News @ M-Media

Blog

  • ၂၀၁၉ ခုနှစ် ကမ္ဘာ့ကျောင်းဆရာဆုကို ကင်ညာနိုင်ငံမှ သိပ္ပံဆရာတစ်ဦး ရရှိ

    ၂၀၁၉ ခုနှစ် ကမ္ဘာ့ကျောင်းဆရာဆုကို ကင်ညာနိုင်ငံမှ သိပ္ပံဆရာတစ်ဦး ရရှိ

    မတ် ၂၅၊ ၂၀၁၉
    M-Media

    ဆုယူအပြီး တွေ့ရသည့် တာဘီချီ (လယ်)

    – ၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့ကျောင်းဆရာဆု (Global Teacher Prize) ကို ကင်ညာနိုင်ငံ ကျေးလက်ဒေသက သိပ္ပံဆရာ ပီတာ တာဘီချီက ရရှိသွားပါတယ်။

    တာဘီချီဟာ ကင်ညာနိုင်ငံရဲ့ ဝေးလဲခေါင်ဖျားတဲ့ ရစ်ဖ်တောင်ကြားက အလယ်တန်းကျောင်းဆရာတစ်ယောက်ဖြစ်ပြီး သူ့လစာရဲ့ ၈၀ ရာခိုင်နှုန်းကို ချို့တဲ့တဲ့ ကျောင်းသားတွေကို ထောက်ပံ့နေသူလည်း ဖြစ်ပါတယ်။

    စာအသင်အပြကောင်းမှု၊ ကျောင်းသားတွေအတွက် အနစ်နာခံမှုတွေကြောင့် တာဘီချီဟာ နာမည်ကျော်ပြီး၊ ကျောင်းသားတွေကို သိပ္ပံဆိုင်ရာမှာ ထူးချွန်စေချင်သူလည်း ဖြစ်ပါတယ်။ တာဘီချီရဲ့ ကျောင်းသားတွေဟာ ပြည်တွင်းနဲ့ ပြည်ပက သိပ္ပံပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေ ရရှိကြပြီး ယူကေ Royal Society of Chemistry အဖွဲ့က ချီးမြှင့်တဲ့ သိပ္ပံဆိုင်ရာဆု ရရှိခဲ့သူတွေတောင် ရှိပါတယ်။

    အခုရရှိတဲ့ဆုကြောင့် သူ့ရဲ့လုပ်ဆောင်မှုတွေအပေါ် အားကျတာတွေ၊ ကင်ညာနိုင်ငံသာမကဘဲ အာဖရိကတစ်တိုက်လုံးမှာ သိပ္ပံနယ်ပယ်ကို မြှင့်တင်လုပ်ဆောင်တာတွေ ဖြစ်လာဖို့ တာဘီချီက မျှော်လင့်နေပါတယ်။ အာဖရိကလူငယ်တွေဟာ အလားအလာရှိတဲ့သူတွေဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

    “အောက်ခြေမှာလုပ်ရတဲ့ ဆရာတစ်ယောက် ဖြစ်တဲ့အတွက် ကလေးငယ်တွေရဲ့ စူးစမ်းလိုစိတ်၊ ပါရမီ၊ အတွေးအခေါ်နဲ့ ယုံကြည်မှုတွေကို တွေ့မြင်ရပါတယ်။ အာဖရိက လူငယ်တွေဟာ နောက်ထပ် အထင်အမြင်သေးခံရတော့မှာ မဟုတ်ပါဘူး။ အာဖရိကဟာ သိပ္ပံပညာရှင်တွေ၊ စွန့်ဦးတီထွင်သူတွေကို မွေးထုတ်ပေးနိုင်တော့မှာဖြစ်ပြီး တစ်နေ့ကြရင် ကမ္ဘာကြီးရဲ့ နယ်ပယ်တိုင်းမှာ သူတို့ရဲ့အမည်ကို ကြားရတော့မှာ ဖြစ်ပါတယ်။ အဲဒီလိုအောင်မြင်မှုမှာ မိန်းကလေးငယ်တွေလည်း အဓိကကျတဲ့ အစိတ်အပိုင်းကနေ ပါဝင်လာမှာ ဖြစ်ပါတယ်”

    Global Teacher Prize ဆုကို Varkey Foundation က ဒူဘိုင်းမှာ မနေ့က ချီးမြှင့်ခဲ့တာဖြစ်ပြီး တာဘီချီဟာ နိုင်ငံပေါင်း ၁၇၉ နိုင်ငံက ကျောင်းဆရာတစ်သောင်းကို ကျော်ဖြတ်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဆုကြေးငွေက အမေရိကန်ဒေါ်လာ တစ်သန်း ဖြစ်ပါတယ်။

    သူသင်ကြားပေးနေတဲ့ကျောင်းမှာ စာအုပ်တွေ၊ ဆရာတွေ မလုံလောက်ဘဲ၊ သိပ္ပံသင်ခန်းစာအတွင် လိုအပ်တာတွေကို Download ဆွဲဖို့ အင်တာနက်ဆိုင်ကို တကူးတက သွားရောက်ရတယ်လို့လည်း တာဘီချီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ ကင်ညာနိုင်ငံရဲ့ ရစ်ဖ်တောင်ကြားဒေသမှာ ကျောင်းသားတွေဟာ ကျောင်းတက်ဖို့အတွက် ၄ မိုင်ကျော်လောက် လမ်းလျှောက်ရပါတယ်။

    တာဘီချီကတော့ အခက်အခဲ အကျပ်အတည်းတွေ ရှိပေမယ့် ကျောင်းတွေကို သိပ္ပံပညာရပ် သင်ပေးကာ အနာဂတ်တွေလှပအောင် ဆောင်ရွက်ပေးဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: BBC

  • ဂါဇာမှပစ်လွှတ်သည့် ဒုံးကျည်တစ်စင်း အစ္စရေးနိုင်ငံ အလယ်ပိုင်းကို ထိမှန်

    ဂါဇာမှပစ်လွှတ်သည့် ဒုံးကျည်တစ်စင်း အစ္စရေးနိုင်ငံ အလယ်ပိုင်းကို ထိမှန်

    မတ် ၂၅၊ ၂၀၁၉
    M-Media

    ဒုံးကျည်ထိမှန်မှု မြင်ကွင်း

    – အစ္စရေးနဲ့ အီဂျစ်တို့ရဲ့ ပိတ်ဆို့မှုကို ခံထားရတဲ့ ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်ဒေသကနေ အစ္စရေးနိုင်ငံထဲကို ဒုံးကျည်တစ်စင်းပစ်လွှတ်မှု ဒီကနေ့မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တာကြောင့် လူ ၆ ဦး ဒဏ်ရာရခဲ့ပြီး အစ္စရေးကတော့ ပြင်းပြင်းထန်ထန် လက်တုန့်ပြန်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီကနေ့မနက် အစောပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒုံးကျည်ဟာ မြို့တော် တလ်အဗီးမြောက်ဖက်က လူနေအိမ်တစ်လုံးကို ထိမှန်ခဲ့ပါတယ်။

    အစ္စရေးစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက တိုက်ခိုက်မှုကို ဟားမက်စ်အဖွဲ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ဂါဇာတောင်ပိုင်းကို တပ်မဟာနှစ်ခုနဲ့ ခြေမြန်တပ်တွေ စေလွှတ်ဖို့ ပြင်ဆင်နေကြောင်း၊ အရန်တပ်တွေကိုလည်း အဆင်သင့် ပြင်ခိုင်းထားကြောင်း ပြောကြားခဲ့ပါတယ်။

    အမေရိကန်ကို ရောက်ရှိနေတဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ သူ့ရဲ့ခရီးစဉ်ကို ချုံ့ပြီး အစ္စရေးကိုပြန်လာဖို့ စီစဉ်နေပါတယ်။

    “အစ္စရေးနိုင်ငံကို ရာဇ၀တ်မြောက်တဲ့ တိုက်ခိုက်မှုပါ။ ပြင်းပြင်းထန်ထန် လက်တုန့်ပြန်သွားမှာပါ” လို့ နေတန်ယာဟုက ပြောကြားခဲ့ပါတယ်။

    ဒီကနေ့မနက် တိုက်ခိုက်မှုအတွက် ဂါဇာက ဘယ်အဖွဲ့အစည်းကမှ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

    ဟားမက်စ်ဟာ တာဝန်ရှိသူတွေကို အစိုးရအဆောက်အဦးတွေကနေ ကယ်ထုတ်တာတွေလုပ်ကာ အစ္စရေးရဲ့ တိုက်ခိုက်လာနိုင်မှုကို ရင်ဆိုင်ဖို့ စီစဉ်နေတယ်လို့ ဂါဇာဒေသခံတစ်ဦးက ပြောကြားခဲ့ပါတယ်။ ဟားမက်စ်အဖွဲ့ဟာ ၂၀၀၇ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးတဲ့နောက်ပိုင်း ဂါဇာကမ်းမြှောင်ကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

    အစ္စရေးဟာ ၂၀၀၈ ခုနှစ်ကစလို့ ဂါဇာကို ၃ ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ပြီး ၂၀၁၄ ခုနှစ်က ၅၂ ရက်တာကြာမြင့်တဲ့ တိုက်ခိုက်မှုမှာ အရပ်သားအများစုအပါအ၀င် လူ ၂၀၀၀ ကျော် သေဆုံးခဲ့သလို၊ အခြေခံအဆောက်အဦး တော်တော်များများလည်း ဖျက်ဆီးခံခဲ့ရပါတယ်။

    Ref: Aljazeera

  • အစ္စလာမ်ကြောက်ရောဂါ မြင့်တက်မှုအတွက် မိမိကိုယ်ကို ပြန်သုံးသပ်ရန် မွတ်စလင်များကို မဟာသီ တိုက်တွန်း

    အစ္စလာမ်ကြောက်ရောဂါ မြင့်တက်မှုအတွက် မိမိကိုယ်ကို ပြန်သုံးသပ်ရန် မွတ်စလင်များကို မဟာသီ တိုက်တွန်း

    မတ် ၂၅၊ ၂၀၁၉
    M-Media

    အင်တာဗျူးတွင် တွေ့ရသည့် မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်

    – ကမ္ဘာတစ်ဝှမ်း အစ္စလာမ်ကြောက်ရောဂါ မြင့်တက်လာတာနဲ့ပတ်သက်ပြီး ဝေဖန်သူတွေကို အပြစ်တင်ဖို့ထက် မိမိတို့ရဲ့ လုပ်ရပ်တွေကို ပြန်လည်ဆန်းစစ်သင့်တယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က အစ္စလာမ်ဘာသာဝင်တွေကို တိုက်တွန်းဆော်သြလိုက်ပါတယ်။

    မဟာသီဟာ ပါကစ္စတန်ကို ၃ ရက်ကြာ အလည်အပတ်ရောက်ရှိနေတဲ့အချိန် ပါကစ္စတန်သတင်းဌာန PTV World နဲ့ မနေ့ကအင်တာဗျူးမှာ ဒီလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

    “မွတ်စလင်ဆိုတဲ့အမည်နဲ့ ထိုက်တန်အောင် ကျွန်တော်တို့ နေထိုင်ကြလို့လား။ အစ္စလာမ်အပေါ် အမုန်းလျော့စေချင်ရင် ကျွန်တော်တို့ ဘာအမှားတွေ လုပ်ခဲ့လဲဆိုတာကို ရှာဖွေဖော်ထုတ်ဖို့ လိုပါတယ်။ ဒါပေမယ့် ငါတို့ ဘာမှမမှားဘူးလို့သာ ကျွန်တော်တို့က ပြောချင်ကြတယ်”

    မွတ်စလင်တွေအနေနဲ့ မိမိတို့ရဲ့ လုပ်မှားကိုင်မှားတွေကို ရပ်တန့်ဖို့၊ ကောင်းမြတ်တဲ့ ကိုယ်ကျင့်သီလနဲ့ တစ်ပါးသူတွေကို ဆက်ဆံဖို့၊ အကြမ်းမဖက်ရဆိုတဲ့ အစ္စလာမ်သာသနာနဲ့ သွန်သင်ချက်တွေကို လိုက်နာဖို့လည်း မဟာသီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “အစ္စလာမ်သာသနာဟာ ဘယ်လိုလဲဆိုတာကို အကျိုးသင့်အကြောင်းသင့် ရှင်းပြနိုင်တဲ့လူတွေ လိုအပ်ပါတယ်။ အကြမ်းဖက်မှုကို ခွင့်မပြုဖို့ အစ္စလာမ်က သွန်သင်တယ်။ ဒါပေမယ့် ကျွန်တော်တို့က ဒီသွန်သင်ချက်ကို မလိုက်နာပါဘူး”

    အင်တာနက်ကိုအသုံးပြုပြီး အစ္စလာမ့်သတင်းစကားတွေ ပါးဖို့လည်း မဟာသီက တိုက်တွန်းခဲ့ပါတယ်။

    “ကိုယ့်အကြောင်းကို ကိုယ်ကပြောနိုင်ရမယ်။ ဒါမှ ကိုယ့်ကိုမနှစ်မြို့တဲ့ နိုင်ငံခြားတိုင်းပြည်တွေက ၀ါဒဖြန့်လို့ မရမှာ”

    PTV World နဲ့ အင်တာဗျူးမှာ မဟာသီက ပါကစ္စတန်-မလေးရှား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ ဖြေကြားခဲ့သလို၊ မွတ်စလင်နိုင်ငံတွေဟာ ကာကွယ်ရေးအတွက် အခြားတိုင်းပြည်တွေအပေါ် မီခိုနေရမှုကိုလည်း ထောက်ပြခဲ့ပါတယ်။

    “မွတ်စလင်နိုင်ငံတွေဟာ အခြားနိုင်ငံတွေကနေ လက်နက်တွေ ၀ယ်ယူနေရတယ်။ ဒါ့ကြောင့်ပဲ ကိုယ့်နိုင်ငံ ကာကွယ်ရေးအတွက် သူများနိုင်ငံအပေါ် မှီခိုရတာတွေ ဖြစ်လာတာပါ”

    Ref: Free Malaysia Today

  • အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံး မြေအောက်ရထားလိုင်း ဖွင့်လှစ်

    အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံး မြေအောက်ရထားလိုင်း ဖွင့်လှစ်

    မတ် ၂၄၊ ၂၀၁၉
    M-Media

    ရထားလိုင်းဖွင့်ပွဲတွင် တွေ့ရသည့် အင်ဒိုသမ္မတ ဂျိုကို ၀ီဒိုဒို

    – အင်ဒိုနီးရှားနိုင်ငံရဲ့ ပထမဆုံး မြေအောက်ရထားလိုင်းကို မြို့တော် ဂျကာတာမှာ ဒီကနေ့ ဖွင့်လှစ်ခဲ့ပြီး ဆိုးဆိုးဝါးဝါး ယာဉ်ကျောပိတ်ဆို့မှုကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုအဖြစ် မျှော်လင့်နေကြပါတယ်။

    မြေအောက်ဘူတာ ၆ ခု၊ မိုးပျံဘူတာ ၇ ခု ပါဝင်မယ့် အဲဒီရထားလိုင်းဟာ ၁၆ ကီလိုမီတာ ရှည်လျားပြီး ဂျကာတာမြို့ တောင်ဘက်ကနေ မြို့တွင်းကို ပြေးဆွဲမှာ ဖြစ်ပါတယ်။ ရထားလိုင်းကို သမ္မတ ဂျိုကို ၀ီဒိုဒိုက တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

    “ဂျကာတာ အမြန်ရထားလိုင်းရဲ့ ပထမအဆင့်ကို ဒီကနေ့ ဖွင့်လှစ်လိုက်တာဟာ ခေတ်သစ်တစ်ခုကို စတင်တာလည်း ဖြစ်ပါတယ်” လို့ ၀ီဒိုဒိုက ပြောကြားခဲ့ပါတယ်။

    ဒုတိယအဆင့်အဖြစ် ဂျကတာမြို့ မြောက်ဖက်ကို ဆက်သွယ်မယ့် လိုင်းကို ထပ်မံ တည်ဆောက်မှာဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာ ပြီးစီးမှာ ဖြစ်ပါတယ်။ စီမံကိန်းနှစ်ခုပေါင်း ကန်ဒေါ်လာ ၂.၆ ဘီလီယံ ကုန်ကျမှာပါ။

    ဂျိုကိုဝီဒိုဒိုက ဂျာကာတာမြို့ အရှေ့ကနေ အနောက်ကို ဆက်သွယ်ပြီး ၈၇ ကီလိုမီတာရှည်မယ့် ရထားလိုင်းတစ်ခုကို တည်ဆောက်ဖို့ မြို့တော်ဝန် အန်နီစ် ဘက်စ၀ီဒန်ကို ညွှန်ကြားထားတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဒီကနေ့ဖွင့်လှစ်တဲ့ ရထားလိုင်းဟာ လက်မှတ်ခ ကန်ဒေါ်လာ ပြား ၇၀ ကနေ ၁ ဒေါ်လာသာ ကျသင့်မှာဖြစ်ပြီး အခုလကုန်အထိ ပြည်သူတွေ အခမဲ့ စီးနင်းနိုင်မှာ ဖြစ်ပါတယ်။

    ဂျကာတာမှာ လူပေါင်း ၁၀ သန်းလောက် နေထိုင်တယ်လို့ တရားဝင်စာရင်းဇယားတွေမှာ ဖော်ပြထားပေမယ့် အမှန်တကယ်မှာ သန်း ၃၀ လောက်ရှိတယ်လို့ ဆိုပါတယ်။

    ဂျကာတာ မြေအောက်ရထားလိုင်း စီမံကိန်းကို ဂျပန်နိုင်ငံရဲ့ အကူအညီနဲ့ ၁၉၈၀ ပြည့်နှစ်တွေကတည်းက စတင်ဆောက်လုပ်ဖို့ စီစဉ်ခဲ့ပေမယ့် နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ကြိုးနီးစနစ်တွေနဲ့ ငွေကြေးဆိုင်ရာ သဘောတူညီချက် ပြဿနာတွေကြောင့် နှောင့်နှေးခဲ့ပြီး သမ္မတ ၀ီဒိုဒိုလက်ထက် ၂၀၁၃ ခုနှစ် အောက်တိုဘာလရောက်မှ စတင်နိုင်ခဲ့ပါတယ်။

    Ref: Aljazeera

  • အကြမ်းဖက်ခံ မွတ်စလင်များအတွက် နယူးဇီလန်ပြည်သူများက လုထုဆုတောင်းပွဲ ကျင်းပ

    အကြမ်းဖက်ခံ မွတ်စလင်များအတွက် နယူးဇီလန်ပြည်သူများက လုထုဆုတောင်းပွဲ ကျင်းပ

    မတ် ၂၄၊ ၂၀၁၈
    M-Media

    လူထုဆုတောင်းပွဲသို့ တက်ရောက်လာသူတစ်ဦး

    – မတ်လ ၁၅ ရက်နေ့က ခရိုက်ချက်မြို့ ဗလီနှစ်လုံး အကြမ်းဖက်မှုမှာ သေဆုံးသွားခဲ့ကြသူတွေ၊ ထိခိုက်ဒဏ်ရာရသူတွေကို ဂုဏ်ပြုပြီး၊ လူမျိုးရေးအစွန်းရောက်မှုကို ဆန့်ကျင်တဲ့အနေနဲ့ နယူးဇီလန်နိုင်ငံသားတွေက ဒီကနေ့မှာ ချီတက်ဆုတောင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။

    ခရိုက်ချက်မြို့လယ်ကောင်က အလ်-နူရ်ဗလီနဲ့ မြို့ပြင်က လင်ဝုဒ်ဗလီတို့မှာ သောကြာနေ့ ၀တ်ပြုဆုတောင်းနေတဲ့အချိန် သြစတေးလျနိုင်ငံသား လူဖြူအစွန်းရောက်တစ်ဦးက သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်ခဲ့တာကြောင့် လူ ၅၀ သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါ အာရ်ဒန်က ဒီတိုက်ခိုက်မှုကို အကြမ်းဖက်မှုအဖြစ် သတ်မှတ်ခဲ့ပါတယ်။

    ဒီကနေ့ အလ်-နူရ်ဗလီအနီး ပန်းခြံမှာပြုလုပ်တဲ့ လူထုဆုတောင်းပွဲ အခမ်းအနားကို နယူးဇီလန်ပြည်သူ ၁၅၀၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။

    လင်ဝုဒ်ဗလီဝတ်ကျောင်းတော်ရဲ့ ရှေ့ဆောင်အီမာမ် အေလာဘီ လတစ်ဖ် ဇီရူလာက အခမ်းအနားကို ကုရ်အာန်ကျမ်းစာ ရွတ်ဖတ်ကာ ဖွင့်လှစ်ခဲ့ပြီး အကြမ်းဖက်မှုအတွင်း သေဆုံးသူတွေထဲမှာ အသက်ငယ်ဆုံးဖြစ်တဲ့ ၃ နှစ်အရွယ် မူကာ့ဒ် အီဘရာဟင်အမည်ကနေစတင်ကာ သေဆုံးသွားသူအားလုံးရဲ့ အမည်တွေကို ဖတ်ကြားခဲ့ပါတယ်။

    “ဒီလူတွေဟာ ဒုက္ခသည်တွေ၊ ပြောင်းရွှေ့အခြေချသူတွေအဖြစ် ဒီကို ရောက်လာကြတယ်။ ခင်ဗျားတို့ရဲ့ ၀ိဉာဉ်တွေ အေအိုရာကီ တောင်ပေါ်မှာ စံမြန်းပြီး ကျွန်တော်တို့ကို ကြည့်ရှုကာ ငြိမ်းချမ်းမှုနဲ့ ချစ်ခြစ်မေတ္တာကို ပေးသနားပါ” လို့ နယူးဇီလန်နိုင်ငံရဲ့ ဌာနေလူမျိုးစုဖြစ်တဲ့ ‘မောင်ရီ’ လူမျိုးတစ်ဦးက သူတို့မျိုးနွယ်စု အထွဋ်အမြတ်ထားရာ တောင်ကို တိုင်တည်ကာ ဆုတောင်းပေးခဲ့ပါတယ်။

    လူထုဆုတောင်းပွဲကို တက်ရောက်လာကြတဲ့ မွတ်စလင်မဟုတ်သူ အမျိုးသမီးတွေဟာ ပုဝါတွေဆောင်းကာ အစ္စလာမ်ဘာသာဝင်တွေနဲ့ တစ်သားတည်းရှိကြောင်း ပြသခဲ့ကြပါတယ်။

    နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါ အာရ်ဒန်က သေဆုံးသွားသူတွေအတွက် နိုင်ငံတော်အဆင့်အောက်မေ့ဖွယ် အခမ်းအနားတစ်ခုကို မတ်လ ၂၉ ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ ဒီကနေ့ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပြောကြားခဲ့ပါတယ်။

    “နယူးဇီလန်ပြည်သူတွေဟာ မေတ္တာတရားကြီးမားတယ်၊ စည်းလုံးတယ်၊ မတူကွဲပြားမှုကို လက်ခံတယ်၊ ဒီတန်ဖိုးတွေကို ကာကွယ်သွားမယ်ဆိုတာကို ဒီအောက်မေ့ဖွယ်အခမ်းအနားက ဖော်ကျူးနေမှာပါ”

    ဒီကနေ့မနက်ပိုင်းက အောက်ကလန်မြို့ မြို့လယ်ကောင်းမှာ လူပေါင်း တစ်ထောင်ကျော် ချီတက်ကာ လူမျိုးရေးအစွန်းရောက်မှုကို ဆန့်ကျင်ကြောင် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

    Ref: Reuters, Aljazeera