News @ M-Media

Blog

  • နယူးယောက်ရှိ လူ့အဖွဲ့အစည်းအခြေပြု ကင်းလှည့်မှုတွင် မွတ်စလင်ကင်းလှည့်အဖွဲ့ ပါဝင်လာ

    နယူးယောက်ရှိ လူ့အဖွဲ့အစည်းအခြေပြု ကင်းလှည့်မှုတွင် မွတ်စလင်ကင်းလှည့်အဖွဲ့ ပါဝင်လာ

    ဒီဇင်ဘာ ၂၄၊ ၂၀၁၈
    M-Media

    ကင်းလှည့်ကားနှင့် ကင်းလှည့်ဝတ်စုံ

    – နယူးယောက်မြို့က အစ္စလာမ်ဘာသာဝင် လူ့အဖွဲ့အစည်း လုံခြုံအောင် ကင်းလှည့်စောင့်ကြပ်ပေးမယ့် ကင်းလှည့်အဖွဲ့တစ်ခု ပေါ်ပေါက်လာခဲ့ပြီး မြို့တွင်းက ၃ ဖွဲ့မြောက် လူ့အဖွဲ့အစည်းအခြေပြု ကင်းလှည့်အဖွဲ့ ဖြစ်ပါတယ်။

    မွတ်စလင်လူ့အဖွဲ့အစည်းကင်းလှည့်အဖွဲ့ (Muslim Community Patrol) လို့ ရေးသားထားတဲ့ ရဲကားပုံစံ ကင်းလှည့်ကားတစ်စီး နယူးယောက်တစ်ဝိုက် လှည့်လည်သွားလာနေတာကို အခုရက်ပိုင်းမှာ မြင်တွေ့လာရပြီး အထူးသဖြင့် အစ္စလာမ်ဘာသာဝင်အများစုရှိတဲံ ဘရွတ်ကလင်းမြို့က ဘေးရစ်ဂ်ျရပ်ကွက်မှာ ဖြစ်တယ်လို့ နယူးယောက်ပို့စ်သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

    နယူးယောက်မြို့မှာ လူ့အဖွဲ့အစည်းအခြေပြု ကင်းလှည့်အဖွဲ့ဟာ အရင်က နှစ်ခုရှိပြီး ဂျူးရပ်ကွက်မှာ လှည့်လည်စောင့်ကြပ်တဲ့ Shomrim အဖွဲ့နဲ့ အာရှသားတွေနေထိုင်တဲ့ ရပ်ကွက်တွေမှာ စောင့်ကြပ်တဲ့ Brooklyn Asian Safety Patrol အဖွဲ့တို့  ဖြစ်ပါတယ်။

    ကင်းလှည့်အဖွဲ့ဝင်တွေဟာ လက်နက်မကိုင်ကြဘဲ နယူးယောက်ရဲတပ်ဖွဲ့က သူတို့ကို ကင်းလှည့်စောင့်ကြည့်မှုဆိုင်ရာ သင်တန်းတွေ ပေးခဲ့ပါတယ်။

    အဲဒီအဖွဲ့တွေရဲ့ အဓိကတာဝန်ဟာ သက်ဆိုင်ရာ ရပ်ကွက်တွေအတွင်း ဒုစရိုက်မှုတွေ မဖြစ်အောင် လှည့်လည်စောင့်ကြည့်ပေးတာဖြစ်ပြီး ထူးခြားမှုတစ်ခုခု ရှိလာတဲ့အခါ ရဲတပ်ဖွဲ့ကို အကြောင်းကြား အသိပေးတာ၊ အခင်းဖြစ်ရာနေရာမှာ ကူညီဆောင်ရွက်ပေးတာ စတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ဆောင်ကြပါတယ်။

    ဒီ လူမှုအခြေပြု ကင်းလှည့်အဖွဲ့တွေဟာ မိမိတို့ရဲ့ နားနဲ့ မျက်စိတွေဖြစ်တယ်လို့ နယူးယောက်ရဲတပ်ဖွဲ့က ၂၀၁၄ ခုနှစ် Asian Safety Patrol ကင်းလှည့်အဖွဲ့ ဖွဲ့စည်းစဉ်က ပြောကြားခဲ့ပါတယ်။

    Ref: New York Post

  • အင်ဒိုနီးရှားတွင် ဆူနာမီဖြစ်ပေါ်ပြီး အနည်းဆုံး လူ ၂၀ သေဆုံး

    အင်ဒိုနီးရှားတွင် ဆူနာမီဖြစ်ပေါ်ပြီး အနည်းဆုံး လူ ၂၀ သေဆုံး

    ဒီဇင်ဘာ ၂၃၊ ၂၀၁၈
    M-Media

    – အင်ဒိုနီးရှားနိုင်ငံမှာ စနေနေ့ညပိုင်းက ဖြစ်ပွားခဲ့တဲ့ ဆူနာမီကြောင့် အနည်းဆုံး သေဆုံးသူ ၂၀ ရှိပြီး အဆောက်အဦး ပြိုကျပျက်ဆီးမှု၊ ဒဏ်ရာရမှုတွေလည်း ရှိတယ်လို့ အင်ဒိုအာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

    Anak Krakatoa မီးတောင် လှုပ်ရှားရာကနေ ဆွန်ဒါရေလက်ကြား ပင်လယ်အောက်မှာ မြေပြိုပြီး ဆူမားတြားနဲ့ ဂျာဗားကျွန်း အစွန်အဖျားတွေမှာ ဆူနာမီရေလှိုင်းတွေ တက်လာတာ ဖြစ်ပါတယ်။

    ဆူနာမီကြောင့် ဒဏ်ရာရသူ အရေအတွက်ဟာ ၁၇၀ နီးပါး ရှိနေပြီး အဆောက်အဦး ပြိုကျပျက်ဆီးမှုတွေ ရှိတာကြောင့် သေဆုံး၊ ဒဏ်ရာရသူအရေအတွက် မြင့်တက်လာနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အင်ဒိုနီးရှား မိုးလေ၀သနဲ့ ဇလဗေဒဌာနက ဆူနာမီဖြစ်ပွားရတဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    အင်ဒိုနီးရှားနိုင်ငံမှာ မီးတောင်ရှင်ပေါင်း ၁၂၇ ခုလောက်ရှိပြီး မီးတောင်ပေါက်ကွဲမှု၊ ငလျင်လှုပ်မှုတွေကြောင့် ဘေးအန္တရာယ်တွေ မကြာခဏ ကြုံတွေ့ရလေ့ရှိပါတယ်။

    စက်တင်ဘာလကလည်း အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း ဆူလာဝေစီကျွန်းမှာ ငလျင်လှုပ်ခတ်ပြီး ဆူနာမီဖြစ်ပေါ်တာကြောင့် လူ ၂၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

    Ref: BBC

  • လူ့အခွင့်အရေးချိုးဖောက်မှုအတွက် မြန်မာစစ်တပ်အရာရှိများကို အီးယူက ထပ်မံ ပိတ်ဆို့အရေးယူ

    လူ့အခွင့်အရေးချိုးဖောက်မှုအတွက် မြန်မာစစ်တပ်အရာရှိများကို အီးယူက ထပ်မံ ပိတ်ဆို့အရေးယူ

    ဒီဇင်ဘာ ၂၂၊ ၂၀၁၈
    M-Media

    – ရခိုင်ပြည်နယ်က ရိုဟင်ဂျာလူနည်းစုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့စွဲချက်နဲ့ မြန်မာစစ်တပ်၊ နယ်ခြားစောင့် တပ်ဖွဲ့တွေက အရာရှိ ၇ ဦးကို ဥရောပသမဂ္ဂက ထပ်မံ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်လိုက်ပါတယ်။

    မနေ့က ဥရောကသမဂ္ဂနေ ထုတ်ပြန်တဲ့ကြေငြာချက်မှာ ‘ရိုဟင်ဂျာလူ့အဖွဲ့အစည်း၊ အခြားသော တိုင်းရင်းသား လူနည်းစုတွေ၊ ရွာသားတွေနဲ့ အရပ်သားတွေအပေါ် ဆိုးဆိုးရွားရွား လူ့အခွင့်အရေး ချိုးဖောက်တဲ့အတွက်’ မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့် တပ်ဖွဲ့က အရာရှိ ၇ ဦးကို ပိတ်ဆို့မှုစာရင်းထဲ ထည့်လိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ဥရောပသမဂ္ဂက မြန်မာလက်နက်ကိုင်တပ်ဖွဲ့ အကြီးအကဲတွေအပေါ် ပိတ်ဆို့အရေးယူမှုပြုလုပ်တဲ့ အရေအတွက်ဟာ အခုတစ်ကြိမ်နဲ့ဆို ၁၄ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။

    ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ ၇ သိန်းလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက် ထွက်ပြေးသွားရတဲ့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုမှာ ရွာလုံးကျွတ်မီးရှို့တာ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ အုပ်စုဖွဲ့အဓမ္မကျင့်တာတွေ ရှိတယ်လို့ နိုင်ငံတကာက စွပ်စွဲပြောဆိုထားပြီး ကုလ စုံစမ်းစစ်ဆေးရေးမှူးတွေက ဒီလုပ်ရပ်တွေဟာ လူမျိုးတုန်းသတ်ဖြတ်မှု မြောက်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: New York Times

  • ကာတာ၊ တူရကီနှင့် မလေးရှားတို့ပေါင်း၍ အစ္စလာမ့်ဘဏ္ဍာရေးလုပ်ငန်းကို ကမ္ဘာတစ်ဝှမ်း ဖြန့်ကျက်မည်

    ကာတာ၊ တူရကီနှင့် မလေးရှားတို့ပေါင်း၍ အစ္စလာမ့်ဘဏ္ဍာရေးလုပ်ငန်းကို ကမ္ဘာတစ်ဝှမ်း ဖြန့်ကျက်မည်

    ဒီဇင်ဘာ ၂၂၊ ၂၀၁၈
    M-Media

    – အစ္စလာမ့်ဘဏ္ဍာရေးလုပ်ငန်းကို ကမ္ဘာတစ်ဝှမ်း ပိုမိုဖြန့်ကျက် လုပ်ကိုင်နိုင်ဖို့အတွက် တူရကီ၊ မလေးရှားတို့နဲ့ ပူးပေါင်းကြိုးပမ်းသွားမယ်လို့ ကာတာနိုင်ငံက ပြောကြားလိုက်ပါတယ်။

    ဘဏ်လုပ်ငန်းနဲ့ ငွေတိုက်စာချုပ်တွေအပါအ၀င် အစ္စလာမ့်ဘဏ္ဍာရေးလုပ်ငန်းရဲ့ ကမ္ဘာ့ဈေးကွက်ဟာ လက်ရှိတန်ဖိုး ကန်ဒေါ်လာ ၂ ထရီလီယံလောက် ရှိနေတာဖြစ်ပါတယ်။

    Qatar Financial Centre ရဲ့ စီအီးအိုဖြစ်တဲ့ ယူဆက်ဖ် မိုဟာမက် အလ် ဂျိုင်ဒါက ဒိုဟာ၊ အစ္စတန်ဘူလ်နဲ့ မလေးရှားတို့ကို အချက်အခြာနေရာထားပြီး အစ္စလာမ့်ဘဏ္ဍာရေးလုပ်ငန်းကို ကမ္ဘာတစ်ဝှမ်း လွှမ်းခြုံနိုင်အောင် လုပ်ဆောင်သွားမယ်လို့ ဒိုဟာဖိုရမ်က အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    ဒီအစီအစဉ်သစ်အရ တူရကီဟာ ဥရောပ ဈေးကွက်၊ ကာတာက အရှေ့အလယ်ပိုင်းဈေးကွက်နဲ့ မလေးရှားက အာရှဈေးကွက်တွေမှာ အစ္စလာမ့်ဘဏ္ဍာရေးလုပ်ငန်းကို ဦးဆောင်ဦးရွက် ပြုရမှာ ဖြစ်ပါတယ်။

    “ကျွန်တော်တို့လုပ်နေတဲ့ ဒီစီမံကိန်းအသစ်ဟာ ရည်မှန်းချက် ကြီးမားပါတယ်။ ကျွန်တော်တို့မှာ တူညီတဲ့ ရည်မှန်းချက်ရှိတယ်၊ တူညီတဲ့ တိုးတက်မှုအနေအထားတွေရှိတယ်။ ဒါ့ကြောင့် ဒီသုံးနိုင်ငံမှာ တော်တော်လေးကို အောင်မြင်ဖို့ရှိပါတယ်” လို့ ဂျိုင်ဒါက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ရှရီအသ်နဲ့ကိုက်ညီတဲ့ ငွေတိုက်စာချုပ်ဈေးကွက် sukuk ဟာ ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာ့ဈေးကွက်ရဲ့ ၃၄ ရာခိုင်နှုန်းကို ရရှိခဲ့ပြီး skukuk လုပ်ငန်းကို ဦးဆောင်နေတဲ့ နိုင်ငံတွေထဲမှာ မလေးရှားနိုင်ငံလည်း ပါဝင်နေပါတယ်။ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ဖို့အတွက် မလေးရှားဟာ ၂၀၀၇ ခုနှစ်က ကာတာ၊ ဒူဘိုင်းတို့နဲ့ နားလည်မှုစာချွန်လွှာတွေကို လက်မှတ်ရေးထိုးခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်က စတင်ခဲ့တဲ့ ကာတာအပေါ် ပိတ်ဆို့မှုတွေကြောင့် လုပ်ငန်း အမှန်တကယ်ဖော်ဆောင်ရေးမှာ နှောင့်နှေး ကြန့်ကြာခဲ့ပါတယ်။

    လန်ဒန်၊ ဟောင်ကောင်နဲ့ လူဇင်ဘတ်စတော့အိတ်ချိန်းတွေမှာ sukuk စနစ်ကို တွင်တွင်ကျယ်ကျယ်လုပ်ဆောင်နေပေမယ့် ဂျိုင်ဒီကတော့ဒီစနစ်ကို ဦးဆောင်တဲ့နိုင်ငံတွေဟာ မွတ်စလင်နိုင်ငံတွေ ဖြစ်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Nikkei

  • မွတ်စလင် ၂ ဦးအား အကြမ်းဖက်သတ်ဖြတ်သည့် နွားချစ်သူ ၈ ဦးကို အိန္ဒိယက ထောင်တစ်သက်ချ

    မွတ်စလင် ၂ ဦးအား အကြမ်းဖက်သတ်ဖြတ်သည့် နွားချစ်သူ ၈ ဦးကို အိန္ဒိယက ထောင်တစ်သက်ချ

    ဒီဇင်ဘာ ၂၂၊ ၂၀၁၈
    M-Media

    ထောင်ဒဏ်တစ်သက် ချမှတ်ခံရသများထဲမှ တစ်ချို့

    – နွားပွဲမှာ နွားရောင်းဖို့သွားတဲ့ မွတ်စလင် ၂ ဦးကို အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှုမှာ ပါဝင်တဲ့ လူ ၈ ဦးကို အိန္ဒိယက မနေ့မှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်ပါတယ်။

    ဒီသတ်ဖြတ်မှုဟာ ဂျာ့ခ်ဟန်းပြည်နယ်မှာ လာတီဟာရ်မြို့မှာ ၂၀၁၆ ခုနှစ် မတ်လက ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အသက် ၁၂ နှစ်အရွယ် အင်မ်တီယက်ဇ်ခန်းနဲ့ အသက် ၃၂ နှစ်အရွယ် နွားပွဲစား မဂ်ျလွန် အန်ဆာရီတို့ဟာ နွားထီးတစ်ကောင်ကိုဆွဲကာ နွားပွဲသွားစဉ် ဟိန္ဒူ နွားကာကွယ်ရေးကော်မတီက အဖွဲ့ဝင်တွေက ဖမ်းဆီး ပြန်ပေးဆွဲခဲ့ပါတယ်။

    နောက်ပိုင်းမှာ ခန်းနဲ့ အန်ဆာရီတို့ကို တုတ်တွေ ပုဆိန်တွေနဲ့ ရိုက်နှက်သတ်ဖြတ်ခဲ့ပြီး အလောင်းတွေကို သစ်ပတ်မှာ နွားချည်တဲ့ကြိုးတွေနဲ့ ချည်ထားခဲ့ပါတယ်။

    ခရိုင်တရားရုံးက ဒီလူသတ်မှုမှာ ပါဝင်သူ ၈ ဦးကို မနေ့က ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပါတယ်။

    သံသယရှိသူတွေ တရားရုံးကို ခေါ်လာတဲ့အချိန်မှာ လူ ၁၀၀ လောက် စုရုံးဆန္ဒပြခဲ့ကြပြီး “အမိအိန္ဒိယအတွက် ဂုဏ်ယူသည်” “နွားများသတ်ဖြတ်ခြင်းကို ရပ်တန့်ကြ” စတဲ့ ကြွေးကြော်သံတွေကိုလည်း ဟစ်အော်ခဲ့ကြပါတယ်။

    ဟိန္ဒူအမျိုးသားရေးပါတီ BJP က သမ္မတမိုဒီ အာဏာရပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံမှာ ဟိန္ဒူအစွန်းရောက်အုပ်စုတွေက ဇာတ်နိမ့်တွေ၊မွတ်စလင်တွေအပေါ် တိုက်ခိုက်မှု မြင့်တက်လာခဲ့ပါတယ်။

    ဟိန္ဒူနွားချစ်သူများအဖွဲ့တွေကလည်း နွားရောင်းတဲ့သူတွေ၊ အမဲသားရောင်းတဲ့သူတွေကိုအပေါ် အုပ်စုဖွဲ့ အကြမ်းဖက်သတ်ဖြတ်မှု မြင့်တက်လာခဲ့ပြီး ၂၀၁၂ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း ဒီလိုတိုက်ခိုက်မှုအရေအတွက် ၈၀ လောက် ရှိခဲ့ပါတယ်။

    Ref: Aljazeera