News @ M-Media

အမေရိကန်သမ္မတကိုယ်တိုင် နှာခေါင်းရှုံ့လာတဲ့ အစ္စရေးရဲ့ ဂါဇာလူသတ်ပွဲ

ဒီဇင်ဘာ ၁၃၊ ၂၀၂၃

M-Media 


-ဂါဇာမှာ အရပ်သား၊ ဟားမက်စ်မခွဲဘဲ ဗုံးကြဲတိုက်ခိုက်နေတဲ့ လုပ်ရပ်ကြောင့် အစ္စရေးဟာ နိုင်ငံတကာရဲ့ ထောက်ခံမှုကို ဆုံးရှုံးမယ့်အန္တရာယ် ရှိနေတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။ 

ဟားမက်စ်ရဲ့ တိုက်ခိုက်မှုကို တုန့်ပြန်တယ်ဆိုတဲ့ ခေါင်းဆောင်စဥ်နဲ့ ဂါဇာက ပါလက်စတိုင်းပြည်သူတွေကို အစ္စရေးရဲ့ ၂ လကျော်ကြာ တိုက်ခိုက်သတ်ဖြတ်မှုကို ဘိုင်ဒန်ဦးဆောင်တဲ့ အမေရိကန်အစိုးရက အပြည့်အ၀ ထောက်ခံထားတာပါ။ 

ဂါဇာမှာ အပစ်ရပ်ရေး ကုလရဲ့ မဲခွဲပွဲတွေမှာလည်း အမေရိကန်နဲ့ နိုင်ငံ ၂၀ လောက်သာ ကန့်ကွက်ပြီး တစ်ကမ္ဘာလုံးနီးပါးက ပါလက်စတိုင်းတွေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ 

“အစ္စရေးရဲ့လုံခြုံရေးဟာ အမေရိကန်အပေါ်မှာ မှီခိုနေတယ်။ ဒါပေမယ့် အခုအခြေအနေက အမေရိကန်တင်မဟုတ်ဘူး၊ ဥရောပသမဂ္ဂ၊ ဥရောပနိုင်ငံတွေ၊ ကမ္ဘာ့နိုင်ငံတော်တော်များများအပေါ်မှာလည်း မှီခိုနေပါတယ်။ လက်ရှိလုပ်နေတဲ့ မြင်မြင်သမျှဗုံးကြဲမှုကြောင့် ထောက်ခံမှုတွေ ဆုံးရှုံးလာနိုင်ပါတယ်”

အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း ဂါဇာမှာ အစ္စရေးရဲ့ သတ်ဖြတ်မှုကိုခံရသူ ၁၈၀၀၀ ကျော်လာခဲ့ပြီး အများစုက ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ ဖြစ်ပါတယ်။ 

ဂျူးအစွန်းရောက်တွေ ကြီးစိုးနေတဲ့ အစ္စရေးအစိုးရကိုလည်း ဘိုင်ဒန်က ၀ေဖန်ခဲ့ပါတယ်။ 

“အစ္စရေးသမိုင်းမှာ လက်ရှိအစိုးရဟာ ရှေးရိုးအစွဲဆုံး အစိုးရဖြစ်ပါတယ်။ သူ့(နေတန်ယာဟု) အနေနဲ့ ဒီအစိုးရကို ပြောင်းလဲပစ်ရမယ်။ ဒီအစိုးရဟာ အခြေအနေတွေကို ခက်ခဲအောင် လုပ်ဆောင်နေပါတယ်။

ပါလက်စတိုင်းနိုင်ငံတည်ရှိမှုကို အစ္စရေးက လက်မခံလို့မရဘူးလို့လည်း ဘိုင်ဒန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

Ref: Aljazeera