News @ M-Media

Blog

  • စနေနေ့မနက် နိုင်ငံတကာသတင်းများ

    စနေနေ့မနက် နိုင်ငံတကာသတင်းများ

    အောက်တိုဘာ ၂၇၊ ၂၀၁၈
    M-Media

    သီရိလင်္ကာသမ္မတအိမ်တော်အနီး တွေ့ရသည့် စစ်တပ်အစောင့်အရှောက်များ

    1MDB ငွေပျောက်ဆုံးမှုကို နာဂျစ် ၀န်ခံသော်လည်း သူမပါဟု ဆို
    ==============
    နိုင်ငံပိုင်လုပ်ငန်း 1MDB က ဒေါ်လာ သန်းရာနဲ့ချီ ပျောက်ဆုံးမှုကိစ္စမှာ မူမမှန်တာတွေ ရှိတယ်လို့ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်က အလ်ဂျာဇီးရားသတင်းဌာနရဲ့ 101 East အစီအစဉ်မှာ ၀န်ခံခဲ့ပြီး ဒီကိစ္စမှာ သူ ပါဝင်ပတ်သက်ခြင်း မရှိဘူးလို့လည်း ပြောကြားခဲ့ပါတယ်။ နာဂျစ်ဟာ 1MDB အပါအ၀င် သူတာဝန်ယူစဉ်က ကိစ္စတွေအတွက် ခြစားမှု၊ အာဏာအလွဲသုံးစားလုပ်မှု စုစုပေါင်း စွဲချက် ၃၈ ခုနဲ့ လက်ရှိမှာ တရားစွဲဆိုခံထားရတာပါ။ နာဂျစ်ကတော့ နိုင်ငံရဲ့ငွေ တစ်ပြားတစ်ချပ်မှ ယူထားခြင်းမရှိဘဲ 1MDB ကို သူဦးဆောင်ပေမယ့် ပိုက်ဆံတွေ ပျောက်ဆုံးမှုကို သူမသိလိုက်ကြောင်း၊ သူ့ဘဏ်စာရင်းထဲက ကန်ဒေါ်လာ သန်းပေါင်း ၆၈၁ သန်းဟာ ဆော်ဒီတော်ဝင်မင်းသားက ပေးတဲ့ လက်ဆောင်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 1MDB က ငွေတွေ ပျောက်ဆုံးမှုကို အမေရိကန်နဲ့ စင်ကာပူအပါအ၀င် နိုင်ငံပေါင်း ၆ နိုင်ငံကလည်း စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။

    ဂါဇာဆန္ဒပြမှုတွင် အစ္စရေးလက်ချက်ကြောင့် လူ ၅ ဦး ထပ်မံသေဆုံး
    ===========
    ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်မှာ မနေ့က ပြည်သူတွေရဲ့ ဆန္ဒပြမှုအတွင်း အစ္စရေးတပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်မှုကြောင့် အနည်းဆုံး ၅ ဦးသေဆုံးပြီး ၁၇၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ၁၉၄၈ ခုနှစ် ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်း ၇ သိန်းခွဲရဲ့ မျိုးဆက်တွေ နေရပ်ပြန်ခွင့်ရရေး Great March of Return အမည်နဲ့ မေလကတည်းက ဂါဇာမှာ အပတ်စဉ် ဆန္ဒပြနေတာဖြစ်ပါတယ်။ အဲဒီဆန္ဒပြမှုအတွင်း အစ္စရေးလုံခြုံရေးတွေရဲ့ ပစ်ခတ်နှိမ်နှင်းမှုကြောင့် အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၂၁၀ ဦး သေဆုံးခဲ့ပြီး ၁၈၀၀၀ ကျော်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

    ဂျော်ဒန်ရေကြီးမှု ၂၀ ကျော်သေဆုံး
    ============
    ဂျော်ဒန်နိုင်ငံက ပင်လယ်သေတစ်ဝိုက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရေကြီးမှုကြောင့် ကလေးငယ်အများစုအပါအ၀င် သေဆုံးသူအရေအတွက်ဟာ ၂၁ ဦး ရှိလာပြီ ဖြစ်ပါတယ်။ ရေကြီးမှုကြောင့် တံတားကျိုးကျမှုလည်း ရှိခဲ့ပြီး အနည်ဆုံး လူ ၃၀ ဒဏ်ရာရရှိခဲ့ပါတယ်။ ရေကြီးမှုအတွင်း ပျောက်ဆုံးသူတွေလည်း ရှိတာကြောင့် သေဆုံးသူအရေအတွက်ဟာ မြင့်တက်လာဖွယ် ရှိနေတယ်လို့ ဂျော်ဒန်အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ ဂျော်ဒန်ဘုရင် အဘ်ဒူလာ ၂ က ဒီကိစ္စမှာ တာဝန်ပေါ့လျော့တဲ့ အာဏာပိုင်တွေကို ဒေါသဖြစ်ပြီး သေဆုံးသွားသူတွေအတွက် ၀မ်းနည်းတယ်လို့ ပြောကြားခဲ့ပါတယ်။ ၀န်ကြီးချုပ် အိုမာရ် အလ်-ရာဇက်ဦးဆောင်တဲ့ ဂျော်ဒန်အစိုးရဟာ အချက်အလက်ရှာဖွေရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပါတယ်။

    သီရိလင်္ကာတွင် နိုင်ငံရေးမတည်မငြိမ်ဖြစ်နေ
    ============
    သီရိလင်္ကာသမ္မတ မိုင်သရီပါလာ ဆရီဆီနာဟာ ၀န်ကြီးချုပ် ရာနီလ် ၀စ်ကရီမီ ဆင်ဟီကို ရာထူးကနေ အံ့အားသင့်ဖွယ်ထုတ်ပယ်ကာ သမ္မတဟောင်း မာဟင်ဒါ ရာဂျာပက်ဆီကို ၀န်ကြီးချုပ်သစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ ဒါပေမယ့် ဒါဟာ အခြေခံဥပဒေကို ကျော်လွန်ဆောင်ရွက်ရာ ရောက်နေတဲ့အတွက် ဝေဖန်မှုတွေ ရှိနေပြီး ရာနီလ်ကလည်း သူ့အနေနဲ့ ၀န်ကြီးချုပ်အဖြစ် တရားဝင်ဆက်ရှိနေကြောင်း၊ ဒီကိစ္စကို တရားရုံးမှာ ရင်ဆိုင်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ သမ္မတဟောင်း ရာဂျာပက်ဆီဟာ သောကြာနေ့က ကိုလံဘိုမှာရှိတဲ့ သူ့အိမ်ကနေ သူ့ကိုထောက်ခံသူတွေကိုပြောကြားတဲ့ မိန့်ခွန်းမှာ ၀န်ကြီးချုပ် ရာနီလ်ကို နှုတ်ထွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ရာဂျာပက်ဆီကို ထောက်ခံသူတွေကလည်း နိုင်ငံပိုင် သတင်းဌာနနှစ်ခုကို ၀င်ရောက်စီးနင်းခဲ့ပါတယ်။ ရာဂျာပက်ဆီဟာ ခရစ်ယာန်တွေ၊ မွတ်စလင်တွေကို အကြမ်းဖက်တိုက်ခိုက်တဲ့ ဗုဒ္ဓဘာသာ အကြမ်းဖက်အဖွဲ့ BBS ကို ပ,စားပေးမှုအတွက် ဝေဖန်ခံခဲ့ရပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲရှုံးနိမ့်ချိန်မှာ စစ်တပ်ကိုစည်းရုံးပြီး အာဏာသိမ်းဖို့ ကြိုးစားခဲ့သူလည်း ဖြစ်ပါတယ်။

    Ref: Aljazeera, CNA

  • လေထဲမှ သောက်ရေထုတ်နိုင်သည့်စက်ကို အမေရိကန်အဖွဲ့တစ်ခု တီထွင်

    လေထဲမှ သောက်ရေထုတ်နိုင်သည့်စက်ကို အမေရိကန်အဖွဲ့တစ်ခု တီထွင်

    အောက်တိုဘာ ၂၆၊ ၂၀၁၈
    M-Media

    Skywater စက်

    – အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် အဖွဲ့တစ်ခုဟာ လေထုထဲကနေ တစ်နေ့ကို ဂါလန် ၃၀၀ လောက် သောက်ရေထုတ်လုပ်နိုင်တဲ့စက်တစ်ခုကို တီထွင်ခဲ့ပြီး၊ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကိုလည်း ရရှိခဲ့ပါတယ်။

    Skywater လို့ အမည်ပေးထားတဲ့ အဲဒီ သောက်ရေသန့်စက်ဟာ လေထုထဲကနေ ရေငွေ့တွေကို ယူကာ သိပ်သည်းစေပြီး သောက်ရေသန့်အဖြစ် ပြောင်းပေးတာ ဖြစ်ပါတယ်။ အိမ်သုံး၊ လယ်ယာသုံးနဲ့ အရေးပေါ် ကယ်ဆယ်ရေးသုံးဆိုပြီး မော်ဒယ် ၃ ခု ခွဲထားကာ နေစွမ်းအင်၊ ဒါမှမဟုတ် ဓာတ်ဆီ၊ ဒီဇယ်တွေနဲ့ စွမ်းအင်ပေးကာ သုံးစွဲနိုင်ပါတယ်။

    ဒီစက်ကို တီထွင်ခဲ့တဲ့ Skysource/Skywater Alliance အဖွဲ့ဟာ စနေနေ့က ဆုကြေး ကန်ဒေါ်လာ တစ်သန်းခွဲ ချီးမြှင့်တဲ့ Water Abundance XPRIZE ဆုကို ရရှိခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ ကြုံတွေ့နေရတဲ့ ရေပြဿနာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေ ဖော်ထုတ်သူကို ဆုချီးမြှင့်လေ့ရှိတဲ့ ကယ်လီဖိုးနီးယားအခြေစိုက် XPRIZE အဖွဲ့က ဒီဆုကို ချီးမြှင့်တာ ဖြစ်ပါတယ်။

    Water Abundance XPRIZE ဆုရဖို့အတွက် ၂ နှစ်တာ ယှဉ်ပြိုင်ရပြီး နည်းပညာအသစ်တွေနဲ့ ရေပြဿနာကိုဖြေရှင်းရေး နည်းလမ်းတွေ တီထွင်ဖန်တီးကြရတာ ဖြစ်ပါတယ်။

    ကမ္ဘာကြီးမှာ ရေရှားပါးလာတဲ့အချိန် သူတို့ရဲ့စက်နဲ့ လူတွေကို ကူညီပေးနိုင်တဲ့အတွက် ကျေနပ်ပီတိဖြစ်ရတယ်လို့ Skysource/Skywater Alliance အဖွဲ့ရဲ့ တာဝန်ရှိသူ ဒေးဗစ်ဟာ့ဇ်က ပြောကြားခဲ့ပါတယ်။

    “ကျွန်တော် ရေကိစ္စမှာ တော်တော်လေးကို စိတ်ဝင်စားသွားတာ။ လူသားတွေအတွက် သန့်ရှင်းတဲ့ သောက်သုံးရေ အရေးကြီးပုံကိုလည်း ကျွန်တော် နားလည်သွားတယ်။ ကယ်လီဖိုးနီးယားမှာ နေရတဲ့အတွက်ကြောင့် ရေပြဿနာကို ရင်ဆိုင်ရမယ့်အခြေအနေက နီးသထက် နီးလာပါတယ်”

    ဟာ့ဇ်က သူတို့တီထွင်တဲ့စက်က ထုတ်နိုင်တဲ့ ရေပမာဏထက်ကိုပိုပြီး လေထုထဲမှာ ရေငွေ့တွေ ရှိနေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    Ref: CNN

  • အင်ဒိုနီးရှားမှ အစွန်းရောက်ဝါဒဆန့်ကျင်ရေး ချီတက်ပွဲ လုံခြုံရေးကြောင့် ဖျက်သိမ်း

    အင်ဒိုနီးရှားမှ အစွန်းရောက်ဝါဒဆန့်ကျင်ရေး ချီတက်ပွဲ လုံခြုံရေးကြောင့် ဖျက်သိမ်း

    အောက်တိုဘာ ၂၆၊ ၂၀၁၈
    M-Media

    ချီတက်ပွဲကို စီစဉ်ကျင်းပသည့် နဒ်လာသွလ် အိုလမာအဖွဲ့၏ အလံ

    – မွတ်စလင်တွေအကြား အစွန်းရောက်မှုကို ဖယ်ရှားကာ အစ္စလာမ်ရဲ့ စစ်မှန်တဲ့ သွန်သင်မှုတွေကို ကျင့်သုံးရေး တိုက်တွန်းဖို့ ရည်ရွယ်တဲ့ အင်ဒိုနီးရှားက ချီတက်ဆန္ဒပြပွဲတစ်ခုကို ရုန်းရင်းဆန်ခတ်မှုတွေဖြစ်မှာ စိုးရိမ်တဲ့အတွက် အစီအစဉ်ကို ဖျက်ပစ်လိုက်ပါတယ်။

    ယိုဂျာကားတားမြို့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အဲဒီချီတက်ဆန္ဒပြပွဲကို နိုင်ငံတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင် တစ်သိန်းလောက် တက်ရောက်မယ်လို့ ခန့်မှန်းထားတာပါ။ ဒါပေမယ့် ချီတက်ပွဲကို တက်ရောက်လာတဲ့ လူငယ်တစ်ချို့က အစွန်းရောက်အဖွဲ့ ‘ဟစ်ဇ်ဘွတ် သဟ်ရီယာ’ ရဲ့ အလံကို မီးရှိုခဲ့ပြီးတဲ့နောက် ဝေဖန်မှုတွေ ပေါ်ထွက်လာတဲ့အတွက် ဖျက်သိမ်းလိုက်ရတာ ဖြစ်ပါတယ်။

    အင်ဒိုနီးရှားအစိုးရကနေ မနှစ်က တရားမ၀င်အဖွဲ့လို့ ကြေငြာခဲ့တဲ့ ‘ဟစ်ဇ်ဘွတ် သဟ်ရီယာ’ အဖွဲ့ရဲ့အလံမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ယုံကြည်ချက်စာတမ်းကို ရေးထိုးထားပြီး၊ လူငယ်တွေက ဒါဟာ ဘာသာရေးကို အလွဲသုံးစားလုပ်တယ်လို့ သတ်မှတ်ကာ မီးရှို့ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအလံကို မီးရှို့ခြင်းဟာ ဘာသာသာသနာကို စော်ကားတာဖြစ်တယ်လို့ ပြစ်တင်မှုတွေ ရှိနေပါတယ်။

    အင်ဒိုနီးရှားရဲ့ အကြီးဆုံး မွတ်စလင်အဖွဲ့ဖြစ်တဲ့ နဒ်လာသွလ် အိုလမာအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ယဟ်ယာ ချိုလီ စတာကွဖ်က ‘ဟစ်ဇ်ဘွတ် သဟ်ရီယာ’ အဖွဲ့ရဲ့ သူလျှိုတွေက လူငယ်တွေကြားထဲကို စိမ့်ဝင်ကာ လှုံ့ဆော်ပေးတဲ့အတွက် အလံကို မီးရှို့တဲ့အထိ ဖြစ်သွားခဲ့တာဖြစ်ကြောင်း၊ လာမယ့်နှစ် ဧပြီလမှာလုပ်မယ့် သမ္မတရွေးကောက်ပွဲရလဒ်အပေါ် လွှမ်းမိုးနိုင်အောင်လို့ နိုင်ငံရေး အင်အားစုတွေက အခုချီတက်ပွဲမှာ လှုံ့ဆော်မှုတွေလုပ်မယ်လို့ ယုံကြည်ရကြောင်း ပြောကြားခဲ့ပါတယ်။

    “နောက်ထပ် လှုံ့ဆော်မှုတွေလုပ်ဖို့ စီစဉ်ထားကြပါတယ်။ ဘာသာရေးအမှတ်သညာတွေကို အဖွဲ့အစည်းတွေက အမြတ်ထုတ်လာတဲ့အခါ ကျွန်တော်တို့အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ ဒေါသတွေကို ထိန်းချုပ်ဖို့ ခက်ခဲလာပါလိမ့်မယ်”

    ကမ္ဘာ အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာ နိုင်ငံဖြစ်ပြီး ဘာသာရေးသည်းခံနိုင်စွမ်းမှာ သမိုင်းကြောင်းကောင်း ရှိခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဘာသာရေးကို နိုင်ငံရေးမှာ အသုံးချမှု မြင့်တက်လာသလို၊ IS လို အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွယ်တဲ့ အစွန်းရောက်တွေရဲ့ ခြိမ်းခြောက်မှုကို ခံလာရပါတယ်။

    Ref: Aljazeera

  • ရခိုင်နှင့်ချင်းပြည်နယ်တို့ရှိ ဆိပ်ကမ်းများ လည်ပတ်နိုင်ရေး အိန္ဒိယနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ထိုး

    ရခိုင်နှင့်ချင်းပြည်နယ်တို့ရှိ ဆိပ်ကမ်းများ လည်ပတ်နိုင်ရေး အိန္ဒိယနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ထိုး

    အောက်တိုဘာ ၂၆၊ ၂၀၁၈
    M-Media

    အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံတော်အတိုင်ပင်ခံတို့ တွေ့ဆုံမှု (Photo Credit – mmtimes)

    – ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့က ဆိပ်ကမ်းတွေကို ထိန်းသိမ်းကိုင်တွယ်ရေးအတွက် မြန်မာအစိုးရဟာ အိန္ဒိယနဲ့ နားလည်မှုစာချွန်လွှာတစ်ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

    စစ်တွေဆိပ်ကမ်း၊ ပလက်ဝ ဆိပ်ကမ်းနဲ့ ကုလားတန်ဆိပ်ကိမ်းစီမံကိန်းတို့အတွက် ဖြစ်ပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ရှရီဗီဂျေးဂေါ့ဟေးလ် တနင်္လာနေ့က မြန်မာနိုင်ငံကို လာရောက်လည်ပတ်စဉ်အတွင်းမှာ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

    ရန်ကုန် အိန္ဒိယသံရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဒီသဘောတူညီချက်ဟာ အိန္ဒိယနိုင်ငံရဲ့ ‘အရှေ့မျှော်ပေါ်လစီ’ အကောင်အထည် ဖော်ရေး အရေးပါတဲ့ ခြေလှမ်းဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဆက်သွယ်ရေးကို အားကောင်းစေမှာဖြစ်ပြီး ဒေသတွင်း အထူးသဖြင့် ရခိုင်နဲ့ ချင်းပြည်နယ်တို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

    အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့ဟာ ပို့ဆောင်ရေးဆိုင်ရာ စီမံကိန်းကြီးတစ်ခုကို ပူးပေါင်းဆောင်ရွက်ဖို့ ၂၀၀၈ ခုနှစ်မှာ မူဘောင် သဘောတူညီချက် တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ သဘောတူညီချက်က ရခိုင်နဲ့ ချင်းပြည်နယ်တို့ကနေ မီဇိုရမ်ပြည်နယ်ကိုဖြတ်ကာ ကိုလ်ကတားအထိ ရေကြောင်း၊ ကုန်းကြောင်း ဆက်သွယ်ရေးလမ်းကြောင်းတစ်ခု တည်ထောင်ဖို့ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံ ပလက်ဝကနေ အိန္ဒိယနယ်စပ်မြို့ ဇိုရင်ပူအထိ ကားလမ်းတစ်ခု ဖောက်ရေး စီမံကိန်း၊ စစ်တွေဆိပ်ကမ်းနဲ့ ပလက်ဝ ဆိပ်ကမ်းတွေ တည်ဆောက်ရေးစီမံကိန်းကို ၂၀၁၆ ခုနှစ်မှာ အိန္ဒိယက လုပ်ပိုင်ခွင့် ရခဲ့ပေမယ့် ရခိုင်မြောက်ပိုင်းက အခြေအနေ မတည်ငြိမ်မှုတွေကြောင့် စီမံကိန်းကို ရွှေ့ဆိုင်းထားရပါတယ်။

    Ref: mmtimes

    (မြန်မာတိုင်မ်းစ် အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် သတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။)

  • သောကြာနေ့မနက် နိုင်ငံတကာ သတင်းများ

    သောကြာနေ့မနက် နိုင်ငံတကာ သတင်းများ

    အောက်တိုဘာ ၂၆၊ ၂၀၁၈
    M-Media

    တရုတ်နိုင်ငံ မူကြိုကျောင်းတွင် တိုက်ခိုက်မှု မြင်ကွင်း

    တရုတ်မူကြိုကျောင်းတစ်ခုတွင် အမျိုးသမီးတစ်ဦးက ကလေးများအား ဓားနဲ့ခုတ်
    ===========
    ဒီကနေ့ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဆီချွမ်ပြည်နယ် ချောင်ကွင်းမြို့က မူကြိုကျောင်းတစ်ခုမှာ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဓားကိုင်ကာ
    တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် ၁၄ ဦး ဒဏ်ရာ ရခဲ့တဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။ ထိခိုက်ခဲ့တဲ့ ကျောင်းသားတွေရဲ့ မိဘတွေက တိုက်ခိုက်သူ အမျိုးသမီးကို ၀ိုင်းဝန်း ရိုက်နှက်မှုလည်း ရှိခဲ့ပါတယ်။ တိုက်ခိုက်မှု နောက်ကွယ်က အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေတုန်းပဲလို့ တရုတ်ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ တရုတ်မှာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကလေးငယ်တွေကို ပစ်မှတ်ထားပြီး ဓားနဲ့ ပုဆိန်နဲ့ တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွားခဲ့ပြီး များသောအားဖြင့် စိတ်ရောဂါ ခံစားနေရသူတွေက ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။ နိုင်ငံအလယ်ပိုင်း ရှန်ဇီပြည်နယ်က ကျောင်းတစ်ကျောင်းမှာ ကလေးငယ် ၉ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့တဲ့ ဓားနဲ့တိုက်ခိုက်မှု ကျူးလွန်သူ အမျိုးသားကို စက်တင်ဘာလမှာ တရုတ်က ကွပ်မျက်ခဲ့ပါတယ်။

    စစ်အေးခေတ်နောက်ပိုင်း အကြီးဆုံး စစ်ရေးလေ့ကျင့်မှုကို နေတိုးအဖွဲ့ ပြုလုပ်
    =============
    စစ်အေးခေတ်နောက်ပိုင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုတစ်ခုကို နေတိုးအဖွဲ့က ဗုဒ္ဓဟူးနေ့မှာ စတင်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံတစ်ချို့ ရုရှားနဲ့ တင်းမာမှု ဖြစ်နေတဲ့အချိန် ဒီလိုစစ်ရေးလေ့ကျင့်မှု ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ Trident Juncture လို့ အမည်ပေးထားတဲ့ အဲဒီ စစ်ရေးလေ့ကျင့်မှုကို အဖွဲ့ဝင် ၂၉ နိုင်ငံနဲ့ ဆွီဒင်၊ ဖင်လန်တို့က တပ်ဖွဲ့ဝင်စုစုပေါင်း ၅ သောင်း၊ စစ်ဖက်ဆိုင်ရာ ယာဉ်တွေ၊ လေယာဉ်တွေ တော်တော်များများ ပါဝင်ခဲ့ပါတယ်။ နော်ဝေနိုင်ငံ ကျူးကျော်ခံရမှုကို ပုံတူပြုပြီး စစ်ရေးလေ့ကျင်ကြတာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ နေတိုးအဖွဲ့ဝင် နိုင်ငံတစ်ချို့ကို အရင်က ဝေဖန်မှုတွေ ရှိခဲ့ပေမယ့် အခုစစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်တပ်ဖွဲ့ဝင် အများဆုံး ပါဝင်ခဲ့ပါတယ်။

    ဆော်ဒီဂျာနယ်လစ် ကာရှိုဂျီ အသတ်ခံရမှုကို ကုလ ရှုတ်ချ
    ==============
    ဂျာနယ်လစ် ကာရှိုဂျီ အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးခန်းထဲမှာ အသတ်ခံလိုက်ရတာဟာ တရားလက်လွတ် သတ်ဖြတ်မှု ဖြစ်တယ်လို့ ကုလ တရားလက်လွတ်ဖမ်းဆီးမှု၊ သတ်ဖြတ်မှုဆိုင်ရာ အကြီးအကဲ အဂ်နက်စ် ကာလာမဒ်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ ကာရှိုဂျီ အသတ်ခံရမှုကို ဆော်ဒီအစိုးရက ပထမပိုင်းမှာ ငြင်းဆိုခဲ့ပေမယ့် နောက်ပိုင်းမှာ ၀န်ခံခဲ့ပြီး ကြိုတင်ကြံစည် သတ်ဖြတ်မှုဖြစ်တယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီသတ်ဖြတ်မှုအတွက် နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတစ်ရပ် ဆောင်ရွက်ဖို့ ကာလာမဒ်က တိုက်တွန်းခဲ့ပါတယ်။ ကာလာမဒ်အဖွဲ့က ဆော်ဒီဆိုင်ရာသံအမတ်ကတော့ ကာလာမဒ်ရဲ့ ပြောကြားမှုကို ကန့်ကွက်ခဲ့ပါတယ်။

    မက္ကဆီကိုတွင် လူအစုလိုက် သတ်ဖြတ်မြှုပ်နှံထားသည့် နေရာတစ်ခု ထပ်မံတွေ့ရှိ
    =================
    မက္ကဆီကိုနိုင်ငံ အနောက်ပိုင်း ဂျာလစ္စကိုပြည်နယ်က ဒေသတစ်ခုမှာ အနည်းဆုံး လူ ၁၉ ယောက်ကို အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ နေရာတစ်ခုကို တွေ့ရှိခဲ့ရတယ်လို့ အာဏာပိုင်တွေက မနေ့မှာ ထုတ်ပြန်ပါတယ်။ အမျိုးသား ၁၆ ဦးနဲ့ အမျိုးသမီး ၃ ဦးတို့ရဲ့ အလောင်းတွေဖြစ်ပြီး လွန်ခဲ့တဲ့ ၄ လလောက်က အသတ်ခံလိုက်ရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ မက္ကဆီကိုနိုင်ငံမှာ မူးယစ်ဂိုဏ်းတွေနဲ့ ဆက်နွယ်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဟာ ပြီးခဲ့တဲ့နှစ်တွေဟာ မြင့်တက်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက်က ဂျာလစ္စကိုပြည်နယ်ရဲ့ မြို့တော် ဂွါဒါလာဂျာရာမှာ လူ ၁၆ ယောက် အစုလိုအပြုံလိုက် မြှုပ်နှံထားတဲ့ နေရာတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ မက္ကဆီကိုစစ်တပ်က မူးယစ်နှိမ်နှင်းရေးကို အကြီးအကျယ် ဆောင်ရွက်တဲ့ ၂၀၀၆ ခုနှစ်ကတည်း နိုင်ငံတစ်ဝှမ်း အကြမ်းဖက်သတ်ဖြတ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီ အနည်ဆုံး လူ ၂ သိန်းလောက် အသတ်ခံခဲ့ရပါတယ်။

    Ref: Aljazeera, CNA