News @ M-Media

Blog

  • ဂါဇာကမ်းမြှောင်မှ ခရစ်ယာန်များ ဘက်သလီဟမ်သို့သွားကာ ဘုရားဖူးခွင့်ကို အစ္စရေး ပိတ်ပင်

    ဂါဇာကမ်းမြှောင်မှ ခရစ်ယာန်များ ဘက်သလီဟမ်သို့သွားကာ ဘုရားဖူးခွင့်ကို အစ္စရေး ပိတ်ပင်

    ဒီဇင်ဘာ ၂၀၊ ၂၀၁၈
    M-Media

    ခရစ်တော်ဖွားမြင်ရာ ဘက်သလီဟမ်မှ မြင်ကွင်းတစ်ခု

    – ဂါဇာကမ်းမြှောင်က ပါလက်စတိုင်းခရစ်ယာန်တွေ ခရစ်တော်ဖွားမြင်ရာ ဘက်သလီဟမ်ကို သွားရောက် ၀တ်ပြုဆုတောင်းမှုကို အစ္စရေးက ပိတ်ပင်လိုက်တယ်လို့ အရှေ့အလယ်ပိုင်း လူ့အခွင့်အရေးအဖွဲ့ Middle East Concern က ပြောကြားလိုက်ပါတယ်။

    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာရှိတဲ့ ဘက်သလီဟမ်ဟာ ခရစ်တော်ဖွားမြင်ရာနေရာလို့ ခရစ်ယာန်တွေက ယုံကြည်ကြပြီး နှစ်စဉ် ခရစ္စမတ်ကာလရောက်တိုင်း ကမ္ဘာတစ်ဝှမ်းက ခရစ်ယာန်ဘာသာဝင်တွေဟာ ဘက်သလီဟမ်ကို လာရောက်ကာ ဘုရားဖူးလေ့ ရှိပါတယ်။

    ပွဲတော်ရက်တွေမှာ ပါလက်စတိုင်းခရစ်ယာန်တွေ ဘက်သလီဟမ်ကို လာရောက် ဘုရားဖူးမှုကို အစ္စရေးက နှစ်စဉ် ပိတ်ပင်လေ့ရှိပြီး ဒီနှစ်မှာ ဂါဇာကမ်းမြှောင်က ခရစ်ယာန်တွေကို ပစ်မှတ်ထားခဲ့ပါတယ်။ ဘက်သလီဟမ်ကို သွားရောက်လိုတဲ့ ခရစ်ယာန်တွေထဲမှာ အသက် ၅၅ နှစ်ကျော်တဲ့သူတွေကိုသာ အစ္စရေးက သွားခင့်ပြုပြီး အဲဒီအသက်အောက် ဘယ်သူ့ကိုမှ အနောက်ဖက်ကမ်းကို သွားခွင့်မပြုပါဘူး။

    “ပြီးခဲ့တဲ့နှစ်တုန်းက ဂါဇာကခရစ်ယာန် ၃၀၀ ကို ဘက်သလီဟမ်ဘုရားဖူးသွားဖို့ ပါမစ်ထုတ်ပေးပြီး အသက် ၅၅ နှစ်အထက်တွေ ဖြစ်ပါတယ်။ ဒီနှစ်မှာ ပါမစ် ၅၀၀ ထုတ်ပေးမယ်လို့ အစ္စရေးက ပြောထားပါတယ်။ ဒါပေမယ့် အသက် ၅၅ နှစ်ကျော်အတွက် ပါမစ် ၂၅၀ သာ ရပါသေးပါတယ်။ အစ္စရေးဟာ မိဘနဲ့ သားသမီးတွေကို ခွဲထုတ်တဲ့ ပေါ်လစီကို သုံးနေတာပါ။ ဖခင်ကို သွားခွင့်ပေးပေမယ့် မိခင်နဲ့ သားသမီးတွေကို သွားခွင့်မပြုဘူး။ ဒါ့ကြောင့် သွားလို့ရတဲ့သူတွေကလည်း မသွားကြတော့ဘဲ ဂါဇာမှာပဲ မိသားစုနဲ့အတူ နေကြပါတယ်” လို့ ဖာသာ မာရီယို ဒါဆေးလ်ဗားက ပြောကြားခဲ့ပါတယ်။

    Ref: Alarabiya

  • ပက်ထရီယော့ ဒုံးခွင်းစနစ်ကို အမေရိကန်က တူရကီကို ရောင်းမည်

    ပက်ထရီယော့ ဒုံးခွင်းစနစ်ကို အမေရိကန်က တူရကီကို ရောင်းမည်

    ဒီဇင်ဘာ ၂၀၊ ၂၀၁၈
    M-Media


    – ရုရှားထံကနေ ဒုံးခွင်းစနစ် ၀ယ်ယူဖို့ စီစဉ်နေတဲ့ တူရကီနဲ့ ဆက်ဆံရေး တင်းမာနေပေမယ့် ကန်ဒေါ်လာ ၃.၅ ဘီလီယံဖိုးရှိတဲ့ ပက်ထရီယော့ဒုံးခွင်းစနစ်ကို တူရကီထံ ရောင်းချဖို့ အမေရိကန်အစိုးရက အတည်ပြုလိုက်ပါတယ်။

    ဒုံးကျည် အစင်း ၈၀၊ PAC-3 ဒုံးခွင်းဒုံး ၆၀နဲ့ ဆက်စပ်ပစ္စည်းတွေ ပါဝင်မယ့် အဲဒီ ပက်ထရီယော့စနစ်ဟာ တူရကီရဲ့ ကာကွယ်ရေးစွမ်းအားကို ပိုမိုကောင်းမွန်စေမှာဖြစ်ပြီး နေတိုးမဟာမိတ်အဖွဲ့ကို ကာကွယ်ရာမှာ အထောက်အကူဖြစ်စေမယ်လို့ အမေရိကန်အစိုးရက မနေ့မှာထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ပက်ထရီယော့ ဒုံးကျည်စနစ်မှာ အလွန်အာကောင်းတဲ့ ရေဒါနဲ့ အဆင့်မြင့် ဒုံးခွင်းစနစ်ကို အသုံးပြုထားပြီး အစ္စရေး၊ ဆော်ဒီ၊ ဂျာမနီ၊ ထိုင်ဝမ်တို့အပါအ၀င် ကမ္ဘာ့နိုင်ငံ ၁၃ နိုင်ငံလောက်က ၀ယ်ယူထားပါတယ်။

    တူရကီဟာ ရုရှားရဲ့ နောက်ဆုံးပေါ် S-400 ဒုံးခွင်းစနစ်ကို ၀ယ်ယူမယ်လို့ ပြီးခဲ့တဲ့နှစ်က ကြေငြာခဲ့ပြီးတဲ့နောက် အမေရိကန်အပါအ၀င် နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ဝေဖန်ခဲ့ကြပါတယ်။

    အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက တူရကီဟာ ဒီအစီအစဉ်ကို ရှေ့ဆက်တိုးမယ်ဆိုရင် အမေရိကန်ထံကနေ F-35 တိုက်လေယာဉ် ၀ယ်ယူဖို့ကိစ္စ ပျက်ပြယ်မှာဖြစ်ပြီး၊ အခြား ကာကွယ်ရေးပစ္စည်းတွေ ၀ယ်ယူမှုမှာ ပိတ်ဆို့ခံရလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

    တူရကီနဲ့ အမေရိကန်တို့ဟာ ဆီးရီးယားက ကာ့ဒ်လက်နက်ကိုင်တပ်ဖွဲ့ ကိစ္စမှာလည်း တင်းမာမှုတွေ ရှိနေပါတယ်။ အမေရိကန်က ကျောထောက်နောက်ခံပြုထားတဲ့ ကာ့ဒ်လက်နက်ကိုင်တပ်ဖွဲ့ကို တူရကီက စစ်သွေးကြွအုပ်စုလို့ သတ်မှတ်ထားပြီး ဆီးရီးယားနိုင်ငံထဲ ၀င်ရောက်ကာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

    Ref: Aljazeera

  • ဆီးရီးယားမှ အမေရိကန်တပ်ဖွဲ့အားလုံး မကြာမီ ဆုတ်ခွာမည်

    ဆီးရီးယားမှ အမေရိကန်တပ်ဖွဲ့အားလုံး မကြာမီ ဆုတ်ခွာမည်

    ဒီဇင်ဘာ ၂၀၊ ၂၀၁၈
    M-Media

    – ဆီးရီးယားမှာရှိတဲ့ မိမိတို့တပ်ဖွဲ့တွေ ဆုတ်ခွာတော့မယ်လို့ အိမ်ဖြူတော်က မနေ့မှာ ကြေငြာလိုက်ပြီး IS ကို ချေမှုန်းနိုင်ခဲ့ပြီလို့ ထရမ့်က ပြောကြားပြီးတဲ့နောက် ဒီသတင်း ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    အိမ်ဖြူတော် ပြန်ကြာရေးတာဝန်ခံ ဆာရာ ဆန်းဒါးစ်က ဆီးရီးယားမှာ IS ကို ချေမှုန်းနိုင်တာဟာ ကမ္ဘာတစ်ဝှမ်းချေမှုန်းရေးကို အဆုံးသတ်တာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

    “ချေမှုန်းရေး အဆင့်တစ်ခုကို ကူးပြောင်းနေတဲ့အချိန်မှာ အမေရိကန်တပ်ဖွဲ့တွေကို စတင် ဆုတ်ခွာမှာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ လိုအပ်တဲ့ ဘယ်အချိန်မဆို အမေရိကန်နဲ့ မဟာမိတ်တွေဟာ ပြန်လည်ပူးပေါင်းဖို့ အသင့်ရှိနေပြီး အစွန်းရောက် အစ္စလာမ့်မစ်အကြမ်းဖက်တွေရဲ့ နယ်မြေစိုးမိုးမှု၊ ပံ့ပိုးမှု၊ ငွေကြေးထောက်ပံ့မှု၊ ကျွန်မတို့ရဲ့ နယ်မြေတွေကို ထိုးဖောက်ဝင်ရောက်မှု ဘယ်လိုနည်းလမ်းမျိုးကိုမဆို ဆန့်ကျင်ရေး အတူတကွ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”

    ဆီးရီးယားမှာ အမေရိကန်တပ်ဖွဲ့ဝင် ၂ ထောင်လောက်ရှိပြီး အများစုဟာ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ SDF လို့ခေါ်တဲ့ ကာ့ဒ်-အာရပ် မဟာမိတ်တပ်ဖွဲ့နဲ့ ထဲထဲဝင်ဝင် လုပ်ဆောင်နေတဲ့ အထူးတပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အဲဒီတပ်ဖွဲ့တွေကို အိမ်ပြန်ခေါ်ဖို့ ဆန္ဒရှိကြောင်း အရင်က ပြောကြားခဲ့ဖူးပြီး ဆန်းဒါးစ် သတင်းမထုတ်ပြန်ခင် မနေ့က မိမိတို့အနေနဲ့ ဆီးရီးယားမှာ IS ကို ချေမှုန်းနိုင်ခဲ့ပြီလို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ဆီးရီးယားက အမေရိကန်တပ်ဖွဲ့တွေအားလုံး အိမ်ပြန်မယ့် အချိန်ကာလကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲ အမည်မဖော်လိုတဲ့ အမေရိကန်တာဝန်ရှိသူတစ်ဦးက အမေရိကန်အစိုးရ၀န်ထမ်းတွေအားလုံးကို ၂၄ နာရီအတွင်း ဆီးရီးယားကနေ ခေါ်ယူသွားမယ်လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    စစ်သားတွေကိုတော့ IS ကို နောက်ဆုံးစစ်ဆင်ရေးပြီးဆုံးမှ ပြန်ခေါ်မှာဖြစ်ပြီး ရက်ပေါင်း ၆၀ ကနေ ၁၀၀ လောက်အထိ ကြာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ၂၀၁၈ ခုနှစ်အတွင်း ဂျာနယ်လစ်များအပေါ် ဖိနှိပ်မှု သမိုင်းတစ်လျှောက် အဆိုးဝါးဆုံးဖြစ်

    ၂၀၁၈ ခုနှစ်အတွင်း ဂျာနယ်လစ်များအပေါ် ဖိနှိပ်မှု သမိုင်းတစ်လျှောက် အဆိုးဝါးဆုံးဖြစ်

    ဒီဇင်ဘာ ၂၀၊ ၂၀၁၈
    M-Media

    – ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်းမှာ ဂျာနယ်လစ်တွေ သတ်ဖြတ်ခံရမှု၊ ညှင်းပမ်းခံရမှု၊ အကြမ်းဖက်ခံရမှု၊ ရန်လိုမှုကို ရင်ဆိုင်ရတဲ့ အခြေအနေတွေဟာ သမိုင်းတစ်လျှောက် အဆိုးဝါးဆုံး ဖြစ်ခဲ့တယ်လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်တဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    မနှစ်ကနဲ့ နှိုင်းယှဉ်ရင် အခုနှစ်အတွင်း ဂျာနယ်လစ်တွေ၊ သတ်ဖြတ်ခံရမှု၊ အကျဉ်းချခံရမှုနဲ့ ပြန်ပေးဆွဲခံရမှု အရေအတွက်ဟာ ပိုမိုမြင့်တက်လာခဲ့ပြီး နိုင်ငံရေးသမားတွေနဲ့ လူသိများထင်ရှားတဲ့သူတွေဟာ သတင်းမီဒီယာတွေအပေါ် မကောင်းမြင်လာကြတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

    ၂၀၁၈ ခုနှစ်တွင်း ဂျာနယ်လစ် စုစုပေါင်း ၈၀ လောက် အသတ်ခံရပြီး အဲဒီအထဲမှာ ပရော်ဖက်ရှင်နယ်မဟုတ်တဲ့၊ ဂျာနယ်လစ်တွေ မီဒီယာလုပ်သားတွေလည်း ပါဝင်ပါတယ်။ အသတ်ခံရတဲ့ ၆၁ ရာခိုင်နှုန်းဟာ တမင်ရည်ရွယ် ပစ်မှတ်ထားခံရတာဖြစ်ပြီး ၃၉ ရာခိုင်နှုန်းက သတင်းယူနေရင်း အသတ်ခံရတာ ဖြစ်ပါတယ်။

    ဖမ်းဆီးခံရတဲ့ ဂျာနယ်လစ်အရေအတွက်ဟာ ၃၄၈ ယောက်ရှိပြီး၊ ဓားစာခံအဖြစ် ဖမ်းဆီးခံရသူက ၆၀ လောက်ရှိတယ်လို့ RSF ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ပြီးခဲ့တဲ့ ၁၂ လအတွင်း ကမ္ဘာတစ်ဝှမ်းမှာ ထင်ရှားတဲ့ ဂျာနယ်လစ်တွေကို သတ်ဖြတ်တာ၊ ဖမ်းဆီးတာ၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အပါအ၀င် ကမ္ဘာ့ခေါင်းဆောင်တွေက မီဒီယာအပေါ် ဝေဖန်တိုက်ခိုက်တာ စတဲ့အဖြစ်အပျက်တွေကိုလည်း အစီရင်ခံစာမှာ ထည့်သွင်းရေးသားထားပါတယ်။

    “ဂျာနယ်လစ်တွေအပေါ် အကြမ်းဖက်မှုဟာ အခုနှစ်အတွင်း မကြုံစဖူးအနေအထားအထိ မြင့်တက်လာခဲ့ပြီး အခြေအနေက ဆိုးရွားတဲ့အဆင့်ကို ရောက်နေပါတယ်” လို့ RSF ရဲ့ အထွေထွေအတွင်းရေးမှူး ခရစ္စတိုဖီ ဒီလိုရီက အစီရင်ခံစာ ထုတ်ပြန်တဲ့အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

    အောက်တိုဘာလက ဆော်ဒီဂျာနယ်လစ် ဂျမားလ်ကာရှိုဂျီ တူရကီက ဆော်ဒီကောင်စစ်ဝန်ရုံးမှာ သတ်ဖြတ်ခံလိုက်ရမှု၊ ဆလိုဗက်ကီးယားက ဂျာနယ်လစ် ဂျန်ကူစီယက် သတ်ဖြတ်ခံရမှု၊ မြန်မာနိုင်ငံက ရိုက်တာသတင်းထောက် ကျော်စိုးဦးနဲ့ ၀လုံးတို့ ဖမ်းဆီးထောင်ချခံရမှုတွေဟာ ဂျာနယ်လစ်တွေရဲ့အသံကို တိတ်စေဖို့ တစ်ချို့တွေက ကြိုးပမ်းနေတယ်ဆိုတာကို ပြသတာဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဂျာနယ်လစ်တွေအတွက် အန္တရာယ်အရှိဆုံး ၁၀ နိုင်ငံစာရင်းမှာ အမေရိကန်က ပထမဆုံးအကြိမ် ပါလာခဲ့ပါတယ်။

    ဂျာနယ်လစ် သေဆုံးမှုအများဆုံးနိုင်ငံက အာဖဂန်နစ္စတန်ဖြစ်ပြီး အခုနှစ်အတွင်း ၁၅ ဦးအထိ အသတ်ခံရကာ၊ ၁၀ ဦးက ဧပြီလ ကဘူးလ်မြို့မှာဖြစ်ပွားတဲ့ IS ရဲ့ ဗုံးခွဲမှုအတွင်း သေဆုံးခဲ့တာ ဖြစ်ပါတယ်။

    ဆီးရီးယား၊ မက္ကဆီကိုနဲ့ ယီမင်တို့ဟာ အာဖဂန်နစ္စတန်နောက်မှာ အစဉ်လိုက်ရှိနေပြီး တရုတ်နိုင်ငံဟာ ဂျာနယ်လစ်တွေကို ဖမ်းဆီးမှု အများဆုံးနိုင်ငံဖြစ်ပြီး ၆၀ လောက်ကို ထိန်းသိမ်းထားပါတယ်။

    Ref: CNN

  • ရင်သွေးအား ဟစ်တလာအမည်ပေးသည့် ဇနီးမောင်နှံကို ဗြိတိန်က ထောင်ဒဏ်များ ချမှတ်

    ရင်သွေးအား ဟစ်တလာအမည်ပေးသည့် ဇနီးမောင်နှံကို ဗြိတိန်က ထောင်ဒဏ်များ ချမှတ်

    ဒီဇင်ဘာ ၁၉၊ ၂၀၁၈
    M-Media

    – မွေးထားတဲ့ ကလေးငယ်ကို နာဇီခေါင်းဆောင် အဒေါ့ဖ် ဟစ်တလာရဲ့အမည်ပေးခဲ့တဲ့ ဇနီးမောင်နှံနှစ်ဦးကို ဗြိတိန်က စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ်ကျော်အထိ ချမှတ်လိုက်ပါတယ်။

    အသက် ၂၂ နှစ်အရွယ် အဒမ်သောမတ်စ်နဲ့ သူရဲ့ဇနီး အသက် ၃၈ နှစ်အရွယ် ကလော်ဒီယာ ပါတာတက်စ်တို့ဖြစ်ပြီး ဘာမင်ဂမ်ခရောင်းတရားရုံးက ထောင်ဒဏ် ၆ နှစ်ခွဲနဲ့ ၅ နှစ် အသီးသီး ချမှတ်လိုက်တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၆ မှာ ဗြိတိန်က ပိတ်ပင်ခဲ့တဲ့ နာဇီလက်သစ်အဖွဲ့ National Action ရဲ့ အဖွဲ့ဝင်ဖြစ်တာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

    ဒီဇနီးမောင်နှံနဲ့အတူ အခြား ၄ လူဦးကိုလည်း တရားရုံးက အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းနဲ့ ပတ်သက်ဆက်နွယ်မှုအတွက် ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ အဲဒီထဲကတစ်ယောက်ဟာ သောမတ်စ်နဲ့ ကလော်ဒီယာတို့ရဲ့ သူငယ်ချင်း ဒါရန် ဖလက်ချာ ဆိုသူဖြစ်ပြီး သူ့ရဲ့သမီးကို နာဇီအလေးပြုနည်း သင်ပေးခဲ့သူပါ။

    ဇနီးမောင်နှံ ၂ ယောက်ဟာ သူတို့ကလေးရဲ့အမည်မှာ ‘အဒေါ့ဖ်’ လို့ ထည့်သွင်းမှည့်ခေါ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး သောမတ်စ်ဟာ လူဖြူအစွန်းရောက်အဖွဲ့ KKK ၀တ်စုံဝတ်ကာ ကလေးငယ်ကို ချော့သိပ်နေတဲ့ ဓာတ်ပုံကိုလည်း သိမ်းဆည်း ရမိခဲ့ပါတယ်။

    ကလော်ဒီဟာဟာ ‘ဂျူးတွေအားလုံးကို သတ်ပစ်ရမယ်’ လို့ National Action က အဖွဲ့ဝင်တစ်ဦးကို ပြောကြားခဲ့ကြောင်းလည်း တရားရင်ဆိုင်မှုမှာ ပေါ်ထွက်ခဲ့ပါတယ်။

    Ref: CNN