News @ M-Media

Blog

  • ဗလီအကြမ်းဖက်ခံရမှုအတွက် နိုင်ငံတော်အဆင့် အောက်မေ့ဖွယ့်အခမ်းအနား နယူးဇီလန် ပြုလုပ်မည်

    ဗလီအကြမ်းဖက်ခံရမှုအတွက် နိုင်ငံတော်အဆင့် အောက်မေ့ဖွယ့်အခမ်းအနား နယူးဇီလန် ပြုလုပ်မည်

    မတ် ၂၀၊ ၂၀၁၉
    M-Media

    နယူးဇီလန်ဝန်ကြီချုပ် ဂျာစင်ဒါ အာရ်ဒန်

    – ခရိုက်ချက်မြို့က ဗလီဝတ်ကျောင်းတော် ၂ လုံးမှာ အကြမ်းဖက်ခံရမှု တစ်ပတ်ပြည့်တဲ့ လာမယ့်သောကြာနေ့မှာ နိုင်ငံတော်အဆင့် အောက်မေ့ဖွယ်အခမ်းအနားတစ်ခုကို ပြုလုပ်သွားမှာဖြစ်ပြီး၊ သောကြာနေ့ အာဇန် နိဗ္ဗာန်ဆော်မှုကိုလည်း နိုင်ငံပိုင်မီဒီယာတွေကနေ တစ်နိုင်လုံးအတိုင်းအတာနဲ့ ထုတ်လွှင့်ပေးသွားမယ်လို့ နယူးဇီလန်ဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

    လူဖြူအစွန်းရောက်သေနတ်သမားတစ်ဦးက ခရိုက်ချက်မြို့လယ်မှာရှိတဲ့ အလ်-နူရ် ဗလီဝတ်ကျောင်းတော်နဲ့ မြို့ပြင်က လင်ဝုဒ် ဗလီဝတ်ကျောင်းတော်အတွင်း ၀င်ရောက်ကာ သေနတ်နဲ့ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၅၀ သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

    နယူးဇီလန် ၀န်ကြီးချုပ် ဂျာစင်ဒါ အာရ်ဒန်က အခုတစ်ပတ်သောကြာနေ့ ခရိုက်ချက်မြို့မှာ အောက်မေ့ဖွယ် အခမ်အနားတစ်ခု ပြုလုပ်ဖို့ စီစဉ်ထားပြီး၊ သေဆုံးသူတွေအတွက် ၂ မိနစ် ငြိမ်သက် ဂုဏ်ပြူသွားမယ်လို့ အကြမ်းဖက်မှုဖြစ်ပွားရာ ဗလီတွေကို ဒီကနေ့ ဒုတိယအကြိမ်မြောက် သွားရောက်မှုအတွင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    အဲဒီနေ့မှာ ၀တ်ပြုဖို့ နှိုးဆော်မှု ‘အာဇန်’ ကိုလည်း ရုပ်သံတွေကနေ တိုက်ရိုက်ထုတ်လွှင့်သွားဖို့ ရှိပါတယ်။

    “မွတ်စလင်တွေ ဗလီကို လာကြတဲ့အချိန် အထူးသဖြင့် သောကြာနေ့မှာ သူတို့ကို အားပေးနှစ်သိမ့်ဖို့ ဆန္ဒရှိတယ်။ ဒီအတွက် အဲဒီနေ့မှာ ကျွန်မတို့ ၂ မိနစ်တာ ငြိမ်သက်ဂုဏ်ပြုသွားမှာ ဖြစ်ပါတယ်။ အာဇန်သံကိုလည်း TVNZ နဲ့ RNZ တို့ကနေ တစ်နိုင်ငံလုံး တိုက်ရိုက်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်” လို့ ၀န်ကြီးချုပ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    အကြမ်းဖက်တိုက်ခိုက်မှုအပြီး ပထမဆုံးပြုလုပ်တဲ့ နယူးဇီလန် လွှတ်တော်အစည်းအဝေးကို ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်ကာ ဖွင့်လှစ်ခဲ့ပါတယ်။

    နယူးဇီလန်ပြည်သူတွေကလည်း အကြမ်းဖက်မှုကို ရှုတ်ချမှုတွေ၊ အစ္စလာမ်ဘာသာဝင်တွေနဲ့ တစ်သားတည်းရှိကြောင်း ပြသမှုတွေ၊ သေဆုံးသွားသူတွေအတွက် အောက်မေ့ဖွယ်အခမ်းအနားတွေကို နိုင်ငံတစ်ဝှမ်းမှာ ပြုလုပ်နေကြပါတယ်။

    Ref: Daily Times

  • IS အကြမ်းဖက်အဖွဲ့အပေါ် အောင်ပွဲရရန် သိပ်မကြာတော့ဟု SDF အဖွဲ့ ပြော

    IS အကြမ်းဖက်အဖွဲ့အပေါ် အောင်ပွဲရရန် သိပ်မကြာတော့ဟု SDF အဖွဲ့ ပြော

    မတ် ၁၉၊ ၂၀၁၉
    M-Media

    SDF တပ်ဖွဲ့ဝင်များ

    – IS အကြမ်းဖက်အဖွဲ့ရဲ့ ဆီးရီးယားနိုင်ငံက နောက်ဆုံးခြေကုပ်ဒေသ အစိတ်အပိုင်း တော်တော်များများကို သိမ်းယူထားနိုင်ပြီး မကြာခင်မှာ အပြီးသတ်ရှင်းလင်းနိုင်တော့မယ်လို့ စစ်ဆင်ရေးဆောင်ရွက်နေတဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ SDF က ပြောကြားလိုက်ပါတယ်။

    ကာ့ဒ်တပ်ဖွဲ့ YPG ဦးဆောင်ပြီး အမေရိကန်က ကျောထောက်နောက်ခံပြုထားတဲ့ SDF အဖွဲ့ဟာ ဆီးရီးယားနိုင်ငံအရှေ့ပိုင်း ဒီအက်ဇိုရ်ပြည်နယ်က IS သိမ်းပိုက်ထားတဲ့ ဘဂ်ဟုဇ်ဒေသကို ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းကတည်းက ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။ အရပ်သားတွေကို ကယ်ထုတ်မှု၊ IS အဖွဲ့ရဲ့ ခုခံတိုက်ခိုက်မှုတွေကြောင့် နောက်ဆုံးအဆင့် စစ်ဆင်ရေးကို ဖေဖော်ဝါရီလမှ စတင်နိုင်ခဲ့ပါတယ်။

    လက်ရှိအချိန်မှာ ဘဂ်ဟုဇ်ဒေသရဲ့ အစိတ်အပိုင်း တော်တော်များများကို သိမ်းပိုက်ထားနိုင်တယ်လို့ SDF က ပြန်ကြားရေးတာဝန်ခံ မူစတာဖာ ဘာလီက ပြောပါတယ်။

    “အောင်ပွဲမရသေးပေမယ့် IS ကိုတိုက်ခိုက်မှုမှာ သိသိသာသာ တိုးတက်မှုတွေ ရှိတယ်ဆိုတာ ပြောကြားလိုပါတယ်” လို့ ဘာလီက Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    အကြမ်းဖက်သမားတွေအားလုံး ရှင်းလင်းနိုင်ဖို့ ဘယ်လောက်ကြာမြင့်မလဲလို့ ရိုက်တာသတင်းဌာနက မေးမြန်းရာမှာ ဘာလီက စစ်ဆင်ရေး မကြာခင် ပြီးဆုံးမယ်လို့ ပြောကြားခဲ့ပါတယ်။

    “တိုက်ပွဲတွေ အဆုံးမသတ်သေးပါဘူး။ (ယူဖရေးတီး) မြစ်ဘေးမှာ တစ်ချို့တစ်လေ ပုန်းနေတာတွေ ရှိပါတယ်။ အကြမ်းဖက်သမား အချို့က ကလေးတွေကို ဖမ်းထားပြီး လူသားတံတိုင်း လုပ်ထားတယ်။ အပြန်အလှန်တိုက်ခိုက်မှုတွေက ဖြစ်လိုက်၊ ရပ်လိုက်ပါ”

    IS အကြမ်းဖက်အဖွဲ့ဟာ ၂၀၁၄ ခုနှစ်မှာ အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေရဲ့ ၃ ပုံတစ်ပုံကို သိမ်းယူနိုင်ခဲ့ပါတယ်။ အီရတ်နိုင်ငံက ၂၀၁၇ ခုနှစ်နှောင်းပိုင်းမှာ IS အဖွဲ့ကို လုံးဝ ရှင်းလင်းနိုင်ခဲ့ပါတယ်။ လက်ရှိ ဆီးရီးယားနိုင်ငံ ဘဂ်ဟုဇ်ဒေသကို SDF အဖွဲ့က ပြန်လည်သိမ်းပိုက်နိုင်ရင် အရှေ့အလယ်ပိုင်းမှာ IS အကြမ်းဖက်အဖွဲ့ လုံးဝ အမြစ်ပြတ်သွားမှာ ဖြစ်ပါတယ်။

    Ref: Reuters

  • ၃ နှစ်အတွင်း စီးပွားရေးတွင် အာရှကျား ပြန်ဖြစ်မည်ဟု မလေးရှား ဘဏ္ဍာရေးဝန်ကြီး ပြော

    ၃ နှစ်အတွင်း စီးပွားရေးတွင် အာရှကျား ပြန်ဖြစ်မည်ဟု မလေးရှား ဘဏ္ဍာရေးဝန်ကြီး ပြော

    မတ် ၁၉၊ ၂၀၁၉
    M-Media

    မလေးရှား ဘဏ္ဍာရေးဝန်ကြီး လင်ဂွန်အန်

    – အစိုးရသစ်လက်ထက်မှာ ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေ သိသိသာသာမြင့်တက်လာတာကြောင့် မလေးရှားဟာ သုံးနှစ်အတွင်း စီးပွားရေးမှာ အာရှရဲ့ကျားတစ်ကောင် ပြန်ဖြစ်လာမယ်လို့ မလေးရှားဘဏ္ဍာရေးဝန်ကြီး လင်ဂွန်အန်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံခြားက တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာ ရင်းဂစ် ၅၄.၄ ဘီလီဖိုးသာ ရှိပေမယ့် ၂၀၁၈ ခုနှစ်မှာတော့ ၈၀.၅ ဘီလီယံအထိ ရှိလာခဲ့ပြီး ဒါဟာ နိုင်ငံရဲ့ စီးပွားရေးအပေါ် ရင်းနှီးမြှုပ်နှံသူတွေက ယုံကြည်နေတယ်ဆိုတာကို ပြသနေတယ်လို့လည်း လင်က ဆိုပါတယ်။

    မလေးရှားဟာ ၀န်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ်လက်ထက်မှာ စီးပွားရေးကျဆင်းမှုနဲ့ ကြုံတွေ့ခဲ့ရပြီး နိုင်ငံပိုင်လုပ်ငန်း 1MDB ကနေလည်း ဒေါ်လာ ဘီလီယံချီ ပျောက်ဆုံးခဲ့ပါတယ်။ ဒီကိစ္စတွေကြောင့် ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာ နာဂျစ်တို့ပါတီဟာ မဟာသီဦးဆောင်တဲ့ နိုင်ငံရေးမဟာမိတ်အဖွဲ့ကို ရှုံးနိမ့်ခဲ့ပါတယ်။

    ဒီကနေ့ ကွာလာလမ်ပူမှာ ကျင်းပတဲ့ Invest Malaysia 2019 ဆွေးနွေးပွဲမှာ ဘဏ္ဍာရေးဝန်ကြီး လင်ဂွန်အန်က နိုင်ငံအတွင်း တရုတ်နဲ့ ဂျပန်နိုင်ငံတို့က ရင်းနှီးမြှုပ်နှံမှုတွေဟာ သိသိသသာ မြင့်တက်လာခဲ့ပြီး ပြည်တွင်း လုပ်ငန်းရှင်တွေကလည်း ရင်းနှီးမြှုပ်မှုတွေကို ပိုမိုလုပ်ဆောင်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

    “တစ်ချို့ ခန့်မှန်းပြောဆိုမှုတွေရှိပေမယ့် ၂၀၁၈ ခုနှစ် အချက်အလက်တွေက အပြုသဘောဆောင်တယ်။ မလေးရှားစီးပွားရေးဟာ ဆက်လက် တိုးတက်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ စက်မှုထုတ်ကုန်အညွှန်းကိန်းက ဇန်န၀ါရီလမှာ ၃.၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး Bloomberg က ခန့်မှန်းထားတဲ့ ၂.၃ ရာခိုင်နှုန်းထက် သိသိသာကို ကျော်လွန်ခဲ့တာ ဖြစ်ပါတယ်”

    စီးပွားရေးမှာ အာရှကျားတစ်ကောင်ဆိုတဲ့ အရင်ကဘွဲ့ကို မလေးရှားက လာမယ့် ၃ နှစ်အတွင်း ပြန်ရလိမ့်မယ်လို့လည်း လင်ဂွန်အန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: CNA

  • နယ်သာလန်နိုင်ငံရှိ ဓာတ်ရထားတစ်ခုတွင် ပစ်ခတ်မှုဖြစ်၊ ၃ ဦးသေဆုံး

    နယ်သာလန်နိုင်ငံရှိ ဓာတ်ရထားတစ်ခုတွင် ပစ်ခတ်မှုဖြစ်၊ ၃ ဦးသေဆုံး

    မတ် ၁၈၊ ၂၀၁၉
    M-Media

    သံသယရှိသူ ဂေါ့က်မန် တာနစ်

    – နယ်သာလန်နိုင်ငံ အူထရက်ခ်ျမြို့က ဓာတ်ရထားတစ်စီးမှာ သေနတ်သမားတစ်ဦးက ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး အာဏာပိုင်တွေက သံသယရှိသူ တူရကီနိုင်ငံသားကို လိုက်လံရှာဖွေနေပါတယ်။

    ပစ်ခတ်မှုအတွင်း ဒဏ်ရာရသူဟာ ၉ ဦး ရှိနေပါတယ်။ နယ်သာလန်ရဲတပ်ဖွဲ့က သေနတ်သမားဟာ အသက် ၃၇ နှစ်အရွယ် တူရကီနိုင်ငံသား ဂေါ့က်မန် တာနစ်ဆိုသူဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်နိုင်တယ်လို့ သုံးသပ်ကြောင်း ပြောကြားခဲ့ပါတယ်။

    သေနတ်သမားဟာ ထွက်ပြေးနေကာ ပြည်သူတွေအနေနဲ့ သတိရှိဖို့၊ သေနတ်သမားကိုတွေ့တဲ့အခါ ရင်ဆိုင်ခြင်းမပြုဘဲ ရဲတပ်ဖွဲ့ကို သတင်းပေးဖို့ ရဲတပ်ဖွဲ့က တိုက်တွန်းထားပြီး လုံခြုံရေးကင်မရာကနေ ရယူထားတဲ့ သံသယရှိသူရဲ့ ဓာတ်ပုံကိုလည်း ထုတ်ပြန်ထားပါတယ်။

    သေနတ်သံတွေကို အခင်းဖြစ်ပွားရာတစ်ဝိုက် နေရာတော်တော်များများမှာ ကြားရတယ်လို့ သတင်းတွေရှိပေမယ့် သီးခြားအတည်ပြုချက်မရသေးဘူးလို့ နယ်သာလန် အကြမ်းဖက်နှိမ်နှင်းရေး ညှိနှိုင်းရေးမှူး ပီတာ ဂျက် အလ်ဘာစ်ဘာ့ဂ်က ပြောပါတယ်။

    ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် နိုင်ငံတစ်ဝှမ်း ရဲတပ်ဖွဲ့ကို တပ်လှန့်ထားသလို၊ လေဆိပ်၊ ရထားဘူတာတွေ၊ အဓိကလမ်းမတွေကို စစ်တပ်တွေ စေလွှတ်ထားပါတယ်။ ပြည်သူတွေအနေနဲ့ အိမ်ထဲမှာနေကြဖို့လည်း အစိုးရက တိုက်တွန်းထားပါတယ်။

    Ref: BBC, RT

  • အတိုက်အခံများကိုနှိပ်ကွပ်ရန် ဆော်ဒီအိမ်ရှေ့မင်းသားက လျှို့ဝှက်အဖွဲ့ ဖွဲ့ထားဟု အမေရိကန်သတင်းစာ ဖော်ပြ

    အတိုက်အခံများကိုနှိပ်ကွပ်ရန် ဆော်ဒီအိမ်ရှေ့မင်းသားက လျှို့ဝှက်အဖွဲ့ ဖွဲ့ထားဟု အမေရိကန်သတင်းစာ ဖော်ပြ

    မတ် ၁၈၊ ၂၀၁၉
    M-Media

    – ဆော်ဒီအိမ်ရှေ့မင်သား မိုဟာမက် ဘင် ဆလ်မန်ဟာ သူနဲ့ သဘောထားမတူသူတွေကို နှိပ်ကွပ်ရေး လျှို့ဝှက်အဖွဲ့တစ်ခု ဖွဲ့စည်းကာ ဆောင်ရွက်ခဲ့တယ်လို့ နယူးယောက်တိုင်းမ်စ်သတင်းစာက ဒီကနေ့မှာ ဖော်ပြပါတယ်။

    ဒီကိစ္စကို သိရှိနေတဲ့ အမေရိကန် ထောက်လှမ်းရေး တာဝန်ရှိသူတွေရဲ့ ပြောကြားမှုကို ကိုးကားပြီး ဒီလို ဖော်ပြခဲ့တာပါ။ ဘင် ဆလ်မန်ရဲ့ အဲဒီလှုပ်ရှားမှုမှာ သူနဲ့ သဘောထားမတူသူတွေ၊ အတိုက်အခံတွေကို စောင့်ကြည့်၊ ပြန်ပေးဆွဲ၊ ထိန်းသိမ်း၊ နှိပ်စက်တာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ အမေရိကန်တာဝန်ရှိသူတွေက ဒီဆောင်ရွက်ချက်ကို Saudi Rapid Intervention Group လို့ အမည်ပေးထားပါတယ်။

    နိုင်ငံရပ်ခြားမှာအခြေစိုက်သူတွေအပါအ၀င် အတိုက်အခံတွေကို နောက်ယောက်ခံတဲ့ ဆောင်ရွက်ချက်ဟာ ဆော်ဒီမှာ အရင်ကတည်းက ရှိခဲ့တာဖြစ်ပေမယ့် ၂၀၁၇ ခုနှစ် ဘင် ဆလ်မန် အိမ်ရှေ့မင်းသားဖြစ်လာပြီးတဲ့နောက် ဒီကိစ္စကို အရှိန်မြှင့် ဆောင်ရွက်လာခဲ့ပါတယ်။

    မင်းသားရဲ့ နှိပ်ကွပ်ရေးအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အစ္စတန်ဘူလ် ဆော်ဒီသံရုံးမှာ ဝေဖန်ရေးဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီကို သတ်ဖြတ်မှုအပါအ၀င် လျှို့ဝှက်စစ်ဆင်ရေးအချို့ကို ဆောင်ရွက်ခဲ့တယ်လို့ အမေရိကန်တာဝန်ရှိသူတွေ၊ ကျူးလွန်ခံရတဲ့ ဆော်ဒီနိုင်ငံသားတွေနဲ့ ပတ်သက်သူတွေကို ကိုးကားပြီး နယူးယောက် တိုင်းမ်းစ်က ဖော်ပြထားပါတယ်။

    Rapid Intervention Group ကို ဘင် ဆလ်မန်က အမိန့်ပေးပြီး နန်းတော်က တာဝန်ရှိသူ ဆာအွဒ် အလ်-ကာတာနီက ကြီးကြပ်တာဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်တဲ့ အမေရိကန် ထောက်လှမ်းရေး အစီရင်ခံချက်မှာ ဘင် ဆလ်မန်ဟာ အဖွဲ့ရဲ့ လှုပ်ရှားမှုတွေမှာ ဘယ်လောက်အထိ ပါဝင်လဲဆိုတာကို တိတိကျကျ မဖော်ပြထားပေမယ့် လုပ်ငန်းတွေကို အလ်-ကာတာနီကနေတစ်ဆင့် ကြီးကြပ်တယ်လို့ ဆိုပါတယ်။

    ကာရှိုဂျီ အသတ်ခံရတဲ့ကိစ္စကြောင့် အလ်-ကာတာနီဟာ ရာထူးက ထုတ်ပယ်ခံလိုက်ရပေမယ့် ဒီအမှုအတွက် ဆော်ဒီအစိုးရက တရားစွဲထားတဲ့ လူ ၁၁ ဦးထဲမှာ သူ ပါလား၊ မပါဘူးလားဆိုတာကို အာဏာပိုင်တွေက တိတိကျကျ ထုတ်ဖော်ပြာဆိုခြင်း မရှိပါဘူး။

    ဘင် ဆလ်မန်ရဲ့ Rapid Intervention Group ဟာ နိုင်ငံအတွင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေကို ဖမ်းဆီးနှိပ်ကွပ်မှုမှာ ပါဝင်တယ်လို့လည်း နယူးယောက်တိုင်းမ်စ်သတင်းစာက ဖော်ပြပါတယ်။

    နယူးယောက်တိုင်မ်းစ်ရဲ့ ဒီဖော်ပြချက်ကို ဆော်ဒီအာဏာပိုငတွေက မှတ်ချက်ပေးတာမျိုး မရှိပါဘူး။

    Ref: Aljazeera