News @ M-Media

Blog

  • ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားသည့်ဆုကို AI အဖွဲ့ ရုပ်သိမ်း

    ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားသည့်ဆုကို AI အဖွဲ့ ရုပ်သိမ်း

    နိုဝင်ဘာ ၁၃၊ ၂၀၁၈
    M-Media

    – ယူကေအခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Amnesty International က ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားတဲ့ ဂုဏ်ထူးဆောင် ဆုတစ်ခုကို မနေ့က ရုပ်သိမ်းလိုက်ပြီး ‘တစ်ချိန်က သူမရပ်တည်ကာကွယ်ခဲ့တဲ့ တန်ဖိုးတွေကို ရှက်ဖွယ်သစ္စာဖောက်မှုကြောင့်’ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ambassador of Conscience Award ဆုဖြစ်ပြီး ၂၀၀၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တာပါ။ ဒီဆုဟာ Amnesty International က ပေးအပ်တဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆုလည်း ဖြစ်ပါတယ်။

    “ခင်ဗျားဟာ မျှော်လင့်ချက်၊ သူရသတ္တိတွေရဲ့ ပြယုဂ်မဟုတ်တော့ဘူး၊ လူ့အခွင့်အရေးကို မမှိတ်မသုန် ကာကွယ်သူ မဟုတ်တော့ဘူးလို့ စိတ်မကောင်းစွာနဲ့ဘဲ မှတ်ယူလိုက်ပါတယ်။ Ambassador of Conscience ဆု ရရှိထားသူတစ်ဦးအဖြစ် Amnesty International က မသတ်မှတ်နိုင်တော့တဲ့အတွက် ဒီဆုကို ၀မ်းနည်းစွာနဲ့ ရုပ်သိမ်းရတော့မှာ ဖြစ်ပါတယ် ” လို့ AI အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ကူမီနိုင်ဒိုက ဒေါ်အောင်ဆန်းစုကြည်ကို  တနင်္ဂနွေနေ့က ပေးပို့တဲ့စာမှာ ရေးသားထားပါတယ်။

    မနေ့ကလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ AI အဖွဲ့က နိုင်ငံအတွင်း လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့အတွက် သူမရဲ့ ‘နိုင်ငံရေးနဲ့ စိတ်ပိုင်းဆိုင်ရာသြဇာ’ ကို အသုံးမပြုခဲ့ဘူးလို့လည်း ဝေဖန်ခဲ့ပြီး တိုင်းရင်းသားဒေသတွေမှာ ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို ကျူးလွန်နေတဲ့ မြန်မာစစ်တပ်နဲ့ ‘တစ်သဘောတည်းလိုဖြစ်နေကာ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို သည်းမခံမှု တိုးမြင့်လာတယ်’ လို့လည်း ပြောကြားခဲ့ပါတယ်။

    ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှုအပေါ် နှုတ်ဆိတ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဝေဖန်ခံနေရပြီး သူမအပေါ် နိုင်ငံတကာက ချီးမြှင့်ထားတဲ့ ဆုတစ်ချို့ဟာ ပြီးခဲ့တဲ့လတွေမှာ ရုပ်သိမ်းခံခဲ့ရပါတယ်။

    နိုင်ဒူက ဒေါ်အောင်ဆန်းစုကြည်ဟာ ‘စစ်တပ်က လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ရက်စက်တဲ့ ဖိနှိပ်မှုတွေကို လစ်လျူရှုတာ၊ ဆင်ခြေပေးတာတွေ လုပ်နေပြီး၊ နိုင်ငံတကာအသိုင်းအ၀ိုင်းက စစ်ခေါင်းဆောင်တွေအပေါ် အရေးယူဖို့ ကြိုးစားမှုကို တစ်စိုက်မတ်မတ် ကာကွယ်ပေးနေတယ်” လို့ သူ့ရဲ့စာထဲမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။

    “ခင်ဗျားရဲ့အစိုးရက လူနည်းစုတွေကို မုန်းတီးလာအောင် ၀ါဒဖြန့်နေတာ၊ ခွဲခြားဆက်ဆံမှုတွေ၊ ရန်လိုမှုတွေကို ဖြေရှင်းရမယ့်အစား အားပေးနေတာတွေကို မြင်ရတာ တုန်လှုပ်မိပါတယ်”

    ရခိုင်ပြည်နယ်မှာတင်မဘဲ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တွေမှာ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေ၊ ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီး တရားစွဲခံရမှုတွေကိုလည်း AI အဖွဲ့က ထောက်ပြဝေဖန်ခဲ့ပါတယ်။

    “ခင်ဗျားရဲ့အစိုးရဟာ ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေတွေကို ဖျက်သိမ်းတာ၊ ပြင်ဆင်တာတွေ မလုပ်ရုံမျှမက၊ လွတ်လပ်စွာ ဖော်ထုတ်မှုကို တားဆီးပိတ်ပင်ပြီး လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ ဂျာနယ်လစ်တွေနဲ့ ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီး အကျဉ်းချနေတာတွေကို တွေ့ရတာ စိတ်ပျက်ရပါတယ်” လို့ နိုင်ဒူက ထည့်သွင်း ရေးသားခဲ့ပါတယ်။

    အမေရိကန်အခြေစိုက် ဂျူးပြတိုက် US Holocaust Memorial Museum ဟာ ၂၀၁၂ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ Elie Wiesel ဆုကို မတ်လမှာ ရုပ်သိမ်းခဲ့ပြီး၊ ၁၉၉၇ ခုနှစ်မှာ သူမကို ချီးမြှင့်ထားတဲ့ Freedom of the City of Oxford ဆုကို အောက်စဖို့ဒ်မြို့က ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ ပြန်ရုပ်သိမ်းခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင်နိုင်ငံသားဘွဲ့ကို စက်တင်ဘာလမှာ ကနေဒ်ါလွှတ်တော်က ရုပ်သိမ်းခဲ့ပါတယ်။

    “သူမရဲ့ ထောက်ခံအားပေးမှု ပါပါ၊ မပါပါ မြန်မာနိုင်ငံမှာ တရားမျှမှုရရှိရေး၊ လူ့ အခွင့်အရေးတွေအတွက် ကျွန်တော်တို့ ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်” လို့ နိုင်ဒူက ပြောကြားခဲ့ပါတယ်။

    Ref: CNN

  • အိန္ဒိယရှိ ဗလီတစ်လုံးတွင် အခမဲ့ကျန်းမာရေးစင်တာ ဖွင့်လှစ်၊ လူ ၁ သိန်းခွဲခန့် ကုသပေးမည်

    အိန္ဒိယရှိ ဗလီတစ်လုံးတွင် အခမဲ့ကျန်းမာရေးစင်တာ ဖွင့်လှစ်၊ လူ ၁ သိန်းခွဲခန့် ကုသပေးမည်

    နိုဝင်ဘာ ၁၁၊ ၂၀၁၈
    M-Media

    မတ်စ်ဂျစ်ဒ် အစ္စဟားက် ဗလီဝတ်ကျောင်းတော်

    – အိန္ဒိယနိုင်ငံတောင်ပိုင်း ဟိုက်ဒရာဘတ်မြို့က ဗလီဝတ်ကျောင်းတော်တစ်လုံးဟာ မြို့တွင်းက ချို့တဲ့သူတွေအတွက် အခမဲ့ ဆေးကုသပေးတဲ့အစီအစဉ်ကို အခုအစောပိုင်းမှာ စတင်လိုက်ပြီ လူပေါင်း ၁ သိန်းခွဲလောက်ကို ၀န်ဆောင်မှုပေးဖို့ စီစဉ်ထားပါတယ်။

    “မတ်စ်ဂျစ်ဒ် အစ္စဟားက်” ဗလီဝတ်ကျောင်းတော်ဖြစ်ပြီး ဟိုက်ဒရာဘတ်အခြေစိုက် မွတ်စလင် အန်ဂျီအို Helping Hand Foundation (HHF) နဲ့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။ အခမဲ့ဆေးကုသတာအပြင် ဆေးရုံတက်ရမယ့် လူနာတွေအတွက် အစိုးရဆေးရုံပေါင်း ၃၀ လောက်နဲ့ ချိတ်ဆက်ကာ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

    HHF အဖွဲ့ရဲ့ တာဝန်ရှိသူ မွဂ်ျတာဘာ ဟာဆန် အက်စ်ကာရီက ဆင်းရဲနွမ်းပါးသူတွေဟာ အစိုးရဆေးရုံတွေကို တက်ရောက်မှု အလွန်နည်းပါပြီး ဗလီဝတ်ကျောင်းတော်အနေနဲ့ ဒီလူတွေရဲ့ ငွေကြေးအခက်အခဲကို ဖြေရှင်းပေးကာ ဆေးရုံမှာ အဆင်ပြေအောင် ဆောင်ရွက်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    “စေတနာ့ဝန်ထမ်းပေါင်း ၁၀၀ လောက်နဲ့ချိတ်ဆက်ပြီး လူနာတွေ အဆင်ပြေပြေနဲ့ အခမဲ့ ကုသနိုင်အောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ် ”

    မတ်စ်ဂျစ်ဒ်အစ္စဟားက်ဗလီမှာ ဖွင့်လှစ်ထားတဲ့ ကျန်းမာရေးစင်တာဟာ ဆေးစစ်မှု၊ အရေးပေါ်ကုသမှု၊ စိတ်ကျန်းမာရေးကုသမှု အပါအ၀င် ဆေးကုသမှုမျိုးစုံကို အခမဲ့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

    ဗလီဝတ်ကျောင်းတော်ရဲ့ ရှေ့ဆောင်အီမာမ် မောင်လာနာ ဖာအစ်ခန်းက အခမဲ့ ဆေးကုသပေးမှုအပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ကျန်းမာရေး အသိပညာပေးမှုဟောပြောပွဲတွေ၊ ကလေးငယ်တွေကို ကာကွယ်ဆေးအခမဲ့ ထိုးပေးတဲ့အစီအစဉ်တွေ၊ အဟာရချို့တဲ့တဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို အဟာရှိမယ့် အစားအသောက်ပါကင် ဝေငှတာတွေ လုပ်ဆောင်ပေးဖို့ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒါ့အပြင် နာတာရှည်ရောဂါတွေဖြစ်တဲ့ ဆီးချို၊ သွေးတိုး၊ ကင်ဆာ၊ ကျောက်ကပ်ရောဂါ၊ တီဘီရောဂါ၊ ငှက်ဖျားရောဂါ စတဲ့ ရောဂါတွေအတွက် စောင့်ကြည့်စစ်ဆေးမှုတွေလည်း ဗလီဝတ်ကျောင်းတော်က လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

    Ref: Times of India

  • ကရင်ဒုက္ခသည်များ မြန်မာနိုင်ငံတွင် ပြန်လည်အခြေချမှု အဆင်ပြေရဲ့လား (မြန်မာစာတမ်းထိုး)

    နိုဝင်ဘာ ၁၁၊ ၂၀၁၈
    M-Media

  • အာဏာရှင်လက်ထက် ပြည်သူများကိုသတ်ဖြတ်မှုတွင် ပါဝင်သူ ချီလီစစ်ခေါင်းဆောင်ဟောင်း ပြစ်ဒဏ်ချခံရ

    အာဏာရှင်လက်ထက် ပြည်သူများကိုသတ်ဖြတ်မှုတွင် ပါဝင်သူ ချီလီစစ်ခေါင်းဆောင်ဟောင်း ပြစ်ဒဏ်ချခံရ

    နိုဝင်ဘာ ၁၁၊ ၂၀၁၈
    M-Media

    – လွန်ခဲ့တဲ့ နှစ် ၄၀ ကျော် စစ်အာဏာရှင်စနစ် စတင်ခဲ့စဉ်က ပြည်သူတွေ သတ်ဖြတ်ခံရမှုမှာ ပါဝင်တဲ့အတွက် စစ်တပ်အကြီးအကဲဟောင်း ဂျူအန် အီမီလီယို ချီရီကို ချီလီတရားရုံးက သောကြာနေ့မှာ နေအိမ်အကျယ်ချုပ်ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

    ဒီမိုကရေစီနည်းနဲ့ တက်လာတဲ့ သမ္မတ ဆာလ်ဗာဒို အာလန်ဒီကို ၁၉၇၃ ခုနှစ်မှာ သြဂတ်စတို ပီနိုချက်ရဲ့စစ်တပ်က ဖြုတ်ချ အာဏာသိမ်းမှုနောက်ပိုင်း လအနည်းအငယ်အတွင်း ချီလီမှာ လက်ဝဲသမားတွေကို ပစ်မှတ်ထားသတ်ဖြတ်ခဲ့တဲ့ နာမည်ကျော် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု “Caravan of Death” ကြီး ဖြစ်ပွားခဲ့ပါတယ်။

    သတ်ဖြတ်မှုမှာ ချီရီတစ်ယောက် ကိုယ်တိုင်ကိုယ်ကျ မပါဝင်ခဲ့ပေမယ့် လူ ၁၅ ဦးအသတ်ခံရတဲ့ နိုင်ငံမြောက်ပိုင်း လာဆီရီနာမြို့က တပ်ရင်းမှာ အမှုထမ်းပြီး သတ်ဖြတ်မှုကို ဖုံးကွယ်ခဲ့တယ်ဆိုတဲ့စွဲချက်နဲ့ နေအိမ်အကျယ်ချုပ် ၃ နှစ်နဲ့ ၁ ရက် ချမှတ်ခဲ့ပါတယ်။

    လက်ရှိ အသက် ၇၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ချီရီဟာ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ ချီလီစစ်တပ်အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အာဏာရှင်လက်ထက်မှာ ဖြစ်ခဲ့တဲ့ သတ်ဖြတ်မှု၊ ဖိနှိပ်မှုတွေအတွက် စစ်တပ်ကို ခွင့်လွှတ်ပေးဖို့ ပြည်သူလူထုကို မေတ္တာရပ်ခံခဲ့တဲ့ စစ်ခေါင်းဆောင်တွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။

    လာဆီရီနာမြို့တပ်ရင်းကို ကွပ်ကဲတဲ့ တပ်မှူးဟောင်း အရီယိုစတို လာပိုစတိုလည်း လူအမြောက်အများ သတ်ဖြတ်မှုအတွက် တနင်္လာနေ့မှာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲ့ရပါတယ်။ ချီရီဟာ စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းပါဝင်တဲ့အတွက် ပြစ်ဒဏ်လျော့သွားတာ ဖြစ်ပါတယ်။

    အာဏာရှင် ပီနိုချက်ရဲ့ ၁၇ နှစ်တာ အုပ်စိုးမှုအတွင်း လူပေါင်း ၃၂၀၀ လောက် အသတ်ခံခဲ့ရပြီး၊ ၂၈၀၀၀ လောက် ညှင်းပမ်းနှိပ်စက် ခံခဲ့ရပါတယ်။ ချီလီစစ်တပ်ဟာ ဒီကိစ္စနဲ့ပတ်သက်တဲ့ အချက်အလက်တွေ၊ အထူးသဖြင့် ထိခိုက်ခံစားရသူတွေ နေထိုင်ရာနေရာနဲ့ ဆစ်စပ်တဲ့ အချက်အလက်တွေကို ထုတ်မပေးဘူးလို့ နှစ်ပေါင်းများစွာ စွပ်စွဲခံခဲ့ရပါတယ်။

    ဒီစွပ်စွဲချက်တွေ မဟုတ်ဘူးလို့ ပထမပိုင်းမှာ ချီလီစစ်တပ်က ငြင်းဆန်ခဲ့ပေမယ့် နောက်ပိုင်းမှာ အထောက်အထားတွေ ဖျက်ဆီးပစ်ခဲ့တယ်လို့ ၀န်ခံခဲ့ပါတယ်။

    အာဏာရှင်လက်ထက်က ပြည်သူလူထုကို ဖိနှိပ်၊ ချုပ်ချယ်၊ သတ်ဖြတ်မှုမှာ ပါဝင်ခဲ့တဲ့ ထောက်လှမ်းရေးအေးဂျင့်၊ စစ်သားတွေနဲ့ ပူးပေါင်းကြံစည်သူ တစ်ထောင်ကျော်ကို ချီလီက အပြစ်ပေးထားပြီး ဖြစ်ပါတယ်။

    Ref: Aljazeera

  • တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    နိုဝင်ဘာ ၁၁၊ ၂၀၁၈
    M-Media

    ဒေလီမြို့မြင်ကွင်း

    သမိုင်းတစ်လျှောက် အဆိုးဆုံး အီဘိုလာပြဿနာကို ကွန်ဂို ကြုံတွေ့နေ
    ================
    နိုင်ငံရဲ့သမိုင်းမှာ အဆိုးဝါးဆုံး အီဘိုလာကပ်ဆိုးနဲ့ ကြုံတွေ့နေရတယ်လို့ ကွန်ဂိုနိုင်ငံရဲ့ ကျန်းမာရေးတာဝန်ရှိသူတွေက မနေ့မှာ ပြောကြားလိုက်ပါတယ်။ နိုင်ငံမြောက်ပိုင်းက ပြည်နယ်တွေမှာ သြဂုတ်လကနေ စတင်ပြီး အီဘိုလာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့ခဲ့တာဖြစ်ပြီး စုစုပေါင်း ၃၁၉ ဦး သေဆုံးခဲ့ပါတယ်။ ရောဂါဖြစ်ပွားရာဒေသတွေမှာ လက်နက်ကိုင်တိုက်ခိုက်မှုတွေ၊ တော်လှန်ရေးတွေ ဖြစ်ပွားနေတာကြောင့် အခြေအနေက ပိုမိုဆိုးရွားမယ်လို့ သတိပေးမှုတွေလည်း ရှိနေပါတယ်။ ၁၉၇၆ ခုနှစ် အီဘိုလာဗိုင်းရပ်စ် ဆိုးဆိုးဝါးဝါး ပြန့်နှံ့စဉ် အခါတုန်းက ကွန်ဂိုမှာ သေဆုံးသူ ၃၁၈ ဦး ရှိခဲ့ပြီး အခုအနေအထားဟာ ဒီထက်ပိုပြီး ဆိုးရွားနေတာ ဖြစ်ပါတယ်။

    ပျက်ကျသွားသည့် Lion Air လေယာဉ်မှ ရုပ်အလောင်းရှာဖွေမှုကို အင်ဒို ရပ်ဆိုင်း
    ======================
    အခုလအစောပိုင်းက ဂျာဗားပင်လယ်ထဲ ပျက်ကျသွားတဲ့ လေယာဉ်က ခရီးသည်တွေရဲ့ ရုပ်အလောင်း ရှာဖွေမှုကို အင်ဒိုအာဏာပိုင်တွေက မနေ့မှာ ရပ်တန့်လိုက်ပါတယ်။ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၁၈၉ ဦး လိုက်ပါသွားတဲ့ Boeing 737-Max 8 လေယာဉ်ဟာ မြို့တော် ဂျကာတာကနေ ပျံတက်ပြီး ၁၅ မိနစ်အကြာမှာ ပျက်ကျသွားတာဖြစ်ပြီး လိုက်ပါသူအားလုံး သေဆုံးခဲ့ပါတယ်။ ရှာဖွေမှုအတွင်း တွေ့ရှိခဲ့တဲ့ ရုပ်အလောင်းတွေထဲက ၇၉ ဦးကို ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်နိုင်ခဲ့ပြီး မိသားစုထံ လွှဲပြောင်းပေးခဲ့ပါတယ်။ Black Box နှစ်ခုမှာ တစ်ခုကိုသာ တွေ့ရှိထားပြီး အခြားတစ်ခုကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပါတယ်။ လေယာဉ်ကို ပိုင်ဆိုင်တဲ့ Lion Air လေကြောင်းလိုင်းကလည်း သေဆုံးသွားသူတွေရဲ့ မိသားစုကို နစ်နာကြေးတွေ ပေးအပ်နေပါတယ်။ ရှာဖွေမှုအတွင်း ရေငုပ်သမားတစ်ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။

    ဒေလီမြို့ လေထုညစ်ညမ်းမှု ပိုဆိုးလာပြီး၊ ၀န်ကြီးချုပ်က မြို့မှ ရှောင်ပြေး
    =================
    အိန္ဒိယနိုင်ငံမြို့တော် ဒေလီက လေထုညစ်ညမ်းမှု အခြေအနေဟာ ပိုမိုဆိုးရွားလာခဲ့ပြီး ဒေလီဝန်ကြီးချုပ် အာရ်ဗင်း ကဂ်ျရီဝါလ်ကလည်း မိသားစုနဲ့အတူ ဒူဘိုင်းကို အပန်ဖြေခရီးထွက်သွားတာကြောင့် ဝေဖန်မှုတွေကို ခံနေရပါတယ်။ ဒေလီမှာ လေထုညစ်ညမ်းမှုဟာ ပြီးခဲ့တဲ့ သီတင်းပတ်နှောင်းပိုင်းက စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အာဏာပိုင်တွေက အခုအချိန်အထိ ပြေလည်အောင် ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူတွေက ဒီကိစ္စအတွက် ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရတို့ကို အပြစ်တင်ခဲ့ပြီး ပြည်သူလူထုအနေနဲ့ လေထုညစ်ညမ်းမှု နောက်ဆက်တွဲဆိုးကျိုးတွေမဖြစ်အောင် မိမိကိုယ်ကို ကာကွယ်မှု အားနည်းတယ်လို့ ထောက်ပြခဲ့ကြပါတယ်။

    Ref: Aljazeera, CNA