News @ M-Media

Blog

  • တရုတ်နိုင်ငံတောင်ပိုင်းတွင် ဓားသမားက ဘတ်စ်ကားပြန်ပေးဆွဲပြီး လူများကို ၀င်တိုက်

    တရုတ်နိုင်ငံတောင်ပိုင်းတွင် ဓားသမားက ဘတ်စ်ကားပြန်ပေးဆွဲပြီး လူများကို ၀င်တိုက်

    ဒီဇင်ဘာ ၂၅၊ ၂၀၁၈
    M-Media

    – တရုတ်နိုင်ငံတောင်ပိုင်း ဖူဂျန်ပြည်နယ် လုံယန်မြို့မှာ ဒီကနေ့ နေ့လည်ပိုင်းက ဓားကိုင်ထားတဲ့ အမျိုးသားတစ်ဦးက ဘတ်စ်ကားတစ်စီးကို ပြန်ပေးဆွဲပြီး လမ်းသွားလမ်းလာတွေကို ၀င်တိုက်မှုကြောင့် အနည်းဆုံး ၅ ဦးသေဆုံးခဲ့ပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    လုံယန်မြို့ ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ကြေငြာချက်မှာ ကျူးလွန်သူကို ဖမ်းဆီးထားကား စုံစမ်းစစ်ဆေးမှု ပြုလုပ်နေတယ်လို့ ဖော်ပြထားပြီး အသေးစိတ်ကို ရေးသားထားခြင်း မရှိပါဘူး။

    ဓားသမားဟာ ဘတ်စ်ကားကို ပြန်ပေးမဆွဲခင်မှာ အမျိုးသမီးခရီးသည်တစ်ဦးကို တိုက်ခိုက်ခဲ့ပါတယ်။

    တရုတ်ဆိုရှယ်မီဒီယာတွေမှာ လွှင့်တင်ထားတဲ့ ဗီဒီယိုမှာ ဆိုင်ကယ်အပျက်အစီးတွေနဲ့ လူတွေလဲနေတာ ရဲတပ်ဖွဲ့က ဓားသမားကို ၀င်လုံးပြီး ဖမ်းဆီးနေတာတွေကိုလည်း တွေ့ရပါတယ်။

    တရုတ်နိုင်ငံမှာ အခုနှစ်အတွင်း လူအများအပြား သေဆုံးတဲ့ ကားမတော်တဆမှု အနည်းဆုံး ၃ ခုလောက် ဖြစ်ပွားခဲ့ပါတယ်။

    ဒီဇင်ဘာလအစောပိုင်းက တရုတ်နိုင်ငံအနောက်ပိုင်း ချုံကျင်းမြို့မှာ ဘတ်စ်ကားတစ်စီး တံတားပေါ်ကနေ မြစ်ထဲထိုးကျမှုကြောင့် လူ ၁၅ ဦး သေဆုံးခဲ့ပါတယ်။

    နိုဝင်ဘာလကလည်း နိုင်ငံအနောက်မြောက်ပိုင်း လျောင်နင်းပြည်နယ်မှာ လမ်းကူးနေတဲ့ ကလေးငယ်တစ်အုပ်ကို ကားတစ်စီးက ၀င်တိုက်မှုကြောင့် လူ ၅ ဦးသေဆုံးကာ ၁၈ ဒဏ်ရာရရှိခဲ့ပါတယ်။

    Ref: CNA

  • ဟောင်ကောင်နာမည်ကြီးမင်းသား ချိုယွန်ဖတ် ပိုင်ဆိုင်မှုအားလုံးကို လှူဒါန်းမည်

    ဟောင်ကောင်နာမည်ကြီးမင်းသား ချိုယွန်ဖတ် ပိုင်ဆိုင်မှုအားလုံးကို လှူဒါန်းမည်

    ဒီဇင်ဘာ ၂၅၊ ၂၀၁၈
    M-Media

    – နာမည်ကျော် ဟောင်ကောင် ရုပ်ရှင်မင်းသား ချိုယွန်ဖတ်က သူကွယ်လွန်တဲ့အခါ သူ့ရဲ့ကြွယ်ဝမှုအားလုံးကို လှူဒါန်းသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

    အသက် ၆၃ နှစ်အရွယ် ချိုယွန်ဖတ်ဟာ အာရှမှာ Crouching Tiger, Hidden Dragon ရုပ်ရှင်နဲ့ ကျော်ကြားခဲ့ပြီး အနောက်တိုင်းမှာတော့ အော်စကာဆုရ Pirates of the Caribbean ရုပ်ရှင်၊ A Better Tomorrow ရုပ်ရှင်တွေနဲ့ လူသိများခဲ့ပါတယ်။

    Forbes ရဲ့ ၂၀၁၅ ခုနှစ် ကမ္ဘာကြေးအမြင့်ဆုံး ရုပ်ရှင်မင်းသားစာရင်းမှာ ချိုယွန်ဖတ်ဟာ ပထမဆုံးအကြိမ် ပါဝင်ခဲ့ပြီး လက်ရှိ ပိုင်ဆိုင်မှုတန်ဖိုးဟာ ကန်ဒေါ်လာ ၇၁၅ သန်း ရှိတယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။

    “ဒီငွေကြေးတွေဆိုတာ ကျွန်တော်တို့ တစ်သက်လုံး ဆုပ်ထားလို့ရတဲ့အရာမျိုး မဟုတ်ပါဘူး။ တစ်နေ့ ကျွန်တော်တို့ သေဆုံးတဲ့အခါမှာ အခြားသူတွေ သုံးစွဲဖို့အတွက် ချန်ထားခဲ့ရတာပါပဲ။ သေသွားတဲ့အခါ ဘဏ်စာရင်းထဲမှာရှိတဲ့ငွေတွေကို ယူသွားလို့မရဘူးလေ” လို့ ပြီးခဲ့တဲ့တစ်ပတ် တောင်ကိုရီးယားရုပ်သံ Munhwa နဲ့ အင်တာဗျူးမှာ ချိုက ပြောကြားခဲ့ပါတယ်။

    သူ့ရဲ့ဆုံးဖြတ်ချက်ကို ဇနီးဖြစ်သူကလည်း အပြည့်အ၀ထောက်ခံတယ်လို့လည်း ချိုယွန်ဖတ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဇနီးဖြစ်သူ ဂျက်စမင်တန်က သူ့ရဲ့ခင်ပွန်း ချိုယွန်ဖတ်ဟာ လမ်းဘေးကအစားအသောက်တွေကို ခုံမင်ပြီး နိုကီယာ ခေါက်ဖုံးကို စွဲစွဲမြဲမြဲ အသုံးပြုခဲ့တယ်လို့ အရင်က ပြောကြားခဲ့ပါတယ်။

    “စားဖို့ရှိတာကိုပဲ ကျွန်တော်က ပျော်နေတာ။ အဲဒီတုန်းက ကျွန်တော်တို့ တော်တော်ဆင်းရဲတာကိုး။ အာလူးနဲ့ ဟင်းသီးဟင်းရွက် စားရရင် တော်တော်ပျော်ရတာ။ နှစ်သစ်ကူးမှာ ကြက်တွေ၊ အသားတွေ စားရရင်တော့ ပျော်မဆုံးပါပဲ” လို့ ချိုက MBC သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ဆော်ဒီ၏ ပထမဆုံးစက်ရုပ် အစိုးရဌာနတွင် အလုပ်ဝင်

    ဆော်ဒီ၏ ပထမဆုံးစက်ရုပ် အစိုးရဌာနတွင် အလုပ်ဝင်

    ဒီဇင်ဘာ ၂၅၊ ၂၀၁၈
    M-Media

    – ဆော်ဒီအာရေဗျနိုင်ငံရဲ့ ပထမဆုံးစက်ရုပ်ဟာ တနင်္ဂနွေနေ့က ဆော်ဒီ အစိုးရဌာနတစ်ခုမှာ ပထမဆုံး အလုပ်ဝင်ခဲ့တယ်လို့ သိရပါတယ်။

    နည်းပညာနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ လေ့ကျင်ရေးဌာန TVTC မှာ အလုပ်ဝင်တာဖြစ်ပြီး ဌာနက ၀န်ထမ်းကဒ်နဲ့ အလုပ်အတွက် လိုအပ်တဲ့ အသုံးအဆောင်တွေ ပေးအပ်ခဲ့ပါတယ်။ စက်ရုပ် အလုပ်ခန့်အပ်မှု အခမ်းအနားကို ဆော်ဒီ ပညာရေးဝန်ကြီး အဟ်မဒ် အလ်-အီစနဲ့ TVTC အကြီးအကဲ အဟ်မဒ် အလ်-ဖာဟစ်တို့ တက်ရောက်ခဲ့ပါတယ်။

    အဲဒီစက်ရုပ်ဟာ အီလက်ထရောနစ် တွက်ချက်မှုစနစ်နဲ့ ၀န်ဆောင်မှုပေးမှာဖြစ်ပြီး TVTC က လုပ်တဲ့ ပြပွဲတွေ၊ အခမ်းအနားတွေနဲ့ လှုပ်ရှားမှုတွေမှာ လာရောက်လည်ပတ်သူတွေကို ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။

    ဆော်ဒီရဲ့ ‘၂၀၃၀ ရည်မှန်းချက်’ မှာ နည်းပညာဆိုင်ရာ အဆင်မြှင့်တင်ရေး စီမံကိန်းလည်း ပါဝင်ပြီး အခုလို စက်ရုပ်တွေကို အသုံးပြုမှုက ပြည်သူတွေကို နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ထိတွေ့မှုရရှိစေတယ်လို့ အလ်-အီဆာက ပြောကြားခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ ဆော်ဒီဟာ လူသားပုံစံ ဖန်တီးထားတဲ့ စက်ရုပ် Sophia ကို နိုင်ငံသားပေးခဲ့ပြီး ကမ္ဘာ့ ပထမဆုံး နိုင်ငံသားဖြစ်တဲ့ စက်ရုပ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

    Ref: Arabia

  • မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းရှင်းလင်းရေးကို အစိုးရက စနစ်တကျ မဆောင်ရွက်ဟု နိုင်ငံတကာအဖွဲ့ပြော

    မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းရှင်းလင်းရေးကို အစိုးရက စနစ်တကျ မဆောင်ရွက်ဟု နိုင်ငံတကာအဖွဲ့ပြော

    ဒီဇင်ဘာ ၂၄၊ ၂၀၁၈
    M-Media

    ကရင်ပြည်နယ်မှ မြေမြှုပ်မိုင်းတစ်ခု

    – မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းဖယ်ရှားရေးလုပ်ငန်းကို အစိုးရက စနစ်တကျ လုပ်ဆောင်မှုမရှိဘဲ နိုင်ငံတကာက လှူဒါန်းတဲ့ ငွေကြေးတွေကိုလည်း ဒီလုပ်ငန်းမှာ ထိထိရောက်ရောက် အသုံးမချဘူးလို့ မြေမြှုပ်မိုင်း တားဆီးပိတ်ပင်ရေး နိုင်ငံတကာ လှုပ်ရှားမှုအဖွဲ့ (ICBL) က ပြောကြားလိုက်ပါတယ်။

    ၁၉၉၈ ခုနှစ်ကနေစပြီး မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းကို ICBL က စောင့်ကြည့်လာတာဖြစ်ပြီး နိုင်ငံတကာ အလှူရှင် ၇ ခုသာရှိတယ်လို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့နှစ်အတွင်း နိုင်ငံတကာ အလှူရှင်တွေက မိုင်းနဲ့ဆက်နွယ်တဲ့ ကိစ္စတွေအတွက် ကန်ဒေါ်လာ ၆.၂ သန်း ထောက်ပံ့ခဲ့ပေမယ့် ဒီငွေကြေးတွေကို မိုင်းရှင်းလင်းရေးလုပ်ငန်းမှာ ထိထိရောက်ရောက် မသုံးဘဲ၊ ကြက်ခြေနီအဖွဲ့နဲ့ အခြား NGO တွေကနေတစ်ဆင့် နည်းစနစ်ပိုင်းမဟုတ်တဲ့ စစ်တမ်းကောက်ယူမှု၊ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးမှုတွေကိုသာ ဆောင်ရွက်နေတယ်လို့လည်း ICBL က ပြောပါတယ်။

    “မိုင်းနဲ့ ဗုံးတွဲတွေ အသုံးပြုမှု တားဆီးပိတ်ပင်ရေး နိုင်ငံတကာ သဘောတူညီချက်မှာ မြန်မာနိုင်ငံက မပါဝင်တဲ့အတွက် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေဟာ မြန်မာနိုင်ငံက ပြဿနာကို သိနေပေမယ့် မိုင်းရှင်းလင်းရေးလုပ်ငန်းမှာ တရားဝင် ပါဝင်ဆောင်ရွက်လို့ မရပါဘူး” လို့ ICBL ရဲ့ သုတေသနပညာရှင်ဖြစ်ပြီး အစီရင်ခံစာကို တည်းဖြန်သူလည်းဖြစ်တဲ့ Yeshua Moser-Puangsuwan က ပြောပါတယ်။

    မြန်မာစစ်တပ်ဟာ အကာအကွယ်မရှိဘဲ သူတို့ကို မိုင်းရှင်းလင်းခဲ့တယ်လို့ တိုင်းရင်းသားလူမျိုးတွေက သူ့ကို ပြောကြားခဲ့ပြီး၊ ၂၀၁၇ ခုနှစ် အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာ ကရင်ပြည်နယ်က နယ်ခြားစောင့်တပ်ဖွဲ့ BGF က မိုင်းရှင်းလင်းဖို့အတွက် ရွာသားတွေကို သူတို့တပ်ဖွဲ့တွေရဲ့ ရှေ့က လမ်းလျှောက်ခိုင်းခဲ့တယ်လို့လည်း Yeshua Moser-Puangsuwan က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “မြေမြှုပ်မိုင်းကြောင့် လူပေါင်း ၄၀၀၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ဒါက ခန်မှန်းတွက်ချက်ထားတဲ့ ပမာဏပါ။ တရာဝင်မှတ်တမ်းမှတ်ရာတွေသာ ရှိမယ်ဆိုရင် ဒီအရေအတွက်က မြင့်တက်လာနိုင်ပါတယ်”

    မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား နှစ်ပေါင်းများစွာ ဖြစ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခကြောင့် မြေမြှုပ်မိုင်းပြဿနာဟာ ကြီးကြီးမားမားရှိနေပြီး ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ထိုင်းတို့နဲ့ ကပ်နေတဲ့ နယ်စပ်ဒေသတွေမှာ မြေမြှုပ်မိုင်းတွေ အများအပြား ရှိနေပါတယ်။

    နိုင်ငံရဲ့ မြို့နယ် ၃၂၅ မြို့မနယ်မှာ ၇၈ မြို့နယ်ဟာ မြေမြှုပ်မိုင်းအန္တရာယ် ရှိနေပြီး ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေလို နိုင်ငံမြောက်ပိုင်းက ဒေသတွေမှာ မြေမြှုပ်မိုင်းအရေအတွက်ဟာ မြင့်တက်လာခဲ့ပါတယ်။

    Ref: mmtimes

    (Myanmar Times အင်္ဂလိပ်ပိုင်းမှ သတင်ကို ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

  • အင်ဒိုဆူနာမီ သေဆုံးသူ ၂၈၀ ကျော်လာ၊ ထပ်မံမြင့်တက်လာဖွယ်ရှိ

    အင်ဒိုဆူနာမီ သေဆုံးသူ ၂၈၀ ကျော်လာ၊ ထပ်မံမြင့်တက်လာဖွယ်ရှိ

    ဒီဇင်ဘာ ၂၄၊ ၂၀၁၈
    M-Media

    – အင်ဒိုနီးရှားမှာ စနေနေ့ညပိုင်းက ဖြစ်ပွားခဲ့တဲ့ ဆူနာမီကြောင့် သေဆုံးသူ အရေအတွက် ၂၈၀ ကျော်လာခဲ့ပြီး နောက်ထပ် ဖြစ်ပွားနိုင်ခြေ ရှိတယ်လို့လည်း ပညာရှင်တွေက သတိပေးထားပါတယ်။

    ဆွန်ဒါ ရေလက်ကြားက Anak Krakatoa မီးတောင် လှုပ်ခတ်မှုကြောင့် ပင်လယ်အောက်မှာ မြေပြိုရာကနေ ဂျာဗားနဲ့ ဆူမားတြားကျွန်း အစွန်ပိုင်းတွေမှာ ဆူနာမီရေလှိုင်းတွေ ၀င်ရောက်လာတာဖြစ်ပြီး ပြည်နယ် ၂ ခုမှာရှိတဲ့ မြို့တွေ အကြီးအကျယ် ထိခိုက်ပျက်ဆီးခဲ့ပါတယ်။

    အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအေဂျင်စီက သေဆုံးသူအရေအတွက်ဟာ စုစုပေါင်း ၂၈၁ ဦး ရှိလာပြီလို့ ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပြီး ပျောက်ဆုံးသူက ၅၀ လောက် ရှိနေပါတယ်။ ဆူနာမီကြောင့် အိမ်တွေ၊ အဆောက်အဦးတွေလည်း အကြီးအကျယ်ပျက်ဆီးခဲ့ကာ လူတစ်ထောင်ကျော်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

    အေဂျင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆူတိုပို ပူရ်ဝို နူဂရိုဟိုက သေဆုံးသူအရေအတွက်နဲ့ ပျက်ဆီးဆုံးရှုံးမှု ပမာဏဟာ မြင့်တက်လာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီရေစောင့်ကြည့်ရေးစနစ် အလုပ်မလုပ်

    နူဂရိုဟို အင်ဒိုနီးရှားရဲ့ ဆူနာမီဒီရေ ကြိုတင်သတိပေးတဲ့စနစ်ဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်းကတည်းက အသုံးပြုလို့မရတော့ဘဲ ဖျက်ဆီးခံရတာ၊ ရန်ပုံငွေနည်းတာနဲ့ နည်းပညာဆိုင်ရာ ပြဿနာတွေကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီစနစ်မရှိတာကြောင့် ဆူနာမီကို ကြိုတင်မသိရှိနိုင်တာ ဖြစ်ပါတယ်”

    ဒါ့အပြင် ပင်လယ်အောက်မှာ မြေပြိုမှု၊ မီးတောင်လှုပ်မှုတွေကို ကြိုတင်သိရှိ အသိပေးနိုင်မယ့် စနစ်မျိုးလည်း အင်ဒိုနီးရှားမှာ မရှိသေးဘူးလို့လည်း သူက ဆိုပါတယ်။

     

    Ref: CNA