News @ M-Media

Blog

  • တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    အောက်တိုဘာ ၂၂၊ ၂၀၁၈

    M-Media

    အစ္စရေးကို ဂျော်ဒန်က အငှားချထားသည့် ဒေသများပုံ

    ထိုင်ဝမ်တွင် ရထားတိမ်းမှောက်မှုကြောင့် ၁၈ ဦးသေဆုံး

    ==============

    ထိုင်ဝမ်နိုင်ငံမှာ မနေ့က နိုင်ငံတောင်ပိုင်းကို ခုတ်မောင်းသွားတဲ့ အမြန်ရထားတစ်စီး လမ်းချော် တိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ပြီး ၁၇၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ရထားတွဲ ၈ တွဲမှာ ၅ တွဲက ပြောင်းပြန်လန်သွားခဲ့ပြီး ၂၅ နှစ်အတွင်း ထိုင်ဝမ်းမှာ အဆိုးဝါးဆုံး ရထား မတော်တဆမှု ဖြစ်ပါတယ်။ ထိုင်ဝမ်အာဏာပိုင်တွေဟာ မနေ့က ညတွင်းချင်းပဲ ရထားတွဲတွေကို ရှင်းလင်းနိုင်ခဲ့ပြီး တိမ်းမှောက်ရမှု အကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

    တရုတ်စကားကို ကျွမ်းကျင်စွာ သင်ယူရန် မလေးလူမျိုးများကို အန်ဝါရ် အီဘရာဟင် တိုက်တွန်း

    ============

    လက်ရှိ ဒေသတွင်း စီးပွားရေးမှာ အရေးပါတဲ့ ဘာသာစကားတစ်ခုဖြစ်လာတဲ့ တရုတ် မန်ဒရင်းဘာသာစကားကို ကျွမ်းကျင်စွာ တတ်မြောက်ရေး ကြိုးစားအားထုတ်ကြဖို့ ပြီးခဲ့တဲ့တစ်ပတ် ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့  မလေးရှား လွှတ်တော်အမတ် အန်ဝါရ်အီဘရာဟင်က မလေးလူမျိုး ကျောင်းသားတွေကို တိုက်တွန်းလိုက်ပါတယ်။ အန်ဝါရ်ဟာ ၀န်ကြီးချုပ် မဟာသီရဲ့နေရာကို ၂ နှစ်အတွင်း ဆက်ခံမယ်လို့ သတင်းထွက်နေတာပါ။ တရုတ်နဲ့ အင်္ဂလိပ်ဘာသာစကားကို အားပေးပေမယ့် အမျိုးသားဘာသာစကားဖြစ်တဲ့ မလေးဘာသာစကားကို လစ်လျူရှုမှာမဟုတ်ကြောင်းလည်း အန်ဝါရ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    အသတ်ခံရသည့် သတင်းထောက်၏ မိသားစုကို ဆော်ဒီဘုရင်က ၀မ်းနည်းကြောင်းပြော

    ============

    အစ္စတန်ဘူလ်က ကောင်စစ်ဝန်ရုံးမှာ အသတ်ခံခဲ့ရတဲ့ ဆော်ဒီဂျာနယ်လစ် ဂျမားလ်ကာရှိုဂျီရဲ့ သားဖြစ်သူ ဆာလာဟ်ကို ဆော်ဒီဘုရင်နဲ့ အိမ်ရှေ့မင်းသားတို့က မနေ့မှာ ဖုန်းခေါ်ကာ ၀မ်းနည်းကြောင်း ပြောကြားခဲ့ကြပါတယ်။ ကာရှိုဂျီဟာ ဆော်ဒီ အာဏာပိုင်မိသားစုကို ဝေဖန်သူဖြစ်ပြီး သတ်ဖြတ်မှုကို အိမ်ရှေ့မင်းသားက အမိန့်ပေး ခိုင်းစေခဲ့တာလို့ သတင်းတွေလည်း ထွက်နေပါတယ်။ ကာရှိုဂျီပျောက်ဆုံးမှုကို ဆော်ဒီအစိုးရက ၂ ပတ်တိတိ ငြင်းခဲ့ပေမယ့် ပြီးခဲ့တဲ့တစ်ပတ်မှာ ၀န်ခံခဲ့ပြီး ကောင်စစ်ဝန် ၀န်ထမ်းတွေနဲ့ ထိုးကြကြိတ်ကြရင်း ကာရှိုဂျီ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

    အစ္စရေးကို နှစ်ရှည်အငှားချထားသည့် ဒေသနှစ်ခုကို ဂျော်ဒန် ပြန်ယူမည်

    ===================

    ၁၉၉၄ ငြိမ်းချမ်းရေးစာချုပ် တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးကို နှစ်ရှည် အငှားချထားတဲ့ ဒေသနှစ်ခုကို ပြန်ယူသွားမယ်လို့ ဂျော်ဒန်ဘုရင် အဘ်ဒူလာက မနေ့မှာ ပြောကြားလိုက်ပါတယ်။ ဂျော်ဒန်ဟာ စီးပွားရေး ကြပ်တည်းမှုဒဏ်ကို ခံစားနေရပြီး ပြည်သူတွေရဲ့ ဆန္ဒပြမှုတွေလည်း အခုလတွေမှာ ဆက်တိုက် ဖြစ်ပေါ်နေပါတယ်။ အစ္စရေးကို အငှားချထားတဲ့ အလ်-ဘက္ကရာနဲ့ အလ်ဂူမာဒေသတို့ဟာ မြေဆီသြဇာကြွယ်ဝတဲ့ ဒေသတွေဖြစ်ပြီး လက်ရှိ အစ္စရေးလယ်သမားတွေက စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ အစ္စရေးဝန်ကြီးချုပ်ကတော့ ဆက်လက်ငှားရမ်းခွင့်ရရှိရေး ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

    Ref : Aljazeera, CNA

  • ဆော်ဒီကောင်စစ်ဝန်ရုံးတွင် ဂျာနယ်လစ်အသတ်ခံရသည့်ကိစ္စ အကုန်ဖော်မည်ဟု တူရကီပြော

    ဆော်ဒီကောင်စစ်ဝန်ရုံးတွင် ဂျာနယ်လစ်အသတ်ခံရသည့်ကိစ္စ အကုန်ဖော်မည်ဟု တူရကီပြော

    အောက်တိုဘာ ၂၀၊ ၂၀၁၈

    M-Media

    အသတ်ခံခဲ့ရသည့် ကာရှိုဂျီ

    – အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးထဲမှာ ၀ါရှင်တန်ပို့စ်ဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီ အသတ်ခံရမှုကိစ္စ အားလုံးကို အသေးစိတ် ဖော်သွားမယ်လို့ တူရကီက ပြောကြားလိုက်ပါတယ်။

    ဆော်ဒီနိုင်ငံသား ကာရှိုဂျီဟာ အောက်တိုဘာ ၂ ရက်နေ့က ကောင်စစ်ဝန်ရုံးထဲ ၀င်သွားပြီးတဲ့နောက် ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။ ဆော်ဒီက ကာရှိုဂျီဟာ ကောင်စစ်ဝန်ရုံးကနေ ထွက်သွားတယ်လို့ စောစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

    တူရကီအာဏာပိုင်တွေက ကာရှိုဂျီကို ဆော်ဒီအစိုးရရဲ့ ကြေးစား ၁၅ ယောက်က သတ်ဖြတ်ခဲ့ပြီး အလောင်းကို အပိုင်းပိုင်းလုပ်ကာ လက်စဖျောက်ခဲ့တယ်လို့ ပြောကြားခဲ့ပြီး သတ်ဖြတ်မှု အသံဖိုတွေ၊ ဗီဒီယိုဖိုင်တွေ သူတို့မှာ ရှိနေတယ်လို့လည်း ဆိုပါတယ်။

    အစောပိုင်းမှာ တူရကီရဲ့ ဒီပြောကြားချက်ကို ဆော်ဒီက ငြင်းဆိုပေမယ့် ကာရှိုဂျီ ကောင်စစ်ဝန်ရုံးထဲမှာ ၀န်ထမ်းတွေနဲ့ ထိုးကြကြိတ်ကြရင်း အသတ်ခံခဲ့ရကြောင်း၊ ဒီကိစ္စအတွက် လက်ရှိမှာ လူ ၁၈ ဦးကို ဖမ်းဆီးထားကြောင်း မနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

    တူရကီ အာဏာရပါတီ AKP  ပြောရေးဆိုခွင့်ရှိသူ အိုမာစီလစ်က သူတို့အနေနဲ့ ဒီကိစ္စကို ဖုံးကွယ်သွားမှာမဟုတ်ဘဲ အားလုံးကို အသေးစိတ် ထုတ်ပြန်သွားမယ်လို့ ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။

    “ဖြစ်ခဲ့တာတွေကို တူရကီက ဖော်ထုတ်သွားမှာပါ။ ဟိုလူပဲလုပ်သလိုလို၊ ဒီလူပဲ လုပ်သလိုလို ဖြစ်နေလို့ မရပါဘူး။ ကျွန်တော်တို့ ဘယ်သူ့ကိုမှလည်း မစွပ်စွဲသလို၊ ဖုံးထားတာမျိုးကိုလည်း လက်ခံမှာ မဟုတ်ပါဘူး”

    တူရကီ တာဝန်ရှိသူတွေဟာ ကောင်စစ်ဝန်ရုံးနဲ့ ကောင်စစ်ဝန်တို့ရဲ့ အိမ်တွေကို သွားရောက်ရှာဖွေခဲ့ကြပါတယ်။

    Ref: BBC

     

  • အီရတ်တွင် မွတ်စလင်မိသားစုက IS ရန်ကိုအန်တုကာ ရှေးဟောင်းခရစ်ယာန်ကျမ်းစာများကို ကာကွယ်ပေးခဲ့

    အီရတ်တွင် မွတ်စလင်မိသားစုက IS ရန်ကိုအန်တုကာ ရှေးဟောင်းခရစ်ယာန်ကျမ်းစာများကို ကာကွယ်ပေးခဲ့

    အောက်တိုဘာ ၂၀၊ ၂၀၁၈

    M-Media

    – အီရတ်နိုင်ငံ ဒုတိယမြို့တော် မူဆိုးလ်မြို့က မွတ်စလင်မိသားစုတစ်ခုဟာ ခရစ်ယာန်တွေရဲ့ ရှေးဟောင်း သမိုင်းဝင် ကျမ်းစာ ၂ အုပ်ကို IS ရန်ကနေ ၃ နှစ်ကြာ ကာကွယ်ပေးခဲ့ပြီးတဲ့နောက် ခရစ်ယာန်တွေဆီ ပြန်ပေးခဲ့ပါတယ်။

    IS အကြမ်းဖက်အဖွဲ့ဟာ ၂၀၁၅ ခုနှစ်က မူဆိုးလ်မြို့ကို သိမ်းပိုက်ခဲ့တာဖြစ်ပြီး ခရစ်ယာန်တွေ၊ ရာဇီဒီတွေကို သတ်ဖြတ်တာ၊ မောင်းထုတ်တာ သူတို့ရဲ့ ဘာသာရေးအထွဋ်အမြတ်နေရာတွေကို ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။ IS အကြမ်းဖက်သမားတွေဟာ မူဆိုလ်းက သမိုင်းဝင် အလ်-နူရီ ဗလီကြီးကိုလည်း ဖျက်ဆီးခဲ့သလို သူတို့ကို မထောက်ခံတဲ့ မွတ်စလင်တွေ၊ လူနည်းစုတွေကို ကာကွယ်ပေးတဲ့ မွတ်စလင်တွေကို သတ်ဖြတ်မောင်းထုတ်ခဲ့ကြပါတယ်။

    မူဆိုလ်းက မိသားစုတစ်ခုဟာ ဆီရီအက် အော်သိုဒေါ့စ် ခရစ်ယာန်အသင်းတော်က သမိုင်းဝင် ကျမ်းစာအုပ် နှစ်အုပ်ကို တွေ့ရှိခဲ့ပြီးတဲ့နောက် IS တွေမသိအောင် ၃ နှစ်ကြာ ဖွက်ထားခဲ့ပြီး၊ IS လက်ကနေ မူဆိုးလ်မြို့ လွတ်မြောက်တဲ့အခါ ဒီကျမ်းစာတွေကို ချာလ်ဒီယန် ခရစ်ယာန်လူ့အဖွဲ့အစည်းကို အပ်နှံခဲ့ပါတယ်။

    ဖာသာ သာဘစ် မက်ကိုက ချာလ်ဒီယန်လူမျိုးတစ်ယောက် သူ့ကို ဆက်သွယ်လာပြီး သူနဲ့ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတည်းက ခင်လာခဲ့တဲ့ မွတ်စလင်အိမ်နီးချင်းတစ်ဦးက စိတ်ချရသူကို ကျမ်းစာအုပ်နှစ်အုပ် အပ်ချင်တယ်လို့ ပြောကြောင်း Asia News သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    “ဒီလို ဖွက်ထားတာကို IS တွေသာ တွေ့သွားရင် အသတ်ခံရမယ်ဆိုတာ သူလည်း သိတယ်ဗျ”

    လက်ရှိ အဲဒီ သမိုင်းဝင် ကျမ်းစာအုပ် နှစ်အုပ်ကို မိမိက ထိန်းသိမ်းထားပြီး မူလပိုင်ရှင်ဆီ ပြန်အပ်သွားမှာဖြစ်ကြောင်း၊ ကျမ်းစာအုပ် ပြန်အပ်တဲ့သူက IS ရဲ့ လျှို့ဝှက်အဖွဲ့ဝင်တွေ ရှိနိုင်တဲ့အတွက် သူ့ရဲအမည်ကို ဖော်ပြခြင်းမပြုဖို့ မေတ္တာရပ်ခံခဲ့ကြောင်း ဖာသာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “လွန်ခဲ့တဲ့ ရက်အနည်းက ကျွန်တော် မူဆိုးလ်မြို့ကို သွားခဲ့ပြီး အဲဒီ ခရစ်ယာန်နဲ့ မွတ်စလင် သူငယ်ချင်းနှစ်ယောက်ကို တွေ့တယ်။ မွတ်စလင်အမျိုးသားက ကျွန်တော့်ကိုယုံကြည်ပြီး ကျမ်းစာအုပ်နှစ်အုပ်ကို အပ်ပါတယ်”

    ကျမ်းစာအုပ်ကို တွေ့တာနဲ့ ဒါဟာ မူဆိုးလ်မြို့ ဆီရီအက် အော်သိုဒေါ့စ်ဘုရားကျောင်းတစ်ခုက ကျမ်းစာဖြစ်တယ်လို့တာ ဖာသာ သာဘစ်က သိရှိခဲ့ပါတယ်။ ဘုရားကျောင်းကတော့ IS တွေရဲ့ ဖြိုချဖျက်ဆီးခြင်းကို ခံခဲ့ရပြီး ဖာသာက အပျက်အဆီးတွေကြားထဲမှာ နောက်ထပ် ကျမ်းစာတွေ တွေ့နိုင်မလားဆိုတာကို သွားရှာချင်တယ်လို့ ဆိုပါတယ်။

    “ကျမ်းစာအုပ်တွေကို ပေးပြီးသွားတဲ့အခါ အဲဒီမွတ်စလင်က – မွတ်စလင်အားလုံးဟာ IS ကို လက်ခံတာမဟုတ်ဘဲ အများစုက ခရစ်ယာန်တွေကို ညီအစ်ကိုလို သဘောထားကာ သူတို့ရဲ့ ကျမ်းစာတွေကို အသက်ပေးကာကွယ်ကြမယ့်သူတွေ ဖြစ်တယ်လို့ – ကျွန်တော့်ကို ပြောပါတယ်။ အာဂသတ္တိခဲပါပဲ”

    Ref Asia News

     

  • မြောက်ဦးရှိ ရှေးဟောင်း စေတီတွင် ဗုဒ္ဓဆင်းတုတော်များ ဖျက်ဆီးခံရ

    မြောက်ဦးရှိ ရှေးဟောင်း စေတီတွင် ဗုဒ္ဓဆင်းတုတော်များ ဖျက်ဆီးခံရ

    အောက်တိုဘာ ၂၀၊ ၂၀၁၈
    M-Media

    လေးမျက်နှာဘုရား

    – ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာရှိတဲ့ ‘လေးမျက်နှာစေတီ’ ထဲမှာ ဗုဒ္ဓရုပ်ပွား ဆင်းတုတော် တစ်ဒါဇင်းနီးပါး ဗုဒ္ဓဟူးနေ့က ဖျက်ဆီးခံခဲ့ရပြီး အာဏာပိုင်တွေနဲ့ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး တာဝန်ရှိသူတွေက ဒေသခံတွေ မူးရစ်ရမ်းကား ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ယူဆနေပါတယ်။

    ၁၄ ရာစုက တည်ထားကိုးကွယ်ခဲ့တဲ့ အဲဒီစေတီမှာ ရုပ်ပွားတော်ပေါင်း ၂၈ ဆူ ရှိနေတာဖြစ်ပြီး အဲဒီထဲက ၁၁ ဆူ ဖျက်ဆီးခံခဲ့ရတယ်လို့ မြောက်ဦးက အစိုးရထောက်ပံ့ပေးထားတဲ့ အမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဌ ဒေါ်ခန်သန်းက ပြောကြားခဲ့ပါတယ်။

    “မြောက်ဦးမှာ လုံခြုံရေးတင်းကြပ်ဖို့ လိုအပ်နေပါတယ်။ လူတွေဟာ ဘုရားတွေထဲမှာ အရက်သောက်တာ၊ မူးယစ်ဆေးသုံးစွဲတာတွေ လုပ်နေတယ်လို့ ကျွန်မထင်ပါတယ်။ တစ်ချို့ ရုပ်ပွားတော်တွေမှာ ဦးခေါင်းတော် ပျက်ဆီးပြီး၊ တစ်ချို့တွေမှာ လက်တော်တွေ ကျိုးနေတာတွေ ရှိပါတယ်။ လုံခြုံရေး အားနည်းတာကြောင့် လူနေရပ်ကွက်တွေမှာရှိတဲ့ ရုပ်ပွား ဆင်းတုတော်တွေ ဖျက်ဆီးခံရတာတွေ ရှိပါတယ်”

    မြောက်ဦးမြို့နယ် ရှေးဟောင်းသုတေသ၊ အမျိုးသားပြတိုက်နဲ့ စာကြည့်တိုက်များဌာန ညွှန်ကြားရေးမှူး ဦးသန်းထိုက်က အခင်းဖြစ်ရာနေရာကို သောကြာနေ့မနက်ပိုင်းမှာ စစ်ဆေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ကြာသာပတေးနေ့ညပိုင်းက လေးမျက်နှာဘုရားအတွင်း ရန်ဖြစ်သံတွေ ကြားခဲ့ရပေမယ့် သွားမကြည့်ရဲဘူးလို့ ဒေသခံတွေက ပြောကြားခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

    လေးမျက်နှာဘုရားမှာ လုံခြုံရေးအစောင့် ချထားဖို့အတွက် သူတို့ဌာနမှာ လူမရှိကြောင်း၊ ဘုရားရဲ့ ၀င်ပေါက် ၄ ခုမှာ တံခါးတွေ တပ်ဆင်ထားပေမယ့် ခိုင်ခံမှု မရှိတော့ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဒေါ်ခင်သန်းက မြောက်ဦးမြို့ရဲ့ လူနေရပ်ကွက်တစ်ခုမှာ ဆင်းတုတော်တွေ ဖျက်ဆီးခံရတာ အခုအကြိမ်ဟာ ပထမဆုံး ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    သာသနာရေးနဲ့ ယဉ်ကျေးမှု ၀န်ကြီးဌာနဟာ မြောက်ဦးမြို့ကို ကမ္ဘာ့သမိုင်းအမွေအနှစ်အဖြစ် စာရင်းဝင်နိုင်အောင် ကုလရဲ့ ယဉ်ကျေးမှုအဖွဲ့ ယူနက်စကိုမှာ လျှောက်ထားပါတယ်။

    Ref: Irrawaddy
    (ဧရာဝတီ သတင်းဌာန၏ အင်္ဂလိပ်ပိုင်းမှ သတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။)

  • လာမည့်နှစ် စင်ကာပူတွင် လေပေါ်တက္ကဆီများ စတင် စမ်းသပ်မည်

    လာမည့်နှစ် စင်ကာပူတွင် လေပေါ်တက္ကဆီများ စတင် စမ်းသပ်မည်

    အောက်တိုဘာ ၂၀၊ ၂၀၁၈

    M-Media

    – ၂၀၁၉ ခုနှစ် ဒုတိယနှစ်ဝက် စင်ကာပူနိုင်ငံမှာ လေပ်ါတက္ကဆီတွေကို စတင် စမ်းသပ်သွားမယ်လို့ ဂျာမနီကုမ္ပဏီ Volocopter က ကြာသာပတေးနေ့မှာ ကြေငြာလိုက်ပါတယ်။

    လျှပ်စစ်စွမ်းအင်သုံး Volocopter လို့ခေါ်တဲ့ ယာဉ်တွေဟာ စင်ကာပူ မြို့ပြ ပတ်ဝန်းကျင်မှာ လေပေါ်တက္ကဆီအဖြစ် အသုံးပြုနိုင်မလား ဆိုတာကို စမ်းသပ်သွားမှာဖြစ်ပါတယ်။ အဲဒီယာဉ်ဟာ အဆင်းအတက်ကို ဒေါင်လိုက် လုပ်ဆောင်နိုင်ပြီး လူ ၂ ယောက်တင်ကာ ကီလိုမီတာ ၃၀ အထိ ပျံသန်းနိုင်ပါတယ်။ ရဟတ်ယာဉ်နဲ့ ဆင်တူပေမယ့် ဒရုန်းနည်းပညာကို အသုံးပြုထားတာပါ။

    စမ်းသပ်ပျံသန်းမှုကို စင်ကာပူ ပို့ဆောင်ရေး ၀န်ကြီးဌာနလက်အောက် အရပ်ဖက် လေကြောင်းအာဏာပိုင်အဖွဲ့ (CAAS) နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဘုတ်အဖွဲ့ EDB တို့က ပံ့ပိုးကူညီသွားမှာ ဖြစ်ပါတယ်။

    Volocopter တွေဟာ လူနဲ့ဖြစ်စေ၊ လူမဲ့ဖြစ်စေ မောင်းနှင်နိုင်မှာဖြစ်ပြီး စင်ကာပူအတွက် ဘယ်လိုပုံစံမျိုးက သင့်လျော်မလဲဆိုတာကို စမ်းသပ်သွားမှာ ဖြစ်တယ်လို့လည်း ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

    စမ်းသပ်မောင်းနှင်မှုအတွင်း သင့်လျော်တဲ့လမ်းကြောင်း၊ လေကြောင်းစီမံခန့်ခွဲရေးစနစ်ကို အသုံးပြုပြီး အကောင်အထည်ဖော်နိုင်မှု ရှိ၊ မရှိ၊ စင်ကာပူရဲ့ ခြောက်သွေတဲ့ ရာသီဥတုနဲ့ ကိုက်ညီမှု ရှိ၊ မရှိ စတာတွေကိုလည်း လေ့လာသွားမှာ ဖြစ်ပါတယ်။

    Ref: CNA