News @ M-Media

Blog

  • မြွေပါလည်းဆုံး သားလည်းဆုံးမယ့် ကချင်ပြည်သူတွေ (သို့မဟုတ်) မြန်မာနိုင်ငံက နောက်ထပ် အခြေအနေဆိုးတစ်ခု

    မြွေပါလည်းဆုံး သားလည်းဆုံးမယ့် ကချင်ပြည်သူတွေ (သို့မဟုတ်) မြန်မာနိုင်ငံက နောက်ထပ် အခြေအနေဆိုးတစ်ခု

    ဒီဖင်ဘာ ၁၁၊ ၂၀၁၈
    M-Media

    ကမ္ဘာကြီးက ရိုဟင်ဂျာပြဿနာကို အာရုံစိုက်နေကြတဲ့အချိန် မြန်မာစစ်တပ်ဟာ နောက်ထပ်လူမျိုးစုတစ်ခုကို ပစ်မှတ်ထားနေတယ်လို့ သတင်းတွေ ထွက်လာပါတယ်။

    အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် ကချင်ပြည်သူများ နေထိုင်ရသည့် စခန်းတစ်ခု

     

    – ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် မကောင်းသတင်းနဲ့ နာမည်ကြီးတဲ့ အမှတ် (၃၃) ခြေမြန်တပ်မဟာ လက်ရှိ မြန်မာနိုင်ငံမြောက်ပိုင်းက ကချင်ပြည်နယ်မှာ ပြန်လည် တပ်စွဲထားပါတယ်။

    အမေရိကန် ဘဏ္ဍာရေးဌာနကနေ ပိတ်ဆို့မှုတွေ ပြုလုပ်ထားတဲ့ အဲဒီတပ်မဟာ ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရိုဟင်ဂျာ ၇ သိန်းကျော်ကို ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးအောင် လုပ်ဆောင်ခဲ့တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

    ဒီတပ်မ စခန်းချရာ ဒေသတိုင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်တတ်တယ်လို့ ဒေသတွင်း အကူအညီပေးရေး လုပ်သားတွေက ဖွင့်ဟကြပါတယ်။ ၂၀၁၇ ခုနှစ် စက်တင်ဘာလနဲ့ အခုနှစ်သြဂုတ်လတွေမှာ ရခိုင်ပြည်နယ်က ရွာသားတွေကို တရားလက်လွတ်သတ်ဖြတ်မှု၊ ဖမ်းဆီးထောင်ချမှု၊ လိင်အကြမ်းဖက်မှု၊ ပစ်ခတ်သတ်ဖြတ်မှုနဲ့ မောင်းထုတ်မှုတွေကို ကျူးလွန်ခဲ့တာဟာလည်း ဒီတပ်မက စစ်သားတွေ ဖြစ်ပါတယ်။

    “ဒီလိုလုပ်ရပ်တွေဟာ ကချင်ပြည်သူတွေနဲ့ မစိမ်းတော့ပါဘူး။ ဒီဒေသတွေက တပ်မ ၃၃ ရဲ့ ရှည်လျားတဲ့သမိုင်းကြောင်းမှာ သွေးညှီနံ့ကင်းတယ်ဆိုတာ မရှိပါဘူး” လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူ ဒေးဗစ်ဘော့လ်က် ပြောကြားခဲ့ပါတယ်။

    မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တို့အကြား တိုက်ပွဲတွေ ပြင်းထန်လာပြီး ဧပြီလက ကချင်ပြည်နယ်မှာ တိုက်ပွဲဖြစ်တဲ့အချိန် ခြေမြန်တပ်မ (၃၃) လည်း ပါဝင်လာတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ပြောကြားခဲ့ပါတယ်။

    တပ်မတော်လို့ခေါ်တဲ့ မြန်မာစစ်တပ်က တိုက်ခိုက်မှုတွေကြောင့် အခုနှစ် ပထမ ၆ လအတွင်း ပြည်သူ ၁၄၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ၂၀၁၈ ခုနှစ် စက်တင်ဘာမှာထုတ်ပြန်တဲ့ Myanmar Humanitarian Brief စာတမ်းမှာ ဖော်ပြထားပါတယ်။

    ထွက်ပြေးရတဲ့ ရွာသားတွေထဲကတစ်ချို့ဟာ အခုလက်ရှိ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားက ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှာ ခိုလှုံနေရပါတယ်။

    “တိုက်ခိုက်မှုတွေက ဧပြီလမှာ စတယ်။ စစ်တပ်က တိုက်လေယာဉ် ၄ စင်း ကျွန်မတို့အပေါ်ကို ဖြတ်ပြီး ပစ်ခတ်သွားတယ်။ မော်တာနဲ့ပစ်သံတွေလည်း ကျွန်မတို့ ကြားရပါတယ်။ ကျွန်မတို့ရွာက လူ ၃ ဦး ဒဏ်ရာရပြီး တစ်ဦး သေဆုံးခဲ့ပါတယ်။ လူ ၂၀၀၀ လောက်ရှိတဲ့ ကျွန်မတို့ရွာမှာ အားလုံးက အသိအကျွမ်းတွေချည်းပါပဲ” လို့ မဖြိုးစုလတ်က ပြောပါတယ်။

    “ကျွန်မတို့ လယ်ထဲမှာ ၃ ရက်လောက် ပုန်းနေရပြီး သက်ကြီးရွယ်အိုတွေ၊ နေမကောင်းသူတွေနဲ့ ကလေးတွေကို ကူညီပေးခဲ့ရတယ်။ ၂ ရက် ၃ ရက်တစ်ခါလောက် တောထဲကို လှည့်ပတ်ပြေးရပြီး ၉ ကြိမ်လောက် အဲဒီလို ထွက်ပြေးရပါတယ်။ စစ်တပ်က အနောက်ကနေ လိုက်လာတာကြောင့် တောထဲမှာ စခန်းချပြီး နေရတယ်။ စစ်လေယာဉ်သံတွေ၊ သေနတ်သံတွေ၊ စက်သံတွေ၊ ဒရုန်းသံတွေကို တစ်နေ့လုံးတစ်ညလုံး ကြားနေရပါတယ်။ သူတို့များ ကျွန်မတို့ကို မိသွားမလား၊ မိန်းကလေးတွေကို အဓမ္မကျင့်မလား၊ အမျိုးသားတွေကို နှိပ်စက်သတ်ဖြတ်မလားဆိုပြီး ကြောက်နေရတာပါ”

    ဒီလို ထွက်ပြေးရတဲ့အချိန်မှာ မွေးကင်းစကလေးငယ်တစ်ဦး၊ အသက် ၅ နှစ်အရွယ် ယောက်ျားလေးတစ်ဦးနဲ့ အသက် ၆၀ အရွယ် အဖိုးအိုတစ်ဦးတို့ သေဆုံးခဲ့တယ်လို့လည်း သူမက ပြောကြားခဲ့ပါတယ်။ ညွန့်စိန်မိုးဆိုတဲ့ အခြားရွာသားတစ်ယောက်က သူတို့တွေ တော်တော်ကံကောင်းခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    “အနားကမြို့မှာ ကျွန်မတို့ မိတ်ဆွေတွေဟာ လူသားတံတိုင်းအဖြစ် အသုံးပြုခံရတာ၊ တပ်သားအဖြစ် အဓမ္မစုဆောင်းတာတွေကို ခံခဲ့ရပါတယ်။ စစ်တပ်က သူတို့ကို ခေါ်သွားပြီး မြေမြှုပ်မိုင်းတွေ ထောင်ထားတဲ့နေရာမျိုး ရောက်ရင် ယောက်ျားနှစ်ယောက်ကို အရှေ့ကနေ လျှောက်ခိုင်းပါတယ်။ တစ်ယောက်က မိုင်းနင်းမိပြီး ပေါက်ကွဲသွားပါတယ်”

    ဖက်ဒရယ်စနစ်ကို ပိုရဖို့ ဒါမှမဟုတ် လွတ်မြောက်ဖို့အတွက် တိုက်ပွဲဝင်နေပြီး အင်အား တစ်သောင်းလောက်ရှိတဲ့ KIA နဲ့ တိုင်းပြည်ကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ မြန်မာ့တပ်မတော်တို့ဟာ ၁၉၆၂ ခုနှစ်ကတည်းကစပြီး ပဋိပက္ခတွေ ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။

    “ပြဿနာရဲ့ အဓိကရင်းမြစ်က လူ့အခွင့်အရေးကို ကာကွယ်ပေးထားတဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုမျိုး ဖြစ်လာအောင်ဆောင်ရွက်ဖို့ ကချင်တွေရဲ့ တစ်စိုက်မတ်မတ် တောင်းဆိုမှုကို မြန်မာအစိုးရက လက်မခံတာဖြစ်ပါတယ်” လို့ ဘော့လ်က်က ပြောကြားခဲ့ပါတယ်။

    “တိုင်းရင်းသားတွေရဲ့ ပြည်နယ်တွေမှာ သယံဇာတပေါကြွယ်ဝပြီး ကြီးမားတဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေ ရှိတာကြောင့် မြန်မာအစိုးရက ဒီဒေသတွေကို ထိန်းချုပ်ပြီး တိုင်းပြည်ကို တည်ဆောက်ချင်တာပါ”

    တပ်မတော်နဲ့ KIA နှစ်ဖွဲ့စလုံးဟာ သယံဇာတတွေကို မှီခိုရပ်တည်နေရတာဖြစ်ပြီး မြန်မာစစ်တပ်ရဲ့ ၀င်ငွေအများစုကို ကျောက်စိမ်းကနေ ရရှိတာ ဖြစ်ပါတယ်။

    “စစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေ ဆောင်ရွက်နေတဲ့ဒေသဟာ တော်တော်လေးကို မဟာဗျူဟာကျတဲ့ဒေသတွေဖြစ်ပြီး ကျောက်စိမ်း၊ ပတ္တမြားနဲ့ ကျွန်းသစ်ထွက်တဲ့ဒေသတွေကို သူတို့က အဓိက အာရုံစိုက်တာ ဖြစ်ပါတယ်” လို့ ကချင်အမျိုးသမီး ငြိမ်းချမ်းရေးကွန်ယက်က သုတေသနပညာရှင် ဒေါ်ခွန်ဂျာက ပြောကြားခဲ့ပါတယ်။

    “One Belt One Road စီမံကိန်းအပါအ၀င် ကားလမ်းနဲ့ ရထားလမ်း စီမံကိန်းတွေလို နိုင်ငံတော်အဆင့် စီမံကိန်းတွေ ရှိတဲ့ ဒေသတွေဆီကိုလည်း စစ်တပ်က သွားပါတယ်။ KIA က ထိန်းချုပ်ထားတဲ့ ဒေသတွေကို တိုက်ခိုက်တာကြည့်ရင် စစ်တပ်ဟာ သယံဇာတကြွယ်ဝတဲ့ ဒါမှမဟုတ် စီးပွားရေး စီမံကိန်းတွေရှိတဲ့ နေရာတွေကို ကျူးကျော်ဝင်ရောက်နေတယ်ဆိုတာ တွေ့ရမှာပါ။ ပြည်သူတွေ ထွက်ပြေးရမလားဆိုတာကို စစ်တပ်က မကြည့်ပါဘူး။ တိုက်ဖို့ခိုက်ဖို့ပဲ သိပါတယ်”

    “ရပေါက်ရလမ်း ကြီးတယ်လေ။ တရုတ်ရဲ့ One Belt One Road စီမံကိန်းက မြန်မာနိုင်ငံကို ဖြတ်သွားမယ့် စီးပွားရေး စင်္ကြန်လမ်းဖြစ်တယ်။ စီမံကိန်းမှာ အခြေခံအဆောက်အဦးတွေဆောက်လုပ်တာ၊ ကားလမ်း၊ ရထားလမ်းဖောက်ပြီး တရုတ်ပြည်မကြီးနဲ့ ဆက်သွယ်တာတွေ ပါဝင်တယ်။ ဒီလို စီးပွားရေးစင်္ကြန်လမ်း ဖောက်ပြီးသွားရင် သူတို့ဆီကထွက်တဲ့ ကုန်ပစ္စည်းတွေကို ဒေသတွင်းနဲ့ ကမ္ဘာတစ်ဝှမ်းကို ဖြန့်ပြီး ပို့နိုင်ပါလိမ့်မယ်”

    အိမ်မပြန်ချင်ဘူး

    ၁၇ နှစ်ကြာ အပစ်ရပ်ရေး ၂၀၁၁ ခုနှစ်မှာ ပျက်ပြယ်သွားပြီး နိုင်ငံရေးတိုးတက်မှုတွေ မမြင်ရပေမယ့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူအရေအတွက် ထောင်နဲ့ချီ တိုးလာပါတယ်။

    “ဧပြီလမှာ စစ်တပ်ဟာ ထရပ်ကားတွေနဲ့ စစ်သား တစ်ထောင်လောက်ကို တင်ပြီး ထွက်သွားတယ်လို့ ကျွန်မတို့ကြားတယ်။ ကျွန်မတို့နားက နေရာတွေကိုလည်း တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်တယ်။ စက်သေနတ်ပစ်သံတွေကိုလည်း ကျွန်မတို့ ကြားပါတယ်။ ကျွန်မတို့ကြောက်ပြီး နောက်ရွာတစ်ရွာကိုထွက်ပြေးကာ အဲဒီမှာ ပုန်းနေကြတယ်။ တစ်ချို့တွေကို မြန်မြန်ကယ်ထုတ်သွားပေမယ့် ပြဿနာဖြစ်နေတဲ့ နေရာနားက စစ်ဆေးရေးဂိတ်တစ်ခုမှာ လူတစ်ချို့ ကျန်ခဲ့ပြီး သူတို့အတွက် တစ်ပတ်စာ စားစရာတောင် မလောက်ပါဘူး” လို့ ကချင်ပြည်နယ်အတွင်း ဒုက္ခသည်စခန်းတစ်ခုမှာ နေထိုင်နေရတဲ့ ဒေါ် သန်းခင်ခင်က ပြောကြားခဲ့ပါတယ်။

    သူမရဲ့ သူငယ်ချင်းဖြစ်သူ သူရဇော်ဝင်းက “ကျွန်တော်တို့နား ရွာတွေက မိတ်ဆွေတွေ ထွက်မပြေးနိုင်ကြဘူး။ တိုက်ခိုက်မှုတွေ ဖြစ်နေပြီး သူတို့ခေါင်းပေါ်ကနေ ကျည်ဆန်တွေ ပျံဝဲနေတာတောင်မှ သူတို့ကို ထွက်ခွာခွင့် မပေးပါဘူး။ ရန်သူတွေ တိုက်ခိုက်လို့မရအောင် ရွာသားတွေကို လူသားတံတိုင်းအဖြစ် အသုံးပြုထားကြတယ်” လို့ ပြောကြားခဲ့ပါတယ်။

    နိုင်ငံတကာ ကြက်ခြေနီဖွဲ့လို အသင်းအဖွဲ့တွေဟာ အဲဒီ ဒုက္ခသည်စခန်းတွေကိုသွားပြီး ကူညီတာ၊ တဲတွေကို ပြန်ဆောက်ပေးတာ၊ လျှပ်စစ်မီးနဲ့ သန့်ရှင်းတဲ့သောက်သုံးရေရမယ့် တဲအသစ်တွေ ဆောက်လုပ်ပေးတာတွေမှာလည်း အခက်အခဲတွေ ရှိနေပါတယ်။

    ဒုက္ခသည်စခန်းမှာ နေနေရတာတောင်မှာ ပြည်သူတွေက လုံခြုံမှု မရှိပါဘူး။

    နိုင်ငံကတာအကူအညီတွေ နည်းတာကြောင့် “စိုးရိမ်မှုတွေ ရှိနေပယ့် တစ်ချို့ဟာ သူတို့ရွာကို သူတို့ပြန်သွားကြပြီး လာမယ့်ဘေး ပြေးတွေ့ကြတယ်” လို့ ဒေါ်ခွန်ဂျာက ပြောပါတယ်။

    “အိမ်ကနေထွက်ပြေးတဲ့အခါ အားလုံးထားခဲ့ရပြီး လက်ဗလာနဲ့ အိမ်ပြန်ရတာပါပဲ။ သူတို့တွေဟာ မိုင်းထိနိုင်တယ်။ တပ်မတော်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကိုလည်း ခံရနိုင်ပါတယ်။ ၂၀၁၇ ခုနှစ်ကနေစပြီး ဒုက္ခသည်စခန်းတွေက လူ ၅ ဦးကို တပ်မတော်က ဖမ်းဆီး နှိပ်စက်ပြီး သတ်ဖြတ်ခဲ့တယ်။ အဲဒီထဲမှာ တစ်ယောက် အသက် ၆၅ နှစ်အရွယ်ဖြစ်ပြီး နောက်တစ်ယောက်က မသန်စွမ်းသူပါ”

    ကိုထွန်းကြည်လွင်က “ကျွန်တော်တို့ အိမ်မပြန်ချင်ဘူးဗျ။ အန္တရာယ်မကင်းမှာကို ကျွန်တော်တို့ ကြောက်တယ်။ အိုးအိမ်စွန့်ခွာ ထွက်ပြေးသူတွေ ပြန်မလာခင်အရင် ပဋိပက္ခတွေ ဖြေရှင်းဖို့ လိုအပ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

    အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ နောက်တစ်ဦးဖြစ်တဲ့ ကိုညွန့်စိန်မိုးက “အနားက ရွာသားတွေကို ပြန်လာဖို့ပြောကြတယ်။ သွားတာနဲ့ သူတို့ အပစ်ခံရတာပဲ။ အဆင်ပြေသွားမယ်လို့ လူတိုင်းက ပြောပေမယ့် တိုက်ပွဲမှာ ကြားညပ်ပြီး ပြန်ထွက်ပြေးလာရတာပါပဲ” လို့ ဖွင့်ဟခဲ့ပါတယ်။

    မြေယာသိမ်းမှု

    ပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးရပြီး စခန်းတွေမှာ ပိတ်မိနေတဲ့အချိန် သူတို့ရဲ့မြေယာတွေမှာ တရုတ်ကုမ္ပဏီတွေက ငှက်ပျောသီးတွေ ၀င်ရောက်စိုက်ပျိုးပြီး တရုတ်နိုင်ငံကို ပြန်လည်တင်ပို့နေကြပါတယ်။

    ကချင်လူ့အခွင့်အရေးအဖွဲ့တွေက ကချင်ပြည်နယ်အတွင်း အဲဒီလိုလုပ်နေတဲ့ ကုမ္ပဏီ ၂ ဒါဇင်လောက်နဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူ ထောင်ချီရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့သူတွေဟာ သူတို့မြေတွေအပေါ် ဒီလိုလုပ်နေတာကို မသိကြသူတွေလည်း ရှိသလို၊ တရုတ်ကုမ္ပဏီတွေက စခန်းတွေကို အေးဂျင့်တွေလွှတ်ပြီး ပိုက်ဆံနည်းနည်းပေးပြီး မြေငှားရမ်းတာမျိုးတွေလည်း ရှိပါတယ်။

    မျှော်လင့်ချက်မရှိတဲ့ လူတော်တော်များများက လက်ခံကြရပါတယ်။ လက်မခံတဲ့သူတွေကို အစိုးရက ဒီမြေတွေပေါ်မှာ စက်မှုဇုန်ဆောက်ကာ ကုမ္ပဏီတွေကို ငှားရမ်းမှာပဲလို့ ခြိမ်းခြောက်တာခံရကြောင်း ထိုင်းနိုင်ငံ ကချင်အမျိုးသမီးအသင်းရဲ့ တွဲဖက်အတွင်းရေးမှူး San Htoi က ပြောပါတယ်။

    ဒီမြေပေါ်မှာ မျိုးဆက်ပေါင်းများစွာ နေထိုင်ခဲ့ပေမယ့် တရားဝင် စာရွက်စာတမ်းမရှိတာကြောင့် တရားတစ်ဘောင် ရင်ဆိုင်ရာမှာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေက ရှုံးနိမ့်ကြရပါတယ်။ နောက်ဆုံးမှာတော့ ပြန်စရာအိမ် မရှိကြတော့တာ၊ အရဲစွန့် ပြန်ပြီး ကိုယ့်နေရာကိုယ် ကာကွယ်ရတာတွေ ဖြစ်လာပါတယ်။

    “ကိုယ့်အိမ်ကိုယ့်ယာကပဲ တရားမ၀င်ဖြစ်လာတာမျိုးပေါ့။ ဧကထောင်နဲ့ချီတယ်။ ပဋိပက္ခတွေဖြစ်နေတဲ့ ဒေသတွေကို ပြည်သူတွေက ပြန်သွားရင် တပ်မတော်က ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေလည်း တော်တော်များများ ဖြစ်နေပါတယ်” လို့ ဒေါ်ခွန်ဂျာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Fortify Rights က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ငြင်းပယ်မှုကို လက်နက်တစ်ခုအဖြစ် အစိုးရနဲ့ စစ်တပ်အာဏာပိုင်တွေက အသုံးပြုနေတာကြောင့် ကချင်ပြည်နယ်မှာ အကူအညီ ၀င်ရောက်ခွင့်တွေ လျှော့ကျလာတယ်လို့ ဖော်ပြထားပါတယ်။

    “နိုင်ငံတကာ အကူအညီတွေကို အစိုးရက ပိတ်ပင်နေတာကြောင့် စခန်းကလူတွေ အသက်ရှင်သန်ဖို့ ခက်ခဲလာပါတယ်။ ကချင်ပြည်နယ်က တစ်ချို့ စခန်းတွေမှာ ဘယ် NGO ရဲ့ ကူညီထောက်ပံ့မှုမှ မရဘူး။ ပြောင်းရွှေ့လာသူ တော်တော်များများက အဲဒီမှာ မနေချင်ကြတော့ဘူး။ သူတို့ရဲ့နေရပ်ကို သူတို့ ပြန်ချင်တယ်။ အန္တရာယ်ရှိပေမယ့် သူတို့မြေတွေ ဆုံးရှုံးမှာလည်း ကြောက်ကြတယ်လေ” လို့ San Htoi က ပြောကြားခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည် အာဏာရလာမယ်ဆိုရင် အခြေအနေတွေ ပြောင်းလဲလာလိမ့်မယ်လို့ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ လူတော်တော်များများက မျှော်လင့်ခဲ့ကြပါတယ်။

    ကုလသမဂ္ဂရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးမှူးရုံးရဲ့ မြန်မာနိုင်ငံရုံးက ပြည်သူ့ဆက်ဆံရေးနဲ့ အကြံပေးအရာရှိ ပီယာရီ ပီရွန်က ၂၀၁၅ ရွေးကောက်ပွဲပြီးနောက်ပိုင်း အစိုးရထိန်းချုပ်ထားတာမဟုတ်တဲ့ ဒေသတွေမှာ အကူအညီပေးရေးအဖွဲ့တွေ ၀င်ရောက်ခွင့်ရဖို့ ပိုမိုခက်ခဲလာတယ်လို့ ပြောကြားခဲ့ပါတယ်

    “၂၀၁၅ မတိုင်ခင်တုန်းက အစိုးရထိန်းချုပ်ထားတာမဟုတ်တဲ့ ဒေသတွေက စခန်းတွေမှာ သွားရောက်အကူအညီပေးရေး ခွင့်ပြုချက် ရကောင်းရနိုင်ပေမယ့် အဲဒီနောက်ပိုင်း ဒီဒေသတွေနဲ့ လုံးဝနီးပါး အဆက်အသွယ်ပြတ်သွားပါတယ်။ ရွေးကောက်ပွဲနောက်ပိုင်း ကချင်ပြည်နယ်က ပြည်သူတော်တော်များများရဲ့ အခြေအနေဟာ ပိုမိုဆိုးဝါးလာခဲ့ပါတယ်။ ဒါဟာ ၀မ်းနည်းစရာကောင်းတဲ့အချက်ပါ”

    လူ့အခွင့်အရေး ကျွမ်းကျင်သူဖြစ်တဲ့ ဘော့လ်က်က အကူအညီပေးရေး ခွင့်မပြုတာဟာ ကချင်တွေအပေါ် မြန်မာစစ်တပ်က အရင်ကတည်းကလုပ်ခဲ့တဲ့ ကြိုတင်ကြံစည် လူ့အခွင့်အရေးချိုးဖောက်မှုတွေထဲက တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။

    “တရားလက်လွတ်သတ်ဖြတ်တာ၊ လိင်အကြမ်းဖက်တာ၊ ညှင်းပမ်းတာ၊ လူသားတံတိုင်းအဖြစ် အသုံးချတာ၊ တရားလက်လွတ်ဖမ်းဆီးတာ၊ အကူအညီတွေကို ပစ်မှတ်ထားပြီး ငြင်းပယ်တာလို လုပ်ရပ်မျိုးတွေဟာ တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာပါတယ်။ ဒီလုပ်ရပ်ကျူးလွန်သူတွေကို အရေးမယူနိုင်သမျှ ကာလပတ်လုံး ဒီလုပ်ရပ်တွေက ဆက်လက် ဖြစ်ပေါ်နေမှာ ဖြစ်ပါတယ်”

    Ref: Aljazeera

    (အလ်ဂျာဇီးရား သတင်းဌာနတွင် ဖော်ပြထားသည့် The Kachin IDP crisis: Myanmar’s other humanitarian disaster ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • အီရန်နှင့် ဆက်လက်ကုန်သွယ်နိုင်ရေး ဥရောပက လမ်းကြောင်းရှာမည်

    အီရန်နှင့် ဆက်လက်ကုန်သွယ်နိုင်ရေး ဥရောပက လမ်းကြောင်းရှာမည်

    ဒီဇင်ဘာ ၁၁၊ ၂၀၁၈
    M-Media

    ဥရောပသမဂ္ဂ နိုင်ငံခြားရေးဆိုင်ရာ အကြီးအကဲ ဖက်ဒရီကာ

    – အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ကျော်ပြီး ဒေါ်လာမဟုတ်တဲ့ငွေကြေး အသုံးပြုကာ အီရန်နဲ့ ကုန်သွယ်မှုတွေ ပြုလုပ်နိုင်ဖို့အတွက် နည်းလမ်းတစ်ခုကို သိပ်မကြာခင်မှာ ဖော်ဆောင်သွားမယ်လို့ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးဆိုင်ရာ ပေါ်လစီအကြီးအကဲ ဖက်ဒရီကာ မိုဂ်ဟီရီနီက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    အီရန်ဟာ ၂၀၁၅ ခုနှစ်က အင်အားကြီး ၆ နိုင်ငံနဲ့ ရရှိခဲ့တဲ့ နျူသဘောတူညီချက်အတိုင်း မလိုက်နာဘူးလို့ဆိုကာ အမေရိကန်က မေလမှာ သဘောတူညီချက်ကနေ နှုတ်ထွက်ခဲ့ပြီး အီရန်ရဲ့ ကုန်သွယ်ရေးနဲ့ စွမ်းအင်ကဏ္ဍတွေအပေါ် သြဂုတ်လနဲ့ နိုဝင်ဘာလတွေမှာ ပိတ်ဆို့မှုတွေ ပြန်လည်လုပ်ဆောင်ခဲ့ပါတယ်။

    သဘောတူညီချက်မှာ ပါဝင်တဲ့ ဥရောပ သမဂ္ဂနဲ့ အခြားနိုင်ငံတွေက စာချုပ်အတိုင်း လိုက်နာပြီး အီရန်နဲ့ စီးပွားရေးဆက်သွယ်မှု ဆက်လက်လုပ်ဆောင်ဖို့အတွက် ကြိုးစားနေပါတယ်။

    မနေ့က ဘရပ်ဆဲလ်မှာပြုလုပ်တဲ့ ဥရောပနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံပွဲမှာ မိုဂ်ဟီရီနီက အီရန်နဲ့ ကုန်သွယ်ရေး ဆက်လက်လုပ်ဆောင်နိုင်မယ့် လမ်းကြောင်းတစ်ခုကို ရှာဖွေနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “တရားဝင် စီးပွားရေးလုပ်ဆောင်မှုတွေကို ကာကွယ်နိုင်ဖို့နဲ့ ပိုမိုမြှင့်တင်နိုင်ဖို့အတွက် လမ်းကြောင်းတစ်ခု အခုနှစ်မကုန်ခင် ပေါ်ပေါက်လာဖို့ ကျွန်မ ဆောင်ရွက်သွားမှာပါ”

    ဘယ်လိုလမ်းကြောင်းမျိုးလည်းဆိုတာ အသေးစိတ် မပြောခဲ့ပေမယ့် လုပ်ဆောင်မှုတွေက တော်တော်လေးကို ချောမွေ့နေတယ်လို့ သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ကျော်ဖြတ်ပြီး ဥရောပနဲ့ စီးပွားရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ဖို့ အီရန်ဟာ ဆွေးနွေးမှုတော်တော်များများကို လုပ်ဆောင်နေပါတယ်။

    Ref: Press TV

  • ကမ္ဘာမြေကိုစောင့်ကြည့်နိုင်မည့် ပြည်တွင်းဖြစ် ဂြိုဟ်တုနှစ်လုံးကို ဆော်ဒီ လွှတ်တင်

    ကမ္ဘာမြေကိုစောင့်ကြည့်နိုင်မည့် ပြည်တွင်းဖြစ် ဂြိုဟ်တုနှစ်လုံးကို ဆော်ဒီ လွှတ်တင်

    ဒီဇင်ဘာ ၁၁၊ ၂၀၁၈
    M-Media

    – ကမ္ဘာမြေပြင်ကို စောင့်ကြည့်ရေး လုပ်ငန်းတွေမှာ အသုံးပြုနိုင်မယ့် ပြည်တွင်းဖြစ်ဂြိုဟ်တုနှစ်ခုကို ဆော်ဒီအာရေဗျက ပြီးခဲ့တဲ့တစ်ပတ်မှာ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။

    Sat 5a နဲ့ Saudi Sat5b လို့ အမည်ပေးထားတဲ့ အဲဒီ ဂြိုဟ်တုနှစ်ခုကို ဆော်ဒီအာရေဗျရဲ့ တိကျမှုမြင့်မားတဲ့ အဝေးထိန်း ဂြိုဟ်တု ဒုတိယမျိုးဆက် ဖြစ်ပြီး ‘ကင်းအဘ်ဒူလ်အဇစ် သိပ္ပံနဲ့ နည်းပညာမြို့တော်’ (KACST) ကနေ ထုတ်လုပ်တာ ဖြစ်ပါတယ်။

    တရုတ်နိုင်ငံ ဂျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာကနေ လွှတ်တင်ခဲ့တာဖြစ်ပြီး ကမ္ဘာရဲ့ ပတ်လမ်းအနိမ့်တွေကနေ အရည်အသွေးမြင့် ပုံရိပ်တွေကို ရိုက်ကူးကာ ဆော်ဒီအစိုးရဌာနတွေဆီ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဒီပုံတွေဟာ မြို့ပြစီမံကိန်းတွေအတွက် အသုံးဝင်မှာဖြစ်သလို ကမ္ဘာမြေပြင်ပေါ်က လှုပ်ရှားပြောင်းလဲမှုတွေကို စောင့်ကြည့်ရာမှာလည်း အကူအညီ ဖြစ်စေမှာ ဖြစ်ပါတယ်။

    လရဲ့ အမှောင်ဘက်ခြမ်းကို လေ့လာရေးဆိုတဲ့ တရုတ်ရဲ့ Chang’e စီမံကိန်းနဲ့ပူးပေါင်းကာ KACST ဟာ ဂြိုဟ်တု ၁၃ ခု လွှတ်တင်ထားပြီး မြေပြင်နဲ့ ရေပြင် စောင့်ကြည့်ရေးစနစ်တွေအတွက် အသုံးပြုနေပါတယ်။

    ဆော်ဒီရဲ့ ၂၀၃၀ စီမံကိန်း Vision2030 မှာ နိုင်ငံရဲ့ မဟာဗျူဟာကျတဲ့ နည်းပညာတွေကို ပြည်တွင်းမှာပဲ ထုတ်လုပ်အသုံးပြုနိုင်ရေး၊ ဂြိုဟ်တုတည်ဆောက်ရေးလို အဆင့်မြင့်နည်းပညာကဏ္ဍအတွက် ဆော်ဒီလူငယ်တွေကို ပံ့ပိုးပေးရေး လုပ်ငန်းလည်း ပါဝင်ပါတယ်။

    Ref: Arab News

  • အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ

    အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ

    ဒီဇင်ဘာ ၁၁၊ ၂၀၁၈
    M-Media

    အခွန်တက်မည့်ကိစ္စ ပြည်သူကျေနပ်အောင် လုပ်ပေးမည်ဟု ပြင်သစ်သမ္မတပြော
    =========================
    လာမယ့်နှစ်ကစပြီး လစာတိုးတာ၊ အငြိမ်းစားတွေရဲ့ အခွန်မြှင့်တင်ဖို့ စီစဉ်မှုကို ဖျက်သိမ်းတာတွေ လုပ်ဆောင်သွားမယ်လို့ ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်က မနေ့မှာ ကြေငြာလိုက်ပြီး ကြပ်တည်းမှု ပြဿနာတွေကြောင့် ၄ ပတ်တာ ကြာမြင့်နေတဲ့ ပြည်သူတွေရဲ့ ဆန္ဒပြမှုကို အဆုံးသတ်ဖို့ကြိုးစားမှု တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ သူ့ရဲ့ ပြောကြားမှုတစ်ချို့ဟာ ပြည်သူတွေကို ထိခိုက်နာကျင်စေခဲ့တယ်လို့ မာခရွန်က ၀န်ခဲ့ပေမယ့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကိုတော့ ဆက်လက်
    လုပ်ဆောင်သွားမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ မြို့တော်ပဲရစ်က ဆန္ဒပြမှုတွေကြောင့် ပြင်သစ်စီးပွားရေးမှာ ကန်ဒေါ်လာ ၁.၅ ဘီလီယံလောက် ပျက်စီးဆုံးရှုံးမှုတွေ ရှိနေပါတယ်။

    1MDB ကိစ္စအတွက် မလေးဝန်ကြီးချုပ်ဟောင်း ထပ်အဖမ်းခံရ
    ======================
    ဒေါ်လာ သန်းရာချီ ပျောက်ဆုံးခဲ့တဲ့ နိုင်ငံပိုင်လုပ်ငန်း 1Malaysia Development Berhad (1MDB) ရဲ့ စာရင်းအင်း ထုတ်ပြန်ချက်ကို ပြင်ဆင်မှုအတွက် မလေးရှား ခြစားမှုတိုက်ဖျက်ရေးကော်မရှင်က ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ကို မနေ့မှာ ဖမ်းဆီးခဲ့ပါတယ်။ 1MDB ကုမ္ပဏီရဲ့ စာရင်းတွေကို စစ်ဆေးပြီးတဲ့နောက် ထုတ်ပြန်ချက်မှာ တစ်ချို့အချက်တွေကို ဖြုတ်ထားခဲ့ပြီး ဒီကိစ္စကို နာဂျစ်သိခဲ့တယ်လို့ မလေးရှား စာရင်းစစ်ချုပ် မဒီနာ မိုဟာမက်က နိုဝင်ဘာလ ၂၅ ရက်နေ့မှာ
    ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ နာဂျစ်ဟာ ဒီကိစ္စနဲ့ပတ်သက်လို့ ခြစားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးကို လာရောက် ထွက်ဆိုစဉ်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး နောက်ပိုင်းမှာ အာမခံနဲ့ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ နာဂျစ်နဲ့ 1MDB ဥက္ကဌဟောင်း အေရူလ် ကန်ဒါတို့ကို ဗုဒ္ဓဟူးနေ့မှာ အစိုးရက တရားစွဲမယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ မလေးရှား ၀န်ကြီးချုပ်ဟောင်း နာဂျစ်ဟာ လက်ရှိခြစားမှုစွဲချက်တွေနဲ့ တရားစွဲဆိုခံထားရပါတယ်။

    IS ကို တိုက်ထုတ်နိုင်သည့် တစ်နှစ်ပြည့်အခမ်းအနား အီရတ်တွင်ကျင်းပ
    =====================
    IS အကြမ်းဖက်အဖွဲ့ကို တိုက်ထုတ်နိုင်ခဲ့တဲ့ တစ်နှစ်ပြည့်အခမ်းအနားကို မနေ့က အီရတ်နိုင်ငံတစ်ဝှမ်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်ကစပြီး IS အကြမ်းဖက်အဖွဲ့ဟာ ဒုတိယမြို့တော် မူဆိုးလ် အပါအ၀င် အီရတ်နိုင်ငံရဲ့ ၃ ပုံ ၁ ပုံလောက်ကို သိမ်းယူခဲ့ပါတယ်။ အီရတ်အစိုးရဟာ ဒီနယ်မြေတွေကို ပြန်ရဖို့အတွက် ၃ နှစ်ကြာ တိုက်ခိုက်ခဲ့ရပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ ပြန်လည်ရရှိခဲ့ပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့ကို အီရတ်အစိုးရက အမျိုးသားနေ့အဖြစ် ကြေငြာခဲ့ပါတယ်။ IS အကြမ်းဖက်အဖွဲ့ဟာ လက်ရှိ အီရတ်နိုင်ငံမှာ တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။

    ဟောင်ကောင်တွင် ဘတ်စ်ကား ဆင်ခြေလျှောမှ ထိုးဆင်းမှုကြောင့် ၄ ဦးသေဆုံး
    =======================
    ဟောင်ကောင်မှာ မနေ့က ဘတ်စ်ကားတစ်စီး ဆင်ခြေလျှောကနေ ထိုးဆင်းသွားပြီး လမ်းသွားလမ်းလာတွေကို တိုက်မိခဲ့တာကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ကားမောင်းသူ ဆင်းလာပြီးတဲ့နောက်မှာ ကားက အနိမ့်ပိုင်းကို လိမ့်ဆင်းသွားတာဖြစ်ပြီး ရဲတပ်ဖွဲ့က ဒရိုင်ဘာဟာ hand break ဆွဲဖို့ မေ့သွားတာ၊ ဒါမှမဟုတ် သေချာမဆွဲခဲ့တာ ဖြစ်မယ်လို့ ပြောကြားခဲ့ပါတယ်။ သေဆုံးသူတွေဟာ အသက် ၇၀ ကျော်အရွယ် အဖိုး ၂ ဦးနဲ့ အဖွားနှစ်ဦးတို့ဖြစ်ပြီး ဒဏ်ရာရသူတွေထဲမှာ ကားဒရိုင်ဘာလည်း ပါဝင်ပါတယ်။

    Ref: Aljazeera, CNA, Arab News

  • မြန်မာနိုင်ငံ၏ နိုင်ငံရေး ရပ်ဝန်းများ အခြေခံ ကောင်းမှ မေ့မေ့ဆန္ဒ ပြည့်ဝ နိုင်မည်။

    မြန်မာနိုင်ငံ၏ နိုင်ငံရေး ရပ်ဝန်းများ အခြေခံ ကောင်းမှ မေ့မေ့ဆန္ဒ ပြည့်ဝ နိုင်မည်။

            နိုင်ငံတစ်ခု တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်နိုင်ရန် နိုင်ငံရေး ပတ်ဝန်းကျင် ကောင်းများ (Positive Political Ambience) ဖန်တီး ပြင်ဆင် ထားဖို့လိုသည်ဟု ပညာရှင်များက တညီတညွတ်တည်း ဆိုကြ၏။ ဒါဆိုရင် လက်ရှိ မြန်မာ နိုင်ငံ၏ နိုင်ငံရေးဝန်းကျင်ကို လေ့လာကြည့်ကြပါစို့။  

    ၁။ နိုင်ငံသားတို့ ပိုင်ဆိုင်သော အာဏာနှင့် ဥစ္စာပစ္စည်းများကို အဓမ္မ သိမ်းယူခြင်းဖြင့် စတင် သန္တေတည်။

    ၁၉၆၂ ခုနှစ် တွင် ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်သော စစ်ကောင်စီမှ ပြည်သူတို့ ပိုင်ဆိုင်သော နိုင်ငံတော် အာဏာ အရပ်ရပ် (ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး) ကို စစ်အာဏာ သိမ်းခြင်းဖြင့် အခြေခံ ရပ်ဝန်းကောင်း တစ်ခုမှ စတင် ထွက်ခွာ သွားခဲ့သည်။

    နိုင်ငံခြား ကုမ္မဏီကြီးများကို လျှော်ကြေးပေးသော်လည်း နိုင်ငံသား ပြည်သူတို့၏ စီးပွားရေး လုပ်ငန်း ငယ်လေးများကို လုံးဝလျော်ကြေး မပေးသည့် အပြင် နိုင်ငံတော်မှ အသိ အမှတ်ပြု မော်ကွန်းဝင် လက်မှတ် လေး တစ်ခု တောင် မပေးဘဲ ပြည်သူပိုင် သိမ်း သည် ဟူ၍ အမည်လှလှ ပေးပြီး နိုင်ငံသားများ ပိုင်ဆိုင်သော ဆိုင်ခန်းနှင့် ပစ္စည်းများကို အဓမ္မ သိမ်းယူသွားကြသည်။

    အဓမ္မ ပြည်သူပိုင် သိမ်းခြင်း ရပ်ဝန်း၏ အကျိုးဆက်များကို ကြည့်သော် ….

    (က) တိုင်းပြည်၏ ကုန်လုပ် အရင်းအနှီးများ ဖြစ်သော စက်ရုံ အလုပ်ရုံများသည် ပြည်သူပိုင်သိမ်း အစိုးရ၏ စီမံခန့်ခွဲပုံ ညံ့ဖျင်းမှုကြောင့် တစတစ ပိတ်သိမ်းလိုက်ကြရသည်။ အဓမ္မ ဓားပြ တိုက်သည့် သဏ္ဌန်ဖြင့် ပြည်သူ ပိုင် သိမ်းယူရာတွင် ကုန်လုပ် အရင်းအနှီး (Hardware) ဖြစ်သော စက်ရုံ များသာ ရရှိသွားပြီး လုပ်ငန်း လည် ပတ်ရာတွင် အရေးပါသည့် ကုန်လုပ် ဆက်ဆံရေး (software) ဖြစ်သော စီမံ ခန့်ခွဲမှု ပညာ မပါသွားသည့် အတွက် ကုန်ထုတ်လုပ်ရေး လုပ်ငန်းများ အားလုံး ဆုံးရှုံး ကုန်ခဲ့ ကြသောကြောင့် တိုင်းပြည်၏ ပိုင်ဆိုင်မှု (Asset) များ ပြိုကွဲကာ ပြည်သူပိုင်သိမ်းပြီး နှစ်ပေါင်း အစိတ် အကြာတွင် အဆင်းရဲဆုံး နိုင်ငံအဖြစ် ဦးနေဝင်း ကိုယ်တိုင် ကြေငြာ ခဲ့ရလေသည်။

    (ခ) ပြည်သူပိုင် အသိမ်းခံရသော မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီး မြှုပ်နှံနေကြသည့် လုပ်ငန်းရှင်များသည် မိမိတို့၏ အတွင်းပစ္စည်းများနှင့် စုဆောင်းထားသော ငွေကြေးများကို မှောင်ခို လမ်းကြောင်းများမှ တဆင့် သော်၎င်း၊ သက်ဆိုင်ရာ သံရုံးများမှ တဆင့်သော်၎င်း တိုင်းပြည်ပြင်ပသို့ ထုတ်ယူ သွားကြသော အခါ ဒုတိယ အကြိမ် (Asset) များ ပြိုကွဲကာ တိုင်းပြည်တွင် အခွံသာ ကျန်ပါတော့သည်။

    (ဂ) သို့သော် ပြည်သူပိုင်သိမ်း အစိုးရ အနေဖြင့် အမြင်မှန် မရဘဲ နိုင်ငံခြားသို့ စွန့်ခွာသွားသူများ စွန့်လွှတ် ခဲ့ကြသော အိမ်ခန်းများ ကို သော့တက်ခတ်ပြီး အိုးအိမ်ခန်းအဖြစ် ကြေငြာကာ အစိုးရ ဝန်ထမ်းများကို နေရာ ချထားပေးလေသည်။ ထိုဝန်ထမ်းများ ပင်စင်ယူသော အခါ ထို အိုးအိမ် တိုက်ခန်းများကို ရောင်းချ သွားခဲ့ ကြလေသည်။ အလကားရ၍ မြတ်သည်ဟုထင်သော သိမ်းယူထားသည့် မြေယာနှင့် အဆောက် အအုံ တချို့ကို ယခု အခါ မူလ ပိုင်ရှင်သို့ ပြန်လည် ပေးအပ်နေကြရ၏။ မြေယာများ သိမ်းယူစဉ်က ဥပဒေနှင့် အညီ မသိမ်း ခဲ့လေတော့ ပြန်လည် စွန့်လွတ်သောအခါ ပိုင်ဆိုင်မှု အငြင်းပွားစရာများ ဖြစ်ပေါ်နေလေသည်။

    (ဃ) တိုင်းပြည် ပြာပုံ ဘဝရောက်မှ မှားမှန်းသိသော Policy Makers တို့သည် ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ (၃၅၆) တွင် နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင် ရရှိ ပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ`့ပြောင်းနိုင်သော ပစ္စည်းများနှင် စပ်လျင်း၍ ဥပဒေ အရ ကာကွယ်ပေးရမည် ဟု ထည့်သွင်း ရေးသား လာကြသော်လည်း သူတစ်ပါး၏ ဥစ္စာ ပစ္စည်းများကို အတင်း အဓမ္မ လုယူ၊ ဖျက်ဆီးတတ်သည့် ရပ်ဝန်းက တိုင်းရင်းသား ပြည်နယ်နှင့် နယ်စပ် ဒေသများတွင် ယခုတိုင် အားကောင်းနေ ပြန်သည်။

    ၂။ တဖက်စောင်းနင်း ဥပဒေ ရေးစွဲ ပြုစုသည့် ရပ်ဝန်း စတင် ဖြစ်တည်လာခြင်း။

    ထိုသူတို့သည် ဥပဒေမဲ့ ပြည်သူပိုင် သိမ်းပြီးနောက် ဥပဒေနှင့် အနိုင်ကျင့်လျှင် တရားမျှတ သည်ဟု ယူဆ လာကြပြန်သည်။ ထိုအခါ ဥပဒေပြုရာတွင် လိုက်နာ စံပြုရမည့် တရားမျှတမှု ဘောင်ကို ကျော်၍ အိမ်ပိုင်ရှင်ကို ဖိနှိပ်ပြီး အိမ်ငှားကို အသာစီး ပေးထားသော အိမ်ရှင် အိမ်ငှား ဥပဒေကို တဖက်သတ် ပြဌာန်း လိုက်သောကြောင့် အိမ်ငှားများမှ အိမ်ကို ဖယ်မပေးဘဲ အပိုင်စီးယူမှုများ ယနေ့တိုင် ဖြစ်ပေါ်နေပါသည်။

    အိမ်ငှား၏ အကျိုး အတွက် ဘက်လိုက် ပြဌာန်းထားသော တရားမျှတမှု ကင်းမဲ့သည့် တည်ဆဲ အိမ်ရှင် အိမ်ငှား ဥပဒေ၏ အကျိုးဆက်ကို ကြည့်သော်…

    (က) မြန်မာနိုင်ငံမှ ချမ်းသာ သူတို့သည် မြန်မာပြည်တွင် အိမ်ခန်း မဝယ်ရဲတော့ဘဲ စင်္ကာပူ၊ ထိုင်း၊ မလေး၊ ဒူဘိုင်း၊ ဟောင်ကောင်၊ တရုတ်နှင့် ဥရောပ တိုင်းပြည်များတွင် လူနေ အိမ်ခန်းများ ဝယ်၍ ရင်းနှီး မြှုပ်နှံ ကြလေသည်။

    (ခ) အခန်းပိုင်ရှင် အနေဖြင့် မိမိပိုင် အခန်းကို လက်လွတ်ရှုံးမှုမှ ကာကွယ်ရန် အတွက် နှစ်ချုပ်နှင့် အခန်း ငှားသော ဓလေ့ ပေါ်ပေါက် လာသောကြောင့်လည်း အိမ်ငှားများ ပိုမို အခက် အခဲ တွေ့ကြ ရလေသည်။

    ၃။ တဆင့်တက်၍ လူ့အခွင့်အရေး စံချိန် စံညွှန်းများနှင့် မကိုက်ညီသော ၁၉၈၂ နိုင်ငံသား ဥပဒေကို ရေးစွဲပြဌာန်း။

    လူတို့၏ ပိုင်ဆိုင်မှုများကို ထိပါးလို့ ရသော အခါ ပြည်သူတို့၏ နိုင်ငံသား ဖြစ်မှုကို ဆက်လက် ထိပါး လာသည် အထိ အတင့်ရဲ လာကြလေသည်။ ပင်မ ဥပဒေတွင် အပြစ်လွတ်အောင်ရေးပြီး ဌာနတွင်း ညွှန်ကြား ချက်များဖြင့် ခွဲခြားဆက်ဆံ၏။ နိုင်ငံသားတို့ အကြား သွေးနှော တံဆိပ် ကပ်ပြီး မိမိ အဖေနှင့် အမေကို ရွေး ချယ် ခွင့် မရသော ကပြား ကလေး ငယ်များအား ခွဲခြားဆက်ဆံသောကြောင့် တိုင်းရင်းသူ၊ တိုင်းရင်းသားနှင့် နိုင်ငံသား မိဘ တို့မှ မြန်မာ့ မြေပေါ်တွင် မွေးဖွားသော ကပြား ကလေးများမှာ ဧည့်နိုင်ငံသားများ ဖြစ်ကုန်၏။

    တည်ဆဲ နိုင်ငံတကာ စံနှင့် မညီသော ၁၉၈၂ ဥပဒေ၏ အကျိုးဆက်ကို ကြည့်သော် ….

    (၁) မြန်မာ ကပြားများ နိုင်ငံခြားသို့ ထွက်၍ ပညာသင်ကြ၊ အလုပ် လုပ်ကြသောကြောင့် တိုင်းပြည်အတွက် လူ သား အရင်း အမြစ် ဆုံးရှုံး၏။ ဤအခြေ အနေကို သိသော မလေးရှားက My Second Home Visa ပေးပြီး လူ သား အရင်း အမြစ်နှင့် ငွေသား ရင်းနှီး မြုပ်နှံမှုကို စုဆောင်း၏။ မြန်မာပြည်မှ ဦးနှောက်နှင့် အရင်း အနှီးများ ယိုစီး ထွက်ကုန်၏။

    (၂) ၁၉၈၂ မှတွက်သော် ၃၆ နှစ်ကြာသည့်တိုင် နိုင်ငံသား စိစစ်လို့ မပြီးနိုင်သောကြောင့် ရခိုင်တွင် ကမ္ဘာကျော် ရိုဟင်ဂျာ Ethnic Cleansing ပြဿနာ ဖြစ်နေ၏။ ICC သို့ပင် အမှု ရောက်နေပြီ ဖြစ်၏။

    ၄။ ပုတ်သင်ညို အမတ်များနှင့် ဖွဲ့စည်းထားသော ဥပဒေပြု လွှတ်တော်များ ပေါ်ပေါက်လာခြင်း     ။

    ၁၉၈၇ ခုနှစ်တွင် နိုင်ငံတော် ကောင်စီဝင် ဝန်ကြီးချုပ် ဦးစိန်လွင်က ပြည်သူများ သုံးစွဲနေသော ငွေကြေး များကို တရားမဝင် ဖျက်သိမ်းကြောင်း ကြေငြာပြီးနောက် ထိုခေတ် (မ. ဆ. လ)  မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီ လွှတ်တော်က ထိုကြေငြာချက်ကို မဆိုင်းမတွ အတည်ပြုပေးခဲ့၏။

    ငွေဖျက်သိမ်းမှုကြောင့် နစ်နာသော ပြည်သူများ အုံကြွဖို့ တာစူလာသောအခါ ငွေကြေးဖျက် သိမ်းမှု ကို အတည်ပြု ပေးခဲ့သည့် လွှတ်တော်၌ ထောက်ခံမဲ ပေးခဲ့သော ထန်းတပင် လွှတ်တော် ကိုယ်စားလှယ်ကပင် ငွေကြေး ဖျက်သိမ်းမှုသည် ပြည်သူ လူထုကို နစ်နာစေကြောင်း အဆိုတင်သွင်း ခဲ့လေသည်။

    အကျိုးဆက်က နယ်စပ်များတွင် မြန်မာငွေကို ယုံကြည်မှု မရှိတော့ဘဲ ငွေကြေး လဲလှယ် ရာတွင် တန်ဖိုးကျ သွားပါတော့သည်။ နယ်စပ်မှသွင်းသော ကုန်ပစ္စည်းမှန် သမျှ ဈေးတက် သွားပါသည်။

    ထိုသို့ နောက်ဆက်တွဲ ကုန်ဈေးနှုံး တက်သည့် ပြဿနာများကို ပြည်သူတို့ အလုးအလဲ ခံရပြီးနောက် ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၃၆ ပုဒ်မခွဲ (င) တွင် တရားဝင် ထုတ်ဝေထားသော ငွေကြေးကို တရားမဝင် ငွေကြေး အဖြစ် သတ်မှတ်ခြင်း မပြုရ ဟူ၍ နိုင်ငံတော် အခြေခံမူများတွင် ထည့်သွင်းရေးသား လိုက်ရပါတော့သည်။

    ပုတ်သင်ညိုများ တက်သော လွှတ်တော်မှ ဆုံးဖြတ်ချက်များ၏ ရလဒ်က မြန်မာငွေကြေးကို ယုံကြည်မှု ကင်းမဲ့သွား သောကြောင့် နိုင်ငံခြား ငွေနှင့်ယှဉ်တိုင်း တန်ဖိုး အမြဲ ကျနေလေ့ ရှိ၏။

    ၅။ ယုန်ထောင်ကြောင်မိ ဥပဒေ ပြဌာန်းပေးသည့် လွှတ်တော် ပေါ်ပေါက်လာခြင်း။

    နိုင်ငံသားများ၏ အသက် အိုးအိမ်နှင့် ပိုင်ဆိုင်မှုများကို ဥပဒေနှင့် အညီ အကာ အကွယ် မပေးနိုင်သည့် အစိုးရနှင့် နိုင်ငံတကာ ဥပဒေ စံနှုန်း၊  လူ့ အခွင့် အရေး စံနှုန်း များနှင့် မကိုက်ညီသော ဥပဒေများကို တင်သွင်း အတည်ပြုပေးသည့် လွှတ်တော် ရပ်ဝန်းတွင် မျိုးချစ် အမည်ခံ မျက်ကန်း နိုင်ငံရေး သမားတို့ ပေါ်ထွက်လာ၏။

    အမိန့်ရ မျက်ကန်းမျိုးချစ်တို့က တစ်လင် တစ်မယား မျိုးချစ်ဥပဒေကို ပြဌာန်းရန် ဆော်သြ ဆန္ဒပြကြ၏။ ဥပဒေ တစ်ခု ရေးစွဲရာတွင် လိုက်နာအပ်သော ဥပဒေ စံနှုန်းများကို မသိသော ဥပဒေ ပညာရှင်များက ထိုဥပဒေ ကို ရေးဆွဲ ပေးကြ၏။ လူ့ အခွင့်အရေး စံနှုံး၊ ဥပဒေ စံနှုန်း များနှင့် တည်စဲ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေတို့ကို မသိသော လွှတ်တော် အမတ်များက ထို ဥပဒေ ကို အတည်ပြုပေး ကြကုန်၏၊

    လူ့ အဖွဲ့ အစည်း တစ်ခုကို နှိပ်ကွပ်ရန် ရည်ရွယ်သော ဥပဒေမျိုးကို မရေးစွဲသင့်ကြောင်း အရပ်ဖက် အဖွဲ့ အစည်းများက ကန့်ကွက်သည့်ကြားက မျိုးချစ် ဥပဒေ ပြုသူများက မျိုးချစ် ဥပဒေသည် မည်သည့် လူ့ အ ဖွဲ့ အစည်း ကိုမျှ မရည်ရွယ် ပါဟု ငြင်းဆိုကာ လွှတ်တော် အမတ် ဦးအောင်ကို (ယခု သာ/ယဉ် ဝန်ကြီး) တို့ ပါဝင်သော လွှတ်တော်က အတည် ပြုခဲ့ကြပြီး သမ္မတကြီး ဦးသိန်းစိန်က လက်မှတ်ထိုး ပြဌာန်း ပေးလိုက်သည်။

    ထိုဥပဒေဖြင့် အရေးယူ ခံရသော ဘာသာခြား တစ်ဦးမှ မရှိသည့် အခါ ထိုမျိုးချစ် ဥပဒေကို ယုန်ထောင် ကြောင်မိ ဥပဒေဟု သုံးနှုံးသည်ကို ကြည့်ခြင်း အားဖြင့် ယုန်ဖမ်းရန် ရည်ရွယ်သော ဥပဒေ ဖြစ်ကြောင်း ပေါ်လွင် လာ၏။ ကိုယ့်ရှုး ကိုယ်ပတ် ချိန်တွင် အရပ်ဖက် အဖွဲ့အစည်းများ ကန့်ကွက် နေ သည့် ကြားက မရ မက အတည် ပြုခဲ့ကြသော ထိုမျိုးချစ် ဥပဒေ ဆိုတာ ကြီးကို ပြန်ပြင် ဦးမည်ဟု သာ/ယဉ် ဝန် ကြီး ဦးအောင်ကိုက ဆိုပြန်၏၊ မြင်သာအောင် ပြောရလျှင် ယုန်ထောင် ကြောင်မိ ဥပဒေကို ယုန်ထောင် ယုန်မိ ဥပဒေ ဖြစ်အောင် လည်း ပြင်ဆင်ရေးစွဲရန် နိုင်ငံတကာ စံနှုန်းက ခွင့်မပြုပါ။

    ထို့ပြင်တဝ ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ (၃၆၂၊ ၃၆၃) တို့ အရ နိုင်ငံတော်က အသိ အမှတ်ပြုထားသော ဘာသာများကို ကာကွယ် စောင့်ရှောက် တာဝန် ရှိသည့် သာသနာရေး ဝန်ကြီး ဆိုသူက ဘာသာ ပေါင်းစုံ ချစ်ကြည်ရေးကို စိတ်ထဲ ပါလို့လုပ်နေတာ မဟုတ်ဘဲ စီးပွားရေး ပိတ်ဆို့မှု ရန်မှ ကင်းဝေးရန်သာ ရည်ရွယ် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း လူသိရှင်ကြား ပြောပြန်၏။

    ထိုသို့ နိုင်ငံတကာ ဥပဒေစံ၊ လူ့ အခွင့် အရေး စံနှင့် ၂၀၀၈ ဖွဲ့စည်းပုံတို့ကို အလေးမထားသော လွှတ်တော် ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသော လွှတ်တော်မျိုးသည် တရားမျှတမှု မရှိသော ဥပဒေများကို ဆက်လက် ပြဌာန်းပြီး တိုင်းပြည်ကို မတည် မငြိမ်ဖြစ်အောင် ဆက်လက် လုပ်ဆောင်နေဦးမည်သာ ဖြစ်သည်။

    မြန်မာနိုင်ငံတွင် တရားမျှတမှု (Justice) မရှိပါဟု မြန်မာ့ နိုင်ငံရေးလေ့လာသူများက တစိုက်မတ်မတ် ပြောနေ ကြခြင်းသည်လည်း အထက်ပါ အိမ်ရှင် အိမ်ငှားဥပဒေ၊ ၁၉၈၂ မြန်မာ နိုင်ငံသား ဥပဒေနှင့် မျိုးချစ် ဥပဒေ တို့ကို ဖတ်ရှု ကြည့်ပြီး ပြောဆိုနေ ကြခြင်းဖြစ်၏။

    ၆။ စီရင်ချက်ချရန် အိတ်ပိတ်စာ ဖွင့်ဖတ်ပေး ရသော တရားစီရင်ရေး ရပ်ဝန်း

    လက်ရှိ တရားစီရင်ရေး မဏ္ဍိုင်၏ သရုပ်သကန်ကို ဟာသသရုပ်ဆောင် အောင်ရဲထွေး သတ်မှုတွင် တရားရှင် လွှတ်ပေးလိုက်သည်ကို ကြည့်ရုံဖြင့် အလွယ်တကူ သဘောပေါက်နိုင်ပါသည်။

    ဒုတိယ အချက်ထောက်ပြချင်တာက အင်ဒင်းရွာ လူ အစုလိုက် အပြုံလိုက် သတ်မှုကို ဖေါ်ထုတ်သည့် သတင်း ထောက်များအား နိုင်ငံတော် လျှို့ ဝှက်ချက် ပေါက်ကြားမှုဖြင့် တရားစွဲ ထောင်ချသော အခါ လူ အစု လိုက် အပြုံလိုက် ကို နိုင်ငံတော်က လျှို့ဝှက်စွာ သတ်သည့် အဓိပ္ပါယ် ထွက်စေ၏၊

    ဦးကိုနီ အမှု ရုံးချိန်းတွင် တရားရေး ဌာနကို ထမင်းဝအောင် စားခိုင်းသူများလည်း အရေးယူခြင်း မခံကြရ။

    တရားစီရင်ရေးကို အစိုးရက စွက်ဖက်သည့် ရလဒ်က တရားရေး မဏ္ဍိုင်ကို ပြည်သူတို့ ယုံကြည်မှု မရှိကြတော့ခြင်းပင် ဖြစ်၏။ နိုင်ငံတစ်ခုကို အုပ်ချုပ်ရာတွင် အသက်သွေးကြောဖြစ်သော (Justice) တရား မျတမှုကို တရားရေးဌာနက စောင့်ထိန်းထားသင့်သည်။

     

    ၇။ ဘာသာတရား၏ ပြဌာန်းချက်များကို မလေးစားသာ ဘာသာရေး ခေါင်းဆောင်များ ပေါ်ထွက်လာ၏။

            ပရွက်ဆိတ်တစ်ကောင်တောင် သတ်ခွင့် မရှိသော ဘာသာတစ်ခု၏ ခေါင်းဆောင်က လူသတ်မှု ကျူးလွန်သူတို့အား ကျေးဇူးတင်ကြောင်း လူသိရှင်ကြား ပြောကြားသလို လူ့ အဖွဲ့အစည်း တစ်ခုကို စား စရာ၊ နေစရာ မရှိအောင် လုပ်ဆောင်သွားမည်ဟူ၍လည်း ကြုံးဝါးလိုက်သောအခါ လက်ခုပ် သြဘာ ပေးသူများ အလွန် ပေါများသည်ကို အံ့သြဘွယ်ရာ တွေ့ရ၏။

    ဘာသာတရား၏ တားမြစ်ချက်၊ ဥပဒေတို့၏ ကန့်သတ်ချက်တို့ကို ကျော်လွန်၍ အမုန်းတရား ဟော ကြားသော ဘာသာရေး ခေါင်းဆောင်တို့ကြောင့် မြန်မာ နိုင်ငံ အနှံ့တွင် ဘာသာခြား မဝင်ရ ဆိုင်းဘုတ်များ ပလူပျံ အောင် ထောင်လာကြ၏။

    ဘာသာ သာသနာ ဆိုင်ရာ ပြစ်မှုများနှင့် ဆိုင်သော ရာဇသတ်ကြီး အခန်း (၁၅) ပါ ပုဒ်မ ၂၉၅၊ ၂၉၅ (က)၊ ၂၉၆၊ ၂၉၇၊ ၂၉၈ တို့သည် လူများစု ကိုးကွယ်သော သာသာကြီးကို ကာကွယ်ဖို့ အတွက်သာ အသက် ဝင်ပြီး လူ နည်းစု ကိုးကွယ်သော ဘာသာ သာသနာကို ဖျက်ဆီးသူ၊ ဆော်ကားသူများ အတွက် စာအုပ်ထဲမှာ သာ ရှိသော ဥပဒေတို့ ဖြစ်ကုန်၏။

    အမိန့်ရ အမုန်းတရား လွတ်လပ်စွာ ပွားခွင့် ရခြင်း၏ ရလဒ်မှာ နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှု များကို တားဆီးသော ပြည်တွင်း မငြိမသက်မှု များကို ဖြစ်ပေါ်စေ၏။ ထို့ကြောင့် ဆင်းရဲတွင်း နက်စေ၏။

    ၈။ ဆွံ့အ နားမကြားသည့် အပြင် မျက်စေ့ပါ ကန်းသောခေါင်းဆောင်တို့ ပေါ်ပေါက်လာခြင်း။

    တခါက မျက်စေ့ တဖက် လပ်နေသော ရေတပ်ဗိုလ်ချုပ် တစ်ဦးသည် စစ်ပွဲကို ရပ်တန့်ရန် နိုင်ငံတော် ဝန်ကြီးချုပ်က ထောင်ပြသော အချက်ပြ အလံကို မမြင်ဟန် ဆောင်ပြီး စစ်ပွဲကို ဆက်တိုက်၏။ ထုခြေလွှာ တင်ရသော အခါ လပ်နေသော မျက်စေ့ ဘက်မှ အလံပြ၍ မမြင်ပါဟုဆိုသောကြောင့် American Idiom တစ်ခု ပေါ်ထွက်လာ၏။ Authorities were turning a blind eye to the human rights. ဟူ၏။

    နားကောင်းသော၊ မျက်စေ့ နှစ်ဖက်လုံးမြင်သော မြန်မာခေါင်းဆောင်တို့သည်လည်း တိုင်းပြည်တွင်း ဖြစ်ပျက်နေသော မတရား မှုများကို မကြားဟန်၊ မမြင်ဟန် ဆောင်ကုန်ကြ၏။ မတရားမှု ပြုသူနှင့် ခံရသူ အကြား၊ ကြားနေ ဝါဒ ကျင့်သုံးသူပါ ဟူ၍လည်း ဆင်ခြေ ပေးသော ခေါင်းဆောင်လည်း ကျွန်ုပ်တို့၏ မြန်မာ ပြည်ကြီးတွင် ရှိ၏။ မတရား ပြုမှုကို မသိ ကျိုးကျွန် ပြုသူသည် ကျူးလွန်သူ ကို အားပေး၊ အားမြှောက် ပြုရာ ရောက်၏။

    ကမ္ဘာသိ လူ့ အခွင့်အရေး ချိုးဖောက်မှုများကို မတားမြစ်ဘဲ နူတ်ဆိပ်ကာ ကြားနေခဲ့သည့် နိုင်ငံ ခေါင်းဆောင် တစ်ဦးသည် နောက်ဆုံးတွင် ထိုအပြစ် အတွက် ယခုထက် တန်ဖိုးကြီးကြီး ပိုမို ပေးဆပ်ရန် ရှိသေး၏။ နိုင်ငံပေါင်းချုပ် အသင်းကြီးတွင် ကန့်ကွက်မဲ ပေးမည့် နိုင်ငံတို့က တိုင်းပြည် အတွင်းရှိ လုပ်ပိုင်ခွင့် တို့ကို မျှော်လင့်ကုန်၏။ ဗီတို အာဏာ ပိုင်သော နိုင်ငံ ကြီးကမူ မြန်မာနိုင်ငံ၏ သယံဇာတ တို့ကို မျက်စောင်း ထိုးလေ၏။

    ၉။ ထို့ကြောင့် ဤရပ်ဝန်းတွင် ဖြစ်ထွန်း အားသန်နေသော အနှုတ် လက္ခဏာများ။

            (က) ဆွံ့အ နားမကြား သည့်အပြင် မျက်စေ့ အမြင်ပါ မှုံဝါးနေသော ခေါင်းဆောင်များ ပေါ်ထွက်နေ၏။

    (ခ) နိုင်ငံရေး ကျပ် မပြည့်သော မျိုးချစ်များ ရှိ၏။

    (ဂ) နိုင်ငံတကာ ဥပဒေ စံများနှင့် မယဉ်ပါးသော ဥပဒေ ပညာရှင် အများစု ရှိ၏။

    (ဃ) မဲဆွယ်စဉ်က ဘာသာ လူမျိုး မခွဲခြား သော်လည်း လွှတ်တော် အတွင်း ရောက်သောအခါ

    လူမျိုးတူ ဘာသာတူ သူ များကိုသာ ကိုယ်စားပြုသော လွှတ်တော် အမတ်မင်းများလည်း  ရှိ၏။

    (င) ဥပဒေက မည်သို့ပင် ဆိုစေကာမှု အထက်က ပေးပို့ထားသော အမိန့်စာကို စီရင်ချက် အဖြစ်

    ဖတ်ပြသည့် တရားသူကြီးများ လည်းရှိ၏။ တရားစီရင်ရေး ကဏ္ဍတွင် အဂတိ လိုက်စားမှုက တော့

    ဆိုဖွယ် မရှိ။ အစဉ် အလာ၊ ရိုးရာ ဓလေ့ ဖြစ်လျှက် ရှိ၏။

    (စ) တရားခံကို မြင်လျှက် ဖမ်း၍ မမိသော ရဲများ လည်းရှိ၏၊ ရာဇသတ်ကြီး စာအုပ် အခန်း (၁၅) ပါ

    ပုဒ်မ တို့သည် ဗုဒ္ဓဘာသာကို ထိပါးဆော်ကားသူများကိုသာ ကပ်သော ပုဒ်မတို့ ဖြစ်ကုန်၏။

    (ဆ) ဖွဲ့စည်းပုံက အပ်နှင်းထားသော အာဏာကို အပြည့် အဝ အသုံး မချတတ်သော ရုပ်သေး သမ္မတ

    လည်း ရှိ၏။

    (ဇ) ၂၀၀၈ ဖွဲ့စည်းပုံကို မသိ၍ မလိုက်နာသော၊ ထို့ထက်မက ချိုးဖေါက်သော အစိုးရ အဖွဲ့ဝင်

    ဝန်ကြီးများလည်း ရှိကုန်၏။

    (ဈ) သတ်ခြင်း ဖြတ်ခြင်းနှင့် လုခြင်း ယက်ခြင်း တို့သည် မဆန်း ဆိုသည့် သူများလည်း အမျိုးသား

    နိုင်ငံရေးတွင် တွင်ကျယ်စွာ ပါဝင်နေကြ၏။

    (ည) အစိုးရနှင့် လွှတ်တော်ကို စောင့်ကြည့် တည့်မတ်ရန် အားကောင်းသည့် အရပ်ဖက် အဖွဲ့

    အစည်းနှင့် မီဒီယာများလည်း မရှိပါ။

    ၁၀။ မြန်မာပြည်ကြီး အမှန်တကယ် ပြောင်းလဲသွားအောင် လုပ်ဆောင်ချင်တယ်ဆိုရင် အရင်ဆုံး ထိုရပ်ဝန်းများကို

         ကောင်းအောင် ပြင်ဆင်ပေးပါ။

    အကယ်၍ အသင်သည် ထိုသို့သော အဖက်ဖက်က ယိုယွင်းနေသော ရပ်ဝန်းများကို မပြုပြင်ဘဲ မြန်မာ နိုင်ငံသည်   နောင် အနှစ် ၂၀ အကြာတွင် စင်္ကာပူကို ကျော်တက်မည်ဟု ပြောအံ့၊ ထို အပြောသည် နိုင်ငံ တကာ ခေါင်းဆောင်များ အကြား အပျင်းပြေ ဟာသ တစ်ခုထက် ပိုမည်ဟု မထင်။

    ဤစာရှုသူ အနေဖြင့် မေ့မေ့ ဆန္ဒများ အမှန်တကယ် ပြည့်ဝစေချင်လျင် ဖေါ်ပြပါ ရပ်ဝန်းများ ကောင်း မွန်လာအောင် မေမေ တစ်ဦးတည်းကိုသာ အားကိုး မနေဘဲ။ နှုတ်၏ စောင်မခြင်း၊ လက်၏ စောင်မခြင်းများ အပြင် အရပ်ဖက် အဖွဲ့ အစည်းနှင့် မီဒီယာများ ဒီ့ထက် ပိုမို အားကောင်း လာအောင် ကိုယ်တိုင် ဝိုင်းဝန်း ကူညီ ကြပါရန် တိုက်တွန်းအပ်ပါသည်။

     

    လေးစားစွာဖြင့်

    မောင်သမာဓိ