News @ M-Media

Blog

  • လူမျိုးရေးခွဲခြားသူ ထရမ့်ကို မကြိုဆိုဟု အကြမ်းဖက်ခံ ဂျူးခေါင်းဆောင်များပြော

    လူမျိုးရေးခွဲခြားသူ ထရမ့်ကို မကြိုဆိုဟု အကြမ်းဖက်ခံ ဂျူးခေါင်းဆောင်များပြော

    အောက်တိုဘာ ၃၀၊ ၂၀၁၈
    M-Media

    သေဆုံးသွားသူများအတွက် ဆုတောင်းမှု

    – တိုင်းပြည်အတွင်းက လူနည်းစုတွေအပေါ် စော်ကားပြောဆိုမှုတွေ ပြုလုပ်ခဲ့တဲ့ သမ္မတ ဒေါ်နယ်ထရမ့်ကို မိမိတို့ မကြိုဆိုဘူးလို့ ပစ္စဘာ့ဂ်မြို့ ဂျူးခေါင်းဆောင်တွေက ပြောကြားလိုက်ပါတယ်။

    ပင်ဆဲလ်ဗားနီးယားပြည်နယ်မှာရှိတဲ့ အဲဒီမြို့က Tree of Life ဂျူးဘုရားကျောင်းမှာ စနေနေ့က လူဖြူအစွန်းရောက် သေနတ်သမားတစ်ဦးရဲ့ ၀င်ရောက်ပစ်ခတ်မှုကြောင့် အနည်းဆုံး ဂျူးလူမျိုး ၁၁ ဦး သေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    ပစ္စဘာ့ဂ်မြို့က ဂျူးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေတဲ့အဖွဲ့ Behind the Arc က ခေါင်းဆောင်တွေဟာ တနင်္ဂနွေနေ့က သမ္မတဒေါ်နယ်ထရမ့်ထံ တိုက်ရိုက်လိပ်မူတဲ့ အိတ်ဖွင့်ပေးစာတစ်စောင် ထုတ်ပြန်ခဲ့ပြီး လူဖြူအစွန်းရောက်တွေနဲ့ ခပ်ဝေးဝေး မနေသမျှ ထရမ့်ကို မကြိုဆိုဘူးလို့ ပြောကြားခဲ့ပါတယ်။

    “ပြီးခဲ့တဲ့ ၃ နှစ်တာကာလအတွင်း ခင်ဗျားရဲ့ စကားလုံးတွေ၊ ပေါ်လစီတွေကြောင့် လူဖြူအမျိုးသားရေး လှုပ်ရှားမှုဟာ အတင့်ရဲလာခဲ့ပါတယ်။ လူသတ်သမားကို မကောင်းဆိုးဝါးလို့ ခင်ဗျား ကင်ပွန်းတပ်ခဲ့ပေမယ့် မနေ့က (စနေနေ့က) အကြမ်းဖက်မှုမှာ ခင်ဗျားရဲ့ပရောဂါ တိုက်ရိုက် ပါဝင်နေပါတယ်” လို့ စာထဲမှာ ရေးသားထားပါတယ်။

    ထရမ့်ဟာ မွတ်စလင်တွေ၊ လိင်တူချစ်သူ လူ့အဖွဲ့အစည်းတွေ၊ လူဖြူမဟုတ်သူတွေ၊ မသန်စွမ်းသူတွေရဲ့ လုံခြုံရေးကို ထိခိုက်အောင် ဆောင်ရွက်နေတယ်လို့လည်း ဂျူးခေါင်းဆောင်တွေရဲ့ စာထဲမှာ ဖော်ပြထားပါတယ်။

    “မနေ့က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဟာ ကျွန်တော်တို့တိုင်းပြည်က လူနည်းစုတွေအပေါ် ခင်ဗျားရဲ့ လှုံ့ဆော်မှုကြောင့် ဖြစ်လာတဲ့ ပထမဆုံး အကြမ်းဖက်မှု မဟုတ်ပါဘူး”

    သေနတ်သမား ရောဘတ် ဘောင်ဝါက အမေရိကန်နိုင်ငံအတွင်းကို ပြောင်းရွှေ့အခြေချသူတွေ ခေါ်သွင်းတဲ့ ဂျူးအဖွဲ့အစည်း Hebrew Immigrant Aid Society ကို မကြိုက်တဲ့အတွက် ဒီလို တိုက်ခိုက်ရခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    သမ္မတထရမ့်က ဒီသတ်ဖြတ်မှုကို ရှုတ်ချခဲ့ပေမယ့်၊ ဘောင်ဝါက ထရမ့်ဟာ ဂျူးတွေကို မုန်းသင့်သလောက် မမုန်းဘူးလို့ ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

    ဒီလိုတိုက်ခိုက်မှုတွေ ဖြစ်ပေါ်စေနိုင်တဲ့ ‘အမုန်းဝန်ကျင်တစ်ခု’ ကို ထရမ့်က ဖန်တီးပေးခဲ့တယ်လို့ စွပ်စွဲမှုတွေလည်း ရှိနေပါတယ်။

    Tree of Life ဂျူးဘုရားကျောင်းရဲ့ ဥက္ကဌဟောင်းဖြစ်တဲ့ လန်နက်တီ လီဒါမန်က Behind the Arc အဖွဲ့နဲ့ သဘောထားချင်း ထပ်တူကျတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီမြို့မှာ ကျွန်မ ထရမ့်ကို မကြိုဆိုပါဘူး” လို့ သူမက ပြောဆိုခဲ့ပြီး၊ ထရမ့်ဟာ ‘အမုန်းစကားကို’ ရေလောင်းပေါင်းသင်သူ ဖြစ်တယ်လို့လည်း
    ဆိုပါတယ်။

    “သူ့ပါးစပ်ကထွက်လာတဲ့ ကြောင်သူတော်စကားတွေကို ဂရုမစိုက်ပါဘူး။ ကျွန်မတို့မြို့မှာ ခေါင်းဆောင်မှု ကောင်းကောင်းရှိတယ်။ စိတ်သဘောထား တော်တော်ပြည့်ဝတဲ့ မြို့တော်ဝန်ရှိတယ်။ တောင့်တင်းတဲ့ ခရိုင်အစိုးရအဖွဲ့ရှိတယ်။ လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားသူတွေ ကျွန်မတို့ဘက်မှာ ရည်တည်ပေးနေတယ်။ ဒီလူတွေဟာ သမ္မတရဲ့ စိတ်သဘောထားနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းပါပဲ”

    ထရမ့်ဇနီးဖြစ်သူ မလာနီယာထရမ့်ဟာ အမေရိကန်ပြည်သူတွေနဲ့ ပစ္စဘာ့ဂ် ပြည်သူတွေကို နှစ်သိမ့်အားပေးဖို့အတွက် ဒီကနေ့မှာ ပစ္စဘာ့ဂ်မြို့ကို သွားရောက်မယ်လို့ အိမ်ဖြူတော်က မနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

    သေဘေးကနေ သီသီကလေး လွတ်မြောက်ခဲ့တဲ့ Tree of Life ဘုရားကျောင်းက ဂျူးဘုန်းတော်ကြီး ဂျက်ဖရီ မေယာက သူ့အနေနဲ့ သမ္မတထရမ့် လာရောက်မယ်ဆိုရင် ကြိုဆိုမှာဖြစ်ပေမယ့် ‘တိုင်းအပြည်အတွင်း အမုန်းတွေကို ရပ်တန့်ဖို့၊ ရန်လိုတဲ့စကားတွေကို လျှော့ချဖို့အတွက်’ ခေါင်းဆောင်တွေကို နားချရမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • အင်ဒိုနီးရှားက အသစ်စက်စက်လေယာဉ်ကြီး ဘာ့ကြောင့် ပျက်ကျသွားလဲ

    အင်ဒိုနီးရှားက အသစ်စက်စက်လေယာဉ်ကြီး ဘာ့ကြောင့် ပျက်ကျသွားလဲ

    အောက်တိုဘာ ၂၉၊ ၂၀၁၈
    M-Media

    Boeing 737 MAX 8 လေယာဉ်

    – အင်ဒိုနီးရှားလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Lion Air က လေယာဉ်အမှတ် JT610 ဟာ လူ ၁၉၀ ကို တင်ဆောင်ပြီး ဂျကာတာလေဆိပ်ကနေ ပျံတက်ပြီး သိပ်မကြာခင်မှာပဲ ပင်လယ်ထဲကို ပျက်ကျသွားခဲ့ပါတယ်။

    လေယာဉ်ဟာ အသစ်စက်စက် Boeing 737 MAX 8 လေယာဉ်ကြီးဖြစ်ပြီး ဒီအမျိုးအစားထဲမှာ ပထမဆုံး ပျက်ကျမှုလည်း ဖြစ်ပါတယ်။

    ပျက်ကျမှု အသေးစိတ်ကို မသိရသေးဘဲ၊ ပျက်ကျရခြင်း အကြောင်းအရင်းကိုလည်း စုံစမ်းစစ်ဆေးမှု ပြီးဆုံးမှသာ သိရမှာ ဖြစ်ပါတယ်။

    များသောအားဖြင့် လေယာဉ်ပျက်ကျတာဟာ လူသားအမှား ဒါမှမဟုတ် စက်ချို့ယွင်းမှုကြောင့် ဖြစ်လေ့ရှိပေမယ့် အသစ်စက်စက် ဖြစ်နေတာက ပျက်ကျရမှုရဲ့ နောက်ထပ် အကြောင်းအရင်းတစ်ခု ဖြစ်နေလား???

    Boeing 737 MAX 8 လေယာဉ်ကို ၂၀၁၇ ခုနှစ်ကမှစပြီး စီးပွားဖြစ် အသုံးပြုတာ ဖြစ်ပါတယ်။

    ဒီလေယာဉ်ကို သူတို့လေကြောင်းလိုင်းက အင်ဒိုနီးရှားမှာ ပထမဆုံး အသုံးပြုပျံသန်းခွင့်ရတဲ့အတွက် ဂုဏ်ယူမိတယ်လို့ Lion Air က ဇူလိုင်လမှာ ထုတ်ပြန်ခဲ့ဖူးပါတယ်။ Lion Air ဟာ နောက်ထပ်လည်း လေယာဉ် ၂၁၈ စီး မှာယူထားပါတယ်။

    ဒီကနေ့မနက်ပိုင်းက ပျက်ကျသွားတဲ့ အဲဒီလေယာဉ်ကို သြဂုတ်လ ၁၅ ရက်နေ့ကမှ စတင် အသုံးပြုတာ ဖြစ်ပါတယ်။

    လေယာဉ်ပျံသန်းချိန် နာရီ ၈၀၀ လောက်သာ ရှိသေးတယ်လို့ အင်ဒိုနီးရှား အမျိုးသားပို့ဆောင်ရေး ဘေးအန္တရာယ်ကင်းရှင်းမှု ကော်မရှင် အကြီးအကဲ ဆိုရ်ဂျန်တို တဂ်ျဂျာနိုက ပြောကြားခဲ့ပါတယ်။

    ပျံတက်ပြီး သိပ်မကြာခင်မှာ နောက်ပြန်လှည့်ဖို့အတွက် လေယာဉ်မှူးက ဂျာကာတာ လေကြောင်းထိန်းသိမ်းရေးစခန်းကို သတင်းပို့ခဲ့တယ်လို့ ဆိုပါတယ်။

    Lion Air ရဲ့ အမှုဆောင်အကြီးအကဲ အက်ဒ၀ပ် ဆီရေ့တ်က ဒီလေယာဉ်ဟာ နောက်ဆုံးတစ်ယောက် ပျံသန်းမှုမှာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ခဲ့ပေမယ့်
    ပြန်လည်ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

    လက်ရှိ Boeing 737 MAX 8 လေယာဉ် ၁၁ စီးကို ပြေးဆွဲနေပြီး ကျန်လေယာဉ်တွေကို စစ်ဆေးမှုပြုလုပ်ဖို့ အစီအစဉ် မရှိသေးဘူးလို့လည်းသူက ဆိုပါတယ်။

    ထဖေါက်တတ်တဲ့ ရိုးရာကြောင့်လား

    လေကြောင်းဆိုင်ရာ လေ့လာဆန်းစစ်သူတစ်ဦးဖြစ်တဲ့ ဂယ်ရီ ဆိုဂျက်မန်က အရမ်းဟောင်းလွန်းတဲ့ လေယာဉ်တွေဟာ မတော်တဆဖြစ်မယ့် အန္တရာယ် မြင့်မားသလို၊ အရမ်းသစ်လွင်နေတဲ့ လေယာဉ်ကလည်း ဒီလိုအန္တရာယ်မြင့်မားတယ်လို့ ဘီဘီစီ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    “အရမ်းကို သစ်လွင်နေတဲ့ လေယာဉ်တွေမှာလည်း ပုံမှန်သုံးနေရင်းနဲ့ တစ်ခါတစ်လေ ထထဖေါက်တာမျိုး ကြုံတွေ့ရတတ်ပါတယ်။ ဒါမျိုးက အသုံးပြုပြီး ပထမဆုံး ၃ လအတွင်းမှာ ဖြစ်တတ်ပါတယ်”

    ပျက်ကျသွားတဲ့ လေယာဉ်ဟာ လာမယ့်သီတင်းပတ်အနည်းငယ်မှာ ပျံသန်းမှုသက်တမ်း ၃ လပြည့်တော့မှာ ဖြစ်ပါတယ်။

    လေကြောင်းပညာရှင်နောက်တစ်ယောက်ဖြစ်တဲ့ ဂျွန် အော့စ္စထရိုဝါက အဟောင်းထက်စာရင် လေယာဉ်အသစ်တွေက အားလုံး သစ်လွင်တောက်ပနေတာကြောင့် ပုံမှန် စစ်ဆေးမှု မလုပ်တဲ့အချိန်မျိုး ရှိတတ်တယ်လို့ ပြောပါတယ်။

    ဂျွန်ဟာ လေကြောင်းဝဘ်ဆိုက် The Air Current ရဲ့ အယ်ဒီတာလည်းဖြစ်ပြီး လေယာဉ်အသစ်တွေမှာ အသားမကျသေးတဲ့ ပြဿနာမျိုး အမြဲလိုလို ရှိတတ်ပေမယ့် လေယာဉ်တစ်ခုလုံးကို အန္တရာယ်ပေးနိုင်လောက်တဲ့အထိ မဆိုးရွားတတ်ဘူးလို့ ဆိုပါတယ်။

    ပညာရှင်နှစ်ယောက်စလုံးက Flight JT 610 လေယာဉ် ပျက်ကျမှုအတွက် ကောက်ချက်ပေးဖို့ စောလွန်းနေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

    “စက်ချို့ယွင်းမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ပြောဖို့ သိပ်စောလွန်းသေးတယ်ဗျ။ အချက်အလက်တွေကို ပိုသိရမှ ပျက်ကျရတဲ့ အကြောင်းအရင်းကို ကောက်ချက်ဆွဲလို့ရမှာ” လို့ ဆိုဂျက်မန်းက ပြောပါတယ်။

    ဂျွန်က “ဒီလို လေယာဉ်အသစ်ကြီး ဘာ့ကြောင့်ပျက်ကျသွားလဲဆိုတာ မပြောတတ်ဘူး။ ဒီလို မတော်တဆမှုမျိုး ဖြစ်နိုင်တဲ့ အကြောင်းတွေက အများကြီးဗျ” လို့ ပြောကြားခဲ့ပါတယ်။

    ဘိုအင်းကုမ္ပဏီရဲ့အဆိုအရ 737 MAX လေယာဉ်ဟာ သမိုင်းတစ်လျှောက် မြန်မြန်ဆန်ဆန်ရောင်းရတဲ့လေယာဉ် ဖြစ်ပြီး အော်ဒါအစီးရေ ၄၇၀၀ ရရှိထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    အဲဒီလေယာဉ်ကို American Airlines၊ United Airlines၊ Norwegian နဲ့ FlyDubai တွေအပါအ၀င် နာမည်ကြီးလေကြောင်းလိုင်း တော်တော်များများက မှာယူထားပါတယ်။

    Ref : BBC

  • သီရိလင်္ကာနိုင်ငံ၏ နိုင်ငံရေးမငြိမ်သက်မှု ပိုဆိုးလာပြီး သွေးထွက်သံယိုဖြစ်မည်ဟု သတိပေးမှုများ ရှိနေ

    သီရိလင်္ကာနိုင်ငံ၏ နိုင်ငံရေးမငြိမ်သက်မှု ပိုဆိုးလာပြီး သွေးထွက်သံယိုဖြစ်မည်ဟု သတိပေးမှုများ ရှိနေ

    အောက်တိုဘာ ၂၉၊ ၂၀၁၈
    M-Media

    – သမ္မတ မိုင်သရီပါလာ ဆရီဆီနာက ၀န်ကြီးချုပ် ရာနီးလ် ၀စ်ကရီမီဆင်ဟီကို ထုတ်ပယ်ခဲ့ပြီးတဲ့နောက် သီရိလင်္ကာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေးတင်းမာမှုတွေဟာ အရှိန်မြင့်လာခဲ့ပြီး သွေးထွက်သံယိုမှုတွေ ဖြစ်ပွားမယ်ဆိုတဲ့ သတိပေးမှုတွေ ရှိလာခဲ့ပါတယ်။

    ရာနီးလ်ဟာ စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းကာ သူ့ကို လုပ်ကြံဖို့လည်း ကြိုးစားခဲ့တယ်လို့ဆိုကာ ဆရီဆီနာဟာ သောကြာနေ့မှာ ထုတ်ပယ်ခဲ့တာပါ။ အဲဒီနောက် သမ္မတဟောင်း မာဟင်ဒါ ရာဂျာပက်စကာကို ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး ဒါဟာ အခြေခံဥပဒေကို ကျော်လွန်ရာ ရောက်နေတာကြောင့် ဆရီဆီနာတစ်ယောက် ဝေဖန်မှုတွေ ခံနေရပါတယ်။

    ရာနီလ်ကိုထောက်ခံတဲ့ လွှတ်တော်အမတ်တွေက ဆရီဆီနာဟာ အာဏာသိမ်းလိုက်တာဖြစ်ပြီး ပြည်သူတွေအနေနဲ့ ဆန္ဒပြကြဖို့ ဒီကနေ့မှာ တိုက်တွန်းခဲ့ပါတယ်။

    လွှတ်တော်ဥက္ကဌ ကာရူ ဂျာယာဆူရီယာက လူတွေ လမ်းပေါ်ထွက်လာရင် သွေးထွက်သံယို ဖြစ်လိမ့်မယ်လို့ သတိပေးခဲ့ပြီး ဒီပြဿနာကို လွှတ်တော်ကနေ ဖြေရှင်းဖို့ သမ္မတကို တိုက်တွန်းခဲ့ပါတယ်။

    “လမ်းပေါ်ထွက်ရင် သွေးချောင်းစီးမှာပဲဗျ” လို့ လွှတ်တော်ဥက္ကဌက ပြောကြားခဲ့ပါတယ်။

    သမ္မတကိုထောက်ခံတဲ့သူတွေရဲ့ မနေ့က ဆန္ဒပြမှုအတွင်း ရေနံဝန်ကြီးရဲ့ သက်တော်စောင့်က သေနတ်ထုတ်ပစ်တဲ့အတွက် ၁ ဦးသေဆုံးခဲ့ပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေကလည်း သီရိလင်္ကာနိုင်ငံကို မသွားရောက်ဖို့အတွက် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

    ဆရီဆီနာဟာ ၀န်ကြီးတစ်ချို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပြီး ဒီအတွက် ပြည်သူတွေက မကျေမနပ် ဖြစ်နေကြပါတယ်။

    Ref: Aljazeera

  • အကြမ်းဖက်ခံဂျူးများအား ထောက်ပံ့ရန် အမေရိကန်မွတ်စလင်များ ဒေါ်လာသောင်းချီ လှူဒါန်း

    အကြမ်းဖက်ခံဂျူးများအား ထောက်ပံ့ရန် အမေရိကန်မွတ်စလင်များ ဒေါ်လာသောင်းချီ လှူဒါန်း

    အောက်တိုဘာ ၂၉၊ ၂၀၁၈
    M-Media

    – အမေရိကန်ပြည်ထောင်စု ပင်ဆဲလ်ဗားနီးယားပြည်နယ် ပစ္စဘာ့ဂ်မြို့က ဂျူးဘုရားကျောင်းမှာ စနေနေ့က အကြမ်းဖက် တိုက်ခိုက်မှုအတွင်း
    သေဆုံးသွားသူတွေရဲ့ မိသားစုနဲ့ ဒဏ်ရာရသူတွေကို ထောက်ပံ့ဖို့အတွက် အမေရိကန်မွတ်စလင်တွေက ရန်ပုံငွေ ဒေါ်လာ ထောင်သောင်းချီ ထည့်ဝင်လှူဒါန်းနေကြပါတယ်။

    Tree of Life ဆိုတဲ့ ဘုရားကျောင်းမှာ ဥပုသ်နေ့ ၀တ်ပြုဆုတောင်းနေစဉ်အတွင်း ဂျူးမုန်းတီးရေးသမား အသက် ၄၈ နှစ်အရွယ် လူဖြူအစွန်းရောက် ရောဘတ်ဘောင်ဝါဆိုသူက သေနတ်နဲ့ ၀တ်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး အနည်းဆုံး ၁၁ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    မွတ်စလင်တွေအနေနဲ့ ကျန်ရစ်သူတွေကို ကူညီရေး အလှူငွေ ကောက်ခံမှုကို ပရဟိတသမား တာရစ် အလ်-မက်ဆီဒီက စတင်ခဲ့တာဖြစ်ပြီး LaunchGood လို့ အမည်ပေးထားပါတယ်။ အလ်-မက်ဆီဒီဟာ CelebrateMercy ပရဟိတအဖွဲ့ကို ထူထောင်ထားသူပါ။

    မူလက ၁၀ ရက်အတွင်း အလှူငွေ ကန်ဒေါ်လာ ၂ သောင်းခွဲရဖို့ ရည်ရွယ်ခဲ့ပြီး ၆ နာရီအတွင်းမှာ ဒီ ပမာဏပြည့်ခဲ့ကာ အလှူငွေပစ်မှတ်ကို ဒေါ်လာ ၅ သောင်းအထိ တိုးခဲ့ပါတယ်။ တနင်္ဂနွေနေ့ နေ့လည်ပိုင်းမှာ မွတ်စလင်တွေရဲ့ လှူဒါန်းငွေဟာ ဒေါ်လာ ၄၃၀၀၀ အထိ ရောက်ခဲ့ပါတယ်။

    အကြမ်းဖက်တိုက်ခိုက်ခံရသူတွေကို ကူညီဖို့အတွက် Tree of Life ဘုရားကျောင်းကလည်း သူ့တို့ရဲ့ ၀ဘ်ဆိုက်မှာ အလှူငွေတွေ ကောက်ခံနေပါတယ်။

    သေနတ်သမား ဘောင်ဝါကို အမုန်းရာဇ၀တ်မှုအပါအ၀င် စွဲချက်ပေါင်း ၂၉ ခုနဲ့ တရားစွဲဆိုထားပါတယ်။

    Ref: Aljazeera

  • တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    အောက်တိုဘာ ၂၉၊ ၂၀၁၈
    M-Media

    ပျက်ကျသွားသည့် အင်ဒိုလေယာဉ်၏ လမ်းကြောင်း

    အင်ဒိုနီးရှား ခရီးသည်တင်လေယာဉ်တစ်စင်း ဂျာဗားပင်လယ်ထဲပျက်ကျ
    ==============
    မြို့တော်ဂျကာတာကနေ ဆူမားတြားကျွန်းကို ဒီနေ့မနက်ပိုင်းက ပျံသန်းသွားတဲ့ အင်ဒိုနီးရှား ပြည်တွင်းလေကြောင်း Lion Air က ခရီးသည်တင်လေယာဉ်တစ်စင်းဟာ ပင်လယ်ထဲမှာ ပျက်ကျသွားတယ်လို့ အာဏာပိုင်တွေက အတည်ပြု ပြောကြားလိုက်ပါတယ်။ Boeing 737 MAX 8 အမျိုးအစား လေယာဉ်ဟာ ပျံတက်ပြီး ၁၃ မိနစ်အကြာမှာ ပျက်ကျသွားတာ ဖြစ်ပါတယ်။ လိုက်ပါသွားသူဦးရေ၊ သေဆုံးသူ၊ ပျောက်ဆုံးသူဦးရေတို့ကို ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ သြဂုတ်လအတွင်းကလည်း နိုင်ငံအရှေ့ပိုင်း တောတောင်ထူထပ်တဲ့ဒေသမှာ ခရီးသည်တင်လေယာဉ်တစ်စီး ပျက်ကျခဲ့ပြီး ၈ ဦးသေဆုံးကာ အသက် ၁၂ နှစ်အရွယ် ယောက်ျားလေးတစ်ဦးသာ အသက်ရှင်ကျန်ရစ်ပါတယ်။

    ရဟတ်ယာဉ်ပျက်ကျမှုအတွင်း အသင်းပိုင်ရှင် သေဆုံးသွားကြောင်း လက်စတာ အတည်ပြု
    ===============
    စနေနေ့က ကွင်းရဲ့ ကားပါကင်မှာ ရဟတ်ယာဉ် ပျက်ကျပေါက်ကွဲမှုအတွင်း လိုက်ပါသွားသူ ၅ ဦးစလုံး သေဆုံးသွားခဲ့ပြီး အသင်းပိုင်ရှင် ထိုင်းသူဌေး ဗီချိုင်းလည်း ပါဝင်ခဲ့တယ်လို့ ပရီးမီးယားလိဂ်ကလပ် လက်စတာအသင်းက မနေ့မှာ အတည်ပြု ပြောကြားလိုက်ပါတယ်။ ဗီချိုင်းဟာ လက်စတာကို ပထမတန်းမှာ ကစားနေတဲ့အချိန် ၂၀၁၀ ခုနှစ်က ပေါင် ၃၉ သန်းနဲ့  ၀ယ်ယူခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။ လက်စတာအသင်းက အသက် ၆၀ အရွယ် ဗီချိုင်း ကွယ်လွန်တာကို အတည်ပြုခဲ့ပေမယ့် ကျန်တဲ့ သေဆုံးသူ ၄ ဦးဟာ ဘယ်သူဘယ်ဝါ ဖြစ်လဲဆိုတာကို မထုတ်ပြန်ခဲ့ပါဘူး။ ပျက်ကျသွားတဲ့ ရဟတ်ယာဉ်ဟာ ဗီချိုင်းရဲ့ ရဟတ်ယာဉ်ဖြစ်ပြီး သူ့သမီးဖြစ်သူလည်း လိုက်ပါသွားတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

    သီရိလင်္ကာတွင် နိုင်ငံရေး မငြိမ်သက်မှုကြောင့် လူ ၁ ဦးသေဆုံး
    ====================
    သောကြာနေ့မှာ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ သီရိလင်္ကာ ၀န်ကြီးချုပ် ရာနီးလ် ၀စ်ကရီမီဆင်ဟီအစိုးရက ရေနံဝန်ကြီးရဲ့ သက်တော်စောင့်ဟာ မနေ့က မြို့တော်ကိုလံဘိုမှာရှိတဲ့ ဆန္ဒပြလူအုပ်အတွင်း သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် လူတစ်ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ သမ္မတ ဆရီဆီနာက စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းမှု၊ သူ့ကို လုပ်ကြံဖို့ ကြိုးစားမှုတွေကြောင့် ရာနီးလ်ကို ထုတ်ပယ်ခဲ့တာဖြစ်တယ်လို့ ဆိုပေမယ့် အခြေခံဥပဒေကို ကျော်လွန်ဆောင်ရွက်တာလည်း ဖြစ်ပါတယ်။ ရာနီးလ်ဟာ ရာထူးကနေဆင်းပေးဖို့ ငြင်းဆိုထားပြီး မနေ့က သူ့လက်အောက်မှာရှိတဲ့ ရေနံဝန်ကြီးဟာ ၀န်ကြီးဌာန ရုံးခန်းကို ၀င်ရောက်ဖို့ ကြိုးစားစဉ်အတွင်း ဆရီဆီနာကို ထောက်ခံတဲ့ လူအုပ်ရဲ့တားဆီးမှုကို ကြုံတွေ့ခဲ့ရပြီး ပစ်ခတ်မှုအထိ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

    ကာရှိုဂျီအသတ်ခံရမှု အထောက်အထားများအားလုံးကို တူရကီက ဆော်ဒီကို ပြမည်
    =================
    အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးမှာ ဆော်ဒီဂျာနယ်လစ် ကာရှိုဂျီ အသတ်ခံရမှု ကိစ္စကို စုံစမ်းစစ်ဆေးနေတဲ့ တူရကီ တာဝန်ရှိသူတွေဟာ နိုင်ငံမှာ ရောက်ရှိနေတဲ့ ဆော်ဒီ ရှေ့နေချုပ်ထံ သူတို့ရဲ့ တွေ့ရှိချက်တွေ ပြသသွားမှာဖြစ်ပြီး ကောင်စစ်ဝန်ရဲ့နေအိမ်ကိုလည်း နှစ်နိုင်ငံပူးပေါင်းကာ ထပ်မံရှာဖွေသွားဖို့ ရှိနေပါတယ်။ ကောင်စစ်ဝန်ရဲ့အိမ်ကို အခုလအလယ်ပိုင်းက ၀င်ရောက် ရှာဖွေခဲ့ပေမယ့် အခန်း ၃ ခန်း၊ ပန်းခြံထဲက ပေ ၆၀ နက်တဲ့ ရေတွင်းတွေကို ဆော်ဒီဝန်ထမ်းတွေက ရှာခွင့် မပြုခဲ့ပါဘူး။ တူရကီရဲ့ စုံစမ်းဆေးမှုမှာ ဆော်ဒီဟာ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလို့ စွပ်စွဲမှုတွေ ထွက်ပေါ်နေတဲ့အချိန် ဆော်ဒီ ရှေ့နေချုပ် တူရကီကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

    Ref: Aljazeera