါတီတွေကြားထဲမှာလည်း ရလဒ်နဲ့ပတ်သက်လို့ အခြေအတင်ဖြစ်နေပါတယ်။

    ထိုင်းရွေးကောက်ပွဲကော်မရှင်ဟာ ရလဒ်ထုတ်ပြန်မယ့်အချိန်ကို တနင်္ဂနွေနေ့ ညနေကနေ တနင်္လာနေ့မနက်၊ နောက်ပိုင်းမှာ တနင်္လာနေ့ နေ့လည်အထိ ရွှေ့ပြောင်းခဲ့ပေမယ့် ညနေအထိ ရလဒ်အပြည့်အစုံကို ထုတ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။

    တိုက်ရိုက်ရွေးကောက်တင်မြှောက်တဲ့ အမတ် ၃၅၀ စာရင်းကို ထုတ်ပြန်ထားရမှာ Pheu Thai ပါတီက ၁၃၈ နေရာနိုင်ကာ၊ စစ်တပ်ကျောထောက်နောက်ခံပြု Palang Pracharat ပါတီက ၉၆ နေရာ နိုင်ထားပါတယ်။ Pheu Thai ပါတီဟာ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာရဲ့ ပါတီဖြစ်ပြီး Palang Pracharat ပါတီကတော့ အာဏာသိမ်းစစ်ခေါင်းဆောင် လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကို သစ္စာခံတဲ့ပါတီ ဖြစ်ပါတယ်။

    နိုင်ငံရေးပါတီတွေ အချိုးကျ ၀င်ပြိုင်ရတဲ့ အမတ်နေရာ ၁၅၀ ရဲ့ ရလဒ်စာရင်းတွေကိုတော့ ထုတ်ပြန် နိုင်ခြင်း မရှိသေးပါဘူး။

    Pheu Thai ပါတီခေါင်းဆောင် ဆူဒါရတ် ကီယူရာဖန်က သူတို့အနေနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့စည်းဖို့ ဆွေးနွေးနေတယ်လို့ ဒီကနေ့မနက်အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။ Pheu Thai ပါတီဟာ ၂၀၀၁ ခုနှစ်ကတည်းက ရွေးကောက်ပွဲတိုင်းမှာ အနိုင်ရခဲ့တဲ့ ပါတီလည်း ဖြစ်ပါတယ်။

    ထိုင်းရွေးကောက်ပွဲကော်မရှင်က ရလဒ်တွေ ရှုပ်ထွေးမှုဖြစ်နေတာဟာ မီဒီယာတွေက ကိုယ့်သဘောနဲ့ကိုယ် မဲရုံတွေမှာ မေးမြန်းဖော်ပြမှုတွေကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Palang Pracharat ပါတီကလည်း သူတို့ဟာ အစိုးရဖွဲ့နိုင်လောက်တဲ့ အမတ်နေရာကို ရရှိခဲ့တယ်လို့ မဲဆန္ဒနယ်တွေမှာ သတင်းတွေ ဖြန့်နေကြပါတယ်။

    တနင်္ဂနွေနေ့က ရွေးကောက်ပွဲဟာ ၂၀၁၄ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ပထမဆုံးပြုလုပ်တဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲမကျင်းပခင်မှာ အာဏာသိမ်းအစိုးရက အခြေခံဥပဒေကို ပြင်ဆင်ကာ အဓိက နိုင်ငံရေးပါတီတွေ အာဏာအားနည်းသွားအောင် လုပ်ဆောင်ခဲ့ပါတယ်။

    Ref: Aljazeera

  • ၂၀၁၆ ရွေးကောက်ပွဲအရှုပ်တော်ပုံအတွက် ထရမ့် အပြစ်လွတ်

    ၂၀၁၆ ရွေးကောက်ပွဲအရှုပ်တော်ပုံအတွက် ထရမ့် အပြစ်လွတ်

    မတ် ၂၅၊ ၂၀၁၉
    M-Media

    – ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်ရေးအဖွဲ့ဟာ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ အထောက်အထားမျိုး မတွေ့ရဘဲ၊ ထရမ့်ကို တရားရေးမှာ ၀င်ရောက်နှောက်ယှက်မှုနဲ့ တရားစွဲဆိုနိုင်တဲ့ အထောက်အထားလည်း မရှိဘူးလို့ အမေရိကန်က အထူးစုံစမ်းစစ်ဆေးရေးမှူး ရောဘတ်မူလာက သုံးသပ်ထားပါတယ်။

    ရွေးကောက်ပွဲမှာ ရုရှားက ၀င်ရောက်စွက်ဖက်ခဲ့တယ်ဆိုတဲ့ သတင်းတွေအတွက် မူလာဟာ ၂ နှစ်ကြာ စုံစမ်းစစ်ဆေးခဲ့ပြီးတဲ့နောက် နောက်ဆုံးအစီရင်ခံစာကို ရှေ့နေချုပ် ရောဘတ် ဘားထံ သောကြာနေ့က တင်သွင်းခဲ့ပါတယ်။ ဘားက ဒါကို သုံးသပ်ပြီး အစီရင်ခံစာ အနှစ်ချုပ်ကို ရေးသားကာ လွှတ်တော်အမတ်တွေဆီ ပေးပို့ခဲ့ပါတယ်။

    “၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲကို လွှမ်းမိုးနိုင်ရေး ရုရှားရဲ့ ကြိုးပမ်းမှုမှာ ထရမ့်မဲဆွယ်ရေးအဖွဲ့ ဒါမှမဟုတ် အဖွဲ့နဲ့ဆက်နွယ်တဲ့ တစ်ယောက်ယောက်က ပူးပေါင်းဆောင်ရွက်တာ၊ လျှို့ဝှက်ဆက်သွယ်တာတွေ ရှိတယ်လို့ စစ်ဆေးရေးမှုရဲ့ စုံစမ်းမှုမှာ မတွေ့ခဲ့ရပါဘူး။ ‘သမ္မတဟာ ရာဇ၀တ်မှုကျူးလွန်တယ်လို့ ဒီအစီရင်ခံစာက ကောက်ချက်မချပေမယ့် သမ္မတဟာ အပြစ် လုံးဝလွတ်ကင်းသူ မဟုတ်ပါဘူး’ လို့ စုံစမ်းစစ်ဆေးရေးမှူးက ဖော်ပြထားပါတယ် ” လို့
    ဘားက ရေးသားထားပါတယ်။

    ဘားရဲ့ အနှစ်ချုပ် ထွက်လာခဲ့ပြီးတဲ့နောက်မှာ ထရမ့်က ‘ပူးပေါင်းကြံစည်မှု မရှိ။ နှောက်ယှက်မှုမရှိ။ လုံးဝအပြစ်လွတ်သည်။ အမေရိကန်ကို ကြီးကျယ်အောင် ဆက်လုပ်ကြစို့’ လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    စုံစမ်းစစ်ဆေးမှုကို ထရမ့်က နှောက်မှု ရှိခဲ့လားဆိုတာနဲ့ပတ်သက်လို့ မူလာက ရှင်းရှင်းလင်းလင်း သုံးသပ်တင်ပြထားခြင်း မရှိပေမယ့် ရှေ့နေချုပ်ဘားက ပူးပေါင်းကြံစည်မှုမှာ ပါဝင်တဲ့အထောက်အထား မတွေ့ရတာကြောင့်၊ တရားရေးကို နှောက်ယှက်တယ်လို့ သတ်မှတ်ဖို့ မခိုင်လုံဘူးလို့ ပြောကြားခဲ့ပါတယ်။

    “ရွေးကောက်ပွဲကို စွက်ဖက်ရေး ရုရှားအစိုးရရဲ့ လုပ်ဆောင်ချက်တွေမှာ ထရမ့်မဲဆွယ်ရေးအဖွဲ့ဝင်တွေ ပူးပေါင်းပါဝင်တာ၊ လျှို့ဝှက် ဆက်သွယ်တာတွေ ရှိတယ်ဆိုတာကို စုံစမ်းစစ်ဆေးမှုမှာ မတွေ့ခဲ့ရပါဘူး” လို့ မူလာရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဒါပေမယ့် ထရမ့်ရဲ့ မဲဆွယ်ရေးအဖွဲ့ကို ကူညီဖို့အတွက် ရုရှားအစိုးရနဲ့နွယ်တဲ့သူတွေ အကြိမ်များစွာ ကမ်းလှမ်းတာမျိုး ရှိတယ်လို့ မူလာက သုံးသပ်ထားပါတယ်။

    ဘားနဲ့ ဒုတိယရှေ့နေချုပ် ရော့ဒ် ရိုဆန်စတိုင်တို့က အထူးစုံစမ်းစစ်ဆေးရေးမှူးရဲ့ စုံစမ်းစစ်မှုအတွင်း ရရှိခဲ့တဲ့ အထောက်အထားတွေဟာ ထရမ့်အနေနဲ့ တရားရေးကို နှောက်ယှက်မှုရှိတယ်လို့ ယူဆဖို့ မခိုင်လုံဘူးလို့ သုံးသပ်ပါတယ်။

    လွှတ်တော်အမတ်တစ်ချို့က ဒီကိစ္စမှာ ရှေ့နေချုပ် ဘားရဲ့ ကိုင်တွယ်မှုဟာ သံသယတွေ ရှိနေတဲ့အတွက် မူလာရဲ့ အစီရင်ခံစာ အပြည့်အစုံကို ထုတ်ပြန်ဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။

    မူလာရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ ရှေ့နေ ၁၉ ဦး၊ FBI အေးဂျင့် ၄၀၊ ထောက်လှမ်းရေးကျွမ်းကျင်သူတွေ၊ မှူခင်းဆရာဝန်တွေ၊ နယ်ပယ်အသီးအသီးက ကျွမ်းကျင်သူတွေ ပါဝင်ခဲ့ပါတယ်။

    Ref: Aljazeera