News @ M-Media
Blog
  • ခရစ်တော်ကိုလှောင်သည့်ပုံ လွှင့်တင်သူကို ဂျော်ဒန်ဖမ်းဆီး၊ ထောင်ဒဏ် ၃ နှစ်အထိ ကျခံရဖွယ် ရှိနေ
    ခရစ်တော်ကိုလှောင်သည့်ပုံ လွှင့်တင်သူကို ဂျော်ဒန်ဖမ်းဆီး၊ ထောင်ဒဏ် ၃ နှစ်အထိ ကျခံရဖွယ် ရှိနေ
    ဒီဇင်ဘာ ၁၃၊ ၂၀၁၈
    M-Media
    အလ်-၀ါကီလ်
    – ယေရှုခရစ်တော်ကို လှောင်ပြောင်တဲ့ ကာတွန်းကို ဖော်ပြခဲ့တဲ့ သတင်းဝဘ်ဆိုက်တစ်ခုရဲ့ အယ်ဒီတာကို ဂျော်ဒန်က အခုတစ်ပတ်အစောပိုင်းမှာ ဖမ်းဆီးလိုက်ပြီး အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်မယ့် သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုထားပါတယ်။
    ဖမ်းဆီးခံထားရသူဟာ မိုဟာမက် အလ်-၀ါကီလ်ဆိုသူဖြစ်ပြီး Al Wakeel သတင်းဝဘ်ဆိုက်ကို တည်ထောင်ထားသူလည်း ဖြစ်ပါတယ်။
    ခရစ်တော် ကားစင်မတင်ခံရမီ သူ့ရဲ့ ပရောဖက်တွေနဲ့ နောက်ဆုံးညစာစားမှုကို ဖော်ကျူးရေးဆွဲထားတဲ့ လီယိုနာဒိုဒါဗင်ချီရဲ့ The Last Supper ပန်းချီကားကို လှောင်ပြောင်တဲ့ ကာတွန်းတစ်ခုကို Al Wakeel သတင်းဆိုက်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ လွှင့်တင်ခဲ့တာပါ။
    ဒီပုံကြောင့် ဂျော်ဒန်နိုင်ငံက ဆိုရှယ်မီဒီယာရပ်ဝန်းမှာ ဝေဖန်သံတွေညံခဲ့ပါတယ်။ ဒါ့ကြောင့် ၀ါကီလ်က ပြန်တောင်းပန်ခဲ့ပြီး ဒီပုံကိုလည်း ဖယ်ရှားပေးခဲ့ပါတယ်။
    နောက်ပိုင်းမှာ ဂျော်ဒန်ရဲတပ်ဖွဲ့ရဲ့ ဆိုက်ဘာရာဇ၀တ်မှုဌာနက သူ့ကို ဆင့်ခေါ်မေးမြန်းကာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
    ဂျော်ဒန်နိုင်ငံရဲ့ ၆.၆ သန်းသော လူဦးရေမှာ ခရစ်ယာန်ဘာသာဝင်အရေအတွက်က ၆ ရာခိုင်နှုန်းဝန်းကျင် ရှိနေပါတယ်။
    Ref: Alarabiya
  • ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ
    ဒီဇင်ဘာ ၁၃၊ ၂၀၁၈
    M-Media
    အယုံအကြည်မရှိအဆိုကို ကျော်ဖြတ်နိုင်ခဲ့သည့် ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ
    အယုံအကြည်မရှိအဆိုကို ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ ကျော်ဖြတ်နိုင်
    =================
    ကနေဒါသံတမန်ဟောင်းကို ဖမ်းဆီးထားသည့် တရုတ်က နောက်ထပ် ကနေဒါတစ်ဦးကို စစ်ဆေးမေးမြန်းနေ
    ===================
    ကနေဒါသံတမန်ဟောင်း မီခေးလ် ကိုဗရစ်ကို ဖမ်းဆီးထားတဲ့ တရုတ်အစိုးရဟာ နောက်ထပ် ကနေဒါနိုင်ငံသားတစ်ယောက်ကိုလည်း စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး ခရစ္စတီယာဖရီးလန်းက မနေ့မှာ ပြောကြားလိုက်ပါတယ်။ ဟွာဝေးကုမ္ပဏီ တည်ထောင်သူရဲ့ သမီးဖြစ်ပြီး ကုမ္ပဏီ ဘဏ္ဍာရေးအကြီးအကဲတာဝန် ထမ်းဆောင်နေတဲ့ မန်ဝမ်ကျိုးကို ကနေဒါက ပြီးခဲ့တဲ့တစ်ပတ်မှာ ဖမ်းဆီးခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံ တင်းမာမှုတွေ မြင့်တက်လာပြီး အခုတစ်ပတ် အစောပိုင်းမှာ ကိုဗရစ်ကို တရုတ်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ တရုတ်အစိုးရက နောက်ထပ် စစ်ဆေးမေးမြန်းနေသူဟာ ဘယ်သူလဲ ဆိုတာကိုတော့ ဖရီးလန်းက မပြောခဲ့ဘဲ လက်ရှိ အဲဒီသူဟာ ဘယ်ရောက်နေလဲဆိုတာကို မသိရသေးကြောင်း၊ တရုတ်အာဏာပိုင်တွေကို ဒီကိစ္စအတွက် ပြောဆိုထားကြောင်း သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    မလေးရှားရှိ မီးပန်းဆိုင်တစ်ခု မီးလောင်မှုကြောင့် ၆ ဦးသေဆုံး
    ===================
    မလေးရှားနိုင်ငံ အနောက်မြောက်ပိုင်း အီပိုးမြို့က မီးပန်းဆိုင်တစ်ဆိုင်မှာ မီးပန်းတွေ ပေါက်ကွဲ မီးလောင်မှုကြောင့် ဆိုင်ရှင်အပါအ၀င် လူ ၆ ဦး မီးလောင် သေဆုံးခဲ့ပါတယ်။ မီးပန်းဆိုင်တည်ရှိရာ ၂ ထပ်အဆောက်အဦးတစ်ခုလုံး မီးလောင်ကျွမ်းပျက်ဆီးသွားခဲ့ပြီး သေဆုံးသူတွေထဲမှာ ၅ ဦးက အချိန်ပိုင်းအလုပ် လာလုပ်ကြတဲ့ ဆယ်ကျော်သက်အရွယ် ကျောင်းသားတွေဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ကတော့ သေဆုံးသွားတဲ့ အသက် ၄၀ အရွယ် ပိုင်ရှင်ဟာ လိုင်စင်မရှိဘဲ ဒီလုပ်ငန်းကို
    လုပ်ကိုင်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref : Aljazeera, CNA
  • အိန္ဒိယသမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်တွင် သဘောတူညီချက်များ ရရှိ
    အိန္ဒိယသမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်တွင် သဘောတူညီချက်များ ရရှိ
    ဒီဇင်ဘာ ၁၂၊ ၂၀၁၈
    M-Media
    – အိန္ဒိယသမ္မတ ရှရီ ရမ်နသ် ကိုဗင်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံ သိပ္ပံနဲ့ နည်းပညာဆိုင်ရာကဏ္ဍ အပါအ၀င် သဘောတူညီချက်တွေ တော်တော်များများကို လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ သိရပါတယ်
    သမ္မတ ကိုဗင်ဟာ အင်္ဂါ နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာတာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
    ဆွေးနွေးမှုတွေထဲမှာ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာ ထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးကိစ္စ ပါဝင်သလို၊ နေရပ်ပြန်လာသူတွေ နေထိုင်ဖို့အတွက် အိမ်တွေ ဆောက်ပေးသွားမယ်လို့လည်း အိန္ဒိယသမ္မတက ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ အိမ် ၂၅၀ ဆောက်လုပ်နေပြီး ၅၀ ကို တရားဝင် လွှဲပြောင်းပြီးဖြစ်တယ်လို့ အိန္ဒိယသမ္မတက သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
    မြန်မာနိုင်ငံမှာ တရုတ်သြဇာ ကြီးထွားမှုကို အိန္ဒိယက လျှော့ချဖို့ ကြိုးစားနေပြီး၊ မြန်မာနိုင်ငံရဲ့ ဈေးကွက်၊ သယံဇာတနဲ့ အဓိက ဆိပ်ကမ်းတွေကိုလည်း နှစ်နိုင်ငံစလုံးက မျက်စိကျနေကြပါတယ်။
    ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်ကနေ အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဆိပ်ကမ်းမြို့ဖြစ်တဲ့ ကိုလ်ကတားအထိ ဆက်နေတဲ့ ကန်ဒေါ်လာ ၄၈၄ သန်းတန် သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို မြန်မာနဲ့ အိန္ဒိယတို့ လုပ်ဆာင်နေတာ ဆယ်စုနှစ်တစ်ခု ရှိနေပြီ ဖြစ်ပါတယ်။
    ဒီကနေ့တွေ့ဆုံဆွေးနွေးမှုအတွင်း မြန်မာနိုင်ငံက တရားသူကြီးတွေ၊ သိပ္ပံနဲ့ နည်းပညာနယ်ပယ်က အခြားသူတွေကို အိန္ဒိယနိုင်ငံက လေ့ကျင်ပေးရေး သဘောတူညီချက် ရခဲ့တယ်လို့ နှစ်နိုင်ငံသမ္မတတွေက ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
    မြန်မာနိုင်ငံ သမ္မတရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အိန္ဒိယနိုင်ငံသားတွေကို ဆိုက်ရောက်ဗီဇာပေးရေးနဲ့ အခြား ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
    Ref: Frontier Myanmar
    (Frontier Myanmar တွင် ဖော်ပြထားသည့်သတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။)
  • သမ္မတ၏ မူးယစ်စစ်ပွဲ ဆက်လုပ်လျှင် တိုင်းပြည်လူသတ်ကွင်းဖြစ်မည်ဟု ဖိလစ်ပိုင် လူ့အခွင့်အရေးကော်မရှင် ပြော
    သမ္မတ၏ မူးယစ်စစ်ပွဲ ဆက်လုပ်လျှင် တိုင်းပြည်လူသတ်ကွင်းဖြစ်မည်ဟု ဖိလစ်ပိုင် လူ့အခွင့်အရေးကော်မရှင် ပြော
    ဒီဇင်ဘာ ၁၂၊ ၂၀၁၈
    M-Media
    – သမ္မတ ဒူတာတေးရဲ့ မူးယစ်စစ်ပွဲကို ဆက်လက်လုပ်ဆောင်မယ်ဆိုရင် တိုင်းပြည်ဟာ လူသတ်ကွင်း ဖြစ်သွားမယ်လို့ ဖိလစ်ပိုင် လူ့အခွင့်အရေးကော်မရှင် CHR က ပြောကြားလိုက်ပါတယ်။
    အာဏာရတဲ့ ၂၀၁၆ ခုနှစ်ကနေ ဒူတာတေးစတင်ခဲ့တဲ့ မူးယစ်စစ်ပွဲကြောင့် နိုင်ငံတစ်ဝှမ်း သေဆုံးသူ အရေအတွက် ၅ ထောင်နီးပါး ရှိလာပြီလို့ ဖိလစ်ပိုင်အာဏာပိုင်တွေက ပြောကြားထားပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့က အမှန်တကယ် သတ်ဖြတ်ခဲ့တဲ့ အရေအတွက်ဟာ နှစ်သောင်းကျော်လာပြီလို့ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေက ဆိုပါတယ်။
    ဖိလစ်ပိုင်လူ့အခွင့်အရေးကော်မရှင် CHR အကြီးအကဲက Gwendolyn Pimentel-Gana က သမ္မတ ဒူတာတေးရဲ့ မူးယစ်စစ်ပွဲ နည်းလမ်းတွေနဲ့ အဲဒီနောက်ကွယ်က ရည်ရွယ်ချက်ကို ဆန်းစစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
    “လူတိုင်းကို သတ်ပစ်လိုက်လို့ မရဘူးလေ။ လူတစ်တစ်ယောက်သေတာတောင် တော်တော်လွန်လွန်းနေပြီ။ ဒီလိုသာ ဆက်လုပ်နေမယ်ဆိုရင် လူသတ်ကွင်း ဖြစ်သွားမှာပေါ့။ သမ္မတ အာဏာရတုန်းက မူးယစ်ဆေးဝါး နှိမ်နှင်းမှုကို ၆ လပဲ လုပ်မယ်လို့ ပြောခဲ့တယ်။ နောက်ပိုင်းကျတော့ သူ့သက်တမ်းတစ်ခုလုံးမှာ လုပ်မယ်လို့ သူက ပြောတယ်”
    ဒူတာတေးရဲ့ မူးယစ်စစ်ပွဲဒဏ်ကို အဆိုးဝါးဆုံး ခံစားရတဲ့ပြည်နယ်ဟာ စီဘူးပြည်နယ်ဖြစ်ပြီး ရဲတပ်ဖွဲ့က သူတို့ရည်မှန်းချက် အောင်မြင်တဲ့အထိ မရပ်မနား လုပ်ဆောင်သွားမယ်လို့ ပြောကြားထားတာကြောင့် ပြည်သူပြည်သားတွေက စိုးရိမ်ကြောင့်ကြနေရပါတယ်။
    CHR ကတော့ အာဏာပိုင်တွေအနေနဲ့ မူးယစ်သံသယရှိသူတွေကို သတ်ဖြတ်လိုက်တာထက် မှန်ကန်တဲ့ ပုံစံမျိုးနဲ့ ကိုင်တွယ်ဖို့ တောင်းဆိုခဲ့ပါတယ်။
    “သံသယရှိလာရင် ဖမ်းဆီးမယ်၊ ဥပဒေကြောင်းအရ ဆောင်ရွက်ရမှာပါ။ သတ်ဖြတ်ရမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အစိုးရဖက်က မူးယစ်တိုက်ဖျက်ရေးပုံစံကို ပြောင်းလဲဖို့ လိုအပ်ပါတယ်”
    ဒူတာတေးရဲ့ မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းနဲ့ပတ်သက်လို့ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC က အခုနှစ်အစောပိုင်းမှာ ကနဦး စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။ ဒီကိစ္စကြောင့် ဒူတာတေးက ချက်ခြင်းဆိုသလို ICC ကနေ နှုတ်ထွက်ခဲ့ပြီး တရားရုံးအနေနဲ့ သူတို့အပေါ်မှာ တရားရေးဆိုင်ရာ သက်ရောက်မှုမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
    Ref: Aljazeera
  • ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ
    ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ
    ဒီဇင်ဘာ ၁၂၊ ၂၀၁၈
    M-Media
    တရုတ်က ဖမ်းဆီးခဲ့သည့် ကနေဒါသံအမတ်ဟောင်း မီခေးလ် ကော်ရ်ဗစ်ဂ် (၀ဲ) နှင့် ကနေဒါက ဖမ်းဆီးထားသည့် ဟွာဝေး ဘဏ္ဍာရေးအကြီးအကဲ မန်ဝမ်ကျိုး (ယာ)
    ပြင်သစ် ခရစ္စမတ်ညဈေးတွင် ပစ်ခတ်မှုဖြစ် ၃ ဦးသေဆုံး
    ====================
    ပြင်သစ်နိုင်ငံ စထရာဘော့ဂ်မြို့က ခရစ္စမတ်ညဈေးမှာ မနေ့က သေနတ်သမားတစ်ဦး ၀င်ရောက်ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်သစ် ပြည်ထဲရေးဝန်ကြီး ခရစ္စတိုဖီ ကက်စတာနာက အတည်ပြု ပြောကြားခဲ့ပါတယ်။ သေနတ်သမားဟာ အသက် ၂၉ နှစ်အရွယ်ရှိသူဖြစ်ပြီး လုံခြုံရေးဆိုင်ရာ အန္တရာယ်ရှိသူအဖြစ် ပြင်သစ်ထောက်လှမ်းရေးအဖွဲ့က သတ်မှတ်ထားသူပါ။ မနေ့က မနက်အစောပိုင်းမှာ သူ့ရဲ့နေအိမ်ကို ရဲတပ်ဖွဲ့က ၀င်ရောက် ဖမ်းဆီးခဲ့ပေမယ့် သူ့ကို မတွေ့ရဘဲ ညပိုင်းမှာ ဒီလို ပစ်ခတ်မှု ဖြစ်လာတာ ဖြစ်ပါတယ်။ သေနတ်သမားနဲ့ ရဲတွေ အပြန်အလှန်ပစ်ခဲ့မှု ဖြစ်ခဲ့ပေမယ့် သေနတ်သမားဟာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ပိုက်စိပ်တိုက် လိုက်လံရှာဖွေနေပြီး စထရာဘော့ဂ်မြို့ အနီးပတ်ဝန်းကျင်မှာလည်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ ပစ်ခတ်မှုကို ဘာ့ကြောင့် ပြုလုပ်ရတယ်ဆိုတဲ့ အကြောင်းအရင်းကို မသိရသေးပါဘူး။
    ကနေဒါသံတမန်ဟောင်းကို တရုတ်ဖမ်းဆီး
    ==================
    တရုတ်နိုင်ငံဆိုင်ရာ ကနေဒါ သံအမတ်ဟောင်းတစ်ဦးဖြစ်တဲ့ မီခေးလ် ကော်ရ်ဗစ်ဂ်ကို တရုတ်အစိုးရက မနေ့မှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး ကနေဒါဝန်ကြီးချုပ်ကလည်း ဒီအဖြစ်အပျက်ကို အတည်ပြုခဲ့ပါတယ်။ လိမ်လည်မှုတွေနဲ့ အမေရိကန်က အလိုရှိနေတဲ့ ဟွာဝေး ဘဏ္ဍာရေးအကြီးအကဲ မန်ဝမ်ကျိုးကို ကနေဒါက ဖမ်းဆီးမှုကြောင့် တရုတ်နဲ့ ကနေဒါတို့ တင်းမာမှု မြင့်တက်နေတဲ့အချိန် ကော်ရ်ဗစ်ဂ် ဖမ်းဆီးခံလိုက်ရတာလည်း ဖြစ်ပါတယ်။ မန်ဝမ်ကျိုး ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး နောက်ဆက်တွဲဆိုးကျိုးတွေကို ရင်ဆိုင်ရမယ်လို့ တရုတ်က ကနေဒါကို သတိပေးထားပါတယ်။ ကနေဒါတရားရုံးက မန်ကို အမေရိကန်ထံ လွှဲပြောင်းပေးဖို့ ရှိနေပေမယ့် လက်ရှိမှာ ခြေချုပ်နဲ့ အာမခံပေးထားဖို့ စီစဉ်နေပါတယ်။
    ဘရာဇီးလ်ရှိ ကက်သလစ်ဘုရားကျောင်းတစ်ခုတွင် ပစ်ခတ်မှုဖြစ်၊ ၄ ဦးသေဆုံး
    ==============
    ဘရာဇီးလ်နိုင်ငံတောင်ပိုင်း ကန်ပီနက်စ်မြို့က ကက်သလစ်ဘုရားကျောင်းတစ်ခုမှာ မနေ့က ၀တ်ပြုဆုတောင်းနေစဉ်အတွင်း အသက် ၄၉ နှစ်အရွယ် အူလာ ဖာနန်ဒို ဂရန်ဒိုလ်ဖို ဆိုသူက သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်မှုကြောင့် ၀တ်ပြုသူ ၄ ဦး သေဆုံးခဲ့ပြီး အခြား ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဂရန်ဒိုလ်ဖိုနဲ့ ရဲတပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နောက်ဆုံးမှာ သေနတ်သမားဟာ ကိုယ့်ကိုယ်ကို သေနတ်နဲ့ ပစ်ခတ်ပြီး အဆုံးစီရင်ခဲ့ပါတယ်။ ဂရန်ဒိုလ်ဖိုဟာ အစိုးရလုပ်ငန်း အများအပြားမှာ ၀င်ရောက်လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပြီး ဘာ့ကြောင့် ဒီလိုပစ်ခတ်မှု ပြုလုပ်ရလဲဆိုတာကို မသိရသေးပါဘူး။
    အိန္ဒိယပြည်နယ်ရွေးကောက်ပွဲ အဓိကနေရများတွင် အာဏာရပါတီ ရှုံးနိမ့်
    ================
    အိန္ဒိယနိုင်ငံမှာ မနေ့ကပြုလုပ်တဲ့ ပြည်နယ်ရွေးကောက်ပွဲတွေမှာ ၀န်ကြီးချုပ်မိုဒီရဲ့ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ဟာ အဓိကပြည်နယ် ၃ ခုဖြစ်တဲ့ ရာဂျက်စတန်၊ ချက်တစ်ဂါရ်နဲ့ မဒ်ယာ ပရာဒက်ရှ်ပြည်နယ်တွေမှာ ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီပြည်နယ် ၃ ခုမှာ အိန္ဒိယ လူဦးရေ ၁.၃ ဘီလီယံရဲ့ ၃ ပုံ ၂ ပုံ နေထိုင်ကြတာ ဖြစ်ပါတယ်။ နိုင်ငံရေးလော့သူတွေက မိုဒီအစိုးရအနေနဲ့ ကျေးလက်နေပြည်သူတွေရဲ့ စားဝတ်နေရေး ပြေလည်အောင် မဆောင်ရွက်နိုင်တာကြောင့် ဒီလိုရှုံးနိမ့်ရခြင်း ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ ဒီလိုရှုံးနိမ့်မှုဟာ ၂၀၁၄ ခုနှစ် အာဏာရပြီးနောက်ပိုင်း BJP ရဲ့ အဆိုးဝါးဆုံး ရှုံးနိမ့်မှုလည်း ဖြစ်ပါတယ်။
    Ref : Aljazeera, CNA