News @ M-Media

Blog

  • ရန်ကုန်မြို့တွင်း စမတ်ကားပါကင်စနစ် ဖော်ဆောင်ရေး မြို့တော်စည်ပင်က ကုမ္ပဏီများကို ဖိတ်ခေါ်

    ရန်ကုန်မြို့တွင်း စမတ်ကားပါကင်စနစ် ဖော်ဆောင်ရေး မြို့တော်စည်ပင်က ကုမ္ပဏီများကို ဖိတ်ခေါ်

    ဇန်န၀ါရီ ၂၃၊ ၂၀၁၉
    M-Media

    ရန်ကုန်မြို့တွင်း ကားကျပ်မှုမြင်ကွင်း

    – ရန်ကုန်မြို့ မြို့လယ်ကောင်မှာ ဖော်ဆောင်မယ့် ‘စမတ်ကားပါကင်’ စီမံကိန်းအတွက် စိတ်ဝင်စားတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဖိတ်ခေါ်လိုက်ပါတယ်။

    ကော်မတီရဲ့ မနေ့ကထုတ်ပြန်ချက်မှာ စမတ်ကားပါကင်စနစ်ကို ကျောက်တံတား၊ ပန်းဘဲတန်း၊ လမ်းမတော်၊ ဗိုလ်တစ်ထောင်နဲ့ ပုဇွန်တောင်မြိုနယ်တွေမှာ ဖော်ဆောင်သွားမယ်လို့ ဖော်ပြထားပြီး စိတ်ဝင်စားတဲ့ ပြည်တွင်းကုမ္ပဏီတွေ၊ ဖက်စပ်ကုမ္ပဏီတွေအနေနဲ့ ဇန်န၀ါရီ ၂၈ ရက်နေ့ကစတင်ကာ ဖေဖော်ဝါရီ ၂၇ ရက် ညနေ ၃ နာရီအထိ တင်သွင်းနိုင်တယ်လို့ ဆိုပါတယ်။

    ရန်ကုန်မြို့အတွင်း ကားကျပ်မှု၊ ကားပါကင်မလုံလောက်မှု ပြဿနာကို ကျယ်ကျယ်ပြန့်ပြန့် ကြုံတွေ့နေရပြီး စီးပွားရေးအချက်အချာ ဧရိယာတွေဖြစ်တဲ့ မြို့တွင်း ၆ မြို့နယ်မှာ အဆိုးဝါးဆုံး ဖြစ်ပါတယ်။ ဒီပြဿနာ ပြေလည်စေရေးအတွက် ခေတ်ပေါ် ကားပါကင်စီမံကိန်းတစ်ခုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ ပြီးခဲ့တဲ့နှစ်မှာ ကြေငြာခဲ့ပါတယ်။

    လူမဲ့ငွေပေးချေစနစ်ပါဝင်တဲ့ စမတ်ကားပါကင်ကို မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးမြို့ရဲ့ မြို့နယ်တော်တော်များများမှာ စတင် အသုံးပြုနေပြီ ဖြစ်ပါတယ်။

    ကားတင်သွင်းခွင့် ကန့်သတ်မှုတွေကို ၂၀၁၁ ခုနှစ် အောက်တိုဘာလမှာ မြန်မာအစိုးရက ဖယ်ရှားပေးခဲ့တဲ့နောက်ပိုင်း ရန်ကုန်မှာ မောင်းနှင်နေနဲ့ မော်တော်ယာဉ် အရေအတွက်ဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ ၅ သိန်း ၃ သောင်းကျော် ရှိလာပါတယ်။ ၂၀၁၁ ခုနှစ် စက်တင်ဘာမှာ ၁ သိန်း ၆ သောင်းသာ ရှိခဲ့တာ ဖြစ်ပါတယ်။

    နိုဝင်ဘာ ၃၀ ရက်နေ့က လွှတ်တော်အစည်းအဝေးမှာ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ရန်ကုန်မြို့အတွင်း ကားပါကင်နေရာတွေ ဖော်ဆောင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရဟာ လမ်းတိုးချဲ့တာတွေ လုပ်ဆောင်နေပြီး စမတ်ပါကင်စနစ်လည်း ဖော်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Irrawaddy

    (ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် သတင်းမှ ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)

  • ဆော်ဒီမှ နာမည်ကျော် အစ္စလာမ့်ဓမ္မပညာရှင်တစ်ဦး အကျဉ်းထောင်အတွင်း ကွယ်လွန်

    ဆော်ဒီမှ နာမည်ကျော် အစ္စလာမ့်ဓမ္မပညာရှင်တစ်ဦး အကျဉ်းထောင်အတွင်း ကွယ်လွန်

    ဇန်န၀ါရီ ၂၃၊ ၂၀၁၉
    M-Media

    တနင်္ဂနွေနေ့က ကွယ်လွန်သွားခဲ့သည့် ရှိခ် အဟ်မဒ် အလ်-အေမာရီ

    – ဆော်ဒီအာဏာပိုင်တွေရဲ့ ဖမ်းဆီးအကျဉ်းချခြင်းကို ခံထားရတဲ့ ထိပ်တန်း အစ္စလာမ့် ဓမ္မပညာရှင် ရှိခ် အဟ်မဒ် အလ်-အေမာရီဟာ တနင်္ဂနွေနေ့က ကွယ်လွန်သွားခဲ့ပြီး အာဏာပိုင်တွေက သူ့ရဲ့ကျန်းမာရေးကို တမင် လစ်လျူရှုခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူတွေက စွပ်စွဲပြောဆိုခဲ့ပါတယ်။

    အသက ၆၉ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အလ်-အေမာရီဟာ မဒီနာမြို့မှာရှိတဲ့ ‘မတ်စ်ဂ်ျ နဗ၀ီ’ ဗလီဝတ်ကျောင်းတော်က ရှေ့ဆောင် အီမာမ်နဲ့ တရားဟောဆရာဖြစ်ပြီး ‘မဒီနာ အစ္စလာမ့်တက္ကသိုလ်’ ကုရ်အာန်ရေးရာဌာနရဲ့ ဌာနမှူးဟောင်းလည်း ဖြစ်ပါတယ်။

    ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်နဲ့ တော်ဝင်အသိုင်းအ၀ိုင်းက သူတို့အပေါ် ဝေဖန်ထောက်ပြသူတွေကို ၂၀၁၈ ခုနှစ် သြဂုတ်လမှာ ဖမ်းဆီးထိန်းသိမ်းမှုအတွင်း အလ်-အေမာရီလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

    ဆော်ဒီ အစ္စလာမ့်ဓမ္မပညာရှင်တွေ ဖမ်းဆီးထိန်းသိမ်းခံရမှုကို စောင့်ကြည့်နေတဲ့ Prisoners of Conscience အဖွဲ့က အလ်-အေမာရီဟာ တနင်္ဂနွေနေ့က အကျဉ်းထောင်ထဲမှာပဲ ကွယ်လွန်သွားခဲ့ပြီး အာဏာပိုင်တွေအနေနဲ့ အလ်-မေမာရီရဲ့ ကျန်းမာရေးကို ဂရုမစိုက်တဲ့အတွက် ဒီလို သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီသတင်းအတွက် ဆော်ဒီအာဏာပိုင်တွေက တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

    အလ်-အေမာရီရဲ့ အနီးကပ်အကြံပေးဖြစ်တဲ့ အစ္စလာမ့်ဓမ္မပညာရှင် ဆာဖာရ် အလ်-ဟာဝါလီဟာလည်း သြဂုတ်လက ဖမ်းဆီးခံခဲ့ရပါတယ်။ အသက် ၆၈ နှစ်အရွယ် အလ်-ဟာဝါလီဟာ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်နဲ့ တော်ဝင်အသိုင်းအ၀ိုင်းရဲ့ အမှားတွေ၊ အာဏာချုပ်ကိုင်ထားမှုတွေကို ဝေဖန်ထောက်ပြတဲ့ စာမျက်နှာ ၃ ထောင်ပါ စာအုပ်တစ်အုပ်ကို ထုတ်ဝေပြီးခဲ့နောက် ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

    တက်ကြွလှုပ်ရှားသူတွေက အလ်-အေမာရီ ကွယ်လွန်မှုဟာ ဆော်ဒီအာဏာပိုင်တွေက ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့တာလို့  စွပ်စွဲပြောကြားနေကြပါတယ်။

    ဆော်ဒီ ဝေဖန်ရေး ဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီ အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးမှာ အသတ်ခံရမှုကြောင့် ဆော်ဒီဟာ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ၊ ဂရုတစ်စိုက် စောင့်ကြည့်မှုတွေ ခံနေရတဲ့အချိန် အလ်-အေမာရီ ကွယ်လွန်တဲ့သတင်း ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ သူနဲ့ သဘောထားကွဲလွဲသူတွေကို ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အကြီးအကျယ် ဖမ်းဆီးခဲ့ပြီး ဘာသာရေးခေါင်းဆောင်တွေ၊ တတ်သိပညာရှင်တွေ၊ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေ ပါဝင်ခဲ့ပါတယ်။ ဖမ်းဆီးခံထားရတဲ့ အစ္စလာမ့်ဓမ္မပညာရှင်တွေထဲမှာ အောင်ဝဒ် အလ်-ကာရ်နီ၊ ဖာရ်ဟန် အလ်-မာလ်ကီနဲ့ မိုစတာဖာ ဟာဆန်တို့လည်း ပါဝင်ပါတယ်။

    Ref: Aljazeera

  • လပေါ်တွင် ရေနှင့်အောက်ဆီဂျင် တူးဖော်ထုတ်လုပ်မည်ဟု ဥရောပ အာကာသအေဂျင်စီ ကြေငြာ

    လပေါ်တွင် ရေနှင့်အောက်ဆီဂျင် တူးဖော်ထုတ်လုပ်မည်ဟု ဥရောပ အာကာသအေဂျင်စီ ကြေငြာ

    ဇန်န၀ါရီ ၂၃၊ ၂၀၁၉
    M-Media

    – ၂၀၂၅ ခုနှစ် ရောက်ရင် လပေါ်မှာ ရေနဲ့ အောက်ဆီဂျင် တူးဖော်ထုတ်လုပ်နိုင်အောင် ဆောင်ရွက်သွားမယ်လို့ ဥရောပ အာကာသအေဂျင်စီက ပြောကြားလိုက်ပြီး လူသားတွေ လပေါ်မှာ အချိန်ကြာကြာနေနိုင်ရေးနဲ့ အနာဂတ် အာကာသ ရှာဖွေစူးစမ်းရေးကို ဆက်လက်ချဲ့ထွင်သွားဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

    လမျက်နှာပြင်ပေါ်မှာရှိပြီး ‘ရီဂိုလစ်’ လို့ခေါ်တဲ့ အမှုန်တွေကနေတစ်ဆင့် ရေနဲ့ အောက်ဆီဂျင်ထုတ်လုပ်မယ့် အဲဒီစီမံကိန်းအတွက် ဥရောပအခြေစိုက် အာကာသ ကုမ္ပဏီ ArianeGroup နဲ့ တစ်နှစ်စာချုပ် ချုပ်ဆိုထားတယ်လို့ အေဂျင်စီက တနင်္လာနေ့မှာ ကြေငြာခဲ့ပါတယ်။

    လမျက်နှာပြင်ကို ဖုံးလွှမ်းနေတဲ့ ရီဂိုလစ် မြေမှုန်တွေမှာ အိုင်းယွန်းအောက်ဆိုက် (Iron Oxide) ကြွယ်ဝပြီး မြေလွှာထဲမှာရှိတဲ့ ကျောက်သားတွေကနေ အောက်ဆီဂျင်တော်တော်များများ ထုတ်ယူနိုင်မယ်လို့ ယူဆရပါတယ်။

    လပေါ်မှာ အောက်ဆီဂျင်နဲ့ ရေကို တူးဖော်ထုတ်လုပ်နိုင်ရင် အနာဂတ် လပေါ်မှာ လူသားတွေ အချိန်ကြာကြာ ပိုနေနိုင်မှာဖြစ်သလို၊ အာကာသထဲ ပိုမိုခရီးဆန့်နိုင်ရေး အထောက်အကူဖြစ်စေမယ့် ဒုံးပျံလောင်စာတွေကိုလည်း ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

    “လပေါ်မှာ စူးစမ်းရှာဖွေရေးကို ရေရှည်လုပ်နိုင်ဖို့ အာကာသရင်းမြစ်တွေကို အသုံးချနိုင်ရေးဟာ အဓိကသော့ချက်ဖြစ်ပါတယ်။ အခု လေ့လာမှုဟာ လာမယ့် ၁၀ စုနှစ်အတွင်း ကမ္ဘာ့ အာကာသ စူးစမ်းရှာဖွေရေးမှာ ဥရောပက မိတ်ဖက်အဖြစ် ပါဝင်လာနိုင်ရေး ရည်ရွယ်တဲ့ အေဂျင်စီရဲ့ စီမံကိန်း တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်” လို့ ဥရောပ အာကာသအေဂျင်စီရဲ့ ‘လူသားနှင့် စက်ရုပ်အသုံးပြု စူးစမ်းရှာဖွေရေး’ ဒါရိုက်တာ ဒေးဗစ်ပါကားက ပြောကြားခဲ့ပါတယ်။

    လပေါ်မှာ ရေနဲ့ အောက်ဆီဂျင်ထုတ်လုပ်မယ့် အဲဒီစီမံကိန်းကို ပြင်သစ်၊ ဂျာမနီနဲ့ ဘယ်လ်ဂျီယံ သိပ္ပံပညာရှင်တွေက ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး လက်ရှိမှာ သုတေသနအဆင့်သာ ရှိပါသေးတယ်။ လာမယ့်နှစ် အနည်းငယ်အတွင်း Ariane 64 ဒုံးပျံကိုအသုံးပြုကာ လပေါ်ကို တူးဖော်ရေးပစ္စည်းတွေ ပို့ဆောင်ဖို့အတွက်လည်း စီစဉ်နေပါတယ်။

    Ref: CNN

  • မွတ်စလင်ရပ်ကွက်ကို အကြမ်းဖက်ရန်ကြံစည်သည့် လူ ၄ ဦးကို အမေရိကန် ဖမ်းဆီး

    မွတ်စလင်ရပ်ကွက်ကို အကြမ်းဖက်ရန်ကြံစည်သည့် လူ ၄ ဦးကို အမေရိကန် ဖမ်းဆီး

    ဇန်န၀ါရီ ၂၃၊ ၂၀၁၉
    M-Media

    – နယူးယောက်မြို့အထက်ပိုင်းက အစ္စလာမ်ဘာသာဝင်အများစု နေထိုင်တဲ့ ရပ်ကွပ်တစ်ခုကို အကြမ်းဖက်တိုက်ခိုက်ဖို့ ကြုံစည်မှုနဲ့ အမျိုးသား ၄ ဦးကို အမေရိကန်ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့တစ်ပတ်မှာ ဖမ်းဆီးလိုက်ပါတယ်။

    ဖမ်းဆီးခံရသူ ၄ ဦးဟာ အသက် ၂၀၊ ၁၉၊ ၁၈ နှစ်နဲ့ ၁၆ နှစ်အရွယ်တွေဖြစ်ပြီး ဖောက်ခွဲရေးပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ အသက် ၁၆ နှစ်အရွယ် လူငယ်ဟာ သေနတ် ၂၃ လက် ပိုင်ဆိုင်ထားပါတယ်။ ရဲတပ်ဖွဲ့က သူတို့ ၄ ဦးကို အန္တရာယ်ရှိစေတဲ့ လက်နက်တွေ လက်ဝယ်ထားရှိမှု စွဲချက် ၃ ခု၊ ပူးပေါင်း ကြံစည်မှု စွဲချက်တစ်ခုနဲ့ တရားစွဲဆိုထားပါတယ်။

    သူတို့ ၄ ဦးဟာ နယူးယောက်မြို့ အထက်ပိုင်းက အစ္စလာမ်ဘာ့ဂ် ရပ်ကွက်ကို တိုက်ခိုက်ဖို့ ကြံစည်ထားတာဖြစ်ပြီး အဲဒီနေရာနဲ့ သိပ်မဝေးတဲ့ အထက်တန်းကျောင်းမှာ ကျောင်းသားတစ်ဦးက သူ့သူငယ်ချင်းကို တိုက်ခိုက်မှုကိစ္စ ပြောပြရာကနေ ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

    အစ္စလာမ့်ဘာ့ဂ်ရပ်ကွက်ဟာ တောင်တန်းတွေပေါ်မှာ တည်ရှိတဲ့ ရပ်ကွက်ငယ်လေးတစ်ခုဖြစ်ပြီး ပါကစ္စတန် အစ္စလာမ်ဓမ္မဆရာ ရှိခ် မူဘာရစ် ဂီလာနီက ၁၉၈၀ ပြည့်နှစ်တွေမှာ စတင် တည်ထောင်ခဲ့တာပါ။ လက်ရှိမှာ အစ္စလာမ်ဘာသာဝင် ရာနဲ့ချီ နေထိုင်နေပြီး အများစုက လူမည်းတွေဖြစ်ပါတယ်။

    ဂီလာနီ စတင်တည်ထောင်ကတည်းက အစ္စလာမ်ဘာ့ဂ်ရပ်ကွက်ကို အစွန်းရောက်ဝါဒ၊ အကြမ်းဖက်ဝါဒတွေနဲ့ ချိတ်ဆက် ပြောဆိုမှုတွေ ရှိခဲ့ပြီး အရင်ကလည်း လူဖြူအစွန်းရောက်တွေက အကြမ်းဖက်ဖို့ ကြံစည်ဖူးပါတယ်။

    အစ္စလာမ်ဘာ့ဂ်ရပ်ကွက်ထဲက ဗလီကို မီးရှို့ပြီး၊ ပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်ဖို့အတွက် လူစုခဲ့တဲ့ တက်နက်ဆီပြည်နယ်သား တစ်ဦးကို ၂၀၁၅ ခုနှစ်မှာ အမေရိကန်တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ပါတယ်။

    ဂီလာနီတည်ထောင်ထားတဲ့ ‘အမေရိကန် မွတ်စလင်အဖွဲ့’ ဟာ လက်ရှိ အမေရိကန်အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ ‘ဂျမာအသ် အွလ်-ဖွတ်က္ကရာ’ နဲ့ ဆက်စပ်မှုရှိတယ်လို့ သတင်းတွေ ထွက်ပေမယ့် ခိုင်မာတဲ့ သက်သေအထောက်အထားမျိုးတော့ မထွက်လာပါဘူး။

    ဒေသတွင်း ရဲတပ်ဖွဲ့က သူတို့ဟာ အစ္စလာမ်ဘာ့ဂ်က ပြည်သူတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး ဂီလာနီ သက်ရှိထင်ရှား ရှိခဲ့တဲ့ သမိုင်းတစ်လျှောက်မှာလည်း အကြမ်းဖက်အဖြစ် စိုးရိမ်ရတဲ့လက္ခဏာမျိုးကို မတွေ့ခဲ့ရဘူးလို့ AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    Ref: RT

  • ဂျပန်နိုင်ငံမှ ကမ္ဘာ့အသက်အကြီးဆုံး အဘိုးအို ကွယ်လွန်

    ဂျပန်နိုင်ငံမှ ကမ္ဘာ့အသက်အကြီးဆုံး အဘိုးအို ကွယ်လွန်

    ဇန်န၀ါရီ ၂၁၊ ၂၀၁၉
    M-Media

    ဇန်န၀ါရီ ၂၀ ရက်နေ့က ကွယ်လွန်သွားခဲ့သည့် မာဆာဇို နိုနာကာ (ယာ)

    – ဂျပန်နိုင်ငံက ကမ္ဘာ့အသက်အကြီးဆုံ အဘိုးအို မာဆာဇို နိုနာကာဟာ မနေ့က ကွယ်လွန်ခဲ့တယ်လို့ ဂျပန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

    ကွယ်လွန်ချိန်မှာ အသက် ၁၁၃ နှစ်အရွယ် ရှိပြီဖြစ်တဲ့ နိုနာကာဟာ ၁၉၀၅ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ရိုက်ညီနောင်က ကမ္ဘာ့ ပထမဆုံး စွမ်းအင်သုံး လေယာဉ်ပျံကို မိတ်ဆက်ပြီး ၂ နှစ်အကြာ၊ အိုင်းစတိုင်းရဲ့ နာမည်ကျော် relativity သီအိုရီ ထွက်မလာခင် လပိုင်းအကြာမှာ နိုနာကာကို မွေးဖွားခဲ့တာပါ။

    စပိန်နိုင်ငံက ဖရန်စစ္စကို နူနက်ဇ် အိုလီဗီရာ ပြီးခဲ့တဲ့နှစ်မှာ ကွယ်လွန်သွားခဲ့ပြီးတဲ့နောက် နိုနာကာကို ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ် ဂင်းနစ်မှတ်တမ်းက သတ်မှတ်ခဲ့ပါတယ်။

    “ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့အတွက် ကျွန်တော်တို့ တုန်လှုပ်ရပါတယ်။ မနေ့က အကောင်းကြီးရှိနေရာကနေ မိသားစုကို ဒုက္ခမပေးဘဲ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်” လို့ နိုနာကာရဲ့ မြေးဖြစ်သူ ယူကိုက ပြောကြားခဲ့ပါတယ်။

    နိုနာကာမှာ ညီအစ်ကို၊ မောင်နှမ ၆ ဦးရှိပြီး ၁၉၃၁ ခုနှစ်မှာ လက်ထပ်ခဲ့ကာ သားသမီး ၅ ယောက် ထွန်းကားခဲ့ပါတယ်။ ဇာတိမြို့မှာ ဟိုတယ်လုပ်ငန်းလုပ်ကိုင်ကာ အသက်မွေးခဲ့ပြီး အနားယူပြီးတဲ့နောက်ပိုင်း ဆူမိုနပမ်းပွဲတွေကြည့်ရင်း အချိန်ကုန်ဆုံးခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။

    ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ မျှော်မှန်းသက်တမ်း အမြင့်ဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး ကမ္ဘာ့အသက်အကြီးဆုံးသူတွေ တော်တော်များများလည်း ရှိနေပါတယ်။

    ကမ္ဘာ့ အသက်အရှည်ဆုံး လူသားဟာ ပြင်သစ်နိုင်ငံက ဂျန်နီ လူဝီ ကာလ်မန့်ဖြစ်ပြီး အသက် ၁၂၂ နှစ် ၁၉၉၇ ခုနှစ်မှာ ကွယ်လွန်ခဲ့တယ်လို့ ဂင်းနစ်မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

    Ref: CNA