News @ M-Media
Blog
  • အတိုက်အခံများကိုနှိပ်ကွပ်ရန် ဆော်ဒီအိမ်ရှေ့မင်းသားက လျှို့ဝှက်အဖွဲ့ ဖွဲ့ထားဟု အမေရိကန်သတင်းစာ ဖော်ပြ
    အတိုက်အခံများကိုနှိပ်ကွပ်ရန် ဆော်ဒီအိမ်ရှေ့မင်းသားက လျှို့ဝှက်အဖွဲ့ ဖွဲ့ထားဟု အမေရိကန်သတင်းစာ ဖော်ပြ
    မတ် ၁၈၊ ၂၀၁၉
    M-Media
    – ဆော်ဒီအိမ်ရှေ့မင်သား မိုဟာမက် ဘင် ဆလ်မန်ဟာ သူနဲ့ သဘောထားမတူသူတွေကို နှိပ်ကွပ်ရေး လျှို့ဝှက်အဖွဲ့တစ်ခု ဖွဲ့စည်းကာ ဆောင်ရွက်ခဲ့တယ်လို့ နယူးယောက်တိုင်းမ်စ်သတင်းစာက ဒီကနေ့မှာ ဖော်ပြပါတယ်။
    ဒီကိစ္စကို သိရှိနေတဲ့ အမေရိကန် ထောက်လှမ်းရေး တာဝန်ရှိသူတွေရဲ့ ပြောကြားမှုကို ကိုးကားပြီး ဒီလို ဖော်ပြခဲ့တာပါ။ ဘင် ဆလ်မန်ရဲ့ အဲဒီလှုပ်ရှားမှုမှာ သူနဲ့ သဘောထားမတူသူတွေ၊ အတိုက်အခံတွေကို စောင့်ကြည့်၊ ပြန်ပေးဆွဲ၊ ထိန်းသိမ်း၊ နှိပ်စက်တာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ အမေရိကန်တာဝန်ရှိသူတွေက ဒီဆောင်ရွက်ချက်ကို Saudi Rapid Intervention Group လို့ အမည်ပေးထားပါတယ်။
    နိုင်ငံရပ်ခြားမှာအခြေစိုက်သူတွေအပါအ၀င် အတိုက်အခံတွေကို နောက်ယောက်ခံတဲ့ ဆောင်ရွက်ချက်ဟာ ဆော်ဒီမှာ အရင်ကတည်းက ရှိခဲ့တာဖြစ်ပေမယ့် ၂၀၁၇ ခုနှစ် ဘင် ဆလ်မန် အိမ်ရှေ့မင်းသားဖြစ်လာပြီးတဲ့နောက် ဒီကိစ္စကို အရှိန်မြှင့် ဆောင်ရွက်လာခဲ့ပါတယ်။
    မင်းသားရဲ့ နှိပ်ကွပ်ရေးအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အစ္စတန်ဘူလ် ဆော်ဒီသံရုံးမှာ ဝေဖန်ရေးဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီကို သတ်ဖြတ်မှုအပါအ၀င် လျှို့ဝှက်စစ်ဆင်ရေးအချို့ကို ဆောင်ရွက်ခဲ့တယ်လို့ အမေရိကန်တာဝန်ရှိသူတွေ၊ ကျူးလွန်ခံရတဲ့ ဆော်ဒီနိုင်ငံသားတွေနဲ့ ပတ်သက်သူတွေကို ကိုးကားပြီး နယူးယောက် တိုင်းမ်းစ်က ဖော်ပြထားပါတယ်။
    Rapid Intervention Group ကို ဘင် ဆလ်မန်က အမိန့်ပေးပြီး နန်းတော်က တာဝန်ရှိသူ ဆာအွဒ် အလ်-ကာတာနီက ကြီးကြပ်တာဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်တဲ့ အမေရိကန် ထောက်လှမ်းရေး အစီရင်ခံချက်မှာ ဘင် ဆလ်မန်ဟာ အဖွဲ့ရဲ့ လှုပ်ရှားမှုတွေမှာ ဘယ်လောက်အထိ ပါဝင်လဲဆိုတာကို တိတိကျကျ မဖော်ပြထားပေမယ့် လုပ်ငန်းတွေကို အလ်-ကာတာနီကနေတစ်ဆင့် ကြီးကြပ်တယ်လို့ ဆိုပါတယ်။
    ကာရှိုဂျီ အသတ်ခံရတဲ့ကိစ္စကြောင့် အလ်-ကာတာနီဟာ ရာထူးက ထုတ်ပယ်ခံလိုက်ရပေမယ့် ဒီအမှုအတွက် ဆော်ဒီအစိုးရက တရားစွဲထားတဲ့ လူ ၁၁ ဦးထဲမှာ သူ ပါလား၊ မပါဘူးလားဆိုတာကို အာဏာပိုင်တွေက တိတိကျကျ ထုတ်ဖော်ပြာဆိုခြင်း မရှိပါဘူး။
    ဘင် ဆလ်မန်ရဲ့ Rapid Intervention Group ဟာ နိုင်ငံအတွင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေကို ဖမ်းဆီးနှိပ်ကွပ်မှုမှာ ပါဝင်တယ်လို့လည်း နယူးယောက်တိုင်းမ်စ်သတင်းစာက ဖော်ပြပါတယ်။
    နယူးယောက်တိုင်မ်းစ်ရဲ့ ဒီဖော်ပြချက်ကို ဆော်ဒီအာဏာပိုငတွေက မှတ်ချက်ပေးတာမျိုး မရှိပါဘူး။
    Ref: Aljazeera
  • ပြီးခဲ့သည့်နှစ် ဂါဇာတွင် အစ္စရေးစစ်သားများ၏လုပ်ရပ် စစ်ရာဇ၀တ်မှုမြောက်နိုင်ဟု ကုလပြော
    ပြီးခဲ့သည့်နှစ် ဂါဇာတွင် အစ္စရေးစစ်သားများ၏လုပ်ရပ် စစ်ရာဇ၀တ်မှုမြောက်နိုင်ဟု ကုလပြော
    မတ် ၁၈၊ ၂၀၁၉
    M-Media
    ပါလက်စတိုင်းအရပ်သားတစ်ဦးအား အစ္စရေးစစ်သားများက ဖမ်းဆီးမှု
    – ပြီးခဲ့တဲ့နှစ်အတွင်း ဂါဇာကမ်းမြှောင်မှာ ပါလက်စတိုင်းပြည်သူတွေအပေါ် အစ္စရေးတပ်ဖွဲ့တွေရဲ့ ကျူးလွန်မှုဟာ စစ်ရာဇ၀တ်မှုမြောက်နိုင်တယ်လို့ ကုလသမဂ္ဂက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
    ၁၉၄၈ ခုနှစ် ပါလက်စတိုင်းပိုင်နက်တွေကို ပြည်ပက၀င်လာတဲ့ဂျူးတွေက ကျူးကျော်သိမ်းပိုက်ပြီး အစ္စရေးနိုင်ငံ ထူထောင်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူတွေ နေရပ်ပြန်နိုင်ရေး ဂါဇာပြည်သူတွေဟာ ပြီးခဲ့တဲ့နှစ် မတ်လကတည်းက Great March of Return ခေါင်းစဉ်နဲ့ အပတ်စဉ် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
    ဆန္ဒပြသူတွေကို အစ္စရေးတပ်ဖွဲ့တွေက ဖြိုခွင်းရာမှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ပါလက်စတိုင်းပြည်သူ ၁၈၉ ဦး သေဆုံးကာ ၆၀၀၀ ကျော် ဒဏ်ရာရရခဲ့ပါတယ်။
    ကုလရဲ့ ‘လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်’ ရဲ့ ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အစ္စရေးစစ်တပ်ဟာ ဆန္ဒပြသူတွေကို ဖြိုခွဲရာမှာ ကျည်အစစ်တွေ အသုံးပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
    “အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေဟာ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်ခဲ့ပါတယ်။ အဲဒီချိုးဖောက်မှုတစ်ချို့ဟာ စစ်ရာဇ၀တ်မှုတွေ၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေဖြစ်ပြီး အစ္စရေးအစိုးရက ချက်ခြင်း စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်ရပါလိမ့်မယ်” လို့ ကော်မရှင်အကြီးအကဲ ကာရီ ဘက်တီ မူရွန်ဂီက ပြောကြားခဲ့ပါတယ်။
    စာမျက်နှာ ၂၅၂ မျက်နှာရှိတဲ့ အဲဒီ အစီရင်ခံစာမှာ ဆန္ဒပြသူတွေကို အစ္စရေးစစ်တပ်က လက်ဖြောင့်တပ်သားတွေနဲ့ သတ်ဖြတ်မှုကို အသေးစိတ် စုံစမ်းဖော်ထုတ်ထားပါတယ်။
    “အသက်အန္တရာယ် ခြိမ်းခြောက်မှုမရှိတဲ့သူတွေကို အစ္စရေးတပ်ဖွဲ့ဝင်တွေက သတ်ဖြတ်တာ၊ ဒဏ်ရာရအောင်လုပ်တာ၊ ဂျာနယ်လစ်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ကလေးငယ်တွေအပါအ၀င် ဆန္ဒပြသူတွေရဲ့ ၀န်းကျင်မှာရှိသူတွေကို ဆိုးဆိုးဝါးဝါး ဒဏ်ရာရအောင် လုပ်တာတွေအတွက် ဘာဆင်ခြေမှ ပေးလို့မရဘူးဆိုတာ ကော်မရှင်က တွေ့ရှိခဲ့ပါတယ်” လို့ ကော်မရှင်အကြီးအကဲတစ်ဦးဖြစ်သူ ကန်တွန်က ပြောကြားခဲ့ပါတယ်။
    ဒီအစီရင်ခံစာကို ဂျီနီဗာမှာပြုလုပ်တဲ့ ကုလ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ တင်သွင်းခဲ့တာပါ။ ကန်တွန်က လုံခြုံးရေးတပ်ဖွဲ့တွေနဲ့ အစ္စရေးအရပ်သားတွေအပေါ် အသက်အန္တရာယ် ခြိမ်းခြောက်မှု မရှိတဲ့သူတွေ၊ ဆန္ဒပြပွဲမှာ မပါတဲ့သူတွေကို အစ္စရေးစစ်သားတွေက သတ်ပစ်တာ၊ ဆိုးဆိုးဝါးဝါး ဒဏ်ရာရအောင်လုပ်တာတွေ ရှိခဲ့တယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    အစ္စရေးအစိုးရအနေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ ကျင့်ဝတ်စည်းကမ်းတွေ လိုက်နာခြင်း ရှိ၊ မရှိ၊ နိုင်ငံတကာ ဥပဒေ ပြဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ခြင်း ရှိ၊ မရှိတို့ကို သုံးသပ်စစ်ဆေးဖို့လည်း ကုလရဲ့ အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။
    Ref: Aljazeera
  • သေနတ်ကိုင်ဆောင်ခွင့်ဥပဒေကို တင်းကြပ်မည်ဟု နယူးဇီလန်ဝန်ကြီးချုပ် အတည်ပြု
    သေနတ်ကိုင်ဆောင်ခွင့်ဥပဒေကို တင်းကြပ်မည်ဟု နယူးဇီလန်ဝန်ကြီးချုပ် အတည်ပြု
    မတ် ၁၈၊ ၂၀၁၉
    M-Media
    နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါ အာရ်ဒန်
    – ပြီးခဲ့တဲ့သောကြာနေ့က ခရိုက်ချက်မြို့ ဗလီနှစ်လုံးမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုမျိုး နောက်ထပ်မဖြစ်စေရေး သေနတ်ကိုင်ဆောင်မှုဥပဒေကို တင်းကြပ်သွားဖို့အတွက် အစိုးရအဖွဲ့က မူအားဖြင့် သဘောတူခဲ့တယ်လို့ နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါ အာရ်ဒန်က မနေ့မှာ ပြောကြားခဲ့ပါတယ်။
    ခရိုက်ချက်မြို့လယ်ကောင်က အလ်-နူရ် ဗလီနဲ့ မြို့ပြင်က လင်ဝုဒ်ဗလီတို့ကို လူဖြူအစွန်းရောက် ဘရန်တန် တားရန့်က သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်မှုကြောင့် လူ ၅၀ သေဆုံးကာ ၃၀ ကျော်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ တားရန့်ဟာ တရားဝင်သေနတ်ကိုင်ဆောင်ထားသူဖြစ်ပြီး အကြမ်းဖက်မှုမှာ သုံးသွားတဲ့ သေနတ်တွေဟာ သာမန်လူတွေ ကိုင်ဆောင်ဖို့ သတ်မှတ်ထားတဲ့ လက်နက်တွေကို အဆင့်မြှင့်တင်ထားတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
    ဒီအကြမ်းဖက်မှုနောက်ပိုင်း နိုင်ငံရဲ့ သေနတ်ကိုင်ဆောင်ခွင့်ဥပဒေကို ပြန်လည်သုံးသပ်ဖို့ ဆော်သြမှုတွေ ရှိလာခဲ့ပါတယ်။
    ဗလီနှစ်လုံး အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွက် စုံစမ်းစစ်ဆေးရေးလုပ်ငန်းကို လုပ်ဆောင်သွားမယ်လို့လည်း ၀န်ကြီးချုပ်က ဆိုပါတယ်။
    သေနတ်သမား တားရန့်ဟာ သြစတေးလျနိုင်ငံသားဖြစ်ပေမယ့် နိုင်ငံအတွင်း လူဖြူအစွန်းရောက်ဝါဒ ပြဿနာကို လစ်လျူရှုထားလို့ မရဘူးလို့လည်း ဂျာစင်ဒါအာရ်ဒန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    သာမန်သေနတ်များကို အဆင့်မြှင့်တင်
    ခရိုက်ချက်က လက်နက်ဆိုင်တစ်ခုဖြစ်တဲ့ Gun City က သူတို့ဟာ တားရန့်ကို သေနတ်လေးလက်နဲ့  လက်နက်ခဲယမ်းတွေ ရောင်းချခဲ့ပြီး၊ တားရန့်ရဲ့ အွန်လိုင်းက သေနတ်အမှာစာကို ရဲတပ်ဖွဲ့က စစ်ဆေး အတည်ပြုခဲ့တာလို့ မနေ့ကသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
    နယူးဇီလန်ဝန်ကြီးချုပ် အာရ်ဒန်က တားရန့်ဟာ အကြမ်းဖက်တိုက်ခိုက်ရာမှာ သေနတ် ၅ လက်ကို အသုံးပြုခဲ့ပြီး အဲဒီအထဲက ၂ လက်ဟာ သာမန်လက်နက်ကိုင်ဆောင်ခွင့်လိုင်စင်နဲ့ ၀ယ်ကိုင်လို့ရတဲ့ ဆီမီးအော်တို လက်နက်တွေဖြစ်ကာ၊ တားရန့်က အဆင့်မြှင့်တင်ထားတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    Gun City က ၀ယ်လာတဲ့ သေနတ်တွေကို တိုက်ခိုက်မှုမှာ တားရန့်က အသုံးပြုခဲ့လားဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ တားရန့်ဟာ လက်ရှိမှာ လူသတ်မှုနဲ့ စွဲချက်တင်ခံထားရပါတယ်။
    Ref: Aljazeera
  • ခွင့်လွှတ်ခြင်းဖြင့် ရှေ့ဆက်မည်ဟု နယူးဇီလန် အကြမ်းဖက်မှုမှ လွတ်မြောက်လာသူပြော
    ခွင့်လွှတ်ခြင်းဖြင့် ရှေ့ဆက်မည်ဟု နယူးဇီလန် အကြမ်းဖက်မှုမှ လွတ်မြောက်လာသူပြော
    မတ် ၁၇၊ ၂၀၁၉
    M-Media
    အကြမ်းဖက်မှုအတွင်း ဇနီးသည်ကို ဆုံးရှုံးလိုက်ရသည့် ဖာရစ် အဟ်မဒ်
    – ခရိုက်ချက်မြို့က ဗလီဝတ်ကျောင်းတော် ၂ ခုမှာ အကြမ်းဖက်မှု ကျူးလွန်ခဲ့သူကို မုန်းတီးတာမျိုးမရှိဘဲ ခွင့်လွှတ်ခြင်းဖြင့်သာ ရှေ့ဆက်မယ်လို့ ဇနီးဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ မွတ်စလင်တစ်ဦးက ပြောကြားလိုက်ပါတယ်။
    “ပုဂ္ဂိုလ်ရေးအရ မမုန်းဘူးလို့ သူ့ကိုကျွန်တော် ပြောချင်ပါတယ်။ သူလုပ်ခဲ့တာကို ကျွန်တော် လက်မခံနိုင်ဘူး။ အမှားတစ်ခုကို သူ ကျူးလွန်ခဲ့တာပါ” လို့ ဖာရစ် အဟ်မဒ်က AFP သတင်းဌာနရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။
    ခရိုက်ချက်မြို့လယ်က အလ်-နူရီ ဗလီကို လူဖြူအစွန်းရောက် ဘရန်တန် တားရန့်က သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်မှုအတွင်း အသက် ၅၉ နှစ်အရွယ် အဟ်မဒ်ဟာ
    အသက်ဘေးကနေ လွတ်မြောက်ခဲ့ပေမယ့် ဇနီးဖြစ်သူ ၄၄ နှစ်အရွယ် ဟိုစနာ အဟ်မဒ် သေဆုံးသွားခဲ့ပါတယ်။ ဟိုစနာဟာ လမ်းမလျှောက်နိုင်တဲ့ ခင်ပွန်းဖြစ်သူဘေးလွတ်ရာရောက်အောင် ပို့ဆောင်ပေးရင်း သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
    သေနတ်သမားကို ခွင့်လွှတ်လားလို့ မေးမြန်းရာမှာ “ခွင့်လွှတ်ရမှာပေါ့။ ခွင့်လွှတ်ခြင်း၊ ရက်ရောခြင်း၊ ချစ်ခြင်းမေတ္တာထားခြင်း၊ အကောင်းမြင်ခြင်းနဲ့ ဖေးမစောင့်ရှောက်ပေးခြင်းတို့ ဆိုတာတွေဟာ သိပ်ကို ကောင်းမြတ်တဲ့အရာတွေပါ” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
    ခရိုက်ချက်မြို့လယ်ကောင်က အလ်-နူရ်ဗလီနဲ့ မြို့ပြင်က လင်ဝုဒ်ဗလီတို့မှာ ၀တ်ပြုသူတွေကို အကြမ်းဖက်ပစ်ခတ်မှုအတွင်း အမျိုးသမီး ၄ ဦး အပါအ၀င် လူ ၅၀ သေဆုံးခဲ့ပါတယ်။
    အဟ်မဒ်နဲ့ ဟိုစနာတို့ဟာ ၁၉၉၀ ပြည့်နှစ်က ဘင်္ဂလားဒေ့ရှ်ကနေ နယူးဇီလန်ကို ပြောင်းရွှေ့အခြေချလာတာဖြစ်ပြီး သမီးတစ်ဦး ရှိပါတယ်။ အဟ်မဒ်ဟာ ၁၉၉၈ ခုနှစ်မှာ ကားတိုက်ခံရပြီးကတည်းက လမ်းမလျှောက်နိုင်ဘဲ ဘီးတပ်ကုလားထိုင်နဲ့ နေထိုင်ခဲ့ရတာ ဖြစ်ပါတယ်။
    ဗလီအတွင်း ပစ်ခတ်မှုတွေစတဲ့အခါ ဟိုစနာက အမျိုးသမီးနဲ့ ကလေးအဆောင်က အမျိုးသမီးတွေ၊ ကလေးတွေကို လွတ်မြောက်အောင် ကူညီပေးခဲ့ပြီးတဲ့နောက် အမျိုးသားအဆောင်ဖက်ကူးကာ ခင်ပွန်းဖြစ်သူကို ကာကွယ်ပေးခဲ့တာ ဖြစ်ပါတယ်။
    ” ‘ဒီကနေထွက် မြန်မြန်လာ’ လို့ အော်ပြီး ပြေးလာတယ်။ အမျိုးသမီးနဲ့ ကလေးတော်တော်များများကို သူက ဘေးလွတ်ရာ ကယ်ထုတ်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာ သူက ကျွန်တော့်အခြေအနေကိုကြည့်ဖို့ ရောက်လာတယ်။ ကျွန်တော်က ဘီးတပ်ကုလားထိုင်မှာ လမ်းမလျှောက်နိုင်ဘူးလေ။ ဗလီဝင်းထွက်ပေါက်နားလည်းရောက်ရော အပစ်ခံလိုက်ရတယ်။ တစ်ခြားလူတွေရဲ့အသက်ကို ကယ်ရင်း သူ့အသက်ကို သူ မေ့သွားရှာတယ်” လို့ ဖာရစ်အဟ်မဒ်က ပြောကြားခဲ့ပါတယ်။
    သေနတ်သမား ဘရန်တန် တားရန့်ကို လူသတ်မှုနဲ့ စွဲချက်တင်ထားပါတယ်။ စနေနေ့က ရုံးထုတ်စဉ်မှာ တားရန့်ဟာ လူဖြူအစွန်းရောက်ဝါဒ သင်္ကေတကို လက်ကနေ လုပ်ပြခဲ့ပါတယ်။ ၇၄ မျက်နှာရှိတဲ့ စစ်ချက်မှာ တားရန့်က သူဟာ ပြင်သစ်နဲ့ အနောက်ဥရောပနိုင်ငံတွေကို သွားခဲ့တဲ့ ၂၀၁၇ ခုနှစ် ဧပြီ၊ မေလလောက်မှာကတည်းက တိုက်ခိုက်မှုလုပ်ဖို့ စဉ်စားခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။
    ဖာရစ်အဟ်မဒ်က သေနတ်သမားနဲ့ထိုင်ပြီး စကားပြောခွင့်ရမယ်ဆိုရင် ဘ၀နေနည်းကို ပြန်လည် သုံးသပ်ဖို့ တိုက်တွန်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    “ကြင်နာဖော်ရွေပြီး၊ လူသားဝါဒကိုလက်ကိုင်ထားတဲ့ လူတစ်ယောက် ဖြစ်လာနိုင်တဲ့ အလားအလာတွေ ရှိနေတယ်လို့ ကျွန်တော် သူ့ကိုပြောမယ်။ သူ့ကို အကောင်းဆုံးသောပုံစံနဲ့ ကျွန်တော် ဆက်ဆံမယ်။ သူဟာ တစ်နေ့မှာ လူကောင်းသူကောင်းတစ်ယောက် ဖြစ်လာမယ်လို့ ကျွန်တော်မျှော်လင့်ပြီး အဲဒီလိုဖြစ်ဖို့လည်း ဆုတောင်းပေးပါတယ်။ သူ့အပေါ်မှာ ဘယ်လိုအာဃတတရားမှ မရှိပါဘူး”
    Ref: AFP
  • နယူးဇီလန်တွင် အကြမ်းဖက်သတ်ဖြတ်ခံသော မွတ်စလင်များအတွက် ပြုလုပ်သည့် အောက်မေ့ဖွယ်ပုံရိပ်များ
    နယူးဇီလန်တွင် အကြမ်းဖက်သတ်ဖြတ်ခံသော မွတ်စလင်များအတွက် ပြုလုပ်သည့် အောက်မေ့ဖွယ်ပုံရိပ်များ
    မတ် ၁၇၊ ၂၀၁၉
    M-Media
    သောကြာနေ့က ခရိုက်ချက်မြို့ ဗလီဝတ်ကျောင်းတော်နှစ်လုံးမှာ လူဖြူအစွန်းရောက်တစ်ဦးရဲ့ အကြမ်းဖက်သတ်ဖြတ်မှုအတွင်း သေဆုံးခဲ့ရသူတွေအတွက် စုပေါင်းဆုတောင်းမှုတွေ၊ ၀မ်းနည်းဖွယ်အထိမ်းအမှတ်အခမ်းအနားတွေကို နယူးဇီလန်ပြည်သူတွေက ဒီကနေ့မှာ ဆက်လက်ပြုလုပ်နေပါတယ်။
    အခင်းဖြစ်ပွားရာ အလ်-နူရ် ဗလီဝတ်ကျောင်းတော်၊ လင်ဝုဒ်ဗလီဝတ်ကျောင်းတော်၊ ခရိုက်ချက်မြို့က ရုက္ခဗေဒဥယျာဉ်တွေအပြင် အထင်ကရနေရာတွေမှာ ပြည်သူတွေက ၀မ်းနည်းခြင်းအထိမ်းအမှတ် ပန်းခွေတွေချတာ၊ တိုက်ခိုက်မှုကိုရှုတ်ချတဲ့ ဆိုင်းဘုတ်တွေ၊ စည်းလုံးညီညွတ်ရေး ဆော်သြတဲ့ဆိုင်းဘုတ်တွေ ချထားတွေ လုပ်ဆောင်ကြသလို၊ ငြိမ်သက်ဆုတောင်းမှုတွေလည်း လုပ်ဆောင်နေကြပါတယ်။
    အကြမ်းဖက်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၅၀ အထိ ရှိလာခဲ့ပြီး ၃၀ ကျော်လောက်က ဒဏ်ရာတွေကြောင့် ဆေးကုသမှု ခံယူနေရပါတယ်။
    ရုပ်အလောင်းတွေကို ဗုဒ္ဓဟူးနေ့မှာ မြေမြှုပ်သင်္ဂြီုဟ်မှာဖြစ်ပြီး ဒီကနေ့ကနေစတင်ကာ သက်ဆိုင်ရာမိသားစုတွေထံ ရုပ်အလောင်းတွေကို လွှဲပြောင်းပေးသွားမှာ ဖြစ်ပါတယ်။
    Photo Credit – Reuters, Aljazeer, RT